Saturday, July 11, 2009

စိတ်ချမ်းသာဖို့လိုရင်းပါ (အပိုင်း ၃)


စိတ်ချမ်းသာလို့အဆင်ပြေတာ

“ံHow to gain, how to keep , how to recover happiness is in fact for most men at all times the secret motive for all they do ”.

William James

စိတ်ပညာရှင် William James ကပြောတယ်။“ စိတ်ချမ်းသာမှုကိုရအောင် ဘယ်လို လုပ်ရမလဲ ရထားတဲ့စိတ်ချမ်းသာမှုမပျောက်အောင် မပျက်အောင် ဘယ်လိုလုပ်ရမလဲ ပျောက်သွားတဲ့ စိတ်ချမ်းသာမှု ပြန်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ လူအများစု လုပ်သမျှကိစ္စမှာ အမြဲတမ်း ကြိတ်ပြီးတော့ ပါနေတဲ့ဆန္ဒပဲ ” ..

ကိုယ့်ရဲ့စိတ်ချမ်းသာမှု စိတ်ဆင်းရဲမှုဟာ အရာရာတိုင်းကို အရောင်ဆိုးတယ်။ စိတ်ချမ်းသာ နေရင် ရေသောက်ရတာတောင် အရသာရှိတယ်။စိတ်ချမ်းသာနေရင် စားရတာမြိန်တယ်။ အစာကြေတယ်။ စိတ်မချမ်းသာရင် အစာမကြေရောဂါဖြစ်တယ်။ ရင်တုန်တယ်။မောတယ်။ မူးတယ်။အားနည်းတယ်။ ခေါင်းကိုက်တယ်။ ဇက်ကြောတက်တယ်။ ညောင်းတယ်။ အအေးမိတတ်တယ်။ စိတ်ချမ်းသာနေရင် အိပ်ရတာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်။ စားသမျှ အစာကြေတယ်။အားရှိတယ်။

စိတ်ချမ်းသာနေတဲ့သူဟာ လောကကြီးကို အန္တရာယ်ပိုကင်းတယ်လို့မြင်တယ်။ စိတ်ဆင်းရဲ နေတဲ့သူက လောကကြီးဟာ ကြောက်စရာကောင်းတဲ့နေရာလို့မြင်တယ်။နေရာတိုင်းကို အန္တရာယ်များတဲ့နေရာလို့မြင်တယ်။

စိတ်ချမ်းသာနေတဲ့သူဟာ ဆုံးဖြတ်စရာရှိတဲ့အခါ မှန်မှန်ကန်ကန် လွယ်လွယ်ကူကူ ဆုံးဖြတ်နိုင်တယ်။စိတ်ဆင်းရဲနေတဲ့သူဟာ သူ့ကိုယ်သူ ယုံကြည်မှုနည်းတယ်။ မဆုံးဖြတ်ရဲ ဘူး။မှားမှာကို ပိုကြောက်တယ်။ ဒါကြောင့် အရေးကြီးတဲ့ကိစ္စဆုံးဖြတ်ရမယ်ဆိုရင် စိတ်ဆင်းရဲနေတဲ့သူကို မဆုံးဖြတ်ခိုင်းပါနဲ့။

စိတ်ချမ်းးသာနေတဲ့သူဟာ အလုပ်လျှောက်တဲ့သူကို အကဲဖြတ်တဲ့အခါ ညှာညှာတာတာ အကဲဖြတ်တယ်တဲ့။ အဲဒီတော့ ကိုယ်က အလုပ်လျှောက်ရရင် ကိုယ့်ကို အကဲဖြတ်တဲ့သူ ဟာ စိတ်ချမ်းသာနေပါစေလို့ မေတ္တာပို့တော့။ သူစိတ်ချမ်းသာနေရင် ကိုယ့်ကို အကောင်း မြင်မယ်။ ကိုယ့်အရည်အချင်းကိုယုံကြည်မယ်။

စိတ်ချမ်းသာတဲ့သူဟာ အကောင်းမြင်တတ်တဲ့သဘောရှိလို့ ဘယ်သူ့ကိုမဆို ကောင်းတယ် တော်တယ်လို့ မြင်တတ်တယ်။ စိတ်မချမ်းသာတဲ့သူဟာ လူတွေကို အကောင်းမမြင်ဘူး။ အထင်သေးတယ်။ မယုံဘူး။ စိတ်ဆင်းရဲနေတဲ့သူဟာ သူများကို အနိုင်ကျင့်ချင်တယ်။ သူများကိုနိုင်လိုက်ရရင် သူနည်းနည်းနေသာထိုင်သာရှိသွားတယ်လို့ထင်တယ်။ စိတ်ချမ်း သာနေတဲ့သူဟာ သူများကို မနှိမ်ချင်ဘူး။ ဒါ့ကြောင့် ညှာတာတယ်။

စိတ်ချမ်းသာနေတဲ့သူဟာ သူ့ဘဝတစ်ခုလုံးကိုသူ ကြေနပ်မှုပိုရတယ်လို့ ပြောတယ်။စိတ် ချမ်းသာလို့ ဘဝကို ကျေနပ်မှုပိုရတာလား။ဘဝကိုကျေနပ်မှုပိုရလို့ စိတ်ချမ်းသာတာလား။ ဘယ်ဟာက အစလဲ။

