Saturday, May 29, 2010

A to Z By Zephyr (3)


N –

N ဆိုရင် ပထမဆုံးသတိရတာက Nude ပန်းချီ … နားမလည်ရတဲ့အထဲ …ဆွဲထားတာက ၀တုတ်ကြီးတွေပုံဆို အန်မိမလိုဖြစ်တယ်။ နောက်တစ်ခုက Nuke … အဲဒါတော့နည်းနည်းကြိုက်တယ် …။ နျူကလီးယား မပိုင်တဲ့နိုင်ငံတွေဟာ ဘယ်လောက်ပဲချမ်းသာချမ်းသာ အင်အားကြီးနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုမခံရဘူး။ ပုံမှန်အားဖြင့်မြောက်ကိုးရီးယားလို စိတ်ထားနှိမ့်ကျပြီး ဆင်းရဲမွဲတေနေတဲ့ နိုင်ငံရဲ့ ခေါင်းဆောင်ကို အဲဒီ Nuke ကြောင့် လူလို သူလို ဆက်ဆံလိုက်တာဟာ Soft power ကို အန်ချင်စရာကောင်းစေတယ်။ တစ်ကမ္ဘာလုံး နျူကလီးယားပိုင်တဲ့အခါ …လမ်းဘေးမှာပေါက်တဲ့ဗုံးဖြစ်ဖြစ် သင်္ကြန်မှာဖောက်တဲ့ဗုံးဖြစ်ဖြစ် တစ်လုံးကို လူတစ်သန်းနှစ်သန်းသေတော့ အချိန်ကုန်သက်သာတာပေါ့။ အဲဒီတော့ Nuke ကလည်း ပါဝါအတွက်လောက်ပဲဆိုတော့ သိပ်အများကြီးမကြိုက်သေးဘူး။ Nicolas Cage ဆိုရင်ရော … သိပ်မကြိုက်ပြန်ဘူး။ ပြီးခဲ့တဲ့အပတ်က Bad Lieutenant ကြည့်တော့ သူသရုပ်ဆောင်တာက တစ်မျိုးဖြစ်နေတယ်( အဲဒီကားမှာတော့ သူ့နာမည်က Terence McDonagh)။ Noble Prize Winners …သိပ်မကြိုက်ဘူး ဒါလဲ …။ သူတို့ဘာလုပ်ခဲ့မှန်း ပြန်ပြန်ရှာဖတ်ရတာမောတယ်။ Lawrence Bragg 25 နှစ်မှာ Noble ဆုရတယ်။ သူ့အဖေနဲ့အတူရတယ်လို့မှတ်မိတယ်။ Leonid Hurwicz Noble ဆုကို အသက်ကိုးဆယ်မှာရတယ်။ ယန်ပေါဆာ့ထ်(ဟိုတစ်နေ့က နိုင်ငံခြားကားထဲမှာ ဂျင်ပေါဆာ့ထ်လို့ပြောတာကြားလိုက်သေးတယ် … ) ကတော့ Noble ဆုကို ငြင်းတယ်။ သူပြောတဲ့စကားလေးကိုလည်းကြိုက်တယ်။ “A writer must refuse to allow himself to be transformed into an institution, even if it takes place in the most honorable form” တဲ့။ “A blogger must ဘာညာဘာညာ blah_blah_blah” မပြောခဲ့လို့ တော်သေးတယ်။ … N စကားလုံးနဲ့စတဲ့ထဲမှာ Nietzsche နစ်ရှေးကိုတော့ သဘောကျတယ်။ သူက ၂၄ နှစ်မှာ ဘေဆယ်တက္ကသိုလ်ရဲ့ ဒဿနိကဗေဒ မှာ ထိုင်ခုံ (မူကွဲ ဥက္ကဌ (ခ) chair)ဖြစ်တယ်။ သူ့ကို အများစုက အရူးလို့ပြောကြတယ်။ လူတွေနားမလည်တာများများပြောတဲ့လူတစ်ယောက်ရနိုင်တဲ့ထဲမှာ အရူးလို့သတ်မှတ် ခံလိုက်ရတာလည်း တစ်ခုအဖြစ်ပါနိုင်တယ်။ နစ်ရှေးတော်တယ်လို့ပြောဖို့ဆိုရင်တော့ ကျွန်တော်လည်း တော်တော်နောက်ကျနေပြီလို့ပြောခံရမယ်ထင်ပါတယ်။ လူတစ်ယောက်တော်ခြင်းမတော်ခြင်းတွေကို တစ်ယောက်က သတ်မှတ်ပေးဖို့ဆိုတာက ဘယ်သူက စတင်တီထွင်လိုက်မှန်းမသိတဲ့ စနစ်ဖြစ်နိုင်ပါတယ်။ အဲဒီအယူအဆကိုလည်း N ချင်ပါတယ်။

