Thursday, January 24, 2013

အတွေးတိမ်တိုက်များ၊ လူနာအား ချီမခြင်း။

အတွေးတိမ်တိုက်များ၊ လူနာအား ချီမခြင်း။

မနေ့ည ဆရာအို၏ ဘဝနေဝင်ချိန်သင်တန်း ပြန်ဖတ်ရင်း မစ်ခ်ျက မော်ရီကို ချီတဲ့အခန်း ရောက်တော့ နည်းနည်းတွေးမိသွားတယ်။ မနှစ်က မင်္ဂလာဆောင်ဖို့ ပြန်သွားတော့ အဘွားက လှဲပဲလှဲနေနိုင်တော့တယ်။ လေဖြတ်ထားတော့ အလေးကြီးဖြစ်နေတယ်။ သူ့ကို ကုတင်ပေါ်ကနေ ချီပြီး  ကုလားထိုင်ပေါ်ကို တင်ပေးရတယ်။ ပေါင် ၁၀၀ ကျော်၊ ၁၅၀ လောက်နီးပါး အလေးကို မ,နိုင်ပေမယ့် အဘွားကိုတော့ မနည်း ချီရတယ်။

ငယ်ကတည်းက အဘွားနဲ့ပဲ နေလာတာဆိုတော့၊ အဘွားကိုလည်း သိပ်ချစ်တယ်။ မိဘတွေကိုတောင် ဒီလောက် ချစ်တာမဟုတ်ဘူး။ အဲဒီတော့ အဘွားကို ချီသွားရင်း သူ့ကျေးဇူးတွေလည်း တွေးမိပါရဲ့။ အဘွားကို ထမင်းခွံ့ရင်း ငယ်တုန်းက အဘွားခွံ့တာ စားခဲ့ရတာကိုလည်း မှတ်မိတယ်။ ငယ်ငယ်တုန်းက ညီအစ်ကိုနှစ်ယောက်စလုံးက အိမ်မှာ ထမင်းကျွေးရင် မစားချင်ဘူး။ လမ်းမှာ ဆော့နေရင်း တစ်လုတ်တစ်လုတ်ခွံ့မှ စားတယ်။ အဘွားကတော့ အလိုလိုက်ရှာတယ်။ လမ်းလျှောက်ရင်း ထမင်းခွံ့တယ်။ အဖေ၊ အမေတွေချစ်တာကို အဘွားက သနားတာပေါ့။ ဘွဲ့ရတဲ့အထိ မုန့်ဖိုးပေးတုန်းပဲ ရှိသေးတယ်။ တစ်ချိန်မှာ သူ့မြေးတွေက သူ့ကို ထမင်းပြန်ခွံ့မယ်ဆိုတာတော့ သူ မသိခဲ့ရှာဘူး။

လေဖြတ်ထားပြီး သိပ်ကောင်းကောင်း မသိတော့တဲ့အချိန်မှာ ကျနော်ပြန်ရောက်သွားတယ်။ သား ဘယ်သူလဲသိလားဆိုတော့ အငယ်လို့ပြောတယ်။ သူ့မြေးကိုတော့ သူမှတ်မိရှာတယ်။ မြန်မာလို သိပ်မပြောတော့ဘူး။ ကချင်လိုတွေပြောတယ်။ နားမလည်ဘူး။ ဗိုက်ဆာလား မေးရင် ဆာရင် ဆာတယ်ဖြေတယ်။ စားပြီးရင် ရေတိုက်လို့ပြောရင်ပြောတယ်။ ဆေးတိုက်လို့ ပြောရင်ပြောတယ်။ သူ့အသိတရားက ပျောက်မသွားဘူး။ ဆုံးခါနီးအထိ သန်သန်မာမာ ရှိတယ်။ လေဖြတ်လို့ မထနိုင်တာကလွဲရင် အစားအသောက်လည်း မပျက်ဘူး။

ပြီးခဲ့တဲ့လ အနည်းငယ်တုန်းကပဲ အဘွားဆုံးသွားတယ်။ အမေဆုံးသွားကတည်းက သေခြင်းတရားကို ပိုခံနိုင်ရည်ရှိသွားတယ်ထင်တယ်။ စိတ်တော့ အများကြီးမထိခိုက်ဘူး။ အဘွားလည်း နောင်ထပ် ကောင်းရာမွန်ရာ ဘုံဘဝကို ဆက်ပြီးထွက်သွားတယ် လို့ပဲ တွေးမိတယ်။

