Saturday, July 11, 2009

စိတ်ချမ်းသာဖို့လိုရင်းပါ (အပိုင်း ၂)


စိတ်ချမ်းသာခြင်းအကျိုး ဆယ်ပါး

အနောက်နိုင်ငံမှာ စိတ်ချမ်းသာမှုနဲ့ပတ်သက်ပြီးသုတေသနပြုတာတွေ တော်တော်များလာ တယ်။စိတ်ချမ်းသာရင် ဘယ်လိုအကျိုးရှိလဲဆိုတာကိုလေ့လာတဲ့အခါ ..

1.The more likely to benefit their families, their communities and society at large

စိတ်ချမ်းသာနေတဲ့သူဟာ မိသားစုကို အကျိုးပြုဖို့ အလားအလာ ပိုပြီးများတယ်။ကိုယ့် အသိုင်းအဝိုင်းနဲ့ လူအဖွဲ့အစည်းတစ်ခုလုံးကို အကျိုးပြုဖို့ အလားအလာ ပိုပြီးများတယ်။

အဲဒါ တော်တော်အားရစရာကောင်းတယ်။ အဲဒီလိုဆိုရင် ကိုယ့်မိသားစုဝင်အားလုံး မိသားစုကို ပိုပြီးအကျိုးပြုစေချင်ရင် ဘာလုပ်သင့်သလဲ။မိသားစုဝင်အားလုံး စိတ်ချမ်းသာအောင် ပျော်အောင် တစ်ဦးချင်းကိုယ်တတ်နိုင်တဲ့နည်းနဲ့ တစ်ယောက်ကို တစ်ယောက် စိတ်ချမ်းသာအောင် ပျော်အောင်လုပ်ရမယ်။ပျော်အောင် ဘယ်လိုလုပ်ရမ လဲ။ပျော်အောင်လုပ်နည်းတွေအများကြီးရှိပါတယ်။

ပထမအချက်က ပြောတာဆိုတာ ပြေပြေပြစ်ပြစ်ရှိအောင် မေတ္တာနဲ့ပြောရမယ်။ ဒေါသနဲ့ မပြောရဘူး။ တစ်ယောက်မကြိုက်တာကိုတစ်ယောက် တတ်နိုင်သမျှ တတ်နိုင်သလောက်ရှောင်ရမယ်။တစ်ယောက်ကိုတစ်ယောက် အနိုင်မကျင့်ရဘူး။

တစ်ယောက်ပြောတာကိုတစ်ယောက် သေသေချာချာနားထောင်ပြီး အပြန်အလှန် မေးလိုက်ဖြေလိုက်လုပ်ရတာ ပျော်စရာကောင်းတယ်။စားစရာတစ်ခုခုကို အတူတူ စားရတာလည်းပျော်စရာကောင်းတယ်။ရယ်စရာပြောပြီး ရယ်ရတာလည်းပျော်စရာ ကောင်းတယ်။အားတဲ့ရက်မှာ လေ့လာရေးခရီး အတူတူသွားရတာ ပျော်စရာကောင်း တယ်။တစ်ယောက်ကိုတစ်ယောက် ကြိုက်တတ်တဲ့လက်ဆောင်ပေးရတာ ကြိုက်တတ် တာကျွေးရတာ စာအတူတူဖတ်ရတာ ဘုရားအတူတူရှိခိုးရတာ တရားအတူတူထိုင်ရ တာ စသည် စသည် အများကြီးရှိပါတယ်။ မိသားစုတွေကိုမေးကြည့်ဦးမယ်။ဘုန်းကြီး ကအေးအေးဆေးဆေးနေတာဝါသနာပါတော့ ပျော်တာကိုသိပ်လုပ်လေ့မရှိဘူး။မိသား စုတွေဘယ်လိုပျော်ကြသလဲဆိုတာ မေးကြည့်ရဦးမယ်။သတိထားမိသလောက်တော့ အခုပြောခဲ့တဲ့အချက်တွေပဲ။နောက်ထပ်ကိုယ့်ဟာကိုယ်စဉ်းစားကြည့်ပေါ့။

သူ့ကိုပျော်အောင်လုပ်ပြီးမှ ကိုယ်လိုတာကိုတောင်း

ပျော်နေတဲ့သူက မိသားစုကို ပိုပြီးအကျိုးပြုတယ်ဆိုတော့ ကိုယ့်မိဘတွေဆီက လိုချင် တာတစ်ခုခုရှိရင် စိတ်ညစ်အောင်ပြောပြီးမပူဆာနဲ့။ ပျော်အောင်ပြောပြီး ချော့တောင်း နော်။ပျော်နေတဲ့သူဟာ သူများကိုလည်း ပျော်စေချင်တယ်။ဒါကြောင့် မိဘတွေ စိတ်ချမ်းသာနေတဲ့အချိန်မှာ ကိုယ်လိုတာကို တောင်းရင်ရဖို့များတယ်။ စိတ်မကြည်လင် တဲ့အချိန်မှာမတောင်းနဲ့။ကဲ..တောင်းနည်းပြောပြလိုက်ပြီ။ တောင်းတော့။

စိတ်ချမ်းသာအောင် ပျော်အောင်ပြောပြီးမှကိုယ်လိုတာကိုတောင်းရတာကောင်းပါတယ်။ ဘယ်သူ့ဆီက ဖြစ်ဖြစ်ပေါ့။ ကိုယ့်ခင်ပွန်း ကိုယ့်ဇနီးဆိုလည်း ဒီအတိုင်းပါပဲ။ စိတ် ဆင်းရဲအောင်ပြောရင် အကျိုးပြုချင်မှာ မဟုတ်ဘူး။ ဒီနည်းက ပြောပြလိုက်တော့ တွေး ကြည့်တော့ ဟုတ်သားပဲလို့ လွယ်လွယ်နဲ့သဘောပေါက်တယ်။ တကယ်အရေးကြုံတဲ့ အခါ မမေ့ဖို့လိုတယ်။ ဒီနည်းကိုတစ်လလောက် စမ်းကြည့်ပါ။သုတေသနလုပ်ကြည့်တဲ့ ပညာရှင်တွေကတောင် အထောက်အထား ခိုင်ခိုင်လုံလုံတွေ့ရတယ်လို့ဆိုတယ်။ သူတို့ပြောတိုင်းယုံဖို့မလိုပါဘူး။ကိုယ်လည်း ကိုယ်တွေ့သုတေသန လုပ်ကြည့်လိုက်ပါ။ သုတေသနလုပ်ရတာဝါသနာပါရင် စိတ်ဝင်စားစရာသိပ်ကောင်းတာတွေ့ရမယ်။ဒီလို စိတ်ပညာ သဘောတရားတွေကို လူတိုင်း သုတေသနလုပ်လို့ရပါတယ်။

ပျော်နေတဲ့သူဟာကိုယ့်ပတ်ဝန်းကျင်ကိုလည်းအကျိုးပြုတယ်

ကိုယ့်မိသားစုဝင်တွေပဲ အကျိုးပြုတာမဟုတ်ပါဘူး။စိတ်ချမ်းသာနေတဲ့သူ ပျော်နေတဲ့ သူဟာ ကိုယ့်ပတ်ဝန်းကျင်ကိုလည်းအကျိုးပြုတယ်တဲ့။ အဲဒီတော့ ကိုယ့်ပတ်ဝန်းကျင် မှာ လူတွေတစ်ယောက်ကို တစ်ယောက် အကျိုးပြုအောင် ဘာလုပ်မလဲ။ စိတ်ဆင်းရဲ အောင်လုပ်ရင် အကျိုးပြုမှာမဟုတ်ဘူး။ ကြောက်အောင်လုပ်ရင် မလုပ်ချင်လုပ်ချင်နဲ့ လုပ်ပေးလိမ့်မယ်။ မလုပ်ပဲနဲ့လုပ်တာဟာ အကျိုးပြုတာ မဟုတ်ဘူး။ အကျိုးပြုချင်တဲ့ စေတနာမှမပါတာနော်။ ချစ်အောင်ပြော၊ပျော်အောင်ပြောရင် စိတ်ပါလက်ပါလုပ်လိမ့်မယ်။

ဒီအချက်ကို ခေါင်းဆောင်လုပ်နေတဲ့သူတွေစဉ်းစားသင့်တယ်။မလုပ်ရင်ဒါဏ်ငွေပေးရ မယ်ဆိုတဲ့အပြောမျိုးက လုပ်ချင်တဲ့စေတနာကိုဖျက်ဆီးလိုက်တာပဲ။ချစ်အောင်ပြောပါ။ ပျော်အောင်လုပ်ပေးပါ။ အားလုံးအတွက် အဆင်ပြေအောင် အားလုံးစိတ်ချမ်းသာ အောင် ပျော်အောင် တတ်နိုင်သလောက်လုပ်ပေးရင် အားလုံးက ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ပြီးအကျိုးပြုကြမယ်ဆိုရင် ပျော်လည်းပျော်ပြီး တိုးတက်ကြီးပွားတဲ့အသိုင်းအဝိုင်း ဖြစ်လာမယ်။

စာသင်ရတာပျော်အောင်ဖန်တီးပေး

ကျောင်းသူကျောင်းသားတွေအတွက်စဉ်းစားရအောင်။ စာသင်ရတာပျော်အောင် ဖန်တီးပေးရင် ကျောင်းသူ ကျောင်းသားတွေ စာပိုပြီးတော်မယ်။ဆရာ ဆရာမတွေကိုလည်း ပိုပြီးချစ်ခင်လေစားမှုရှိမယ်။ကျောင်းသူ ကျောင်းးသားချင်းလည်း ချစ်ခင်ရင်းနှီးမှု ပိုရှိ မယ်။ ဥာဏ်ပိုကောင်းမယ်။

စာသင်တဲ့ဆရာ ဆရာမက ပျော်ပျော်ရွှင်ရွှင်နဲ့သင်ရင် ကျောင်းသူကျောင်းသားတွေ လည်းပိုပျော်မယ်။ဆရာ ဆရာမက စာကို စိတ်ဝင်စားရင် ကျောင်းသူကျောင်းသား တွေလည်းပိုပြီးစိတ်ဝင်းစားမယ်။