တရားအားထုတ်လို့ စိတ်ချမ်းသာလာတဲ့သူဟာ ဘဝကိုပိုပြီး အဓိပ္ပာယ်ရှိတယ်လို့ ခံစားရ တယ်။ဘဝမှာကြုံတွေ့ရတဲ့ အကောင်းအဆိုး အတွေ့အကြုံတွေကို အဓိပ္ပာယ်ရှိတယ်လို့ မြင်တယ်။ ကိုယ့်စိတ်ကို ကိုယ်သိပြီး အေးချမ်းအောင်နေတတ်လာရင် နေ့စဉ်ကြုံတွေ့နေရ တဲ့ အခြေအနေတွေက ကိုယ့်စိတ်ကိုလွှမ်းမိုးမှုနည်းးသွားလို့ အဲဒီကိစ္စတွေဟာ ကိုယ့်စိတ် ချမ်းသာမှုအတွက် သိပ်အရေးမပါတော့ဘူး။ ဒါ့ကြောင့် အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပြင်းထန်တဲ့ တုံ့ပြန်မှု သိပ်မဖြစ်ဘူး။ လုပ်သင့်တာကို အေးအေးဆေးဆေး လုပ်နိုင်တယ်။ ဖြစ်လာရင် ဝမ်းသာတယ်။ မဖြစ်ရင် သိပ်ဝမ်းမနည်းဘူး။

  • When your mood is gloomy, life is a whole seems depressing.

စိတ်မချမ်းသာတဲ့သူဟာ ဘဝတစ်ခုလုံးကို ခြုံပြီးတော့ စိတ်ဓါတ်ကျစရာလို့မြင်တယ်။

အဆင်ပြေလို့ စိတ်ချမ်းသာတယ်ဆိုရင် စိတ်ချမ်းသာဖို့ အစစအရာရာ အဆင်ပြေတဲ့အထိ စောင့်ရမယ်။အဲဒါ မဖြစ်နိုင်ဘူး။ဒါကြောင့် ဒီအယူအဆကို ပြောင်းပြန်လှန်သင့်တယ်။ အဆင်ပြေလို့ စိတ်ချမ်းသာတာမဟုတ်ဘူး။ စိတ်ချမ်းသာလို့ အဆင်ပြေတာ။ အဲဒီလို ပြော တော့ သဘာဝမကျဘူးလို့ ထင်မယ်။ ဒါ ဘုန်းကြီးကိုယ်တိုင် လက်တွေ့စမ်းပြီးပါပြီ။ စိတ်ချမ်းသာအောင် အရင်လုပ်လိုက်တယ်။ ကျန်တာတွေ အဆင်ပြေလာတာ တွေ့ရတယ်။

စိတ်ချမ်းသာနေရင်

Let your mood brighten, and suddenly your relationships, your self-image and, your hopes for future all seem more promising.

စိတ်ချမ်းသာအောင် ရွှင်လန်းအောင် နေလိုက်ပါ။ အဲဒီလိုဆိုရင် ချက်ချင်းပဲ ကိုယ့်ရဲ့ဆက်ဆံရေးတွေ ကိုယ့်ကိုယ်ကိုမြင်ပုံတွေ ကိုယ့်အနာဂါတ်မျှော်လင့်ချက်တွေ အားလုံးဟာ ပိုကောင်းလာမယ်။

  • Your relationship

စိတ်ချမ်းသာနေရင် ဆက်ဆံရေးပိုကောင်းတယ်။ ဘာကြာင့်လဲ။စိတ်ချမ်းသာနေရင် ကိုယ့်ဘဝကို ကိုယ်ကျေနပ်တယ်။ ကိုယ့်ကိုယ်ကို ကိုယ်အကောင်းမြင်တယ်။သူများကို လည်းအကောင်းမြင်တယ်။ စိတ်ရှည်တယ်။ ကူညီချင်တယ်။ အဲဒီတော့ ဆက်ဆံရေးပို ကောင်းတာပေါ့။ ကိုယ့်ကိုယ်ကို ကိုယ်အကောင်းအမြင်တဲ့သူ ကိုယ့်ဘဝကို ကိုယ်မကျေနပ် တဲ့သူ၊ သူများကိုအကောင်းမမြင်တဲ့သူဟာ ဆက်ဆံရေး ဘယ်မှာကောင်းနိုင်တော့မလဲ။

  • Self-image

စိတ်ချမ်းသာနေရင်ကိုယ့်ကိုယ်ကို အကောင်းမြင်တယ်။ ကိုယ့်ကိုယ်ကို ကိုယ်တန်ဖိုးထား တယ်။ ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်တယ်။ ကိုယ့်အားကိုယ်ကိုးတယ်။

စိတ်ချမ်းသာလို့ ကိုယ့်ကိုယ်ကို ကိုယ်အကောင်းမြင်တာလား။ ကိုယ့်ကိုယ်ကို ကိုယ်အကောင်းမြင်လို့ စိတ်ချမ်းသာတာလား။မေးစရာပဲနော်။ ဘာပဲဖြစ်ဖြစ်..စိတ်ချမ်းသာ အောင်နေပြီး ကောင်းတာကိုလုပ်ရင်တော့ ကိုယ့်ကိုယ်ကို ကိုယ် အကောင်းမြင်ဖို့သေချာ တယ်။

