Tuesday, December 24, 2013

Drama Queen

Drama Queen


လောကကြီးက မင်းပျော်ဖို့ တည်ဆောက်ထားတဲ့ ကလေးကစားကွင်းတစ်ခုတော့မဟုတ်ဘူး။ နာရီအတုတွေနဲ့ အစစ်တွေနဲ့ဘာကွာလဲမင်းသိလား။ အတုတွေက နှိုးစက်သံ ပိုကျယ်တတ်တာပဲ။ မလိုအပ်ဘဲ ရွှေရောင်သုတ်ထားတဲ့ ဒိုင်ခွက်ထဲမင်းငုံ့ကြည့်လိုက်ရင် သူ့အရိပ်ကိုတွေ့ရမှာပဲ။ စက္ကန့်တံတွေဟာ အမြန်သွားဖို့မလိုဘူး။ သူ့ခြေလှမ်းသူသိတယ်။ သူဟာ အုပ်စိုးခံဘဝမှာနေထိုင်သူမဟုတ်ဘူး။

ကောင်းကင်ကိုမော့ကြည့်လိုက်တိုင်း တစ်ခုလိုနေတယ်။ ဒီနှစ် ခရစ်စမတ်မှာ ကြယ်မထွက်ဘူး။ ရလဒ်အနေနဲ့ အားအားယားယားသုံးယောက် ခရီးမထွက်ဘူး။ ဟေရုဒ်အရက်သောက်မပျက်ဘူး။ ဇူဇယ် မိန်းမခိုးပြေးစရာမလိုဘူး။ မေရီ ကလေးမွေးစရာမလိုဘူး။ ဂါဗြီအဲလ် Hail, Mary လာမရွတ်ပြရတော့ဘူး။ God အလုပ်ပြုတ်တယ်။ ကြယ်တစ်လုံးမထွက်ရင် အဲဒါတွေ ဆက်တိုက်ဖြစ်တယ်။

ကြက်ဆင်ကိုယ်ထဲ ရှောက်သီးတစ်လုံးတော့ထည့်ထားရမယ်။ ဒါမှ ကင်လိုက်ရင် အနံ့မွှေးလာမှာ။ လူအများကြီးပျော်ဖို့ သိပ်မပျော်တတ်တဲ့တစ်ကောင်/တစ်ယောက်/တစ်ခု သေပေးရတာပဲ။ ဒါကိုက လောကသဘာဝ။ ကြက်ဆင်ဖြစ်စေ၊ Jesus ဖြစ်စေ ပျော်ဖို့သေပေးလိုက်တယ်ဆိုရင် သင့်တော်တာပါပဲ။

ကိုယ့်ဒုက္ခကတော့ အများထက် ပိုကြီးကျယ်တာပဲ။ ခြေသည်းနီမညီညာတာဟာ ကမ္ဘာပျက်သလိုပါပဲ။ သစ်ပင်တွေပြန်စိုက်ပြီး စိမ်းလန်းခြင်းအတုကို ပိုးမွေးသလိုပြန်မွေးနေပေမယ့်၊ ကောင်းကင်အမိုးကတော့ ပေါက်မြဲပေါက်ဆဲ။ ကုန်းပေါ်မှာလှေလှော်နေသလိုပေါ့ .... တစ်နေ့နေ့တော့ ရွေ့ရမှာပေါ့။ ထိပ်တုံးဟာ ခြေထောက်နှစ်ချောင်းကို မမိခင်က လေဟာနယ်ကိုမိထားသေးတယ်ပြောတာပဲ။ ချစ်ခြင်းတရားဟာ အတုအစစ်ရောမနေပါစေနဲ့။ ခွဲရခက်လွန်းလို့ ဖြစ်လေရာဘဝမှာ မေတ္တာအတုနဲ့လူတွေနဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာ အေးနိုင်သမျှ အေးအေးနေရပါစေ ဆုတောင်းတယ်။

တောင်ပေါ်ရောက်ရင်တစ်ခုခုတွေ့ရမှာပဲလို့ မောရှေကပြောတယ်။ တောင်ပေါ်ရောက်ရင် ဆုတောင်းရဦးမယ်လို့ မုတ်ဆိတ်ဖြူသားကပြောတယ်။ တောင်ပေါ်ရောက်ရင် အလံစိုက်ရဦးမယ်လို့ တောင်တက်သမားကပြောတယ်။ တောင်ပေါ်ရောက်ရင် ရှင်သန်ရဦးမယ်လို့ သစ်စေ့တစ်စေ့ကပြောတယ်။ လောကကြီးမှာ မြက်တိုင်းမစိမ်းဘူး။ သဘာဝတိုင်းမလှဘူး။ အစွယ်နဲ့ဆူးတွေ တစ်ပြိုင်နက်တပ်ထားရင် နှင်းဆီပန်းလည်း မဖူးနိုင်တော့ဘူး။

စစ်ကြောင့် လူတွေ ဘဝပျက်တယ်။ ကမ္ဘာ့စီးပွားရေးပြောင်းလဲမှုကြောင့် လူတွေ ဆယ်ဆပိုပြီး ဘဝပျက်တယ်။ ဆန်မရှိဘဲ အစားကြီးရင်၊ ဆီမရှိဘဲ အသောက်ကြီးရဦးမယ်။ ငွေရယ်ဆိုလို့ ဆယ်တန်နဲ့အကြွေတစ်ချို့၊ ရင်ခွင်မှာတော့ မျှော်လင့်ချက်ကြီးတစ်ခုဆိုတဲ့ အဆိုတော်ဟာ ကင်ဆာဖြစ်တော့ ကုဖို့ ပိုက်ဆံလုံလုံလောက်လောက်ရှိမနေခဲ့ဘူး။ အကောင်းဆုံးက အကောင်းဆုံးပေါ့၊ တန်ရာကတန်ရာပေါ့ .... ရွေးနေရအောင်မင်းကဘာကောင်လဲလို့ သူက ဘယ်သူ့ကိုပြောသွားတာလဲ။

မြွေဆိပ်ဟာ သွေးတွေကို ပျစ်ခဲသွားစေတယ်။ လူတွေဟာလည်း သွေးအခဲလိုက်နဲ့ မရှင်နိုင်ဘူး။ အဆင်ပြေတဲ့ နေရာလေးမှာ အဆင်ပြေသလိုလေး နေဖို့ အရေးကြီးတယ်။ ကိုယ့်စိတ်ကို ဒုက္ခပေးမယ့် ရန်သူတွေနဲ့ ဝေးလေကောင်းလေပဲ။ အမှတ်ရစရာတွေဆို လွှင့်သာပစ်။ အဆက်အဆံလည်းမလုပ်နဲ့။ သေသေရှင်ရှင် ဂရုမစိုက်နဲ့။ သေလည်းအသုဘ လိုက်မပို့ဘူးဆိုမှ ခရစ်စမတ်ကဒ်ပို့နေပါဦးမလား။ sorryပဲပေါ့။

အသက်ကိုပြင်းပြင်းရှူ၊ နေရောင်ကို ဝဝလှုံ၊ တိမ်တွေနဲ့ကင်းကင်းနေ ... တောင်ထိပ်ပေါ်မတက်နဲ့ ... လမ်းဘေးကနေကပ်လျှောက်၊ အကျနာမယ့်နေရာ ချော်မလဲစေနဲ့။ ကိုယ့်လမ်းကိုယ်လျှောက်ရင် လောကကြီးမှာ တကယ်မလိုတဲ့သူတွေများသထက်များလာတယ်။ ကိုယ်အရေးကြီးတယ်ထင်တာကိုယ်လုပ်၊ ကိုယ့်အလုပ်လေးကိုယ်ရှုပ်နေ၊ ကမ္ဘာကြီးမှာ ဝင်ခွေနေစရာချောင်တွေမှ အများကြီး။

ပျံသန်းခြင်းမှာ အတောင်ပါနေစရာမလိုဘူးလို့ သူကပြောတယ်။ နောက်ဆုံးတစ်ခေါက် မြေပြင်အမာဟာ ဘယ်လိုအရောင်မျိုးလဲ မတွေးချင်သေးဘူးလို့ဆိုတယ်။               ။

Regards,
Zephyr



Peace B with U.

Tuesday, December 17, 2013

ပြောင်းလဲခြင်း

ပြောင်းလဲခြင်း

ငယ်တုန်းကနဲ့တော့မတူတော့ဘူး။ ကြီးလာလေ စိတ်ထားဆိုးလေဖြစ်လာတာ သတိထားမိတယ်။ အလျှော့ပေးဖို့တွေဘာတွေတောင် သတိမထားရင် လွတ်လွတ်သွားတယ်။ အသက်ကြီးလာလို့ လိမ္မာသွားကြတယ်ဆိုတာမျိုးမဟုတ်တာတွေ့တယ်။ ကိုယ့်ကိုယ်ကို အကဲခတ်နေတယ်။

အသက်ကြီးလာတော့ မျှော်လင့်ချက်တွေက ပိုများလာတယ်။ တစ်ချို့မျှော်လင့်ချက်တွေနဲ့လည်း ပိုပြီး နီးကပ်လာတယ်။ တစ်ချို့ရည်မှန်းချက်တွေနဲ့တော့ တော်တော်လေးကွာဝေးသွားပြီ။ မိတ်ဆွေတွေဆိုတာလည်း တွေ့ဖို့ကို တမင်ကြိုးစားသွားမှတွေ့တယ်။ ဒါတောင် ကလေးမရှိသေးလို့။ ကလေးရှိရင် ကလေးကို အချိန်ပေးနေမိမှာပဲ။ မပေးလို့ကလည်းမရဘူးလေ။ ခရီးထွက်မယ်ဆိုရင်လည်း ကလေးကို ကြည့်ရမယ်။ ညအိပ်ကောင်းနေတုန်း ထငိုလိုက်ရင် ဂွပဲ။ အဲဒါမျိုးတွေလည်း တွေးရသေးတယ်။

စိတ်ကို စုစည်းရတာ ပိုခက်လာတယ်။ တစ်ခုခုကို အာရုံစိုက်ပြီးလုပ်ဖို့ကိုင်ဖို့ အရင်ကထက် ပိုပြီး စိတ်နှစ်ထားရတယ်။ ကျန်းမာရေးကိုလည်း ပိုဂရုစိုက်ရတယ်။ ၃၂ ပြည့်ခါနီးမှာ သတိထားမိတာက သုံးလေးရက် အိပ်ရေးဆက်တိုက်ပျက်ရင်ပိုပြီး ပင်ပန်းသွားတတ်တယ်။ အရင်လို ပေပေတေတေနေလို့မရတော့ဘူး။ မှတ်ဉာဏ်က အရင်လို တစ်ခုမှတ်ထားလိုက်ရင် သုံးလေးငါးလမမေ့တာမျိုးမရှိတော့ဘူး။ တစ်နေရာရာမှာမှတ်ထားမှစိတ်ချရတော့တယ်။ ဖုန်းသွားဝယ်တော့ ကိုယ့် IC နံပါတ်ကိုယ်ရေးလိုက်တာ သုံးလုံးအပိုပါသွားတယ်။ ဘယ်ကနံပါတ်တွေနဲ့ရောကုန်သလဲတော့မသိဘူး။ အရင်ဆို ဘဏ်အကောင့်နံပါတ်အလွတ်ပဲရိုက်တယ်။ အခုဆို တစ်ခေါက်တော့ပြန်ကြည့်ရတယ်။ Credit card နံပါတ်တွေမမှတ်မိဘူး။ payPal အကောင့်ခ်ကို မေ့မှာစိုးလို့ မှတ်ထားရင်မေ့သွားတယ်။ Forget password မှာ ဘိုးတော် နာမည်မှတ်ထားတာ Christian name လား၊ မြန်မာနာမည်လား မေ့သွားတယ်။

အားကစားကြတော့လည်း chin up ကို ဆယ်ခါ ဘယ်အချိန်ဆွဲဆွဲရနေရာက၊ လေ့ကျင့်ခန်းမလုပ်တာ သုံးနှစ်ကြာသွားတော့ သုံးခါတောင် အနိုင်နိုင်ဖြစ်နေတာတွေ့ရတယ်။ Dumbbell ကီလို ၂၀ ကို တစ်ဖက်ခြင်း မနည်းမနေရတာတွေ့ရတယ်။ တစ်ချက်တစ်ချက် လက်ကောက်ဝတ်က ဒဏ်ဖြစ်ထားတာ ပြန်ပြန်နာတာလည်းတွေ့ရတယ်။ အမြင့်ခုန်တာကြတော့ လေးပေလောက်ကိုတောင် စုံခုန်ဖို့ တော်တော်အားစိုက်နေရပြီ။ ဘားတန်းကို ဟိုဘက်ဒီဘက် ခိုသွားဖို့ကြတော့ လက်နာနေတာတွေ့ရတယ်။ အိမ်မှာ ဝယ်ထားတဲ့ Gym ပစ္စည်းတွေတောင် အိပ်ခန်းထဲမှာ ရှုပ်လာလို့ သိမ်းထားရတာများလာပြီ။ အပျင်းထူလာတာသတိထားမိတယ်။ လူကဝလာလေ၊ အပျင်းထူလာလေဖြစ်ကုန်တယ်ထင်တယ်။

ကြက်တောင်ပြန်ရိုက်ကြည့်တော့လည်း သုံးပေကျော်သွားရင် လိုက်မရိုက်နိုင်ဘူးဆိုတာတွေ့တယ်။ နှေးသွားပြီ။ ဇရာ၊ ဇရာ။

ငယ်တုန်းကဖတ်တဲ့စာအုပ်တွေ အချိန်ရရင်ပြန်ဖတ်တော့ ကြိုက်ခဲ့တဲ့စာသားတွေတော့ မှတ်မိတယ်။ ကျန်တာတွေတော့မမှတ်မိတော့ဘူးဆိုတာတွေ့ရတယ်။ ကြုံလို့ပြောရရင် ငယ်တုန်းက သိပ်မကြိုက်ခဲ့ဘဲ ဝယ်ထားတဲ့စာအုပ်တွေကို အခုအသက်ကြီးလာတော့ သိပ်ဖတ်ကောင်းနေတာတွေ့ရတယ်။ ဘာသာပြန်တွေလည်း တော်တော်လေးကောင်းတယ်။ အမျိုးထဲက ကလေးတွေကိုတော့ စာမတော်ချင်နေပါစေ၊ စာဖတ်ဝါသနာပါအောင်သင်ပေးတယ်။ သူတို့တွေ တစ်နေ့နေ့ နားလည်လာလိမ့်မယ်ထင်တယ်။ အသက်ကြီးလာလို့ ကိုယ်ဦးတည်တဲ့ဘဝလမ်းကြောင်းဟာ ငယ်တုန်းက ပုံဖော်ထားတာမျိုးပဲဖြစ်နေတတ်တယ်။ စာအုပ်ကောင်းတွေမှာပါတဲ့ personality တစ်ခုခုကို ယူထားလိုက်ရင် ကိုယ်ပိုင်ဥစ္စာဖြစ်ရတာပဲလို့တွေးမိတယ်။

ကျေးဇူးတင်တဲ့စိတ် နည်းနည်းပိုဖြစ်လာတယ်။ ငယ်တုန်းကတော့ တခြားလူတွေနဲ့ ငါနဲ့သိပ်မဆိုင်ဘူးဆိုတဲ့စိတ်ရှိတယ်။ အခုတော့ လူတိုင်းဟာ တစ်နည်းနည်းနဲ့တော့ဆက်စပ်နေတယ်လို့မြင်လာတယ်။ ကိုယ့်အသိုင်းအဝိုင်းက လူတွေဟာ ကိုယ့်ကို တစ်နည်းနည်းနဲ့ အကျိုးပြုနေတယ်လို့မြင်လာတယ်။ တစ်ချို့လူတွေက ကိုယ်နဲ့အမြင်မတူပေမယ့် သူယုံကြည်တာ သူလုပ်နေတာလို့ နည်းနည်းဖြည့်တွေးမိလာတယ်။ လူတိုင်းမှာ ကောင်းတဲ့စိတ်ရှိတယ်လို့တော့ တော်တော်လေးယုံကြည်လာပြီ။ အဲဒီစိတ်မြတ်လေးကို အခြေအနေအရ ထုတ်ဖော်မပြသရသေးတဲ့လူတွေလည်းရှိမှာပဲလို့တွေးကြည့်တယ်။ ကိုယ်မမြင်နိုင်ပေမယ့် လူတိုင်းမှာ ကောင်းတဲ့စိတ်ရှိလိမ့်မယ်။ အနည်းဆုံး သူ့ကိုယ်သူကောင်းစေချင်မှာပဲ။ သူ့မိသားစု၊ သူ့ရင်သွေး စတာတွေကို ကောင်းစေချင်လိမ့်မယ်။

