Saturday, September 4, 2010

ညီအကိုနှစ်ယောက်ရှိလေသည်

ညီအကိုနှစ်ယောက်ရှိလေသည်။


ရှေးသရောအခါ သုဝဏ္ဏဆိုတဲ့ရွာလေးမှာပေါ့ကွယ် ...။ သုဝဏ္ဏ ဆိုတာရွှေရောင်လို့ အဓိပ္ပာယ်ရတယ်တဲ့။ သုဝဏ္ဏ သာမဆိုတာ မြန်မာလိုဆို ရွှေရောင် အသားအရည်ရှိသူလို့ခေါ်တာပေါ့။ သုဝဏ္ဏမှာ အဲဒီအချိန်တုန်းက လာတဲ့ရေတွေဟာ သံချေးတွေပါနေလို့ ရွှေရောင်လေးတ၀င်းဝင်းဖြစ်နေတာကို အစွဲပြုပြီးခေါ်တာလည်းဖြစ်နိုင်တယ်။ ရွှေးဟောင်းသုတေသီတွေ ပြန်လည်တူးဖော်ကြည့်ရင် 550 ဖိုက်ဖစ်ဖတီးနိပါတ်တော်ထဲက သုဝဏ္ဏသာမ ရေဆင်းခပ်တဲ့နေရာဟာ သုဝဏ္ဏပန်းခြံထဲက ရေကန်ဖြစ်နိုင်တယ်။ အတွဲလာချောင်းတဲ့ ပီဠိယက္ခဟာ သူ့မြင်ကွင်းကို ကွယ်တဲ့ သုဝဏ္ဏသာမကို မျှားနဲ့ပစ်လိုက်တာဖြစ်နိုင်တယ်။ အဲဒါက သမိုင်းတွေပေါ့ ...လူမသိသူမသိသမိုင်းတွေ။ အဲဒီလိုနဲ့ကာလရွှေ့လျောလာတဲ့အခါ သုဝဏ္ဏမြို့မှာ အသည်သားတွေနဲ့ ၀န်ထမ်းတွေ လုပ်အားပေးတိုက်ခန်းလေးတွေနဲ့နေတဲ့ခေတ်ကို ရွေ့လျောရောက်ရှိလာတယ်။

အဲဒီမှာ မီတင်းနေထိုင်တဲ့ မိသားစုတစ်စုမှာ သားတစ်ယောက်ရှိတယ်။ အင်မတန်မှ အာပြဲလို့ အာပြဲလို့ ခေါ်ကြတယ်။ အမေနဲ့အဖေနဲ့က ကလေးမမွေးခင် ရေမြင်းကိုသွားကြည့်မိတာဖြစ်နိုင်တယ်။ အင်မတန်အာပြဲတဲ့ကလေးတစ်ယောက်မွေးတယ်။ အာပြဲဟာ သားဦးဖြစ်တဲ့အတွက် အင်မတန်မှဆိုးတယ်။
ကြီးလာတော့လည်း ဆိုးတယ်။ ငါးနှစ်အရွယ်လောက်မှာ တစ်ယောက်တည်း စဉ့်အိုးထဲက လကို ကုန်းကောက်ရင်း စဉ့်အိုးထဲနစ်တာတို့ ... သူ့ဘာသာသူဆောက်လုပ်ရေးလုပ်မယ်ဆိုပြီး တူတွေ၊ သံချောင်းတွေ ကုတင်အောက်မှာ သိမ်းထားတာတို့လုပ်တယ်။

သူ့မှာ နှစ်နှစ်ခွဲကွာတဲ့ညီတစ်ယောက်ရှိလာတော့ သူ့ညီကိုတော့ ဂရုစိုက်ရှာတယ်။ သူ့ညီကို လာကိုင်ကြည့်လို့ သူငယ်ချင်းတစ်ယောက်ကို လက်သီးနဲ့ထိုးလိုက်တယ်။ အာပြဲဟာ စွာတယ်။ လမ်းမှာ လျှောက်ဆော့နေတဲ့ ကလေးတစ်ယောက်ရဲ့ခေါင်းကို သစ်သားပြားနဲ့ ရိုက်လိုက်တာ ခေါင်းကွဲသွားတယ်။ အာပြဲတို့ အိမ်က ဆေးခန်းဟာ အာပြဲကြောင့်ဖြစ်တဲ့ လူနာတွေကို အထူးသဖြင့် ကုရတတ်တယ်။