အခုခေတ် ကျောင်းသူကျောင်းသားတွေကို စာသင်ရတာသိပ်ခက်တယ်။စာကို စိတ်မဝင်စားကြဘူး။ပညာတတ်ချင်စိတ်မရှိကြဘူးလို့ ပြောကြတာကြားရတယ်။လူတွေ ဟာ ကိုယ့်အကြောင်းကို ကိုယ် သိပ်စိတ်ဝင်စားပါတယ်။ကိုယ့်အကြောင်းကို ကိုယ် စိတ်မဝင်စားတဲ့သူ မရှိပါဘူး။ သူတို့ဘဝမှာ ဖြစ်နေတာနဲ့ ဆက်စပ်မှုရှိတာကိုသင်ရင် စိတ်ဝင်စားမှာပါ။ သူတို့မသိချင်တာကိုပြောရင် စိတ်ဝင်စားမှာမဟုတ်ဘူး။သူတို့ဘာသိ ချင်သလဲဆိုတာကိုလေ့လာပြီး သူတို့သိချင်တာကိုသိအောင် နည်းနည်းလောက်ပဲ အထောက်အကူပေးသင့်တယ်။

သူတို့မှာ လုပ်စရာမကျန်အောင် အားလုံးပေးလိုက်ရင် စိတ်မဝင်စားတော့ဘူး။ မေးခွန်း နဲ့အဖြေ အပြီးပေးလိုက်တာဟာ စာကို စိတ်ဝင်စားမှုနည်းသွားစေတယ်။စဉ်းစားဥာဏ် ကိုမသုံးရတော့တဲ့ စာသင်နည်းဟာ ပညာရေးမဟုတ်ဘူး။ မှတ်ဥာဏ်လောက်ကိုပဲ သုံးရရင် ကြာရင် စိတ်မဝင်စားတော့ဘူး။ ကိုယ့်မေးခွန်းကိုယ်မေးပြီး ကိုယ့်အဖြေကိုယ် ရှာရရင် စိတ်ဝင်စားစရာကောင်းတယ်။

ဘဝနဲ့ဆက်စပ်မှုရှိတဲ့ဘာသာရပ်ကိုဦးစားပေးသင့်တယ်။ အရွယ်နဲ့လိုက်တဲ့ အကြောင်း အရာကိုသင်ဖို့လိုတယ်။တကယ်တွေ့ရမယ့်အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်း ရှာတဲ့ ပညာရေးဖြစ်အောင် လုပ်မှဖြစ်မယ်။ စာမေးပွဲဖြေပြီး မကြာခင်မေ့သွားမယ့် အကြောင်းအရာမျိုးဟာ ဘဝကိုထိထိရောက်ရောက်အကျိုးမပြုနိုင်လို့ တကယ်လေး လေးစားစား စဉ်းစဉ်းစားစား လေ့လာမှာမဟုတ်ဘူး။

ကျောင်းသူကျောင်းသားတွေကို အပြစ်တင်နေရုံနဲ့သူတို့ပညာတတ်ဖြစ်မလာနိုင်ပါဘူး။ အပြစ်တင်တာဟာ ပြဿနာကိုဖြေရှင်းတာမဟုတ်ဘူး။

မှတ်ဥာဏ်ကိုပဲ ဦးစားပေးရင် စိတ်ဝင်စားစရာမဖြစ်ဘူး။ ငယ်ငယ်ကတည်းက စာကို အလွတ်ကျက်တာကိုပဲ အများဆုံးလုပ်လာရင် ကြာရင် ပညာရေးကိုငြီးငွေ့သွားမယ်။ တီထွင်ပြီး စဉ်းစားရတာဟာ မငြီးငွေ့နိုင်ဘူး။ ပညာရေးမှာ Creative thinking တီထွင် စဉ်းစားရတာမပါရင် ကိုယ့်အရည်အချင်းတကယ်တိုးတက်လာတယ်လို့ ခံစားရမှာ မဟုတ်ဘူး။

Education is creative thinking

တီထွင်စဉ်းစားတာဟာ ပညာရေးဖြစ်ပါတယ်။

ဥာဏ်ပိုကောင်းချင်ရင် တရားနည်းနည်းထိုင်ပါ။တရားထိုင်လို့စိတ်ချမ်းသာလာရင် ဥာဏ်ပိုကောင်းလာတယ်။ စိတ်တည်ငြိမ်ရင် အရာရာတိုင်းဟာ ပိုပြီးစိတ်ဝင်စားစရာ ဖြစ်လာတယ်။ စိတ်မတည်ငြိမ်ရင် ဘာမှ စိတ်ထဲကိုသေသေချာချာ မရောက်ဘူး။ စိတ်ထဲကို မရောက်ရင် စိတ်ဝင်စားစရာမဖြစ်ဘူး ။ စိတ်မဝင်စားရင် သဘောမပေါက် ဘူး။သဘောမပေါက်ရင် မကြာခင်မေ့သွားတယ်။ ဒါ့ကြောင့် မမေ့ချင်ရင် စိတ်ဝင်စား စရာဖြစ်အောင်လုပ်ပါ။ သဘောပေါက်အောင်စဉ်းစားပါ။

စိတ်ညစ်နေတုန်းမှာစာကျက်ရင် အဲဒီစာကိုမေ့သွားဖို့လွယ်တယ်။စိတ်တည်ငြိမ်နေတုန်း မှာကျက်ရင် တော်တော်နဲ့မမေ့ဘူး။အဲဒါ ဘုန်းကြီးရဲ့ ကိုယ်တွေ့ပါပဲ။စာကျက်ခါနီးမှာ ဆယ်မိနစ်လောက် တရားထိုင်ပြီးမှ စာကျက်ပါ။ စိတ်တည်ငြိမ်ရင် အတွေးအခေါ်ပို ကောင်းလာတယ်။ စဉ်းစားတာ သဘာဝကျတယ်။ အကြောင်းအကျိုးကွင်းဆက် မိတယ်။

ရောင်းတဲ့သူရော ဝယ်တဲ့သူပါ ပျော်အောင်လုပ်

ဈေးရောင်းတာမှာရော၊ ဈေးရောင်းတဲ့သူကိုယ်တိုင်က ပျော်ပျော်ရွှင်ရွှင်ဈေးရောင်းရင် ဝယ်တဲ့သူက ပိုဝယ်ချင်မယ်။ ဈေးရောင်းတဲ့သူက မပျော်မရွှင်ဖြစ်နေရင် ဝယ်တဲ့သူက မဝယ်ချင်တော့ဘူး။

ကိုယ်ရောင်းတဲ့ ပစ္စည်းကို စိတ်ဝင်စားပြီး ပစ္စည်းအကြောင်းကို စိတ်ဝင်စားစရာဖြစ် အောင်ပြောနိုင်ရင် ဝယ်တဲ့သူက ဝယ်ချင်လာမယ်။ပစ္စည်းရဲ့အရည်အသွေး၊ဈေးနှုန်း စတဲ့အချက်အလက်တွေကို ရိုးရိုးသားသားပြောရင် ဝယ်တဲ့သူက စိတ်ချပြီးဝယ်မယ်။ စိတ်ချလက်ချဝယ်ရတာ စိတ်ချမ်းသာတယ်။ စိတ်မချရရင် စိတ်မှာမအေးဘူး။ ဒါကြောင့် ဝယ်တဲ့သူကို စိတ်အေးအောင် စိတ်ချအောင် ပြောရင် မကြာခဏဝယ်မယ်။

လူတွေဟာ အလိမ်ခံရမှာကြောက်တယ်။အမြဲတမ်းလည်း အလိမ်ခံနေရတော့ ဘယ်သူ့ ကိုမှ မယုံတော့ဘူး။ ကိုယ်ကမလိမ်မညာပဲ ရိုးရိုးသားသားပြောရင် စိတ်အေးချမ်းမှုရလို့ ကိုယ့်ဆိုင်မှာ ဝယ်မှာပဲ။ ပစ္စည်းရောင်းလိုက်ရုံမကဘူး။စိတ်အေးချမ်းမှုကိုပါပေးလိုက် တာပေါ့။

ဒီပစ္စည်းဟာ ဝယ်တဲ့သူအတွက် တကယ်အသုံးတည့်ရဲ့လားဆိုတာကိုလည်း လေ့လာဖို့ မေးဖို့လိုတယ်။ ဝယ်တဲ့သူက မဝယ်တတ်ရင် အဲဒါကို အခွင့်ကောင်းယူပြီး ညာရောင်းရင် တစ်နေ့သိသွားတဲ့အခါ ကိုယ့်ကို ယုံကြည်မှုရှိမှာမဟုတ်တော့ဘူး။ အထူးသဖြင့် ကျန်းမာရေးအတွက်သုံးရတဲ့ဆေးကို ရောင်းတဲ့အခါ ပိုပြီးအရေးကြီးတယ် မသင့်တော်တဲ့ဆေးကို ရောင်းလိုက်ရင် ကျန်းမာရေးထိခိုက်သွားနိုင်တယ်။သေသေချာ ချာမေးပြီးမှ ရောင်းရမယ်။ စားစရာရောင်းတာမှာလည်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားစရာကိုပဲရောင်းသင့်တယ်။

ဝယ်တဲ့သူကိုလည်း စိတ်ဝင်စားမှုရှိဖို့လိုတယ်။ ဈေးဝယ်လာတဲ့သူကို ပျော်အောင် စိတ်ချမ်းသာအောင်ပြောရင် ဈေးဝယ်တဲ့သူက ပိုပြီးဝယ်မယ်။ဈေးဆိုင်ကို သန့်ရှင်း အောင် လှပအောင် လုပ်သင့်တယ်။သန့်ရှင်းလှပ တဲ့နေရာဟာ စိတ်ကို ကြည်လင် ချမ်းသာစေတယ်။ တချို့ဈေးဆိုင်တွေမှာ ဥယျာဉ်လေးလို သစ်ပင်ပန်းပင်တွေ စိုက်ထားတယ်။ ပန်းအိုးနဲ့ အလှစိုက်ထားတဲ့အပင်တွေနဲ့ အလှဆင်ထားတယ်။ သာယာနာပျော်ဖွယ်ရှိတဲ့ တီးလုံးတွေကို ဖွင့်ပေးတယ်။ အဲဒီလို စိတ်ချမ်းသာအောင် လုပ်ထားရင် လာရတာပျော်လို့ မကြာမကြာလာတယ်။ လာတိုင်းလည်း တစ်ခုခုဝယ် တယ်။