နောက်တစ်ခုကတော့ ဟင်းချက်ရတာကို ပိုပျော်လာတယ်။ အရင်ဆိုရင် ဟင်းချက်တဲ့ကိစ္စကို ပျင်းစရာလို့ထင်တယ်။ နောက်တော့ အနုပညာဆန်တယ်လို့ ခံစားရတယ်။ ကိုယ်တိုင်တော့ ကိုယ်ချက်တာ ကိုယ်မကြိုက်ဘူး။ ကိုယ်ကျွေးလိုက်တဲ့သူ စားကောင်းတယ်ဆိုရင် ပျော်စရာကောင်းတာပဲ။ စားမကောင်းဘူးပြောရင်လည်း ထသွန်ပစ်လိုက်မယ်ထင်တယ်။

အနာဂတ်အကြောင်း၊ ငွေရေးကြေးရေးအကြောင်း အရင်ကထက် ပိုစဉ်းစားဖြစ်လာတယ်။ အရင်တုန်းက မရှိတဲ့ စာရင်းစာအုပ်ရှိလာတယ်။ အရင်တုန်းက အချိန်သိဖို့မလိုဘူးဆိုပြီး နာရီမပတ်ပေမယ့် အခုပတ်ရတယ်။ Phone ကို တစ်ချိန်လုံးထုတ်ကြည့်နေရတာ အလုပ်ရှုပ်တယ်ထင်လာလို့။ အရေးကြီးတဲ့ ကိစ္စတွေမှာ လက်မှတ်ထိုးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖောင်တိန်တစ်ချောင်းလည်း လိုအပ်သလိုလိုဖြစ်လာတာနဲ့ ဝယ်ဖြစ်လိုက်တယ်။ ဈေးတော့မကြီးပါဘူး။ ၅၀ အောက်ပါပဲ။ လက်မှတ်ထိုးဖို့ ဖောင်တိန်က လေးလေးပင်ပင်ရှိတော့ ပိုအဆင်ပြေတယ်လို့ ထင်လာတယ်။ ၃၁နှစ်အထိ ဒီလိုမထင်ခဲ့ဘူး။ ၃၁ ကျော်လာမှ နည်းနည်းပြောင်းလဲလာတယ်။

ကပ်စေးကတော့ ဆယ်ဆပိုနည်းလာတာ သတိထားမိတယ်။ အရင် ၅၀၊၁၀၀ လောက်ကိုမပြောနဲ့၊ ၅၀၀၊ ၁၀၀၀ လည်း မနှမြောဘူး။ အခုတော့ နာရီကိုတောင်ဈေးအပေါစားဝယ်ဖို့ လေဆိပ်အထိသွားဝယ်တယ်။ GST မပေးရအောင်။ ဖောင်တိန်တို့စာအုပ်တို့ဆိုတာ ကိုယ့်ဟာကိုယ် ဘယ်တော့မှမဝယ်ဘူး။ ဇနီးသည်နဲ့သွားမှာ လိုချင်တာယူပြီး ပိုက်ဆံမထုတ်ဘဲ မသိချင်ယောင်ဆောင်နေလိုက်တယ်။ မဟာဖိုဝါဒသမားမဟုတ်ဘူး။ ဘုရားလောင်းထုံးနှလုံးမူတယ်။ ဘုရားလောင်းဟာ မဒ္ဒီဒေဝီရှာလာတဲ့သစ်သီးတွေစားပြီး အသာလေးငြိမ့်နေတာ။ တင့်တယ်ပါတယ်။ အိမ်ထောင်သက်တမ်း ၃ နှစ်မှာ အိမ်လခ တစ်ခါမှ မပေးရသေးဘူးဆိုတာလည်း သတိထားမိတယ်။ ဇနီးသည် Bonus ရရင် တောင်းထားလိုက်တယ်။ တစ်ခါတစ်ခါ ပြန်စဉ်းစားမိရင် အနိုင်ကျင့်သလိုဖြစ်နေလို့ မစဉ်းစားမိအောင်နေတယ်။ လကုန်ရင် တစ်လ ၅၀၀ ပိုက်ဆံစုဖို့တောင်းသေးတယ်။ ဇနီးသည်လိုတဲ့အသုံးအဆောင်၊အဝတ်အထည်၊ အလှကုန်တွေကိုတော့ ပြန်ဝယ်ပေးပါတယ်။ ရေသေအိုင်ကြီးတော့မဟုတ်ဘူး။ အမြတ်ကြိးစားတဲ့ အရင်းရှင်လောက်ပါပဲ။

ရှေ့နှစ်မှာ စီးပွားရေးကိစ္စတွေ နည်းနည်းရေးမယ်စိတ်ကူးတယ်။ စိတ်ကူးရတာက လခစားတွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုမလုပ်ကြရင် ရေရှည်မှာ အလုပ်ကြာကြာလုပ်ကြရမှာစိုးလို့။ အထူးသဖြင့် ရွယ်တူတွေနဲ့ ကလေးတွေအတွက်ပါ။ လူကြီးတွေထဲမှာ ပြင်ပြင်ဆင်ဆင်နေတဲ့သူများတယ်။ အမြော်အမြင်ရှိကြတာများတယ်။ လူငယ်တွေ၊လူလတ်တစ်ချို့တွေကတော့ ပျော်နေကြတုန်းရှိသေးတယ်ဆိုတော့ ဒါတွေ နည်းနည်းလောက်ရေးမယ်။ ပိုက်ဆံအလကားမဖြုန်းသင့်ကြောင်းတွေရေးမယ်။ အခုလည်း ဖေ့စ်ဘွတ်ခ်မှာတော့ ကြုံရင် ကြုံသလို၊ မဖြုန်းသင့်ကြောင်းရေးပါတယ်။ ရသစာပေကတော့ ရေးနိုင်သလောက်ရေးနေတုန်းပဲ။ ကိုယ်ရေးတာကိုယ်ဖတ်ပြီး စိတ်ချမ်းသာနေသ၍တော့ ရေးနေဦးမယ်။

လူအသစ်ဟာ အဟောင်းနဲ့တော့မတူတော့ဘူး။
ပြောင်းလဲနေတဲ့လောကထဲမှာ ပြောင်းလဲခြင်းနဲ့ အသားကျဖို့တော့
ကြိုးစားရလိမ့်မယ်ထင်ပါရဲ့။                    ။

Regards,
Zephyr




Peace B with U.

Tuesday, December 10, 2013

အရောင်းသွက် ၁၀

အရောင်းသွက် ၁၀

ခရစ်စမတ်ကာလတည်းဟူသော ဒီဇင်ဘာတွင် ကျွန်ုပ်သည် တွေးတောငေးမော၍ နေသည်။ အဘယ်သို့ပါနည်း။ ခရစ်စမတ်ကာလသည် ဒီဇင်ဘာဟူ၍ မည်သူမှ တိတိကျကျမသိပါ။ နှင်းများကျနေချိန်သာဖြစ်သည်။ သို့သော်လည်း မှတ်ရလွယ်အောင် ဒီဇင်ဘာလုပ်လိုက်ကြသည်။ ထိုစဉ်က ပြက္ခဒိန်အရတော့ တစ်ရက်ရက်ဖြစ်မည်။ သိုးကျောင်းသားများ ချော်လဲကြသောနေ့၊ သိုးတစ်ကောင်ချောက်ထဲကျသောနေ့၊ တစ်ရက်ရက်ဖြစ်မည်။ ငယ်စဉ်က သင်ခဲ့ဖူးသော ခရစ်ယာန်သမိုင်းအရတော့ ၂၅ ရက်နေ့သည် နေမင်းကြီးပွဲနေ့သာဖြစ်သည်။ ဂျီးဇပ်သည် နေမင်းကြီးပမာဟူ၍ယူဆသောကြောင့် ၂၅ရက်နေ့ကို မွေးနေ့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ဟန်တူသည်။

၁။နောက်ခံအကြောင်းတရားနှင့်အခြေအနေ

နွားတင်းကုတ်ထဲတွင်မွေးရန်ပြင်ဆင်ခြင်းသည်လည်း ရှေးဓမ္မဟောင်းကျမ်းလာအယူအဆများအရသာဖြစ်လိမ့်မည်။ နွားစာထည့်သည့်ခွက်တွင် ကောက်ရိုးအိပ်ရာလုပ်ခြင်းမှာလည်း လူသားဆန်ခြင်းဖြစ်ကောင်းဖြစ်မည်။ သူ့ဘဝ၏ မတင့်တယ်မခမ်းနားမှုကို အသားပေးချင်၍ဖြစ်နိုင်သည်။ သိကြားတမန်များ သီချင်းဆိုခြင်းမှာတော့ တော်တော်ဆန်းကြယ်သည်။ လေထဲမှဆိုသည်လား၊ မြေပေါ်မှပဲဆိုသည်လားတော့မသိ။ အတောင်ချင်းငြိကြသေးလား၊ အသံကပ်နေတဲ့ Angel က မစ္စတာဘင်းလို chorus ကြမှ ထထဖောက်သေးလား၊ စိတ်ဝင်စားစရာအင်မတန်ကောင်းသည်။ အညတရကောင်ငယ်လေးတစ်ယောက်အဖြစ် ဘဝကို အစပြုခဲ့ခြင်းဖြစ်မည်။ အခြွေအရံအသင်းအပင်းဆို၍ မိခင်၊ အထိန်းတော်၊ သိုးကျောင်းသား၊ သိုးများသာရှိခဲ့သော ဂျေရုဆလင်မ်၏ ညကာလသည် အေးခဲထုံကျင်နေခဲ့မည်ထင်သည်။

၂။ပညာရှိသုံးယောက်နှင့်ကြယ်
မင်းသုံးပါးဟု ယခင်ကပြန်ဆိုကြသော်လည်း နောက်ပိုင်းတွင် ဗာတီကန်အလိုအရ ပညာရှိသုံးယောက်ပြန်ဖြစ်သွားသော လူသုံးယောက်သည် ကြယ်ကိုကြည့်၍တွက်ချက်ရာ မင်းလောင်းပေါ်ပြီဟုသိ၍ ခရီးထွက်လာကြရာမှ တစ်နေရာတွင် ဆုံလာခြင်းဖြစ်သည်။ သူတို့တွင်ရော orion မှန်ပြောင်း ၃၂၈ တန်တစ်လက်စီရှိလေမလား စိတ်ဝင်စားမိသည်။ ကြယ်ကြည့်ခြင်းသည် စိတ်ချမ်းသာစရာကောင်းသည်။ အထူးသဖြင့် မြင်တွေ့သောကြယ်ပေါ်မူတည်၍ တစ်ခုခုတွက်ချက်စရာမလိုသောသူများအတွက် သာ၍ကြည်နူးဖွယ်ကောင်းသည်။ ကြယ်စုံသောကောင်းကင်သည် စိတ်ကြည်နူးဖွယ်ပင်လယ်ကမ်းခြေတစ်ခုနှင့်တူသည်။ ကြယ်များကို အချိန်ကြာကြာမော့ကြည့်ပါက မိမိသည်လည်း ကြယ်အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခု၊ ယာယီမြေပေါ်ကြွေကျနေသော ကြယ်တစ်စင်းဟု ထင်မှတ်လာနိုင်သေးသည်။ ပညာရှိသုံးယောက်သည်လည်း ကြယ်နောက်လိုက်လာကြသည်။ ကြယ်သည် လမ်းပြမြေပုံဖြစ်သည်။ ကြယ်သည် ယုံကြည်လေးနက်စွာ စိတ်ချလိုက်ရမည့် အမှတ်အသားလည်းဖြစ်သေးသည်။ ထို့ကြောင့် ယခုထက်တိုင် ခရစ်စမတ်သစ်ပင်ကလေးများ၏ထိပ်တွင် ကြယ်တစ်လုံးတပ်ဆင်ထားခြင်းဖြစ်သည်။

၃။သိုးများ
သိုးများကို တွေးခေါ်ရှင်တစ်ချို့က နှိမ်ကြသည်။ သိုးသည် ဦးနှောက်နည်းသည်ဟုဆိုသည်။ ခရစ်ယာန်များ၏ ယုံကြည်မှုသည် သိုးစိတ်ပေါ် အခြေခံသည်ဟု တစ်ချို့နှိမ်ကြသည်။ ခရစ်ယာန်များကလည်း အဲဒီသိုးစိတ်ကို ဂုဏ်ယူကြသည်။ faith ဟုခေါ်သော ယုံကြည်ခြင်းသည် ခရစ်ယာန်ဝါဒ၏ ထောက်တိုင်ဖြစ်သည်။ ကျမ်းစာအဆိုအရ ဘုရားကိုကြောက်ရွံ့ခြင်းသည် ပညာ၏ အချုပ်ဖြစ်သည်ဟုဆိုသည်။ ကြောက်ရွံ့ခြင်းဆိုသည်မှာ ယုံကြည်လေးစား၍ မှတစ်ပါးအခြားမရှိဟု လေးနက်စွာသက်ဝင်ယုံကြည်မှုကိုဆိုလိုခြင်းဖြစ်ဟန်တူသည်။ အအေးပိုင်းဒေသတွင် နေထိုင်သူများအနေဖြင့် အနွေးဓာတ်၏ တန်ဖိုးကို နားလည်ရန်ခက်သလို၊ အပူပိုင်းဒေသမှလူများအနေဖြင့် အအေးဓာတ်၏ အရေးပါမှုကို တန်ဖိုးထားတတ်ရန်ခက်သည်။ ဘာသာရေးအယူအဆများတွင် သူမှားသည်၊ ငါသာမှန်သည်ဆိုသည်မှာလည်း အခြေခံစိတ်ထားနှင့်ယုံကြည်မှုဝိဝါဒကွဲပြားခြင်းကြောင့်သာဖြစ်သည်။ သိုးများသည် ရော၍ကျောင်းထား၍ရသည်။ သိုးကျောင်းသား ငါးယောက်ရှိလျှင် သိုးအားလုံးရော၍ကျောင်းထားလည်းရသည်။ အိမ်ပြန်ချိန်တွင် သိုးကျောင်းသားတစ်ယောက်မှ အသံပေးလိုက်လျှင် သိုးများသည် မိမိသခင်၏အသံကို မှတ်မိပြီး မိမိသခင်နားတွင်လာစုလေ့ရှိသည်။ ထို့ကြောင့် သိုးသည် ခရစ်ယာန်ဝါဒတွင် faith နှင့် မိမိ၏ သခင်ကိုသိခြင်း၊ယုံကြည်ခြင်း၊ချစ်လေးမြတ်ခြင်းကိုဖော်ပြသော symbol ဖြစ်လာသည်။ ထို့ကြောင့်လည်း နောက်ပိုင်း Jesus ဆင်းတုတစ်ချို့တွင် သိုးတစ်ကောင်ထမ်းထားပုံကိုထုလုပ်ထားခြင်းဖြစ်သည်။ ပခုံးပေါ်ထမ်းထားသော သိုးမှာ ပျောက်သောသိုးဟူသော အဓိပ္ပါယ်ရသည်။ သိုးကျောင်းသားသည် သိုးတစ်ကောင်ပျောက်လျှင် မတွေ့မချင်းပြန်ရှာတတ်သည်ဟုဆိုလိုသည်။ ထို့ကြောင့် သိုးမည်းဆိုသောအသုံးအနှုန်းသည် သိုးအုပ်စုမှ ဖဲကြဉ်ထွက်ခွာသောသိုးဖြစ်သည်။ တစ်နည်းအားဖြင့် ယုံကြည်ခြင်းမှ သွေဖယ်သွားသူ၊ တရားဓမ္မလမ်းမှနေ၍လောကီလမ်းဖက်သို့ ခြေချော်သွားသူဟုဆိုလိုသည်။ ဗဒင်၏ သိုးမည်းဟောင်းဟူသော အသုံးအနှုန်းသည် ယခင်က လမ်းမှားလိုက်ခဲ့ဖူး၍ ယခုအခါလမ်းမှန်ပြန်ရောက်နေသော နောင်တ တရားဖြင့်ပြောင်းလဲသူဟုဆိုလိုသည်။ သိုးများသည် ရှေ့မှသွားသူနောက်ကိုသာလိုက်သည်ဟုဆိုသည်။ disciples ဟူသောစကားလုံးကို တပည့်တော်ကြီး ၁၂ ပါးတွင်သုံးခြင်းမှာလည်း သိုးအယူအဆအရ နောက်မှထပ်ချပ်မကွာလိုက်သူများအဖြစ်ရည်ညွှန်းလိုရင်းဖြစ်သည်။ ရှေးဟောင်းဓမ္မဟောင်းကျမ်းစာများတွင် ယဇ်ပူဇော်ခြင်းအလေ့အထရှိခဲ့သည်။ ဘုရားနှင့် လူသားအကြား ပဋိညာဉ်အဖြစ် ပူဇော်ပသခြင်းဖြစ်သည်။ ခရစ်ယာန်၊မူဆလင်၊နှင့် ဂျူးဘာသာတို့သည် ဓမ္မဟောင်းကျမ်းခြင်းအတူတူပင်ဖြစ်သည်။ နွား၊ကျွဲ၊သိုး၊ဆိတ် စသည်ဖြင့် အကောင်တစ်ကောင်ကောင်ကိုသတ်၍ပူဇော်ခြင်းအလေ့အထရှိခဲ့သည်။ သိုးသည် ပူဇော်စရာယဇ်ကောင်ဟူသော အနက်လည်းထွက်သည်။ ထို့ကြောင့် ခရစ်ယာန်ဘုရားစာတစ်ချို့တွင် Jesus ကို ဘုရားသခင်၏သိုးသူငယ်(Lamb of God) ဟုရည်ညွှန်းခြင်းများရှိခဲ့သည်။ ဘုရားနှင့်လူသားအကြား အသေခံရန် ယဇ်ကောင်အဖြစ်လူ့လောကကို လွှတ်လိုက်သူဟုဆိုလိုဟန်တူသည်။ နောက်ထပ် သိုးသူငယ်၏ ဂုဏ်ရည်တစ်ခုမှာ ရန်မမူတတ်ခြင်းဖြစ်သည်။ ရိုးသားမှုကိုဆိုလိုသည်။ "လေးဖြူ၏သီချင်းတစ်ပုဒ်တွင် ရိုးသားလွန်းတဲ့သိုးဟာ ကောက်ကျစ်တတတ်တဲ့မျက်နှာနဲ့ ရေး ရေ " ဟုပါသည်။ ကမ္ဘာသစ်တေးစီးရီးတွင်ဖြစ်သည်။ တစ်ခွေတည်းထွက်ဖူးသော ပင်ကိုယ်ရေး သီချင်းများဖြစ်သည်။ မအောင်မြင်ခဲ့ပေ။

