Friday, September 2, 2011

အောက်ဆီဂျင်ပါသောနေ့များ

အောက်ဆီဂျင်ပါသောနေ့များ


သောကြာနေ့မှာ ပေါ့ပေါ့ပါးပါး ပို့စ်တင်တင်လိုက်တယ်။ အခုတလော သစ္စာနီရဲ့ ဗြုတ်စဗျင်းတောင်း ရီးဗျူးဖတ်ရင်း အဲဒါမျိုးတွေရေးရင်ကောင်းမလားစဉ်းစားနေတယ်။

၁။ သာသာယာယာ။

မနေ့ညက Cars 2 သွားကြည့်ဖြစ်တယ်။ Mater က အဓိက ဇာတ်ဆောင်ဖြစ်သွားတယ်။ ပိုလည်းရယ်ရတယ်။ အခုတလော မိန်းမက သဘောကောင်းပြီး ရုပ်ရှင်တွေဘာတွေလိုက်ကြည့်နေတော့ ပျော်စရာပိုကောင်းလာတယ်။ အိမ်မှာတော့ ချစ်စရာ့ ပျိုကညာဆိုလား တရုတ်ကားတစ်ကားကို သူကြည့်နေတာ တစ်နှစ်ပြည့်တော့မယ်။ အခုအထိ မပြီးသေးလို့ ဒီလောက်တောင်ရှည်သလား မေးမေးနေရတယ်။ Cars ကို သူလည်းသဘောကျတာနဲ့ Cars 2 ကို လိုက်ကြည့်တယ်ထင်တယ်။ Animation မို့လို့ကြည့်တာလည်းဖြစ်နိုင်တယ်။ ပျော်စရာ ကာတွန်းကားလေးပါပဲ။ ဒီကားမှာတော့ စပိုင်တွေ ပါလာတော့ ပိုပြီးကြည့်လို့ကောင်းတယ်။ ဟာသတွေကလည်း ပိုရယ်ရတယ်။ Pixar ကထုတ်တဲ့အတွက် အင်မတန်မှ ကြည်လင်ပြတ်သားတယ်။ အသက်ဝင်တယ်။ 3D ကြည့်ရင်ပိုကောင်းနိုင်တယ်။ ကျွန်တော်ကတော့ 3D မကြိုက်တဲ့အတွက် 2D ပဲအားပေးတယ်။

၂။ ပလာတာ၊ ပြည်ကြီးငါး၊ နှင့် ကျားအိမ်ထောင်ရှင်

အခုတလော ဈေးသွားဝယ်ဖြစ်တယ်။ တွန်းလှည်းလေးသယ်သွားတဲ့နေ့ဆို ပြန်လာရင် တွန်းလှည်းအပြည့်ပဲ။ ဘာတွေ ၀ယ်လာမှန်း အိမ်ပြန်ရောက်မှ ထုတ်ကြည့်ရင်းပြန်စဉ်းစားရတယ်။ japan home က ဈေးပေါပြီး ချစ်စရာကောင်းတာတွေ တော်တော်များများလည်း အိမ်ရောက်နေပြီ။ ဟင်းချက်တဲ့နေရာမှာလည်း အခုဆို လက်ထောက် ရာထူးလောက်ရောက်ပြီ။ ပုစွန်ခွာတာတို့ ပြည်ကြီးငါးလှီးတာတို့ ငရုပ်ဆုံထောင်းတာတို့မှာ certified ဖြစ်ပြီ။ ကြက်ဥကြော်နဲ့ ပလာတာကြော်မှာတော့ distinctions ပါထွက်တယ်။ (flying colors နဲ့) ပျံသန်းနေတဲ့အရောင်များစွာနဲ့ တောက်တောက်ပပ အောင်မြင်မယ့်သဘောရှိတယ်။


၃။ နည်းနည်းတော့ရူးနေတယ်။

MPH မှာ စာအုပ်ဝယ်ရင်း classics တွေကို သုံးအုပ်တစ်ဆယ်ဆိုတော့ ကြိုက်တာ သုံးအုပ်ယူလိုက်တယ်။ နောက်တော့ ငါ ဒါတွေ မဖတ်အားသေးပါဘူး။ ဖတ်မယ့်စာအုပ်ပဲ အရင်ဝယ်မယ်ဆိုပြီး ပြန်ထားခဲ့ဖို့လုပ်တယ်။ နောက်တော့ ငါ့ကလေးတွေကြရင် ဖတ်ချင်ဖတ်လို့ရတာပေါ့ဆိုပြီး ၀ယ်လာလိုက်တယ်။ နောက်တော့မှ မိန်းမရေ ငါတော့ ငါးနှစ်စီမံကိန်းများလုပ်နေမိလားမသိဘူး။ ဒါမှမဟုတ် နည်းနည်းတော့ရူးနေပြီထင်တယ်လို့ပြောဖြစ်တော့ သူက ဒါမှမဟုတ် မှန်တယ်လို့ပြောတယ်။

၎။ကလေးအတွက်

Colgate က အခမဲ့သွားစမ်းသပ်စစ်ဆေးပွဲလေးတစ်ခု Bedok မှာလုပ်တယ်။ အဲဒါကို စိတ်မ၀င်စားဘူး။ စိတ်ဝင်စားတာက ကလေးတွကို ပူဖောင်းလေးတွေပေးတယ်။ မိန်းမကို ပူဖောင်းလေးတစ်ခုပေးချင်တာနဲ့ ကလေးအတွက် တစ်ခုလောက်ဆိုပြီးတောင်းလာခဲ့တယ်။

၅။သံဝေဂ

တနင်္ဂနွေနေ့ညမှာ သူငယ်ချင်းမိသားစုဆီရောက်တယ်။ သူတို့ရဲ့ တစ်နှစ်ကျော် သမီးလေး ဆော့နေတာ၊ ပြေးလွှားနေတာကိုမြင်ပြီး ဘုရားတမိတယ်။ မိန်းမရေ ...၊ ဒါမျိုးမွေးထားရင်တော့ ငါတို့တော့ စောစောစီးစီး ကျွတ်တမ်းဝင်သွားနိုင်တယ်။ (စုတ်သပ်ပြီး တစ်ယောက်နဲ့တစ်ယောက် သနားပါတယ် ကျွတ်ကျွတ်ကျွတ် လုပ်နေရမှာကိုပြောတာပါ။ နိဗ္ဗာန်ရောက်သွားတဲ့ ကျွတ်တမ်းဝင်တာမျိုးမဟုတ်ပါဘူး။)။ အဲဒါနဲ့ ကလေးယူဖို့ကို နှစ်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်။

၆။ စိတ်နေမြင့်သူ

စိတ်နေမြင့်တယ်ဆိုတာ ဘ၀င်မြင့်တာကို ယဉ်ကျေးအောင်ပြောတာ။ Japan Home မှာ Jigsaw အခု တစ်ထောင်ပါတာ ၀ယ်လိုက်ကြတယ်။ လင်မယားနှစ်ယောက်စလုံးက Jigsaw မာန ကြီးတယ်။ Jigsaw နဲ့ပတ်သက်ရင် အချင်းချင်းတောင်သည်းခံတာမဟုတ်ဘူး။ Laptop နှစ်လုံးနဲ့ online က Jigsaw တွေ ဘယ်သူအရင်ပြီးလဲ အမြဲပြိုင်ဆက်တယ်။ Iphone မှာလည်း App ထည့်ထားပြီးဆော့တယ်။ သိတယ်မလား။ ဒါမျိုးတွေက ကျွမ်းကျင်မှုနဲ့ စိတ်ရှည်မှုလိုတယ်။ မြန်မြန်ပြီးအောင် မဆက်နိုင်လို့ အမြဲရှုံးတယ်။ Jigsaw အခု တစ်ထောင်၊ နှစ်ပေxတစ်ပေခွဲလောက် Jigsaw ကြီးကို ကြမ်းပြင်ပေါ်မှာချပြီးဆက်ကြတာ အခုဆိုရင် ၄၀ ရာခိုင်နှုန်းလောက်ပြီးပြီ။ တကယ်ဝယ်ချင်တဲ့ဟာက Marina Square ဆိုင်က Jigsaw တွေ။ ဆက်ပြီးရင် ဘောင်သွင်းပြီး ကော်ကပ်ထားရတဲ့ဟာတွေ။ ဈေးက ၃၅ SGD လောက်ကစတော့ မ၀ယ်နိုင်သေးဘူး။ Japan Home က Jigsaw ကပုံတွေတော့ သိပ်မလှဘူး။ ဈေးကတော့ သိပ်ပေါတယ်။ 3.5 SGD ပဲရှိတယ်။ အခုတော့လည်း ကိုယ့်ဒေါသနဲ့ကိုယ် အိပ်ရေးပျက်ခံပြီး ညတိုင်း ဆက်နေကြတုန်းပဲ။

