Saturday, November 7, 2009

ဖတ်မိတဲ့ကဗျာ


ကျွန်တော်ဒီ တစ်ပတ် စာအုပ်တစ်ချို့ဖတ်ဖြစ်ပါတယ်။ ဟိုက္ကု ကဗျာစာအုပ်တစ်အုပ်လည်းဖတ်ဖြစ်ပါတယ်။
မနေ့က စာကြည့်တိုက်မှာ ကဗျာစာအုပ်ကို မငှားချင်ငှားချင်နဲ့ဖြစ်နေလို့ စာနည်းနည်းမြည်းကြည့်ပါတယ်။ ဖတ်မိတဲ့ ကဗျာက ...

I envy the tom cat:
how easily he lets go of
love's pain and longing!
(ETSUJIN)

... အငိုက်မိသွားတုန်း ဖြောင့်လက်သီး မိသွားသလို..... ကြယ်တွေလတွေမြင်သလို ဖြစ်သွားတယ် ...။ ကဗျာက အားကောင်းလွန်းနေတယ် ....။
ဒါနဲ့ပဲ အဲဒီစာအုပ်ကိုငှားဖြစ်သွားတယ် ...။

ပထမဆုံး ဖတ်မိတဲ့ကဗျာလေးကို နည်းနည်း အကျယ်ချဲ့ပြီး ခံစားကြတာပေါ့ ...။
ဟိုက္ကုတွေရဲ့ထုံးစံအတိုင်း စာကြောင်းသုံးကြောင်းပဲပါတယ် .... သူ့ပုံစံ ၅-၇-၅ စနစ်ကို ဘာသာပြန်တဲ့အခါတော့ မလိုက်နာကြတာများပါတယ်။ လိုက်နာလိုက်ရင်စကားလုံးအားနည်းသွားတဲ့အတွက်ပါ။ စုစုပေါင်း စကားလုံး ၁၇ လုံးပါတယ်။ များသောအားဖြင့် သဘာဝတရားထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင် ရှုမြင်နိုင်တဲ့သူတွေရေးလေ့ရှိတယ်။ တရား ဓမ္မနဲ့ပတ်သက်ပြီးနားလည်သိမြင်တာတွေလည်းရေးလေ့ရှိတယ်။ ဒီကဗျာလေးကတော့ ရိုးရိုးလေးနဲ့ သိပ်အားကောင်းနေတယ်။
ကဗျာရေးတဲ့သူကပြောတဲ့ပုံစံနဲ့ရေးထားတယ်။

ကြောင်ထီးလေးကို ကဗျာရေးသူက မနာလိုဖြစ်မိတယ်တဲ့။

ဒီစာကြောင်းကတော့ဘာမှမထူးဆန်းဘူး။ ကြောင်လေးက ဘာဖြစ်လို့ မနာလိုချင်စရာကောင်းတာလဲဆိုတာကို ပြောချင်လို့ စကားစလိုက်တာမှန်း သိသာပါတယ်။ မြန်မာကားတွေမှာ အတင်းပြောချင်တဲ့ မိန်းမကြီးက ငါမပြောချင်ပါဘူးအေရယ် ဆိုပြီး မပြောချင်တာကို ပြောဖို့ ဟန်ပြင်နေတာမျိုးပေါ့ ....။ ကဗျာရေးသူကလည်း မနာလိုဖြစ်မိလောက်အောင် တစ်ခုခု ကိုယ့်ထက်သာနေတဲ့ ကြောင်ထီးလေးကို ...အစချီလိုက်တယ်။