အဲဒီတော့ ကိုယ့်ကိုယ်ကို ကိုယ်အကောင်းမြင်အောင်လုပ်ရမယ်။ ကောင်းတာကိုလုပ်ရင် ကိုယ့်ကိုယ်ကို ကိုယ်အကောင်းမြင်မယ်။ မကောင်းတာတွေလုပ်ပြီး ကိုယ့်ကိုယ်ကို ကိုယ်အကောင်းမြင်ဖို့မလွယ်ပါဘူး။ စိတ်ချမ်းသာအောင်နေပြီး ကောင်းတာကိုလုပ်ပါ။

  • Hope for the future

စိတ်ချမ်းသာနေရင် အနာဂါတ်မျှော်လင့်ချက်တွေပိုကောင်းလာတယ်။ ကိုယ့်အနာဂါတ်ဟာ ပိုကောင်းမယ်လို့ယုံကြည်တယ်။ ကိုယ်လုပ်ချင်တာကို ဖြစ်မယ်လို့ယုံကြည်တယ်။ ဒါကြောင့် အားတက်တယ်။ အားတက်လို့ စိတ်အားထက်ထက်သန်သန်နဲ့ လုပ်တယ်။

စိတ်ချမ်းသာနေရင် စိတ်ရှည်တယ်။ ဇွဲကောင်းတယ်။ လက်မလျှော့ဘူး။စိတ်ဓါတ်မကျဘူး။ အဲဒီတော့ လုပ်ရင်ဖြစ်တာများတယ်။ တစ်ခုမဖြစ်ရင်နောက်တစ်ခုလုပ်တယ်။ ဘယ်တော့မှ လက်မလျှော့ဘူး။ပစ္စုပ္ပန်မှာ ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်နေရင် အနာဂါတ် အတွက် မျှော်လင့်ချက်ပိုကောင်းတယ်။ ဒါကြောင့် သေချာတာကိုလုပ်ကြစို့။စိတ်ချမ်းသာ အောင်လည်းနေမယ်။ လုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်။ အဲဒီတော့ အနာဂါတ်မှာ မျှော်လင့်ချက်ကောင်းမယ်။

စိတ်ချမ်းသာအောင် အကောင်းဆုံးလုပ်နည်းက စိတ်ကို ပစ္စုပ္ပန်မှာ အများဆုံးထားတာပဲ။ သတိနဲ့နေတာပဲ။ တခြားနည်းတွေက ငွေကုန်တယ်။ အချိန်ကုန်တယ်။ အလုပ်ပျက်တယ်။ ဒီနည်းက ငွေမကုန်ဘူး။ အချိန်မကုန်ဘူး။ အလုပ်မပျက်ဘူး။ ပြင်ပအခြေအနေပေါ်မှာ မမှီဘူး။

ပြင်ပအခြေအနေပေါ်မှာ မှီနေတဲ့ စိတ်ချမ်းသာမှုဟာ အချိန်မရွေးလုပ်လို့မရဘူး။အခြေ အနေကိုစောင့်ရမယ်။အဲဒီတော့ စိတ်ချမ်းသာလို့အဆင်ပြေတာလို့ ပြောလို့မရတော့ဘူး။ စိတ်ချမ်းသာလို့ အဆင်ပြေတာလို့ ပြောချင်ရင် ပြင်ပအခြေအနေပေါ်မှာ မမှီတဲ့ စိတ်ချမ်း သာမှုကို ရမှဖြစ်မယ်။ အဲဒါ တရားအားထုတ်ရင်ရတယ်။

Moreover- and this is one of psychology’s most consistent findings- when we feel happy , we are more willing to help others.

ဒီ့အပြင် စိတ်ပညာသုတေသနမှာ ထပ်ခါထပ်ခါ တစ်သွေးတစ်ညီတည်းတွေ့ရတာက ကိုယ်က စိတ်ချမ်းသာနေတဲ့အခါ သူများကို (ငွေကြေးအကူအညီဖြစ်စေ လုပ်အား အကူအညီဖြစ်စေ) အကူအညီပိုပေးချင်တယ်- တဲ့။

အကူအညီတောင်းချင်ရင် ဘယ်သူ့ဆီကတောင်းမလဲ။ စိတ်ချမ်းသာနေတဲ့သူ ပျော်ပျော်နေ တဲ့သူဆီကတောင်းမလား။ စိတ်ဆင်းရဲနေတဲ့သူဆီကတောင်းမလား။ အဲဒါကို feel-good , do-good phenomenon လို့ခေါ်တယ်။ feel-good စိတ်ချမ်းသာနေရင် do-good ကောင်း တာလုပ်တယ်။

စိတ်ချမ်းသာနေတဲ့အချိန်မှာ ကောင်းတာပိုလုပ်တယ်။ ဒါကြောင့် ကိုယ်လည်းအကျိုးရှိ အောင် အများလည်းအကျိုးရှိအောင် နေချင်တယ်ဆိုရင် စိတ်ချမ်းသာအောင်နေရမယ်။ တော်တော်တွက်ချေကိုက်တယ်နော်။

သူများကို ကိုယ်က တတ်နိုင်တဲ့နည်းနဲ့ စိတ်ချမ်းသာအောင်လုပ်ပေးရင် သူစိတ်ချမ်းသာတဲ့ အတွက် ကိုယ့်ကိုလည်းသူက တတ်နိုင်တာလုပ်ပေးမယ်။ အကူအညီပေးမယ်။ ဒါကြောင့် ဒီ feel-good , do-good ဆိုတဲ့သဘာဝကိုနေရာတိုင်းမှာ သုတေသနလုပ်သင့်တယ်။

