Friday, October 22, 2010

မိခင်ကြီးထံသို့ လိပ်မူ၍

မိခင်ကြီးထံသို့ လိပ်မူ၍

.... အမေ .... အမေတို့ဆီမှာ မိုးတွေရွာတယ်ကြားတယ်။
ကျွန်းမှာတော့ haze တွေထူနေတယ်အမေ။ .... အဆုတ်မကောင်းတဲ့လူတွေအတွက် အင်ဒိုနီးရှားကပို့လိုက်တဲ့ လက်ဆောင်လို့ပြောတယ်အမေ။
မနေ့က PSI ၁၀၀ ကျော်သွားတဲ့အတွက် ကျန်းမာရေးကို စတင်ထိခိုက်လာပြီး အဆုတ်ရောဂါရှိတဲ့သူတွေ၊ အသက်ကြီးသူတွေနဲ့ကလေးငယ်တွေမှာထိခိုက်မှုရှိနိုင်တယ်လို့သိရတယ်အမေ။ အစိုးရကလည်း ဖုန်းရွှေဆရာတွေဆီမှာ အကူအညီတောင်းပြီး လေကို ပြောင်းပြန်ပြန်တိုက်ခိုင်းဖို့ကြိုးစားနေပြီလို့ကြားတယ်အမေ။

အမှန်တော့ မေရီအင်တွိုင်းနက်ရဲ့ အဖိုးတန်စကားလို့ အောက်ဆီဂျင်မရှိရင် ကာဘွန်ဒိုင်အောက်ဆိုဒ်ရှူကြပါလားလို့ပြောကြည့်ဖို့ကောင်းတယ်အမေ။ အစိုးရရဲ့ အလုပ်တွေမှာ အခွန်ကောက်ရေး၊ CPF သက်တမ်းနောက်ဆုတ်ရေး၊ GST တိုးမြှင့်ရေးနဲ့အတူ၊ PSI တိုင်းတဲ့အလုပ်တစ်ခုပါပိုလာပြီအမေ။ PSI ဆိုတာ Pollutant Standards Indexကိုအတိုကောက်ပြောတာတဲ့အမေ။ ကြာသပတေးနေ့က ၁၀၈ ရောက်သွားတဲ့အတွက် ၂၀၀၆ နောက်ပိုင်းမှာ အဆိုးဆုံးလေထုပါတဲ့အမေ။ ကြံဖန်ဂုဏ်ယူရရင်တော့ စင်ကာပူရဲ့ အဆိုးဆုံးလေကို ရှူဖူးသူတွေထဲမှာ အော်တိုမစ်တစ်စာရင်းပေါက်သွားတာပါပဲ အမေ။

မလေးက ကျွန်းလေးမှာတော့ ကျောင်းတွေပိတ်လိုက်ပြီကြားတယ်အမေ။ အဲဒီမှာ PSI က ၄၀၀ ကျော်တယ်ဆိုလား။ ၃၀၁ ကစပြီး Hazardous ဖြစ်ပြီလို့ကြားတယ်အမေ။ မကြာခင် သားလည်း Policy ၀ယ်ထားပြီး ရောဂါကိုစောင့်ရင်ကောင်းမလားလို့တွေးမိတယ်။

ကမ္ဘာ့ရွာကြီးဆိုတာကို ကောင်းကောင်းကြီးနားလည်သွားပြီအမေ။ ညောင်ဦးကမ်းပါးပြိုတော့ လော့စ်အိန်ဂျယ်လ်လစ်က နွားမကြီးပေါင်ကျိုးသွားတယ်ဆိုတာဖြစ်နိုင်ြ့ပီအမေ။

ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုတာ ဟို ခပ်ညံ့ညံ့ကဗျာဆရာတွေပြောသလို လမ်းသွားရင်းသေးပေါက်တဲ့ကိစ္စမဟုတ်ဘူးဆိုတာ အခုတော့ ဒီကလူတွေအားလုံးသိကြပြီအမေ။ အသက်ရှူမ၀တဲ့အခါမှ အရင်ကရှူခဲ့တဲ့အောက်ဆီဂျင်ကို နှမြောသလိုလို ....၊ အင်ဒိုနီးရှားကိုပဲ မီးချိတ်မီးကတ်တွေပို့ရမလိုလို၊ မြန်မာနိုင်ငံပြန်ဖို့လေယာဉ်လက်မှတ်ပဲပြေးဝယ်ရမလိုလိုဖြစ်နေတယ်အမေ။ အင်ဒိုနီးရှားကလည်း ကိုယ့်အိမ်မီးလောင်တာ တစ်ခြားသူလာငြှိမ်းမယ်ဆိုတဲ့အထာနဲ့ စိတ်အေးလက်အေးရှိပါတယ်အမေ။ သစ်ပင်တွေ မီးလောင်တတ်တာကို သိပေမယ့် ကမ္ဘာကြီးမှာ လေကြီးတဲ့လူတွေမကာကွယ်နိုင်တာတွေအများကြီးပဲနော်အမေ။ သြစတြေးလျမှာလည်း နှစ်တိုင်းလောင်နေတုန်းပဲ အမေ။ အခုရေးနေတဲ့အချိန်မှာ PSI 94 ရှိနေပြီအမေ။ မကြာခင်မှာ ၁၀၀ ရောက်ရင် အသက်အောင့်ထားရဦးမယ်ဆိုတော့ နည်းနည်းပဲထပ်ရေးတော့မယ်အမေ။

အခုတော့ တတပ်တအား ... How to prevent air pollution ရှာဖတ်နေတယ်အမေ။ အလွယ်ဆုံးနည်းက အသက်မရှူဘဲ လေးထောင့်စပ်စပ်၊(ခရစ်ယာန်များအတွက် ခြောက်ထောင့်စပ်စပ်) အလုံပိတ်ထားတဲ့ သေတ္တာထဲသက်သက်သာသာလှဲလျောင်းပြီး အဖုံးကို သံနဲ့ နာနာရိုက်ပိတ်လိုက်ခြင်းလို့တွေ့တယ်အမေ။ ...

အကောင်းဘက်ကပြောရရင်တော့ သားကို မျက်စိမကောင်းဘူးလို့ပြောတဲ့သူတွေလည်း ဘာမှ ကောင်းကောင်းမမြင်ရတာခြင်းလည်းတူလာပြီအမေ။ ... နောက်တစ်ပါတ်မှာ ခွင့်ယူဖို့အတွက်လည်း အဆင်ပြေသွားပြီအမေ။ ကိုယ်မတတ်နိုင်တာတွေကို လက်ခံရတယ်ဆိုတာကြီးကိုလည်း အတော်အသင့်သဘောပေါက်သွားတယ်အမေ။ စင်ကာပူ ကျွန်းစုတ်လေးလို့ ပြောခဲ့ဖူးတဲ့ခေါင်းဆောင်ရှိခဲ့ဖူးတဲ့နိုင်ငံဆီက နွားသနားမှ မြက်ချမ်းသာမယ့် တောင်းဆိုမှုတွေကို အဓိပ္ပာယ်မဲ့လုပ်ရတဲ့ နိုင်ငံရေးကိုလည်း စိတ်ကုန်ညည်းငွေ့တယ်အမေ။

Air pollution ဟာ BIG ISSUE ဖြစ်တယ်ဆိုတာကို ကိုယ့်နိုင်ငံရော၊ အိမ်နီးချင်းနိုင်ငံရော နားလည်အောင်လုပ်ကြဖို့လိုပြီအမေ။ ကမ္ဘာ့ရွာကြီးတဲ ညှော်မယ်ဗျို့ဆိုပြီး ကြော်ချင်တိုင်းကြော်နေတဲ့ အိမ်ကို ရွာပြင်ထုတ်ကြရမယ်အမေ။ သစ်ပင်တွေကို မီးရှို့တာလား မီးလောင်တာလားတောင် ကွဲကွဲပြားပြားမသိတဲ့ အစိုးရတစ်ရပ်ဟာ နိုင်ငံအတွက် အရေးကြီးပါတယ်ဆိုရင်တော့ .... ဟိုတလောက ရပ်ကွက်ထဲမှာ နာဂစ်တွေကြော်ရောင်းပြီး ပွပေါက်တိုးသွားတဲ့ အိမ်ရှင်တွေလိုပဲ စူပါ ဥာဏ်ကြီးရှင် (အင်္ဂလိပ်အခေါ် super bulls**t) အဖြစ် စာရင်းပေါက်သွားပြီလို့ဆိုတယ်အမေ။ အော် အရေးထဲ စာလုံးပေါင်းမှားသွားမိတယ်အမေ။ နာဂစ်မဟုတ်ဘူး ..နာဂတ် (Chicken Nuggets လို Nuggets ရောင်းတာကိုပြောတာအမေ။)

