ဘူမာရင်းဟာ ငါ့ဆီကနေ ဘယ်တော့မှ ထွက်ခွာမသွားဘူး။ တေးသံတွေတိတ်သွားရင် .. ပန်းပွင့်ကြွေသံကိုကြားရလိမ့်မယ်။ တစ်ချို့အမှားတွေက ပြင်ခွင့်မရလိုက်ဘူး။ အဝေးကြီးသွားခါနီးမှ ခရီးဟာ လိပ် သွားခဲ့တယ်။ ငှက်တစ်ကောင်လို ဘာရယ်မဟုတ် သစ်ပင်ထဲမှာ ပုန်းခိုနေလိုက်တယ်။ ခွန်အားဟာ မြှားတံရဲ့ထိပ်ဖူးမှာမဟုတ်ဘဲ နောက်မြီးစွန်းလေးမှာပါဝင်နေခဲ့တယ်။ ရာကိုလို့ အမည်ရတဲ့ ကြက်တူရွေးလေးဟာ ရာကို၊ မားမား၊ ဂွတ်ဘော့(အီ) စတာတွေကို ပီပီသသပြောတတ်ပေမယ့် ပျံထွက်သွားတယ်။ ကော်ဖီတစ်ခွက်ဟာ အပူရှိန်ပေါ်မူတည်ပြီး ခါးသက်လာတယ်။ လောကနဲ့ယှဉ်ရင် လောကဓံက အလေးသာတယ်။ မနက်ဖြန်တွေမှာ မနက်ဖြန်မပါတော့ဘူး။ သုတ္တံကျမ်းဟာ ဆုံးမလွန်းသလိုရှိနေခဲ့ပြီး .... ဆာလံကျမ်းကသာ သီချင်းသံပိုမြည်တယ်။ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါတဲ့။ ချစ်ခြင်းမှာ အပြစ်ကင်းစွာ။ အနည်တွေအများကြီးသာ တည်ငြိမ်သွားပေမယ့် မုန်တိုင်းကတော့တည်ငြိမ်တဲ့နောက်ပျောက်ကွယ်သွားရတာပဲ။ ရေနွေးစီးကြောင်းနောက်လိုက်သွားမိတဲ့ ငါးတစ်ကောင်လိုပါပဲ၊ တိမ်တွေကိုဆွတ်ယူဖို့ လက်တွေနှင်းပွင့်မိုးသားလိုဖြူ၊ အမှိုက်သိမ်းကားဟာ သူမသိမ်းနိုင်တဲ့ အမှိုက်တွေ မြို့ပြမှာ ကျန်ရစ်ခဲ့မှန်း နှစ်ပေါင်းအတော်ကြာမှ ရိပ်မိလာခဲ့တယ်။ ဒါ ငါတို့ခေတ်ရဲ့တန်ရာတန်ကြေးဆိုပါတော့။ ဘယ်အချိန်အထိ လွင့်ပျံသွားမယ်မသိတဲ့ကြေးစည်သံ .... ချမ်းသာလေးမျိုးထဲမှာ စတုတ္ထက အပြစ်ကင်းချမ်းသာ ... အဲဒီအထိ လှော်ခတ်ကြရလိမ့်မယ်။ ဘဝဟာ ရှည်လျားသော ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် ဇာတ်လမ်းငယ်တစ်ပိုင်းရဲ့ အဆုံးသတ်ဟာ နောက်ထပ်ဇာတ်လမ်းတစ်ခုရဲ့အစလည်းဖြစ်သွားနိုင်သေးတယ်။ ဆောင်းဟာထင်တာထက်အေးခဲပြီး ... မှောင်မိုက်လွန်းတယ်။ ဇီဝနာရီများဟာ တစ်ခါတစ်ခါ ပြင်ရင်ခက်လွန်းတယ်။ မျက်ရည်များဟာ အလည်လွန်နေတတ်ပေမယ့် အချိန်မီ ပြန်လည်ရောက်လာဖို့အသင့်ရှိနေကြတယ်။ စိတ်ကောင်းရှိတဲ့ လူတစ်ယောက် လျော့သွားတော့ ကမ္ဘာကြီးအထီးကျန်တာပေါ့။ ကမ္ဘာကြီးဆီက လိပ်ပြာတွေ ပြန်ထွက်သွားတဲ့နေ့၊ ပန်းပွင့်တွေ အေးခဲသွားတဲ့နေ့ ၊ ရွှေဝိညာဉ်ခြံကြီးကို ကျေးငှက်တို့ စွန့်ခွာသွားတဲ့နေ့ဆိုတာ ဒီနေ့ပဲထင်ပါရဲ့။ ကျွန်တော်တို့ဟာ အဆင်သင့်မဖြစ်ခဲ့မှုပေါင်းများစွာရှိခဲ့ပါလျှက် ချစ်ခင်သူများနှင့် ခွဲခွာရန် မည်သည့်အခါမှ အဆင်သင့်မဖြစ်ခဲ့ခြင်းကို အထူးအလေးအနက်ခံစားနာကျင်ကြရပါတယ်။ ယာယီရှင်သန်မှုတွေဆိုပေမယ့် ချစ်ခြင်းတရားနဲ့သယ်ဆောင်သွားမယ့်အမှတ်တရနွေးထွေးမှုများကတော့ သံသရာအဆက်ဆက်ပါသွားဦးမှာပါပဲ။ ကျန်ရစ်သူတွေဟာ ..... ဘယ်တုန်းကမှ အသင့်မဖြစ်ခဲ့သလို ... ဘယ်တော့မှလည်း အသင့်ဖြစ်နေမှာမဟုတ်ဘူး။ ရှေ့ကနေသွားသူနဲ့နောက်ကနေလိုက်ကြရမယ့်သူတွေ၊ တစ်ယောက်ကို တစ်ယောက်က အားပေးရင်း၊ တစ်ယောက်လက်ကို တစ်ယောက်တွဲထားလိုက်ကြတယ်။ ဒီသံသရာဟာ ထင်တာထက် ရှည်လျားတယ်။ လောကနဲ့ယှဉ်ရင် လောကဓံက အလေးသာတယ်။ ပန်းပွင့်တွေနဲ့ လိပ်ပြာတွေ ထွက်ခွာသွားနဲ့နောက်မှာ ဥယျာဉ်တစ်ခုဟာ ရင်ပွင့်ကျန်ခဲ့ရတာပါပဲ။
RIP ညီလေး။
==========================
Uncle ငြိမ်း (ငြိမ်းအေးအိမ်)ရဲ့သား နိုင်ငံငြိမ်းအေး ၂၂ နှစ် ဆုံးသွားတယ်။ ၂၀၁၆ မှာ စိတ်ထိခိုက်စရာ ဒီတစ်ခုပဲရှိတယ်။
Blog ပြန်လာဖတ်ရင်း စာပြန်ရေးဖို့ အချိန်ရောက်ပြီလို့ ခံစားရတာနဲ့ နိုင်ငံ့အတွက် ရေးထားတာလေးတင်လိုက်တယ်။ တစ်နှစ်ကျော်အတွင်းမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရှာဖွေခဲ့တာတွေပိုမိုရရှိခဲ့ကြတယ်။ အရင်က မထင်ထားခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတွေလည်းဖြစ်တယ်။ ကမ္ဘာကြီးလည်း ခက်ခဲမြဲခက်ခဲတယ်။ ခက်နေတဲ့ ကမ္ဘာကြီးမှာ လူဟာ ပျော်အောင်၊စိတ်ချမ်းသာအောင်၊ ငြိမ်းချမ်းအောင်နေကြရတာပါပဲ။ လူငယ်လေးတစ်ယောက် သူ့မိသားစုထဲကနေ ရုတ်ချည်းထွက်ခွာသွားတာ အင်မတန် သံဝေဂရစရာကောင်းတယ်။ အခုဆို facebook account ထဲမှာ သွားလေသူ နှစ်ယောက်ဖြစ်သွားပြီ။ ကိုညီသစ်နဲ့နိုင်ငံ။ ဂီတကိုချစ်တဲ့သူတွေ။
ပထမဆုံး တင်ဖြစ်တဲ့ ပို့စ်ဟာ ကြေကွဲခြင်းဖြစ်နေတာတော့လည်း မတတ်နိုင်ဘူး။ ဒါဟာလည်း လောကဓံနဲ့လူတို့ရဲ့ ထိခတ်မိခြင်းသံစဉ်တစ်ခုပဲ။ ပန်းပွင့်တွေဟာ မုန်တိုင်းထဲမှာလည်းပွင့်နေတာပါပဲ။ နားစွင့်ထောင်ကြည့်လိုက်တိုင်း သေခြင်းတရားဟာ အနားမှာ အမြဲရှိနေမှန်း ရိပ်မိလာတယ်။ ကျွန်တော်တို့ ၂၂ နှစ်တုန်းက ကျောင်းသွားတော့ ဟိုင်းလပ်စ်ခေါင်းမိုးပေါ်မှာ သူငယ်ချင်းတွေနဲ့ လက်ချင်းတွဲပြီး စီးခဲ့ဖူးတယ်။ လူငယ်တွေမှာ အိမ်မက်တွေရှိခဲ့ကြပြီး ... သူတို့ကမ္ဘာဟာ အမြဲတောက်ပနေခဲ့ကြတယ်။ အခုတော့ လူကြီးတွေဖြစ်လာပြီဆိုတော့ လူငယ်တွေရဲ့ အနာဂတ်အတွက် ကိုယ့်မှာ တာဝန်ရှိတယ်လို့ ခံစားရတယ်။ သူတို့တွေရဲ့ စိတ်ကူးလေးတွေ၊ အားမာန်တွေနဲ့ ယုံကြည်ချက်တွေ ဆက်လက်မြင့်မားနေဖို့ ၊ ကမ္ဘာကြီးကို ကောင်းစေချင်တဲ့ လူငယ်လေးတွေအတွက် အချိန်နည်းနည်းပိုပေးသင့်တယ်လို့ မြင်လာတယ်။ လူငယ်တွေအတွက် လုံခြုံနွေးထွေးပြီး မေတ္တာတရားရှိတဲ့ အသိုင်းအဝန်းတစ်ခုရှိမယ်ဆိုရင် သူတို့တွေရဲ့ဘဝတွေ အများကြီးပိုလွယ်ကူမယ်လို့ ကျွန်တော်ထင်တယ်။
ရေးထားတာတွေ နောက်နေ့မှပဲ တင်လိုက်ပါဦးမယ်။
Zephyr
Peace B with U.