မျှော်လင့်ချက်ကို ပင်အပ်နဲ့ထိုးစိုက်ထားတဲ့အခါ ... ငြိမ်သက်ခြင်းခန္ဓာနဲ့ ရှင်သန်ခြင်းယောင်ယောင် တောင်ပံများဟာ တဖျတ်ဖျတ်ခတ်လို့နေတယ်။
လူသည် မိမိ အမှားမှသာ သင်ယူသော သတ္တဝါဖြစ်သည်။ ထိုအဆိုကို တင်ပြခဲ့သူမှာ ရေလျှံနေသော ဆိပ်ကမ်းသာလမ်းတွင် မြောင်းပေါက်ကျွံကျဖူးသော ငယ်သူငယ်ချင်းဖြစ်နေသည်။ ဘဝနှင့်ရင်းပြီး သင်ယူလေ့လာခဲ့သော အဆိုဖြစ်ဟန်တူသည်။ ပြောင်းလဲမရသော အတိတ်ကို သင်ယူနေရန် လိုအပ်သေးလားဟု မေးနေရန် အချိန်မရှိတော့ပါ။ အမှားအသစ်များ၏ အကန့်အသတ်မဲ့ လှပမှုများသည် နောင်တဖြင့်နေထိုင်ခြင်း၏ အရောင်အသွေးကင်းမဲ့မှုကို ပျက်ရယ်ပြုကြပါသည်။ ကြာရှည်သော နောင်တများသည် ဥပါဒါန်ဖြစ်လာနိုင်သည်။ တိတ်ဆိတ်သော အခန်းကျဉ်းလေးမှ သံချေးတက်နေသော သံချောင်းတစ်ချောင်းသည် ကမ္ဘာကျော် ပန်းချီကားတစ်ကားကို စောင့်နေမှန်း ကျွန်တော်တို့ ကြိုမသိခဲ့ပါ။ ချာလီဝှိုက်တစ်ပုလင်း အိမ်သာကြမ်းပြင်ပေါ် ကျကွဲသွားတုန်းကနှင့်တူနေသော နေ့စွဲများလည်း ရှိကြသေးသည်။ အလွန်မွှေးမြနေသော လွဲချော်မှုတစ်ခုသာဖြစ်သည်။ လူသည် မိမိ အမှားမှသာ သင်ယူသော သတ္တဝါဖြစ်သည်ဟု အဆိုပြုခဲ့သော သူငယ်ချင်းအား ဂျော်နီဝေါ်ကား ရွှေပတ်တစ်ပုလင်း လက်ဆောင်ပေးရဦးမည်ထင်သည်။
ကြွေပြီးသား ကြယ်များ၏ အလင်းတို့ဖြင့် ဘဝကို မျှော်လင့်ခဲ့ကြသည်။ တည်ငြိမ်သော ရိပ်မြုံလေးတစ်ခုနှင့် လှပသော ဥယျာဉ်လေးတစ်ခုစီ။ နွားခြေရာခွက်ထဲတစ်ဝက်ပြည့်နေသော ရေဖြင့်ပင် အလွန်လှသော လဝန်းကို သိမ်းဆည်းနိုင်ခဲ့ကြသည်။ ချစ်ခြင်းတရား၏ သိမ်မွေ့မှု၊ ပြည့်စုံမှုတို့ဖြင့် နေ့စွဲများ တောက်ပလာသည်။ ချစ်ခြင်း၏ အလင်းဖြာမှုသည် ဖန်ဆင်းခြင်းဖြစ်စဉ်တွင် အလွန်အရေးပါခဲ့လိမ့်မည်။ လူသည် ချစ်ခြင်းတရားအားဖြင့် မိမိ၏ ဘုရားအဖြစ်ကို ပြန်လည်ရရှိခဲ့ကြသည်။ လူသည် ချစ်ခြင်းတရားဖြင့်ပင် ဒဏ်ရာများကို ကုစားခဲ့ကြသည်။ အခါခပ်သိမ်းမှောင်မိုက်ခြင်းဖြင့် ငြိမ်သက်နေသော စကြဝဠာအတွင်း ပထမဆုံး လောင်ကျွမ်းမှုသည် ချစ်ခြင်းတရားဖြစ်လိမ့်မည်။ အချိန်ကာလတစ်စုံတစ်ရာအကြာတွင် ချစ်ခြင်းတရား၏ အလင်းရောင်သည် စကြဝဠာ အနန္တဆီသို့ ပျံ့နှံ့သွားလိမ့်မည်။ အမှောင်တိုက်သည်လည်း လင်းရလိမ့်ဦးမည်။ ပိတ်ဆို့သော တံခါးသည်လည်း ပွင့်ရလိမ့်ဦးမည်။ အရုဏ်ကြို ငှက်ကလေးတစ်ကောင်၏ နူးညံ့သော အတောင်ဖျားတစ်လျှောက် ချစ်ခြင်း၏ အလင်းရောင်သည် စိုစွတ်ရဦးမည်။ ဒီကိစ္စ တအားနူးညံ့တာဟု မိတ်ဆွေကတော့ ဆိုလေမည်လားမသိ။
Sadhguru အဆိုအရ အလွန်အသုံးဝင်သော အမှိုက်ပုံးကို တွယ်တာလွန်းပြီး ဝင်အိပ်နေသည့်အခါ မှားယွင်းခြင်းများ စတင်ခဲ့သည်ဟူ၍ ဖြစ်သည်။ အမှိုက်ပုံးနှင့် မိမိ၏ အကွာအဝေးသည် အင်မတန်အရေးပါသည်။ အမှိုက်ပုံးသည် အမှိုက်များအတွက် ဖြစ်သည်။ စိတ်သည် အစိုးမရသော ဖြစ်တည်မှုများ၊ ဖန်ဆင်းခြင်းများဖြင့် ပြည့်နှက်နေသော စကြဝဠာအသေးစားလေးတစ်ခုဖြစ်ပါသည်။ အလွန်သိမ်မွေ့သော အမှိုက်ပုံးတစ်ပုံးလည်းဖြစ်သည်။ အမှိုက်ပုံးလိုအပ်မှုနှင့်၊ အမှိုက်ပုံးကို တွယ်တာမှုသည် မတူညီပါ။ အလွန်တရာလှပသော အရာများ၊ အလွန်တရာလေးနက်သောအရာများ၊ အလွန်တရာပြည့်စုံသော ခမ်းနားမှုများသည် စိတ်၏ ဖန်ဆင်းခြင်းဖြစ်စဉ် အစိတ်အပိုင်းမျှသာဖြစ်ပါသည်။ တုန်လှုပ်နေသော လောကတွင် တုန်လှုပ်နေသော စိတ်တစ်ခုထပ်ဖြည့်စွက်ရန်မလိုအပ်တော့ပါ။ တိတ်ဆိတ်ခြင်း ဖြစ်စဉ်အတွင်း အမှိုက်ပုံးတစ်ပုံးနှင့် စိတ်တစ်လှမ်းစာ အကွာအဝေးတွင် နေထိုင်ခြင်းဖြင့် နူးညံ့သော ဒဏ်ရာများကို စတင်ရေတွက်နေမိသည်။
ရှရီဆိုင်း အန်ထုတ်လိုက်သော ရွှေကြက်ဥသည် နှစ်အတန်ငယ်ကြာသည့်အခါ ပုဝါထဲတွင် ရှိနှင့်ပြီးသား ဖြစ်နေခဲ့သည်။ လူသည် အလွန်တော်သော သရုပ်ဆောင်များအဖြစ် နေထိုင်သွားကြသည်။ ရိုးစင်းသောဘဝ၏ ချမ်းမြေ့ဖွယ် ဂီတကို မနှစ်သက်ကြတော့။ ရိုးသားခြင်းသည် ပျင်းရိဖွယ်တေးဖြစ်သည်ဟု ထင်လာကြသည်။ တိတ်ဆိတ်မှုသည် တန်ဖိုးဖြတ်၍ မရမှန်း တိတ်ဆိတ်လာသော တစ်နေ့တွင် သိလာခဲ့ကြသည်။ ချစ်ခြင်းတရားထက် သန့်စင်သော ပုဝါဖြူတစ်ခုဖြင့် ရွှေကြက်ဥတစ်လုံးကို ဖွက်ထားရန် မလိုတော့ပါ။ အလွန်နူးညံ့သော စိတ်ထားဖြင့် စံပယ်ပန်းလေးတစ်ပွင့်ကို ကြွေချိန်အထိ စောင့်ဆိုင်းနေသော