၇။ မ လွှင့်ပစ်။

အိမ်မှာ အဲဒီလိုသတ္တ၀ါ အမလေးတစ်ယောက်ရှိတယ်။ Earphone ပျောက်နေလို့ လိုက်ရှာတော့။ headphone က foam နည်းနည်းကွာနေတာနဲ့ပစ်လိုက်ပြီတဲ့။ စာရွက်စာတမ်းတွေလည်း တွေ့ကရာနေရာချထားလို့ကတော့ မလွှင့်ပစ် လက်ချက်မိတာပဲ။ Bills တွေကလည်း online ကကြည့်လို့ရတာပဲ။ ဘာလုပ်ဖို့သိမ်းထားမှာလဲလို့ပြောတယ်။။ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက တစ်ယောက်နဲ့တစ်ယောက်ခင်လာတာဆိုတော့ သူလွှင့်ပစ်တာကိုလည်း မပစ်ပါနဲ့ပြောရခက်တယ်။ မပစ်နဲ့ဆို မိတ်ပျက်သွားမယ်။ အဟောင်းတွေကို သံယောဇဉ်တွယ်တာတွေကိုလည်း ကိုယ့်ဘာသာကိုယ် သတိထားမိတယ်။ အ၀တ်အစားဆိုလည်း ဒီလိုပဲ။ ဘယ်အ၀တ်က ကိုယ့်ဘာသာဝယ်ထားတာ၊ နည်းနည်းဟောင်းရင် ပစ်လိုက်ရတယ်။ ဒါကတော့ အမှတ်တရ လက်ဆောင်ရထားတာ။ ပစ်လို့မဖြစ်သေးဘူး။ နောက်ဆုံးမ၀တ်တော့ရင် သိမ်းထားဦးမှာ။ ဖုန်းရွှေအရတော့ များများပစ်တာကောင်းတယ်။ အများဆုံးပစ်ဖြစ်တာတော့ T-shirts တွေပဲ။ သုံးလေးလတစ်ခါပစ်တယ်။ စင်ကာပူမှာလည်း အမှိုက်ပုံးကဟာတွေ လာယူတဲ့ဆင်းရဲသားတွေရှိတာပဲ။ သူတို့အတွက် အထုပ်တစ်ထုပ်နဲ့သေချာထုပ်ပြီး အမှိုက်ပုံးဘေးမှာပစ်တဲ့အခါတွေမှာတော့ မ လွှင့်ပစ်ကိုပဲ အားကိုးရတာပဲ။

၈။ကြယ်ပုလင်းရှာပုံတော်။

လွန်ခဲ့တဲ့ ၉ နှစ်လောက်တုန်းက မိန်းမ ခေါက်ပေးထားတဲ့ ကြယ်တွေကို မတ်ခ်ျလ ရန်ကုန်ပြန်တော့ ပြန်ယူလာခဲ့တယ်။ ပုလင်းက သိပ်မလှတာနဲ့ လှတဲ့ကြယ်ပုလင်းလိုက်ရှာတာ လေးလရှိပြီ တစ်ခုမှ စိတ်ကြိုက်မတွေ့သေးဘူး။ စိတ်ကြိုက်တွေ့တာကြတော့ အဖုံးမပါဘူး။ အဲဒါကို ပဲ ၀ယ်လာပြီး အဖုံးကို ကိုယ့်ဘာသာကိုယ် လုပ်ပြီး ပိတ်ထားလိုက်မှပဲ ကိစ္စအေးတော့တယ်။ ငယ်ကတည်းက ကျွန်တော်တို့ရဲ့ဝါသနာက ကြယ်ကြည့်တာပဲ။ ကြယ်တွေကို ကြည့်နေရရင်ကိုပျော်တာ။ မ twinkle ရင်လည်း ဂြိုဟ်တွေ ကြယ်တွေ ခွဲမနေဘူး။ ကြည့်လိုက်တာပဲ။ ကြယ်အစုံဆုံးညကတော့ ကျိုက်ထီးရိုးတောင်ပေါ်မှာသူငယ်ချင်းတစ်အုပ်ကြီး လမ်းလျှောက်ရင်းကြည့်ခဲ့ဖူးတဲ့ညပဲ။ ပြန်စဉ်းစားကြည့်လိုက်ရင် ခဏလေးလိုပဲ။ ဒါပေမယ့် အချိန်တွေဟာ မျက်တောင် တစ်ခါခတ် တစ်နှစ် နှုန်းနဲ့ ဖြတ်သန်းခဲ့ရသလိုပဲ။ သိပ်မြန်လွန်းနေတယ်။

၉။ ဘာသာပြန်ဆရာ

ကြောင်သတ်သမားပြီးသွားတော့ xanthos တို့ကနောက်တယ်။ မင်း ကြောင်တွေပါ သတ်ကြည့်နေတာလား၊ကြာလိုက်တာတဲ့။ ဘယ်လောက်ကြာကြာ မင်းရဲ့ အင်တာဗျူးဘာသာပြန်ထက်တော့ မြန်တယ်လို့ပဲပြောလိုက်တယ်။ သူအင်တာဗျူးတစ်ခုကို ဘာသာပြန်မယ်ဆိုပြီးပြောထားတာ နှစ်လကျော်ပြီ၊ ပေါ်မလာတော့ဘူး။ ဘာသာပြန်ရတာပျော်စရာကောင်းပါတယ်။ အချိန်နည်းနည်းပိုပေးရတာတစ်ခုပဲ။ နောက်လည်း အချိန်ရတဲ့အခါ ဘာသာပြန်ထားတာတွေ တင်လိုက်ပါမယ်။ ဘာသာပြန်တယ်ဆိုတာလည်း အတတ်ပညာနဲ့ပြန်တာနဲ့ အနုပညာနဲ့ပြန်တာကွာဦးမယ်ထင်ပါတယ်။ အချိန်ဘယ်လောက်ယူပြီး ဘယ်လောက် analyse လုပ်သလဲဆိုတာပေါ်မူတည်ပြီး အရသာပြင်းအားကွာသွားမယ်ထင်ပါတယ်။ အရင်လည်းပြောဖူးပါတယ်။ မြသန်းတင့်က ကြွေကရားလေးတစ်ခုအကြောင်း မသိလို့ အဲဒီနိုင်ငံသံရုံးမှာ သွားကြည့်ပြီးမှရေးတယ်ဆိုတာ။ အဲဒါကို အပိုလုပ်တယ်လို့ထင်ရင် ဘာသာပြန်တာကို ခံစားချက်မပါဘဲ လုပ်တယ်တောင်ထင်မိကြနိုင်တယ်။ ဘာသာပြန်တဲ့သူတွေဟာ သူတို့ကြိုက်တာကို ဘာသာပြန်ရင် ပိုပြီး အရသာရှိနေတတ်တယ်။

၁၀။ ကျွန်တော်နှင့်ဓားသုံးလက်။

အိမ်မှာ မိန်းမ၀ယ်ပေးထားတဲ့ ဆာမူရိုင်း ဓားသုံးလက်ရှိတယ်။ Display set ပါပဲ။ ခပ်သေးသေးလေးတွေ။ အရှည်ဆုံးကမှ တစ်ပေခွဲလောက်ရှိပါတယ်။ အဲဒီ ဓားတွေကို ခဏခဏ ထုတ်ကြညှ်ု ဆော့ကြည့်နဲ့မို့လို့ မိန်းမကလည်းမျက်စိနောက်ပုံရပါတယ်။ စင်ကာပူမှာ Display အတွက် ဓားကိုတောင် လိုင်စင်ရှိရပါတယ်။ အိမ်ကဓားတွေမှာတော့ ၀ယ်ထားတဲ့ company ရဲ့ လိုင်စင်ရှိပါတယ်။ ဒီမှာ ပြဿနာက ဓားပျောက်သွားပြီး၊ အဲဒီဓားနဲ့ မူခင်းကျူးလွန်ရင် ဓားကို လိုင်စင်ယူထားတဲ့ company က ရှင်းရပါတယ်။ လူမြင်ကွင်းမှာ ဓားကို မဆော့ရပါဘူး။ အဲဒါဆိုရင် ရဲရောက်လာပါတယ်။ လိုင်စင်တောင်းပါတယ်။

