Friday, May 25, 2012

လေသံကြား၍ ဖမ်းနာမိသောတရား။

လေသံကြား၍ ဖမ်းနာမိသောတရား။

ဟိုရှေ့ကဆူညံညံ ဘာသံလဲမေး။ .....
မေးမနေနဲ့ ... ငြိမ်းချမ်းစွာ ဆန္ဒပြနေတာ။

ဘောက်ဆတ်ဆတ်ပြန်ဖြေသံကြားရသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ......ဆိုတာကို သေချာစဉ်းစားကြည့်သည်။
ဆန္ဒပြတယ်ဆိုတာ ဆန္ဒကို မြင်အောင်ပြရတာပဲ။ ကိုယ်ပြတာလည်း သူမြင်ဦးမှ။
သူမြင်ရင်လည်း ဂရုစိုက်ဦးမှ။
ဂရုစိုက်မိရင်လည်း နားလည်ဦးမှ။
နားလည်ရင်လည်း စာနာဦးမှ။
စာနာရင်လည်း တုန့်ပြန်ဦမှ။
တုန့်ပြန်ရင်လည်း စနစ်ကျဦးမှ။
စနစ်ကျရင်လည်း မြန်ဆန်ဦးမှ။
မြန်ဆန်ရင်လည်း အကျိုးရှိဦးမှ။
....တယ်မလွယ်ပါလား။

ဒဂုံမြို့သစ်မှာတော့ မီးစက်ပိုင်တဲ့ အန်တီကြီးက ဒီမိုကရေစီနဲ့ လျှပ်စစ်မီး ရရှိရေးကို ရှေ့နောက် အထားအသိုမညှိစေချင်ဘူးပြောတယ်။

မီးပျက်တယ်ဆိုတာဟာ ကမ္ဘာမှာ တော်တော်လေး နောက်ကျတယ်ဆိုတဲ့ အသံတိတ်ဝန်ခံခြင်းတစ်မျိုးပဲ။ နောက်ကျတာဟာ ရှက်စရာမဟုတ်ဘူး။ အကြံတူနောက်လူသာစမြဲ ဆိုတာအရဆိုရင်ပေါ့လေ။ ရေအိမ်ဝင် နောက်လူနံစမြဲအရတော့ နောက်ကျတာ အနံ့အသက်မကောင်းလှဘူး။ နောက်ကျနေရတဲ့ကြားထဲ လေလုံးထွားနေတာနဲ့ ဘာမှဖြစ်မလာဘဲ ငါးနှစ်ကုန်သွားမလားဆိုတာလဲ စိုးရိမ်မိတယ်။

လျှပ်စစ်မီးကို လိုတာထက်ပိုသုံးတာနဲ့ ပုံမှန်သုံးဖို့မရှိတာနဲ့ကိုလည်း မကွဲပြားတာအတော်လေးဆိုးတယ်။ လျှပ်စစ်မီးကို နွားနဲ့ထုတ်မယ်ဆိုပြီး တီဗွီမှာပြသေးတာ မှတ်မိတဲ့သူတွေလည်း မှတ်မိကြမယ်ထင်တယ်။ နွားဆယ့်လေးကောင်လောက် စက်ဝိုင်းပုံဒလက်ကြီးကို လှည့်ပြီး လျှပ်စစ်ထုတ်တယ်။ ဒိုင်နမိုနည်းနဲ့ပဲထင်တယ်။ နွားတွေကို ပတ်ပြီးသွားနေအောင် အမြီးမှာ မြက်တွေချည်ထားသေးလား မမှတ်မိဘူး။ နောက်တော့လည်း နွားနဲ့ထုတ်တာတော့မတွေ့ရဘူး။ နွားတွေကို တမျိုးပြောင်းပြီးအသုံးချတယ်ထင်တယ်။ ဝန်ကြီးတွေဘာတွေများခန့်သလားမသိဘူး။ မြန်မာပြည်နဲ့ အဆက်အသွယ်ပြတ်နေတာလည်းကြာပြီဆိုတော့ သတင်းတွေ up-2-date မဖြစ်တော့ဘူး။