တရားကျင့်ယောဂီကြီး တစ်ယောက်၏ အနီးတွင် မိနစ် အနည်းငယ်သွားထိုင်နေလိုက်သည်။ မိုးသည်းကြီးလည်း တိတ်ရလိမ့်ဦးမည်။ ပျော်ရွှင်ခြင်းသည်လည်း ရပ်တန့်ရလိမ့်မည်။ တောက်လောင်နေသော အလင်းတရားသည်လည်း ငြိမ်းရလိမ့်ဦးမည်။ ရှင်သန်ခြင်း၏ နဂိုအတိုင်းပြည့်စုံမှုကို မေ့လျော့သူတို့သည် ဘုရားစင်ရှေ့တွင် တစ်ခုခု ထပ်တောင်းနေလိမ့်ဦးမည်။ လိုအပ်ချက်အတွက် အားကိုးတစ်ခုခု ရှာနေသော စိတ်ကို သေချာကြည့်လျှင် ... အင်မတန် ကြေကွဲဖွယ်ကောင်းသော ပြဇာတ်တစ်ခုဖြစ်လာလိမ့်မည်။ အလွန်လင်းသော စိတ်အပိုင်းအစတစ်ခုသည် မိမိ၏ မြင့်မြတ်မှုကို ပြန်လည်ရှက်နေရလိမ့်ဦးမည်ထင်သည်။ အလွန်အဆင့်မြင့်သော ဘုရားအဖြစ်အထိ တိုးတက်ဖြစ်ထွန်းသွားနိုင်သော စိတ်ကို သိမ်းဝှက်၍ အင်မတန် အဆင့်နိမ့်သော ရှင်သန်မှုထဲတွင် ရုန်းကန်သော ဖန်ဆင်းရှင်/ဖန်ဆင်းခြင်းတရား၏ မော်လီကျူးများသည် ဖန်ဆင်းရှင်/ဖန်ဆင်းခြင်းတရားကို စိတ်ကျန်းမာရေး ထိခိုက်စေနိုင်သည်။ ကမ္ဘာကြီးထဲမှာ အံ့သြစရာကောင်းလောက်အောင် ပြည့်စုံနေတဲ့ လူသားတစ်ယောက်ရဲ့ ပြည့်စုံမှုကို ခဏလောက်ရပ်ပြီး ခံစားနားလည်ဖို့ ဘာလို့ ပျက်ကွက်ခဲ့ကြတာလဲ။ တစ်ယောက်ယောက်နဲ့တူဖို့၊ တစ်ယောက်ယောက်လုပ်တာ လိုက်လုပ်ဖို့တွေကို ရပ်ပြီး ကိုယ်နေချင်တဲ့ ဘဝကို ကိုယ်နေတတ်သလိုလေး နေသွားဖို့ ဘာလို့ သတ္တိမရှိတာလဲ ဟု မိမိကိုယ်မိမိမေးကြည့်ကြဖို့ကောင်းသည်။ လူသည် မိမိတို့၏ ပြည့်စုံမှုကို လစ်လျူ အရှုတတ်ဆုံး သတ္တဝါများပင်ဖြစ်သည်။
BOSE company ကတော့ သူတို့ ထုတ်လိုက်တဲ့ product တွေဟာ ဈေးနဲ့ အရည်အသွေး အကောင်းဆုံး ကိုက်ညီစေရမည်ဟုဆိုသည်။ ပုံမှန်ထက် ချဲ့ကားထားသော bassသံ၊ treble သံတွေမပါစေရဘူးဟုဆိုသည်။ ဘဝကိုရော BOSE speaker တစ်ခုလို အရှိအတိုင်းဖြတ်သန်းသွားလို့ မရနိုင်ဘူးလား။ ကိုယ့်ကိုယ်ကို ကြော်ငြာဖို့မလို။ ကိုယ့်ခံစားချက်ကို လူသိရှင်ကြားဖြစ်ဖို့မလို။ ချစ်ခင်သူများကို ချစ်ခြင်းတရားဖြင့် လုံခြုံစေလိုက်မည်။ အလွန်လှသော ညနေခင်း တိမ်များကို ငေးကြည့်နေလိုက်မည်။ ရိုးသားသော