သူ ဘာလို့ ပေါ့ပေါ့ပါးပါး ထားသွာနိုင်တာလဲ

ကြောင်ကလေးက တစ်ခုခုကို ပေါ့ပေါ့ပါးပါးထားသွားနိုင်တယ် ...။ အဲဒါကို ကဗျာဆရာက မနာလိုဖြစ်နေတာကိုး ..။ ဘာကိုထားသွားနိုင်တာလဲ .. လိုက်စဉ်းစားမိတယ် ...။ ကဗျာဆရာ မထားသွားနိုင်တဲ့တစ်ခုခုကို ကြောင်ကလေးက ပေါ့ပေါ့ပါးပါး ထားသွားနိုင်ခဲ့တယ် ....။ ကဗျာဆရာက မနာလိုတောင်ဖြစ်မိတယ် ...။ ကြောင်ကလေးလို သူမလုပ်နိုင်ဘူး။ မလုပ်တတ်ဘူး။ မလုပ်ရက်ဘူး ...။ ကဗျာဆရာက အဲဒီသဘောကို ချစ်စနိုးနဲ့ မနာလိုဖြစ်မိတယ်လို့ ပြောတယ်။ အခုအချိန်မှာ ကဗျာဆရာဟာ အဝေးမြင်မှုအားကောင်းလာပြီ။ အရာရာကို သုံးသပ်နိုင်လာပြီ။ ဒါပေမယ့်ကြောင်ကလေးကိုတွေ့မှ သူအံ့အားသင့်တယ် ...။ ဘာလို့လဲ.. ဘာလို့လဲ လို့ ထပ်ခါ ထပ်ခါတွေးပြီး ... သူ့အတွက် ခက်ခဲခဲ့တာကို ကြောင်ကလေးက ဘယ်လိုနှလုံးသွင်းပြီး လွယ်ကူလိုက်တာလဲ ....။ မနာလိုဖြစ်မိတယ်လို့ ပြောမိတယ် ....။ ကြောင်ကလေးကို တွေ့တော့ ပြုံးမိတယ် ....။ သူ့လိုနားလည်ဖို့ ကဗျာရေးသူဟာ အချိန်နှစ်နဲ့ချီယူခဲ့ရတာများလား ....။ ကြောင်ကလေးလို ချက်ချင်းပေါ့ပေါ့ပါးပါး မထားသွားနိုင်လို့ .. ကဗျာဆရာက နှစ်နဲ့ချီလေးလံခဲ့လေသလား ....။ ကြောင်ကလေးကို မနာလိုဖြစ်စရာကောင်းတာဘာလဲ .... ။ သူတည်ဆောက်ထားတဲ့မေးခွန်းကို ကဗျာဆရာက ဖြေရလိမ့််မယ်။ ... မဖြေချင်လည်းရတယ် ...။ ကဗျာဆရာက မေးခွန်းထုတ်ပြီးဖြေချင်လည်းရတယ်...၊ မဖြေချင်လည်းရတယ် .....။ ကဗျာဆရာကဖြေမှာလား ...၊ ကဗျာဆရာက မေးခွန်းပဲထားခဲ့မှာလား ...မသိသေးဘူး ... ဆက်ဖတ်ကြည့်လိုက်တယ် ....။


အချစ်ဟာ နာကျင်စရာကောင်းတယ်၊ တမ်းတစရာပဲပေါ့။

ကဗျာဆရာက တည့်တည့်မဖြေဘူး။ သက်ပြင်းကို ရှူတုန်းက နှာခေါင်းနဲ့ဖြည်းဖြည်းချင်းရှူပြီး ထုတ်တော့မှ ပါးစပ်က မှုတ်ထုတ်လိုက်သလို ... သွယ်ဝိုက်ပြီးပြောတယ်။ သူမေးတာနဲ့ ဆိုင်သလို မဆိုင်သလိုဖြစ်နေတဲ့ အဖြေအရ သတိထားမိတာက ကြောင်ကလေးက တစ်ခုခုကို ထားခဲ့နိုင်ပြီး ...အဲဒီအရာက နောက်ဆုံးတစ်ကြောင်းမှာပါတဲ့ အချစ်၊နာကျင်စရာ၊ တမ်းတခြင်းတွေနဲ့ ပတ်သက်နေတယ် ...။ ကြောင်ကလေးက အချစ်ကို ပေါ့ပေါ့ပါးပါးထားခဲ့နိုင်ပြီး ကဗျာဆရာကမထားခဲ့နိုင်တာလား။ ကြောင်ကလေးက နာကျင်မှုတွေကို ထားခဲ့နိုင်သလို၊ ကဗျာဆရာက မထားခဲ့နိုင်တာလား၊ ကြောင်ကလေးက တမ်းတစရာတွေကို ပေါ့ပေါ့ပါးပါး မေ့ပစ်လိုက်သလို ကဗျာဆရာကပေါ့ပေါ့ပါးပါး မမေ့နိုင်တာလား။ .... ကြောင်ကလေးက မနာလိုစရာကောင်တဲ့ ကြောင်ကလေးပဲ .....။ အချစ်ဟာ နာကျင်စရာကောင်းတဲ့ တမ်းတမှုဆိုတာကို ထားခဲ့တဲ့ကြောင်ကလေး....။