မိဘတွေ ဆရာ၊ဆရာမတွေ၊ အုပ်ချုပ်ရေးပိုင်းကလူတွေ စဉ်းစားပါ။ စိတ်ချမ်းသာအောင် လုပ်ပေးတာဟာ ကိုယ့်အတွက်အကျိုးအရှိဆုံးပဲ။

စိတ်ချမ်းသာမှုနဲ့ပတ်သက်ပြီးတော့ သုတေသနလုပ်သင့်တယ်။ လူတစ်ဦးချင်း ပိုကောင်း လာဖို့အရေးမှာ စိတ်ချမ်းသာမှုဟာ အရေးပါတယ်။ လူ့အသိုင်းအဝိုင်းတစ်ခုလုံး ပိုကောင်း လာဖို့အရေးမှာလည်း စိတ်ချမ်းသာမှုဟာအရေးပါတယ်။ စိတ်ချမ်းသာတဲ့သူများလာ လေလေ လူ့အသိုင်းအဝိုင်း တိုးတက်လေလေပဲ။ ဒါ ဘာမှသံသယဖြစ်စရာမလိုတော့တဲ့ ကိစ္စပါ။ လူတွေကို အဆင်မပြေအောင် စိတ်ဆင်းရဲအောင်လုပ်ပြီးမှ လူ့အသိုင်းအဝိုင်း တိုးတက်အောင်လုပ်လို့ မရနိုင်ဘူး။

ဘယ်လိုလုပ်ရင်စိတ်ချမ်းသာမလဲ

စိတ်ချမ်းသာမှုနဲ့ပတ်သက်ပြီး ရှေးပညာရှိများပြောတာတွေရှိပါတယ်။ အခုခေတ် သုတေသနလုပ်လို့ တွေ့ရတဲ့ အချက်တွေဟာ ရှေးပညာရှိများပြောတာနဲ့ တူနေမှာပဲ။ ရှေးပညာရှိများပြောတာမှန်ပါလားလို့ သိရတာပေါ့။

ဘယ်လိုလုပ်ရင်စိတ်ချမ်းသာမလဲ။အဖြေအမျိုးမျိုးပေးကြတယ်။

  • တချို့က ကောင်းမှုကုသိုလ်လုပ်ရင် စိတ်ချမ်းသာမယ်တဲ့။ -မှန်ပါတယ်။ ကောင်းတာကို လုပ်မယ်လို့စိတ်ကူးလိုက်တာနဲ့ပဲ စိတ်ချမ်းသာပါတယ်။
  • စေတနာမှန်ရင် စိတ်ချမ်းသာမယ်တဲ့ - မှန်ပါတယ်။
  • ဒုက္ခကင်းအောင်နေနိုင်ရင် စိတ်ချမ်းးသာမယ်တဲ့ - မှန်ပါတယ်။ဒုက္ခနည်းအောင်တော့ ရပါ တယ်။ကင်းအောင်တော့မရသေးဘူး။

ဒုက္ခတော်တော်များများကို ကိုယ့်စိတ်ကပဲဖန်တီးတာပါ။ ကိုယ့်စိတ်ကို ကိုယ်သိပြီး ဥာဏ်နဲ့ နေတတ်ရင် ဒုက္ခနည်းပြီး အဆင်ပိုပြေပါတယ်။

  • အမှန်တရားကိုသိရင် စိတ်ချမ်းသာမယ်တဲ့ - မှန်ပါတယ်။ အမှန်တရားကိုသိရင် စွဲလန်းမှု နည်းသွားလို့ စိတ်ချမ်းသာတယ်။ အနတ္တ ကိုမြင်ရင် စိတ်ချမ်းသာတယ်။ အတ္တစွဲကြီးရင် စိတ်ဆင်းရဲတယ်။ The truth shall make you free. အမှန်တရားက သင့်ကို လွတ်လပ် စေမယ်။
တချို့ကပြောတယ်။ မသိအောင်နေတာက စိတ်ချမ်းသာတယ်။ သိရင်စိတ်ဆင်းရဲမယ်တဲ့။ ဘာမှမသိသေးတဲ့ ကလေးတွေဟာ စိတ်ချမ်းသာတယ်။ လူကြီးတွေက သိတာတွေများလာလို့ စိတ်မချမ်းသာတော့ဘူး။ အဲဒီတော့ လူကြီးတွေလည်း ကလေးတွေလို ဘာမှ သိပ်မသိအောင် နေလိုက်တဲ့။ အဲဒါ ဖြစ်နိုင်သလား။ မဖြစ်နိုင်ဘူးနော်။

ဒါကိုတော့ ဘုန်းကြီး လက်မခံဘူး။ မသိတာကို ကောင်းတယ်လို့ မယူဆနိုင်ဘူး။ လောကကြီးတိုးတက်လာတာဟာ သိတဲ့သူတွေကြောင့်။ အမှန်ကိုသိဖို့ စွန့်စွန့်စားစား လုပ်တဲ့သူတွေကြောင့် မသိလို့ အယူသည်းမှုတွေ အမျိုးမျိုးနဲ့ ဘ၀ကိုနေကြရတယ်။ မသိလို့မယုံသင့်တာတွေကို ယုံတယ်။ မသိလို့ မကြောက်သင့်တာတွေကို ကြောက်တယ်။ အားမကိုးသင့်တာတွေကို အားကိုးတယ်။ မသိတဲ့သူကို လိမ်ဖို့လွယ်တယ်။ အလိမ်ခံနေရတာဟာ မသိလို့ပါ။