၎။Epiphany

ဒီဇင်ဘာသည် Epiphany နှင့်လည်းဆက်သွယ်သည်။ Jesus မွေးလာသော အခါ ဘုရားအဖြစ် လက်ခံသူတစ်ချို့ပေါ်ပေါက်ခဲ့သည်။ နှစ်ပေါင်း ၂၀၀၀ ကျော်အကြာတွင် လူဦးရေတော်တော်များများ ခရစ်ယာန်ဘာသာဝင်ဖြစ်လာသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အထိ ဘာသာဝင်အများဆုံး ဘာသာအဖြစ်ရပ်တည်ခဲ့သည်။ Epiphany ဟူသော ဂျွိုက်စ်၏စာအုပ်ကို ဆရာမြတ်သစ်က လင်းပွင့်ခြင်းဟုပြန်ခဲ့ဖူးသည်ထင်သည်။ ယုံကြည်ခြင်းသည် တစ်သက်စာဖြစ်ခဲ့လျှင် လင်းပွင့်ခြင်းဖြစ်လိမ့်မည်ထင်သည်။ မိမိယုံကြည်ကိုးကွယ်သော ဘာသာတရားသည် မိမိ၏ အလင်းတရားအဖြစ် တစ်သက်လုံးစောင့်ရှောက်နေလျှင် လင်းပွင့်ခြင်း၊ နားလည်ခြင်း၊ သဘောပေါက်ခြင်း၊ ညွတ်နူးယုံကြည်ခြင်း၊ တည်ကြည်သက်ဝင်ခြင်းကိစ္စဖြစ်သည်ဟု အကြမ်းဖျင်းဆိုနိုင်မည်ထင်သည်။ Epiphany ၏ အနှစ်သာရသည် ကျယ်ပြန့်လွန်း၍ အကျယ်မချဲ့တော့ပါ။

၅။ရွှေ

ရွှေသည် ပညာရှိသုံးပါး၏ လက်ဆောင်သုံးခုအနက်မှ တစ်ခုဖြစ်သည်။ ပညာရှိသုံးပါးသည် ယခုခေတ် သင်္ကေတဝါဒီများ၏ ဘိုးဘေးများဖြစ်လောက်သည်။ ရွှေကိုပေးခြင်းမှာ ဘုရင်အဖြစ်ကို အသိအမှတ်ပြုခြင်းဖြစ်သည်။ ခရစ်ယာန်သမ္မာကျမ်းစာများအရ Jesus သည် king of kings ဟုရည်ညွှန်းရသူဖြစ်သည်။ ဟေရုဒ်မင်းသည် ထိုစကားစုကို နားမလည်၍ Jesus ကိုလုပ်ကြံခြင်းဖြစ်သည်။ နောက်တော့ ကျမ်းစာ၏တစ်နေရာတွင် ကောင်းကင်နိုင်ငံတော်၏ ဘုရင်ဖြစ်ကြောင်းပြောကြားချက်ပါသည်။ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်ဟုလည်းပါသေးသည်ထင်သည်။ (လောကီနိုင်ငံ၏ဘုရင်အစစ်မှာ မာရ်နတ်၊စေတန်၊ရှိုက်တန်၊လူစီဖာ၊လူစီဖဲလ်၊ ဟူသော သိကြားတမန်ဟောင်းသာဖြစ်သည်။ ရွှေနှင့်သိပ်မဆက်စပ်၍ မာရ်နတ်အကြောင်းအကျယ်မချဲ့တော့ပါ။ ရွှေအကြောင်းကိုသာဆက်ပါမည်။) ရွှေသည် ခေတ်အဆက်ဆက် ဘုရင်များအသုံးပြုရာအမည်နာမဖြစ်သည်။ ပီလာတူးမင်းသည် Jesus ကို သတ်ပြီးတဲ့အခါမှာ I.N.R.I ဟူသော သရော်တော်တော်စာသားကိုချိတ်ဆွဲခဲ့သည်။ Jesus က သူသည်ဘုရင်ဖြစ်သည်ဟုဆိုသောကြောင့် ယုဒရှင်ဘုရင် နာဇရတ်မြို့သား ယေရှုဟု ဆိုင်းဘုတ်ကပ်ပေးလိုက်ခြင်းဖြစ်သည်။ ရှေးခေတ်ဘုရင်များသည် ရွှေကိုအဓိက အသုံးပြုခဲ့ကြသည်။ ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်နှင့်မှ တင့်တယ်သည်ဟုလည်းဆိုကြသည်။ အမြတ်တနိုးတန်ဖိုးထားသည့်အဆင်တန်ဆာအဖြစ်လည်းသုံးကြသည်။ နွားတင်းကုတ်ထဲမှ ကလေးငယ်တစ်ယောက်သည် နိမ့်ကျသော နေရာတွင်မွေးသော်လည်း ဘုရင်အစစ်ဖြစ်သည်ဟုဆိုလိုသည်။ သို့သော် Jesus ဘဝတစ်လျှောက်လုံးတွင် ရွှေဝတ်ဆင်နိုင်ခဲ့ပုံမရ။ လက်သမားသားအဖြစ်သာနေထိုင်ခဲ့သည်။ ထို့နောက်တရားဟော၍ အသတ်ခံလိုက်ရသည်။

၆။frankincense လော်ဘန်

လောဘန်ဆိုသည်မှာ အမွှေးနံ့သာတစ်မျိုးဖြစ်သည်။ အပင်ကနေထုတ်ယူသည်ဟု ဝီကီမှာတွေ့သည်။ ဘုရားများနတ်များကို ပူဇော်ပသည့်နေရာတွင် သုံးလေ့ရှိကြသည်။ ဘုရားတွေ အမွှေးနံ့ကြိုက်သည်ဟူသောအယူအဆကို ဟိန္ဒူများစခဲ့ခြင်းဖြစ်ဟန်တူသည်။ ထို့ထက်လည်းစောနိုင်သည်။ ထိုအချိန်မှစ၍ ဘုရားဆင်းတုတော်များ အဆုတ်ရောဂါရမတတ် အမွှေးနံ့များလွှမ်းကုန်သည်။ မြန်မာပြည်မှ အမွှေးတိုင်ဆိုတာမျိုးက ရင်ကြပ်စေသည်။ (ထို့ကြောင့်လည်း အရှင်ဆန္ဒာဓိကက ဘုရားကို ညှော်နဲ့မတိုက်ကြပါနှင့်ဟု တရားတစ်ပုဒ်မှာဟောသည်။) လော်ဘန်အစစ်ကတော့ ခပ်သင်းသင်းလေး မွှေးသည်။ ထိုလောဘန်သည် ပညာရှိတစ်ပါးမှ Jesus ၏ ဘုရားအဖြစ်ကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။ son of God ဆိုလျှင် God ဖြစ်ရမယ်ဆိုသည့် အယူအဆပဲ။ Trinity အယူအဆအရလည်း Jesus သည် God ဖြစ်သည်ဟုဆိုသည်။ God တကယ်ဖြစ်မဖြစ်သည် ယုံကြည်သူနှင့် မယုံကြည်သူအမြင်အပေါ်တွင်သာကွာခြားလေသည်။ ခရစ်ယာန်ဝါဒတွင်တော့ ယုံကြည်သူများသည် ယုံကြည်သူတွေဖြစ်သည်။ မယုံတဲ့သူတွေသည် အယူမှားသည့်သူများမဟုတ်။ မယုံတဲ့သူများသာဖြစ်သည်။ ဘုရား၏သဘောကိုက အတင်းအကြပ်မရှိ။ ယုံချင်ယုံ၊မယုံချင်နေသဘောဆောင်သည်။ ဝေနေယျသတ္တဝါတို့အား ဧဝံဂေလိ တရားဟောကြလော့ဆိုသည်မှာလည်း တရားဟောခိုင်းခြင်းမဟုတ်။ နှိမ့်ချသောစိတ်ဖြင့် လူသားခြင်းစာနာရန်လွှတ်လိုက်ခြင်းသာဖြစ်သည်။ ဘာသာပြန်အတိမ်းအစောင်းများကြောင့် ယေဟောဝါအသင်းကဲ့သို့ တရားကို မတရားဟောချင်သူများပေါ်ထွန်းလာခြင်းဖြစ်သည်။ (ယေဟောဝါဆိုသည်မှာလည်း အသံထွက်အမှားသာဖြစ်သည်။ ယာဝေကို ခပ်ကြမ်းကြမ်း ဘာသာပြန်လိုက်ခြင်းဖြစ်သည်။)

၇။ Myrrh (မီရာ)

မီရာမှာလည်း ဆူးပင်တစ်မျိုးမှထုတ်ယူသော အမွှေးနံ့သာဖြစ်သည်။ ဂျူးလိုမျိုးများ၏ ထုံးစံတွင် မီရာကို လူသေကောင်များတွင်သာတွင်တွင်ကျယ်ကျယ်သုံးခဲ့ကြသည်။ မီရာသည် သေခြင်းကိုညွှန်းသည်။ လူအဖြစ်ကိုဖော်ပြသည်။ ထိုပညာရှိ၏အလိုအရ Jesus သည် လူသားဖြစ်၍ သေရဦးမည်ဟု သွယ်ဝိုက်ဆိုလိုသည်။ ထိုပညာရှိသုံးယောက်၏ performance သည် အတော်အတန်ခေတ်ရှေ့ပြေးလှသည်ဟုပင်ဆိုရမည်ထင်သည်။

၈။ ဒီဇင်ဘာပန်း

ပွင့်တူရွက်တူပန်းတစ်မျိုးသာဖြစ်သည်။ ထူးခြားချက်မှာ ဒီဇင်ဘာလတွင် အနီရဲရဲပြောင်းလဲသွားသော အရွက်များကြောင့် တိုက်တိုက်ဆိုင်ဆိုင် ခရစ်စမတ်ပန်းဖြစ်သွားခြင်းဖြစ်သည်။ Poinsettia ဟုခေါ်သည်။ တစ်နှစ်လုံးမထူးခြားသော်လည်း ခရစ်စမတ်တွင်တော့ သူမပါလျှင်မပြီးချေ။ ခရစ်စမတ်ကဒ်များတွင်လည်း အင်မတန်ဟန်နှင့်ပန်နှင့်ပါဝင်တတ်သော သစ်ရွက်လှလှနှင့်ပန်းပင်လေးဖြစ်သည်။ ရိုးတံသည်အမွှေးအအမျှင်အနည်းငယ်ရှိသည်။ ကျိုးပဲ့လွယ်သည်။ ရိုးတံပွန်းသွားလျှင် စိမ်းရွှေရွှေအနံ့နံသည်။ စိုက်ပျိုးရန်လွယ်ကူသော ရွက်လှပန်းအနွယ်ဝင်ဖြစ်လိမ့်မည်ထင်သည်။ ငယ်စဉ်ကတော့ အိမ်တွင် တစ်ပင်ရှိသည်။ ဒီဇင်ဘာပြင်ပတွင် လူရာဝင်လှသော ပန်းပင်တော့မဟုတ်ပါ။ သို့သော် ထိုပန်းပင်၏အရောင်ဖြစ်သော အနီရောင်နှင့် အစိမ်းမှာ ခရစ်စမတ်၏ အခြေခံ အရောင်ဖြစ်သည်။ ကတ်သလစ်အသင်းတော်တွင်တော့ အနီရောင်သည် သွေး၏အရောင်၊ ကယ်တင်ခြင်း၏ အရောင်ဟုဆိုသည်။ အစိမ်းရောင်သည် သေခြင်းမှရှင်ပြန်ခြင်းဟုဆိုလိုသည်ဟုသိရသည်။

၉။ခရစ်စမတ်ကဒ်

ချစ်ခင်သူများအကြား အမှတ်တရ လက်ဆောင်။ အမြတ်တနိုးသိမ်းထားရန်လိုအပ်သည်။

၁၀။ ပုံပြင်များ

ချဲ့ထွင်လာသော လူ့သမိုင်းနှင့်အညီ တောက်ပလင်းလက်လာသော ယုတ္တိဗေဒပြင်ပမှ အလင်းရောင်များ။ တံခါးပိတ်ထားသော နေအိမ်များ။ ခရစ်စမတ်သီချင်းသံများ။ ဤအိမ်ပေါ်သို့ ကောင်ချီးမင်္ဂလာရောက်စေသော်ဝ်များ။ ဂစ်တာသံများ။ ညဉ့်နက်လမ်းမများ၊ အေးချမ်းသော ဆောင်းကာလ၏နှင်းစက်များ၊ သိုးမွှေးဆွယ်တာများ၊ သိုးမွှေးဦးထုပ်များ၊ ဒဏ်ရာမပါသော လူငယ်ဘဝများ၊ ရှေးရှေးတုန်းကနှင့် အစချီသော တသသလွမ်းဖွယ်ကိစ္စများ၊ သိမ်းထုတ်ထားပြီး ဖွင့်ဖြေရန် ဆန္ဒမရှိတော့သော လူငယ်ဘဝ၏ လက်ဆောင်ထုပ်များ၊ ပို့သလိုက်ရန် တမင်မေ့လျော့ပစ်လိုက်သော အနီရောင် ခရစ်စမတ်ကဒ်များ၊ သမင်စီးလာသော အဘိုးအို၊ အဘိုးအိုသယ်လာသော အထုပ်အပိုးများ၊ စာများ၊တေးသံများ၊ နောက်ထပ်နှစ်သစ်တစ်နှစ်အတွက် အသင့်ပြင်ဆင်မှုများ၊ အားလျော့မှုများ၊ ဆက်လက်လှမ်းသွားရန်လိုအပ်၊မလုအပ်ကိစ္စများ၊ ဘဏ်ငွေလက်ကျန်ပြီး၊ တိုးတက်မှု၊ဆုတ်ယုတ်မှုများ၊ အိပ်ရေးဝဝများ၊ အိပ်ရေးပျက်ပျက်များ၊ လေမှုတ်ရုပ်ဝဝများ၊ အိပ်မက်လှလှများ။ ပုံပြင်များသည် အစွမ်းကုန်လှပနေရန်လိုသည်။ ပုံပြင်များသည် အစွမ်းကုန် သဘာဝကျမနေဖို့လိုသည်။ ..........ဒီဇင်ဘာသည် ပုံပြင်ထဲတွင် အေးခဲနေခဲ့သည်။                  ။



Peace B with U.