O-

ခေတ်ဟောင်းမြန်မာကားတွေမှာတော့ … အို ဆိုတာ အာမေဋိတ်ပါပဲ … မင်းသားက မင်းသမီးရဲ့ ပခုံးစွန်း (တကယ့်ပခုံးသားလေးကို လက်တစ်လုံးလောက်ထိရုံပဲကျယ်တဲ့နေရာ) ကို ထိလိုက်ပြီး မင်းသမီးလဲကျမှာကို ထိန်းလိုက်တဲ့အခါမျိုးမှာ အို … ဆိုပြီး ရှက်သွေးဖြာတတ်ကြပါတယ်။ အဲဒီ O ကိုတော့ သဘောမကျပါဘူး။ နောက်တစ်ခုက O သွေးပါ။ ကိုယ်တိုင်လည်း O သွေး။ O+ ဖြစ်ပါတယ်။ငယ်တုန်း O ကိုမြင်တိုင်းဗိုက်ဖော်ထားတဲ့ လူဝကြီးတစ်ယောက်လို ခံစားရလို့ ပြုံးရယ်စရာကောင်းခဲ့ပါတယ်။ O တွေကို ကဗျာမှာသုံးရင် အဲဒါ အထီးကျန်မှုကို ကိုယ်စားပြုပါတယ်။ တစ်ယောက်တည်းဖြစ်ပြီး ခက်ခက်ခဲခဲ ခံစားနေရတဲ့စာပိုဒ်တွေမှာ O တွေသုံးစွဲတယ်လို့ဖတ်ဖူးပါတယ်။ O ကို အီဂျစ်(အမှန်က အီဂျစ်ပ် ဖြစ်သင့်တယ်) တွေက မျက်လုံးပုံနဲ့ရေးသားခဲ့ပါတယ်။နောက်ထပ် သဘောကျတဲ့ O နဲ့စတဲ့ စာကြောင်းလေးတစ်ခုက O Lord O God, why had you forsaken me … ဆိုတဲ့ Jesus ရွတ်ခဲ့တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ အဲဒီစာကြောင်းဟာ ခရစ်ယာန် ဂိုဏ်းတစ်ချို့ရဲ့ ဂါထာတစ်ခုလိုဖြစ်ခဲ့ပါတယ်။ ငြိမ်းချမ်းတိတ်ဆိတ်စွာ တရားကျင့်တဲ့ ခရစ်ယာန်ရသေ့ဂိုဏ်းတစ်ချို့မှာ စိတ်တည်ငြိမ်ဖို့အတွက် အဲဒိစာကြောင်းကို ရွတ်ဆိုလေ့ရှိပါတယ်။ သမထတည်ထောင်တဲ့ နည်းလမ်းတွေနဲ့ခပ်ဆင်ဆင်တူပါတယ်။ အဲဒီ ရသေ့ဂိုဏ်းရဲ့ ရည်ရွယ်ချက်က မရပ်မနားဆုတောင်းခြင်း ဖြစ်ပါတယ်။ အဲဒီရသေ့တွေဟာ စကားမပြောကြပါဘူး ….။ အဲဒီဂိုဏ်းရဲ့ဂိုဏ်းဝင်တစ်ချို့ကို ပြင်သစ်မှာတွေ့နိုင်ပါတယ်။ မြန်မာပြည်မှာလည်းတစ်ချို့ရှိပါတယ်။ စုပေါင်းပြီး ငြိမ်သက်စွာဝတ်ပြုခြင်းတွေနဲ့စိတ်ကို တစ်ခုတည်းသော အာရုံမှာစုထားတဲ့ ဆုတောင်းတွေနဲ့ပဲ သူတို့တစ်ဘ၀လုံးနေသွားကြပါတယ်။ O ကတော့ Oxygen ပါ ….။ ကျွန်တော့်ဘ၀မှာ ဘာအတွက်မှန်းမသိခင်ကတည်းက သူ့ကိုလိုအပ်နေခဲ့တယ် ……။