သိတဲ့သူဟာ ယုံတာနည်းတယ်။ သိတာများလေ ယုံတာနည်းလေပဲ။ သိတာက ယုံတာထက် အဆင့်မြင့်တယ်။ ဥပမာ မြတ်စွာဘုရား ဘာကိုယုံသလဲလို့မေးရင် ဘယ်လိုဖြေမလဲ။ ဘုန်းကြီးကတော့ မြတ်စွာဘုရား ဘာကိုမှ မယုံဘူးလို့ဖြေမယ်။ ဘုန်းကြီးဖြေတာမှားနေရင်ပြင်ပေးပါ။

သိတာနည်းလေလေ ယုံတာတွေများလေလေပဲ။ သိတာများလာရင် ကိုယ့်ကိုယ်ကိုကိုယ် ပိုပြီးအားကိုးလေလေပဲ။ ဒါကြောင့် မြတ်စွာဘုရားက

အတ္တာဟိ အတ္တနော နာထော
မိမိသည်သာလျှင် မိမိ၏ အားကိုးရာ

ကောဟိနာထောပရောသိယာ။
သူတပါးသည် မိမိ၏ အားကိုးရာ အဘယ်မှာ ဖြစ်နိုင်အံ့နည်း လို့ဟောခဲ့တာ။
မသိတဲ့သူတွေက သူများကို အားကိုးကြတယ်။ သိတဲ့သူက ကိုယ့်ကိုယ်ကိုပဲ အားကိုးတယ်။သိတဲ့သူဟာ အားမငယ်ဘူး။ မသိတဲ့သူဟာ အားငယ်တယ်။ အားငယ်နေတာဟာ စိတ်ဆင်းရဲနေတာ။ အားမငယ်တဲ့သူဟာ စိတ်ချမ်းသာတယ်။

မှားနေတာကို အမှန်လို့ထင်ပြီး စိတ်ချမ်းသာနေတာကို ကောင်းတယ်လို့မယူဆဘူး။ မှန်တာကိုသိရင် စိတ်ဆင်းရဲမယ်။ သိချင်သလား…ဆိုရင် ဘုန်းကြီးကတော့ စိတ်ဆင်းရဲရင် ဆင်းရဲပါစေ မှန်တာကိုသိချင်ပါတယ်။ ဘာမှမသိပဲပျော်နေတဲ့ကလေးလိုတော့ မနေချင်ဘူး အမှန်ကိုသိပြီး လက်ခံပြီး ရင့်ကျက်တဲ့စိတ်နဲ့ ပျော်တာကို စိတ်ချမ်းသာတာကိုပဲ လိုချင်တယ်။ အသိဥာဏ်ရင့်ကျက်လို့ စိတ်ချမ်းသာတဲ့ ခိုင်မာတဲ့ စိတ်ချမ်းသာမှုမျိုးကိုပဲ လိုချင်တယ်။

  • အာရုံငါးပါးကို မခံစားပဲနေရင် စိတ်ချမ်းသာမယ်တဲ့။

အပြောလွယ်သလောက် အလုပ်ခက်တယ်။ လျှော့တာတော့ရပါတယ်။ လုံးလုံးမခံစားပဲ နေဖို့ကတော့ မလွယ်ပါဘူး။ ဒီခေတ်မှာ အပျော်အပါးတွေက လွယ်လည်းလွယ် များလည်း များလှပါတယ်။ အပျော်အပါးများလွန်းလို့ သိပ်မပျော်တော့ဘူး။ အပျော်အပါးတွေ ခံစာရဖို့ လုပ်ရတာနဲ့ မောနေကြပြီ။ အပျော်အပါးတွေ များလွန်းလို့ ပေါ့တန်တန်သဘောထားတွေ ဖြစ်လာတယ်။ လေးနက်တာကို နားမလည်နိုင်တော့ဘူး။

  • စိတ်ထဲရှိတာကိုအောင့်မထားပဲ ဖွင့်ထုတ်လိုက်ရင် စိတ်ချမ်းသာမယ်တဲ့။

မှန်ပါတယ်။ ဘယ်လိုနည်းနဲ့ ဖွင့်ထုတ်မလဲ။ ဒေါသဖြစ်နေတဲ့အခါ စိတ်ထင်တိုင်းပြောလိုက်ရင် စိတ်ချမ်း သာမလား။ ပြောလိုက်ရလို့ ခဏပေါ့သွားသလိုဖြစ်မှာတော့သေချာတယ်။ ဒါပေမယ့် နောက်ဆက်တွဲပြဿနာတွေကို ဖြေရှင်းရတာ ပျော်စရာမဖြစ်နိုင်ဘူးနော်။ အောင့်ထားတာ တွေများရင် စိတ်မချမ်းသာတာတော့ ဟုတ်မှာပါ။

  • နောင်ခါလာနောင်ခါဈေး နောင်ဖြစ်ချင်တာဖြစ် ခုပျော်သလိုနေလိုက်ရင် စိတ်ချမ်းသာမယ်တဲ့ ။

-ဟုတ်ရဲ့လား။ နှံကောင်နဲ့ ပုရွက်ဆိတ်အကြောင်း ငယ်ငယ်ကတည်းကဖတ်ဖူးတယ်။ ဖတ်ကတည်းက နှံကောင်လိုမနေဘူး။ပုရွက်ဆိတ်လိုနေမယ်လို့ဆုံးဖြတ်ခဲ့တယ်။ နောင်ရေး မပူရအောင် စီစဉ်ရမယ်။ ပြင်ဆင်ရမယ်။