Monday, December 2, 2013

အကျွနု်ပ်၏ facebook status 2nd Dec 2013

အကျွနု်ပ်၏ facebook status  2nd Dec 2013

အိမ်ခန်းဈေးနှုန်းတွေကို လေးရက် လေ့လာလို့အပြီးမှာ မြေမရှိဘူးဆိုတဲ့ စင်ကာပူက ဈေးကြီးပါတယ်ဆိုတဲ အိမ်တွေကတောင် မြန်မာပြည်လောက် ဈေးမကြီးသေးဘူးလို့သိလိုက်ရ။ မြန်မာပြည်မှာ လခစားတွေ အိမ်ဝယ်နိုင်ဖို့မလွယ်တော့ဘူး။ ဖြစ်သင့်တဲ့ဈေးထက် ၃ ဆလောက်များနေပြီ။ အစိုးရမင်းတွေက နားမလည်၊ပါးမလည်လွှတ်ထားလိုက်ရင် ပိုခက်ကုန်မယ်။ ရွှေဉာဏ်တော်ကွန့်မြူးပြီး နိုင်ငံခြားသား အိမ်ဝယ်ခွင့်များ ဖောဖောသီသီပေးလိုက်လို့ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရခိုင်ဘက်ကနေမြန်မာတွေပြန်ကူးရမယ့်ဇာတ်လမ်းဖြစ်ကုန်မယ်။ ဈေးကြီးတာကို လက်မခံတာမဟုတ်ဘူး။ ဈေးကြီးရတဲ့အကြောင်းအရင်းကို နားမလည်နိုင်တာ။ အရည်အသွေးအားဖြင့်လည်းသာမန်။ လျှပ်စစ်မီးကလည်း ထုံးစံအတိုင်း။ မြောင်းတောင်မရှိတဲ့ရပ်ကွက်ကသိန်း ၂၀၀၀ တွေဘာတွေဖြစ်။ ငယ်တုန်းက ဘောလုံးကန်ခဲ့တဲ့နေရာဆိုရင် သိန်းသောင်းနဲ့ချီဖြစ်ကုန်လောက်ပြီ။ ကြံဖန်ပြီးတောင် ဂုဏ်ယူမယ်ဆို ဂုဏ်ယူလောက်တယ်။ ကုလားတောလို့ခေါ်တဲ့ ကျူးကျော်ရပ်ကွက်ထဲ မိုးပေါ်က ဗီအိုင်ပီတွေအိမ်ဆောက်ဖို့ လယ်ကွင်းဟောင်းသဲဖို့ထားတာမျိုးတောင် သိန်း ၅၀၀၀ အောက်မှာမရှိဘူး။ သာကီဝင်မျိုးတွေဟာ အင်မတန်ဆန်းကြယ်တဲ့ စီးပွားရေးအမြင်ရှိတာ အမှန်ပဲ။

မြန်မာပြည်မှာ အောင်ဘာလေထီပေါက်ရင် တိုက်ခန်းတောင်ဝယ်နိုင်ပါ့မလားမသိဘူး။ ခင်ဗျားတို့ဘာတွေလုပ်စားပြီး ဘယ်လိုချမ်းသာလာကြသလဲလိုက်မေးကြည့်ဖို့ကောင်းတယ်။ ရန်ကုန်မှာ မနေပျော်တော့ပြီ၊ နယ်မှာသာအခြေချမည်ဆိုလို့လည်းသွားမတွေးနဲ့၊ ဘာမှမထူးဘူး။ ထိုနည်းလည်းကောင်းတွေချည်းပဲ။ ဗဟိုဘဏ်ကို ဓားပြတိုက်ပြီး အိမ်၊ခြံမြေလုပ်မယ်ဆိုရင်တောင် ခင်ဗျားတို့ မြေကွက်ကလေး အနည်းငယ်လောက်ပဲ ရမယ်ထင်တယ်။ ရွှေပြည်ကြီးပြန်ရန် ကြောက်လှပါပြီ။ အိမ်ဈေးပေါသောနိုင်ငံများသို့သာ အကျွန်ုပ်လစ်ရန်ကြံနေမိပြီ။ သြစတြေးလျမှာ condo မှ သြဇီဒေါ်လာ သုံးသိန်းခွဲလောက်ပေးရတယ်။ အဲဒါတောင် လေးနှစ်လောက်အသာလေးထားလို့ရသေးတယ်။ ပထမအရစ် ၁၀ ရာခိုင်နှုန်း - ၂၀ ရာခိုင်နှုန်းလောက်ပ။ ဈေးကြီးပါတယ်ဆိုတဲ့ လန်ဒန်လည်း အရစ်ကျနဲ့ပေးပြီးဝယ်ဖို့ကြော်ငြာတာ မြန်မာပြည်ထက်တော့သက်သာသေးတယ်။ ရွှေမြို့တော်ကြီးဟာ မည်သို့မည်ပုံလုပ်လိုက်သည်မသိဘဲ၊ ကမ္ဘာ့ဈေးအကြီးဆုံး အိမ်ခန်းတွေဆောက်လိုက်ပါလိမ့်ဗျာ။ အုတ်ကို ဒေါင်လိုက်ပါးပါးလေးထောင်ပြီးဆောက်ထားတာက သိန်း ငါးရာ။ အပြားလိုက်ချလိုက်ရင် သိန်း ၇၀၀ဖြစ်သွားရော။ ဒါတောင်ရေမမှန်၊မီးမမှန်မို့လို့ ဒီဈေးနဲ့ရနေသေးတာ။

ဓာတ်လှေကားမပါတဲ့ ၇ ထပ်တိုက်တောင် သိန်း ၅၀၀ လောက်ရှိတာ။ ဒါကြောင့်မို့လည်း ဒီမိုကရေစီရေးအတွက် အားအားယားယား လမ်းပေါ်ခဏခဏထွက်နိုင်ကြတာပဲ။ ပိုက်ဆံ သိန်းထောင်နဲ့ချီ transaction ရှိနေတာတွေကို အစိုးရအခွန်လိုက်နိုင်ရင် အစိုးရဟာ တခြားကနေ အခွန်ကောက်နေစရာကိုမလိုတော့ဘူး။ တံဆိပ်ခေါင်းဖိုး၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းလောက်နဲ့ နေ့ချင်းပြီးဆောင်ရွက်ပေးလိုက်။ အဲဒီအတွက် အိမ်ခြံမြေ အထူးဌာနဆိုတာဖွင့်။ နိုင်ငံတော်ဘဏ္ဍာဆိုတာ ချက်ချင်းပြန်ပြည့်သွားမယ်။မကြာခင်မှာ လေပိုင်နက်ပါရောင်းမယ်ထင်တယ်။ မြေကြီးက ဈေးကြီးလာတော့ နတ်စင်တွေလို အောက်မှာ တိုင်ကလေးထောင်ပြီး လေထဲကြမှ အိမ်ကြီးကြီးဆောက်ပြီးနေ။ အောက်ကထောက်ထားတဲ့သံတိုင်အတွက် တစ်စတုရန်းလက်မက သိန်း ၉၀၀ လောက်တန်တဲ့နေရာတွေဘာတွေဖြစ်လာဦးမှာ။ ကျနော် ဒီအိုင်ဒီယာကို patent လုပ်ထားမယ်။ နတ်စင်အိမ်ရာဆောက်လုပ်ရေးဆိုပြီး ကိုယ်တိုင်လည်းဆောက်ရဦးမယ်။ လွှတ်တော်က အမတ်ဖျင်းတွေထဲမှာ အိမ်ပွဲစားအဖေတွေများပါသလားမသိဘူး။ သမ်မတကြီး အဖိုးနည်းအိမ်ရာဆောက်လိုက်တာ နောက်ဆုံးဘယ်လိုဖြစ်သွားသလဲမသိသေးဘူး။ ပွဲစားတွေ မသေခင် မြန်မြန်သေကြတာကောင်းတယ်။ နတ်ပြည်မှာ ဒီငနဲတွေရောက်သွားရင် အခုဈေးနဲ့နေလို့မရလောက်တော့ဘူး။ အဖီလေးနဲ့ပဲနေရမယ်။ လေကနေ သိန်းထောင်နဲ့ချီဖြစ်အောင်ပွားနိုင်တဲ့ပညာကို ကျနော့်ကလေးလက်ထက်ကြရင် သင်ဖြစ်အောင်သင်ထားပေးမှဖြစ်တော့မယ်ထင်ပါရဲ့။

Regards,
The Gardener



Peace B with U.

Friday, November 8, 2013

ကျွန်တော်တို့တတွေ အသက်တွေ ကြီးလာပြီ။

ကျွန်တော်တို့တတွေ အသက်တွေ ကြီးလာပြီ။

ငယ်တုန်းက လိုက်အော်ခဲ့တဲ့ ကတ်ဆက်ခွေ (အသံထွက်မှန်ကတော့ ကဆက် နဲ့ပိုနီးစပ်တယ်။ cassette tape)ထဲက ရော့ခ်ကာကြီးလည်း အိုသွားပြီ။ ချစ်စရာကောင်းတဲ့ မနက်ခင်းကော်ဖီ ရနံ့ဟာ နေ့လည်ခင်းမှာ ပျောက်ကွယ်သွားသလို၊ လူငယ်ဘဝရဲ့ လန်းဆန်းလတ်ဆတ်တဲ့အရသာဟာ အသက် သုံးဆယ်ကျော်မှာ တစ်ဝက်လျော့သွားပြီ။ လူငယ်ဘဝမှာ မျှော်မှန်းထားတဲ့ ငွေကြေးပြည့်စုံမှုတွေနဲ့ နီးစပ်လာပြီ။ လူငယ်ဘဝမှာလိုချင်တာတွေ တော်တော်များများ အခု မလိုချင်တော့ဘူး။ လူငယ်ဘဝမှာ မတတ်နိုင်ခဲ့တာတွေကို တတ်နိုင်လာပေမယ့် မဝယ်ဖြစ်တော့ဘူး။ လူငယ်ဘဝရဲ့ ဝိညာဉ်ဟာ စွန့်ခွာသွားခဲ့ပြီ။

လူငယ်ဘဝရဲ့ အဓိပ္ပာယ်က သူငယ်ချင်းတွေပဲ။ တစ်ရက်မှ အပျောက်မခံနိုင်အောင် ချစ်ခဲ့ကြတယ်။ ပြောင်းလဲခြင်းတရားကို ကြံ့ ကြံ့ မခံနိုင်တဲ့ သင်္ခါရတရားတွေထဲ တစ်ခုပြီး တစ်ခု ကျကျပျောက်တယ်။ ချစ်ခင်မြတ်နိုးလွန်းလို့ သိမ်းထားတဲ့ ပန်းပွင့်အဝါရောင်လေးလည်း ညှိုးရော်သွားတယ်။ ဘုရားစင်က စံပယ်ပန်းပွင့်လေးတွေ စွန့်လိုက်ရသလို အမြတ်တနိုး ကပ်လှူခဲ့တဲ့ အလှတရားရဲ့ ကြာရှည်မတည်မြဲမှုမှာ ဖြူစင်ရိုးရှင်းတဲ့ချစ်ခြင်းတရားကို စွန့်လိုက်ရတာပါပဲ။

ပြည့်စုံမှုမရှိတဲ့ ဘဝကနေ ထိုးဖောက်ဖို့ အစဦးအချိန်မှာ အချစ်ဆုံးလူတွေနဲ့လည်းခွဲခွာကြရတယ်။ နာကျင်အချိန်ပိုအထိ တစ်ဂိုးရှုံးနေတဲ့အသင်းလိုပဲ နောက်ဆုံးရတဲ့စက္ကန့်တွေကို ဆွဲဆန့်ထားရမလား၊ အဆုံးမှာရှိတဲ့ အရှုံးကိုလက်သင့်ခံလိုက်ဖို့ပဲပြင်ဆင်ရမလား ဝေခွဲရခက်တယ်။ ရော့ခ်ဂီတရဲ့ ဆိုလိုတွေလို ဘယ်လောက်လှပအောင်တီးတီး သုံးမိနစ်ကျော်လာရင် အီလာတာပဲ။ သဘာဝတရားမှာကိုက ဒီလိုသဘောပဲ။ ရာသီဥတု၊ သစ်ပင်၊ ဒီရေ၊ လရောင်၊ ဘတ်စ်ကား၊ တိမ်တိုက်၊ ဘလိတ်ဓား၊  အချစ် တို့ဟာလည်း ပြောင်းလဲတတ်ပုံရတယ်။ အထူးသဖြင့် expiry date ပါတဲ့ကုန်စည်တွေလို့ သတိမထားမိလိုက်တဲ့လူတွေအတွက်တော့ မလွယ်ကူခဲ့ဘူး။ အပြောင်းအလဲဟာ ကစ်ဘောက်ဆင်းရဲ့ အောက်ခြေဖျက်ရိုက်လိုက်တဲ့  low kick နဲ့တူတယ်။ အခန့်မသင့်ရင် ကြမ်းပြင်ပေါ်က ပြန်မထနိုင်တော့ဘူး။

စိုက်ပျိုးချိန်ဟာ ထင်တာထက် အမြဲပိုကြာမြင့်တယ်။ ချိစ်ကိတ်တစ်လုံးကို ဖုတ်ပြီးလို့ ၁၂ နာရီအတွင်း ရေခဲသေတ္တာထဲထည့်ပြီး သုံးရက်အတွင်း စားလိုက်ဖို့လိုတယ်ဆိုတဲ့ အညွှန်းမျိုးနဲ့ဆိုရင်တော့ ဘဝဟာ လွယ်ကူခဲ့မှာပဲ။ ခက်တာက ဘဝဟာ အဲဒီလို ပြတ်ပြတ်သားသားမရှိလှဘူး။ တက်တွေ အများကြီးပြောင်းလှော်ဖို့၊ ရေစီးကြောင်းသစ်ကို ရှာဖွေဖို့၊ လက်နဲ့လှော်ဖို့၊ မုန်တိုင်းမှာပျော်ဖို့တွေအထိ တောင်းဆိုနေတတ်တယ်။