ကျွန်တော်ကတော့ ဂျပန်တွေရဲ့ ယဉ်ကျေးမှုတစ်ချို့ကိုကြိုက်ပါတယ်။ ဂျပန်တွေဟာ တစ်သက်လုံးစုလာသမျှကို ဓားကောင်းကောင်းလေးဝယ်ကြပါတယ်။ သူတို့ဝယ်လိုက်တဲ့ဓားရဲ့တန်ကြေးပေါ်မူတည်ပြီး သူတို့ရဲ့ ကြွယ်ဝမှုကိုဖော်ပြကြတယ်လို့ပြောပါတယ်။ ဈေးကြီးတဲ့ဓားတွေဝယ်တာကိုတော့မကြိုက်ပါဘူး။ ဓားတစ်လက်ကို တန်ဖိုးထားတာကိုတော့ ကြိုက်ပါတယ်။

ငယ်တုန်းက သစ်သားနဲ့လုပ်ထားတဲ့ ကင်ဒိုတွေနဲ့ YMCA မှာဆော့ကြတာကိုလည်း သတိရပါတယ်။ ကင်ဒိုကိုတော့ ပိုကြိုက်ပါတယ်။ ဆာမူရိုင်းဓားတွေက ထိပ်ချွန်နေပါသေးတယ်။ ကင်ဒိုလို ထိပ်ဦးတုံးတုံးလေးမဟုတ်ဘူး။ ကင်ဒိုကတော့ ခုတ်ဓားအမျိုးအစားဖြစ်တဲ့အတွက် ထိပ်ဦးချွန်စရာမလိုပါဘူး။ မိန်းမကတော့ သူ့ဗိုက်ပေါ် သခွားသီး တင်ခုတ်မှာစိုးလို့ မ၀ယ်ပေးသေးဘူးထင်တာပဲ။

၁၁။ ဘာပဲဖြစ်ဖြစ် သောကြာနေ့တွေရှိနေသေးတဲ့ကမ္ဘာဟာ သာယာတာပါပဲ။
TGIF->Thanks God (or Goodness) It's Friday. Katy Perry ရဲ့သီချင်းလေးနဲ့ ရှည်လျားတဲ့ စက်တင်ဘာကို ဆက်လက်ကူးဖြတ်ကြပါစို့ ညီနောင်/မောင်မယ်တို့။

Ref:



Notes.
Still lost in thought. The poem of September-sick will never ends. The best tragedy is the life, it's short but painful. I am quite far away from my soul now. Tomorrow will be a November, at least I wish.... September and me, we both have mutual hatred. This seems to be growing for few years ... from worse to the worst. The only thing suitable for stubborn,indecisive month is just to read old poems again and try to make the memory as blank as possible. Why in September? We don't know, life is not a prescribed text with answers in the last pages. The definition of Life in three words: "Juz an Accident"!!!!!!!!!!





Peace B with U.

Thursday, September 1, 2011

ကြောင်သတ်သမား ဂျော်နီဝေါ်ကား အပိုင်း (၅) ၊ ဇာတ်သိမ်းပိုင်း

အဟဲ ... စနေနေ့ဆိုပြီး ပျောက်သွားလိုက်တာ တစ်ပါတ်ကျော်သွားတယ်။ Blog ထက် အရေးကြီးတာတွေ ပိုများလာတယ်ထင်တယ်။ အသက်ကြီးလာတော့ လုပ်စရာကိုင်စရာများသထက်များလာတယ်။

မူရာကာမိစာအုပ်တွေ series လိုက်ဝယ်ပစ်လိုက်တယ်။ Borders ကလည်း ၀ယ်နေကျဆိုင်ပိတ်သွားပြီဆိုတော့ Popular နဲ့ MPH ကိုပြောင်းပြီးအားပေးဖြစ်တယ်။ Borders လောက်စာအုပ်မစုံပေမယ့် ဆက်ဆံရေးပိုကောင်းတာကိုတော့ကျေနပ်မိတယ်။ မူရာကာမိ ခြောက်အုပ်တော့ ၀ယ်ပြီးပြီ။ စာအုပ်စင်ဝယ်ထားတာကတော့ ရှေ့တစ်ပါတ်လောက်ရောက်မယ်။ ဒီနေ့လည်း ပုစွန်ခွာခြင်း အနုပညာနဲ့ ပြည်ကြီးငါး လှီးခြင်းအနုပညာမှာစီးမျောနေတာနဲ့ စာရေးတဲ့ဘက်ကိုမရောက်ဘူး။ ဘာပဲဖြစ်ဖြစ် ပျော်ပါတယ်။ ဟင်းချက်တာကူရင်းဖြစ်ဖြစ်၊ သန့်ရှင်းရေးလုပ်ရင်းဖြစ်ဖြစ်၊ စာဖတ်ရင်းဖြစ်ဖြစ်၊ စိတ်ချမ်းသာနေရင် ဘ၀ဟာတန်ပါတယ်။ မူရာကာမိရဲ့ အမာခံပရိသတ် တစ်ယောက်ပြောတဲ့ The wind-up bird chronicle စာအုပ်ကို လိုက်ရှာဝယ်တာ ရသွားလို့လည်း ပျော်လိုက်ရပါသေးတယ်။ Staticstics တွေအရတော့ ဂျော်နီဝေါ်ကားကို လာဖတ်တဲ့သူနည်းပါတယ်။ အဲဒါကိုလည်း သဘောကျပါတယ်။ ကိုယ်ကြိုက်တာတွေ များများလုပ်ဖြစ်တာကို ကျေနပ်ပါတယ်။ ဒီတစ်ခေါက်ပို့စ်ကတော့ စံချိန်တင်ရှည်လျားပါတယ်။ မရေးခင်ကတည်းက xanthos တို့က အပိုင်းလေးနဲ့ငါး တစ်ခုခုတော့ မဟားတရားရှည်တော့မှာပဲဆိုပြီး ပြောပါတယ်။ အရှည်ဆုံးကို နောက်ဆုံးမှ ရေးလိုက်ပါတယ်။ အားလုံးပေါင်းပြီး pdf လေးတစ်ခုလုပ်ပါမယ်။ မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့လုပ်ဖြစ်မယ်ထင်ပါတယ်။ အမှတ်တရတစ်ခုပါပဲ။ ဘ၀ရဲ့ နောက်ထပ် တစ်ဆစ်ချိုးတစ်ခုမှာ မှတ်မှတ်ရရ ဘာသာပြန်ဖြစ်လိုက်တဲ့ ကြောင်သတ်သမား အကြောင်းကို ကျွန်တော် အမြဲ အမှတ်တရရှိနေဦးမှာပါ။

ဒီစာအုပ်ကိုဖတ်ရတာ စာမသွားဘူး။ အချိန်အများကြီးပေးပြီးဖတ်ဖြစ်တယ်။ သိပ်လည်းကြိုက်တယ်။ စာရေးဆရာရဲ့ အားထုတ်မှု အသေးစိတ်လေးတွေက အစသဘောကျတယ်။ ကြိုက်တာတွေ တော်တော်များများရှိလို့ အားလုံးကို ဘာသာပြန်နိုင်မှာမဟုတ်ဘူးလို့ လက်ခံလိုက်ရတယ်။( တခြားသူတွေကို ဘာသာပြန်ဖို့လည်း တိုက်တွန်းလိုက်တယ်။) အချိန်နည်းနည်းရရင် ဒီစာအုပ်ကိုဖတ်ကြည့်စေချင်တယ်။ မူရာကာမိရဲ့ ရေးဟန်ကို ကြိုက်တဲ့သူတွေ တော်တော်များပါတယ်။ သူ့စာအုပ်ထဲမှာ ဇာတ်ကောင်တိုင်းဟာ အသက်ဝင်တယ်။ ပြဿနာတစ်မျိုးစီရှိတယ်။ ကျွန်တော်တို့ဆီမှာလည်း ပြဿနာတစ်မျိုးစီရှိုတယ်ဆိုတော့ သူ့ဇာတ်ကောင်တွေကိုကြိုက်တယ်။ အထူးသဖြင့် ဂျော်နီဝေါ်ကားကို ကြိုက်တယ်။ ဇာတ်သိမ်းပိုင်းလေး ဖတ်ကြည့်လိုက်ပါဦး။