ရောင်းတဲ့သူရော ဝယ်တဲ့သူပါ ပျော်အောင်လုပ်ရင် အရောင်းအဝယ်ပိုဖြစ်မယ်။ တချို့က ဝယ်တဲ့သူကို စိတ်ညစ်အောင်ပြောတယ်။ အထင်သေးတဲ့အပြောမျိုး ပြောတယ်။မေးရင် မပြောချင်ပြောချင်နဲ့ စိတ်မပါသလိုဖြေတယ်။ ဝယ်တဲ့သူကို စိတ်မဝင်စားဘူး။အဲဒီတော့ ဝယ်မယ့်သူဟာ မဝယ်ချင်တော့ဘူး။ ဝယ်တဲ့သူကို စိတ်ဝင် စားဖို့ သိပ်အရေးကြီးတယ်။ လူတိုင်းဟာ ကိုယ့်ကိုစိတ်ဝင်စားတဲ့သူကို ရှာနေတယ်။ ရောင်းတဲ့သူက ကိုယ့်ကိုစိတ်ဝင်စားရင် သူ့ဆီမှာပဲ ဝယ်မှာပေါ့။ ရောင်းတဲ့သူရော ဝယ်တဲ့သူပါ ပျော်တဲ့ဈေးးရောင်းနည်းကို လေ့လာပါ။

2.More likely to be more cooperative, prosocial and charitable.

more cooperative- စိတ်ချမ်းသာနေရင် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုရှိမယ်။ ကိုယ်နဲ့သူနဲ့ အတူတူတစ်ခုခုကို လုပ်ချင်တယ်။ ကိုယ်လုပ်နေတဲ့ကိစ္စမှာ သူ့ကိုလည်းပါစေချင်တယ်ဆိုရင် စိတ်ချမ်းသာအောင်ပြောပါ။ စိတ်ချမ်းသာရင်ပူပေါင်းဆောင်ရွက်မယ်။ သူ့အရည်အချင်း သူ့စိတ်ထားကို ယုံကြည်ရင် သူ့ကိုလေးစားရင် သူနဲ့ကိုယ်နဲ့ အတူတူ လုပ်နိုင်မယ်။ လုပ်ရတာ စိတ်ဆင်းရဲလာရင် ဆက်မလုပ်ချင်တော့ဘူး။

more prosocial- စိတ်ချမ်းသာနေတဲ့သူဟာ ခင်မင်ရင်းနှီးမှုပိုရှိမယ်။ စိတ်ချမ်းသာနေတဲ့သူက ဆက်ဆံရေးပိုကောင်းတယ်။ စိတ်ချမ်းသာနေတဲ့အခါ လူအများနဲ့ပြောရတာ ဆိုရတာပိုပြီးတော့ စိတ်ဝင်စားတယ်။ တွေ့ချင်တယ်။ ကျွေးချင်တယ်။ လူများများနဲ့ပျော်တယ်။

စိတ်ဆင်းရဲနေတဲ့အခါ သူများကိုစိတ်မ၀င်စားဘူး။ မတွေ့ချင်ဘူး။ မပြောချင်ဘူး။ ပြောရင်လည်း ကိုယ်အဆင်မပြေကြောင်းပဲပြောမယ်။ ဒါကြောင့် ကြာကြာ စိတ်မချမ်းမသာဖြစ်နေရင် ဆက်ဆံရေးတွေပျက်သွားမယ်။ စိတ်မချမ်းမသာဖြစ်လာရင် ရတဲ့နည်းနဲ့ စိတ်ချမ်းသာအောင်လုပ်ပါ။ စိတ်မချမ်းသာတာဟာ တွက်ခြေမကိုက်ဆုံးပဲ။

more charitable- စိတ်ချမ်းသာနေတဲ့သူဟာ ပေးချင်စိတ်၊လှူချင်စိတ် ပိုများမယ်။ ကူညီချင်စိတ်ပိုများမယ်။

စိတ်ဆင်းရဲနေတဲ့သူရဲ့စိတ်ဟာ အတွင်းကိုလှည့်တယ်။ ကိုယ့်စိတ်ဆင်းရဲနေတာကိုပဲ တွေးနေတတ်တယ်။ သူများကို အကူအညီပေးဖို့စိတ်မ၀င်စားဘူး။ မိဘတောင် စိတ်ဆင်းရဲနေရင် သားသမီးကို ဂရုမစိုက်နိုင်ဘူး။ စိတ်မ၀င်စားဘူး။

ဒါကြောင့် လူတွေ တစ်ယောက်နဲ့တစ်ယောက်ပိုပြီး ပူးပေါင်းဆောင်ရွက်မှု ရှိစေချင်ရင် စိတ်ချမ်းသာအောင် အဆင်ပြေအောင် လုပ်ပေးရမယ်။ ကိုယ်ကပျော်နေရင် သူများကိုလည်း ပျော်အောင် စိတ်ချမ်းသာအောင် ပြောချင်တယ်။ ကူညီချင်တယ်။ ပေးချင်တယ်။ ဒါဟာ လူတိုင်းလူတိုင်း ကိုယ်တွေ့ပါ။ မထူးဆန်းပါဘူး။

3. More likely to enjoy superior work outcomes

ပျော်နေတဲ့သူဟာ အလုပ်ကိုပိုကောင်းအောင်လုပ်နိုင်တယ်။ အလုပ်ရဲ့အရည်အသွေးပိုကောင်းလာတယ်။ အလုပ်ရှင်တွေ ဒီအချက်ကို သတိထားသင့်တယ်။ ကိုယ့်အလုပ်သမားတွေစိတ်ချမ်းသာရင် အလုပ်ပိုကောင်းတယ်၊ ပိုပြီးတယ်။

  • Greater Creativity

စိတ်ချမ်းသာနေရင် ပိုပြီးတော့ တီထွင်ကြံဆနိုင်တယ်။ လုပ်နေကျထက်ပိုပြီး ကောင်းတဲ့နည်းနဲ့ လုပ်နိုင်တယ်။ မပျော်တဲ့သူဟာ အလုပ်ကို စိတ်ဝင်စားမှုနည်းတယ်။ ဒါကြောင့်ပိုကောင်းအောင်မလုပ်နိုင်ဘူး။ မပျော်တဲ့သူဟာ ဉာဏ်ထိုင်းနေတယ်။ Creativity ဟာ သိပ်အရေးကြီးပါတယ်။ ဘာလုပ်လုပ် လုပ်နေကျထက် ပိုကောင်းအောင်လုပ်ရင် စိတ်ပိုဝင်စားတယ်။ လုပ်နေကျကိုပဲ အမြဲလုပ်ရင်ကြာရင် (interest မရှိတော့ဘူး) စိတ်မ၀င်စားတော့ဘူး။

စိတ်ဝင်စားမှုဟာ စိတ်ရဲ့အားကို ထွက်ပေါ်စေတယ်။ စိတ်မ၀င်စားရင် လုပ်ရတာ ပိုပင်ပန်းတယ်။ စိတ်ဝင်စားနေတဲ့သူဟာသိပ်မပင်ပန်းဘူး။ ပျော်နေတာနဲ့ စိတ်ဝင်စားတာဟာဆက်စပ်မှုရှိတယ်။ ပျော်ရင် စိတ်ဝင်စားရင် တီထွင်ကြံဆပြီး လုပ်တယ်။ တီထွင်ကြံဆပြီးလုပ်ရင် ပိုပြီးစိတ်ဝင်စားစရာကောင်းတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းရင် ပိုပျော်တယ်။

  • Increased Productivity

ပျော်နေရင် အလုပ်ပိုပြီးတယ်။ အလုပ်ပိုလုပ်နိုင်တယ်။ မပင်ပန်းဘူး။ မပျော်ရင် မလုပ်ခင်ကတည်းက ပင်ပန်းနေတယ်။ လုပ်မယ်လို့ စဉ်းစာလိုက်တာနဲ့ ပိုပင်ပန်းသွားတယ်။ မလုပ်ခင်ကတည်းက လုပ်ရတာပျော်အောင် လုပ်နိုင်ဖို့ ကြိုတင်ပြီး စဉ်းစားထားပါ။ အလုပ်လုပ်ရတဲ့နေရာကို ပျော်စရာကောင်းအောင် တတ်နိုင်သမျှ ဖန်တီးပါ။ သန့်ရှင်း သပ်ရပ် လှပအောင် လုပ်နိုင်သလောက်လုပ်ါပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတာကို အဆင်ပြေအောင် ကြိုးစားပါ။ ပျော်တတ်တဲ့သူနဲ့ တွဲပြိးလုပ်ရင်ပိုကောင်းတယ်။ အလုပ်ကို စိတ်မ၀င်စားကြောင်း ၊ အလုပ်လုပ်ရတာမပျော်ကြောင်း ပြောတတ်တဲ့သူနဲ့ တွဲလုပ်ရင် အလုပ်လည်းမပြီးဘူး၊ လုပ်ရတာလည်း ပိုပင်ပန်းမယ်။ အမှားအယွင်း များမယ်။ ထိခိုက်ဒဏ်ရာရတာများမယ်။

အလုပ်ကို စိတ်ဝင်စားတဲ့သူနဲ့လုပ်ရင်အလုပ်ပိုပြီးတယ်။ ဒါကြောင့်အလုပ်လုပ်ရတာ မပျော်တဲ့သူနဲ့တွဲမလုပ်ပါနဲ့။

ကိုယ့်စိတ်ကိုချမ်းသာအောင်ထားနိုင်ရင် အလုပ်ပိုလုပ်နိုင်မယ်။ စိတ်ညစ်စရာတွေရှိရင်တောင် တတ်နိုင်တာကို လုပ်ပြီးတော့ မတတ်နိုင်တာကို မေ့ထားသင့်တယ်။ ဒါကြောင့် နေ့တိုင်းစိတ်ချမ်းသာဖို့ အစီအစဉ်လုပ်ထားပါ။ ကြိုတင်စီစဉ်ထားပါ။

စိတ်ချမ်းသာဖို့ အစီအစဉ်လုပ်မထားရင် စိတ်ဆင်းရဲစရာကပဲ နေရာဦးသွားလိမ့်မယ်။ အချိန်ရရင် စိတ်ချမ်းသာအောင်နေမယ်လို့တစ်ချို့ စဉ်းစားတယ်။ အလုပ်များတဲ့သူအဖို့ အချိန်ရရင်ဆိုတာဖြစ်ခဲပါတယ်။ အချိန်ရရမရရ စိတ်ချမ်းသာဖို့ အစီအစဉ် တစ်ခုကိုလုပ်မှဖြစ်မယ်။