တကယ်တော့.... ကဗျာဆရာကလည်း မနာလိုစရာကောင်းတဲ့ကဗျာဆရာပါ ....။ သူ့အတွက်မလိုအပ်တော့တဲ့ အသိတရားကို ကဗျာနဲ့ရေးထားပြီး .. ပေါ့ပေါ့ပါးပါး ထွက်သွားခဲ့ပြီမဟုတ်လား .....။

နှလုံးသွင်းမှားတဲ့သဘာဝကိုရေးပြထားတယ်လို့ခံစားရတယ်။ ဒီကဗျာမှာ ကြောင်ကလေးတွေတောင်မှ သူ့ဘာသာသူ ပေါ့ပါးနိုင်တဲ့ကိစ္စကို လူတွေလုပ်ပြီး လေးလံခံစားမနေပါနဲ့ဆိုတဲ့သဘောမျိုးနဲ့ရေးထားတာမျိုးမပါပါဘူး။ သူပြောချင်တာက ဒီလိုအခြေအနေမျိုးမှာရှိနေတဲ့သူ (၀ါ) အသည်းကွဲသမား ဆိုလားဘာလား .. အဲဒီလိုလူတွေဟာ ကြောင်ကလေးကို မနာလိုဖြစ်ရလိမ့်မယ်တဲ့ ....။ ကဗျာလေးက ရိုးရိုးလေးနဲ့လှပါတယ်။ စကားလုံးအသစ်အဆန်းမပါပေမယ့်အားကောင်းပါတယ်။...

ကြောင်ကလေးထားသွားနိုင်တာ မသိမှုကြောင့်ဖြစ်ပြီး ... ကဗျာဆရာမထားသွားနိုင်ဘူးဆိုတာက မှားယွင်းတဲ့သိမှုကြောင့်ဖြစ်ပါလိမ့်မယ်။ ကဗျာဆရာပေါ့ပေါ့ပါးပါးထားလိုက်နိုင်တဲ့အချိန်မှာ ... ဒီကဗျာဟာ လက်ဆင့်ကမ်းနိုင်တဲ့ အသိတရားဖြစ်လာပြီး ... ကဗျာထဲကကြောင်ကလေး လက်ဆင့်မကမ်းနိုင်တဲ့အတွက် နောက်ထပ် ကြောင်လေးတစ်ကောင် ဆက်ပြီး အသည်းကွဲနေပါလိမ့်မယ်။ ။

ခင်မင်စွာဖြင့်
Zephyr


Notes:

ကျွန်တော်ကခွေးချစ်တဲ့သူဖြစ်လို့ ကြောင်တွေအကြောင်းသိပ်မသိပါဘူး....။ ကြောင်တွေအကြောင်း You Tube မှာရှာပြီးကြည့်တော့ သူတို့ဟာခွေးတွေလိုပဲ အသိဉာဏ်မြင့်တယ်ဆိုတာသိရပါတယ်။

ကျွန်တော် မသိမှုနဲ့၊ မှားယွင်းတဲ့သိမှုဆိုပြီး နှစ်ခုရေးထားပါတယ်။ ပါဠိလို အ၀ိဇ္ဖာ ဆိုတဲ့စကားကို နှစ်ခြမ်းခွဲပြီးရေးထားတာပါ။ မသိဘူးဆိုတာက လုံးဝမသိတာပါ။ မေးခွန်း ၁ ရဲ့ အဖြေက ဘာလဲဆိုရင် မသိလို့ ကွပ်လပ်ချန်ထားသလိုမသိတာပါ။ မှားယွင်းတဲ့သိမှုဆိုတာကတော့ မေးခွန်း(၁)ရဲ့ အဖြေကို သစ်ပင်လို့ဖြေတယ်ဆိုပါတော့ တကယ့် အဖြေမှန်က တောင်တန်း ဖြစ်နေတာမျိုးပါ။ သစ်ပင်လို့သိတော့သိတယ်။ သိနေတာက မှားနေတာမျိုးပါ။






Peace B with U.