နောက်တစ်ယောက်ရှိသေးတယ်။ တစ်မြို့လုံးကို လျှပ်စစ်မီးပေးတဲ့စက်ဆိုပြီး သတင်းထဲပါလာတယ်။ ရူပဗေဒဆရာကြီးဆီက လက်ထပ်သင်ယူခဲ့တာဆိုပဲ။ တရုတ်ပြည်က ပညာရှင်တွေက လာပြီး အတည်ပြုပြီးပြီ။ မကြာမီ တစ်နိုင်ငံလုံး ထိန်ထိန်လင်းပြီဆိုလို့ အဟုတ်မှတ်တဲ့သူတွေ အဟုတ်မှတ်ခဲ့ကြသေးတယ်။ နောက်တော့လည်း အပူချိန်များတာကို ခံနိုင်တဲ့ သတ္တုကောင်းကောင်းမရှိလို့လိုလို ဘာလိုလို ညာလိုလိုနဲ့ပျောက်သွားပြန်တယ်။ ထူးဆန်းတဲ့တိုင်းပြည်ကြီးပဲ။

နောက်တော့ နူရာဝဲစွဲချင်လို့ နူ ကြမယ်ဟေ့ကောင်းကောင်းဆိုပြီး ယောင်လိုက်ကြသေးတယ်။ အခုအထိလည်းယောင်တုန်း။ မယောင်ရင်ဆီလူးပြီး ရောင်လာရင် အိုကေမလားဆိုပြီး Nuclear လျှပ်စစ်ကိုကြိုးစားကြတယ်။ ဟိုနေရာမှပဲ ယူရေနီယမ်တွေ့ပြီ၊ ဒီနေရာမှာအပုံလိုက်ဆိုပြီးရှာတော့ နောက်ချေးပုံတွေဖြစ်နေတယ်ဆိုလားပဲ။

နူသလားမနူသလားတော့မသိဘူး။ အဲဒီဘက်ပို့ခံရတဲ့ ပီအိတ်ခ်ျဒီတွေတော့ မနူခင်မြုံသလိုဖြစ်ကုန်တယ်။
နိုင်ငံတော်ရဲ့စေတနာနဲ့ စီမံကိန်းတွေက ကြီးလိုက်လာတာ ဖောင့်ဆိုဒ်တောင် သတင်းစာမှာ တစ်ရွက်တစ်လုံးလောက်ရေးပစ်ရတယ်။ ရဲရွာစီမံကိန်းပြီးရင် ညဘက်ဆို ရေနွေးအိုးတစ်ညလုံးတည်ထားမှပဲ လျှပ်စစ်မီးကုန်တော့မလိုလိုလေသံပစ်လာတာလည်းရှိတယ်။ နောက်တော့ ရေနွေးတောင်မတည်လိုက်ရဘူး။ အဖျားရှူးရှူးသွားတာ။ အဖျားတင်ရှူးတာလားဆိုတော့ အရင်းကလည်း သွယ်သွယ်ပဲ။ စီမံကိန်းတွေဒီလောက်ကောင်းရဲ့သားနဲ့ ဘာမှ ထင်သလိုမဖြစ်လာတာဟာ တစ်ခုခုလွဲနေလို့များလား။ နိုင်ငံတော်အကြီးအကဲဆိုလည်း လမ်းညွှန်ပေးတာ သူ့အပြင်ကိုမရှိဘူး။ ဒါတောင်မှ မတည့်မတ်နိုင်ဘူးဖြစ်သွားတယ်။

လေတိုက်နှုန်းအရလည်း ဟော်လန်က လေဒလက်တွေ တပ်ဆင်လို့ဖြစ်သား။ နေရောင်ခြည် ဆိုလာပြားတွေလည်း လုပ်တော့လုပ်လိုက်သေး။ ပင်လယ်ဒီရေလည်းရှိလို့ အဲဒီလှိုင်းအတက်အကျနဲ့ လျှပ်စစ်ဓာတ်အားထုတ်လို့ရတာတွေလည်း စမ်းသပ်ခဲ့ပါရဲ့။ လက်ပစ်ဗုံးကြီး ဖင်ခုထိုင်ပြီး စနက်တံကိုက်ဖြုတ်မိတဲ့နိုင်ငံကြီး ... အဲလေ၊ သံယံဇာတပုံကြီးပေါ်ခွထိုင်ပြီး ဘာများ လုပ်မလဲ၊လုပ်မလဲကြည့်ကြည့်နေတာ နောက်ဆုံး လာပါ .. ခြေသည်းလက်သည်းလေးလှီးသွားပါဦး ဆိုတဲ့သူ ဖြစ်နေတယ်။