တော်သေးပြီအမေ။
အခုအချိန်မှာ ဒီအတိုင်းတောင် အသက်ရှူခက်နေလို့ အပြင်မှာ လေလည်တဲ့သူတွေနဲ့ ဆေးလိပ်သောက်တဲ့သူတွေကို အမေးအမြန်းမရှိဘဲ သေဒဏ်ပေးမယ်ဆိုရင်တောင် ကန့်ကွက်မိမယ်မထင်ဘူးအမေ။ ......

Singapore is OK but its air isn't .....

အမေ့ရဲ့သားကြီး၊
Zephyr




Peace B with U.

Tuesday, October 19, 2010

Idiosyncrasy အော့ဖ် Zephyr


Idiosyncrasy အော့ဖ် Zephyr


အခုတလော ပတ်ဝန်းကျင်လေ့လာမှုတွေလုပ်နေပါတယ်။

ဘယ်လိုလေ့လာသလဲဆိုတာလေးကို ကွန်ချက်ပြတယ်ပဲပြောမလား၊ အထုတ်ဖြည်တယ်ပဲဆိုမလား ... လေ့တော့လေ့လာပါတယ်။

ကွှန်တော့်မှာ ရောဂါတစ်ခုရှိတယ်။ မနက်နိုးလာရင် အိမ်ရှေ့က သစ်ပင်လေးကို ကြည့်ပြီး စိတ်ချမ်းသာနေတဲ့ရောဂါပါ။ .. အဲဒီရောဂါရှိတာကို ဘယ်ကဘယ်လိုပေါက်ကြားသွားတယ်မသိဘူး ... တစ်နေ့သား ကျွန်တော်နိုးလာတော့ သစ်ပင်လေးကိုကြည့်တဲ့အခါ ...သစ်ပင်လေး..... မရှိတော့ဘူး .....။ သစ်ပင်လေးလို့ပြောပေမယ့် လေတိုက်လိုလဲလောက်တဲ့ သစ်ပင်လေးတော့မဟုတ်ပါဘူး။ လက်ရှည်ပြီး အဖက်သန်တဲ့ ယောကျာ်းခပ်ပိန်ပိန်တစ်ယောက် ဖက်စာလောက်ရှိတဲ့ သစ်ပင်မျိုးပါ။ ငယ်တုန်းကကြည့်ခဲ့တဲ့ Cube ကားထဲကလို နိုးလာတော့ တစ်ခြားတစ်နေရာရောက်နေတာမျိုးလားဆိုတော့လည်းမဟုတ်ပြန်ဘူး။ အဲဒီလို သစ်ပင်ကလေးတစ်ပင်အတွက် စိုက်ပျိုးချိန် ၃ နှစ်ကနေ ၅ နှစ်ကြာပါတယ်။ သစ်မာပင် အမျိုးအစားဖြစ်တဲ့အတွက် စိုက်ရလည်း သိပ်မလွယ်ပါဘူး။ ဒါဆို ဘာလို့ခုတ်လိုက်တာလဲ .....။ အဖြေကတော့ရှင်းပါတယ်။ ခုတ်ချင်လို့ဖြစ်ပါတယ်။ .............................။ စင်ကာပူမှာ ပိုပူလာတာကို မပြောချင်ပါဘူး။ ကျွန်တော့်လိုမျိုး မနက်ခင်း သစ်ပင်လေးကြည့်လေ့ရှိတဲ့ လူဘယ်လောက်များများ သစ်ပင်လေးတွေပျောက်သွားပြီလဲလို့ပဲတွေးမိပါတယ်။