Monday, November 2, 2009

ခါလီဂျီဘရမ်နှင့် လမ်းလျှောက်ထွက်ခြင်း

ခါလီဂျီဘရမ်နှင့် လမ်းလျှောက်ထွက်ခြင်း

ကျွန်တော်ငယ်တုန်းက မြန်မာငွေ ၁၀၀ နဲ့ အောင်မြင်စွာဝယ်ခဲ့ဖူးတဲ့ စာအုပ်လေးတွေကို မှတ်မိနေပါတယ်။ ဂုဏ်ထူးစာပေက ထုတ်တဲ့ ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တဂိုး ကဗျာစာအုပ်လေးတွေ တစ်အုပ်ကို ၁၀၀ စီနဲ့ တော်တော်များများရလိုက်ပါတယ်။ နောက်ထပ်ရှားရှားပါးပါးရလိုက်တဲ့ တစ်ရာတန်စာအုပ်လေးကတော့ နှုတ်ကောင်းခွန်းမြိန် သုခမိန် ဆိုတဲ့စာအုပ်လေးကိုလည်းမှတ်မိပါတယ်။ (ဓမ္မိက) ဘသန်းရဲ့ စာအုပ်လေးပါပဲ။ ယောနသံစင်ရော်စာအုပ်လို လူကြိုက်များလွန်းတဲ့ စာအုပ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် စကားပြေ ပြေပြစ်ကျစ်လျစ် လှပစွာနဲ့ ပရောဖတ်တစ်ယောက် မြို့သားတွေကို သင်ပေးနေတာ ဖတ်ရတော့ သဘောကျပါတယ်။ မြို့သားတွေရဲ့ ပညာကိုလိုလားတာတွေ၊ ပရောဖတ်ပြောတဲ့ ဒဿနတွေကို နားလည်လို့မဟုတ်ပါဘူး။ စကားပြေ ချောမွေ့တဲ့စာကို ဇာတ်လမ်းတစ်ခုလိုဖတ်လိုက်ရတဲ့အခါ သဘောကျသလို သဘောကျတာမျိုးပါ။ စာအတူတူဖတ်ခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေနဲ့ပြန်ဆုံတဲ့အခါ ငယ်တုန်းက ဖတ်ဖြစ်တဲ့စာတွေကို ကြီးလာတော့ ပြန်ဖတ်တဲ့အခါ ဘယ်လိုကွာသွားသလဲဆိုတာပြောဖြစ်ပါတယ်။ ဒီ စာအုပ်ကို ပြန်ဖတ်ရတဲ့အခါမှာ ၁၀ နှစ်ကွာသွားပါပြီ။ ၁၉၉၉ က ဖတ်ခဲ့တဲ့စာအုပ်ကို အခု ၂၀၀၉ မှာပြန်ဖတ်ဖြစ်ပါတယ်။ အခုတစ်ခေါက်ဖတ်တာက မူရင်းစာအုပ်ဖြစ်ပြီး အရသာမတူတော့တာကို သတိပြုမိပါတယ်။ ငယ်တုန်းက သဘောကျခဲ့တာနဲ့မတူတဲ့ နောက်ထပ် သဘောကျမှု တစ်မျိုးနဲ့ သဘောကျမိပါတယ်။ အထူးသဖြင့် ရသတန်ဖိုး ပါဝင်မှုကို ဂရုစိုက်ဖြစ်ပါတယ်။ အသိပညာကြီးမားတဲ့ ပရောဖတ် တစ်ယောက်နဲ့ လမ်းလျှောက်ထွက်ရင်း သူပြောတာလေးတွေ နားထောင် ဖြစ်ပါတယ်။ ကျွန်တော် ဒီစာအုပ်ကို ဖတ်ခဲ့တာမဟုတ်ပါဘူး။ ပရောဖတ်နဲ့အတူ လမ်းလျှောက်ထွက်ခဲ့တာသာ ဖြစ်ပါတယ်။ ... လမ်းလျှောက်ရင်းပြောဖြစ်တဲ့စကားလေးတွေကို ပြန်ဝေငှလိုက်ပါတယ်။

1.On Children - ကျွန်တော်တို့ လျှောက်ရမယ့်လမ်း ....။

ကလေးတွေကို မေတ္တာတွေပေးလိုက်ပါ။
ဒါပေမယ့် သင့်အတွေးတွေကိုတော့မပေးလိုက်ပါနဲ့။

သူတို့မှာ သူတို့ အတွေးနဲ့သူတို့ရှိနေနှင့်ပြီးသားမို့လို့ပါ။
သူတွေရဲ့ ကိုယ်ခန္ဓာအတွက် အိမ်တစ်အိမ် သင့်ဆောက်ပေးရပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်အတွက် သင် တည်ဆောက်ပေးနိုင်မှာမဟုတ်ဘူး။ သူတို့ရဲ့ စိတ်ဝိညာဉ်ဟာ အနာဂတ်ဆိုတဲ့ အိမ်မှာနေထိုင်တဲ့အတွက် သင်သွားရောက်လည်ပတ်နိုင်မှာမဟုတ်ဘူး။ သင့်အိမ်မက်ထဲမှာတောင်မှ သွားလည်နိုင်မှာမဟုတ်ဘူး ....။