  • တချို့က အနာဂါတ်ဘဝကောင်းစားရေးကို လုပ်မှ စိတ်ချမ်းသာမယ်တဲ့။

အခုလည်း စိတ်ချမ်းသာအောင်နေချင်တယ်။ နောင်လည်း စိတ်ချမ်းသာအောင်နေချင်တယ်။ အခု စိတ်ဆင်းရဲခံပြီး မသေချာတဲ့ အနာဂါတ်ဘဝမှာ စိတ်ချမ်းသာမယ်ဆိုတာကို မလုပ်နိုင်ပါဘူး။

  • သူများကိုစိတ်ချမ်းသာအောင် လုပ်ပေးရင် ကိုယ်လည်းစိတ်ချမ်းသာမယ်တဲ့။

-မှန်ပါတယ်။ အဲဒါလည်း အတိုင်းအတာတစ်ခုအထိပဲလုပ်နိုင်တယ်။ သူများကိစ္စကို အမြဲ မလုပ်နိုင်ဘူး။ ကိုယ့်စားဝတ်နေရေးကို မလုပ်ပဲနေလို့ရမလား။ ကိုယ့်အတွက်လုပ်ရင်း သူများအတွက်ပါ လုပ်လို့ရရင်တော့ ကောင်းပါတယ်။ ပထမအဆင့် သူများကို စိတ်ဆင်းရဲအောင်မလုပ်ဘူး။ ဒုတိယအဆင့် တတ်နိုင်တဲ့အခါ တတ်နိုင်သလောက် သူများကို စိတ်ချမ်းသာအောင် ပြောမယ်။ တတ်နိုင်တဲ့အကူအညီပေးမယ်။

  • ကြံကြံဖန်ဖန်ပြောတဲ့သူကပြောသေးတယ်။ ကိုယ့်ကိုဒုက္ခပေးတဲ့သူတွေ ဒုက္ခရောက်တာ မြင်ရရင် စိတ်ချမ်းသာမယ်တဲ့။

- အဲဒီလိုပြောတာကို အပြစ်မတင်လိုပါဘူး။ အခုခေတ်မှာ အဲဒီလိုတွေးတဲ့သူတွေ တော်တော်များပါတယ်။ ဒါပေမယ့် အဲဒါ စိတ်ချမ်းသာမှုအစစ်လား။

  • အပေါင်းအဖော်တွေနဲ့နေရရင် စိတ်ချမ်းသာမယ်တဲ့။

- အဖော် တော်တော်ခင်တဲ့သူက ပြောတယ်။ ဟုတ်ပါတယ်။ စိတ်ချမ်းသာနေတဲ့အချိန်တော်တော်များများဟာ အဖော်ကောင်းတွေနဲ့ နေရတဲ့အချိန်တွေပဲ။ လူဟာ တစ်ယောက်တည်း သိပ်ကြာကြာ မနေနိုင်ဘူး။ စားရတာလည်း အဖော်နဲ့မှပိုကောင်းတယ်။ ကြည့်ရတာလည်း အဖော်နဲ့မှ ပိုကောင်းတယ်။ သိရတာတောင် တစ်ယောက်ကို ကိုယ်သိထားတာပြောလို့ရရင် ပျော်တယ်။

  • နောက်တစ်ယောက်ကတော့ သူနဲ့ဆန့်ကျင်ဖက်ပြောတယ်။ ကိုယ့်ဟာကိုယ် တစ်ယောက် တည်း အေးအေးဆေးဆေးနေရရင်ပျော်မယ်တဲ့။

တရားအားထုတ်တာကို အလေ့အကျင့် ကောင်းကောင်းရထားတဲ့သူဟာ တရားအားထုတ်နေတဲ့အချိန်မှာ စိတ်အချမ်းသာဆုံးပဲ။ အဲဒါကြောင့် သူ့အတွက် တစ်ကိုယ်တည်း တရားအားထုတ်တဲ့အချိန်ဟာ မရရင် မဖြစ်ဘူး။ တရားနဲ့ စိတ်ချမ်းသာအောင်နေတာဟာ အကောင်းဆုံးစိတ်ချမ်းသာနည်း အဆင့်အမြင့် ဆုံးစိတ်ချမ်းသာနည်းပဲ။ ဒီနည်းကို မလုပ်နိုင်သေးတဲ့သူတွေ တခြားနည်းတွေကိုလုပ်ပါ။ တရားနဲ့ စိတ်ချမ်းသာအောင်နေတတ်ရင်တော့ ဒီစိတ်ချမ်းသာမှုကို တခြားစိတ်ချမ်းသာမှုနဲ့ အစားထိုးလို့မရဘူးဆိုတာသိမယ်။

  • တစ်ကိုယ်တည်းလည်း ပျော်တတ်မှဖြစ်မယ်။

ဒါပေမယ့် အမြဲတမ်း တစ်ကိုယ်တည်းနေလို့ မဖြစ်ဘူး။ ဒါကြောင့် တခြားအချိန်တွေ တခြားအခြေအနေတွေမှာလည်း စိတ်ချမ်းသာအောင် ဘယ်လိုနေရမယ်ဆိုတာကို လေ့လာပါ။