တစ်နေ့တာအတွင်းမှာ ခဏ၊ခဏ ငါးမိနစ်လောက်ဖြစ်ဖြစ် စိတ်ကိုကြည်လင်အောင်လုပ်နိုင်ရင်ပိုကောင်းပါတယ်။

အလုပ်ပိုပြီးရင် ပိုကောင်းရင် ကိုယ့်အတွက်ရော အများအတွက်ပါ သိပ်အကျိုးများပါတယ်။ ဒါကြောင့်အားလုံးတိုးတက်ဖို့ ဒီအချက်ကို လေးလေးစားစား စီစဉ်သင့်တယ်။ စိတ်ချမ်းသာနေရင် အလုပ်ပိုလုပ်နိုင်တယ် ဆိုတော့အလုပ်ရှင်တွေစဉ်းစားသင့်တယ်။ ကိုယ့်အလုပ် ပိုပြီးချင်ရင် အလုပ်သမားတွေကို စိတ်ချမ်းသာအောင် တတ်နိုင်တဲ့နည်းနဲ့ စီစဉ်ပေးသင့်တယ်။

စိတ်ချမ်းသာရင် အလုပ်ပိုလုပ်နိုင်တယ်ဆိုတော့ ကျောင်းသူကျောင်းသားတွေလည်း ဒီအချက်ကို စဉ်းစားပါ။ မိဘတွေ၊ ကျောင်းဆရာ ဆရာမတွေ စဉ်းစားပါ။ ကျောင်းသူ၊ကျောင်းသားတွေ စာသင်ရတာ စာဖတ်ရတာ တွက်ရချက်ရတာ ပျော်ရင် စာရလွယ်မယ်။ ပိုမှတ်မိမယ်။ ကျောင်းမှာပျော်မှ စာတော်မယ်။ ပျော်စရာကောင်းတဲ့ကျောင်းဖြစ်အောင် စဉ်းစားပါ။ သန့်ရှင်းလှပတဲ့ကျောင်းဟာ ပိုပြီးတော့ ပျော်စရာကောင်းတယ်။ အနောက်နိုင်ငံတွေမှာ ကျောင်းတွေ အထူးသဖြင့် တက္ကသိုလ်ကျောင်းတွေဟာ လှပတဲ့ တောင်ကုန်းတွေ ရေကန်တွေနားမှာ တည်ထားကြတယ်။ အကောင်းဆုံးနေရာမှာကျောင်းတည်ရမယ်။

ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေဆက်ဆံရေး အဆင်ပြေမှ စိတ်ချမ်းသာမယ်။ ဒါကြောင့် ဆက်ဆံရေးကို ပညာရေးထဲမှာထည့်ရမယ်။

  • Higher Quality of Work

ပျော်နေရင် အလုပ်ရဲ့အရည်အသွေးဟာလည်းပိုကောင်းလာမယ်။ ဘာဖြစ်လို့လဲ။ ပျော်နေရင် ဉာဏ်ပိုထွက်တယ်။ ပျော်နေရင် အလုပ်လုပ်ရတာ စိတ်ဝင်စားတယ်။ စိတ်ရှည်တယ်။ ပျော်နေရင်မပင်ပန်းဘူး။ ဘာပဲလုပ်လုပ်ပျော်နေရင် ပိုကောင်းအောင် လုပ်နိုင်မယ်။

ဘယ်လိုအကြောင်းကြောင့်ပဲပျော်ပျော် ပျော်နေတဲ့သူဟာ အလုပ်အရည်အသွေးပိုပြီးကောင်းအောင်လုပ်တယ်။ အလုပ်ကိုပျော်စရာအဖြစ်ဖန်တီးနိုင်ရင် ပိုကောင်းတယ်။ အလုပ်လုပ်တဲ့နေရာမှာသန့်ရှင်းနေမယ်။ မကောင်းတဲ့အနံ့အသက်မရှိဘူး။ လှပနေမယ်ဆိုရင် အလုပ်လုပ်ရတာ ပိုပျော်မယ်။ အလုပ်မှာပြောရ ဆိုရ ဆက်ဆံရတာ အဆင်ပြေရင်ပျော်မယ်။ အလုပ်ရဲ့အရည်အသွေးလည်း ပိုကောင်းမယ်။ အလုပ်လည်းပိုပြီးမယ်။

ကျောင်းမှာလည်း သန့်ရှင်းလှပမယ်။ ဆက်ဆံရေးကောင်းမယ်ဆိုရင် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေ ပိုပျော်မယ်၊ ပိုပျော်ရင် စာပိုတော်မယ်။

  • Higher Income

ဝင်ငွေပိုကောင်းတယ်။

ပျော်တဲ့သူဟာ သူ့စိတ်ကိုက အားရှိနေတယ်။ အလုပ်ကို စိတ်ဝင်စားတယ်။ အလုပ် ပိုလုပ်နိုင်တယ်။ အလုပ်ပိုပြီးတယ်။ တီထွင်ပြီးလုပ်တယ်။ လူတွေနဲ့လည်း အဆင်ပြေအောင် ပြောတတ်တယ်။ ခင်တတ်တယ်။ ပျော်နေတဲ့သူကို လူတွေက ပိုပြီးခင်တယ်။ ပိုပြီးယုံကြည်တယ်။ ဒါကြောင့် အလုပ်အကိုင် ပိုအဆင်ပြေပြီး ၀င်ငွေပိုကောင်းတယ်။

ဘယ်အလုပ်ပဲလုပ်လုပ် ပျော်တဲ့သူဟာ ပိုတိုးတက်တယ်။ ပိုအောင်မြင်တယ်။ ဒါကြောင့် အကျိုးအမြတ်ကို ပိုခံစားရတယ်။ အမှုထမ်းဆိုရင်လည်း အလုပ်မှာ ပျော်နေတဲ့သူကိုလစာတိုးပေးတယ်။ ရာထူးတိုးပေးတယ်။

4. More likely to have stronger immune system

ပျော်နေတဲ့သူဟာ ကိုယ်ခံအားပိုကောင်းတယ်။ ကျန်းမာရေးပိုကောင်းတယ်။ ဒါကြောင့် ရောဂါဖြစ်တာ နည်းတယ်။ ဖြစ်လာရင် ပျောက်တာမြန်တယ်။ ဆေးကုသစရိတ်နည်းတယ်။ မကျန်းမာလို့ခွင့်ယူရတာနည်းတယ်။

အလုပ်သမားတွေခွင့်ယူတာနည်းရင် အလုပ်ရှင်မှာတွက်ခြေပိုကိုက်တယ်။ ဒါကြောင့် အလုပ်သမားတွေကိုပျော်အောင်လုပ်ပေးပါ။ ကိုယ်ပိုင်အလုပ်ဆိုရင်လည်း ကိုယ့်ကျန်းမာရေးပိုကောင်းနေရင် အလုပ်မပျက်ဘူး။ ကျန်းမာရးမကောင်းရင် ကျန်းမာရေးမကောင်းလို့ကိုပဲ ကိုယ်ရော စိတ်ပါ ပင်ပန်းနေတယ်။ ဒီကြားထဲ အလုပ်မလုပ်နိုင်လို့ အလုပ်မပြီးလို့ စိတ်ပင်ပန်းပြန်တယ်။ စိတ်ပင်ပန်းရင် ကျန်းမာရေးမကောင်းဘူး။ တစ်ပတ်လည်သွားတယ်။ ကျန်းမာနေရင် ပျော်တယ်။ ပျော်ရင် ကျန်းမာတယ်။ ကျန်းမာနေရင် ပျော်နေရင် အလုပ်ပိုလုပ်နိုင်တယ်။ ဒါကြောင့် စိတ်ချမ်းသာတယ်။ ပျော်တယ်။

အခုခေတ် ဆေးကုသရတဲ့ စရိတ်ကြီးပုံနဲ့ဆိုရင် တွက်ခြေကိုက်တယ်။

ပျော်တဲ့ကျောင်းသူ ကျောင်းသားတွေဟာ ကျန်းမာရေးပိုကောင်းလို့ ကျောင်းပျက်တာနည်းမယ်။ ကျောင်းမှာပျော်ရင် နေမကောင်းတဲ့ ကျောင်းသားဟာ ကျောင်းရောက်ရင် သက်သာမယ်။ ကျောင်းမှမပျော်ရင် ကျောင်းတက်တာနဲ့ နေမကောင်းဖြစ်မယ်။

ကျန်းမာချင်ရင် ပျော်ပျော်နေပါ။ ပျော်ပျော်နေပါ ဆိုတာ အပျော်အပါးလိုက်စားပါလို့ပြောတာမဟုတ်ဘူးနော်။ စိတ်ချမ်းသာအောင် စိတ်ထားတတ်ဖို့ အဓိကပါ။ ပျော်စရာကောင်းတဲ့ အားကစားတစ်ခုခု လုပ်ပါ။ ရယ်စရာပြောပါ။ သစ်ပင်ပန်းပင် စိုက်ပါ။ တရားအားထုတ်ပါ။

နေမကောင်းတဲ့သူဟာ စိတ်ချမ်းသာအောင်နေတတ်ဖို့ ပိုပြီးအရေးကြီးတယ်။ စိတ်ချမ်းသာနေရင် မြန်မြန် နေကောင်းလာမယ်။ စိတ်ဆင်းရဲနေရင် တော်တော်နဲ့ နလံမထူနိုင်ဘူး။ ဆရာဝန်တွေလည်း ဒီအချက်ကို စဉ်းစားသင့်တယ်။ လူနာကို စိတ်ချမ်းသာအောင် အားတက်အောင် ပြောရရင် လူနာ မြန်မြန်နေကောင်းလာမယ်။ လူနာရဲ့ အားငယ်စိတ် ကြောက်စိတ် စိုးရိမ်စိတ်ကို သက်သာအောင် လုပ်ပေးပါ။ လူနာရဲ့ ယုံကြည်မှုကို ရအောင်လုပ်ပါ။

