လွယ်လွယ်လေးပဲမေးမယ်။
မီးသတ်သမားတစ်ယောက်က နှစ်မိနစ်မှာဝတ်စုံ တစ်ထပ်ဝတ်နိုင်တယ်။ မိနစ် ၂၀ မှာ ဘယ်နှထပ်ဝတ်နိုင်မလဲ။
အဲဒါပြောတာပေါ့ ..။ ဘ၀မှာ လွယ်မယ်ထင်တာတွေက ခက်ပါတယ်ဆိုတာ။
Apple က စတိဂျော့ဖ်သည်လည်းကောင်း၊ Microsoft က ဘီလ်ဂိတ်သည်လည်းကောင်း ကျောင်းမပြီးခဲ့တဲ့လူငယ်တွေဖြစ်ခဲ့တာကိုထောက်ရင် ကျောင်းပြီးအောင်တက်တဲ့သူတွေဟာ ဘ၀မှာအောင်မြင်ဖို့ခက်တယ်။
ဒီအဆိုကိုရော သင်ဘယ်လိုယူဆပါသလဲ။ ကျောင်းတက်မှ ပညာတတ်မှာ မဟုတ်ဘူးလား။ ကျောင်းနဲ့ပညာရေးတွဲထားတဲ့စနစ်ကို ဘယ်သူက ဖြိုခွဲလိုက်တာလဲ။ မနေ့တစ်နေ့က အထိ စိတ်ဓာတ်စည်းကမ်းပညာ ဆိုတဲ့ ဆေးကွာနေတဲ့ ဆိုင်းဘုတ်ကြီးတွေနဲ့ နေခဲ့တာ။ ပညာဟာ စိတ်ဓာတ်နဲ့စည်းကမ်းလောက် အရေးမကြီးတာလား။ မဟာဂန္ဓာရုံဆရာတော်ရဲ့ စိတ်ထားကောင်းဖို့ ပထမ ဆိုတာတော့ ရဟန်းတွေအတွက် သင့်တော်ပါတယ်။ စိတ်ဓာတ် စည်းကမ်း ပညာကတော့ ကျောင်းသားတွေနဲ့ ကိုက်ညီ မကိုက်ညီဆိုတာ ကျောင်းသားတိုင်းသိပါတယ်။ စိတ်ဓာတ်တွေ စည်းကမ်းတွေသင်စရာမလိုတော့တဲ့သူတွေအတွက် ပညာပဲ တကယ်ပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ (စတိဂျော့ဖ်နဲ့ ဘီလ်ဂိတ်ကို မြင်တိုင်း ... တွေးမိတိုင်း အရိုးနာတယ် ....။ဒီနှစ်ယောက် မြန်မာပြည်မှာမွေးရင်လည်း အဲဒီလို ဘွဲ့မရတဲ့သူတွေလို ကြီးပွားဦးမှာပါ။ :P)
မနေ့က Thinking Aloud ဆိုတဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေပါတယ်။ အဲဒီမှာ စဉ်းစားစရာလေးတွေပါတယ်။
သဘောကျမိတာတစ်ခုက To know much is easy; to digest much is hard. တော်တော်လေးကို လေးနက်တဲ့စကား တစ်ခွန်းပါပဲ။ များများသိဖို့လွယ်တယ်။ ကျေကျေညက်ညက်သိဖို့ကခက်တယ်။ ဘယ်ပညာရပ်မဆို အခြေခံကသိပ်လွယ်ပါတယ်။ အခြေခံလောက်သိတဲ့အခါမှာ သိပြီလို့ထင်တတ်ပါတယ်။ အများကြီးသိတယ်ဆိုတာ အပေါ်ယံအခြေခံတွေအများကြီးသိတာမျိုးပါပဲ။ ကျေကျေညက်ညက်သိဖို့ကတော့ ပိုခက်ပါတယ်။ Incubation Period လည်းလိုပါတယ်။ တစ်ယောက်တည်း သေချာ အထပ်ထပ် သုံးသပ်ရမယ့် အယူအဆတွေ၊ အပြန်ပြန်အလှန်လှန်မေးခွန်းမေးရမယ့်ကိစ္စတွေ၊ ကိုယ့်ထက် ကျေညက်တဲ့သူနဲ့ ဆွေးနွေးရမယ့်ကိစ္စတွေအများကြီးကို ဖြတ်သန်းပြီးမှ တကယ်ကျေညက်တဲ့အဆင့်ကိုရောက်ပါတယ်။ တကယ်ကျေညက်တဲ့သူတစ်ယောက်ဟာ ပိုပြီးထောင့်စေ့တဲ့အမြင်ကို မြင်နိုင်ပါတယ်။ လူတစ်ယောက်ဟာ မကျေညက်တဲ့ အယူအဆတွေအများကြီးသိနေတာဟာ အခုခေတ်မှာ ကလေးတစ်ယောက် game တွေအမျိုးမျိုးဆော့ပြီး ဘယ် game မှ ပြီးတဲ့အထိ မဆော့နိုင်တာမျိုးနဲ့ပဲတူပါတယ်။ ဘယ်နယ်ပယ်မှာမဆို အဲဒီလိုလူတွေဟာ ကိုယ့်ကိုယ်ကို နှာခေါင်းရှည်လို့ နှာတစ်ဖျားသာတယ်၊ ခုံဖိနပ် အထူစားစီးပြီး ခေါင်းတစ်လုံးမြင့်တယ်လို့ ယူဆတတ်ပါတယ်။ Knowledge A မှာ ဆရာတစ်ဆူဖြစ်တဲ့သူဟာ Knowledge B မှာတော့ သူက Novice (or) Newbie ဖြစ်နေနိုင်တာကိုလည်း မမေ့သင့်ပါဘူး။ အဲဒါကို နားမလည်ရင်တော့ ... မင်းလာခဲ့ ...ငါသင်ပေးလိုက်မယ် ... ဆရာတစ်ဆူဖြစ်တဲ့အထိ ဆိုတာမျိုး ပေါတောတောတွေ လုပ်လာပါတယ်။ ဆရာတစ်ယောက်ဖြစ်ဖို့ အနည်းဆုံး တပည့်တစ်ယောက်လိုမှန်းသိတဲ့ ဆရာသမားတွေဟာ တပည့်မွေးဖို့ မည်သည့်ခေတ်အခါကနဲ့မတူတဲ့ အားထုတ်မှုမျိုးနဲ့ ကြိုးစားနေကြတာ နယ်ပယ်အသီးသီးမှာတွေ့လာရပါတယ်။
တစ်သက်တာလုံးလေ့လာနေရမယ့် ပညာရေးစနစ်ဆိုတာကို Peter Drucker က စပြီးကျယ်ကျယ်လောင်လောင်ပြောခဲ့ပါတယ်။ မနေ့က သိခဲ့တဲ့ပညာဟာ ဒီနေ့မှာ ဆက်ပြီး အသုံးဝင်နေမယ်လို့ အာမခံချက်မရှိတော့တဲ့ ခေတ်ထဲမှာ ခေတ်ရဲ့ Pace ကို မီအောင်လိုက်နိုင်မယ့် အဆက်မပြတ်လေ့လာနိုင်တဲ့သူတွေသာ up to date ဖြစ်နေမှာပါ။ အသစ်တွေက အဟောင်းတွေကို တူးဖြိုသွားတတ်တဲ့ ခေတ်ကြီးထဲမှာ နေနေရတဲ့ လူတွေအနေနဲ့ အပြောင်းအလဲဆိုတာဟာကြောက်စရာမဟုတ်တော့ပဲ နောက်ထပ် Paradigm အသစ်တစ်ခုလို့ပဲ ရှုမြင်လာပါတယ်။ ကြက်ဥထဲမှာနေရတဲ့ဘ၀ဟာ လုံခြုံပေမယ့်မှောင်တယ်။ ဥခွံကိုခွဲထွက်လိုက်မှ ပိုပြီး လင်းတဲ့ သိပ်ကျယ်ပြောတဲ့ လောကကြီးကို မြင်ရတယ်။ ဒီလောကကြီးဟာ ပိုပြီး အန္တရာယ်များတာ အသေအချာပဲ။ ဒါပေမယ့် ဆက်လက်ရှင်သန်ဖို့ ... ဒီလောကထဲမှာ နေထိုင်ကျက်စားရမှာပဲ။ ဥခွံထဲမှာ ဆက်ပြီးနေချင်ရင်တော့ အလင်းရောင်ရှိတဲ့ ကျယ်ပြောတဲ့ လောကကြီးကို ဘယ်တော့မှမမြင်ရတော့ဘူး။
အမြဲတမ်းကြားနေရတဲ့ Do or Die ဆိုတဲ့ စကားလုံးကို သေချာကြည့်ရင် ... ထွက်ပေါက်မရှိသလိုဖြစ်နေတယ်။ တစ်ချို့နေရာတွေမှာတော့ ဒီ သီအိုရီက သိပ်မှန်တာပဲ။ ဥပမာ ချောက်ကမ်းပါးတစ်ခုကို ခုန်တဲ့အခါ နှစ်ဆွေ့ခုန် လုပ်နေလို့မရဘူး။ ခုန်ရင်ခုန် ..