စိတ်ဖြင့် ရိုးသားသော၊ ရိုးရှင်းသော ဘဝတစ်ခုကို ဖြည်းဖြည်းခြင်းတည်ဆောက်မည်။ လောကဓံတရား၏ input အတိုင်း၊ ရိုးရိုးလေး အလိုက်အလျားသင့်လိုက်မည်။ တစ်ယောက်တည်းနေရုံဖြင့် အထီးကျန်ခံစားချက်ရှိနေသေးလျှင် မိမိစိတ်သည် အလွန်ဆိုးသောမိတ်ဆွေဖြစ်နေပြီဟု Sadhguruက ဆိုသည်။ ပုံစံပြောင်းလဲသွားသော တိမ်တိုက်များသည် အချိန်ပေါ်မူတည်သည်။ ရှင်သန်ခြင်း၊ဖြစ်တည်ခြင်းများသည်လည်း အချိန်ပေါ်မူတည်သည်။ အချိန်သည် အလွန်အင်အားကြီးသော ဒိုင်မင်းရှင်းတစ်ခုဖြစ်သည်။ စကြဝဠာသည် အချိန်၏ အစတွင် စတင်မွေးဖွားခဲ့သည်။ ကျဉ်းမြောင်းမှုမှ ကျယ်ပြန့်လာခဲ့သည်။ အလွန်သေးငယ်သော တုန်ခါမှုလေးတစ်ခုစီဖြင့် စကြဝဠာ၏ ဂီတကို ဖွဲ့ခဲ့ကြသည်။ ခမ်းနားမှုပေါင်းမြောက်များစွာကို အမိုက်တိုက်ထဲမှ ထုတ်ယူပြသခဲ့ကြသည်။
သွား၍မရောက်နိုင်သော ခရီးများအတွက် ကျွန်တော်တို့ငြိမ်သက်ခဲ့ကြသည်။ ပြုပြင်၍မရသော လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့ငြိမ်သက်ခဲ့ကြသည်။ အသိဉာဏ်၏ အသုံးမဝင်သော အခိုက်အတန့်များအတွက် ကျွန်တော်တို့ ငြိမ်သက်ခဲ့ကြသည်။ မိမိဘဝ၏ အနာဂတ်ကို ပြဌာန်းနေသော အရာများမှာ ဧရာမကိစ္စကြီးများ မဟုတ်ဘဲ လက်ရှိ အတွေးလေးတစ်စစီ၏ စုပေါင်းဖွဲ့တည်မှုမျှသာဟု နားလည်ခြင်းသည် အလွန်နက်ရှိုင်းသော တိတ်ဆိတ်မှုဆီသို့ ဦးတည်စေသည်။ စံပယ်ပန်းလေးတစ်ပွင့်ကို ခူးဆွတ်ခြင်းကိုပင် နူးညံ့သော အကြမ်းဖက်မှုဟု နားလည်လာစေသော စိတ်၏ သိမ်မွေ့ခြင်းမျိုး လိုအပ်လာသည်။ ကြွေကျနေသော သစ်ရွက်လေးတစ်ရွက်အကြောင်းကို ခြေခြေမြစ်မြစ်နားလည်နိုင်သော နှလုံးသားသစ်တစ်ခုလိုအပ်လာသည်။ လှည့်စားတတ်သောစိတ်၏ ပြဇာတ်များကို ပရိတ်သတ်တစ်ယောက်အဖြစ် စွက်ဖက်မှုမရှိဘဲ တည်တည်ငြိမ်ငြိမ် ခံစားနားလည်တတ်ဖို့လိုသည်။ ရှင်သန်ချိန်ခဏတွင် ... ငြိမ်းငြိမ်းချမ်းချမ်း စိတ်အထာဖြင့် တည်တည်ငြိမ်ငြိမ် ဖြတ်လျှောက်သွားနိုင်ရန်လိုသည်။
အလွန်လှသောကမ္ဘာသစ်တစ်ခုသည် အသိဉာဏ်မျက်တောင်တစ်ခတ်စာ အကွာအဝေးတွင်ရှိနေသည်။ ။
Regards,
Zephyr
Peace B with U.