တစ်နေ့မှာကျွန်တော် MRT စီးတယ်။ ကျွန်တော်က ရထားပေါ်မှာ လူများတွေပြောတဲ့စကားကို ဇာတ်လမ်းတစ်ခုလို နားထောင်နေတတ်တယ်။ အသက်ခပ်ရွယ်ရွယ် လူငယ်ကြီးတစ်ယောက် ဆိုက်ကားမှောက်ထားတဲ့ အသံနဲ့ ရည်းစားနဲ့ရန်ဖြစ်နေတာကြားတယ်။

အေး ...မင်းက ဒီလိုပဲလေ ..ဒီလိုပဲ ..အခုတော့ ဒီလိုဖြစ်တာပေါ့ကွာ ...မထူးဆန်းပါဘူး ... ရှူးရှူး
(ရှူးရှူးဆိုတာက ရှူးပေါက်တာမဟုတ်ပါဘူး။ ဒေါသထွက်လွန်းလို့ နှာခေါင်းကနေ ရှူးပေါက်တဲ့အသံမြည်တာပါ။)
သူပြောတာကိုလည်း ကိုယ်နဲ့မဆိုင်ဘဲ လိုက်စဉ်းစားပေးနေမိသေးတယ်။ :P
နောက်တော့ အကြီးအကျယ်ပေါက်ကွဲလာပုံရတယ်။ .... လွန်လေပြီးသော ခုနစ်နှစ်၊ခြောက်နှစ်။လေးနှစ်၊သုံးနှစ်က ဇာတ်လမ်းတွေကို ခရားရေလွှတ်တတွတ်တွတ်ပြောတယ်။ ခတ်တင်မောင်းနင်းပြောတယ်။ တောင်သူယာခုတ်ကောက်ချက်ချတယ်။ ဆီပွတ်ကျည်ပွေ့အပြစ်တင်တယ်။ ကောက်ပင်ရိတ်လှီး မာန်မဲတယ်။ ရေစစ်ကရားရေသွားသောသွင် ခံစားတယ် ....။ သူ့ကိုကြည့်ပြီး ဟိုဘက်က နားညည်းလို့ဖြတ်သွားတာများလားလို့တောင်တွေးမိတယ်။ ... ကျွန်တော်တို့က Bugis ကနေစီးလာတာ။ Boonlay သာရောက်တယ်။ ပြောနေတုန်း။ ကျွန်တော်တို့ဆင်းတော့ သူလည်း လိုက်ဆင်းလာတယ်။ လမ်းမှာ ဆက်ပြောနေတာကြားရတယ်။ အတော်လေး ပြောင်မြောက်တဲ့စကားတစ်ခွန်းကို ကြားရတယ်။
"မင်း ချစ်လိုက်ဖြတ်လိုက်လုပ်နေရအောင် ငါမီးခလုတ်မဟုတ်ဘူးကွ" ... အသံဝါကြီးနဲ့ ဇာတိမာန်ပါပါပြောလိုက်တာ။ ခွိခနဲမရယ်မိအောင်ကြိုးစားနေတဲ့ကြားက အတော်လေး ရယ်ဖြစ်တယ်။ ခဏခဏနှိပ်နေရတဲ့ အိမ်သာက Flush button ကြီးများလားလို့လည်းတွေးမိတယ်။ သူက မီးခလုတ်ဘဲမဟုတ်တာကိုး။ နောက်ဆုံး ပြောလိုက်တာကမှ ပိုပြီး ကျော်ဟိန်းဆန်တယ်။ "နောက်မှ မင်း နောင်တ မရပါစေ နဲ့ .....ကွာ ....လ် .. ဒါပဲ " ဆိုပြီးဖုန်းချပါတယ်။ လမ်းချင်းကတူနေတော့ မျက်နှာပိုးလေးသတ်ပြီး ဘေးနားက ကျော်တက်လိုက်ပါတယ်။ သူ့ဘာသာသူ ခံစားနေရတာဆိုတော့ အလိုက်သိရတယ်လေ။ ... ဘေးနားက ကျော်တက်တုန်းပဲရှိသေးတယ်။ ဖုန်းထပ်ခေါ်ပြီး .. ထပ်ပြောနေပြန်ပါတယ် .........။ အမယ်မင်း ........အသည်းကွဲတဲ့ယောကျာ်းတွေဟာ သာလိကာ ၇၂ ကောင်အားနဲ့စကားပြောကြပါပေတယ် .....လို့
တန်ဖိုးမြင့်သင်ခန်းစာ( ဟဲဟဲ .. ဒီစကားလုံးက ကဗျာထဲက ကူးလာတာ။ ) ရသွားပါတယ်။