မခုန်ရင် ပလုံ ဖြစ်သွားမယ်။ အဲဒီအခြေအနေမျိုးဟာ လူတစ်ယောက်ရဲ့ အမြင့်ဆုံး အရည်အချင်းကို ထုတ်ပေးတဲ့ Point တွေပဲဖြစ်နေတယ်။ ဒီနေ့မှမပြီးရင် မဖြစ်တော့ဘူးဆိုတဲ့ အလုပ်မျိုးဟာ တစ်နည်းနည်းနဲ့ပြီးသွားသလိုပါပဲ။ လူတွေဟာ အားထုတ်စရာသိပ်မလိုတဲ့အခါမှာ အချောင်ခိုတတ်ပေမယ့် မလုပ်မဖြစ်ဖြစ်လာတဲ့အခါတော့ ရှိသမျှ စွမ်းအားတွေဖြစ်ညှစ်သုံးပြီး ဖြစ်အောင်လုပ်သွားကြတယ်။ အထူးသဖြင့် လူငယ်တွေဟာ ဒီလိုမျိုး Do or Die တွေမှာ တွေဝေတဲ့လူကြီးတွေထက် အဆ တစ်ရာသာတယ်။ ဒါပေမယ့် လူငယ်တွေဟာ ကိုယ့်အရည်အချင်းကို ကိုယ်မသိကြဘူး။ Rust ဖြစ်နေတယ်။ ငါကြိုးစားသလောက် မဖြစ်နိုင်တဲ့နေရာမှာနေရင် ငါဘာဖြစ်လာမှာလဲ။ အဲဒီလို အတွေးမျိုးတွေရှိတယ်။ Psychology မှာ Selected Reinforcement ဆိုတာရှိပါတယ်။ အဲဒီလိုတွေးတဲ့ လူငယ်တွေအတွက် အဲဒီလိုတွေးတာ မှန်တယ်လို့ ထင်စရာတွေ မကြာမကြာတွေ့ပြီး အဲဒါကို သူယုံကြည်သွားဖို့ဖြစ်လာတတ်တယ်။ မဖြစ်နိုင်ဘူးလို့တွေးထားသရွှေ့ ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတာတွေကိုပဲ သူ့စိတ်က မှတ်သားမယ်။ ရှာဖွေမယ်။ မဖြစ်နိုင်တာတွေကို လုံလုံလောက်လောက်သိထားတဲ့ လူငယ်တစ်ယောက်ရဲ့ဘ၀မှာ ဖြစ်နိုင်တယ်ဆိုတာက မဖြစ်နိုင်မှုတွေနဲ့ ပိတ်ဆို့ထားတဲ့ ထွက်ပေါက်တစ်ခုလိုဖြစ်လာပါတယ်။ စိတ်ဓာတ်စွမ်းအားတွေဟာ wear and tear ဖြစ်သွားပါတယ်။ တစ်ခြားသူတွေ မဖြစ်နိုင်ဘူးပြောချင်ပြောပါစေ။ ကိုယ့်ဘာသာကိုယ်တော့ ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ Self Suggestion လိုဖြစ်သွားရင် မဖြစ်နိုင်ဘူးဆိုတာကို စိတ်ထဲမှာစွဲသွားရင် ကိုယ်ပဲ အကျိုးယုတ်ပါတယ်။ ကိုယ်ကြိုးစားနေတာတွေဟာ ဘယ်တော့မှ အချည်းနှီးမဖြစ်ဘူးလို့ ခိုင်ခိုင်မာမာယုံကြည်တဲ့ လူငယ်တွေအများကြီးလိုအပ်ပါတယ်။ သူတို့ဟာ တစ်ကယ်ဖြစ်ထွန်းလာဖို့ ထိုက်တန်တဲ့သူတွေဖြစ်တယ်။ လောကမှာ မတန်မရာ ဖြစ်သွားတာမရှိပါဘူး။ အခုမတန်မရာဖြစ်နေတယ်လို့ ထင်ရတဲ့သူတွေဟာ တစ်ချိန်ကတော့ ထိုက်တန်တဲ့ ရင်းနှီးမှုကိုလုပ်ထားပြီးသားမို့လို့ပါ။ ဖြစ်ချင်တာတွေတော့ ဖြစ်ချင်မှဖြစ်မယ်။ ဖြစ်သင့်တာတွေကတော့ ဖြစ်ကိုဖြစ်ပါတယ်။ ဖြစ်သင့်တာတွေ ဖြစ်အောင် ကိုယ်က ဖြစ်သင့်တာတွေကိုပဲ လုပ်ဖို့လိုပါတယ်။ မီးမွှေးတဲ့လူတစ်ယောက်ဟာ လောင်စာတွေ စုပြီး ထိုင်ဆုတောင်းနေစရာမလိုပါဘူး။ မီးတစ်ချက် ခတ်လိုက်ရုံနဲ့ လိုနေတဲ့မီးကို