ကြောင်သတ်သမား ဂျော်နီဝေါ်ကား အပိုင်း (၅) ၊ ဇာတ်သိမ်းပိုင်း

တစ်ကောင်တော့ကြွပြီ လို့ဂျော်နီဝေါ်ကားက သွေးတွေစွန်းနေတဲ့ သူ့လက်ကို နာကာတာရှေ့မှာ ဖြန့်ကားရင်း ပြောလိုက်တယ်။ မနှစ်မြို့စရာကြီးလို့ မင်းထင်လား။ မင်းအနေနဲ့ သိပ်ကောင်းပြီး လတ်ဆတ်တဲ့ နှလုံးတစ်ခုကို အရသာခံသုံးဆောင်နိုင်ပေမယ့် ဘယ်လောက်သွေးစွန်းလည်းဆိုတာ မင်းကြည့်လိုက်မဟုတ်ဘူး။ ငါ့လက်တွေက ပင်လယ်ပေါင်းများစွာကို ပန်းရောင်လွှမ်းစေမှာ။ အစိမ်းတွေကို နီစေမှာ။ မာ့ခ်ဘတ်သ်ထ် ထဲကစာသားပေါ့။ (MacBeth ဆိုတာ ရှိတ်စပီးယားပြဇာတ်တစ်ခုပါပဲ။The Tragedy of Macbeth) ဒါကလည်း မာ့ခ်ဘတ်သ်ထ်လောက်မဆိုးသေးဘူးလေ။ ဒါပေမယ့် အ၀တ်အစားအခြောက်လျှော်တဲ့စရိတ်စက ဘယ်လောက်များလဲဆိုတာ (များလွန်းလို့) မင်းယုံနိုင်မှာတောင်မဟုတ်ဘူး။ ဒါက တကယ့်ကို အထူးစပယ်ရှယ် အ၀တ်အစားကွ၊ ငါ ခွဲစိတ်ခန်းသုံးဝတ်ရုံနဲ့ လက်အိတ်တွေဝတ်ဆင်ခဲ့သင့်တယ်။ ဒါပေမယ့် ငါ မလုပ်နိုင်ဘူး။ ပြောရမှာတော့ အားနာတယ်ကွာ၊ နောက်ထပ် ဥပဒေသတစ်ခုပေါ့။

နာကာတကာက တစ်လုံးမှ ပြန်မပြောဘူး။ သူ့စိတ်ထဲမှာ တစ်ခုခုက စပြီး အင်အားကောင်းကောင်းလာတယ်။ အခန်းက သွေးညှီနံ့လွှမ်းနေတယ်။ ဆူညံပြင်းပြတဲ့ Heigh-Ho တေးသွားကလည်း သူ့နားထဲ မြည်ဟည်းနေတယ်။

ဂျော်နီဝေါ်ကားက နောက်ထပ်ကြောင်တစ်ကောင်ကို အိတ်ထဲက ဆွဲထုတ်လိုက်တယ်။ အဖြူရောင်ကြောင်မတစ်ကောင်။ သိပ်တော့လည်း အသက်မငယ်ဘူး။ သူ့ရဲ့အမြီးဖျားမှာ နည်းနည်းကောက်နေတယ်။ အရင်လိုပဲ သူက ကြောင်ခေါင်းကို ခဏ ပုတ်လိုက်တယ်။ ပြီးတော့ သူမရဲ့( ကြောင်မလေးရဲ့) ၀မ်းဗိုက်အောက်က မမြင်ရတဲ့ လိုင်းလေးကို သာသာယာယာ စမ်းတယ်။ ခွဲစိတ်ဓားကို ထုတ်လိုက်ပြီး ရင်ဘတ်ကို ခွဲချလိုက်ပြန်တယ်။ ကျန်တာတွေကတော့ အရင်လိုပဲ။ တိတ်ဆိတ်တဲ့အော်သံ (ကြောင်တွေက လျှာတွေ လေဖြတ်သလိုဖြစ်နေတော့ အော်သံတွေက တိုးတိုးလေးထွက်လာတာမျိုး)။ အသက်ငင်နေတဲ့ကြောင်ရဲ့ရုန်းကန်မှု၊ ကလီစာတွေထွက်ကျလာ၊ သွေးတလိမ်းလိမ်း နှလုံးကိုဆွဲထုတ်၊ နာကာတာ့ကိုပြ၊ သူ့ပါးစပ်ထဲပစ်ထည့်၊ ဖြည်းဖြည်းချင်းကြိတ်ဝါး။ ကျေနပ်နေတဲ့အပြုံး။ သွေးတွေကို လက်ခုံနဲ့သုတ်။ အရာအားလုံးဟာ Heigh-Ho! သီချင်းအလိုက်လေးနဲ့။

နာကာတာဟာ မျက်လုံးတွေပိတ်ထားပြီး ထိုင်ခုံထဲမှာ နစ်မြုပ်တိုးဝင်ထိုင်နေတယ်။ သူ့ခေါင်းကို လက်နှစ်ဖက်နဲ့အုပ်ထားတယ်။ လက်ချောင်းတွေနဲ့ နားထင်ကို တူးဖော်နေသလို ကုတ်ခြစ်နေတယ်။ သူ့စိတ်ထဲမှာ တစ်ခုခု နိုးထလာသလိုဖြစ်လာတယ်။ ကြောက်စရာကောင်းတဲ့ ရှုပ်ထွေးမှုဟာ သူ့ရဲ့ဖြစ်တည်မှုကို ပြောင်းလဲပစ်နေတယ်။ သူအသက်ရှူတာ သိပ်မြန်နေတယ်။ ပြင်းထန်စူးရှတဲ့ နာကျင်မှုဟာ သူ့ရဲ့ဇက်ကြောမှာ တဒုတ်ဒုတ်ဖြစ်နေတယ်။ သူ့ရဲ့ကြံစည်အတွေးတွေဟာ ရိုင်းရိုင်းကြမ်းကြမ်း ပြောင်းလဲနေတယ်။

မစ္စတာ နာကာတာ လို့ ဂျော်နီဝေါ်ကားက ရှင်းရှင်းပြတ်ပြတ်ခေါ်လိုက်တယ်။မင်းငါ့ဆီအရုပ်ကြိုးပျက်လဲကျမလာနဲ့ဦးနော်။ ငါတို့က အခုမှ တကယ့် အဖြစ်အပျက်ရဲ့ အစပဲရှိသေးတယ်။ ဒါက အဖွင့်အခန်းတွေပေါ့ကွာ။ သွေးပူလေ့ကျင့်ခန်းလေးပေါ့။ အခုမှ ငါတို့ တကယ့်အစီအစဉ်ကိုရောက်ပြီပေါ့ကွာ။ မျက်လုံးတွေကို ဖွင့်ထားပြီး သေချာကြည့်စမ်းပါ။ ဒီဟာက အကောင်းဆုံးအပိုင်းပဲ။ ငါမင်းအတွက် ဘယ်လောက်အပင်ပန်းခံပြီး ဒီဖျော်ဖြေပွဲလေးလုပ်ပေးတယ်ဆိုတာမင်အသိအမှတ်ပြုကျေးဇူးတင်လိမ့်မယ်လို့ ငါမျှော်လင့်မိတယ်။

သူ့ရဲ့တေးသွားလေးကို လေချွန်ရင်း သူက နောက်ထပ်ကြောင်တစ်ကောင်ကို ဆွဲထုတ်လိုက်တယ်။ ထိုင်ခုံမှာ နစ်ဝင်နေရင်းနဲ့ နာကာတာက သူ့မျက်လုံးတွေကိုဖွင့်ရင်း နောက်ထပ် အလှည့်ကျမယ့် သတ္တ၀ါလေးကိုကြည့်လိုက်တယ်။ သူ့စိတ်က လုံးဝကို ကွက်လပ်ဖြစ်နေတယ်။ သူလုံးဝမထနိုင်ဘူး။

မင်းတို့နှစ်ယောက်သိပြီးသားလို့ ငါယုံကြည်ပါတယ်။ ဂျော်နီဝေါ်ကားကပြောတယ်။ ဒါပေမယ့် ငါမင်းတို့နှစ်ယောက်ကို မိတ်ဆက်ပေးပါရစေ။ မစ္စတာနာကာတာ ဒါကတော့ မစ္စတာ ကာဝါမူရာပါ။ မစ္စတာ ကာဝါမူရာ၊ ဒါကတော့ မစ္စတာနာကာတာပါ။ ဂျော်နီဝေါ်ကားဟာ သူ့ဦးထုပ်လေးကို တို့လိုက်ရင်း ပြဇာတ်သရုပ်ဆောင်နေသလိုအမူအရာနဲ့ နာကာတာကို အရင်မိတ်ဆက်ပေးပြီး၊ နောက်တော့ လေဖြတ်သလိုဖြစ်နေတဲ့ကြောင်ကို မိတ်ဆက်ပေးလိုက်တယ်။

(အဟဲ .. ကြားဖြတ်ပြီး နည်းနည်းရှင်းပြရရင် ကာဝါမူရာနဲ့ နာကာတာနဲ့ကသိပြီးသား။ သူက ကြောင်လေး ဂိုမာကို လိုက်ရှာတော့ ကာဝါမူရာနဲ့တွေ့ခဲ့ဖူးတယ်။ သူတို့စကားစမြည်ပြောခဲ့ကြသေးတယ်။ ဤကား စကားချပ်/စကားဖြတ်/စကားညှပ် တည်း။)