ဆရာအိုရဲ့ ဘဝနေဝင်ချိန်သင်တန်းကို ဖြည်းဖြည်းချင်း ပြန်ဖတ်တယ်။ ကိုယ့်ဘဝမှာ ကြုံတာတွေကိုလည်း စဉ်းစားတယ်။ သေခြင်းတရားက ပြဿနာမဟုတ်ဘူး။ ရှင်နေတုန်း ဘာလုပ်မလဲဆိုတာကမှ ပိုပြီး ပြဿနာဖြစ်သေးတယ်လို့ ထင်တယ်။

မသေသေးခင်မှာ ချစ်ကြခင်ကြဖို့ကလည်း အရေးများကြီးနေမလား မသိဘူး။
မော်ရီဆီကနည်းနည်း လောကကြီးဆီက နည်းနည်း သင်ယူရလိမ့်ဦးမယ်။        ။

Regards,
Z

Notes:

ဆရာအို၏ ဘဝနေဝင်ချိန် သင်တန်း စာအုပ်အဖုံးကို ကိုနေမျိုးဆွဲတာ သိပ်အသက်ဝင်တယ်။ tuesdays with morrie အော်ရီဂျင်နယ်ထက်တောင်မှ အဖုံးက ပိုဆွဲဆောင်မှုရှိတယ်။



Peace B with U.

Wednesday, January 23, 2013

ပတ်စီးခြင်း အနုပညာ။

ပတ်စီးခြင်း အနုပညာ။

မြန်မာပြည်မှာတော့ ကားပတ်စီးတယ်ဆိုတာရှိပါတယ်။ ဆင်းရဲတဲ့သူတွေနဲ့ လူလတ်တန်းစားလို့ ထင်ရတဲ့ ဆင်းရဲတဲ့သူတွေထက် အနည်းငယ်ပိုက်ဆံပိုရှိတဲ့ တစ်ဆင့်မြင့်ဆင်းရဲသားတွေရဲ့ ဘဝမှာတော့ လိုင်းကားတိုးစီးရတာ မဆန်းပါဘူး။ ဘတ်စ်ကားဂိတ်နဲ့နီးတဲ့သူတွေကတော့ ဂိတ်စကနေ သွားစီးရင် ထိုင်ခုံနေရာလေး ဘာလေး ရတာပေါ့။ ကားဂိတ်နဲ့မလှမ်းမကမ်း လူတွေကြတော့ ကားကို ဂိတ်အထိ ပြန်စီးသွားရတယ်။ ပြီးမှ ဂိတ်ကနေ ပြန်ထွက်တာကို ဆက်စီးသွားရတာပေါ့။

ကားခကိုလည်း ပတ်စီးရင် နည်းနည်းပါးပါး လျှော့ပေးတယ်။ အဲဒီလို ပတ်စီးခြင်းအားဖြင့် ထိုင်ခုံနေရာ ရလာတယ်။ တကယ်သွားချင်တာရဲ့ဆန့်ကျင်ဘက်ကို ခဏလောက် သွားလိုက်တာဟာ ပတ်စီးခြင်းအနုပညာရဲ့ အနှစ်သာရပဲ။ ဒါကို ဘယ်သူ စတီထွင်ခဲ့တယ် မသိနိုင်ပေမယ့် တော်တော် ဉာဏ်ကောင်းတဲ့သူ စခဲ့တာဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် သိပ်ထုံတဲ့သူ ကားမှားစီးမိရာကနေ ဓလေ့ ဖြစ်သွားတာလည်း ဖြစ်ကောင်းဖြစ်မယ်ထင်တယ်။

ပတ်စီးခြင်း အနုပညာကို ဖော်ဆောင်ဖို့ဆိုရာမှာ ပန်းတိုင်အတု (ကားဂိတ်)က သိပ်မဝေးခြင်း ဆိုတာကို သဘောပေါက်ကြမယ်လို့ထင်ပါတယ်။ နောက်တစ်ခုက ပတ်စီးခ အပိုရှိခြင်း၊ အချိန်ပိုရှိခြင်းဆိုတဲ့ အပိုရှိခြင်း နှစ်သွယ်ဖြစ်မယ် ထင်ပါတယ်။ နောက်တစ်ခုက ကားအရေအတွက်နဲ့ အလားအလာကို သိခြင်းပါ။ ကိုယ်ပတ်စီးတဲ့ကားက ချက်ခြင်း ပြန်မထွက်ရင် ပတ်စီးခဆုံးတာပဲ အဖတ်တင်မယ်။ ကားဂိတ်မှာ စီးမယ့်သူ ပြည့်နေရင် ပိုဆိုးတာပေါ့။ မြန်မာပြည်မှာက တန်းစီတာမဟုတ်ဘူး။ တိုးတက်တာ။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှာ တိုးတက်တာတစ်ခုပဲအောင်မြင်ခဲ့တယ်။