  • ရောင့်ရဲတယ်သူဟာ စိတ်ချမ်းသာတယ်လို့ သုတေသနပညာရှင်များတွေ့ရှိကြတယ်တဲ့။

ဒါကို ရှေးပညာရှင်များလည်း ပြောခဲ့ကြပါတယ်။

“သန္တုဌီ ပရမံ ဓနံ ”..လို့ဘုရားဟောရှိပါတယ်။ ရောင့်ရဲခြင်းဟာ အဆင့်အမြင့်ဆုံး ဥစ္စာ ဓနဖြစ်တယ်။ မရောင့်ရဲနိုင်တဲ့သူဟာ ဘယ်လောက်ပဲရှိရှိ လိုသေးတယ်လို့ ထင်သေးတယ်။ ဒါ့ကြောင့် မပြည့်စုံသေးဘူး။ မပြည့်စုံတာဟာ ချို့တဲ့နေတဲ့သဘော ချို့တဲ့နေတယ်ဆိုတာ ဆင်းရဲတဲ့သဘော။

စဉ်းစားစရာကောင်းတာက ရောင့်ရဲရင် မတိုးတက်ဘူးလို့ပြောကြတာရှိပါတယ်။ အဲဒါ မှန်သလား။ ရောင့်ရဲတဲ့သူဟာ တိုးတက်နိုင်သလား။ ရောင့်ရဲတဲ့သူဟာ စိတ်ချမ်းသာတယ်။ စိတ်ချမ်းချမ်းသာသာနဲ့နေပြီး နောက်ထပ်ကိုယ်လိုချင်သေးတာကို လုပ်လို့ မဖြစ်ဘူးလား။ ဘယ်လောက်ရှိရှိ မရောင့်ရဲနိုင်ရင် ဘယ်တော့မှ စိတ်မချမ်းသာတော့ဘူး။ အဲဒါကောင်းသလား။

ရောင့်ရဲတဲ့သူဟာ နောက်ထပ်ရအောင် မလုပ်တော့ဘူးလို့ ဆိုလိုတာလား။ ဒီမေးခွန်းတွေ ကို မေးသင့်ပါတယ်။ နောက်ထပ်ရအောင် လုပ်သေးတယ်ဆိုရင် နောက်ထပ်လိုချင်သေး လို့ပေါ့။ လိုချင်သေးရင် ရောင့်ရဲတယ်လို့ ဆိုနိုင်သလား။

သန္တုဌီ ဆိုတဲ့ ပါဠိစကားကို အဓိပ္ပာယ် သေသေချာချာဖော်ရင် “ကိုယ့်မှာရှိတာနဲ့ ဝမ်းသာတယ် စိတ်ချမ်းသာတယ် ”..လို့ အဓိပ္ပာယ်ပေါ်ပါတယ်။ နောက်ထပ်မလိုချင်တော့ ဘူး။ နောက်ထပ်ရအောင် မလုပ်တော့ဘူးလို့ မဆိုလိုပါဘူး။ ရှိနေတာနဲ့ ဝမ်းသာတယ်။စိတ် ချမ်းသာတယ်။နောက်ထပ်ရအောင်လုပ်သေးတယ် ။ဒါပေမယ့် စိတ်ချမ်းချမ်းသာသာနဲ့ပဲ လုပ်တယ်။ ဘုန်းကြီးကတော့ အဲဒီလိုသဘောပေါက်တယ်။

အင်္ဂလိပ်လိုဘာသာပြန်ရရင် သန္တုဌီ ဆိုတာ "being happy with what you have." လို့ ဘာသာပြန်ရမယ်။ အဲဒါရှင်းတယ်။ ရှိနေတာနဲ့ ၀မ်းသာတယ်ဆိုတာ နောက်ထပ် ရအောင် မလုပ်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ လုပ်သေးတယ်။ ဒါပေမယ့် စိတ်ချမ်းချမ်းသာသာ နဲ့ပဲ လုပ်နိုင်တယ်။ နောက်ထပ်မရလဲစိတ်ချမ်းသာတာ ပျက်မသွားဘူး။ အဲဒါ အရေးကြီးအချက်ပဲ။

  • ရက်ရောတဲ့သူဟာ စိတ်ချမ်းသာတယ်လို့ဆိုတယ်။

ရက်ရောတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ပေးလည်းပေးတယ်။ ကုန်လည်းကုန်မသွားဘူး။

ခဏပျော်တာနဲ့ ရေရှည် တစ်သက်တာ စိတ်ကျေနပ်မှုရတာ

ခဏပျော်တာနဲ့ ရေရှည်တစ်သက်တာ စိတ်ကျေနပ်မှုရတာ ဆိုပြီး နှစ်မျိုးရှိခွဲပြီး စဉ်းစားသင့်တယ်။ ခဏစိတ်ဆင်းရဲပြီးတော့ မကြာခင်မေ့သွားတဲ့ ကိစ္စတွေရှိသလို ခဏပျော်ပြီးတော့ မကြာခင် စိတ်ဆင်းရဲစရာနဲ့တွေ့တဲ့အခါ ပျော်တာက ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတာ ရှိပါတယ်။

များသောအားဖြင့် စိတ်ဆင်းရဲစရာကလည်း မမြဲသလို ပျော်စရာကလည်းမမြဲဘူး။ ကိုယ်အင်မတန်ချစ်တဲ့သူ သေဆုံးသွားတဲ့ အခါ စိတ်ဆင်းရဲပေမယ့် "သေသောသူကြာရင်မေ့" ဆိုသလို ကြာတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပဲ။ မော်တော် ဆိုင်ကယ်မှောက်ပြီး လက်ပြတ်သွားတဲ့ သူတစ်ယောက်ဟာ အစမှာ စိတ်ဆင်းရဲနေပေမယ့် မကြာခင်မှာ နေသားကျသွားပြီးတော့ ပျော်ပျော်ရွှင်ရွှင် နေသွားတာတွေ့ရတယ်။