အခုမင်း သူ့ကို ဟဲလိုလို့နှုတ်ဆက်လိုက်ပါဦး။ ပြောရမှာတော့ အားနာတယ်။ ငါတို့က အခုပဲခွဲခွာရတော့မှာ။ ဟဲလို ၊တာ့တာ ဘိုင်ဘိုင်။ သူတို့ပြောကြသလို မုန်တိုင်းမှာကြေပျက်သွားတဲ့ပန်းပွင့်တွေလိုပဲ လူ့ဘ၀ဟာ ရှည်လျားတဲ့ နှုတ်ဆက်ခြင်းတစ်ခုပဲ။ သူက ကာဝါမူရာရဲ့ ပျော့ပြောင်းတဲ့ ၀မ်းဗိုက်ကို ညင်ညင်သာသာပွတ်သပ်ပေးတယ်။ ငါ့ကို ဟန့်တားမယ်ဆိုရင် မင်းအခုတားပေတော့ မစ္စတာနာကာတာ။ အချိန်ဟာ တစ်ချက်ချက်မြည်ပြီး ကုန်ဆုံးသွားမယ်။ ငါကလည်း တွန့်ဆုတ်နေမှာမဟုတ်ဘူး။ ဖိန့်ဖိန့်တုန်ကျော်ကြားတဲ့ ကြောင်သတ်သမား ဂျော်နီဝေါ်ကားရဲ့ အဘိဓာန်မှာ မင်းရှာမတွေ့နိုင်တဲ့စကားလုံးက တွန့်ဆုတ်မှုပဲ။

တကယ်လဲ သူဟာ လုံးဝ ဘာမှမတွန့်ဆုတ်ဘဲ ကာဝါမူရာရဲ့ ၀မ်းဗိုက်ကိုခွဲချလိုက်တယ်။ ဒီအချိန်မှာတော့ ကြောင်အော်ဟစ်သံဟာ ကြားလိုက်ရတယ်။ ကြောင်ရဲ့လျှာဟာ ဆေးကြောင့် လေဖြတ်သလို နည်းနည်းမှ မလှုပ်နိုင်လောက်အောင်ဖြစ်မနေလို့လည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် နာကာတာ တစ်ယောက်တည်း ကြားရတဲ့ ထူးခြားတဲ့အော်ဟစ်သံမျိုးလည်းဖြစ်နိုင်တယ်။ အင်မတန်ဆိုးရွားတဲ့ အသေအလဲနာကျင်ကြောက်ရွံ့တဲ့အော်ဟစ်သံပေါ့။ နာကာတာဟာ မျက်လုံးကို မှိတ်ထားပြီး တုန်ယင်နေတဲ့ဦးခေါင်းကို လက်နှစ်ဖက်နဲ့ကိုင်ထားတယ်။

မင်းဒါကိုကြည့်ရမယ်။ ဂျော်နီဝေါ်ကားက အမိန့်ပေးတယ်။ ဒါဟာ ငါတို့ရဲ့ နောက်ထပ် ဥပဒေသတစ်ခုပဲ။ မျက်လုံးတွေမှိတ်ထားတာဟာ ဘာကိုမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ မင်းဘာဆက်ဖြစ်နေတယ်ဆိုတာ မမြင်ရရုံနဲ့ (တကယ်ဖြစ်နေတဲ့) ဘယ်အရာကမှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ တကယ်တော့ မင်းမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ ပိုဆိုးရွားသွားတာကို မြင်ရတာပဲရှိမယ်။ ဒါဟာ ငါတို့နေနေတဲ့ကမ္ဘာပေါ့ မစ္စတာ နာကာတာ။ မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ထားပါ။ သူရဲဘောကြောင်သူတွေသာ မျက်လုံးမှိတ်ခဲ့ကြတယ်။ မျက်လုံးကို မှတ်ထားပြီး နားကိုပိတ်ထားရုံနဲ့ အချိန်တွေဟာ ရပ်တန့်မသွားပါဘူး။

နာကာတာဟာ သူပြောတဲ့အတိုင်း မျက်လုံးတွေကိုဖွင့်လိုက်တယ်။

နာကာတာမျက်လုံးတွေကိုဖွင့်ပြီဆိုတာ သေချာမှ ဂျော်နီဝေါ်ကားက ကာဝါမူရာရဲ့ နှလုံးကို အငမ်းမရစားသောက်တဲ့ တင်ဆက်မှုကိုလုပ်ပြတယ်။ အချိန်ပိုပြီးကြာကြာ အရသာခံပြတယ်။ဒါဟာ နွေးထွေးပြီး

နူးညံ့နေတာပဲ။ လတ်ဆတ်တဲ့ ငါးရှဉ့်အသည်းနဲ့တူတယ်။ ဂျော်နီဝေါ်ကားက မှတ်ချက်ချတယ်။ ပြီးတော့ သွေးပေနေတဲ့ လက်ညှိုးကို ပါးစပ်နဲ့စုပ်လိုက်တယ်။ မင်း ဒီအရသာကို သိသွားရင် မင်းငြိသွားမှာပဲ။ အထူးသဖြင့် အဲဒီလို စေးကပ်တဲ့သွေးတွေကိုပေါ့။

သူဟာ ခွဲစိတ်ဓားမှာပေနေတဲ့သွေးတွေကို သုတ်လိုက်တယ်။ အရင်အတိုင်းပျော်ရွှင်မြူးထူးစွာလေချွန်တယ်။ ကာဝါမူရာရဲ့ခေါင်းကို လွှစက်နဲ့ဖြတ်တယ်။ လွှသွားက ထက်မြတဲ့ အသွားတွေဟာ အရိုးတွေကိုဖြတ်ချသွားတယ်။ သွေးတွေက ဒရဟောထွက်ကျပြီး နေရာအနှံ့စင်ကုန်တယ်။

ကျေးဇူးပြု၍ မစ္စတာ ဝေါ်ကား။ နာကာတာထပ်ပြီး သည်းမခံနိုင်တော့ဘူး။

ဂျော်နီဝေါ်ကားဟာ လေချွန်တာကို ရပ်လိုက်တယ်။ သူ့လုပ်စတွေကို ခဏရပ်ပြီး နားရွက်ကိုပွတ်နေတယ်။ ဒါက အလုပ်မဖြစ်ဘူး မစ္စတာနာကာတာ။ မင်းစိတ်မကောင်းဖြစ်ပြီးဆိုးဆိုးရွားရွားခံစားရတာ ငါစိတ်မကောင်းပါဘူး။ ငါတကယ်ကို စိတ်မကောင်းဖြစ်ရတာပါ။ ဒါပေမယ့် ငါက အေး၊ ကောင်းပြီ ငါလုပ်လိုက်မယ်ဆိုပြီး ပေါ့ပေါ့ပါးပါးလေးပြောပြီး ဒါကိုမရပ်တန့်ပစ်လိုက်နိုင်ဘူး။ ငါမင်းကိုပြောပြီးသား။ ဒါဟာ စစ်ပွဲတစ်ပွဲပဲ။ စစ်ပွဲဆိုတာ စလိုက်ရင် ရပ်ဖို့မလွယ်တော့ဘူး။ ဓားကိုထုတ်လိုက်ပြီဆိုရင် သွေးမြေကျရတော့တာပဲ။ ဒါက သီအိုရီတွေ လောဂျစ်တွေနဲ့ လုပ်နိုင်ကိုင်နိုင်တာမျိုးမဟုတ်ဘူး။ ငါရဲ့အတ္တနဲ့တောင်မှမပတ်သက်တော့ဘူး။ ဒါက သန့်စင်ရိုးရှင်းတဲ့ ဥပဒေသတစ်ခုပဲ။ မင်း နောက်ထပ် ကြောင်တွေ အသတ်ခံရတာမလိုလားရင် မင်း ငါ့ကို သတ်လိုက်ရမယ်။ မင်းဒါကို အခုလုပ်ရမယ်။ ဒါကိုလုပ်လိုက်ရင် ကျန်တာတွေ ငြိမ်းသွားမယ်။ ဇာတ်သိမ်းသွားမယ်။

ဂျော်နီဝေါ်ကားဟာ လေကို ဆက်ချွန်နေတယ်။ သူက ကာဝါမူရာရဲ့ ဦးခေါင်းကိုဖြတ်ပြီး ကိုယ်ပိုင်းကို အမှိုက်အိတ်ထဲတွန်းချလိုက်တယ်။ အခုဆိုရင် သတ္ထုလင်ပန်းထဲမှာ ကြောင်ခေါင်းသုံးလုံး တန်းစီပြီသွားပြီ။ သူတို့တွေဟာ ဒီလို ဒုက္ခစရိယာခံခဲ့ရပေမယ့် သူတို့ရဲ့မျက်နှာတွေဟာ ထူးထူးဆန်းဆန်း ခံစားချက်မဲ့နေသလိုဖြစ်နေတာဟာ ရေခဲသေတ္တာထဲမှာစီထားတဲ့ ကြောင်ခေါင်းတွေအတိုင်းပဲ။