5. More likely to live longer

ပျော်နေတဲ့သူဟာ အသက်ပိုရှည်တယ်။ "ပျော်ပျော်နေ သေခဲ" လို့ဆိုတာ ကြားဖူးတယ်။ အသက်ရှည်ဆေးကို ခေတ်အဆက်ဆက် ရှာနေကြတယ်။ ဆေးမြစ်တွေနဲ့ အသက်ရှည်ဆေးဖော်ကြတယ်။ မြင်းခွာရွက်နဲ့ဖော်တယ်။ ပျားရည်နဲ့ဖော်တယ်။ အားလုံးကောင်းပါတယ်။ ဒါပေမယ့် အကောင်းဆုံးက ပျော်ပျော်နေတာပဲ။ ပျော်ပျော်နေတာက နေရတုန်းမှာလည်း ပျော်တယ်။ အသက်လည်းရှည်တယ်။ ဒါကြောင့် ပိုပြီး တွက်ခြေကိုက်တယ်။ အသက်ရှည်ပြီး မပျော်ရင် ဘာလုပ်မလဲ။

ပျော်တဲ့သူ စိတ်ချမ်းသာတဲ့သူဟာ နုပျိုတယ်။ နုပျိုဆေးကို လူတိုင်းလိုချင်တယ်။ နုပျိုအောင် သောက်ဆေးလိမ်းဆေးတွေ သုံးကြတယ်။ တကယ် အကောင်းဆုံးဆေးက စိတ်ချမ်းသာအောင်နေတာပဲ။ စိတ်ချမ်းသာနေတာဟာ ကျက်သရေရှိတယ်။ ချစ်စရာခင်စရာ ကောင်းတယ်။ စိတ်ချမ်းသာနေတဲ့သူဟာ လှနေတယ်။ ဒါကြောင့် နုပျိုလှပပြီး ကျန်းကျန်းမာမာ အသက်ရှည်ချင်ရင် စိတ်ချမ်းသာအောင် အမြဲ တရားအားထုတ်ပါ။ သတိနဲ့နေပါ။ စိတ်ထားကောင်းကောင်းနဲ့နေပါ။ လူတွေကို ချစ်ချစ်ခင်ခင် လေးလေးစားစားဆက်ဆံပါ။

တကယ်တော့ ဘယ်ဟာ မှ သိပ်အရေးမကြီးဘူးဆိုတာကို နားလည်ပါ။

Ultimately nothing matters.

ဘာအတွက်မှ စိတ်ဆင်းရဲမခံပါနဲ့။

6. More likely to enjoy larger social rewards

  • More likely to marry

ပျော်နေတဲ့သူဟာ အိမ်ထောင်ပြုဖို့ အလားအလာများတယ်။ စိတ်ဆင်းရဲနေတတ်တဲ့သူကို အိမ်ထောင်ဖက်အဖြစ် မရွေးချင်ကြဘူး။ ပျော်ပျော်ရွှင်ရွှင် အတူနေချင်လို့ အိမ်ထောင်ပြုကြတာပါ။ စိတ်ဆင်းရဲနေရမယ်ဆိုရင် ဘာဖြစ်လို့ အိမ်ထောင်ပြုရမလဲ။ ဒါကြောင့် စိတ်ချမ်းချမ်းသာသာ နေတတ်တဲ့သူ ပျော်ပျော်နေတတ်တဲ့သူကို အိမ်ထောင်ဖက် အဖြစ်ရွေးကြဖို့ အလားအလာများတယ်။

  • Less likely to become divorced

ပျော်နေတဲ့သူဟာ အိမ်ထောင်ကွဲဖို့ အလားအလာ နည်းတယ်။ ပျော်ပျော်နေတတ်တဲ့သူနဲ့ လမ်းခွဲချင်တဲ့သူနည်းပါတယ်။ မပျော်တဲ့သူချင်း အတူနေရင် လမ်းခွဲဖို့ အလားအလာများတယ်။ ပျော်တဲ့သူချင်း အတူနေရင် လမ်းခွဲဖို့ အလားအလာနည်းတယ်။

ကိုယ်က စိတ်ချမ်းသာအောင် ပျော်အောင် မနေတတ်ရင် "ငါ့စိတ်မချမ်းသာတာ နင့်ကြောင့်" လို့ပြောချင်တယ်။ သူကလည်း ဒီလိုပဲ ပြောမယ် ဆိုရင် လမ်းခွဲရတော့မယ်။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေတယ်။ တစ်ယောက်ကို တစ်ယောက်လည်း စိတ်ဆင်းရဲအောင် မလုပ်ဘူး။ နှစ်ယောက် ပေါင်းပြီး ပျော်စရာတွေကို အတူတူ လုပ်တယ်ဆိုရင် အတူတူနေရတာ ပိုပျော်မယ်။ ပျော်ရင် လမ်းမခွဲဘူး။

အိမ်ထောင်ဖက်တွေမှမဟုတ်ပါဘူး။ ဘယ်သူနဲ့ဖြစ်ဖြစ် မပျော်ရင် အတူမနေချင်ဘူး။ အတူတူ အလုပ်မလုပ်ချင်ဘူး။ အပေါင်းအဖော် မလုပ်ချင်ဘူး။ မပျော်တဲ့သူဟာ အဖော်နည်းမယ်။ အဖော်လိုချင်ရင် ပျော်အောင်နေပါ။

  • More likely to have more friends

ပျော်ပျော်နေတတ်တဲ့သူဟာ မိတ်ဆွေ အပေါင်းအသင်း ခင်မင်သူ များတယ်။

မိတ်ဆွေအဖြစ်ပေါင်းချင်တယ် ဆိုရင်လည်း စိတ်ချမ်းသာအောင် နေတတ်တဲ့သူကို ပေါင်းမှာပဲ။ အမြဲတမ်း စိတ်ဆင်းရဲနေတတ်တဲ့သူကို ဘယ်သူမှ ရေရှည်မပေါင်းချင်ဘူး။ ဒါကြောင့် မိတ်ဆွေများများလိုချင်ရင် စိတ်ချမ်းသာအောင်နေပါ။ ပျော်ပျော်နေပါ။ မိတ်ဆွေများတာဟာ ပျော်စရာကောင်းတယ်။ ပျော်တဲ့သူတွေအကြောင်းကို လေ့လာကြည့်တော့ သူတို့မှာ မိတ်ဆွေကောင်းများတာကိုတွေ့ရတယ်။

မိတ်ဆွေကောင်းရှိတော့ တိုင်ပင်စရာရှိရင် တိုင်ပင်ရတယ်။ အဲဒါ သိပ်အရေးကြီးတယ်။ လူတိုင်းမှာ တိုင်ပင်ဖော် တိုင်ပင်ဖက်ရှိရမယ်။ တစ်ခါတစ်လေ ကိုယ့်အခက်အခဲကို မိတ်ဆွေ တစ်ယောက်နဲ့ တိုင်ပင်လိုက်မှ ဘာလုပ်သင့်တယ် ဆိုတာ ရှင်းရှင်းလင်းလင်း မြင်လာ သိလာတယ်။ တစ်ယောက်ထဲ ထိုင်တွေးလို့ မပေါ်နိုင်တဲ့ အဖြေဟာ မိတ်ဆွေ တစ်ယောက်နဲ့ ဆွေးနွေးလိုက်တဲ့အခါမှာ အကောင်းဆုံးအဖြေကို ရလာတယ်။ တစ်ခါတစ်လေတော့ ကိုယ့်မိတ်ဆွေက ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ ပြောပြနိုင်တယ်။ တစ်ခါတစ်လေတော့ မိတ်ဆွေကောင်းနဲ့ စကားပြာရင်း ဆွေးနွေးရင်း ကိုယ့်စိတ်ကူးတွေ ဉာဏ်တွေက ထွက်လာတယ်။ ဘာလုပ်သင့်တယ်ဆိုတာ ကိုယ့်ဟာကိုယ် သိလာတယ်။

အနောက်နိုင်ငံမှာ ကိုယ့်အခက်အခဲကို ဆွေးနွေးချင်ရင် ငွေပေးပြီး ဆွေးနွေးလို့ရတယ်။ မိတ်ဆွေကောင်း ရှိရင်တော့ ငွေပေးပြီး ဆွေးနွေးရတဲ့သူဆီကို သွားဖို့မလိုတော့ဘူး။

ကိုယ့်စိတ်ထဲမှာ တစ်ခုခု ခံစားနေရရင် ကိုယ့်ကို နားလည်နိုင်မယ့်သူကို ပြောပြချင်တယ်။ ပြောရမယ့်သူရှိလို့ပြောလိုက်ရရင် စိတ်ထဲမှာ ရှင်းသွားတယ်။ ပေါ့သွားတယ်။ အဲဒါဟာ သိပ်အရေးကြီးတယ်။ မိတ်ဆွေကောင်းမရှိရင် ပြောရမယ့်သူမရှိရင် ကြာရင် စိတ်ရောဂါ ဖြစ်လာတယ်။ စကားပြောဖော်မရှိရင် စိတ်ရောဂါဖြစ်နိုင်တယ်။ မိတ်ဆွေများတဲ့သူကတော့ သင့်တော်တဲ့မိတ်ဆွေကို ပြောလိုက်ရင် ရင်ထဲမှာ ရှင်းသွားလို့ သက်သာသွားတယ်။

မိတ်ဆွေကောင်းများလို့ပျော်တာလား။ ပျော်ပျော်နေတတ်လို့မိတ်ဆွေကောင်းများတာလား။ ဘယ်ဟာက စတာလဲ။ ပျော်ပျော်နေတတ်လို့ မိတ်ဆွေကောင်းများတယ်။ မိတ်ဆွေကောင်းများလို့ပျော်တယ်။ တစ်ပတ်ပြန်လည်သွားပြီ။

မိတ်ဆွေကောင်းများလို့ အခက်အခဲရှိတဲ့အခါ အကူအညီရတယ်။ အဆင်ပြေတယ်။ အဆင်ပြေလို့ပျော်တယ်။ စားဝတ်နေရေး အဆင်ပြေလို့ အခက်အခဲနည်းတယ်။ အဲဒါကြောင့် ပျော်တယ်။ ဟော- တပတ်လည်သွားပြန်ပြီ။ အဲဒီတော့ ပျော်ပျော်နေတာကနေ စပါ။

ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့သူနဲ့ စိတ်ညစ်နေတတ်တဲ့သူနဲ့ ဘယ်သူ့ဆီကို မကြာခဏ အလည်သွားချင်သလဲ။ အဖြေက သိနေပါတယ်။ ပျော်ပျော်နေတတ်တဲ့သူဆီကို မကြာခဏ အလလည်သွားချင်တာပေါ့နော်။ မကြာခဏ တွေ့ရရင် သူ့အကြောင်းကိုယ်သိ ကိုယ့်အကြောင်းသူသိ ဖြစ်လာပြီးတော့ ပိုပြီး ရင်းနှီးလာမယ်။ အဲဒီလိုနဲ့ပဲ ရေရှည်ပေါင်းလို့ ဖြစ်မယ့်သူ ဖြစ်ရင် တစ်သက်လုံး ပေါင်းမယ့် မိတ်ဆွေကောင်းဖြစ်လာမယ်။ ဒါကြောင့် ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့သူမှာ မိတ်ဆွေကောင်းများတယ်။ မိတ်ဆွေ များလို့ အခက်အခဲရှိတဲ့အခါ ကူညီမယ့်သူများတယ်။ ကူညီမယ့်သူများလို့ အစစ အရာရာ အဆင်ပြေတယ်။ စိတ်ချမ်းသာမှုကြောင့် ဖြစ်လာတဲ့ ကောင်းကျိုးကွင်းဆက်တွေ အများကြီးပဲ။

ကိုယ့်ဆီကိုလာစေချင်ရင် လာတဲ့အခါ စိတ်ချမ်းသာစရာကို ပြောပါ။ အားတက်အောင်ပြောပါ။ ရိုးရိုးသားသားလေးလေးစားစား ဆက်ဆံပါ။

အခုခေတ်မှာ ရိုးရိုးသားသား လေးလေးစားစားဆက်ဆံတာ နည်းသွားတယ် လို့ပြောကြတယ်။ ရိုးရိုးသားသားလေးလေးစားစား ဆက်ဆံတဲ့သူကို ပိုချင်ကြတယ်။ ရိုးရိုးသားသား လေးလေးစားစား ဆက်ဆံလို့ရမှပဲ ဆက်ဆံရတာကောင်းပါတယ်။ မရိုးသားတဲ့ ဆက်ဆံရေးဟာ စိတ်ချမ်းသာမှု မရနိုင်ဘူး။ ဆက်ဆံရတာ စိတ်ချမ်းသာမှုမှမရရင် ရေရှည် ဘာဖြစ်လို့ ဆက်ဆံရမှာလဲ။ တကယ်လိုချင်တာက စိတ်ချမ်းသာမှုပဲ မဟုတ်လား။

  • More likely to enjoy stronger social support

ပျော်ပျော်နေတတ်တဲ့သူဟာ သူများရဲ့ အကူအညီကို ပိုရတယ်။ သူ့ကို ခင်မင်တဲ့သူ များတော့ ကူညီချင်တဲ့သူလည်းများမှာပဲ။

ကိုယ်က ငြီးငြူနေရင် ကိုယ့်ကို အကူအညီပေးမယ်လို့ ထင်ကြတယ်။ နားငြီးတာ မခံနိုင်လို့ တစ်ခါတစ်လေတော့ ကူညီလိမ့်မယ်။ ဒါပေမယ့် တတ်နိုင်သလောက် ရှောင်နေမှာပဲ။ ဒါကြောင့် အကူအညီလိုရင် အေးအေးဆေးဆေး တောင်းပါ။ တစ်ဖက်လူကို နားငြီးအောင် မလုပ်ပါနဲ့။ စိတ်ချမ်းသာအောင်ပြောပြီး အကူအညီတောင်းပါ။ စိတ်ညစ်အောင်ပြောပြီးမတောင်းပါနဲ့။ ကိုယ်က အကူအညီ ပေးနိုင်တဲ့အခါမှာလည်း ပျော်ပျော်ရွှင်ရွှင် လိုလိုချင်ချင် ပေးပါ။

သူ့ကိုကူညီလိုက်လို့ သူပျော်သွားတယ်။ သူပျော်လို့ ကိုယ်ပျော်တယ်။ သူကတစ်ခါ ကိုယ့်ကို ကူညီပြန်တယ်။ ကိုယ်ပျော်တယ်။ ကိုယ်ပျော်လို့ သူပျော်တယ်။ အော် - ပျော်တဲ့သူချင်း တယ်အဆင်ပြေပါလား။

စိတ်ချမ်းသာနေတဲ့သူကို ပိုပြီးအကူအညီပေးတယ်ဆိုတဲ့ အချက်ဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်နော်။ အကူအညီလိုချင်တယ်မဟုတ်လား။ လိုချင်ပါတယ်။ အဲဒီလိုဆိုရင် ဘာလုပ်ရမလဲ။ စိတ်ချမ်းသာအောင်နေပါ။ ပျော်အောင်နေပါ။

  • More likely to enjoy richer social interactions

ပျော်ပျော်နေတဲ့ သူဟာ အနှစ်သာရပိုရှိတဲ့ ဆက်ဆံရေးကို ရရှိခံစားဖို့ အလားအလာပိုများတယ်။ မပျော်တဲ့သူနဲ့ ပေါင်းရလို့ ဘာအဓိပ္ပာယ် ရှိမလဲနော်။ ပျော်တဲ့သူတွေ အများကြီးနဲ့ ပေါင်းရမှ အနှစ်သာရ ပိုရှိမယ်။ ပျော်တဲ့သူဟာ ကိုယ့်အတွက် သူများမှာတာဝန်မကြီးအောင် နေတတ်တယ်။ ဒါကြောင့် ပျော်တဲ့သူနဲ့ပေါင်းရတာ တာဝန်မကြီးဘူး။ ပျော်တဲ့သူဟာ သူများကိုလည်း ပျော်အောင်လုပ်တယ်။ အဲဒီတော့ ပျော်တဲ့သူချင်းပေါင်းရင် နှစ်ဦးနှစ်ဖက် ပိုပျော်တယ်။

ကိုယ့်မှာ ပေါင်းရမယ့်သူတွေ အများကြီး ရှိရင် ကိုယ်နဲ့ ပိုပြီးအဆင်ပြေတဲ့ သူကို ပိုပြီး အချိန်ပေးမယ်။ ကိုယ်နဲ့အဆင်ပြေတဲ့သူနဲ့ပေါင်းရရင် ပိုပြီး စိတ်ချမ်းသာမယ်။ ကိုယ်က ပေးနိုင်တာကိုပေးမယ်။ သူကလည်းကိုယ့်ကို ပေးနိုင်တာကိုပေးမယ်။ ၀ါသနာတူ စိတ်တူ ဖြစ်နေရင် တွေ့ရတာ စိတ်ဝင်စားမယ်။ ပညာဗဟုသုတ စသည်ဖြင့် ဖလှယ်ရမယ်။ ဒါကြောင့် သူလည်း တိုးတက်မယ်။ ကိုယ်လည်းတိုးတက်မယ်။ ဒါမှ အနှစ်သာရရှိတဲ့ ဆက်ဆံရေးဖြစ်မယ်။

စိတ်ထားကောင်းပြီး စိတ်ချမ်းသာတဲ့သူ ပျော်တတ်တဲ့သူဟာ အပေါင်းအသင်းစုံတယ်။ အပေါင်းအသင်းစုံလို့ပဲ ဗဟုသုတလည်း စုံတယ်။ ဒါကြောင့် အလုပ်အကိုင် အမျိုးမျိုး အဆင့်အတန်းအမျိုးမျိုး ရှိတဲ့လူတွေနဲ့ ခင်မင်ရင်းနှီးတယ်။ အပေါင်းအသင်းနယ်ကျယ်တယ်။ သူပေါင်းနိုင်တဲ့သူဟာ အသက်အရွယ် အမျိုးမျိုး ပညာအရည်အချင်း အမျိုးမျိုး အလုပ်အကိုင်အမျိုးမျိုး စုံတယ်။ အလေ့အကျင့်ရနေလို့သူဟာ ဘယ်သူနဲ့တွေ့တွေ့ အဆင်ပြေအောင်ပြောတတ်တယ်။ သူကသာ တွေ့ချင်ရင်လာတွေ့မယ့်သူတွေများတယ်။ သူ့မှာ အပေါင်းအဖော်မရှိလို့ အထီးကျန်ဖြစ်နေတာမရှိဘူး။

များသောအားဖြင့် စိတ်ချမ်းသာတဲ့သူဟာ စိတ်ထားလည်း ပိုကောင်းတယ်။ စိတ်ထားကောင်းတဲ့သူနဲ့ ဆက်ဆံရတာ အနှစ်သာရပိုရှိတယ်။ ဒါကြောင့် စိတ်ထားကောင်းပြီး စိတ်ချမ်းသာတဲ့သူ ပျော်တဲ့သူဟာ ပိုပြီးအဓိပ္ပာယ် ရှိတဲ့ ကျေနပ်စရာပိုကောင်းတဲ့ ဆက်ဆံရေးကိုရနိုင်တယ်။

အဲဒီလိုဆိုတော့ မပျော်တဲ့သူကိုလူတွေက ဘေးဖယ်ထားရမယ်လို့တွေးစရာ မဖြစ်ဘူးလား။ ကိုယ့်အတွက်တွက်ခြေမကိုက်တာကို ဘယ်သူက ရေရှည်လုပ်ချင်မလဲ။ မပျော်တဲ့သူဟာ သူတစ်ယောက်ထဲ မပျော်မရွှင် နေရမှာပဲ။ သူ့ကို အဖော်လုပ်ချင်တဲ့သူ သိပ်နည်းမယ်။ သူနဲ့ပေါင်းရရငိကိုယ့်မှာ ရှိသမျှအားတွေ ကုန်ကုန်သွားလို့ သူ့ကိုတွေ့ရမှာကြောက်မယ်။ မလွှဲသာလို့တွေ့ရရင်တောင် ခဏပဲ ခံနိုင်မယ်။

Laugh, and the world will laugh with you.

Cry, and you will cry alone.