ပတ်စီးခြင်းအားဖြင့် နေရာကောင်းရလာနိုင်တယ်။ ကားပတ်စီးခြင်းလို့ပဲ တရားသေ မယူဆပဲ နိုင်ငံရေး ပတ်စီးခြင်း၊ ဒီမိုကရေစီ ပတ်စီးခြင်းတွေကိုလည်း အလားတူ ယှဉ်ထိုးဆင်ခြင်နိုင်ပါတယ်။ နေရာယူတတ်ဖို့လည်း ပတ်စီးတတ်ရတယ်။ ရှေ့နားမှာ ထိုင်နေရင် ရဟန်းသံဃာ၊သီလရှင်၊မဗိုက်၊သက်ကြီးရွယ်အို၊ ခြေထောက်နာတဲ့သူတွေ ရှိလာရင် နေရာပြန်ဖယ်ပေးရမယ်ဆိုတော့ ပြန်မထပေးရတဲ့ နေရာမျိုး ယူထားရတယ်။ အမြော်အမြင် လိုအပ်တယ်လို့ပဲ ယေဘူယျအားဖြင့် ဆိုနိုင်မယ်ထင်တယ်။

အခုဆို စင်ကာပူမှာ မနက်မနက် ရထားကြပ်တော့ နောက်တစ်ဘူတာကို သွားပြီး စီးရတယ်။ လူအုပ်ကြီးတစ်ခုရဲ့ ရှေ့ကိုရောက်ဖို့ နောက်ကို တစ်လှမ်းဆုတ်ပေးလိုက်ရသလိုပေါ့။ သွားချင်တာက အနောက်ဘက်ကို ဆိုလို့ရှိရင် အရှေ့ဘက်ကို တစ်ဘူတာ ပိုသွားပြီး အဲဒီဘူတာက စီးတာပေါ့။ ပတ်စီးခြင်း အနုပညာကို လက်တွေ့ ဖော်ဆောင်နေတယ်လို့ ဆိုနိုင်မယ်ထင်တယ်။ အဆိုးအကောင်းတွေကိုတော့ ချင့်ချိန်ရတာပဲ။ ပတ်စီးပြီဆိုတာနဲ့ နေရာရဖို့ သေချာတာကို ဦးစားပေး ပထမနေရာမှာ ထားရမှာပဲ။ အချိန်ကုန်၊ ငွေကုန်ခံပြီး ဘာမှမထူးရင်(နေရာမရရင်) ပတ်စီးရတာ မတန်ဘူး။

ကားပတ်စီး၊ ရထားပတ်စီးတဲ့လူတွေ ပတ်စီးခြင်းမှာ မအောင်မြင်ရင်တော့ အလုပ်နောက်ကျ သဗျ။ သို့ပေမယ့် လူတော့ဖြစ်သေးတယ်။ အလုပ်နောက်ကျတဲ့သူပဲဖြစ်နိုင်တယ်။ နိုင်ငံရေးပတ်စီးသူတွေ မအောင်မြင်ရင်တော့ ဘာတွေဖြစ်ကုန်ကြမလဲ မသိပေါင်။

ဒါကတော့ ပတ်စီးခြင်းကို ဆင်ခြင်မိသမျှလေးပေါ့။

Regards,
Z



Peace B with U.

Sunday, January 20, 2013

ရန်ကုန်သွား တောလား အပိုင်း(၃)။

ရန်ကုန်သွား တောလား အပိုင်း(၃)။

ဒီတစ်ခေါက်တော့ပုံလေးဘာလေးတင်မှလို့စိတ်ကူးတယ်။

တို့နှစ်ယောက်ဟာ ကမ်ဘာဂျီးဖြစ်တယ်လို့ အော်စကာဝိုင်းလ်ဒ်ကပြောခဲ့တယ်ထင်တယ်။ ကမ်ဘာဂျီးမဖြစ်ရင်တောင် လက်ဖက်ရည်ဝိုင်းတော့ဖြစ်တယ်။ ကင်မွန်းစခန်းက လက်ဖက်ရည်ဆိုင်မှာ အိပ်ချင်မူးတူးနဲ့ထိုင်ကြတယ်။ ကြည်နူးစရာ။