ဒီတစ်ခေါက်အလှည့်ကျတာတော့ ထိုင်းကြောင်လေးပဲ လို့ဂျော်နီဝေါ်ကားကပြောလိုက်ရင်း ချိနေတဲ့ ထိုင်းကြောင်လေးတစ်ကောင်ကို အိတ်ထဲကနေ ဆွဲထုတ်လိုက်တယ်။ အဲဒီထိုင်းကြောင်လေးဟာ နောက်တော့ မီမီဖြစ်နေတယ်။ (စကားချပ် again။ မီမီဟာလည်း နာကာတာနဲ့အသိပဲ။ BMW ကို BMW မှန်းသိတဲ့ကြောင်၊ တီဗွီတွေသိပ်ကြည့်တယ်တဲ့။ နာကာတာတောင် ကားဆိုရင် ဘာအမျိုးအစားမှန်းသိတာမဟုတ်ဘူး။ မီမီက ကြောင်တွေထဲမှာတော့ လူနဲ့ အင်မတန်နီးစပ်တဲ့ကြောင်။) ကဲငါတို့ အခု သူတို့ငါ့ကို မီမီလို့ခေါ်ကြတယ် ဆိုတဲ့ တေးသွားလေးကို သတိလည်လာကြပြီ။ (Puccini)ပူချီးနီ အော်ပရာကလေ။ ဒီကြောင်လေးမှာလည်း တပ်မက်ဖွယ်ကောင်းတဲ့ ညုတုတုအမူအရာ လုံးဝကိုရှိတယ် ငါက ပူချီးနီရဲ့ အမာခံပရိတ်သတ်ပဲ။ ပူချီးနီရဲ့ဂီတဟာ တော်တော်လေးကိုပဲ ၊ ငါ ဒါကိုဘယ်လိုပြောရမလဲ၊ ထာဝရ အချိန်ကာလကိုဆန့်ကျင်နေတာမျိုး။ မင်းအနေနဲ့ ဒါဟာ ကျော်ကြားတဲ့ ဖြေဖျော်ရေးတစ်ခုလောက်ပါပဲလို့ ငြင်းချင်လည်းငြင်းမယ်။ ဒါပေမယ့် သူ့ဂီတဟာ အိုဟောင်းမသွားဘူး။ သိပ်ကို အနုပညာမြောက်တဲ့ အောင်မြင်မှုတစ်ရပ်ပဲ။

သူဟာ သူတို့ငါ့ကို မီမီလို့ခေါ်ကြတယ် ဆိုတဲ့တေးသွားရဲ့တစ်ဘားလောက်ကိုလေချွန်ကြည့်တယ်။

ဒါပေမယ့် မင်းကို ငါပြောရဦးမယ် မစ္စတာ နာကာတာ။ မီမီကိုဖမ်းရဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်။ သူက သိပ်လည်ပြီး သတိကြီးတဲ့ကောင်၊ တုန့်ပြန်မှုကလည်း မြန်မှမြန်။ သူ့ကို အယုံသွင်းဖို့လှည့်စားလို့ရတဲ့ကောင်မျိုးမဟုတ်ဘူး။ တော်တော်ကြီးကိုခက်ခဲတဲ့ စိတ်ရှည်လက်ရှည်ဖမ်းရတဲ့အကောင်ပဲ။ ဒါပေမယ့် သူ့ရဲ့ကျွမ်းကျင်ပါးနပ်မှုကိုသုံးပြီး ပြိုင်ဘက်ကင်း ကြောင်သတ်သမား ဂျော်နီဝေါ်ကားရဲ့လက်က လွတ်အောင်ကြိုးပမ်းနိုင်တဲ့ကြောင်ဆိုတာမမွေးသေးဘူး။ ဒါဟာ ငါ ကြွားလုံးထုတ်နေတာမဟုတ်ဘူးနော်။ ငါဘယ်လောက်ခက်ခက်ခဲခဲ သူ့ကိုဖမ်းခဲ့ရတယ်ဆိုတာကို သိအောင်ပြောပြနေတာ။ ဘာပဲဖြစ်ဖြစ်ကွာ သေချာနားထောင်၊ ဒါ မင်းသူငယ်ချင်း မီမီပဲ။ ထိုင်းကြောင်တွေဟာ လုံးဝကို ငါ့ရဲ့အကြိုက်တွေပဲ။ မင်းဒါကို သတိထားမိမှာမဟုတ်ဘူး။ ဒါပေမယ့် ထိုင်းကြောင်တွေရဲ့ နှလုံးဟာ တကယ့်ကို ရတနာတစ်ပါးပဲ။ အရသာရှိတဲ့ မြေအောင်းမှိုလိုအရသာပဲ။ ဘာမှမပူနဲ့ မီမီ၊ လုံးဝမကြောက်နဲ့။ ဂျော်နီဝေါ်ကား ဒီမှာရှိတယ်။ မင်းရဲ့ နွေးထွေးပြီး အရသာရှိတဲ့ နှလုံးလေးကို သုံးဆောင်ဖို့အသင့်ပဲ။ အား … မင်းကတုန်နေပါလား။

ဂျော်နီဝေါ်ကား။ နာကာတာဟာ သူ့ရဲ့ အနက်အရှိုင်းဆီကနေ စကားလုံးတွေကို အသံတိုးတိုးနဲ့ထွက်လာအောင် အားတင်းပြောလိုက်နိုင်တယ်။ မင်း ကျေးဇူးပြုပြီးရပ်လိုက်တော့။ တကယ်လို့မရပ်ရင် နာကာတာ ရူးသွားတော့မယ်။ ငါ့ဘာသာငါ သည်းမခံနိုင်တော့ဘူး။

ဂျော်နီဝေါ်ကားဟာ မီမီ့ကို စားပွဲပေါ်တင်လိုက်ပြီး အကျင့်ပါနေကျအတိုင်း သူမရဲ့ဝမ်းဗိုက်ကို လက်ချောင်းလေးတွေနဲ့ပွတ်သပ်တယ်။ အဲဒီတော့ မင်းက (မင်းစိတ်နဲ့) မင်းမဟုတ်တော့ဘူးပေါ့။ သူက ဂရုတစ်စိုက်နဲ့ ငြိမ်ငြိမ်သက်သက်ပြောလိုက်တယ်။ ဒါက သိပ်ကို အရေးကြီးတယ်၊ မစ္စတာ နာကာတာရေ။ လူတစ်ယောက်ဟာ အဲဒီလူ ဆက်ဖြစ်မနေတော့ဘူး။ သူက သူအခုအထိ မသုံးရသေးတဲ့ ခွဲစိတ်ဓားကို ကောက်ကိုင်လိုက်တယ်။ ဓားထက်မထက်သိရအောင် သူ့လက်ချောင်းထိပ်နဲ့ စမ်းကြည့်တယ်။ နောက်ပြီး စမ်းပြီးခွဲကြည့်သလိုမျိုး သူ့လက်ခုံပိုင်းကို ဓားနဲ့ခြစ်လိုက်တယ်။ ခဏလေးကြာတော့ သွေးတွေဖြည်းဖြည်းချင်းစီးကျလာတယ်။ သွေးတွေဟာ စားပွဲပေါ်ကျတယ်။ မီမီကိုယ်ပေါ်ကျတယ်။ ဂျော်နီဝေါ်ကားက ကြိတ်ရယ်လိုက်တယ်။ လူတစ်ယောက်ဟာ အဲဒီလူ ဆက်ဖြစ်မနေတော့ဘူး။ သူကထပ်ပြီးရေရွတ်တယ်။ မင်းက မင်းမဟုတ်တော့ဘူး။ အဟုတ်ပဲကွာ အဲဒါပဲ။ သိပ်ကို အံ့သြစရာကောင်းတယ် မစ္စတာနာကာတာ။ ဒါက အရာအားလုံးအတွက် အရေးအပါဆုံးအချက်ပဲ။ “အိုး ..ငါ့စိတ်ထဲမှာ ကင်းမြီးကောက်တွေအပြည့်။” ဒါလဲမာ့ခ်ဘတ်သ်ထ်ထဲကပဲ။