လူငယ်ဘဝတုန်းက စိုလက်နေတဲ့ လက်မောင်းက တက်တူး ဟာ လူရွယ်ဘဝမှာ ... အရောင်ပြယ်လျော့သွားပြီ။ အချစ်ကို သံသယဖြင့်သာ စောင့်ကြည့်လေ့လာသူ၊ ကဗျာ၊ဂီတဖြင့်သာ ကိုယ့်ကိုယ်ကို ပြန်စိုက်ထားသော ဓားတစ်လက်၊ မတော်တဆကျသွားတဲ့ introvert နွံအိုင်ထဲကနေ ပြန်မတက်တော့တဲ့သူပဲ ဖြစ်လာခဲ့တယ်။ နောက်ထပ်ငါးနှစ်လောက်ကြာတော့ ရော့ခ်စီဒီတွေပြန်သိမ်းပြီး၊ တရားခွေတွေပဲ စီဒီစင်မှာ ပြည့်လာခဲ့တယ်။ နှင်းဆီပန်းအဝါရောင်ကို အဖြူရောင်လီလီတွေနဲ့ လဲလှယ်ပစ်လိုက်ပြီ။

ဘာသာတရား၊ အတွေးအခေါ်၊ ဒဿန၊ မိသားစုကအစ တစ်ကနေပြန်စလိုက်တယ်။ ရှေးတုန်းက အဟောင်းတွေ၊ မသိခင်က အမှန်တရားတွေကိုလည်း စွန့်လိုက်ပြီ။ ငြိမ်းချမ်းတဲ့စိတ်နဲ့ အေးအေးငြိမ်ငြိမ်နေထိုင်ခြင်းကိုပဲ ဘာသာတရား၊ အတွေးအခေါ်၊ ဒဿန၊ မိသားစုအဖြစ် လက်ခံလိုက်တယ်။ ဘယ်ဘာသာတရားကိုမှ ကိုးကွယ်သူမဟုတ်ဘူး။ ကြည်လင်နေတဲ့စိတ်ရဲ့ အေးချမ်းမှုကိုသာ ကိုးကွယ်တဲ့သူဖြစ်လာတယ်။ ကိုယ်ယုံကြည်တာတွေအတွက် ရဲရင့်ရမယ်။ မဟုတ်ရင်လည်း ကိုယ့်ဘဝမှာ အင်အားထွက်စရာနေရာမရှိဘူးဖြစ်နေမယ်။ လိုအပ်ချက်တွေ နည်းသွားပြီ။ ငယ်တုန်းက အရသာတွေဟာ ကြီးလာတော့ ပေါ့သွားပြီ။ ငယ်တုန်းက ပျော်ရွှင်စရာလို့ထင်တာတွေဟာ ကြီးလာတော့ အဓိပ္ပာယ်သိပ်မရှိတော့ဘူး။ တန်ဖိုးထားမှုတွေပြောင်းလဲသွားပြီ။ အပျော်အပါးနဲ့မရနိုင်တော့တဲ့ ပျော်ရွှင်မှုအစစ်ကို ဆက်ပြီးရှာဖွေဖို့ သတ္တိရှိဖို့လိုတယ်။ အမှန်တရားကို လက်ခံရဲတဲ့သတ္တိမရှိမချင်း လောကမှာ တကယ်နေလို့မရသေးဘူးလို့ထင်လာတယ်။ ထွက်ပြေးတဲ့သူမဖြစ်ချင်ဘူး။ ကိုယ့်ရဲ့ မှန်ကန်တဲ့နေရာမှာ တည်တည်ငြိမ်ငြိမ် ရပ်နေတဲ့သူပဲဖြစ်ချင်တယ်။ ပြောင်းလဲသွားတဲ့စိတ်နဲ့ ကိုက်ညီတဲ့ နေထိုင်မှုပုံစံဘက်ကို ရွှေ့လိုက်ဖြစ်လာတယ်။ ဆောင်းရာသီယဉ်ကျေးမှုမှာ နွေရာသီဖက်ရှင်ဟာ အံမဝင်တော့ဘူး။

ငယ်တုန်းက မော့ကြည့်ခဲ့တဲ့ တိမ်တိုက်တွေကိုတော့ အခုလည်း မော့ကြည့်နေတုန်း။ တိမ်ထူတဲ့နေ့တစ်နေ့မှာ ကောင်းကင် အလျားတစ်လျှောက်ဖြတ်သန်းသွားမယ့် တိမ်ကလေးတွေကတော့ ငယ်တုန်းကလိုပဲ ပေါ့ပါးလှပနေမြဲပဲ။ ဒါကို မေတ္တာတရားရဲ့ လှပမှုလို့ ခံစားမိတယ်။ ချစ်ခြင်းအတုအယောင်တွေဟာ ဝေဝါးသွားတာပဲ။ သို့သော်လည်း မေတ္တာတရားရဲ့ ကြည်လင်အေးမြမှုကတော့ ငယ်စဉ်ကနဲ့ မကွာသေးပါလား၊ နှစ်သက်မြတ်နိုးစရာ၊ လေးစားတန်ဖိုးထားစရာကောင်းနေတုန်းပဲဆိုတာတွေ့ရတယ်။ တစ်သက်လုံးသယ်ဆောင်သွားဖို့ အဖိုးအတန်ဆုံး၊ အလေးနက်ဆုံး၊ အမွန်မြတ်ဆုံးတရားတွေကိုပဲ ရွေးချယ်သယ်ဆောင်သွားရလိမ့်မယ်။ စိတ်ကိုပူလောင်စေတာတွေ တော်လောက်ပါပြီ။ မပြတ်နိုင်သေးရင်လည်း ကင်းအောင်နေလိုက်ပါ။ ကိုယ့်ဘဝကို ပြန်ကြည့်လိုက်တိုင်း ကျေနပ်နေစေမယ့် အေးချမ်းငြိမ်သက်မှုနဲ့ပဲ အသက်တွေကြီးပါစေတော့။           ။


ငြိမ်းချမ်းသောနေ့မှာ ငြိမ်သက်သောစိတ်ရှိသူဖြစ်ပါစေ။
Zephyr



Peace B with U.

Wednesday, October 16, 2013

ပျံသန်းခြင်း

ပျံသန်းခြင်း

ငှက်တွေဟာ ဝန်ပိုမသယ်ဆောင်လို့ ပျံသန်းနေနိုင်တာမဟုတ်လား။

မြွေဖမ်းတဲ့သိန်းငှက်အကြောင်း Disovery မှာကြည့်ရင်း အစားအတွက် ရုန်းကန်နေရတဲ့ ငှက်တွေကိုလည်း တွေးမိပါရဲ့။

စားစရာ မရတဲ့ရက်တွေမှာ ကြံ့ကြံခံနိုင်ဖို့၊ စားစရာကို လိုတာထက် ပိုမစားဖို့ ၊ ရှင်သန်နေထိုင်တုန်း ဝေးဝေးပျံသန်းဖို့၊ လူ့လောကကို အမြင့်မြင်ကွင်းကကြည့်ဖူးဖို့ ကျွန်တော် ငှက်တွေဆီက သင်ယူချင်တယ်။

အထူးသဖြင့် ပျံသန်းခြင်းကို စွန့်လွှတ်လိုက်ပြီးသား ငှက်အိုတစ်ကောင်ဆီကပေါ့။           ။


Zephyr



Peace B with U.

Saturday, October 12, 2013

ကျွန်တော်နှင့် ရွှေအိုရောင်ငှက်ကလေး

ကျွန်တော်နှင့် ရွှေအိုရောင်ငှက်ကလေး


ကောင်းကင်၏ လေစီးကြောင်း ရောင်စုံ၊ အပြောင်းအလဲ ရောင်စုံ၊ အခက်အခဲရောင်စုံများကြားတွင် ငှက်ကလေးသည် ကျွန်တော်နှင့် အတူပျံသန်းခဲ့ပါသည်။ တိတ်ဆိတ်သော အမှောင်ည၏ အေးစိမ့်မှု၊ ယသော၊အယသော ဂီတရှည်၏ အီ လာမှု၊ လဘော၊ အလဘော သံဝေဂရတု၏ ပျစ်ချွဲလာမှု၊ ပျော်ရွှင်ခြင်းများ၏ အစိုးမရမှု၊ မိတ်ဆွေများ၏ သစ္စာဖောက်မှု၊ အိပ်မက်များ၏ ခြောက်ခမ်းလွယ်မှု ....၊ ထိုရသမြောက်သော ၂၅ နှစ်တာကြာရှည်သော ခရီးများတစ်လျှောက် ငှက်ကလေးသည် ကျွန်တော်နှင့်အတူပျံသန်းခဲ့ပါသည်။

သူသည် အစားပုတ်သော ငှက်ကလေးတစ်ကောင်ဖြစ်ပါသည်။ စံပယ်ပန်းကြိုက်သော ငှက်ကလေးတစ်ကောင်ဖြစ်ပါသည်။ သစ်ပင်စိုက်သော ငှက်ကလေးတစ်ကောင်လည်းဖြစ်သည်။ ကျွန်တော်သည် သူစိုက်ပျိုးသော သစ်ပင်တစ်ပင်ဖြစ်ပါသည်။

ငှက်ကလေးသည် ခွေးချစ်သူဖြစ်ပါသည်။ မြွေမုန်းသူလည်းဖြစ်သည်။ ဘဝတူငှက်ကလေးများအတွက် နေအိမ်တည်ဆောက်ပေးသူလည်းဖြစ်ပါသည်။ စိမ်းလန်းမှုများကို ခြောက်သွေ့မှုများဆီမှ ခြစ်ထုတ်ယူနိုင်သော ငှက်ထူးငှက်ဆန်းလေးလည်းဖြစ်သည်။

ငှက်ကလေးနှင့် ကျွန်တော် မနက်ခင်းပေါင်းများစွာ ကော်ဖီအတူသောက်ခဲ့ကြပါသည်။ သူစီမံပေးသော အစားအသောက်များကို ကြေးများရသည်မှာလည်း အမှတ်တရဖြစ်ရသည်။ ငှက်ကလေးသည် တစ်ခါတစ်ခါ အင်္ဂလိပ်သီချင်းများ၏ သံပြိုင်အပိုဒ်ကို ဆိုနေတတ်သည်။ ငှက်ကလေးသည် လောက၏အကြောင်းကို နားလည်သူမဟုတ်ပါ။ မိသားစုကို ချစ်ခြင်းတရားဖြင့် ထိန်းမတ်ပေးသူသာဖြစ်သည်။

ငှက်ကလေးသည် အစားအသောက်ကြေးများသူမဟုတ်ပါ။ ကောင်းကင်၏ ဘာသာစကားကို နားလည်သူမဟုတ်ပါ။ မပွင့်သေးသော ပန်းပွင့်များကို ရေတွက်နေသူသာဖြစ်သည်။ နူးညံ့သော လက်ဖဝါးများဖြင့်ပင် ဆင်းရဲတွင်း အတန်အသင့်နက်ခဲ့သူဖြစ်သည်။ ၁၀ နှစ်ကြာစစ်ပွဲ၏ ခေါင်းဆောင်ဗိုလ်ချုပ်အဖြစ် ရှေ့တန်းသို့ထွက်ခဲ့သည်။ တောင်ကုန်းများကို သိမ်းပိုက်ခဲ့သည်။ စစ်ပွဲငြိမ်းချိန်တွင် ပျော်တတ်သော၊ ချစ်တတ်သော စိတ်အထာဖြင့် နေထိုင်ခဲ့သည်။ ငါးကလေးများကို အစာကျွေးရင်း၊ ငှက်ကလေးများကိုအစာကျွေးရင်း ငြိမ်းချမ်းစွာနေခဲ့သည်။

ငှက်ကလေးနှင့် ကျွန်တော် တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး၊ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ခဲ့ကြသည်။ သူ့တောင်ပံ ဒဏ်ရာရစဉ်က ကျွန်တော်ပြစုခဲ့သည်။သူသည် လောကဓံကို သိပ်မတုန်လှုပ်သော ငှက်ကလေးတစ်ကောင်ဖြစ်ပါသည်။

သူ့ထံမှ နှိမ့်ချမှုကို ကျွန်တော် အမွေမရခဲ့ပါ။ ဖြောင့်စင်းနူးညံ့သော ဆံပင်များကို အမွေမရခဲ့ပါ။ မျက်ရစ်မပါသော မျက်လုံးနှစ်လုံးသာ အမွေရခဲ့သည်။ ပန်းအလှပြင်ခြင်းကို အမွေမရခဲ့သော်လည်း အမှိုက်ဖွခြင်း၊ အဝတ်အစားမခေါက်တတ်ခြင်းတို့ကို အမွေရခဲ့သည်။ ငှက်ကလေးသည် အလွန်အားနာတတ်သူဖြစ်သော်လည်း ကျွန်တော်ကတော့ တစ်ကိုယ်ကောင်းဆန်စွာ အားမနာတတ်သူဖြစ်လာခဲ့သည်။ ထို့အတွက် ငှက်ကလေးက မည်သို့မျှ အပြစ်မဆိုပါ။

ငှက်ကလေးတွင် မျှော်လင့်ချက် သေးသေးလေးများရှိပါသည်။
ငှက်ကလေးသည် ကြီးကြီးမားမား မျှော်လင့်သူလည်းမဟုတ်ပါ။

ဆောင်းရာသီသည် အခါခပ်သိမ်းလှပ သည်တော့မဟုတ်ပါ။ တစ်ခုသော ဆောင်းရာသီတွင် ငှက်ကလေးသည် အဝေးသို့ပျံရတော့မည်ဟုဆိုပါသည်။ထိုနေ့သည် အသက်ရှူအားကူစက်ဖြင့် ဆက်လက်ရှူနေရန် ပျင်းရိလွန်းလာသောတစ်နေ့တွင်ဖြစ်သည်။ ရွှေအိုရောင် တောင်ပံများဖြင့် ပျံထွက်သွားရန် အသင့်ဖြစ်နေပြီထင်သည်။ ငှက်ကလေးအတွက် ပျော်ရွှင်ဖွယ် ခရီးဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ ရွှေအိုရောင်တောင်ပံများသည် ငြိမ်းချမ်းစွာလှပနေသလို၊ သန်စွမ်းစွာဖျတ်လတ်နေသည်။

ငှက်ကလေးမရှိတော့သော ကမ္ဘာပျက်ထဲတွင် ကျွန်တော် ကျန်ရစ်ခဲ့သည်။ အချိန်ကာလသည် တစ်ခါတစ်ရံတွင် သမားတော်မဟုတ်ပါ။ ရမ်းကုတစ်ယောက်သာဖြစ်ပါသည်။ အချိန်ရမ်းကုကြောင့် တစ်ခါတစ်ခါ ရောဂါပိုဆိုးသွားတတ်ပါသေးသည်။

ငှက်ကလေးတွင် အမည်တစ်ခုရှိပါသည်။ သူ့ကို Teresa ဟု ကျွန်တော်ခေါ်သည်။
ယခု ကျွန်တော် ငှက်ကလေးကို လွမ်းနေသည်။           ။

With Peace,
Zephyr

R.I.P mom.
It had been 5 yrs u flied away.





Peace B with U.