နောက်တစ်ခုကိုဆက်ရရင် အဖိုးကြီး လင်မယား ဆိုက်ကားလေးနဲ့ရွှင်ပျော်ပျော်မြင်ကွင်းလေးပါ။ အဲဒီ အဘိုးနဲ့အဖွားကို မကြာမကြာတွေ့ဖူးပါတယ်။ Parkway Parade ကနေ Oppsite Eunos MRT အထိ သူတို့ရဲ့ကိုယ်ပိုင်ဆိုက်ကားလေးနဲ့ သွားလာနေတာမကြာမကြာတွေ့ရပါတယ်။ ဒီအသက်အရွယ်အထိ ပြုံးပြုံးရွှင်ရွှင်ကြည်ကြည်နူးနူးရှိနေတာ စိတ်ချမ်းသာပါတယ်။ အဘွားကြီးမင်းက အဘိုးကြီးကိုယ့်ကို ကိုတွေမောင်တွေ ခေါ်ပါဦး သီချင်းတောင် ဆိုသွားသေးလားမသိပါဘူး။ Singapore လို လူကြီးတွေကို သိသိသာသာ မစောင့်ရှောက်တဲ့နိုင်ငံလေးမှာ အသက်ကြီးတဲ့အဘိုးကြီးအများစုကလည်း ဘီယာသောက် ToToထိုး၊ ခပ်လန်းလန်း အဘွားကြီးတွေနဲ့ သီချင်းဆိုနေတဲ့အချိန်မျိုးမှာ ဆိုက်ကားနင်းသွားတဲ့ ပြုံးရွှင်နေတဲ့အဘိုးနဲ့ ဆိုက်ကားစီးသွားတဲ့ ပြုံးနေတဲ့အဘွားကို မြင်ရသေးတာ စင်ကာပူမှာတော့ မင်္ဂလာတစ်ပါးပေပဲ။