ဈေးကတော့မှန်တယ်။ ကော်ဖီမခ်စ် ၃၀၀။ နက်စ်ကဖေး ၄၀၀၊ အဲဒီလောက်ပဲ။ မျန်မာပြေဂျီးရောက်တုန်း တွေ့သမျှ မုန့်ဟင်းခါးစားတယ်။ ချိုနေတာတွေ့တယ်။ အချိုကိုမကြိုက်တော့ဘူး။ ကျိုက်ထီးရိုးတောင်ခြေမှာ တစ်ညတာအတွက် အခန်းတွေဈေးမေးတယ်။ ဟိုးနားက ကွပ်ပျစ်ကတော့ အလကားတည်းလို့ရတယ်ဦးလေး။ စောင်တွေ၊ ခေါင်းအုံးတွေလည်းငှားတယ်။ (အခန်းခတွေကတော့ ခပ်ဝါးဝါးပဲ။) ၆၀၀၀၊ ၈၀၀၀၊ ၁၅၀၀၀ ထင်တယ်။ ဇကွဲနီးသည်က တစ်ချက်တစ်ချက် ဘလော့ခ်လာဖတ်ပြီး ရေးထားတာမှားရင် ဆူပူချင်တယ်။ ဈေးတွေ၊ ကိန်းဂဏန်းတွေ ဘာမှ အလွတ်မမှတ်ထားဘူး။ ခရီးစဉ်တစ်လျှောက်လုံးကုန်တာကို အကြမ်းမှတ်ထားရာကနေ၊ ပြန်ခါနီး ပိုတဲ့ပိုက်ဆံနဲ့ ပို့လိုက်တဲ့ပိုက်ဆံ ပြန်နှုတ်လိုက်တာကမှ ပိုတိကျသေးလို့တွေးမိတယ်။ ရှေ့က အပိုင်းနှစ်မှာရေးထားတဲ့ထဲက သုံးလေးခုမှားတယ်ဆိုပြီး မနေ့ကပြောတယ်။ အဲဒါနဲ့ပြင်လိုက်တယ်။ D form လုပ်တာ ၁၀ မိနစ်ကြာတာမဟုတ်ဘူး။ မိနစ် ၂၀ ကြာတာလို့ပြောတယ်။ ကားက မနက် ၂ နာရီရောက်တာမဟုတ်ဘူး။ ည ၁၀ နာရီရောက်တာလို့ပြောတယ်။ ဘယ်အချိန်ရောက်တာလဲဆိုတာက ရောကုန်တာဖြစ်မယ်။ ပုဂံရောက်တာကမှ ၂ နာရီထင်တယ်။

အခန်းတွေက ဈေးပေါတာကုန်ပြီ၊ တစ်သောင်းခွဲတန်ပဲကျန်တော့တယ်လို့ပြောတယ်။ ရေချိုးခန်း၊အိမ်သာပါတယ်။ မွေ့ရာလည်းပါတယ်။ အခန်းလည်းသန့်တယ်ဆိုတာနဲ အရင်သွားကြည့်တယ်။ တစ်ညတည်းတည်းတာကို ဈေးကြီးတာမတည်းဘူးစိတ်ကူးတယ်။ ည ၁၀ နာရီမှာ ကွပ်ပျစ်မှာအိပ်ရင် မနက်မှာ ရေချိုးဖို့က အလုပ်ရှုပ်ဦးမယ်။ စင်ကာပူငွေနဲ့ပြန်တွက်ပြီး ၂၂ လောက်ပဲကျတာဆိုပြီး တည်းလိုက်တယ်။ မတည်းချင်ရင်တော့ တစ်သောင်းခွဲတောင်ဆိုပြီ မြန်မာငွေနဲ့စဉ်းစားမိမလားမသိဘူး။

အော်စကာဝိုင်းလ်ဒ်က ထပ်ပြောတယ်။ အသက်ရှင်နေထိုင်ဖို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအရာပဲ။ လူတော်တော်များများဟာ အသက်ရှင်ဖြစ်တည်ရုံလေးနေနေကြတာ။ (To live is the rarest thing in the world. Most people exist, that is all.) သူပြောတာလည်းဟုတ်မယ်ထင်တယ်။ တစ်ခါတစ်လေ ရှင်သန်နေထိုင်ခြင်းမရှိဘူးလို့ ခံစားရတယ်။ ဘဝမှာ အေးအေးချမ်းချမ်းနေရတဲ့သူ ဘယ်နှစ်ယောက်ရှိမလဲမသိဘူး။ အေးအေးချမ်းချမ်းဆိုတာထက် စိတ်အေးလက်အေးလို့ဆိုမှ ပိုမှန်မယ်ထင်တယ်။ အဲဒီလိုနေခွင့်ရတာကို တန်ဖိုးထားရမယ်။ မိဘတွေကိုလည်း အသက် ၂၅ နှစ်အထိ ထိုင်စားခိုင်းထားတဲ့အတွက် တစ်ခါတစ်ခါ နည်းနည်းတော့ ကျေးဇူးတင်မိတယ်။