အာပြဲဟာ သူ့ညီလေးနဲ့ အားရင် အရောင်ဖျော်တမ်းကစားတယ်။ ဘာနဲ့ဖျော်သလဲဆိုရင် အိမ်မှာဖွင့်တဲ့ဆေးခန်းက ပါရာစီတမောတွေကို ယူတယ်။ စက္ကူလေးထဲမှာထည့်ပြီး ပုလင်းနဲ့ကြိတ်တယ်။ အာပြဲဟာ မဟုတ်တဲ့နေရာမှာ ဥာဏ်ကောင်းတယ်။ ဘာမီတွန်တွေကို ကြိတ်ပြီး ရေနဲ့ဖျော်တဲ့အရောင်ကို အာပြဲတို့ညီအကို နှစ်ယောက်စလုံးသိပ်သဘောကျတယ်။ တက်ထရာ ဆိုက်ကလင်းကိုဖျော်တာကိုလည်း သဘောကျတယ်။ အာပြဲတို့ဆော့လို့ဆေးတွေ ဘယ်လောက်ဖိုးကုန်သွားသလဲ သူတို့မိဘတွေ အခုအထိ မသိကြဘူး။

အာပြဲက စီးပွားရေးအမြော်အမြင်ရှိတယ်။ တယ်လီဗေးရှင်းပေါ်ကာစမှာ အာပြဲတို့အဖေက ၁၄ လက်မ တီဗွီလေးဝယ်လာတယ်။အာပြဲက ညီလေး ငါတို့ စီးပွားလုပ်ရအောင်ဆိုပြီး တီဗွီလာကြည့်တဲ့သူတွေကို ပိုက်ဆံလိုက်တောင်းတယ်။ အာပြဲတို့အဖေခမျာ ဥာဏ်ကြီးရှင်သားတွေတောင်းထားတဲ့ပိုက်ဆံတွေ တစ်ယောက်စီပြန်လိုက်ပေးနေရတဲ့အချိန်မှာ အာပြဲတို့ညီအကိုက မုန့်တွေဝယ်စားပြီးပျော်ပါးနေပြီ။

အာပြဲက အစအနောက်သန်တယ်။ ပက်လက်ကုလားထိုင်မှာ ထိုင်တတ်တဲ့ အဖေ့သူငယ်ချင်းလူပျိုကြီးကို မကြာမကြာဒုက္ခပေးတယ်။ ကုလားထိုင်က တုတ်တွေဖြုတ်ထားတော့ လူပျိုကြီး ခဏခဏပြုတ်ကျတယ်။ အဲဒါကိုပဲ အာပြဲတို့ညီအကိုက ပျော်လို့မဆုံးဖြစ်တယ်။

အာပြဲက အချိုတွေစားတော့ သွားတွေအားလုံးသွားပိုးစားတယ်။ သွားတွေကျိုးတယ်။ သွားကျိုးမို့လို့ အဖိုးကြီးလို့ သူငယ်ချင်းတစ်ယောက်ကစတာကို မကျေနပ်လို့ ထိုးလိုက်တော့ သူငယ်ချင်းသွားကျိုးသွားတယ်။ အာပြဲကို သူ့ဆရာမတွေကချစ်တယ်။ အာပြဲက ဘာမှမထူးချွန်ဘူး။ သာမန်ပဲ။ အားလုံးသာမန်ပဲ။ ဘ၀မှာ ဘာဖြစ်ချင်တယ်၊ ညာဖြစ်ချင်တယ်မရှိဘူး။ သာမန်ပဲ။