မြန်မာလူမျိုးဆိုတာက နာမည်ကျော် ဘီလျံနာ လင်မယားဘက်က ဆင်းသက်လာတာပဲ။၊ ကုဋေ160 ကို ဘယ်လိုသုံးလိုက်မှန်းမသိ သုံးလိုက်တဲ့လင်မယားလိုပဲ။ အဲဒီခေတ်က ကာစီနိုလည်းရှိတာမဟုတ်၊ အလိမ်ခံရရင်လည်း ဒီလောက်ဆွေကြီးမျိုးကြီးကလူတွေ၊ ဘုရင်နဲ့ လှမ်းတို့လိုက်ရင်တောင် လိမ်တဲ့သူ တံကျင်လောက်တော့ အနည်းဆုံးလျှိုခံရတဲ့ခေတ်ကြီးထဲမှာ မွဲပြီးတောင်းစားရတယ်ဆိုတော့ တဆိတ်လွန်တယ်ထင်မိခဲ့တာ။ မြန်မာ့သမိုင်းလည်းဖတ်ရော၊ Bloodline ပါပုံရတဲ့ အဆိုးရ(အစိုးမရတဲ့ အဆိုးရ)ရဲ့ ဆိုးသွမ်းညံ့ဖျင်းမှုမှာ တောင်းစားရုံမကဘူး၊ အကြွေးတင်လို့ မိဘပိုင်နိုင်ငံလေးတောင် ဖဲ့ရောင်းရမလိုဖြစ်တယ်။ နိုင်ငံမှာလည်း ဂျပိုးကလည်း ပေါပါဘိသနဲ့။ ဝန်ကြီးများရုံးတောင် ဟော်တယ်လုပ်မယ့် ပေတရာ ကမ်ပနီက မဟာ သူဌေးများလို အကြံကောင်းပေးတတ်သူ များလှပါဘိတောင်း။

အခုလို မီးမရ၊ရေမရတဲ့အချိန်မှာတော့ မီဒီယာကျော်တွေကလည်း ဆရာဝန်တစ်ယောက်မှားကုမိတဲ့ ကိစ္စလို ရေးကြီးခွင်ကျယ်မပြုလှဘူး။ ဝမ်းတစ်ထွာအတွင်းမှာ ကူးခတ်နေတာချင်းအတူတူတောင်မှ မီဒီယာသမားဆိုတာ သမ္မတကိုသော်မှ အမြင်မတော်ရင် ခေါ်ပြီး နှဖူးတောက်လို့ရတယ်လောက် ထင်မှတ်နေတဲ့သူတွေမဟုတ်လား။ ထက်ထက်မိုးဦး ပါးရိုက်ခံရတာလောက်ကို စောင့်နေမှ သတင်းရတဲ့ခေတ်ကြီးမှာ မန်းလေးမှာ ပေါ်ပြူလာဖြစ်ချင်တဲ့ဖွသတင်းသီးသန့် သတင်းထောက်တွေ တစ်ယောက်ပါးတစ်ယောက်ရိုက်ပြီး မီဒီယာ ဆန္ဒပြပွဲကြီး ခြိမ့်သဲကျင်းပလိုက်ရင် မကောင်းပေဘူးလား။ သာမန်ပြည်သူတွေကတော့ ဖယောင်းတိုင်လောက်နဲ့ဖြစ်တယ်။ ဖွသတင်းနဲ့ လှယမင်းဖြစ်နေတဲ့ မီဒီယာမင်းများကတော့ တစ်ယောက်ကိုတစ်ယောက် တို့မီးရှို့မီးလုပ်၍ဖြစ်စေ၊ အသေခံ မီးရှို့၍ဖြစ်စေ ဆန္ဒပြသင့်ပါတယ်။