အိပ်ရာပြောင်းလို့ထင်တယ်။ အိပ်လိုက်တာ တစ်ရေးပဲ။
မနက် ၄ နာရီခွဲ ၅ နာရီထမယ်ဆိုပြီး Zနီးက alarm ပေးထားတယ်။ မနက်နိုးတော့ ရေချိုးရတယ်။ လေးနာရီခွဲ ငါးနာရီမှာ ရေခဲရေနဲ့ချိုးသလိုဖြစ်နေတယ်။ မချမ်းအောင် ကြိုးခုန်သလို ခြေထောက်ကို စုံခုန်ရင်းရေချိုးရတယ်။ ရေချိုးအဝတ်လဲပြီးတော့မှ Zနီးသည်ရဲ့alarmက စင်ကာပူစံတော်ချိန်နဲ့  ၅ နာရီ alarm ဖြစ်နေတာတွေ့တယ်။ စောစောနိုးတော့ စောစော breakfast စားရတာပေါ့လို့တွေးပါတယ်။ မပြောင်းမလဲပဲ မုန့်ဟင်းခါးစားတယ်။

တောင်ပေါ်တက်တဲ့ကားက ခေါင်းခန်း ၃၀၀၀၊ နောက်ခန်း ၂၅၀၀။ ဈေးကတော့မကွာဘူး။ ခဏလေးစောင့်ရတယ်။ မိသားစုသုံးယောက်နဲ့အတူပေါင်းလိုက်ပြီး ငါးယောက်ဖြစ်ရင် တစ်စီးမှာတင်ပေးတယ်။ နောက်မှာထိုင်တဲ့ သုံးယောက်ကတော့ တင်ပလ္လင်ခွေထိုင်ရတယ်။ သိပ်ဝရင်အဆင်မပြေဘူး။  ရှေ့ထိုင်ခုံနှစ်ခုံကြားမှာ ခုံသေးလေးတစ်ခုံထိုးတယ်။ ထိုင်ခုံတွေရဲ့နောက်ကျောမှာ သစ်သားပြားတစ်ပြားခင်းပြီး သုံးယောက်ထိုင်ရတယ်။ စုစုပေါင်း ခရီးသည်ငါးယောက်၊ ဒရိုက်ဗ်ဗာတစ်ယောက်ဆန့်သွားလေသတည်း။ ခဏလောက်ပဲဆိုပြီး အထဲဝင်ထိုင်ပေးလိုက်တယ်။ တကယ်တော့ နည်းနည်းကြာတယ်။ အဆင်းကားဆယ်စီးလောက်ကို ၂၅ မိနစ်လောက် တောင်တက်လမ်း ရှေ့နားမှာ စောင့်ရတယ်။

ကားခဏရပ်တုန်း အလှူခံလာတယ်။ လမ်းအတွက် အလှူခံတယ်။ လှူလိုက်တယ်။ နောက်တစ်ယောက် ဘိုးဘိုးကြီးနတ်ကွန်းအတွက် အလှူခံတယ်။ နတ်ကိုတော့ မလှူချင်ဘူး။ အဲဒါနဲ့မလှူဘူး။ အလှူခံက ၅၀၊ ၁၀၀ လောက်လှူပါလားဆိုပေမယ့် မလှူဘူး။ သူလည်း ပွစိပွစိပြောပြီးဆင်းသွားတယ်။ အလှူကို မလှူမဖြစ်ပြောရင် တစ်ပြားမှမလှူဘူး။ တောင်ပေါ်တက်ရင်း ကားမှောက်သေမယ်ဆိုရင်တောင်မလှူနိုင်ဘူး။ မြန်မာ့ယဉ်ကျေးမှု အစစ်မှာ ဒီလို ဘုရားကန်ထရိုက်၊နတ်ကန်ထရိုက်မရှိဘူး။ ဒါက ဈေးကွက်စီးပွားရေးရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်မယ်။

စုစုပေါင်း မိနစ် ၅၀ လောက်ကြာသွားတယ်ထင်တယ်။ ရင်ပြင်တော်နားအထိ ကားနဲ့ပဲ တက်သွားလိုက်တယ်။ သူငယ်ချင်းတွေပါရင်တော့ ရသေ့တောင်ကဖြစ်ဖြစ်၊ တောင်ခြေကဖြစ်ဖြစ် ခြေလျင် တက်တာ ပိုကောင်းမယ်။