နောက်တစ်ခုကတော့ အဟိတ်တိရိစ္ဆာန်ဖြစ်တဲ့ဗျိုင်းသုံးကောင်ပါ။ လူမှာလည်း ဒွိဟိတ်တွေ၊ ကြိဟိတ်တွေရှိတာကို သိမယ်ထင်ပါတယ်။ အဲဒီလို ဟိတ်မရှိတဲ့ တိရစ္ဆာန်အကြောင်းပါ။ ဟို ပစ္စေကဗုဒ္ဒါဆုပန်တဲ့ ဇီးကွက်တို့ဘာတို့လို အသိဥာဏ်ရှိရှာတာမဟုတ်ဘူး။ အဲဒီဗျိုင်းတွေကို ကားက မှတ်တိုင်မှာရပ်၊ မီးပွိုင့်မှာမိနေတုန်းကြည့်လာတာပါ။ Bedok Reservoir ၊ Prison School ထောင့်နားက ကွင်းပြောင်ပြောင်မှာ ဗျိုင်းသုံးကောင်နားနေကြလေသတည်းပေါ့။ ဗျိုင်းမကလေးတစ်ကောင်နဲ့ဗျိုင်းအထီးနှစ်ကောင်လို့ယူဆပါတယ်။ ဗျိုင်းမကလေးက သူ့ဘာသာသူနေတယ်။ အထီးတစ်ကောင်ကပ်လာတော့ သူနည်းနည်းဝေးဝေးကိုပျံတယ်။ မကြာခင်မှာ နောက်ထပ် အထီးနားကို သူကပ်သွားတယ်။ အဲဒီ ဗျိုင်းမကလေးဟာ သူကပ်နေတဲ့ဗျိုင်းထီးလေးနားမှာ အစာစားတယ်။ နောက်မှာ ကျန်ခဲ့တဲ့ဗျိုင်းက အနားကိုပျံလာတယ်။ ဗျိုင်း စုံတွဲဟာ ခပ်လှမ်းလှမ်းကိုထပ်ပျံတယ်။ အဲဒါကို ကျန်ခဲ့တဲ့ဗျိုင်းက လိုက်လာတယ်။ ဗျိုင်းမလေးတို့ကထပ်ပျံတယ် ....။ ပျံသန်းသွားတယ်။ သံဝေဂ ကြီးကြီးရပါတယ်။ အချစ်ခံချင်တဲ့ရည်ရွယ်ချက်နဲ့ ရူးသွပ်နေကြတဲ့ ဗျိုင်းတစ်ကောင်ဟာ အဟိတ် ဖြစ်နေတာကိုလည်း တွေးမိပါတယ်။ တစ်ခါတစ်လေ အသိဥာဏ်ဆိုတဲ့ကိစ္စ၊ ဆင်ခြင်တုံတရားဆိုတဲ့ကိစ္စနဲ့ နှလုံးသားထဲက သွေးစက်ကလေးထဲက ဟဒယ၀တ္ထုမှာ ချစ်တဲ့စိတ်ကလေးဆိုတဲ့ကိစ္စတွေကိုအကျယ်တ၀င့်မတွေးချင်ရင်၊ ဗျိုင်းသုံးကောင်ကိုပဲ တွေးလိုက်တော့တယ်။