အာပြဲစက်ဘီးစီးတတ်တဲ့အခါ သူ့ညီလေးကို တင်စီးတယ်။ စက်ဘီးကမြောင်းထဲကျသွားလို့ ညီအကိုနှစ်ယောက်စလုံး ရေထဲကျတယ်။ အာပြဲကို သူ့ညီကဒေါသထွက်တယ်။ အာပြဲကတော့ ထုံးစံအတိုင်းပြောင်ချော်ချော်စပ်ဖြီးဖြီးနဲ့။

အာပြဲက စွန်လွှတ်တယ်။ စက်ဘီးစီးတယ်။ ကရာတေးဆော့တယ်။ ဘောလုံးကန်တယ်။ ခြင်းခတ်တယ်။ ရပ်ကွက်ကလေးတွေဆော့တာအကုန်ဆော့တယ်။ ဂစ်တာတီးတယ်။ အသံကြောင်နဲ့သီချင်းဆိုတယ်။ သီချင်းကို အကျယ်ကြီးနားထောင်တယ်။ ကားကို အမြန်မောင်းတယ်။ အာပြဲဟာ အရပ်ပုတယ်။ ကြီးလာတဲ့အထိ အရပ်ပုတယ်။ ငါးပေသုံးလောက်ပဲရှိတယ်လို့ထင်တယ်။

အာပြဲဟာ ဘောလုံးပွဲကို အရူးအမူးခုံမင်တယ်။ ယူရိုပွဲတွေ တစ်ပွဲမှမလွတ်အောင်ကြည့်တယ်။ သူ့အဖေငယ်နာမည်မမှတ်မိပေမယ့် ဘောလုံးသမားတွေရဲ့နာမည်ကို မှတ်မိတယ်။ မွေးကတည်းက ဘယ်ကလပ်မှာစကစားတာလဲသိတယ်။ ဘောလုံးကို ဖြစ်ဖြစ်မြောက်မြောက်မကန်တတ်တော့ တီဗီဂိမ်းထဲမှာကန်တယ်။

အာပြဲကို ဆယ်တန်းမှာ ဒေါက်တာဇီဝတို့ရဲ့ Day Special မှာထားတယ်။ အာပြဲတို့သူငယ်ချင်းတစ်အုပ်ကြီးဟာ စာကလွဲရင် ကျန်တာတွေအကုန် စိတ်ဝင်စားတယ်။ ညတိုင်း အာပြဲတို့ကို သွားကြိုရင် သူတို့သူငယ်ချင်းတွေ စာအကြောင်းပြောတာ တစ်ခါမှ မကြားဖူးဘူး။ အာပြဲဟာ စာကျက်ရင် သူ့ညီနဲ့ သူငယ်ချင်းတွေက ဂိမ်းဆော့ဖို့လာခေါ်တယ်။ အာပြဲဟာ စာမကျက်ချင်ဘူး။ အာပြဲဟာ ဘာမှမဖြစ်ချင်ဘူး။

အာပြဲတို့သူငယ်ချင်းတွေ စာမေးပွဲဖြေခါနီးညမှာ မေးခွန်းလိုက်တယ်ဆိုပြီး ဘောလုံးသွားကန်နေကြတယ်။ ကံကောင်းလို့အာပြဲ ဆယ်တန်းအောင်တယ်။ အာပြဲက ၀ါသနာပါတဲ့သင်္ချာကိုတက်တယ်။

အာပြဲဟာ စိတ်ခံစားလွယ်တယ်။ သူနဲ့ပြတ်သွားတဲ့ရည်းစားတွေအားလုံးကိုတကယ်ချစ်တယ်လို့ပြောတယ်။ အာပြဲဟာ ဘ်ီယာသောက်တယ်။ဆေးလိပ်သောက်တယ်။ အရက်နည်းနည်းသောက်ပြီးများများမူးတယ်။ အာပြဲကို သူ့အမေက မဆူဘူး။ သူ့အဖွားကမဆူဘူး။ သူ့ညီကလည်းမဆူဘူး။ သူ့အဖေကလည်းမဆူဘူး။ အာပြဲကို အာပြဲလို့ပဲ အားလုံးက သဘောထားတယ်။ အာပြဲဟာ သူ့ဘာသာသူ ပြုံးပြုံးပြုံးပြုံးနဲ့ လုပ်ချင်ရာလုပ်တယ်။