ရင်ပြင်တော်ဆီအထိရောက်တယ်ဆိုပေမယ့် လမ်းနည်းနည်းလေးတော့လျှောက်ရပါတယ်။ လေးဖာလုံဝန်းကျင်လောက်။ ဆယ်မိနစ်လောက်ပေါ့။ ရာသီဥတုက နေသာရုံပဲ အရမ်းမအေးဘူး။ 20 to 23 degress celcius လောက်ပဲထင်တယ်။ ဇန်နဝါရီ သုံးရက်နေ့ ... အေးချမ်းတဲ့ နံနက်ခင်း။ အထမ်းသမားတွေက ဘေးနားကနေ လိုက်ပြီး သယ်ပေးမယ်ပြောတယ်။ ပါလာတာကမှ ဂျီယော်ဒါနို ခရီးဆောင်အိတ်သေးလေးတစ်လုံးနဲ့ကျောပိုးအိတ်တစ်လုံးပဲဆိုတော့ ဒီအတိုင်းသယ်သွားလို့ရတယ်မသယ်တော့ဘူးပြောရတယ်။ ဒါတောင် တော်တော်လေးကြာတဲ့အထိလိုက်လာတယ်။

ကျိုက်ထိုဟော်တယ်မှာအခန်းမေးတယ်။ ၁သိန်းခွဲ၊၈ သောင်းခွဲတဲ့ (ဘန်ဂလိုထင်တယ်။)။ တစ်ညတည်းကို ၈သောင်းခွဲကတော့များတယ်။ ဈေးပေါတာက ၆ သောင်းဆိုလား၊ ၆ သောင်းခွဲဆိုလားရှိတယ်တဲ့။ သစ်သားဆောင်လို့ပြောတယ်။ နည်းနည်းများသေးတယ်လို့ထင်တာနဲ့ ရှေ့နားကိုဆက်လျှောက်တော့ ရွှေနန်းကျင်ရိုးရိုးလေးရောက်တယ်။ နှစ်ယောက်အိပ်ကုတင်တစ်လုံးစာအတိ အခန်းက ၂၀၀၀၀(နှစ်သောင်း)၂၅၀၀၀(နှစ်သောင်းခွဲ)၊ ဘေးနားမှာ နေရာနည်းနည်းလေးပါတဲ့အခန်းက ၂၅၀၀၀( နှစ်သောင်းခွဲ)၊ ၃၀၀၀၀ (သုံးသောင်း)၊သုံးသောင်း လေးသောင်းတန်အခန်းကတော့ check-out လုပ်မှကြည့်လို့ရမယ်လို့ပြောတယ်။ ၂ သောင်းခွဲ ၃ သောင်းတန်ကို အရင်ယူထားမယ်။ သုံးသောင်း လေးသောင်းတန်က လူထွက်ရင် ကြည့်ပြီး ကြိုက်ရင်ယူမယ်ဆိုပြီးပြောတော့ အိုကေတယ်။ တစ်ညပဲ အိပ်ရုံလေးအတွက် ပိုက်ဆံသက်သာတာရွေးချင်တယ်။ အခန်းလည်း ပိုသန့်တာဆိုရင်တော့တန်တာပါပဲ။

ခဏလေးကြာတော့ သုံးသောင်း လေးသောင်းတန်အခန်းလူထွက်သွားလို့သွားကြည့်တယ်။ ပိုကျယ်ပြီး ပိုသန့်တယ်။ အဲဒါနဲ့ ပြောင်းလိုက်တယ်။ ခဏလေးနားပြီးတော့ ကျီးကန်းပါးစပ်ဘက်ကိုသွားတယ်။လမ်းတစ်လျှောက်ဓာတ်ပုံလေးဘာလေးရိုက်သွားတယ်။ အရင်လိုပဲ စိတ်ချမ်းသာရတယ်။ အေးချမ်းနေတဲ့ မနက်ခင်းမှာ တောင်တန်းတစ်ခုပေါ်ရောက်နေတာကလည်းအရသာပဲ။

သိသိသာသာဖြစ်လာတာကတော့ ကိုယ်အလေးချိန်ပဲပေါ့။ အတက်အဆင်းတွေနှေးတယ်။ ပိုမောတယ်။ လွန်ခဲ့တဲ့ ၈ နှစ်ကလို မဟုတ်တော့ဘူး။ ဇရာကရောပျင်းရိခြင်းကပါ sign လေးတွေ၊ signal လေးတွေပြလာပြီ။ ဘာပဲဖြစ်ဖြစ် သွားနိုင်လာနိုင်သေးတာ တော်သေးတာပေါ့။ ကျီးကန်းပါးစပ်တော့ ရောက်သွားတယ်။ အကြွေစေ့လည်း အရင်လိုပဲ ပစ်ထည့်လို့ဝင်သေးတယ်။ အားကတော့ အရင်လိုရှိသေးတယ်။ သက်လုံကတော့ကျသွားပြီ။