လျှပ်စစ်မီးမရှိရင် လျှပ်စစ်မီးကြောင့်ဖြစ်ပွားနိုင်တဲ့ မီးလောင်မှု၊ ဓာတ်လိုက်သေတာတွေ မနည်းသွားဘူးလား။ မီတာခတွေမသက်သာသွားဘူးလား။ လျှပ်စစ်မီးမရှိမှကောင်းကောင်းမြင်ရတဲ့ ကြယ်လေးတွေကြည့်နေပေါ့။ လျှပ်စစ်မီးမပါဘဲ စာဖတ်နည်းဆိုတာလည်းရှိတယ်မဟုတ်လား။ နေ့လည်က ကျက်ထားတဲ့စာ ညမှာ စိတ်ထဲကအလွတ်ရွတ်ပေါ့။ နေ့ပရိယတ်၊ ညပတ္တိပတ်ပေါ့။ ဘုန်းကြီးတွေလည်း facebook မှာ အချိန်မကုန်တော့ဘူးပေါ့။ လူကြီးတွေလည်း စောစောအိပ်ဖြစ်တာပေါ့။ ကျန်းမာတာပေါ့။ မီးအလင်းရောင်ရတုန်း လုပ်စရာရှိတာလုပ်ထားပေါ့။ လသာတုန်းဗိုင်းငင်ပေါ့။ နေသာတုန်းစပါးလှမ်းပေါ့။ ရေမလာရင် ရေမချိုးနဲ့ပေါ့။ ဒါလေးတောင်မှ နားမလည်တဲ့လူတွေလို့ ထင်နေသူတွေလည်းရှိသတဲ့။ ဟုတ်တာပေါ့ ထားတတ်တော့ မုဒိတာ၊ ပွားတတ်တော့ ဘာဝနာ၊ နေတတ်တော့ ခန္တီ မဟုတ်လား။ မီးမရှိရင် မီးစက်ဖွင့်ပေါ့ဆိုတဲ့ မေရီအင်းတွိုင်းနက်ခေါင်းကတော့ လေထဲဝဲဝဲနေပြီ။ ငါးနှစ်မဟုတ်လား။ မီးလာတဲ့အစိုးရ လဲပေးပါ။

ဟိုတစ်နေ့ကပဲ ဒူးရင်းသီးနဲ့ I-pod အားသွင်းတဲ့နည်းကြည့်လိုက်ပါရဲ့။ ဒူးရင်းသီးမှာ သံငုတ်လို ငုတ်နှစ်ခုစိုက်ပြီး သံပုရာသီးညှစ်လိုက်ရင် ဒူးရင်းသီးဟာ ဘတ်ထရီအိုးလိုဖြစ်ပြီး I-pod ကို အားသွင်းလို့ရပါသတဲ့။ MediaCorp ကလာသွားတာပဲ။ youtube မှာများရှိဦးမလားမသိဘူး။ စိတ်ဝင်စားရင် ရှာကြည့်လို့ရပါတယ်။ မြန်မာပြည်မှာလည်း ဒူးရင်းသီး၊ အုန်းသီး၊ သဘောင်္သီး၊ ကြက်ဆူသီး၊ ဆီးသီး၊ မကျည်းသီး၊ ခေါင်းကပ်သီးပါမကျန် လျှပ်စစ်မီးထုတ်ဖို့ ကြိုးစားကြည့်စေချင်ပါတယ်။

တကယ်လို့လျှပ်စစ်မီးကို သဘာဝဓာတ်ငွေ့ကနေထုတ်တဲ့စက်ရုံရှိတဲ့ နိုင်ငံရဲ့ဘေးနားမှာနေပြီး ရေလာရင် မီးလာမှာပါဆိုတဲ့ လူတစ်ယောက်ရှိရင် ဒီလူ တော်တော် အ၊န၊ထိုင်းမှိုင်း၊တယ်လို့ယူဆရမှာပါပဲ။ အဲဒီလိုလူတွေကို အစိုးရအဖွဲ့မှာထားရင် လက်ရှိ အစိုးရအဖွဲ့ နာမည်ပျက်ဖို့ရှိပါတယ်။

ဒီဘိုးနိုးအကြံပြုခဲ့တဲ့ ဒီမိုကရေစီမှာ feedback လေးပြန်ယူတဲ့စနစ်ကို ကျင့်သုံးပြီး တတ်ယောင်ကားကို တကယ်တတ်တဲ့သူနဲ့လဲလှယ်နိုင်ရင် အားလုံးအကျိုးရှိဖို့ပါပဲ။