P-

မနေ့ည ၁၀ နာရီမှာ ကြည့်ခဲ့တဲ့ Prince of Persia ကိုတော့ ထည့်မစဉ်းစားတော့ပါဘူး ….။ Government of the people, for the people by the people ဆိုတဲ့ လင်ကွန်း ရဲ့ people အတွက် ဂါးဗားမင့်ဆိုတာကြီးကိုလည်း မမျှော်လင့်တော့တာ ဆယ်နှစ်ကျော်သွားပါပြီ။ P နဲ့ပတ်သက်ပြီးမှတ်မိတာ Piglet,Parata,Paradise,Plato,Plotenus,Pythagoras,Pascal, (louis )Pasteur … etc ….။ အကြိုက်ဆုံး P ကတော့ ပြောစမရာမလိုတဲ့ … POEM …

P …. Poems for poem’s sake …

O … Our deadly sins or our pain, Our suicidal stupidities

E … Empathy

M … Murmur from heart

Q-

တိတ်တိတ်လေးနေရတာကိုကြိုက်တယ်။ Quiet ….။

Blog မှာလည်း တိတ်တိတ်လေးပဲနေတယ်။ နိုင်ငံတော်သတင်းစာထဲမှာတောင် လူထုအော်သံပါတယ်ဆိုလည်း မတတ်နိုင်ဘူး။ ဘယ်သူနဲ့မှ စာချုပ်ချုပ်ထားပြီးရေးနေတာမဟုတ်တဲ့အတွက် ရေးချင်တဲ့နေ့ရေးပြီး ရပ်ချင်တဲ့အချိန်ရပ်မယ်လို့စိတ်ကူးထားပါတယ်။ ဘလော့ခ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေလိုတယ်ဆိုရင်လည်း မပြောခင်ကတည်းက အဲဒါကို ကန့်ကွက်ပါတယ်။ လွတ်လပ်မှုကို သားရည်ကွင်းလေးနဲ့ လာချည်ရင်တောင် လက်မခံပါဘူး။ ကောင်းကင်မှာ တိမ်တွေသွားနေတာကို ပေါ့ပေါ့နေ ပေါ့ပေါ့စားတွေလို့ပြောတဲ့သူမျိုးတွေ ဘလော့ခ် အာဏာပိုင်ဖြစ်မလာတာကိုက မဟာကံကောင်းခြင်းဖြစ်ပါတယ်။ ဘလော့လောကကြီးကို ပြောရေးဆိုခွင့်ရှိသူလို့ ကိုယ့်ကိုယ်ကို ထင်တဲ့လူတွေကိုလည်း ဘာမှမပြောပါဘူး …။ လူတိုင်းဟာ ကိုယ်ယုံကြည်တာကို မျှမျှတတပြောခွင့်ရှိပါတယ်။ မမျှမတပြောချင်တယ်ဆိုရင်တောင်ပြောခွင့်ရှိပါတယ် …။ လူတွေဟာ ကိုယ်ယုံကြည်တာကိုမှ လွတ်လွတ်လပ်လပ်ပြောစရာနေရာမရှိဘူးဆိုရင် အဲဒါဟာ စိတ်ရောဂါဖြစ်စေနိုင်ပါတယ် ….။ မကောင်းတာကို ကောင်းတယ်လို့ -င်ပိတ်ငြင်းရင်လည်း အဲဒါဟာ သူ့ဝါသနာနဲ့ဝိပါက်ပါပဲ ….။ မဖတ်မနေရလို့ တံဆိပ်ကပ်ထားတဲ့ ဘလော့ခ်လည်းမရှိတဲ့အတွက် … စိတ်နဲ့အဆင်မပြေရင် မဖတ်ရုံပဲရှိပါတယ်။ ဘလော့ခ်များကို လိုအပ်သည်များမှာကြားပါမည်ဆိုရင်တော့လည်း နောက်ဘ၀မှပဲကျေးဇူးဆပ်ပါရစေတော့ ……။ (ဒီ ဘလော့ခ်မှာ ဘာမှလုပ်လို့မရဘူးဆိုလို့ Hamster တစ်ကောင်မွေးထားပေးပါတယ်။ အစာကျွေးပြီးကုသိုလ်ယူရအောင်ပါ …။ သူ့နာမည်ကို Boggy လို့ပေးထားပါတယ်။ စာမဖတ်ချင်ရင်တောင် အစာလာကျွေးပြီးပြန်နိုင်ပါတယ်။)