Saturday, October 5, 2013

ထင်ယောင်မိမှား အမှန်တရား

ထင်ယောင်မိမှား အမှန်တရား

နေ့ရက်များကို ရေတွက်ပါ။

ကျွန်းတစ်ကျွန်းပေါ်တွင် သောင်တင်နေသော ဂဏန်းတစ်ကောင်၏ စကားသံဖြစ်သည်။ တော်လဲသံများကို သီရရီချိတ်ဆွဲရန် တောင်စွယ်များ အချွန်အတတ်ဖြစ်နေရန်လိုသည်ဟုထင်သော ဆည်းဆာနေရောင်ခြည်အောက်တွင် ရွှေဆေးဖြင့်ချယ်သထားသော သဲပြင်လွလွရှိနေသေးသည်။ နေဝင်ချိန်သည် ခမ်းနားလွန်းနေသည်။

Be kind, for everyone you meet is fighting a hard battle. (Philo of Alexendria) ဘဝတိုက်ပွဲကြမ်းကိုရင်ဆိုင်နေရသောလူတိုင်းအတွက် ကြင်နာစေလိုသူတစ်ယောက်ရှိခဲ့ဖူးသည်ဟု သိလိုက်ရသည်။ ထို့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသည့်တိုင် အချိန်များ ပါးရှားလာမှုနှင့်ထပ်တူ၊ အလျင်စလိုဖြတ်သန်းသွားလိုက်ရသဖြင့် တိတိကျကျ၊ဆုံးဆုံးဖြတ်ဖြတ် သိသိသာသာ ခံစားလိုက်မိခြင်းတော့မရှိလိုက်ပါ။

မင်းသားလေး၏ နှင်းဆီပင်မှာ စကြာဝဠာတစ်ခွင်လုံး သူနှင့်မျိုးတူမရှိဟု ညာခဲ့ဖူးသည်။ ဥယျာဉ်တစ်ခုထဲတွင် နှင်းဆီပန်းပင် ငါးထောင်ကိုတွေ့မှ မင်းသားလေးသည် ညာတတ်သော နှင်းဆီကို တွေးမိခဲ့သည်။ အချိန်လွန်မှသိရှိခဲ့သော လိမ်ညာမှုများအတွက် မည်သူမှ သက်သောင့်သက်သာမဖြစ်ခဲ့ပါ။

"ငါအခုလုပ်နေတာဟာ ငါ့ကိုယ်ငါ ဝေဒနာကနေ ခွာထုတ်နေတာ။" ဟု မော်ရီဆိုသော သေဆုံးခါနီး ပါမောက္ခအိုကြီးကဆိုလေသည်။ ဝေဒနာကို ပညာသတိဖြင့်ပယ်သတ်ရသည်မှာလည်း သဘာဝတရား၏ဆိုဆုံးမသံတစ်စဖြစ်လိမ့်မည်ထင်သည်။

စိုးစဉ်းမျှ မသိသာသော ထွက်ခွာမှုမျိုးဖြင့် အတိတ်သည် မှတ်သိစိတ်ထဲမှ ထွက်ခွာသွားခဲ့လေပြီ။ ထင်သလောက်မလွယ်ကူသော မိမိ၏ဝိဉာဉ်အစိတ်အပိုင်းများကို တစ်စစီခွဲချေကြည့်နေရာမှ နာကျင်မှုများထုံသွားခဲ့လေသည်။ ဟာသတစ်ပုဒ်အတွက် တန်ရာတန်ကြေးအဖြစ် လေချွန်သံရှည်တစ်ခုသာလိုအပ်တော့သည်။ မနက်ဖြန်များကို တစ်ယောက်တည်းဆက်လျှောက်တတ်စေရန် ကျွန်တော်သင်ယူတတ်မြောက်ခဲ့ပါပြီ။

J.D. Mc Clatchy ၏ ကဗျာတစ်ပုဒ်ဖြစ်သော Resignation အစတွင်၊ Willa  Cather ၏ quotes တစ်ခုကို ဤသို့သုံးစွဲထားသည်ကိုတွေ့ရသည်။ " I like trees because they seem more resigned to the way they have to live than other thigs do." အမေရိကန်စာရေးဆရာမ Willa Cather တွေ့မြင်ခဲ့သော သစ်ပင်များအနက်မှ တစ်ပင်မှာ ကျွန်တော်ဖြစ်သည်။

အမြဲတမ်းတစ်ယောက်လိုဆိုတဲ့ ကဗျာမှာ နေမျိုးကြီးက "အမြဲတမ်းတစ်ယောက်လိုဟာ အစကတည်းက မရှိဘူးတဲ့" လို့ ဘာလို့ထည့်ရေးတာလဲဆိုတာကို အခုတော့ နားလည်ခဲ့ပြီဖြစ်သည်။

တစ်စက္ကန့်မျှရှင်သန်မြင့်မားနိုင်စိမ့်ငှာ လေထဲတွင် ဖြတ်ခနဲသေပစ်လိုက်သည့် မီးပန်းများကိုသာ ငေးကြည့်နေမိတော့သည်။ ထိုအရာသည် ရှင်သန်ခြင်း၏ ဒုတိယပုံစံငယ်ဟုဆိုရလိမ့်မည်။ ထိုဘဝကို အင်မတန်နှစ်သက်လိုလားနေမိသည်။

ဇေယျာလင်း၏ ကဗျာစာအုပ်များဝယ်ထားသည်။ မဖတ်ဖြစ်။ နှစ်ထောင်ချင်းအတူတူ ဦးလှိုင်ထက် စာလုံးရေများသည်ဆိုပြီး ဈေးတွက်တွက်ပြီးဝယ်ထားခြင်းဖြစ်သည်။ သူသေပြီး နာမည်ကြီးပြီဆိုလျှင် ဖတ်ရင်ဖတ်မည်စိတ်ကူးသည်။  သို့မဟုတ် သူ့အနုပညာကို သေမတတ်မြတ်နိုးသည်ဆိုသည့်သူများကို လက်ဆောင်ပေးပစ်မည်ဟု စိတ်ကူးမိသည်။

ဦးလှိုင်၏ ဆိပ်ကမ်းတွင်တော့ အမုန်းမရှိ စစ်ပွဲမရှိ တရားရပြီးမှ ထပ်မံငြင်းခုံစရာ တရားမရှိ ဟုဆိုသည်။ ဆိပ်ကမ်းတွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်လောက်ရှိလျှင် သာ၍ကောင်းမည်ထင်သည်။

အနဝဇ္ဖာနိ ကမ္မာနိ အရတော့ ကိုယ့်ဟာကိုယ် အကုသိုလ်ကင်းကင်းပျော်စရာကောင်းတာတစ်ခုလုပ်နေတာဟာ မင်္ဂလာပါပဲ။ အသောကံ ဝိရဇံ ခေမံ ဆိုတာကတော့ သောကမရှိဘူး။ ဝမ်းနည်းခြင်း၊ပူဆွေးခြင်းမရှိဘူး။ ကိလေသာအညစ်အကြေးမရှိဘူးဆိုတာဟာလည်း မင်္ဂလာပါပဲ။ မင်္ဂလာရှိအောင်နေကြဖို့လည်းလိုနေသေးသည်။

Pslam 118 တွင်တော့ O GIVE thanks unto the LORD: for he is good ဟုဆိုသည်။ ထိုစာသားသည် သီချင်းတစ်ပုဒ်ဖြစ်သွားခဲ့သည်။ ကာလများရွေ့လျောလာသောအခါ မေ့လျော့ခံ ဂီတတစ်ခုလည်းဖြစ်သွားခဲ့သည်။ ဒါဝိဒ်သည် သိုးကျောင်းသော တောသားလေးမျှသာဖြစ်သည်။ သို့သော်ဘုရင်ဖြစ်လာသောအခါ သီချင်းထရေးပြီး ဗျပ်စောင်းတီးလိုက်ရာမှ တစ်ခွေတည်းပေါက်သွားခဲ့ဟန်တူသည်။ ကြိုးစားသော တောသားများကို နောက်နောင် အားပေးအားမြှောက်ပြုမည်ဟုစိတ်ကူးနေသည်။

လှိုင်းများရိုက်ခတ်နေသော ကမ်းခြေတစ်လျှောက် ပြေးလွှားနေသော ဂဏန်းငယ်တစ်ကောင်အတွက် အထွေအထူးရည်ရွယ်ချက်မရှိလှပါ။ သေဆုံးနေခြင်းမဟုတ်ကြောင်း သူ့ကိုယ်သူ ရိပ်မိရန်အတွက် ရှင်သန်လှုပ်ရှားမှုပုံရိပ်တစ်ခုအနေဖြင့်သာ ပြေးလွှားနေခြင်းဖြစ်သည်။

နေဝင်ဆည်းဆာသည် မရပ်မနားပြေးလွှားနေသော ဂဏန်းတစ်ကောင်၏ အခွံမာအောက်မှ နှလုံးခုန်သံမဲ့ခြင်း၏ ဒိဌဓမ္မကို အံ့အားသင့်နေရာမှ နေဝင်ချိန်အမီ နေလုံးကြီးအား ထိန်ပင်ပေါက်ရာ ပင်လယ်ထဲသို့ အစောတလျှင် နှစ်မြုပ်ပစ်လိုက်ရသည်။

နိဂုံးသည် ရှေ့ချုပ်ပြီးစိတ်ကိုမမှတ်မိတော့သော နောက်စိတ်၏ ဥပေက္ခာသက်သက် အရှုခံနှင့် အရှုဉာဏ်၏ ထိခတ်မိသံမျှသာ ဖြစ်ခဲ့လေသည်။           ။

Zephyr

Ref:
၁Holy Bible : King James Version
၂။သုခမိန်လှိုင်။ပုစွန်တွေဖတ်ဖို့ကဗျာ
၃။ဆရာတော်ဦးဇောတိက။မင်္ဂလာတရားတော်
၎။ဇေယျာလင်း ကဗျာဆိုတာပြုလုပ်ခြင်း
၅။နေမျိုး။ မြွေကြီးပါခင်ဗျာ။
၆။The Best American Poetry 2008
၇။ Mitch Albom။Tuesdays with Morrie
၈။Antoine de Saint-Exupery။ The Little Prince
၉။Rjonda Byrne။ The Magic




Peace B with U.

Monday, August 19, 2013

သုဘအနုပညာ

သုဘအနုပညာ

ထိုစဉ်က စံပယ်ပန်းများမပွင့်သေးပါ။
စံပယ်ပန်းများသည် စံပယ်ပင်အနီးသို့ပင် ရောက်မလာခဲ့သေးပါ။ အမှန်စင်စစ် ညတာရှည်သောကြောင့် အိမ်မက်များခဲ့သည်ထင်ပါသည်။ တိမ်များသည် မိမိတို့၏အရောင်လှမလှ သိမသွားကြပါ။ ဖြစ်မှု၊ပျက်မှုများဖြင့် အစီအစဉ်တကျ ပရမ်းပတာဖြစ်နေမှု၏ သံဝေဂရဖွယ် (သို့တည်းမဟုတ်) ငေးငိုင်ဆင်ခြင်ဖွယ် စုတ်ချက်ကြမ်းတစ်ခုမျှဖြတ်သန်းသွားခြင်းဖြစ်ဟန်တူပါသည်။

ကျေးငှက်များသည် လွယ်ကူဟန်ပြုထားသော ခက်ခဲမှုများဖြစ်ပါသည်။ စနစ်တကျပျံသန်းနေသော ငှက်ကလေးတစ်ကောင်၏ အစာအိမ်ပြဿနာကို သင်နားလည်နိုင်မည်မဟုတ်ပါ။ မိုးရေစိုစွတ်နေသော တောင်ပံတစ်ချောင်းသည် သဘာဝ၏ အေးစက်စက်ရက်စက်မှုများအကြောင်းကို အနီးကပ်သင်ယူခဲ့ပြီးဖြစ်ပါလိမ့်မည်။ မုန်တိုင်းထန်သော နေ့တစ်နေ့သည် စောစောထသော ငှက်တစ်ကောင်အတွက် ကိုယ့်ဒုက္ခကိုယ်ရှာရင်း ကံကုန်တော်မူသွားရန်သာ အသုံးဝင်ခဲ့လိမ့်မည်။ ကြိုတင်ကြံစည်ထားသောကြောင့် သင်ရော အတောင် ဘယ်လောက် ကျွတ်ခဲ့ပါလိမ့်။

ကင်ဆာအကြိတ် ဟုတ်၊မဟုတ်ပြဿနာမှာ လူနာများအတွက်တော့ သေလုနီးပါး အရေးကြီးပါသည်။ ကင်ဆာကို ကုနိုင်သူများအတွက်ဖြစ်စေ၊ မကုနိုင်သူများအတွက်ဖြစ်စေ၊ သေခြင်းတရား၏ ရက်သတ်မှတ်မှုသည် အင်မတန်အရေးကြီးလေသည်။ တောင်ပံများသည်ပျံဝဲဖို့မဟုတ်ကြောင်း နှစ်အတန်ကြာ အလေလိုက်ပြီးမှ သဘောပေါက်လာသော စင်ရော်တစ်ကောင်နှင့် အတောင်ကျိုးနေသော ခိုအိုတစ်ကောင်တွေ့ဆုံခန်းသည် သမူဟအသွင်ဆောင်လိမ့်မည်ထင်သည်။ ဆရာဝန်၏ အပြုံးသည် ဖော်ရွေမှုနှင့်သောကကို ဆတူလောက်ရောထားပုံရသည်။ သူ့ဒုက္ခသူရှာချင်၍ ဆရာဝန်လုပ်ဟန်တူသည်။ လူနာများသေသွားခြင်းမှာ သူ့အပူဟု ခံယူပုံရသည်။ ဒီအတိုင်းသွားလျှင် ဆရာဝန်သာ နှလုံးရောဂါနှင့် စောစောထွက်ခွာသွားရမည့်ပုံရှိသည်။ အေးဆေးပေါ့ဗျာ။ ကင်ဆာဟာ ကျန်းမာတဲ့ဆဲလ်တစ်ခုမဟုတ်လား။ သူကျန်းမာဖို့ ကျုပ်သေဖို့လိုတော့လည်း သေတာပေါ့။

စန္ဒရားဆရာ၏ပြဿနာမှာ ညာလက်လေဖြန်းသွားခြင်းဖြစ်သည်။ ခြေထောက်နဲ့တီးပေါ့ဗျာဟု မိတ်ဆွေများက အားပေးသည်။ ဘယ်လက်သည် ညာလက်ကိုတွေတွေကြီးကြည့်နေသည်။ တစ်ခြမ်းပဲ့အနုပညာသည် ဂီတအဖြစ်ပေါင်းစီးရန်ခက်နေသည်။ စန္ဒရားဆရာသည် သူ့ဝင်လေကို သူသိသည်။ ဂီတသည် နှလုံးအိမ်သို့ ဖြတ်၍ တိုက်ခတ်သွားသော လေနုအေးဖြစ်သည်ဟု ဘာဝနာပါပါပြောဟန် ပြုံးနေလေသည်။ အဟောင်းဈေးဖြင့် ရောင်းချရန် အသင့်ဖြစ်နေသော  စန္ဒရားကို သူကြည့်သည်။ သည်မျှပေါ့ဟု နှလုံးသွင်းသည်။ စန္ဒရားအဖုံးကို ဖြည်းဖြည်းချင်းပိတ်သည်။ သူ့အတွက် အရေးမကြီးတော့ပါ။ သူ့ဘဝတွင် နာရီပေါင်းမြောက်မြားစွာ လေ့ကျင့်ခဲ့ပြီးပြီ။ နာရီပေါင်းမြောက်မြားစွာ ဖျော်ဖြေခဲ့ပြီးပြီ။ နာရီပေါင်းမြောက်များစွာ ခံစားချက်များသွန်ချခဲ့ပြီးပြီ။ စန္ဒရားသည် သူ့အတွက် ခန္ဓာကိုယ်အပြင်ဘက်ရောက်နေသော ကိုယ်ပိုင်အစိတ်အပိုင်းတစ်ခုဖြစ်နေခဲ့သည်မှာကြာပြီ။ ထိုညက အိမ်မက်ထဲတွင် သူ့ညာလက်သည် စန္ဒရားနှင့်တွယ်ဆက်နေသည်ဟုမက်ခဲ့သည်။