သူတို့ကို နှစ်သက်ဖို့သင်ကြိုးစားပါ။
သူတို့က သင့်ကို နှစ်သက်ဖို့ မကြိုးစားပါနဲ့။

ဘ၀ဆိုတာ နောက်ပြန်သွားနေတဲ့ ခရီးမဟုတ်သလို .. မနေ့က တွေနဲ့ ရေတွက်ထားတဲ့ အရပ်ဒေသတစ်ခုမဟုတ်ဘူး .....။

မိဘတွေဟာ လေးကိုင်းတွေပဲ .... သင့်ရင်သွေးတွေဟာ သင့်ကို အမီပြုပြီး ပျံသန်းသွားမယ့် သက်ရှိမြားတံတွေပေါ့ ....။

........ မိဘတွေ လေးသည်တော်ကို ယုံကြည်လိုက်ပါ ...သင့်ကိုကွေးညွတ်စေတဲ့ လေးသည်တော်ဟာ ပစ်မှတ်ကို ချိန်ရွယ်ထားပြီးသားပါ ....။ မြားတံ လျင်မြန်စွာ ပျံသန်းသွားဖို့ သင့်ကိုကွေးညွတ်စေတာပါ။ လေးသည်တော်ရဲ့ ရည်ရွယ်ချက်ကို ၀မ်းမြောက်ဝမ်းသာ ဖြည့်စွမ်းရင်း ကွေးညွတ်ပျော့ပြောင်းလိုက်ပါ .....။

လေးသည်တော်ဟာ လျင်မြန်စွာပျံသန်းသွားတဲ့ မြားတံတွေကို ချစ်သလို .. တည်ငြိမ်စွာ ရပ်တန့်နေမယ့် လေးကိုင်းကိုလည်း ချစ်တယ်။ ။

ဒီစကားသံဟာ နာကျင်စွန်းထင်းနေတဲ့ ဂီတတစ်ခုလို ရင်ထဲကို စူးနစ်ဝင်ရောက်လာတယ် ....။ မြားတံထွက်ခွာ အသွားမှာ တုန်လှုပ်ကျုန်ရစ် တိတ်ဆိတ်သွားတဲ့ လေးကိုင်းရဲ့စိတ်ထဲက သောက အဖြူတွေ သင်ကြားရ ရဲ့လား ....။ မိဘတွေ နဲ့ ဘယ်လောက်ဝေးဝေး သင်ပျံသန်းထွက်လာခဲ့ပြီလဲ ....။ လေထဲမှာ သင်ပျော်ရွှင်နေတာလား ... ပစ်မှတ်ကို ဒေါက်ခနဲ စိုက်သွားတဲ့အချိန်မှာ သင်ပျော်ရွှင်နေတာလား ....။ လေးကိုင်းနဲ့ ဘယ်လောက်ဝေးဝေးမှာ သင်ပျော်ရွှင် နိုင်နေမလဲ ..... သင့်စိတ်ထဲမှာကျတဲ့ မျက်ရည် သမုဒ္ဒရာ ခုနစ်စင်းစာအောင်မြင်မှုဆိုတာ ... နာကျင်စရာ တံလျှပ်တစ်ခုပဲမဟုတ်လား.....။ လေးကိုင်းဆီဆောင်းခိုပျံသန်းခြင်းကို မတတ်မြောက်တော့တဲ့ မြားတံတွေအတွက် လေးသည်တော်မှာတာဝန်ရှိနေမလား ....။ မြားတံတွေကို ချစ်သလို လေးကိုင်းကို ချစ်တဲ့လေးသည်တော်က မြားတံက လေးကိုင်းကို ချစ်တဲ့ အချစ်ကို အသိအမှတ်ပြုခဲ့ဖို့ကောင်းတယ် ....။ ကျေးဇူးပြု၍ပါ လေးသည်တော် ... သင့်ပျော်ရွှင်မှုတစ်ခုအတွက်နဲ့တော့ မြားတံတွေကို ပစ်မှတ်တွေဆီမပစ်လွှတ်လိုက်ပါနဲ့ .....။ ကျေးဇူးပြု၍ပါ လေးသည်တော် ... သင့်ပစ်မှတ်ဟာ မြားတံတွေရဲ့ ပစ်မှတ်ဆိုတာ သေချာမှ ပစ်လွှတ်လိုက်ပါ ...........။