ကျီးကန်းပါးစပ်မှာရှိတဲ့ဆိုင်မှာ ထမင်းစားတယ်။ အရင်တုန်းက ပိုက်ဆံမရှိဘူး။ သူငယ်ချင်းတွေအားလုံး စုစားကြတယ်။ သိပ်ပျော်တာပဲ။ အခုအချိန်မှာ အရင်ကထက်တော့ နည်းနည်းပိုရှိလာတယ်။ အရင်ကလိုတော့ စုစုဝေးဝေးပျော်ပျော်ရွှင်ရွှင်မဟုတ်တော့ဘူးပေါ့။ အသက်ကြီးလာရင် သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေလည်းဝေးကုန်တယ်။ ညမအိပ်ဘဲ တက်မယ်ဆိုရင်တော့ ရန်ကုန်ကသူငယ်ချင်းတွေလည်းလိုက်နိုင်တယ်။ ဒါပေမယ့် တစ်နှစ်တစ်ခါလောက်ပြန်တာကို လော၎ခါ (လောလောလောလော)နဲ့မသွားချင်ဘူး။ အဲဒါနဲ့ သူငယ်ချင်းတွေကိုထားခဲ့ပြီး နှစ်ယောက်တည်းထွက်လာတယ်။ အစားအသောက်တွေကတော့ အရင်တုန်းကလိုလည်း စားမကောင်းတော့ဘူးထင်လာတယ်။ အော်စကာဝိုင်းလ်ဒ်ကပြောဖူးတယ်။ လူ့လောကမှာ ဒုက္ခနှစ်မျိုးပဲရှိတယ်။ လိုချင်တာကို မရတဲ့ဒုက္ခနဲ့ လိုချင်တာကို ရတဲ့ ဒုက္ခတဲ့။ သူပြောတာကို နည်းနည်းနားလည်သလိုဖြစ်လာတယ်။ ထမင်းဆိုင်ကနေ ရေတံခွန်ကိုလှမ်းကြည့်လို့ရတယ်။ တောင်အောက်ကိုငုံ့ကြည့်လို့ရတယ်။ တိမ်တွေက သိပ်လှတာပဲ။

ပြန်တက်လာတဲ့လမ်းက အဆင်းထက် နည်းနည်းလေးပိုမောတယ်။ လူ့ဘဝမှာ သဘာဝကျတာတွေက ပင်ပန်းတော့ သဘာဝမကျတဲ့၊ ပြုပြင်ပြောင်းလဲယူထားတာတွေနဲ့နေရင်း ဒုတိယသဘာဝကို ခုံမင်သွား၊ပျော်ဝင်သွားကြတာပဲ။ အခက်အခဲကိုကြောက်တဲ့စိတ်ဟာလည်း သက်သာကိုကြိုက်သွားရာကနေ ဆင်းသက်လာတာဖြစ်မယ်။ ရိုးရှင်းတဲ့ဘဝတစ်ခုတည်ဆောက်ဖို့၊ အပိုတွေမပါဘဲ နေတတ်ဖို့ဟာ ဒီလောက်တောင်ခက်မယ်လို့ မထင်မိဘူး။ ဒါပေမယ့် တဖြည်းဖြည်း ကြိုးစားကြည့်တဲ့အခါမှာ ထင်သလောက်မလွယ်ဘူးဆိုတာကိုတွေ့ရတယ်။