ရသလိုမျိုးပါပဲ။ လောင်စာတွေစုဖို့နဲ့ မီးခတ်ဖို့လုပ်စရာရှိတာကိုမလုပ်ဘဲ ခေတ်မကောင်းလို့ ပညာမတတ်နိုင်ဘူးဆိုတဲ့ ပေါတောတော အယူအဆကို လက်ကိုင်ထားရင်တော့ ဒီလိုလူတွေဟာ palaeolithic နဲ့ပဲ ထိုက်တန်တဲ့သူတွေဖြစ်နေမှာပါ။ ကိုယ်ပညာတတ်ဖို့တာဝန်ဟာ ကိုယ့်တာဝန်ပဲလို့ ယူဆတဲ့ လူငယ်တွေဟာ သိပ်တော်တဲ့လူငယ်တွေဖြစ်လာဖို့ သိပ်ကိုသေချာပါတယ်။
ငယ်တုန်းက ကျက်ခဲ့တဲ့သီချင်းလေးတစ်ပိုဒ်ပါ ..."နောင်တစ်ခေတ်မှာ ခေါင်းဆောင်ဖြစ်နိုင်တယ် ... တို့တကိုယ်ကောင်း စိတ်ထားပယ်၊ အများအကြိုးအတွက် ထမ်းရွက်မယ် ...၊ " ဆိုတဲ့သီချင်းလေးပါ။ အရင်ခေတ်က လူငယ်တွေ ဆိုခဲ့ကြတာပါ။ ကိုယ့်ခေတ်မှာ မညံ့ဖို့လိုပါတယ်။ အရင်ခေတ်က လူငယ်တွေဟာ နိုင်ငံအတွက် ကြည့်တတ်တယ်။ အခုခေတ်မှာလိုမဟုတ်ဘူး။ သူတို့ရဲ့ vision ဟာကောင်းတယ်။ နောင်တစ်ခေတ်မှာခေါင်းဆောင်ဖြစ်လာမယ့်သူတွေက သိပ်ပြီး ညံ့တာတွေလုပ်နေလို့မဖြစ်ဘူး။ တာဝန်ရှိတယ်။ လူငယ်မှာ လူငယ်တာဝန်ရှိတယ်။ အမေရိကန်တွေ မှာ ကလေးမွေးမွေးချင်း ဘာပြောကြသလဲဆိုတော့ ... အမေရိကန်ရဲ့ ခေါင်းဆောင်ဖြစ်လာနိုင်မယ့် သားကောင်းရတနာ တစ်ယောက် ဖွားမြင်တယ်လို့ပြောတယ်။ အဲဒါဟာ သူတို့ရဲ့ ယုံကြည်မှုနဲ့ ကလေးတစ်ယောက်အတွက် အများဆုံးမျှော်လင့်ချက်ပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲဖြစ်ဖို့ကလည်း လူငယ်ဘ၀ကတည်းက ပြင်ဆင်ရတာပါပဲ။ လူငယ်တွေမှာ Potential သိပ်များတဲ့အတွက် တစ်ခုခုကို စိတ်ပါလက်ပါ လုပ်လိုက်ရင် ဖြစ်သွားတာပါပဲ။ ကိုဖီအာနန်ရဲ့ မိန့်ခွန်းလေးကိုဖတ်ကြည့်စေချင်ပါတယ်။
I want to say a few words to my young friends who are in this room, you are also the leaders of tomorrow, the leaders of the 21th century and as this nation’s next generation of human rights activists, practitioners and lawyers...
ဒီအခန်းထဲမှာ ရှိနေတဲ့ ကျွန်ုပ်(ကိုဖီအာနန်) ရဲ့ ငယ်ရွယ်တဲ့သူငယ်ချင်းများ (လူငယ်တွေကို ပြောတာပါ) ကိုပြောချင်ပါတယ်။ သင်တို့ဟာ ၂၁ ရာစုဆိုတဲ့ မနက်ဖြန်ရဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်။ လူ့အခွင့်အရေးကို နားလည်လက်ခံကျင့်သုံးတဲ့သူတွေ၊ လူ့အခွင့်အရေးအတွက် ကြိုးစားစည်းရုံးသူတွေနဲ့ ရှေ့နေတွေဖြစ်လာမယ့်သူတွေ ဖြစ်ပါတယ်။ ....