ရယ်ပါ။ ကမ္ဘာကြီးက သင်နဲ့အတူလိုက်ရယ်မယ်။

ငိုပါ။ သင်တစ်ယောက်တည်း ငိုရလိမ့်မယ်။

ပျော်နေတဲ့သူက ကိုယ့်စိတ်ကို အင်အားဖြည့်ပေးတယ်။ မပျော်တဲ့သူက ကိုယ့်စိတ်အင်အားတွေကို ဖောက်ထုတ်ပစ်တယ်။ ကိုယ့်စိတ်အင်အားကို ကုန်အောင် လုပ်တဲ့သူနဲ့ ပေါင်းရတာ ကြောက်စရာကောင်းတယ်။ သူ့ကိုလည်းပေါင်းရဦးမယ် သူ့ကြောင့်လည်း စိတ်ပင်ပန်းရဦးမယ်ဆိုရင် သိပ်တွက်ခြေမကိုက်ဘူး။

လူဆိုတာ အသွားအပြန်ရှိတဲ့ဆက်ဆံရေးကို လို ချင်တယ်။ တစ်ဖက်သတ် ဆက်ဆံရေးကို မလိုချင်ဘူး။ ကိုယ်လည်း စိတ်ချမ်းသာအောင်နေမယ်။ သူများကိုလည်း စိတ်ချမ်းသာအောင် တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုရင် အဲဒီလိုလူချင်း ပေါင်းရတာ အရှုံးမရှိဘူး။ အရှုံးမရှိရင် ရေရှည်လုပ်နိုင်တယ်။ တစ်ဖက်သတ် အနစ်နာခံ အရှုံးပေး ဆက်ဆံရရင် ရေရှည်မလုပ်နိုင်ဘူး။ ဒါကြောင့် ပိုပြီး ကျေနပ်မှုရတဲ့ ဆက်ဆံရေးကို လိုချင်ရင် စိတ်ချမ်းချမ်းသာသာနေပါ။ ကိုယ်နဲ့ ဆက်ဆံရတဲ့သူကိုလည်း စိတ်ချမ်းသာအောင် တတ်နိုင်သလောက်လုပ်ပေးပါ။

ဝါသနာအမျိုးမျိုး၊ ဗဟုသုတအမျိုးမျိုး ရှိတဲ့သူဟာ လူအမျိုးမျိုးနဲ့ ပေါင်းလို့ရတယ်။ သူ့အပေါင်းအသင်းနယ်ပယ်ဟာ ကျယ်တယ်။ ဒါကြောင့် သူ့ဘ၀ဟာ စိတ်ဝင်စားစရာ ပိုများတယ်။ ပိုပျော်တယ်။ သူနဲ့စကားပြောရရင် အများမှာ အကျိုးရှိတယ်။ စိတ်ဝင်စားစရာကောင်းတယ်။ အကြံဉာဏ်ကောင်းတွေ ရတယ်။ ဒါကြောင့် သူနဲ့ တွေ့ချင်တဲ့သူများတယ်။ သူ့မှာပျင်းတဲ့အချိန်မရှိဘူး။ သူနဲ့တွေ့ရတဲ့သူဟာလည်းမပျင်းဘူး။ ဒါကြောင့် စိတ်ချမ်းသာချင်ရင် ပညာဗဟုသုတ အမျိုးမျိုးလေ့လာပါ။ ကိုယ်လည်းအကျိုးများတယ်။ ပျော်တယ်။ ကိုယ်နဲ့တွေ့တဲ့သူတွေလည်း အကျိုးများတယ်။ ပျော်တယ်။

7. More likely to be emotionally healthy

စိတ်ချမ်းသာတဲ့သူ၊ပျော်ပျော်နေတတ်တဲ့သူဟာ စိတ်ခံစားမှု ကျန်းမာရေး ပိုကောင်းတယ်။ စိတ်ဓာတ်ကျရောဂါ မဖြစ်ဘူး။ အားမငယ်ဘူး။

စိတ်ဆင်းရဲနေရင် စိတ်နေမကောင်းဘူးလို့ဆိုရမယ်။ စိတ်မကျန်းမာဘူး။ ကြာရင် စိတ်ရောဂါလို့ခေါ်တဲ့ ရောဂါဆိုးဖြစ်တတ်တယ်။ ဒါကြောင့် စိတ်မချမ်းမသာဖြစ်နေရင် အဲဒါကို အမြန်ဆုံးပျောက်အောင်လုပ်ပါ။

စိတ်ချမ်းသာအောင်နေတတ်တဲ့သူဟာ စိတ်ကြည်လင်ချမ်းသာနေလို့ စိတ်ကျန်းမာတယ်။ စိတ်ကျန်းမာနေရင် သဘောထားတွေ မှန်တယ်။ အသိဉာဏ်လည်း ပိုပြီးထွက်တယ်။ စိတ်ချမ်းသာတဲ့သူ၊ စိတ်ကျန်းမာရေးကောင်းတဲ့သူဟာ သူ့ကိုယ်သူတာဝန်ယူနိုင်တယ်။ ဒါကြောင့် သူဟာ သူများရဲ့ ၀န်ထုပ်ဝန်ပိုး မဖြစ်ဘူး။ သူ့ကြောင့် ဘယ်သူမှ သောကမဖြစ်ရဘူး။ ဒါကြောင့် သူနဲ့ဆက်ဆံရတဲ့ သူတွေဟာ စိတ်ချမ်းသာတယ်။ စိတ်ချမ်းသာတဲ့သူ၊ စိတ်ကျန်းမာတဲ့သူဟာ အားမငယ်ဘူး။ ဒါကြောင့် သူ့အားသူကိုးတယ်။ သူ့အားသူကိုးတဲ့သူကို လူတွေက ပိုခင်တယ်။ ဒါကြောင့် အားမငယ်တတ်တဲ့သူကို ခင်တဲ့သူများတယ်။ ခင်တဲ့သူများလို့အားမငယ်ဘူး။ ဟော- တစ်ပတ်လည်သွားပြန်ပြီ။

ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင်နေပြီး ကိုယ့်အားကိုယ်ကိုးတဲ့သူကို လူတွေပိုခင်တယ်။ အားငယ်ပြီး လူတွေရဲ့ အားပေးမှုကိုသိပ်လိုချင်နေရင် ခဏတော့ရမယ်။ ကြာရင်ငြီးငွေ့ သွားမယ်။ လူတွေဟာ ဘယ်သူ့တာဝန်ကိုမှ ရေရှည် မယူနိုင်ပါဘူး။ ကိုယ့်အတွက်ရေရှည် ၀န်ထုပ်ဝန်ပိုး ဖြစ်မယ့်သူကိုရှောင်တယ်။

8. More likely to be more active, and have greater energy and flow

ပျော်ပျော်နေတတ်တဲပသူဟာ သွက်လက်တယ်။ တက်ကြွတယ်။ အားပိုရှိတယ်။ စိတ်အားထက်သန်တယ်။ အလုပ်ကို မပင်မပန်း စိတ်ပါလက်ပါ လုပ်နိုင်တယ်။ သူ့စိတ်က သိန်းငှက်တစ်ကောင် လေဟုန်စီးပြီး ပျံဝဲသလို အလုပ်လုပ်တဲ့အခါ အလုပ်ထဲမှာ စိတ်က စီးဝင်သွားတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဘာလုပ်လုပ်ဈာန်ဝင်ပြီး လုပ်လို့ရတယ်။ သူ့စိတ်ကို နောက်ကဆွဲထားတာ မရှိဘူး။ စိတ်ဆင်းရဲနေတဲ့သူဟာ သူ့စိတ်ကို စိတ်စိတ်ဆင်းရဲစရာက ၀င်စီးထားလို့ ဘာကိုမှ စိတ်ပြည့်ပြည့်၀၀ပေးပြီး မလုပ်နိုင်ဘူး။ ဒရွတ်တိုက် သွားနေတယ်။ ကားဘရိတ် ငြိနေသလိုပဲ။ ဆီပိုကုန်တယ်။ ကားပျက်စီးတယ်။ ခရီးမတွင်ဘူး။ ပင်ပန်းပြီး အလုပ်မဖြစ်ဘူး။

ပျော်တဲ့သူက အားရှိတယ်၊ သွက်လက်တယ်။ ဒါကြောင့် အသက်ဝင်တယ်။ သူ့ကိုမြင်ရတဲ့သူလည်း ပျော်လာတယ်။ ပျော်တဲ့သူဟာ flow ကောင်းတယ်။ အားသိပ်မစိုက်ရဘဲ အလုပ်လုပ်နိုင်တယ်။ ဒါကြောင့် သူနဲ့လက်တွဲပြီး လုပ်ချင်တဲ့သူများတယ်။ စိတ်ပါလက်ပါ အားရပါးရ လုပ်တဲ့သူနဲ့ လုပ်ရရင် မမောနိုင်ဘူး။ အလုပ်တွင်တယ်။ အဲဒီလိုလူမှာ လက်တွဲမယ့်သူ များတယ်။ အဲဒီလိုလူက ဦးဆောင်ရင် နောက်ကလိုက်မယ့်သူများတယ်။ ဒါကြောင့် ခေါင်းဆောင်လုပ်မယ့်သူဟာ စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် လုပ်တတ်တဲ့သူ ဖြစ်ရမယ်။ အလုပ်ကို အများကြီးလုပ်ပေမယ့် မပင်ပန်းအောင် နေတတ်ရမယ်။

စိတ်ချမ်းသာမှုဟာ အကောင်းဆုံး အားဆေးပဲ။ အားဆေးတွေ သောက်နေပေမယ့် စိတ်မချမ်းသာရင် အားမရှိနိုင်ဘူး။ ဒါကြောင့် အားရှိချင်ရင် စိတ်ချမ်းသာအောင်နေပါ။ ပျော်ပျော်ရွှင်ရွှင် နေပါ။

9. Less likely to show symptons of psychopathology

ပျော်ပျော်နေတတ်တဲ့သူဟာ စိတ်ရောဂါ လက္ခဏာ ပြတာနည်းတယ်။ ငယ်ငယ်ကတည်းက စိတ်ဆင်းရဲတာများခဲ့ရင် စိတ်ရောဂါ ဖြစ်တယ်။ ဒါကြောင့် ကလေးတွေကို စိတ်ဆင်းရဲအောင် ကြောက်အောင်မပြောသင့်ဘူး။ သူတို့လုပ်နိုင်တာကို လုပ်ပြီး စိတ်ချမ်းသာအောင် အားပေးရမယ်။ ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှုရှိအောင် အားပေးရမယ်။ အားငယ်ရင် စိတ်ရောဂါ ဖြစ်တယ်။ ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုမရှိရင်လည်း မပျော်ဘူး။ စိတ်ချမ်းသာတဲ့သူ ပျော်တဲ့သူတွေရဲ့ ထူးခြားတဲ့အချက်က ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှုရှိတာ။

ကလေးတွေကို ဉာဏ်မရှိဘူး။ အတယ်၊ ညံ့တယ်၊ ဖျင်းတယ်၊ ပျင်းတယ်လို့ မကြာမကြာ ပြောရင် ကြာရင် သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိဘူး။