ထီပေါက်လို့အရမ်းပျော်သွားတဲ့ သူတစ်ယောက်ဟာ လပိုင်းအတွင်း အရင်တုန်းကလိုပဲ သိပ်မပျော်တော့တာတွေ့ရတယ်။ အိမ်ထောင်ကျကာစမှာ သိပ်ပျော်တဲ့ သူတစ်ယောက်ဟာ မကြာခင်မှာ သူငယ်ချင်းကို "မင်း အိမ်ထောင်မပြုနဲ့ကွာ" လို့ အကြံပေးတာကြားရတယ်။ "မင်းတို့ အိမ်ထောင်ပြုပြီး ငါ့ကိုတော့ အိမ်ထောင်မပြုနဲ့လို့ပြောတာ ဘယ်တရားမလဲ" လို့ပြန်ပြောတော့ "ငါမသိလို့ပေါ့ကွာ" တဲ့။

ဘယ်ခြေထောက်တစ်ဖက်ပဲရှိတဲ့လူတစ်ယောက်ဟာ "ကျွန်တော်က ကခုန်ရတာရဲ့ ပျော်ရွှင်မှုကို မသိပေမယ့် ဘယ်ခြေထောက်နဲ့ ပန်းချီဆွဲရတဲ့ အရသာကိုတော့ သိပါတယ်" တဲ့။ သူက ဘယ်ခြေထောက် တစ်ဖက်ပဲရှိတယ်။ အဲဒီခြေထောက်နဲ့ ပန်းချီဆွဲတယ်- ကဲ ။

အဲဒီလိုပဲ ပိုက်ဆံမချမ်းသာပေမယ့် ပျော်နေတဲ့သူတွေရှိပါတယ်။ အခုရနေတဲ့ ၀င်ငွေရဲ့ နှစ်ဆလောက်ရရင်တော့ သိပ်ပျော်မှာပဲလို့ပြောတဲ့သူဟာ သူပြောသလိုဝင်ငွေနှစ်ဆရလာတော့ ခဏပဲပျော်ပါတယ်။ မကြာခင် အရင်တုန်းကပျော်သလောက်ပဲပျော်တယ်။ အရင်ကလောက်တော့ စိတ်မဆင်းရဲတော့ဘူး။ စားဝတ်နေရေး နည်းနည်းပိုအဆင်ပြေလာတော့ နည်းနည်းအသက်ရှူချောင်သွားတာပေါ့။ ၀င်ငွေဆယ်ဆတိုးရင် ဆယ်ဆပျော်မယ်လို့ မပြောနိုင်ဘူး။ အဲဒါမဖြစ်နိုင်ဘူး။ အရေးကြီးတာက ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် စိတ်ချမ်းသာအောင် ကိုယ့်စိတ်ကိုကိုယ် လေ့ကျင့်ပေးထားရမယ်။

ငွေကြေးအင်မတန် ချမ်းသာကြွယ်ဝတဲ့ သူတွေလည်း သိသိသာသာကြီး မပျော်ကြဘူး။ စားနိုင်သောက်နိုင်တဲ့သူတွေထက် အထူးပိုပြီးပျော်တယ်လို့မထင်ဘူး။

Wealth is like health: Its utter absence breeds absence breeds misery, yet having it is no guarantee of happiness.

ငွေဆိုတာ ကျန်းမာရေးလိုပါပဲ။ ကျန်းမာနေတုန်း ကျန်းမာနေလို့ ပျော်လိုက်တာလို့ တွေးမိတဲ့သူ သိပ်နည်းတယ်။ မကျန်းမာတဲ့ အခါ မကျန်းမာလို့ စိတ်ဆင်းရဲလိုက်တာလို့ပြောတာပဲ ကြားရတယ်။ ငွေလည်းဒီလိုပဲ။ မရှိလို့ စိတ်ဆင်းရဲလိုက်တာလို့ပြောကြတာ ကြားရတယ်။ ရှိတော့လည်း သိပ် သတိမရတော့ဘူး။ သုံးလိုက်ရတုန်း ခဏတော့ ပျော်မယ်ထင်တယ်။

စိတ်ချမ်းသာမှုကိုငွေနဲ့ ဝယ်လို့ရမလား။ငွေရှိရင် ဒုက္ခတော်တော်နည်းသွားတာအမှန်ပဲ။ ငွေ မရှိလို့ စားဝတ်နေရေးအဆင်မပြေလို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ကြရတာ များပါတယ်။ ဒါပေမယ့် ပိုက်ဆံအချမ်းသာဆုံးလူက စိတ်အချမ်းသာဆုံးလူလို့ ပြောလို့တော့မရဘူး။ ပိုက်ဆံချမ်းသာပြီး စိတ်ဆင်းရဲနေတဲ့သူတွေ အများကြီးရှိပါတယ်။

“No happiness lasts for long.”

လောကီစိတ်ချမ်းသာမှုဆိုရင် ဘယ်လိုစိတ်ချမ်းသာမှုမှ မမြဲပါဘူး။





Peace B with U.