R-

Rest In Peace ဆိုတဲ့ စာကြောင်းလေးပါ။ နောက်ဆုံး ငြိမ်းချမ်းစွာလဲလျောင်းတယ်ပေါ့ ….။ Under Six feet မှာ စက်တော်ခေါ်တယ် …။ အမိန့်တော်ခံတယ် …။ နတ်ရွာလားတယ်။ နတ်ပြည်ပြန်တယ်။ ဘ၀တစ်ပါးသို့ကူးပြောင်းတယ်။ ဘ၀နတ်ထံပျံလွန်တယ်။ အမှန်တော့ နိဗ္ဗာန်မရမီမှာ ငြိမ်းချမ်းစွာဆိုတဲ့ စကားဟာ သုံးဖို့မကောင်းတဲ့စကားလုံးဖြစ်နိုင်ပါတယ်။ ခေတ္တငြိမ်းချမ်းစွာပဲရှိပါတယ်။ ခန္ဓာဝန်ထမ်းရတဲ့ ဒုက္ခလို ကူလီခမရတဲ့ဘ၀တိုင်းမှာ ငြိမ်းချမ်းစွာမနေရပါဘူး။ တစ်ခုခုဖြစ်တာကို လိုချင်သေးသရွေ့ တစ်ခုခုပျက်တာကိုလည်း ကြုံတွေ့နေရဦးမှာပါပဲ …။ တကယ့် Rest In Peace ဖြစ်ချင်ရင်တော့ ကြားဘူတာတွေမှာ သိပ်မနားဘဲ … သွားမယ့်သွား နိဗ္ဗာန်အထိသွားဖို့ပဲရှိပါတယ်။ Rest in peace ဆိုလည်း အဲဒီ Peace ဟာ သန္တိပဲဖြစ်ချင်တယ်။