ဒီလိုပြောသွားတာက သူ လူငယ်တွေကို ယုံကြည်လို့ပါ။ ယုံကြည်လို့ အပ်နှင်းတဲ့တာဝန်တွေရှိပါတယ်။ အနာဂတ်ကို ပိုကောင်းအောင်လုပ်ဖို့ လူငယ်တိုင်းမှာတာဝန်ရှိပါတယ်။ ကိုယ့်တာဝန် ကိုယ်ကျေပွန်တဲ့ လူငယ်တွေရှိတဲ့တိုင်းပြည်ရဲ့ အနာဂတ်ဟာ ဘာမှတွေးပူနေစရာမလိုပါဘူး။ ထိုက်တန်တဲ့နေရာမှာ ထိုက်တန်တဲ့အယူဝါဒထွန်းကားပြီး ထိုက်တန်တဲ့ အုပ်ချုပ်မှုပုံစံ ဖြစ်ထွန်းလာမှာပါ။
ကိုယ့်တာဝန်တောင် ကိုယ်မယူနိုင်တဲ့လူငယ်တွေကိုတော့ ဘယ်သူမှ တာဝန်မပေးရဲပါဘူး။ လူငယ်ဆိုတာ ထိုက်တန်မှု တစ်ခုခုရှိကြောင်း သက်သေမပြနိုင်ဘဲ တစ်ခုခုကို ဘယ်တော့မှမတောင်းဆိုရပါဘူး။ ဒါကို သေချာတယ်လို့ သက်သေမပြနိုင်ဘဲ သွေးထဲက ယုံကြည်တာမျိုးမဟုတ်ဘဲ ခေါင်းညိတ်လေ့မရှိပါဘူး။ ရဲရင့်ပြတ်သားမှုနဲ့ တာဝန်ယူမှုကိုတွဲစပ်ထားတဲ့ အကောင်းဆုံး အနေအထားကို ရထားတဲ့ လူငယ်တွေဟာ ကိုယ့်တန်ဖိုးကို ကိုယ်သိရပါမယ်။ ကိုယ့်တန်ဖိုးကို ကျစေတဲ့ကိစ္စတွေကို ရှောင်ဖို့လိုပါတယ်။ လူကြီးတွေက လေးစားရတဲ့လူငယ်တွေ ဖြစ်နိုင်ရက်သားနဲ့ ဘ၀ကို ဖြစ်သလိုနေသွားဖို့မကောင်းပါဘူး။ အကောင်းဆုံးတွေ လုပ်နိုင်ရက်နဲ့ သာမန်ကိစ္စလေးတွေ၊ အပျင်းပြေကိစ္စလေးတွေနဲ့ပဲ လူငယ်ဘ၀ကို ဖြတ်သန်းသွားလိုက်ရင် ကုန်သွားတဲ့ အချိန်တွေ နှမြောစရာကောင်းပါတယ်။ လူငယ်ဆိုတာ
IMPOSSIBLE ကို I M POSSIBLE လို့ ခွဲပြီး နားလည်မယ့်သူတွေပါပဲ။ မဖြစ်နိုင်ဘူးဆိုတာကို လွယ်လွယ်နဲ့လက်ခံမယ့်သူမျိုးတွေမဟုတ်ဘူး။ ဖြစ်နိုင်တဲ့နည်းလမ်းကို ရှာပြီး တစိုက်မတ်မတ် လုပ်မယ့်သူတွေဖြစ်တယ်ဆိုတာကို သက်သေပြဖို့ အကောင်းဆုံးအရွယ်ပါပဲ။
တစ်ခါက နစ်ရှေးပြောဖူးတယ်။ မော်ဒန်လူသားဟာ မနက်ခင်း ဘုရားစာအစား သတင်းစာနဲ့ အစားထိုးလိုက်တဲ့သူတဲ့။ ဒီလိုဆိုရင် ...လူငယ်ဆိုတာကတော့ အရင်က လူကြီးတွေ ညံ့ခဲ့သမျှကို ရဲရင့်ပြတ်သားမှုနဲ့ အစားထိုး အမှန်ပြင်ပေးလိုက်တဲ့သူတွေပဲ ဖြစ်မယ်လို့ယုံကြည်ပါတယ်။ ။
ခင်မင်စွာဖြင့်
Zephyr
Dedicated to:
တစ်ချိန်မှာ လူငယ်တွေဖြစ်လာကြမယ့် ကလေးများ၊
တူမလေးများ၊ တူလေးများ၊
ညီလေးနဲ့
လူငယ်တွေ အားလုံးအတွက်
Peace B with U.