အိမ်မှာစီးပွားရေးအဆင်မပြေတဲ့အခါမှာ အာပြဲဟာ စွနှ်ုဦးထီထွင်လုပ်ငန်းတွေလုပ်တယ်။ အာပြဲဟာ ဖယောင်းတိုင်လုပ်တယ်။ ကလေးတွေကြိုတဲ့ကားမောင်းတယ်။ ဘောလုံးပွဲလောင်းတယ်။ သူသိသမျှ စီးပွားရေးသူလုပ်တယ်။

အာပြဲကအင်မတန်မှ လိမ်မာတာတွေလည်းရှိတယ်။ သူ့ညီစာမေးပွဲပြီးရင် ဘောလုံးကန်ဖို့လေထိုးထားပေးတယ်။ စက်ဘီးပြင်ထားပေးတယ်။ ခေါင်းလိမ်းဆီ ဘူးအသစ်ဝယ်ထားပေးတယ်။ ပိုက်ဆံမရှိတဲ့အခါတောင်မှ MG5 တစ်ဗူးစာ စုပြီးဝယ်လေ့ရှိတယ်။ အာပြဲဟာ သူ့ညီစာဆိုဖို့စာကြည့်ပေးတယ်။ စာမေးပွဲဖြေရင် အဆင်ပြေဖို့ဆုတောင်းပေးတယ်။ အာပြဲဟာ တခါတလေတော့လည်း အတော်လေးလိမ်မာတယ်။

အာပြဲဟာ ဘ၀မှာ ဘာမှသိပ်မလိုဘူးလို့ထင်တယ်။ ညဘက် တော်တော်နဲ့အိပ်မပျော်တဲ့ရောဂါရှိတယ်။ အာပြဲဟာ ဘာစိတ်ကူးပေါက်မှန်းမသိ ဦးဂိုအင်ကာတို့ရိပ်သာမှာ တရားစခန်းဝင်တယ်။ အာပြဲဟာ တရားမှတ်လို့ အထိုင်ဣရိယာပုထ် နဲ့ဆိုရင် ဒူးနှစ်ချောင်းဟာ အောက်ကိုချလို့မရဘူး။ အာပြဲဟာ သူ့အမေကိုတော့ အတော်လေးချစ်တယ်။ အာပြဲက ပိုက်ဆံရပြီဆိုရင် အိမ်အတွက် မုန့်တွေ ၊ အ၀တ်တွေ ၀ယ်လာတတ်တယ်။ အာပြဲကို အိမ်သားတွေက ကလေးလိုပဲသဘောထားတယ်။

အာပြဲမလေးရှားကိုသွားတယ်။ အလုပ်ကြမ်းတွေလုပ်တယ်။ အာပြဲဟာ အမြဲတမ်း လူတကာလောက်ကံမကောင်းဘူး။ အာပြဲက အလုပ်အဆင်ပြေတော့ အာပြဲအမေဆုံးတယ်။ အာပြဲဟာ မြန်မာပြည်ကိုပြန်တယ်။ အမေ့နာရေးကိုစီစဉ်တယ်။ နေမကောင်းတဲ့အဘွားနဲ့နေတယ်။

အာပြဲဟာ ကွမ်းစားတယ်။ အာပြဲဟာ အစားများများစားလေ့မရှိဘူး ....။ အာပြဲဟာ မကြာမကြာခွက်ထိုးခွက်လှန်ရယ်တတ်တယ်။ အာပြဲဟာ စင်ကာပူကိုလာတယ်။ အလုပ်ရှာရင်း ဂိမ်းဆော့တယ်။ အာပြဲဟာဘီယာ သောက်ရင်း စိတ်ပင်ပန်းတယ်။ အလုပ်ရှာရင်း စိတ်ဖိစီးလို့ ဆံပင်တစ်ချောင်းဖြူတယ်။ အာပြဲဟာ နှစ်လအတွင်း အင်တာဗျူးတစ်ချို့လာဖြေပြီး မြန်မာပြည်ကိုပြန်တယ်။