S - Satire

Satire ဆိုတဲ့စာကိုလူတစ်ချို့ကနားမလည်ဘူး။ ကိုယ်ရေးတာကို Satire လို့ ထင်နေကြတယ်။ ဥပမာ အမြဲတမ်း နေနဲ့လ ရွှေနဲ့မြလို့သုံးကြတယ်။ အဲဒါကို satiric ဖြစ်အောင် မင်းတို့ကွာ လိုက်ဖက်ညီပုံက ငပိနဲ့မျောက် အီးနဲ့လောက်လိုပဲ လို့ပြောတာမျိုးက ပြုံးချင်စရာ Satire ဖြစ်ပါတယ်။ ခြေကျိုးနေတဲ့သူကို ခြေကျိုးတာနဲ့ပတ်သက်ပြီးရေးတာဟာ satire မဖြစ်ပါဘူး။ Satire ရေးတယ်ဆိုတာက ပြုပြင်စရာရှိတာ ပြုပြင်ချင်ရင် ပြုပြင်ပါစေဆိုတဲ့စိတ်ထားနဲ့ရေးကြတာပါ။ အားနည်းချက်တစ်ခုခုကို လှောင်တာဟာ Satire မဆန်ပါဘူး။ လှိုင်သာယာမှာ လေမုန်တိုင်းတိုက်တာကို ဆရာက လှိုင်သာယာမှာနေတဲ့သူတွေ အိမ်ပြန်သွားတော့ အိမ်တိုင်စိုက်ထားတဲ့ အပေါက်လေးတွေပဲတွေ့တယ်လို့ပြောလို့ အဲဒီဆရာကို တော်တော်လေးကို အထင်သေးသွားပါတယ်။ အဲဒါဟာ ရယ်စရာပြောရမယ့်ကိစ္စလို့သူထင်နေတာကို နားမလည်နိုင်ပါဘူး။ အင်္ဂလန်မှာ MA ရခဲ့ပေမယ့် လူလူချင်းစာနာမှုမှာတော့ ဆရာဟာ သုညပဲရပါတယ်။ သူကရယ်စရာတွေတော့ အများကြီးသင်ပေးခဲ့ပါတယ်။ Satire နဲ့ပတ်သက်တာတွေအများကြီးသင်ပေးပါတယ်။ အဲဒီတုန်းက မြန်မာပြည်မှ နေပြည်တော်ကို တည်နေတဲ့အချိန်ဖြစ်ပါတယ်။ သင်တာက အလက်ဇန်းဒါး အကြောင်းပါ။ ကြုံလို့ဆရာကပြောပါတယ်။ အသက်သုံးဆယ်မှာကွာ. .. အလက်ဇန်းဒါးတို့က မြို့တွေအမြောက်အများတည်ပြီးပြီ …။ တစ်ချို့တွေလည်း ဒီအရွယ်မှ မြို့တစ်မြို့တည်နိုင်တာ ဂုဏ်ယူမဆုံးတဲ့ ….။ အဲဒါကိုတော့ Satire လို့ယူဆပါတယ်။ ၂၅ နှစ်နဲ့ နိုဗယ်ဆုရတဲ့အကြောင်းသင်တုန်းကလည်း .. တစ်ချို့တွေလည်း ၂၅ နှစ်မှာ နိုဗယ်ဆုရတယ် …။ မင်းတို့ကတော့ ၂၅ နှစ်မှာ ကျူရှင်တက်တုန်းတဲ့ ….။ နောက်တော့ အလိမ်ဖော်စက်အကြောင်းသင်ပါတယ်။ သင်တော့ တကယ်တမ်း ပါရမီရှင် အလိမ်ပါရဂူတွေဟာ မျက်နှာမပျက်ဘဲ လိမ်နိုင်တယ်ဆိုတဲ့စာကြောင်းပါပါတယ်။ အဲဒါကို ဆရာက မနေ့က သတင်းစာရှင်းလင်းပွဲကိုပဲကြည့်… ဆိုပြီး အဆုံးသတ်လိုက်တာနဲ့ တစ်ခန်းလုံး ရယ်ကြရပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်က စာသင်ခန်းလေးထဲမှာ သင်ခဲ့ရတာတွေပါ။ ပညာမတတ်သူများပပျောက်ရေးဆိုရင် ပညာမတတ်သူတွေကို ကြိုးပေးလိုက်ရုံပဲဆိုတဲ့ဟာသကိုလည်း ဆရာက Satire သင်ရင်းပြန်ပြောပြပါတယ်။ နောက်ပြီး လူဦးရေပြဿနာနဲ့ စားနပ်ရိက္ခာရှားပါးမှုကို တစ်ပြိုင်နက်ဖြေရှင်းဖို့ဆိုရင် လူသားစားတာဟာ အကောင်းဆုံးနည်းပဲဆိုတာကိုလည်း ဆရာက