ခင်ဗျား တီးနေတာ ကျုပ်ဘာမှမကြားဘူးဟု percussionist တစ်ယောက်ကိုပြောတော့ သူပြုံးနေသည်။ ခင်ဗျားကြားအောင်တီးတာမှမဟုတ်ဘဲဟု ဘုကျကျဖြေသည်။ မကြားရတာတွေတီးနေတော့ ဂီတဖြစ်သလားဟု ကျနော်မေးတော့ ဒါတော့ မသိဘူးလေကွာဟုဆိုသည်။ မင်းအစားငါ ပိုက်ဆံတွေနှမြောတယ်ကွာ ဟု သူ့အဖေက သူ့ကိုပြောသည်။ လေးနှစ်စာရှာထားသောပိုက်ဆံများကို ဗုံသေးသေးလေးများဝယ်ပြီး မြန်မာပြည်ပြန်လာသော သားတော်မောင်ကို ပယောဂပူးနေပြီဟု သူ့အဖေကထင်သည်မှာလည်းမဆန်း။ နှစ်အတန်ကြာ သူတီးနေသည်။ နှစ်အတန်ကြာကျနော်မကြားခဲ့။ နောက်တော့ သူ အိမ်ရာထူထောင်သည်။ သူ့ဇနီးကိုကြည့်တော့ ဖြူဖြူလုံးလုံးနှင့် သူတီးနေကျ ဗုံတစ်လုံးနှင့်ဆင်နေသည်။ သူ့အမျိုးသမီးကို နင့်ယောကျာ်း percussion တီးတာကို နင်ဘယ်လိုမြင်လဲဟုမေးကြည့်တော့ "တီးတော့ တီးနေတယ် သိပ်မကြားရဘူး" ဟုဖြေသည်။ ကျနော်တို့အားလုံးတော့ သူ့ကို "တားမကြီး" (တီးမကြား၊တီးသော်လည်းမကြား) ဟုခေါ်လိုက်ကြသည်။ သံရုံးများတွင် မကြာမကြာ ဖိတ်ခေါ်ခြင်းခံလာရသည့်တိုင် "တားမကြီး" သည် ကျနော်တို့၏ နာမည်ဖျက်မှုမှ မလွတ်မြောက်။ ခုနစ်နစ်ကြာတော့ သူ့သမီးလေးမွေးသည်။ သွားကြည့်မိတော့ ဗုံသေးသေးလေးနှင့်တူနေသည်။ ကျနော့်သူငယ်ချင်းကြီး "တားမကြီး"သည် မကြားရအောင်တီးနေခြင်းတော့ဟုတ်ဟန်မတူပါ။ သူ့သမီးလေးကိုတော့ လူကြားအောင်တီးတာတစ်ခုခုသင်ပေးစမ်းပါဟု ကျနော်ပြောတော့ သူရယ်နေခဲ့သည်။

လူနာစောင့်ရင်း ဖဲရိုက်ကြတော့ ငယ်သူငယ်ချင်း ငထက်က သူကူရိုက်ပေးမည်ဟုဆိုသည်။ မြန်မာတစ်ပြည်လုံး သြဇာလွှမ်းခဲ့သော ရှေ့နေကြီး၏ မြေးမှာ ဖဲလိမ်ရိုက်သူတစ်ဦးဖြစ်လာမည်ဟု မည်သူမှမထင်ခဲ့ပါ။ သူ့လက်ညှိုးကို ကော်ပတ်နှင့်စားထားသည်ဟုဆိုသည်။ နှစ်ကြိမ်မြောက်ဝေအပြီးတွင် ဖဲချပ်အားလုံးကို သူ marking လုပ်ထားပြီးသားဖြစ်နေသည်။ သူရှုံးချင်သည့်အခါ သူရှုံးပြီး၊ သူနိုင်ချင်သည့်အခါ သူနိုင်အောင်လုပ်နိုင်သည်။ တတ်ခဲမှပညာဆိုသော စကားပုံအရဆိုရင် ဖဲလိမ်ရိုက်ခြင်းသည် ပညာဖြစ်မည်လားဟုစဉ်းစားမိသည်။ သူ့ကို သင်ပေးသော ထောင်ထွက်ဖဲသမားကြီးမှာ အလုံမြို့နယ်တစ်ခွင် အောင်ပွဲဝင်ခဲ့သူဟုဆိုသည်။ တပည့်ကျော်၏ အစွမ်းအရပင် ဆရာ၏ အစွမ်းကိုမြင်သာပေသည်။ ကင်ဆာဖြင့်သေသွားသော အသုဘကို မည်သူမျှမရှုကြပါ။ သုဘသည်သာ ရှုစရာဖြစ်သည်။ အသုဘသည် ရှုစရာဖြစ်သည့်တိုင် လစ်လျူရှုစရာသာဖြစ်သည်။ ငထက်ဖဲလိမ်ရိုက်ပေးသော အမြတ်တစ်ဝက်ကို အကောက်ပန်းကန်ထဲထည့်ပြီး ကျန်တစ်ဝက်ကို ခေါက်ဆွဲကြော်ဝယ်စားဖြစ်သည်။ လောကကြီးသည် ဇာတ်လမ်းများထက်ဆန်းကြယ်သည်ဟု ပိုမို လက်ခံလာမိသည်။

စန္ဒရားဆရာသည် သေချင်ပြီဟုဆိုသည်။ စန္ဒရားရောင်း၍ရသော ပိုက်ဆံဖြင့် ပဌာန်းကျမ်းအစုံလိုက်ဝယ်လာသည်ကိုတွေ့ရသည်။ ဒီဂီတကတော့ လက်တစ်ဖက်မပါလည်းဖြစ်တယ်ဟုဆိုလေသည်။ မည်သူမျှ နားမလည်ကြ။

ငှက်တစ်ကောင်၏ ပြဿနာမှာ ပျံသန်းနေရခြင်းဖြစ်သည်။

အတောင်ပံများသည် အပိုဖြစ်ကြောင်း သိလာသည့်နေ့အထိတော့ ငှက်သည် ပျံနေဦးမည်ဖြစ်သည်။

"တားမကြီး" သမီးလေးအတွက် ဝယ်ထားသည့် YAS-62 Professional Alto Saxophone ကို လူကြုံသွားပေးရင်း အပြန်လမ်းတွင် စန္ဒရားဆရာ၏ ညာဘက်လက်နှင့်တွေ့သည်။

ထိုအချိန်တွင် ညာဘက်လက်သည် ဝိုင်ဖြူခွက်ကို ခိုင်မြဲစွာကိုင်လျှက်သားဖြစ်နေသည်ကိုတော့ မည်သို့မျှ နားမလည်တတ်တော့။           ။

Zephyr



Peace B with U.

Saturday, August 3, 2013

စာမြည်း

စာမြည်း


စာမြည်းဆိုတာ book review ကိုမြန်မာမှုပြုတာလို့ထင်တယ်။ နည်းနည်းမြည်းကြည့်ရုံလောက်ပဲ။
How Starbucks Saved My Life
A Son of Privilege Learns to Live Like Everyone Else (Michael Gates Gill) ဆိုတဲ့ စာအုပ်ကို ဖတ်ဖြစ်တယ်။ Memoir လို့စာရင်းသွင်းတယ်။ မြန်မာလိုဆို ကိုယ်တွေ့ဝတ္ထုဆန်ဆန်တွေက ဒီအမျိုးအစားထဲရောက်လောက်မယ်။ စဖတ်တုန်းကတော့ ခရီးသွားရင်း အပျင်းပြေဖတ်ဖို့သယ်သွားရာက အတည်ပေါက်ကြီးရေးတာဖြစ်နေတယ်။

စာရေးဆရာက ကြော်ငြာကုမ်ပနီမှာ တစ်နှစ်ကို ဒေါ်လာသိန်းချီရတဲ့သူ၊ မိဘတွေကလည်းချမ်းသာလွန်းလို့၊ အိမ်ခန်း ၃၅ ခန်းပါတဲ့ အိမ်ကြီးရခိုင်နဲ့နေခဲ့တဲ့သူ၊ အက်ဇရာပေါင်းကို ငယ်တုန်းက ပန်းသီးနဲ့ပေါက်တဲ့သူ၊ ရောဘတ်ဖရော့စ်ထ်နဲ့အရက်အတူသောက်ခဲ့တဲ့ကျောင်းသား။ ဆမ်းမားဆက်မောမ်အကြံပေးတာနဲ့ နွားရိုင်းပွဲဝင်ပြေးလို့ပြေး၊ ငယ်တုန်းက ကြွယ်ဝခဲ့တယ်။ကြီးလာတော့ ကော်ပိုရိတ်မှာ ၂၅ နှစ် လက်ကြောတင်းတင်းလုပ်ခဲ့ရာက အလုပ်ပြုတ်၊ ကလေး လေးယောက်အဖေ၊ အလုပ်ပြုတ်စိတ်လေပြီး ကလေးမရနိုင်တဲ့ရောဂါရှိတဲ့ ဆရာဝန်မနဲ့ အိပ်ပြီး၊ မည်သို့မည်ပုံမသိ၊ ဟိုက ကလေးရသွား။ အဲဒီမှာ မယားကြီးနဲ့ကွဲ၊ အိမ်ကြီးကိုပေးလိုက်။ သူ့ကိုယ်ပိုင်လုပ်ငန်းမအောင်မြင်။ နောက်ဆုံး စတားဘက်စ်မှာ အလုပ်ဝင်လုပ်တဲ့အကြောင်း။  ဒီစာအုပ်က သိပ်နက်နေတယ်။ အချိန်ရမယ်ဆိုရင် ဖတ်ကြည့်ကြပါ။ တန်ဖိုးအပြည့်ပါတဲ့စာအုပ်ကောင်းတစ်အုပ်ပဲ။ လူဖြူတစ်ယောက် လူမည်းအမျိုးသမီး လက်အောက်မှာ အလုပ်လုပ်တဲ့အကြောင်းလည်းဖြစ်တယ်။ နောက်တော့သူ့အရင်အလုပ်နဲ့အခုအလုပ်ကို တစ်ချက်တစ်ချက် နှိုင်းယှဉ်ပြသွားတာ သိပ်မိုက်တယ်။ သန့်ရှင်းရေးလုပ်ရတာလေးတွေကအစ အသေးစိတ်ရေးတာ။ ဘဲကြီးက Yale က ကျောင်းပြီးတာ။ တကယ့် ဒိတ်ဒိတ်ကြဲကျောင်းကထွက်ပြီး ထိပ်သီးဖြစ်ခဲ့တာ။ ဘဝရဲ့အတက်အကျနဲ့ငွေကြေးမစီမံတတ်ရင် ဘဝပျက်တတ်တာတွေကို လေ့လာနိုင်မယ်ထင်တယ်။

ရယ်စရာတွေလည်းပါတယ်။ လူအိုဘဝအကြောင်းလည်းပါတယ်။ ငိုချင်စရာကောင်းတာတွေလည်းပါတယ်။ Memoir တွေရဲ့ထုံးစံအတိုင်း ဖတ်ပြီး တစိမ့်စိမ့်အရသာခံရတယ်။ သူပြောချင်တဲ့ ဘဝအားမာန်လေးတွေကိုလည်း တစ်ချက်တစ်ချက်တွေ့တယ်။

လူဆိုတာ အမှားလေးတစ်ချက်နဲ့ ဘဝအလှည့်အပြောင်းဖြစ်သွားနိုင်တယ်။ စာရေးဆရာရဲ့ဘဝမှာလည်း စီးပွားပျက်တာကိုစိတ်လေပြီး တခြားတစ်ယောက်နဲ့ငြိပြီးကလေးရသွားတော့ လက်ရှိမိသားစုဘဝပျက်စီးပြိုကွဲသွားတယ်။ ဆင်ခြင်သတိဟာ အင်မတန်မှအရေးကြီးတယ်။

အဲဒီမှာပါတဲ့အဖြစ်အပျက်လေးတစ်ခု ၁၆ နှစ်အရွယ် ကောင်မလေးနှစ်ယောက် ရည်းစားကိစ္စနဲ့ပတ်သက်ပြီး ဓားနဲ့ခြိမ်းခြောက်ရာက တစ်ယောက်ကအော်လို့ ခြိမ်းခြောက်တဲ့တစ်ယောက်က ဓားနဲ့ထိုးလိုက်တာ သေပါလေရော။ လူသတ်မှုနဲ့တစ်ယောက်ထောင်ထဲရောက်ပြီး တစ်ယောက်က သေသွားတယ်။ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ဘဝပျက်သွားတယ်။ အဲဒါလေးတွေကို သတိထားစေချင်တယ်။

တစ်ချို့အမှားသေးသေးလေးတွေက ဘဝကိုလမ်းကြောင်းပြောင်းစေတာတွေ့ရတယ်။ ကျန်တာတွေကတော့ သူ့အရေးအသားနောက်လိုက်ဖတ်ရင်း လူတစ်ယောက်ရဲ့ဘဝကို သူ့ကိုယ်စောင့်နတ်မြင်ရသလို မြင်ရတာပေါ့။ စာဖတ်တဲ့ ရသဟာ အဲဒီလို သိမ်သိမ်မွေ့မွေ့ကိစ္စပဲမဟုတ်လား။ ကိုယ်တိုင်ဖတ်ပြီးခံစားကြည့်တာဟာ စာမြည်းဖတ်တာထက်ကောင်းတာပေါ့။ စာမြည်းဆိုတာတော့ ဒီလိုအပေါ်ယံလောက်ပဲပြောတာပေါ့။

စာဖတ်ခြင်းဟာ တခြားဟာတွေကိုတော့ ဘာအထောက်အကူပြုသလဲသေချာမသိနိုင်ပေမယ့် စိတ်ချမ်းသာဖို့တော့ တော်တော်လေးအထောက်အကူဖြစ်စေတယ်။ ဒီစာအုပ်ကိုလည်း ဖတ်ဖို့အားရင်ဖတ်ကြည့်ကြပါ။ ကိုယ့်အတွက် တစ်ခုခုရစေမယ့်စာအုပ်မျိုးလို့ထင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူလို့ ဖတ်ပြီးမကြိုက်ခဲ့သည်ရှိသော် ... ကျွန်တော့်ကို ခွင့်မလွှတ်လိုက်ပါနဲ့။

Regards,
The Gardener




Peace B with U.

Friday, June 21, 2013

Haze News In Singapore (20-21 June 2013)

Haze News In Singapore (20-21 June 2013)


အရေးကြီးတယ်ထင်လို့ ဖေ့စ်ဘွတ်ခ်မှာ အချိန်နဲ့အမျှ ကျွန်တော်တင်နေတာတွေကို ဒီမှာ စုစည်းလိုက်ပါတယ်။ အများစု သိသင့်တယ်လို့ယူဆပါတယ်။

ဒီလိုနဲ့ ကျုပ်တို့တတွေ သေရတော့မှာပါလား။

ပင့်ကူလူသားက သူ့မြို့လေးကို ကာကွယ်သလို၊ လင်းနို့လူသားကက ဂေါ်ဿမ်ကို ကာကွယ်သလို သစ်ပင်လေးအနည်းငယ်ဟာ မြို့ငယ်လေးတစ်ခုကို အသံတိတ်ကာကွယ်နေလေရဲ့။

စလုံးကလူတွေ ဘိုးဘွားတွေအတွက် စက္ကူမီးရှို့လွန်းလို့ ဝဋ်လည်တဲ့အထဲ ကိုယ်တွေက ကန့်လန့်ကန့်လန့်ပါရတာပဲ။ မိုးနတ်မင်းကြီးကလည်း ရွာတော်မမူသေးဘူး။ ဒီလိုမျိုးဖြစ်မယ်မှန်းသိရင် အလုပ်ကထွက်ပြီး mask လက်လီလက်ကားရောင်းတဲ့အလုပ် နှစ်ပတ်လောက်လုပ်ပြီး ကြီးပွားနိုင်ချေရှိတယ်။ ဒါမှမဟုတ် ကုသိုလ်လုပ်တဲ့အနေနဲ့ mask တွေကို MRT မှာ ဝေရင် ပျော်စရာကောင်းမှာပဲ။ အခုတလော ဆိုင်တွေမှာ မေးလိုက်ရင် mask? ဆိုတာနဲ့ finished ready တဲ့။ ဆရာဝန်အပြောအရတော့ အိမ်မှာပဲ နားနေရင် ဘာမှမဖြစ်ဘူးတဲ့။ အဆုပ်မကောင်းတဲ့သူတွေကတော့ သတိထားကြပါ။

သတင်းအရတော့ စင်ကာပူကလူတွေ အားမငယ်ကြပါနဲ့။ အင်ဒိုနီးရှား Dumai မှာဆို ဒီနေ့ PSI 400 တဲ့။