နာကာတာဟာ ဘာမှမပြောမဆိုဘဲ မတ်တပ်ရပ်လိုက်တယ်။ ဘယ်သူကမှ သူ့ကို ရပ်ခိုင်းလို့မရဘူး။ နာကာတာကိုယ်တိုင်လည်း သူ့ဟာသူ မရပ်တန့်နိုင်တော့ဘူး။ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားပြီး စားပွဲနားကိုရောက်သွားတယ်။ အမဲသားလှီးဓားနဲ့တူတဲ့ ဓားရဲ့ လက်ကိုင်ရိုးကိုကိုင်လိုက်တယ်။ သစ်သားလက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး ဂျော်နီဝေါ်ကားရဲ့ဝမ်းဗိုက်ကို အရှိန်နဲ့ ထိုးချလိုက်တယ်။ ဓားချက်က အနက်ရောင် ဝေ့စ်ကုတ်ကို ပေါက်ထွက်သွားစေတယ်။ ပြီးတော့ နောက်ထပ်တစ်နေရာကို ထပ်ထိုးချလိုက်တယ်။ သူ ကျယ်လောင်တဲ့ အသံကို ကြားရတယ်။ ပထမတော့ အဲဒါဘာသံမှန်းမသိဘူး။ နောက်မှ ဂျော်နီဝေါ်ကားရဲ့ ရယ်သံဖြစ်နေမှန်းသိရတယ်။ ၀မ်းဗိုက်နဲ့ ရင်ဘတ်မှာ ဓားချက်ကြောင့် သွေးတွေ တရဟောစီးကျနေရင်းက ရယ်ပြီးရင်း ဆက်ရယ်နေတယ်။

လိုနေတာအဲဒါပဲကွ။ သူအော်ဟစ်လိုက်တယ်။ မင်း မတွန့်ဆုတ်ခဲ့ဘူး။ သိပ်တော်တယ်။ အရယ်ရဆုံးပြက်လုံးတစ်ခုကို ကြားရသလိုမျိုး (ဂျော်နီဝေါ်ကားက) ရယ်နေတယ်။ မကြာမီမှာ သူ့ရယ်သံဟာ ရှိုက်သံပြောင်းသွားတယ်။ လည်ချောင်းထဲမှာ အလုံးလိုက် တက်လာတဲ့သွေးတွေက အဖုံးအဆို့ဖွင့်လိုက်တဲ့မြောင်းလို အာလုတ်ကျင်းသလို အသံမျိုးနဲ့တက်လာတယ်။ ဆိုးဆိုးရွားရွား အသက်ငင်ပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ကိုယ်ခန္ဓာနဲ့ သွေးတွေ တရဟောထွက်နေတဲ့ပါးစပ်ထဲက အမည်းရောင်အတုံးအခဲလေးတွေထွက်ကျလာတယ်။ သူစားခဲ့တဲ့ကြောင်တွေရဲ့ နှလုံးတွေပဲပေါ့။ စားပွဲပေါ်မှာသွေးတွေစီးကျနေတယ်။ နာကာတာရဲ့ ပိုလိုအင်္ကျီပေါ်မှာလည်းပေကုန်တယ်။ နှစ်ယောက်စလုံး သွေးတွေရွှဲရွှဲစိုလို့။ စားပွဲပေါ်မှာလဲလျောင်းနေတဲ့ကြောင်လေးမီမီလည်း သွေးတွေရွှဲနစ်လို့ပဲ။

ဂျော်နီဝေါ်ကားဟာ နာကာတာရဲ့ခြေထောက်နားမှာပြိုကျသွားတယ်။ သူက နာကာတာနံဘေးမှာ။ အေးချမ်းတဲ့ညမှာ ကွေးအိပ်နေတဲ့ ကလေးလေးလို ခွေခွေလေးလဲလို့နေတယ်။ သူက သေသွားပြီဆိုတာ လုံးဝသေချာတယ်။ သူ့ရဲ့ဘယ်လက်ဟာ လည်ချောင်းကိုဖိထားတယ်။ ညာလက်ကတော့ တစ်ခုခုကို လှမ်းယူနေသလို ဆန့်တန်းလျှက်သား။ အသက်ငင်နေတာလည်းရပ်သွားပြီ။ ရယ်သံကြီးလည်း အသေအချာကိုရပ်သွားပြီပေါ့။ သူ့နှုတ်ခမ်းတွေမှာတော့ ဖျော့တော့တဲ့ သရော်တော်တော်ပုံစံက ထင်ရှားနေတုန်း။ ကြမ်းပြင်မှာ သွေးတွေက အိုင်ထွန်းနေပြီ။ ပိုးသားဦးထုပ်က ထောင့်တစ်ထောင့်ကိုလိမ့်သွားပြီ။ ဂျော်နီဝေါ်ကားရဲ့ ဆံပင်တွေဟာ နောက်ပိုင်းမှာပါးနေပြီ။ ဦးရေပြားကိုတောင်မြင်နေရတယ်။ ဦးထုပ်မပါရင်သူက အသက်ပိုကြီးပုံ၊ပိုပြီးချိနဲ့ပုံ ရတယ်။

နာကာတာဟာ ဓားကိုကြမ်းပြင်ပေါ်ကို ပစ်ချလိုက်တယ်။ ကြမ်းပြင်နဲ့ဓားနဲ့ထိမိတဲ့ ဒေါင်ခနဲအသံထွက်ပေါ်လာတယ်။ အသံကကျယ်လွန်းလို့ အဝေးတစ်နေရာက စက်ကြီးတစ်ခုက ဒေါင်ကနေမြည်သွားတဲ့အသံမျိုးနဲ့တူသွားတယ်။ နာကာတာဟာ အလောင်းကောင်ဘေးမှာအကြာကြီးရပ်နေတယ်။ အခန်းထဲမှာရှိသမျှအရာတွေဟာ ပြန်လည်ငြိမ်သက်သွားကြတယ်။ သွေးတွေကသာ အသံမမြည်ဘဲ ဆက်လက်စီးဆင်းနေပြီး အိုင်ထွန်းနေတဲ့ သွေးကွက်ဟာ ကြမ်းပြင်တစ်လျှောက်ပြန့်နေတယ်။


နောက်ဆုံးမှာတော့ နာကာတာဟာ စိတ်ပြန်အေးသွားခဲ့ပြီး မီမီကို စားပွဲပေါ်ကနေယူလိုက်တယ်။ မီမီဟာ သူ့လက်ထဲမှာ နွေထွေးပြီး ချိနေတယ်။ သွေးတွေတစ်ကိုယ်လုံးရွှဲစိုနေပေမယ့် ဘာမှတော့ ထိခိုက်ဒဏ်ရာရပုံမပေါ်ဘူး။ မီမီက သူ့ကို တစ်ခုခုပြောဖို့ကြိုးစားနေသလိုမျိုးကြည့်နေတယ်။ ဒါပေမယ့် ဆေးရှိန်ကြောင့် ပါးစပ်က လှုပ်လို့မရသေးဘူး။

နာကာတာဟာ ဂိုမာကို သေတ္တာထဲကတွေ့တာနဲ့ သူမကို ထုတ်ယူပြီးမြှောက်ချီလိုက်တယ်။ သူက သူမကို ဓာတ်ပုံထဲမှာပဲမြင်ဖူးတယ်။ ဒါပေမယ့် အိမ်လွမ်းနာ ခံစားလိုက်ရသလိုဖြစ်သွားတယ်။ ကွဲကွာနေတာကြာနေတဲ့ သူငယ်ချင်းတစ်ယောက်ကိုပြန်တွေ့လိုက်ရသလိုမျိုးပဲ။ ဂိုမာလို့ သူတီးတိုးရေရွတ်တယ်။ ကြောင်နှစ်ကောင်ကို ကိုင်ထားရင်း နာကာတာဟာ ဆိုဖာပေါ်မှာထိုင်ချလိုက်တယ်။ ငါတို့အိမ်ကိုပြန်ကြစို့လို့သူကြောင်လေးတွေကိုပြောတယ်။ ဒါပေမယ့် သူမတ်တပ်မရပ်နိုင်သေးဘူး။

ခွေးနက်ကြီးက ဘယ်ကမှန်းမသိပေါ်လာပြီး သေနေတဲ့ သူ့သခင်နားမှာထိုင်ချလိုက်တယ်။ သွေးအိုင်ပေါ်မှာ သူထိုင်ချမိတာဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါကို နာကာတာသေချာမမှတ်မိဘူး။ သူ့ခေါင်းက လေးလံပြီး မှုန်ဝါးလာတယ်။ သူအသက်အကြာကြီးရှူရှိုက်လိုက်ပြီး မျက်လုံးတွေပိတ်ထားလိုက်တယ်။ သူ့စိတ်တွေဟာ လွင့်ပါးသွားတယ်။ သူမသိလိုက်ခင်မှာပဲ သူဟာ အမှောင်ထဲကိုနစ်မြုပ်ကျသွားတယ်။ ။