ဆက်ပြီးရှင်းလင်းပါတယ်။ အဲဒီလို Informal Thinking တွေသုံးပြီး ပြဿနာတစ်ခုကို ချဉ်းကပ်တာမျိုးတွေကို Satire မှာ သုံးတဲ့အကြောင်းတွေလည်းပြောပါတယ်။ တော်တော်လည်းပြောနိုင်တယ်လို့ အခုမှတွေးမိပါတယ်။ သူ့အသက်အရွယ်နဲ့ သူဝါးစားခဲ့တဲ့စာအုပ်အရေအတွက်တွေနဲ့ ဆိုရင်တော့ ကျွန်တော်တို့ကို သင်ပေးတာ အနည်းငယ်လေးလို့ပဲပြောနိုင်ပါတယ်။ မျက်လုံးတစ်လုံးပဲရှိတဲ့သူ မျက်မမြင်ကျွန်းကို ရောက်သွားလို့ နောက်ဆုံးမျက်စိအဖောက်ခံလိုက်ရတဲ့ short story တစ်ခုကို မင်းခိုက်စိုးစန်ရေးသလား၊ ဘာသာပြန်သလား မသိဘူး ….။ အဲဒီတစ်ခုကလည်း Satire စစ်စစ်တစ်ခုဖြစ်ပါတယ်။ စကားပုံထဲမှာတော့ မျက်မမြင်တွေကြားမှာ တစ်လုံးကန်းဟာ ဘုရင်ဆိုပေမယ့် …တကယ်တမ်းမှာတော့ သူမြင်တယ်ဆိုတာကို ဘယ်သူကမှလက်မခံဘဲနောက်ဆုံး သူလျှောက်ပြောနေတာဟာ မျက်လုံးတစ်လုံးရဲ့ ပယောဂဆိုပြီး မျက်လုံးကို ထုတ်ဖို့အမိန့်ချလိုက်တဲ့အခန်းဆိုတော်တော်လေးရယ်ရပါတယ်။ တစ်ချို့ Satire ရေးတဲ့သူတွေဟာ dilemma တွေနဲ့ရေးကြပါတယ်။ နိုင်ငံတကာမှာတော့ Satire ရေးတာဟာ လူပေါတွေမဟုတ်ဘဲ လူကြီးလူကောင်းတွေဖြစ်ပါတယ်။ စာတတ်ပေတတ်တွေဖြစ်ပြီး စာကြောင်ပေကြောင်တွေမဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ပျင်းရိငြီးငွေ့ဖွယ်ဖြစ်နိုင်တဲ့စာမျိုးကို သွက်လက်လာအောင်ရေးချင်တဲ့အခါမှာ Satire ရေးဟန်ကို အသုံးပြုကြပါတယ်။ မြန်မာမှာ ဦးဖိုးကျားရေးတဲ့စာတွေထဲမှာ အဲဒီ သရော်ဟန်လေးတွေအမြဲတမ်းလိုလိုပါလေ့ရှိပါတယ်။ အရမ်းအကြွားသန်လို့ အမျိုးတွေနာမည်ရေးနေတာနဲ့ သတို့သား၊သတို့သမီးမပါတဲ့ ဖိတ်စာအကြောင်းဆို အူလှိုက်သည်းလှိုက်ရယ်ရတဲ့ satire ဖြစ်ပါတယ်။ ကဗျာထဲမှာတော့ E.E Cummings ကို သဘောကျပါတယ်။ သူက Satire ကို ကဗျာထဲမှာထည့်ပစ်လိုက်တဲ့ကဗျာဆရာဖြစ်ပါတယ်။ Xanthos ရဲ့ favourite ကဗျာဆရာဖြစ်မယ်ထင်ပါတယ်။ :P။ Satire ကို ပညာတတ်တွေရေးတာအများကြီးဖတ်ချင်ပါသေးတယ်။ … စေတာနာမှန်နဲ့ Satire ရေးတဲ့ပြုပြင်ရေးသမားတိုင်းကို သဘောကျပါတယ်။ မြန်မာပြည်မှာ ဇာဂနာရဲ့ ဟာသတွေဟာ Satire ဆန်တာတွေအများကြီးပါပါတယ်။ အဲဒီလိုဟာသလေးတစ်ခုကိုပြောဖို့သူဘယ်လောက်လေ့လာခဲ့သလဲဆိုတာတွေကို သူနဲ့အင်တာဗျူးတွေမှာဖတ်ကြည့်ရင်သိနိုင်ပါတယ်။ The World is Flat စာအုပ်ကြီးဖတ်နေတဲ့ဇာဂနာပုံမြင်တိုင်း …. စာကောင်းပေကောင်းမဖတ်ဘူးတဲ့ ခပ်ညံ့ညံ့ လူပြက်တွေကို အဲဒီပုံပြချင်ပါတယ်။