စင်ကာပူမှာ လူချင်းဝင်တိုက်မိတိုင်း မြန်မာ Blogger တွေဖြစ်နေတတ်ပါတယ်။ ကိုယ့်ခြေထောက်ကို ထက်နင်းမိတာလည်း Blogger ။ ကိုယ့်ကို ရထားပေါ်မှာ ပြူးပြူးကြီးကြည့်တာလည်း Blogger။ တွေ့ရင် ၁၄ ကျပ်ဖိုးကျွေးမယ်ပြောထားလို့ တွေ့သွားမှာစိုးလို့ မသိချင်ယောင်ဆောင်နေတာလည်း Blogger။ ပင်နီဆူလာက ဆိုင်ပတ်လမ်းတွေကို ခါးမတ်ရင်ကော့လျှောက်သွားတဲ့ အသားညိုညစ်ညစ်၊ လည်ပင်းရွှေဆွဲကြိုး အတုတ်၊ မျက်မှန်နဲ့လူကြီးဟာလည်း Blogger။ စကားလုံးအကြီးကြီးတွေပြောတဲ့ လူကောင်ခပ်သေးသေး တွေကလည်း ဘလော့ခ်ဂါ။ တွေ့လိုက်တိုင်း ကောင်မလေးတွေ မီးရထားတွဲလို တတွဲကြီးပါလာတတ်တဲ့ ကဗျာဆရာ ဘလော့ခ်ဂါကြီးကလည်း ဘလော့ခ်ဂါ။ နှာခေါင်းတစ်ခြမ်းထဲနဲ့ အသက်ရှူတဲ့ ကဗျာဆရာမကြီးဟာလည်း ဘလော့ခ်ဂါ။ စွန်လွှတ်နေတဲ့လူအုပ်ကြီးကြားမှာ ဗလကြီးထိုးထိုးထောင်ထောင်နဲ့ဓာတ်ပုံရိုက်နေတာလည်း ဘလော့ခ်ဂါ။ တွေ့လိုက်တိုင်း အမြဲစားနေတာပဲတွေ့ရလို့ လူနဲ့မလိုက်အောင် စားနိုင်တာတွေကလည်း ဘလော့ခ်ဂါ။ ဘေးနားမှာ တစ်အုပ်ကြီးလာထိုင်ပြီး ကိုယ်ရေးထားတဲ့ပို့စ်တွေ ကို အသားလွတ်ကြီး လေညင်းဆောင်သော အတင်းပြောသူတွေကလည်း ဘလော့ခ်ဂါ။ (ရွဲ့များပြောနေသလားတောင်ထင်ရတယ်။) ဘလော့ခ်လောကမှာ ကိုရင်တွေလူယောင်ပြုတဲ့အတွက် နောက်ဆိုရင် ကော် (မ်)မန့်ပေးခါနီး ... ဖတ်လို့ကောင်းပါတယ်ခင်မျာ/ဖတ်လို့ကောင်းပါတယ်ဘုရာ့ လို့ နှစ်မျိုးတွဲရေးသင့်မရေးသင့်။ တကယ်လို့ သီလရှင်တွေ blog ရေးမယ်ဆိုရင်ရော ထောက်ခံသင့်လား ကန့်ကွက်သင့်လား ထပ်ပြီး ချင့်ချိန်ရအောင်လို့ တွေးတွေးဆဆပြောနေတဲ့ ကျောက်စိမ်းလက်စွပ် အတုတ်ကြီးနဲ့မျက်စိမှေးမှေးငနဲကြီးဟာလည်း Blogger....။ အချိန်မရလို့ ဓာတ်လှေကားထဲ အတင်းတိုးဝင်တဲ့ Blogger ။ ဖိနပ်ပေါက်လို့ ထော့ကျိုးထော့ကျိုးနဲ့ရုံးကပြန်လာတဲ့ ဘလော့ခ်ဂါ။ အဲဒါတွေကို ချန်ထားလိုက်ပါတယ်။ စားသောက်ဆိုင်မှာ မျက်စိကြီးမှိတ်ပြီးတရားပဲမှတ်နေသလိုလို၊ တံတွေးပဲကြိတ်မျိုနေသလိုလို ဘလော့ခ်ဂါတွေလည်းရှိပါသေးတယ်။ အိမ်ရှေ့မှာ စုဗူးကြီး အခန့်သားထောင်ထားပြီး လာလည်တုန်းလေး အလှူငွေ ထည့်သွားပါလား Z ဆိုတဲ့ ဘလော့ခ်ဂါမိသားစုကြီးကလည်းကြောက်စရာ။ အသက်လေးကြည့်တော့ ငယ်ပုံငယ်ရက်နဲ့ အရက်ကို ကမ္ဘာမြေပေါ်မှာ အရှင်မထားလိုဘူးဆိုတဲ့ ရည်ရွယ်ချက်အပြည့်နဲ့ ပုလင်းမလဲ၊ လူမလဲစေရဘူးကွဆိုတဲ့ ဘလော့ခ်ဂါလေးတွေကိုလည်းတွေ့ပါတယ်။ သွားလေရာ ကင်မရာပါတာတော့ အပြစ်မပြောလိုပါဘူး။ အိမ်သာထဲ ကင်မရာကြီးတကားကားနဲ့ဝင်လာတဲ့ Blogger တွေကိုတော့ ကန့်ကွက်ပါတယ်။ ....ဟူး အချိန်မရလို့ အကြမ်းပဲရေးလိုက်တယ်။ ကိုယ့်ဘာသာကိုယ်သိကြမှာပါလေ။

ပတ်ဝန်းကျင်ကိုလေ့လာနေတုန်းပါပဲ။
အင်တာနက်ထဲက သစ်ပင်လေးကို ကြည့်ရင်း အပြင်မှာမရှိတာတွေ ရှိနေတဲ့ Virtual World ရဲ့ပြည့်စုံမှု၊ ချို့တဲ့မှုတွေကို ဆင်ခြင်ရင်း ဒီပို့စ်ကို နိဂုံးချုပ်လိုက်ပါတယ်။



Peace B with U.