အာပြဲဟာ ဘ၀မှာ ဘာမှမဖြစ်ချင်ဘူး။ သွေးတိုးရောဂါရှိတယ်။ မွေးနေ့ကြရင် သူငယ်ချင်းတွေနဲ့သောက်ချင်တဲ့ ရောဂါရှိတယ်။ လက်ဖက်ရည်ကောင်းကောင်းကြိုက်တယ်။ ကွမ်းယာအတွက် ခုနစ်မိုင်လောက်သွားဝယ်ရတာကို ပျော်တယ်။ ဘောလုံးဂျာနယ်ဖတ်ရတာကိုပျော်တယ်။ မွေးထားတဲ့ခွေးတွေကလည်း သူ့ကိုကြောက်ရတယ်။ ပြောမရဆိုမရ တူ ကလည်း သူနဲ့မှ ပြောလို့ရတယ်။

အာပြဲက စာဖတ်ရတာတော့ဝါသနာပါတယ်။ ရှိသမျှစာအုပ်တွေဖတ်တယ်။ အာပြဲက စစ်အကြောင်းဇတ်လမ်းလုပ်ရေးတာမျိုးကိုကြိုက်တယ်။ အာပြဲက ဟာသစာအုပ်ဖတ်ရင်း အသံထွက်ရယ်နေတတ်တယ်။ အာပြဲက ဘုရားကျောင်းပုံမှန်တက်တယ်။ အာပြဲက မဟုတ်တာကို အားနာတတ်တယ်။ အာပြဲက သူငယ်ချင်းတွေကို သိပ်ခင်တယ်။

အာပြဲက ဘာမှမဖြစ်ချင်ဘူး။ အဲဒီအတွက် သူဖြစ်ချင်တာ ဖြစ်နေတယ်လို့ပြောနိုင်တယ်။ သူ့မှာ အနာဂတ်အတွက်ပူရတယ်မရှိဘူး။ သူ့ဘာသာသူပျော်ပျော်နေတယ်။ အာပြဲကို သူ့ညီက ဖုန်းဆက်ပြီး ရှေ့ကားမပိတ်နဲ့ ကျော်ခံရမယ်ဆိုလည်း အာပြဲက တဟားဟားရယ်တယ်။ အာပြဲဟာ ဘာကိုမှ ကြေးမများဘူး။ ကြီးလာတဲ့အခါ ပိုလိမ်မာလာတယ်။ အာပြဲကို မိသားစုကလည်းချစ်တယ်။ အာပြဲကလည်း လူပျော်ပဲ။ သူ့ဘ၀ကို သူ့စိတ်နဲ့သူဖြတ်သန်းတယ်။

ဒီနေ့အာပြဲမွေးနေ့ဖြစ်တယ်။
အာပြဲကိုဖုန်းဆက်ရမယ်။
Happy Birthday Brother John လို့နှုတ်ဆက်ရမယ်။

အာပြဲကလည်း ထုံးစံအတိုင်း သူ့အသက်ဟာ ၁၈ နှစ်လို့ပြောလိမ့်မယ်။ မနက်ဘုရားကျောင်းသွားလိုက်သေးတယ်လို့ပြောလိမ့်မယ်။ သူအားလုံးအဆင်ပြေတယ်လို့လည်းပြောလိမ့်မယ်။
ညီအကိုချင်းနားလည်မှုတွေနဲ့ အာပြဲကို အာပြဲညီကနားလည်လိမ့်မယ်။ အာပြဲကလည်း သူ့ညီကို သူနားလည်လိမ့်မယ်။

ခင်မင်စွာဖြင့်
Zephyr



Peace B with U.