T-Tomorrow

Tomorrow never dies ဆိုတာကတော့ 007 ရဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ အဲဒီစာသားလေးကိုကြိုက်ပါတယ်။ ဒီနေ့မှာ အဆိုးတွေအများကြီးကြုံရင်တောင် တစ်သက်လုံးဆိုးမှာမဟုတ်ဘူး … မနက်ဖြန်အဆင်ပြေသွားမှာပါလို့ယုံကြည်တဲ့သူတွေဟာ စိတ်ဓာတ်ကျလေ့မရှိပါဘူး …။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ မနက်ဖြန်တွေကို သူတို့လိုချင်သလို တည်ဆောက်ပါတယ် …။ မနက်ဖြန်မှာ သူမဖြစ်ချင်တာမဖြစ်အောင် ဒီနေ့ကတည်းက ပြင်ဆင်ထားပါတယ်။ မနက်ဖြန်မှပေးရမယ့်အကြွေးကို ဒီနေ့မှာ ပေးလိုက်ရင် မနက်ဖြန်မှာ စိတ်အေးနေရပါပြီ။ မနက်ဖြန်မှာ ပြန်မမြင်ရတော့မယ့် ပုံရိပ်လေးတစ်ခုကို စိတ်ထဲမှာ တစ်သက်လုံးမှတ်မိနေအောင်ကြည့်ထားလိုက်ဖို့လည်းလိုပါသေးတယ်။ မနက်ဖြန်တိုင်းမှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေရှိတယ် …။ ဒီနေ့ ကျန်းမာနေပေမယ့် မနက်ဖြန် အိပ်ရာထဲလဲနေနိုင်တယ်။ အိပ်ရာထဲမနက်ဖြန်လဲနေရင် ဘာလုပ်မလဲဆိုတာကို ကြိုမစဉ်းစားထားရင် တကယ်လဲနေတဲ့အခါ စိတ်ဓာတ်ကျမယ်။ ကြိုတွေးထားရင် ဘယ်တော့မဆိုသက်သာတယ်။ မနက်ဖြန်မှာဖြစ်လာနိုင်တဲ့ အရာတွေကို နည်းနည်းလောက်ကြိုတွေးထားပါ …။ မနက်ဖြန်မသေဘူးဆိုပြီးယုံထားတဲ့သူတွေသေဆုံးသွားရင် ခံစားရတာနဲ့ …မနက်ဖြန်သေဆုံးနိုင်တယ်လို့ ကြိုတွေးထားတဲ့သူတွေ သေဆုံးသွားရင် ခံစားရတာနဲ့မတူပါဘူး။ သိပ်ဝမ်းနည်းရင် ဘာလုပ်မလဲဆိုတာမျိုးကိုလည်းကြိုတွေးထားကြည့်ပါ။ မနက်ဖြန်မှာဖြစ်နိုင်တဲ့ အခက်အခဲသုံးမျိုးလောက်ကိုတွေးပြီး ဘယ်လိုဖြေရှင်းရင်ရမလဲဆိုတာကိုတွေးကြည့်ပါ …။ အကျင့်လုပ်ထားရင် ဘာဖြစ်ရင် ဘာလုပ်လိုက်မယ်ဆိုတဲ့ response ဟာပိုပြီး တိကျပြီး မှန်ကန်တဲ့ Response ဖြစ်လာတာကိုတွေ့ရပါမယ်။ တကယ်တော့ ကျွန်တော်တို့မြန်မာလူမျိုးတွေပြောနေတဲ့သံသရာဆိုတာ ... နောင်ဘ၀မှာရှိတဲ့ မနက်ဖြန်လေးတစ်ခုပါပဲဗျာ .......။ မနက်ဖြန်အတွက် ဒီနေ့ကိုပြင်ဆင်တာဟာ .... အကျိုးကောင်းဖြစ်အောင် အကြောင်းကောင်းလုပ်နေတာလို့ပဲ နားလည်ခံယူမိပါတယ် ....။


ခင်မင်စွာဖြင့်

Zephyr




Notes:

ပို့စ်က ရှည်ရှည်လာတဲ့အတွက် ... အရှည်မဖတ်ချင်တဲ့သူများအတွက် နောက်ဆုံးပို့စ်အတိုချုပ်ပေါင်းရေးပေးလိုက်ပါမယ် ...။ :P အပေါ်မှာ နှင်းဆီပန်းကို ဓားမနဲ့ခုတ်ထားတဲ့ပုံကတော့ သူငယ်ချင်း ရဲရဲနီရဲ့ အနူးညံ့ဆုံးသောရက်စက်မှုဆိုတဲ့ ပုံလေးပါ ...။ ကျွန်တော်တို့နှစ်ယောက်စလုံး အမှုမဖြစ်ဘဲ appeal လုပ်ထားရတဲ့အတွက် တစ်နေ့တစ်နေ့ MOM ကိုမေတ္တာပို့နေပါတယ် ...။ နူးညံ့သောရက်စက်မှုဆိုတဲ့ ကဗျာအတွက် အဲဒီပုံကိုတောင်းထားတာပါ။ ကဗျာကတော့ Zephyr's poem မှာ တင်ဖြစ်မယ်ထင်ပါတယ်။



Peace B with U.