Notes ရှည်ကြီး

a bit of work ဆိုလို့ အလုပ်နည်းနည်းထင်မိသေးတယ်။ မနှစ်မြို့စရာလူ လို့ အဓိပ္ပာယ်ရပါတယ်။

No this my hand will rather the multitudinous seas incarnadine, making the green one red. ဆိုတာကိုရွတ်နေတဲ့ ဂျော်နီဝေါ်ကားကို သဘောကျတယ်။ အဲဒီစကားကို Macbeth က ကယောင်ခြောက်ခြားဖြစ်နေတဲ့အချိန်မှာပြောတာပါ။ အဲဒီပြဇာတ်မှာလည်း Macbeth က သူ့ရဲ့ လက်ကသွေးတွေကို ဆေးလို့ရရင်ရမယ်။ ဒါပေမယ့် သူ့အပြစ်တွေကို ဆေးကြောလို့မရဘူးဆိုတဲ့ သဘောမျိုးနဲ့ပြောတာလို့ဖတ်လိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ် ဖြစ်နေတဲ့ အနေအထားနဲ့လိုက်ဖက်ပါတယ်။

after all ကိုတော့ တကယ့်ကိုပဲ လို့ပဲပြန်လိုက်တယ်။ အင်္ဂလိပ်တွေမှာလည်း အလေးအနက်ဖြစ်အောင် ထပ်ပြီး အပိုဆောင်းပြောချင်ရင် after all ဆိုတာလေးထည့်ကြတယ်။

I am afraid ကို ပြောရမှာတော့ အားနာတယ်လို့ပဲဘာသာပြန်လိုက်တယ်။ မိုပါဆွန်းရဲ့ Necklace ကို မောင်ထင် (ထင်တယ်။) ဘာသာပြန်တဲ့အခါတုန်းကလည်း ဒီလိုပဲပြန်တယ်ထင်တယ်။ ဟီဟိ။ မှားရင် မောင်ထင်မှားတာလို့ပြောချင်တာ။ စောစောစီးစီးလာနေသွားတဲ့သူတွေက မှန်အောင်ရေးခဲ့သင့်တယ်။

ဝန်လေးတဲ့သဘောကို အားနာတယ်လို့ပြောချင်တာပါ။ ဘယ်လူမျိုးမဆို အားနာပါတယ်။ I am afraid I don't agree with you :).

stir in his mind ကို stir ရဲ့ အဓိပ္ပာယ်တစ်ခု ဖြစ်တဲ့ to begin to be active ကိုပဲ ရွေးချယ်လိုက်တယ်။ စပြီး အားကောင်းလာတယ်။ စိတ်ထဲမှာတစ်ခုခုဖြစ်လာတယ်။ ဖြစ်လာတဲ့တစ်ခုခုဟာ အားကောင်းလာတယ်။

you know ကို ပေါ့နော်လို့ ဘာသာပြန်ရတယ်လို့ TOP ကဆရာကပြောတာမှတ်မိပါတယ်။ ဆယ်တန်းဖြေပြီးစမှာ TOP မှာ အင်္ဂလိပ်စာသင်တန်းတက်ဖြစ်တယ်။ အဲဒီတုန်းက မြန်မာ သရုပ်ဆောင်တွေကို အင်တာဗျူးရင်၊ ဒီလိုပေါ့နော်၊ ဘယ်လိုပြောရမလဲပေါ့နော်၊ ဒါမျိုးတွေ သရုပ်ဆောင်ရတယ်ပေါ့နော် စသဖြင့် အင်တာဗျူးတိုင်းမှာ ပေါ့နော် ညစ်ညမ်းမှုဖြစ်နေတဲ့အချိန်ဆိုတော့ နိုင်ငံခြားက အင်တာဗျူးတွေမှာလည်း ပေါ့နော် ခေတ်စားတယ်ဆိုတာကိုသင်ရင်းနဲ့ ဆရာက ပြောပြတာပါ။ ဦးရဲစိုးထင်ပါတယ်။

do the honours ကတော့ မိတ်ဆက်ပေးတာကို ပြောတာပါ။ အီဒီယမ်ပါပဲ။ အစားအသောက် စားဖို့ ထည့်ပေးတာမျိုးကိုလည်း သုံးလို့ရပါတယ်။

that's won't wash ကလည်း အီဒီယမ်ပါပဲ။ မယုံဘူး။ မလိုက်လျောနိုင်ဘူး။ နောက်တစ်မျိုးကြိုးစားကြည့်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။

call this off ဆိုတာ ဒါကို ရပ်ပစ်လိုက်တယ်။ ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့သဘောပါပဲ။

end of story ကို ပတ်တိတ်လို့ပိန်းလို့ရေးလိုက်ဦးမလို့ပဲ၊မြန်မာဆန်လွန်းရင်လည်း မြန်မာတွေနားမလည်မှာစိုးတာနဲ့ ဇာတ်သိမ်းသွားတယ်လို့ပဲပြန်လိုက်တယ်။

Siamese ကို ထိုင်းကြောင်လို့ပဲပြန်လိုက်တယ်။ ထိုင်းကမဟုတ်ပေမယ့် အမွေးတိုတိုနဲ့ကြောင်တွေကို ထိုင်းကြောင်တွေလို့ ကင်ပွန်းတပ်ကြတယ်ဆိုတာနဲ့။ ဒီစာရေးဆရာ ကြောင်အကြောင်းကျွမ်းကျင်သူဆိုတာ သိသာတယ်။ သူရေးတဲ့ တခြားစာအုပ်တွေမှာလည်း ကြောင်တွေပါတယ်။ အိမ်မှာမွေးထားတဲ့ စွာစိဆိုတဲ့ကြောင်မလေးကိုတောင်သတိရတယ်။

Si, mi chiamano Mimì ဆိုတဲ့သီချင်း Giacomo Antonio Domenico Michele Secondo Maria Puccini ဆိုတဲ့ အီတလီ စူပါ long name ပိုင်ရှင် composer ရဲ့ အော်ပရာသီချင်းပါ။ youtube မှာနားထောင်လို့ရပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကနေ အခုအချိန်အထိ ကြိုးစားပြီး နည်းနည်းမှ မအောင်မြင်တာက အော်ပရာသီချင်းနားထောင်ကြည့်တာပါပဲ။ သူတို့က ခံစားချက်အပြည့်နဲ့ ထထအော်တဲ့အခါ သောတက ရသမမြောက်ဘဲ ဟာသရသဖြစ်ဖြစ်သွားတာနဲ့ လက်လျှော့ထားလိုက်တယ်။ ဒီသီချင်းကိုလည်း နားထောင်ကြည့်လိုက်ပါတယ်။ စာဖတ်နေတဲ့အခါမှာ စာထဲက အခင်းအကျင်းကို စိတ်ထဲထည့်ထားရတာ ၀ါသနာပါပါတယ်။

Elegant coquetry ကို တပ်မက်ဖွယ်ကောင်းတဲ့ ညုတုတု အမူအယာလို့ပြန်လိုက်တယ်။ သိပ်တော့လည်းမြန်မာမဆန်ဘူး။ ဂျပန်ဆန်တာထင်တယ်။ ကြောင်တောင်မှ စက်ဆီကြောင်ပေါ့လေ။

Take some doing ဆိုတာလည်း အီဒီယမ်ပါပဲ။ အတော်လေး ကြိုးစားခဲ့ရတယ်လို့ဆိုလိုတာပါ။ လွယ်လွယ်နဲ့ဖမ်းမိခဲ့တာမဟုတ်ဘူး။ ခက်ခက်ခဲခဲဖမ်းခဲ့ရတာလို့ပြောချင်တာပါ။

Quick on the draw/trigger ကလည်း အီဒီယမ်ပါပဲ။ တုံ့ပြန်မှုမြန်ဆန်တာကိုပြောတာပါ။

Sucker into sth ကတော့ အယုံသွင်းတာ။ လှည့်ဖျားတာပါ။

Has yet to be born ဆိုတာ မမွေးသေးဘူးဆိုတာနဲ့တူပါတယ်။

Truffles ကို မြေအောင်းမှိုလို့ပဲဘာသာပြန်လိုက်ပါတယ်။ သူ့ရဲ့တခြားအဓိပ္ပာယ်တစ်ခုက ချောကလက်အပျော့တစ်မျိုးလို့လည်းပါပါတယ်။


Notes အတိုလေး။

နာကာတာဘာမှမဖြစ်ပါဘူး။ စိတ်မပူပါနဲ့။ ပြီးအောင်ရေးဖြစ်တဲ့အတွက်ဝမ်းသာပါတယ်။



Peace B with U.