မီးမလာတာ၊ ရေမလာတာကို သည်းခံစိတ်ရှိရှိနဲ့ ဖြတ်ကျော်ခဲ့ပြီးပါပြီ။ နှစ်ပေါင်းလည်းမနည်းတော့ပါဘူး။ အခုလိုတောင်းဆိုတဲ့အခါမျိုးမှာ တကယ်အလုပ်ဖြစ်အောင် အတူကြိုးစားကြတာကောင်းပါတယ်။ ကောင်းတဲ့ မီဒီယာသမားတွေကလည်း မီဒီယာကျင့်ဝတ်နဲ့အညီ ဖြစ်နေတာတွေကို အရင်းအတိုင်း တင်ပြဖို့လိုပါတယ်။ တကယ်အဆိုးရလဒ် ခံစားနေရတဲ့ ပြည်သူလူထုကလည်း ကိုယ့်ဒုက္ခကိုယ် စည်းကမ်းရှိရှိ မှန်မှန်ကန်ကန်နည်းလမ်းတွေနဲ့ ယဉ်ယဉ်ကျေးကျေး အမြဲထုတ်ဖော်ဖို့ အသင့်ရှိနေသင့်ပါတယ်။ ကိုယ်နဲ့မဆိုင်ဘူးလို့မထင်ဘဲ ဘေးနားမှာဖြစ်နေတာတွေဟာ တစ်ချိန်မှာ ကိုယ့်ဆီကို ရောက်လာမှာဆိုတဲ့စကားပုံလေးရဲ့ သတိပေးချက်ကို နားစိုက်ထောင်ပြီး အများအတွက် အကျိုးရှိတာလုပ်တာ (တစ်နည်းအားဖြင့်) လူ့အသိုင်းအဝိုင်း အကျိုးရှိအောင် လုပ်တာဟာ ကိုယ့်အတွက် အကျိုးရှိအောင် လုပ်တာလည်းဖြစ်တယ်။ မှန်တာကို မလျှော့တမ်း အောင်မြင်အောင် လုပ်မယ်ဆိုတဲ့လူတွေများများလိုပါတယ်။

တာဝန်ရှိတဲ့သူတွေဘက်ကလည်း အားအားယားယား ဖယောင်းတိုင်ထွန်းတယ်မမှတ်စေချင်ဘူး။ ကမ္ဘာ့သတင်းတွေမှာလည်း မြန်မာပြည်မှာ ဖယောင်းတိုင်ထွန်း ဆန္ဒပြတယ်ဆိုတာတွေ အခုဆို ချက်ချင်းပါလာတယ်။ ကမ္ဘာက စီးပွားရေးလုပ်မယ့်လူတွေအတွက် လိုအပ်တဲ့ အခြေခံတစ်ခုမှာ လျှပ်စစ်မီးလည်းပါတယ်။ ဆက်သွယ်ရေးနဲ့ မြန်နှုန်းမြင့် အင်တာနက်တွေလည်း လိုအပ်တယ်။ ဒါတွေကို မဖြည့်ဆည်းနိုင်ရင် ပြိုင်ဘက်တွေဆီကို ကိုယ့်ဆီရောက်မယ့် မြုပ်နှံမှုတွေရောက်ကုန်မယ်။ ကိုယ့်အလှည့်ငါးနှစ်မှာ သက်သေမပြနိုင်ရင် နောက်ငါးနှစ်မှာ ယုံကြည်မှုကင်းမဲ့သွားတယ်။

အစိုးရနဲ့ပြည်သူဆိုပြီးနှစ်ပိုင်းမခွဲဘဲ နိုင်ငံသားတွေချင်းအတူတူ လိုအပ်ချက်တွေ ဖြည့်စွက်ရင်း ပိုကောင်းတဲ့ နိုင်ငံထူထောင်နိုင်ရင်တော့ ရှဉ့်လည်းလျှောက်၊ ပျားလည်းစွဲ၊ ပန်းချီဆရာလည်း ရှဉ့်လျှောက်ပျားစွဲပုံရ၊ ဓာတ်ပုံဆရာလည်း ပုံကောင်းထွက်၊ ပျားဖွတ်သမားလည်း စိတ်ချမ်းသာ၊ ရှဉ့်ဖမ်းသမားလည်း တွက်ခြေကိုက်၊ ရှဉ့်သားကြိုက်သူလည်း မျှော်လင့်ချက်ရှိ၊ ပျားရည်နှစ်သက်သူလည်း မျှော်လင့်ချက်ရှိ၊... အသီးသီးအသသ ကိုယ်စီကိုယ်င ပျော်ရွှင်ချမ်းမြေ့ကြမယ်မဟုတ်ပါလားခင်မျာ။

ကဲကဲ ...သောကြာနေ့တရားသိမ်းပြီး။ အထုပ်အပိုးပြင်၊ စောစောပြန်ကြပါစို့။

Regards,

ဖယောင်းတိုင် စောင့်ကြည့်လေ့လာသူ။
Zephyr
ဖယောင်းတိုင် ကိုယ်တိုင် ထုတ်လုပ်ရောင်းချဖြန့်ဖြူးခဲ့ဖူးသူ။
မြန်မာနိုင်ငံ လျှပ်စစ်မီးပုံမှန်ရရှိရေး ဘလော့ခ်စပေါ့ခ် အခြေစိုက် တက်ကြွလှုပ်ရှားသူ (ကောက်ရိုးမီးပမာ)



Peace B with U.