တည်းခိုခန်းမှာ ဝိုင်ဖိုင် အလကားရတယ်။ ဒါပေမယ့် မသုံးခဲ့ပါဘူး။ မြန်မာပြည်ကို ပြန်လာတာ အင်တာနက်သုံးဖို့မဟုတ်ဘူးလို့ ကျနော်ခံယူတယ်။ ဖေ့စ်ဘွတ်ခ်ကို ဒီအက်တီဗိတ်လုပ်လိုက်ပြီးကတည်းက ကိစ္စတော်တော်နည်းသွားတာပဲ။ မဟုတ်ရင် စတေးတပ်စ် အပ်ဒိတ်ကိစ္စကို မဂ်ဖိုလ်နိဗ္ဗာန်ရရာရကြောင်းလို ကြိုးစားရွက်ဆောင်နေမိဦးမယ်ထင်တယ်။ တောင်ပေါ်ရောက်ပြီ ဟီဟိ။
ကားကရပ်နေတယ်။ အကြော်တဲနားမှာ ဟောသလိုလေးဆိုပြီး အကြော်တဲပုံလေးတင်ရင်း ကိုယ့်လိုပဲ အစားပုတ်တဲ့သူတွေကို Tag မိကောင်း Tag မိနေနိုင်တယ်။
အခုတော့ ဘာမှထွေထွေထူးထူးလုပ်စရာမလိုဘူး။ ကောင်းကင်ကတိမ်တွေကို အကြာကြီးမော့ကြည့်နေနိုင်တယ်။ သဘာဝတရားကို ခံစားနေနိုင်တယ်။

ညနေဆည်းဆာချိန်မှာ ဝင်လုဆဲနေကိုကြည့်ရင်း ကိုယ့်ဘဝမှာ ပျောက်သွားတဲ့အရာတွေကို ပြန်ရှာကြည့်နေနိုင်သေးတယ်။ ကျဉ်းမြောင်းတဲ့ရှင်သန်မှုတွေနဲ့ဝေးတဲ့နေရာမှာ ကျယ်ပြန့်လွတ်ငြိမ်းနေတဲ့စိတ်ရဲ့ သက်သာရာရနေပုံကိုလည်း အကဲခတ်နေနိုင်တယ်။ ယုံကြည်မှုနဲ့တည်ဆောက်ထားတဲ့ ကိုးကွယ်မှုရဲ့ ဆန်းပြားခြင်းတွေကိုလည်း ခံစားနားလည်နိုင်တယ်။ ဒါဟာ ဘာသာတရားရဲ့ အငွေ့အသက်ကင်းနေတဲ့ တိမ်တွေကို ခံစားနေခြင်းလား၊ ပျံလွှားတွေပျံနေတာကို ကြည့်ရင်း ကောင်းကင်ရဲ့ပျောက်ရှနေတဲ့ဘာသာစကားကို ခံစားနေမိတယ်။ ကိုယ်တိုင်လည်း တစ်စစီဖြစ်နေတဲ့ စိတ်ရဲ့ တစ်ချို့အပိုင်းအစတွေကို တောင်တန်းတွေကနေ ပြန်ကောက်ယူလာနိုင်ခဲ့တယ်။ လူတစ်ယောက်ကို ကိုယ့်စိတ်ထဲကထုတ်လိုက်တိုင်း ကိုယ့်ဘဝက ကျဉ်းမြောင်းသွားတယ်ဆိုတာကိုလည်း ဆင်ခြင်နေမိတယ်။ ဟုတ်လိမ့်မယ်ထင်တယ်။

ညပိုင်းမှာ ဘုရားရင်ပြင်တော်မှာထိုင်ရင်း စေတီနဲ့ကျောက်တုံးကို sketch လေးဘာလေးရေးခြစ်တယ်။ တစ်ချိန်က ခေါင်းလောင်းတွေ အခုအချိန်မှာ အသံဆွံ့အနေကြတယ်။ တစ်ချိန်က လေအေးဟာ ကွေ့ပြန်လာပေမယ့် တစ်ချိန်က လတ်ဆတ်မှုတွေကျန်ရစ်ခဲ့ပြီ။

နောက်တစ်နေ့မနက်စောစောမှာ အရုဏ်ဆွမ်းကပ်၊ မနက်စာစားပြီး တောင်အောက်ကိုပြန်ဆင်းလာခဲ့တယ်။ အပိုင်းအစဖြစ်နေတဲ့ စိတ်တွေကို ပြန်ကောက်သိမ်းခြင်းကို ရိတ်သိမ်းခြင်းလို့ အဓိပ္ပာယ်ဖွင့်မယ်ဆိုရင် ဒီခရီးစဉ်ဟာ ရိတ်သိမ်းခြင်းခြေလှမ်းများထဲကတစ်လှမ်းပါပဲ။
Carpenters ရဲ့ Yesterday Once More သီချင်းကို သတိရနေပြန်တယ်။

ကျိုက်ထီးရိုး ခရီးစဉ်နိတ္ထိတံ။

(အပိုင်း ၄ မှာတော့ မော်လမြိုင်ကိုပို့ပေးပါဦးမယ်။)
(အပိုင်း ၅ ကတော့ ပုဂံ၊ညောင်ဦး၊ပုပ္ပားဖြစ်မယ်ထင်ပါတယ်။)































Regards,
Z




Peace B with U.