2.On Pain - ကျွန်တော်တို့လဲကျချိန်....။

သင့် နာကျင်မှုတွေဟာ သင့်ရဲ့ရွေးချယ်ပိုင်ခွင့်ပါပဲ ။ စိတ်ထဲမှာရှိတဲ့သမားတော်က ပျောက်ကင်းအောင် မကုသမီအထိ ခါးသီးနာကျင်နေမယ့် သောကဒဏ်ရာပါပဲ။ စိတ်ထဲက သမားတော်ကို ယုံကြည်လိုက်ပါ။ တိတ်ဆိတ်ငြိမ်းချမ်းမှုမှာ နေထိုင်ပြီး သူပေးတဲ့ဆေးကို သောက်သုံးလိုက်ပါ ......။ ။

ဒါဖြင့်လည်း မြန်မြန်ကုလိုက်ပါ သမားတော်ရယ် ...။ လူနာတစ်ချို့သေသွားပါပြီ ....။ အချိန်မဆွဲပါနဲ့တော့ ...။ လက်ကိုအကြာကြီးဆေးမနေပါနဲ့။ လက်အိတ်ကိုသာ နှစ်ထပ်ဝတ်လိုက်ပါ။ ဘာတွေမလုပ်သင့်ဘူးလို့မပြောပါနဲ့တော့ .....။ အကြောင်းပြချက်ထက်ပိုပြီး လက်တွေ့ဆန်တဲ့ ဆေးတစ်ခွက်ပေးပါ။ ရွေးချယ်မှုဆိုလည်း မှားယွင်းရွေးချယ်မိစေတဲ့ အကြောင်းကိုပြောပါ။ နာကျင်မှုဆိုလည်း သက်သာမယ့်ဆေးကိုပေးပါ။ သောကမီးဆိုလည်း မီးသတ်သမားတွေလွှတ်ပေးပါ ....။ ကြားရာအရပ်က အကြောင်းပြန်ပါ ... လူနာတွေ သေခါနီးပြီ သမားတော် .. မုတ်ဆိတ်ကို နောက်မှ ပွတ်သပ်ပါ .... အိမ်းဆိုပြီး အသံရှည်ဆွဲပြီး စဉ်းစားမနေပါနဲ့ .. ရော့ဆိုပြီး လိုအပ်သလောက်ဆေးကိုသာပေးလိုက်ပါ .....။ ကျေးဇူးမမေ့ပါဘူး ....။


3.On Marriage - သတိလက်လွတ် ငှက်တောင်ကျွတ်ချိန်....။

(ဘာသာပြန်လွဲမှားမှုအတွက်တော့နည်းနည်းမှ တာဝန်ယူမည်မဟုတ်ပါ။ :P ... ကိုယ့်ဘာသာကိုယ်သာနည်းနည်းပြင်ဖတ်လိုက်ပါ ...။)

သင်တို့နှစ်ယောက်ဟာ အတူတူမွေးဖွားလာသလို တစ်သက်ပတ်လုံးအတူတူ ရှိနေကြလိမ့်မယ် ....။ သေခြင်းတရားရဲ့ တောင်ပံဖြူတွေက သင့်နေ့ရက်တွေကို ကွဲအက်အောင် ရိုက်ခတ်ပစ်တဲ့ အချိန်တွေအထိ သူရှိနေလိမ့်မယ် ....။ ဘုရားသခင်ရဲ့ တိတ်ဆိတ် ငြိမ်းငြိမ်နေတဲ့ မှတ်ဉာဏ်ထဲမှာ သင်တို့ဟာ အတူရှိနေလိမ့်မယ် ....။ ဒါပေမယ့် သင်တို့ နှစ်ဦးရဲ့ အတူတကွဖြစ်မှု ထဲမှာ နေရာလွတ်လေးတွေထားပေးပါ ..... ကောင်းကင်ဘုံရဲ့လေညင်းတွေ ကခုန်စီးမျောရုံနေရာလေးတွေလှပ်ထားပေးပါ။