ဒီအချက်ကို မိဘတွေနဲ့ဆရာ ဆရာမတွေ သတိထားသင့်တယ်။ အတယ်၊ ဉာဏ်မရှိဘူး၊ ပျင်းတယ်ဆိုတဲ့စကားတွေကို လွယ်လွယ်နဲ့သုံးပြီးကလေးတွေကို နှိပ်ကွပ်တာဟာ ဘ၀တစ်ခုလုံးကို ဖျက်ဆီးလိုက်တာပဲ။

  • Less Depression

စိတ်ဓာတ်ကျတာ နည်းတယ်။

ပျော်နေတာနဲ့ စိတ်ဓာတ်ကျနေတာဟာ ဆန့်ကျင်ဘက်လိုပဲ။ စိတ်ချမ်းသာအောင်ပျော်အောင် နေတတ်တဲ့သူဟာ စိတ်ဓာတ်ကျရောဂါ မဖြစ်နိုင်ဘူး။ ငယ်ငယ်ကတည်းက ပျော်အောင်မနေခဲ့ရင် ကြီးတဲ့အခါ စိတ်ဓာတ်ကျတဲ့ရောဂါ ဖြစ်ဖို့များတယ်။ အသက်နည်းနည်းကြီးမှ ဘ၀မှာ အဆင်မပြေတာတွေရှိလို့ ခဏ မပျော်တာဟာ ကိစ္စမရှိဘူး။ အဲဒါ မကြာခင်ပျောက်သွားမယ်။ ငယ်ငယ်က မပျော်တာ အဆိုးဆုံးပဲ။

  • Less Suicide

ကိုယ့်ကိုယ်ကိုကိုယ် သတ်သေတာနည်းတယ်။

ကိုယ့ိကုယ်ကိုကိုယ် သတ်သေတယ်ဆိုတာ ကိုယ့်ဘ၀မှာ စိတ်ချမ်းချမ်းသာသာ နေဖို့ မျှော်လင့်ချက်လုံးဝ မရှိတော့ဘူးလို့ထင်လို့ပဲ။ စိတ်ချမ်းသာနေတဲ့သူဟာ သူ့ဘ၀ကိုသူ ကျေနပ်နေပါတယ်။ သူ့မှာ သေချင်စိတ်မရှိဘူး။ သူ့ကိုယ်သူ သတ်သေမှာ မဟုတ်ဘူး။

ကိုယ့်ကိုယ်ကိုကိုယ် သတ်သေတယ်ဆိုတာ တော်တော်ကို စိတ်ဆင်းရဲနေလို့ ဖြစ်ရမယ်။ အနာဂတ်မှာလည်း စိတ်ချမ်းသာစရာ မျှော်လင့်ချက် မမြင်လို့ ဖြစ်ရမယ်။ သူ့ကိုနားလည်တဲ့သူ ချစ်တဲ့သူ ရှိတယ်။ ကိုယ့်အနာဂတ်မှာ မျှော်လင့်ချက်ရှိတယ်ဆိုရင် အခုကြုံတွေ့နေရတဲ့ အဆင်မပြေမှုကို ခံနိုင်ရည် ရှိတယ်။ စိတ်ချမ်းသာနေရင် ပျော်နေရင် သေချင်တယ်ဆိုတဲ့ စိတ်ကူး ပေါ်မှာ မဟုတ်ဘူး။

  • Less Paranoia

စိတ်ချမ်းသာနေတဲ့သူဟာ အကြောင်းမဲ့ ကြောက်တတ်တဲ့ရောဂါ ဖြစ်လာနည်းတယ်။ တချို့လူတွေမှာ ကိုယ့်ကို တစ်ယောက်ယောက်က ဒုက္ခပေးဖို့ကြံစည်နေတယ်လို့ ထင်နေတတ်တယ်။ များသောအားဖြင့် စိတ်ဆင်းရဲ နေရင် ကိုယ့်ကိုသူများက ဒုက္ခပေးလိမ့်မယ်လို့ထင်တတ်တယ်။ ဒါကြောင့် စိတ်ဆင်းရဲ နေတဲ့သူဟာ မယုံသင်္ကာ ပိုဖြစ်တတ်တယ်။ သူ့ကို လူတွေက မနာလို ဖြစ်နေတယ်။ သူ့အကြောင်းကို မကောင်းပြောနေကြတယ်။ သူ့ကို တမင်တကာ မခေါ်ဘဲ ထားခဲ့တယ်။ တိုးတိုး ပြောနေရင် သူ့အကြောင်း ပြောနေတာလို့ထင်တတ်တယ်။

10. More likely to exhibit greater self-control and coping abilities

စိတ်ချမ်းသာနေတဲ့သူဟာ ကိုယ့်ကိုယ်ကိုကိုယ် ပိုပြီးထိန်းထိန်းသိမ်းနိုင်တယ်။

စိတ်ဆင်းရဲနေတဲ့သူဟာ မကျေနပ်စရာနဲ့တွေ့ရင် ပေါက်ကွဲဖို့လွယ်တယ်။ သည်းခံနိုင်တဲ့စွမ်းရည် နည်းတယ်။ စိတ်မရှည်ဘူး။ စိတ်ချမ်းသာနေရင် တော်ရုံမကျေနပ်စရာ ကိစ္စကို ဘယ်လိုမှ သဘောမထားဘူး။ သဘောထားပိုကြီးတယ်လို့ဆိုရမယ်။ သည်းခံနိုင်တယ်။ ခွင့်လွှတ်နိုင်တယ်။ မလုပ်သင့်တာကို မလုပ်ဘဲနေနိုင်တယ်။

အခက်အခဲကို ခံနိုင်ရည် ပိုရှိတယ်။ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရည်အချင်းပိုရှိတယ်။ ဒါကြောင့်ခက်တဲ့အလုပ်ကိုလုပ်ရမယ်ဆိုရင် စိတ်ချမ်းသာနေတဲ့သူကို ခိုင်းပါ။ စိတ်ဆင်းရဲနေတဲ့သူဟာ အခက်အခဲကို ရင်မဆိုင်ချင်ဘူး။ ခက်တာကို မလုပ်ချင်ဘူး။

စိတ်ချမ်းသာနေတဲ့သူဟာ မကောင်းမှုကို မလုပ်ချင်ဘူး။ မကောင်းမှုကို လုပ်ရင် စိတ်ချမ်းသာမှုပျက်စီးလိမ့်မယ် ဆိုတာကို လူများစုသိပါတယ်။

"စိတ်ညစ်လို့အရက်သောက်တယ်။ အရက်သောက်တော့ စိတ်ပိုညစ်တယ်" ဆိုတာ ကြားဖူးမှာပေါ့။ စိတ်ညစ်ရင် မကောင်းတာကို ပိုလုပ်တယ်။ မလုပ်သင့်မှန်းသိရက်နဲ့ ကိုယ့်ကိုယ်ကိုကိုယ် မထိန်းနိုင်ဘူး။ ကိုယ့်စိတ်ကိုကိုယ်မထိန်းနိုင်ဘူး။ ဒါကြောင့်မကောင်းတာကို မလုပ်မိအောင် နေချင်တယ်ဆိုရင် စိတ်ချမ်းသာအောင်နေပါ။ စိတ်ချမ်းသာတဲ့သူနဲ့ ပေါင်းပါ။

စိတ်ဆင်းရဲနေတဲ့သူဟာ စိတ်ကိုမနိုင်ဘူး။ တရားအားထုတ်လို့ စိတ်ချမ်းသာလာရင် စိတ်ကို နိုင်လာတယ်။ စိတ်ဓာတ်အင်အားကြီးလာတယ်။ မကောင်းတာ မသင့်တော်တာကို မလုပ်ချင်ဘူး။ မကောင်းတာ မသင့်တော်တာကို လုပ်ရင် စိတ်ချမ်းသာမှုမရနိုင်ဘူး ဆိုတာကို ပိုပြီးသိတယ်။

ဒီအချက်တွေကို လေးလေးနက်နက်စဉ်းစားရင် မိဘတွေ ကျောင်းဆရာ၊ဆရာမတွေ၊ အလုပ်ရှင်တွေ ပြီးတော့ အစိုးရတွေဟာ တတ်နိုင်သလောက် စိတ်ချမ်းသာမှုပိုရှိဖို့ အစီအစဉ် လုပ်သင့်တယ်ဆိုတာတွေ့ရမယ်။ တခြားကိစ္စတွေ အဆင်ပြေချင်ရင် စိတ်ချမ်းသာမှုကို နောက်မှာ မထားသင့်ဘူး။ တွဲပြီးထားသင့်တယ်။ သို့မဟုတ်ရှေ့က ထားသင့်တယ်။

မိဘနဲ့အဆင်မပြေရင် သားသမီးတွေဟာ မိဘမကြိုက်တာကို ပိုလုပ်တယ်။ ဆရာ၊ ဆရာမနဲ့အဆင်မပြေရင် ကျောင်းသူ၊ ကျောင်းသားတွေဟာ ဆရာ၊ ဆရာမ မကြိုက်တာကို ပိုလုပ်တယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေပြီး စိတ်ချမ်းသာ နေအောင် သတိထားသင့်တယ်။ အဆင်မပြေတာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပြီး ဖြေရှင်းတာကောင်းတယ်။ ပွင့်ပွင့်လင်းလင်းပြောလို့ရရင် စိတ်မှာတင်းကြပ်မှု သိပ်မဖြစ်ဘူး။ ပွင့်ပွင့်လင်းလင်း လေးလေးစားစား ပြောလို့ရရင် မကောင်းတဲ့နည်းနဲ့ မဖြေရှင်းဘူး။

ကိုယ့်ကို မလေးစားဘူးလို့ ထင်နေရင် သူပြောတဲ့စကားကို လေးလေးစားစား နားမထောင်ဘူး။ ပြေလည်ဖို့ မကြိုးစားဘူး။ သဘောထား ပိုပြီးတင်းမာတယ်။ ကိုယ့်ကို လေးလေးစားစား ပြောရင် သူ့စကားကို သေသေချာချာ နားထောင်မယ်။ ပြေလည်ဖို့ ကြိုးစားမယ်။ ဒါကြောင့် အကျင့်စာရိတ္တ ပိုကောင်းချင်ရင် စိတ်ချမ်းသာအောင်နေပါ။ စိတ်ချမ်းသာအောင်နေနိုင်ဖို့ အကူအညီ ပေးပါ။ ပွင့်ပွင့်လင်းလင်း လေးလေးစားစားပြောပါ။



Peace B with U.