မနေ့ကအထိတော့ ရှို့နေတုန်းလို့သိရပါတယ်။ ဆက်ရှို့သွားမယ့်ပုံလည်းရှိပါတယ်။ အင်ဒိုနီးရှားလို ခပ်ဖျင်းဖျင်းအစိုးရရှိတဲ့နိုင်ငံမှာ အစိုးရကို မျှော်လင့်ရင်တော့ခက်ပါတယ်။ သတင်းထောက်ကိုတောင် ခြိမ်းခြောက်လိုက်သေးတယ်လို့ဆိုပါတယ်။ ကိုယ့်လှေကိုယ်ဖောက်တာ မင့်အပူလားဆိုတဲ့ အထာမျိုးကို အခုခေတ်အထိ လူဖျင်းတွေမှာတွေ့ရပါသေးတယ်။ အစိုးရက ထိထိရောက်ရောက်တားမြစ်ထားပုံမရပါဘူး။ သစ်တောဝန်ကြီးကလည်း သူတို့ကို အပြစ်တင်လို့မရဘူး။ သူတို့နဲ့ အလုပ်လုပ်ရဦးမှာလို့ နှာသံလေးနဲ့ပြောသွားတယ်လို့တခြားသတင်းမှာတွေ့ရပါတယ်။ref:http://www.straitstimes.com/breaking-news/se-asia/story/business-usual-dumai-locals-waiting-face-masks-20130619
ဖြေရှင်းလို့မရတဲ့ပြဿနာနဲ့ တို့ထိလို့မရတဲ့ စီးပွားရေးသမားတို့ဟာ အမြဲ တွဲလျက်သားသွားတာပဲ။ အင်ဒိုနီးရှားဟာ စီးပွားရေး တဟုန်ထိုးတိုးတက်လာသလောက် အမြော်အမြင်ကတော့ တဟုန်တိုး ဂုံးဆင်းနေတာပဲ။ တောကို မီးရှို့ပြီး ဆီအုန်းစိုက်တယ်။ တရားမဝင်ရှို့တာကို အစိုးရက မဖြေရှင်းနိုင်သလိုလို၊ မဖြေရှင်းပဲ မျက်စိမှိတ် လစ်လျူရှုထားပေးသလိုလိုဖြစ်နေရာက အခုအချိန်မှာပိုဆိုးကုန်တယ်လို့သိရတယ်။ မီးသတ်ကားတွေ လွှတ်ထားလိုက်ပါပြီလို့တော့ပြောတယ်။ မီးသတ်ကားလွှတ်၊မလွှတ်က ပြဿနာမဟုတ်ဘူး။ အခုဖြစ်နေတဲ့ haze တွေ ဘယ်နေ့အထိရှိနေဦးမှာလဲဆိုတာကမှ ပြဿနာ။ မလေးရှားမှာတော့ ဝန်ကြီးက အခြေအနေပိုဆိုးလာစရာရှိတယ်ဆိုပြီး PSI နဲ့ပတ်သက်ပြီး လူထုကို အသိပေးထားတယ်လို့ဆိုတယ်။ ဘ နှဖူးသိုက်တူးတာထက်တောင်ဆိုးတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဘက်ကို ရောက်သွားကုန်ကြပြီထင်တယ်။ ဒီလို စီးပွားရေးသမားတွေကို ထောက်ခံပြီး စားသုံးနေဖို့မကောင်းဘူး။ company နာမည်တွေ ထုတ်ပြန်တဲ့အခါ သေချာမှတ်ထားပြီး တစ်သက်လုံး မစားဘဲ ဆန္ဒပြရမယ်။ စာအုန်းဆီကိုတော့ လုံးဝမစားဘူး။ ဆီကနေ ထုတ်တဲ့ တခြားပစ္စည်းတွေကိုပါ မသုံးမိအောင် သတိထားရမယ်။ ကမ္ဘာကြီးမှာ တခြားလူတွေအတွက် မကြည့်ဘဲ ကိုယ်ကျိုးရှာတဲ့ စီးပွားရေးလုပ်ငန်းတိုင်းကို ရှုတ်ချပါတယ်။ အဲဒီလို စီးပွားရေးသမားတွေနဲ့ ပေါင်းရိုက်ပေါင်းစား အစိုးရများလည်း ကျရှုံးစေချင်ပါတယ်။


ဒီသတင်းတစ်ခုကတော့ မင်္ဂလာနည်းနည်းရှိပါတယ်။ အင်ဒိုနီးရှားမှာ တိမ်တုစိုက်ပျိုးခြင်းလို့ ခေါ်တဲ့နည်းပညာနဲ့ မိုးရွာဖို့ကြိုးစားနေပြီလို့ဆိုပါတယ်။ အဲဒါဆို မီးတွေ ငြိမ်းပြီး haze တွေ သက်သာဖို့ရှိပါတယ်။ cloud seeding အတွက် အလှူငွေ လာကောက်ရင်တော့ ထည့်လိုက်မယ်စိတ်ကူးတယ်။ http://www.straitstimes.com/breaking-news/se-asia/story/haze-update-indonesia-use-rain-making-technology-stop-fires-20130619
PSI reading နဲ့ပတ်သက်ပြီး အနည်းအများတွေကို မရှင်းလင်းတာကိုတွေ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မနေ့ကမှ ဖတ်မိတာနဲ့ အခုမှ ပြန်သတင်းပို့နိုင်ပါတယ်။ PSI က လေထဲမှာ ပါတဲ့ အနည်မှုန်အကြီးကိုတိုင်းတာဖြစ်ပါတယ်။ လူ့အဆုပ်ထဲဝင်လောက်တဲ့ ဆံချည်မျှင်ထက် ၁၃ စလောက်သေးငယ်တဲ့ အမှုန်တွေကိုတိုင်းတာကိုကြတော့ PM2.5 တိုင်းတယ်လို့ခေါ်ပါတယ်။ ဒါတွေက အရင်တုန်းက အသုံးပြုခဲ့တဲ့စနစ်တွေလို့သိရပါတယ်။ အမေရိကန်မှာတော့ AQI ဆိုလား၊ အဲဒါကို ပြောင်းသုံးပြီလို့သိရပါတယ်။ PSI နည်းတယ်များတယ်ဆိုတာ အမှုန်အကြီးပါဝင်မှု နည်းတယ်များတယ်လို့သာဆိုလိုပါတယ်။ လေထုထဲမှာ အဆုပ်ထဲရောက်နိုင်တဲ့ အမှုန်အမွှားတွေကိုတော့ PM2.5 နဲ့တိုင်းတာတယ်လို့သိရပါတယ်။ မလေးရှားမှာတော့ PM2.5 အတိုင်းအတာကို ထုတ်ပြန်ကြေငြာတဲ့အတွက် မတူသလိုဖြစ်နေတာပါ။ တကယ်တော့ လေထုအခြေအနေက တကယ်ဆိုးနေတာပါ။ နှစ်ပတ်ကနေ တစ်လအထိ အနည်းဆုံးကြာနိုင်တယ်လို့သိရပါတယ်။ သတင်းအသစ်တွေဖတ်မိရင်လည်း share ပါဦးမယ်။ (လေးစားစွာဖြင့် Z)

နောက်တစ်ခါ အလုပ်လျှောက်ရင် PSI 400 အထိ အလုပ်လုပ်နိုင်တာလေးပါ ထည့်ရေးလို့ရပြီ။

It is important to know.
စင်္ကာပူမှ အစ်မ၊ ညီမနဲ့ သူငယ်ချင်းများ -- အဝတ် ဒါမှမဟုတ် ဖော့ကို ရေဆွတ်ပြီး အနီးမှာထားပေးတာက မီးခိုးစုပ်ပြီး အသက်ရှုကြပ်တာကို ကာကွယ်ပေးပါမယ်။ ရေခြောက်သွားရင် ပြန်ပြန်ဆွတ်ပေးပါ။ အဆင်ပြေရင် လက်ဖက်ကို ထားပေးပါ။ အနံစုပ်သွားပေးပါလိမ့်မယ်။


PSI ကို ၄၀၀ အထိပဲ တိုင်းတာဖို့ သတ်မှတ်ထားတယ်လို့ မနေ့ကဖတ်လိုက်ရတယ်။ ၄၀၀ နဲ့ ၄၀၁ ဟာ ဘာမှမထူးဘူး။ ၃၀၀ ကို အပြတ်အသတ်ကျော်သွားကတည်းက မကောင်းတော့တာပဲ။ ၃၀၀ နဲ့ ၂၉၀ နဲ့လည်း ဘာမှမကွာဘူး။ အခုဟာက အင်ဒိုနီးရှားမှာ လောင်တာရော၊ ရှို့တာပါ ရပ်ဖို့ကို လုပ်မှ ဒီဘက်က သက်သာမှာ။ မဟုတ်ရင်တော့ urgent leaves 2 ပတ်ယူပြီး ရန်ကုန်မှာ လေပြန်ရှူဖို့စဉ်းစားရတော့မယ်။ အဖြေမရှာဘဲ ပြဿနာပဲရှာနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။
ဝမ်းသာစရာသတင်းလို့ပဲပြောရမလားမသိဘူး။ P.M2.5 လိုသေးငယ်လွန်းတာတွေကို မျက်နှာဖုံးတွေက filter က စစ်မထားနိုင်ဘူးဆိုတာ ဖတ်လိုက်ရပါတယ်။ မျက်နှာဖုံးဝတ်ထားတယ်ကွ။ သွားချင်ရာသွားလို့ရပြီလို့မတွေးမိစေဖို့ သတိပေးလိုက်ပါတယ်။ အနည်းအကျဉ်းလောက်တော့ သက်သာစေမယ်ထင်ပါတယ်။ မျက်နှာဖုံးတပ်ထားလို့ မသက်မသာခံစားနေရတဲ့သူတွေကတော့ သက်သာသလိုသာ နေကြပါ။ တစ်ချို့က မျက်နှာဖုံးတပ်လိုက်မှ ရှူလို့အဆင်မပြေတာဖြစ်တတ်တယ်လို့သိရပါတယ်။ ဂရုစိုက်ကြပါ။ အပြင်မထွက်ဘဲနေနိုင်ရင် ကောင်းပါတယ်။ ထွက်ကိုထွက်ရမယ်ဆိုရင်လည်း မြန်မြန်သွား၊မြန်မြန်ပြန်ဝင်ကြပါ။


"We can't tell how this problem is going to develop because it depends on the burning, it depends on the weather, it depends on the wind," he said.

"It can easily last for several weeks and quite possibly it could last longer until the dry season ends in Sumatra which may be September or October."

ဒါကတော့ အဘလီပြောတာပါ။ စက်တင်ဘာအထိသာ ဒီအတိုင်းဆိုရင်တော့ ကွန်ဒိုတွေအခွံလိုက်ကျန်မှာ။ လူတွေကတော့ နတ်ပြည်ရောက်ကုန်လောက်ပြီပေါ့ အဘရယ်။ သူပြောတာကို စဉ်းစားကြည့်ဖို့ပါ။ ကိုယ့်အထင်နဲ့ကိုယ် တနင်္လာနေ့လောက်ဆိုရင် သက်သာလောက်ပြီတွေးနေကြမှာစိုးပါတယ်။ အဆိုးမြင်တာမကောင်းသလို၊ အမှန်မမြင်တာလည်းမကောင်းပါဘူး။ ဖြစ်နိုင်ချေရှိတဲ့ အမြင်တစ်ခုလို့တောင်ဆိုချင်ပါတယ်။ တစ်ရက်တစ်ရက်မပြောနဲ့ တစ်ပတ်၊နှစ်ပတ်အထိတောင် ရှိနေဦးမယ့်သဘောပါပဲ။ သက်သာသွားဖို့ကိုပဲ မျှော်လင့်ရမှာပါ။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုရှိသူများ ပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ကြပါ။



Indonesian President Susilo Bambang Yudhoyono said "all the country's resources" would be mobilised to extinguish the fires. နိုင်ငံမှာရှိသမျှ မီးငြိမ်းသတ်ရေးအင်အားစု၊စက်ပစ္စည်းတွေအားလုံးကို မီးတွေငြှိမ်းဖို့ ရွှေ့ရလိမ့်မယ် ....။ လိမ့်မယ် ... လိမ့်မယ် ...၊ တစ်နေ့တစ်လံ ပုဂံ ဘယ်မရွှေ့လိမ့်မယ် ........။ မျှော်လင့်ချက်လေးနဲ့ဆွဲစရာ ကောက်ရိုးတစ်မျှင်ကလည်းဆွေးနေတယ်ဆိုတာမျိုး။

"Singapore should not act like children, making all that noise," Coordinating Minister for People's Welfare Agung Laksono said. (ရာထူးကကြီးကြီး၊ လူကပေါပေါဆိုတာ ဒါမျိုးလူတွေ)

http://www.aljazeera.com/news/asia-pacific/2013/06/201362063145903921.htmlဒီမှာ မီးငြှိမ်းနေတာတွေ့ရပါတယ်။ မီးသတ်သမား ၂၀၀ လောက်နဲ့ငြှိမ်းနေတာမနိုင်ဘူးလို့လည်း အယ်လ်ဂျာဇီးယားကနေပြောသွားပါတယ်။ ရေတွေကို ဗုံးကြဲသလို ကြဲချတာလည်း အလုပ်မဖြစ်ဘူးလို့ပြောပါတယ်။ တကယ်ငြှိမ်းနေတဲ့သူတွေပြောတာဆိုတော့ ပိုပြီး တိကျပုံရပါတယ်။ အကူအညီတွေကလည်း တောင်းထားတုန်းလို့ဆိုပါတယ်။ ကျနော်တို့ အသက်ကို မျှင်းရှူရင်းစောင့်ကြပါစို့။

စင်ကာပူကမဟုတ်တဲ့သူများ status တွေများနေတယ်ဆိုရင် hide ထားလိုက်ကြစေချင်ပါတယ်။ ဒီမှာတော့ အသက်ရှူရခက်တဲ့ပြဿနာရှိနေလို့ တွေ့သမျှ သတင်း update မှန်သမျှ ချက်ချင်းတင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ သမ္မတကိုယ်တိုင်ကလည်း အချင်းချင်း ဂရုစိုက်ကြပါမှာထားပါတယ်။ အရေးကြီးပြီဆိုရင်တော့ သွေးစည်းကြရပါမယ်။

ဒီတစ်ခုကတော့ အကျိုးသင့်အကြောင်းသင့်ရေးထားတာတွေ့ပါတယ်။ bloomberg ကရေးတာဖြစ်လို့ စီးပွားရေးအမြင် နည်းနည်းပိုပါပါတယ်။ သူပြောတာက စင်ကာပူကလူတွေခေါင်းကိုက်မှာမို့လို့ မီးမရှို့ပါနဲ့ဆိုပြီး ဆူမာတြားက ရွာသားရဲ့ ထမင်းအိုးခွဲတဲ့စကားမျိုးမပြောဘဲ၊ သူတို့အတွက် လိုတဲ့အကူအညီလည်းပေးပါမယ်၊ ပညာလည်းပေးမယ်။ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ win-win အဖြေတစ်ခုကို အကြုံပြုပါတယ်။ အဲဒါသိပ်ကောင်းတယ်ထင်မိတယ်။ အခက်အခဲနဲ့ကြုံလာရင် လူမိုက်က လူမိုက်လို ရှင်းချင်ပြီး၊ ပညာတတ်က ပညာတတ်လိုဖြေရှင်းစေချင်တာကို တွေ့နိုင်တယ်။ ပေါ့ပေါ့ပါးပါးဖြစ်အောင် Haze ကြောင့် ဖြစ်လာတဲ့ playlist လေးတောင် ထည့်ပေးလိုက်သေးတယ်။ The Haze Playlist:
"We Didn't Start the Fire" - Billy Joel
"Leave me breathless" - The Corrs
"Harder to Breathe" - Maroon 5
"Blurred Lines" - Robin Thicke
"Purple Haze" - Jimi Hendrix
"Smoke on the Water" - Deep Purple
"Smoke gets in your eyes" - Jo Stafford
"The Fog" - Kate Bush
"A Foggy Day" - Fred Astaire
"Firestarter" - Prodigy
"Beds are Burning" - Midnight Oil
"Light my Fire" - The Doors

ref: http://www.bloomberg.com/news/2013-06-20/singapore-haze-lately-things-just-don-t-seem-the-same.html





Peace B with U.