တစ်ယောက်ကို တစ်ယောက်ချစ်ပါ။
ချစ်ခြင်းနဲ့တော့ မချည်နှောင်ပါနဲ့။

ချစ်ခြင်းတရားပင်လယ်ဟာ သင်တို့ဝိညာဉ် နှစ်ခုကြားမှာ ဖြတ်သန်းစီးဆင်းနေသလိုဖြစ်နေပါစေ။
တစ်ယောက်ခွက်ကို တစ်ယောက်ဖြည့်ပါ။
ဒါပေမယ့် တစ်ခွက်တည်းကို နှစ်ယောက် မသောက်ပါနဲ့။

တစ်ယောက်ကို တစ်ယောက် ပေါင်မုန့်ဖဲ့ပေးပါ။
ဒါပေမယ့် ပေါင်မုန့်တစ်လုံးထဲက ဖဲ့မပေးလိုက်နဲ့။

အတူတကွ သီဆိုပြီး ကခုန်ပါ။ ပျော်မြူးပါ။
ဒါပေမယ့် တစ်ယောက်စီ ကနေတာသာဖြစ်ပါစေ။

ကြိုးတပ်တူရိယာ တစ်ခုဟာ သံစဉ်တေးသွားတစ်ခုကို တူညီစွာ တုန်ခါမြည်ဟည်းနေပေမယ့် ကြိုးလေးတွေဟာ သီးခြားဖြစ်နေသလိုမျိုးပေါ့ ...။

တစ်ယောက် နှလုံးသားကို တစ်ယောက်ကိုပေးပါ။
ဒါပေမယ့် နှလုံးသားတွေကို တစ်နေရာတည်းမှာ သိမ်းဆည်းမထားပါနဲ့။
ဘ၀ရဲ့ လက်ကသာ သင်တို့နှလုံးသားတွေကို ထိန်းသိမ်းဆုပ်ကိုင်ထားနိုင်လိမ့်မယ်။

အတူတကွရပ်တည်ပါ။ ဒါပေမယ့် သိပ်မနီးကပ်ပါစေနဲ့။
ဝတ်ကျောင်းတော်ရဲ့တိုင်လုံးတွေဟာ သီးခြားရပ်တည်ကြသလိုပေါ့။

ဝက်သစ်ချပင်နဲ့ ဆိုက်ပရက်စ် ပင်တွေဟာ တစ်ယောက်အရိပ်မှာ တစ်ယောက် ရှင်သန်ပေါက်ရောက်လေ့မရှိသလိုပေါ့ ......။

။ ။

အလွယ်ဆုံးနည်းက ဒီလိုလည်းဖြစ်ချင်ဖြစ်လိမ့်မယ် ....။ ဒီကိစ္စကတော့ဉာဏ်မမီတာနဲ့ ပရောဖတ် ကို သိပ်ပြီးခွန်းတုံ့မပြန်နိုင်ဘူး ...ဟုတ်ချင်လည်းဟုတ်ပေါ့ လို့ ခပ်ပေါ့ပေါ့ပြောရင်း ပရောဖတ် Almustafa ကိုပြောလိုက်တယ် ...။ ပရောဖတ်ကြီး ရှေ့နားမှာ အောဖလိရွာရောက်ပြီ ....။ သူတို့မေးတာတွေကို ကောင်းကောင်းဖြေလိုက်ပါ...။ တစ်နေ့နေ့မှာ .... ဒီအကြောင်းကို လူတစ်ယောက်ကရေးလိမ့်မယ် ...။ အဲဒီအခါကြမှ.... ပြန်ဆုံကြတာပေါ့ ....။

နှုတ်ဆက်ပါတယ် ....။ လှေပေါ်မှာ လမ်းလျှောက်ခဲ့တာလေးကို မှတ်မိနေဦးမှာပါ .... ပရောဖတ်ကြီး ....။
သတိထားသွားပါ ... ရှေ့ကိုက် တရာမှာ အောဖလိရွာသားတွေရှိတယ် .....။
အမေးအမြန်းထူတဲ့ ရွာသားတွေရှိတယ် .....။
သူတို့နားမလည်တာကို ခပ်တည်တည်ပြောပြလိုက်ရုံနဲ့ သုခမိန် ဖြစ်ခွင့်လည်းရှိတယ် ....။
ရှေ့ကိုက်တရာမှာပါ ...

ခင်မင်စွာဖြင့်
Zephyr



Peace B with U.