Saturday, September 29, 2012

လူခြေတိတ်ချိန်

လူခြေတိတ်ချိန်။

သင်္ကြန်သီချင်းသစ်အဖြစ် ဂမ်နမ်စတိုင် က သင်္ကြန်မိုးကိုကျော်ဖြတ်ဖို့အသင့်ဖြစ်နေသည်။ တိုင်ဖက်ကခဲ့သူများ မြင်းကကဖို့ပြင်ဆင်နေပြီ။ ယဉ်ကျေးမှုဆိုတာ Do နေရာတော်မိခြင်းဖြစ်မည်ဟုထင်သည်။

နိုင်ငံရေးအတိုက်အခံများသည်နိုင်ငံရေးအလိုက်အထိုက်များအဖြစ် မကြာသေးမီက ပြောင်းလဲသွားသည်။ ရက်ကွန်စီလရေးရှင်း(reconciliation)ကိုပင် လက်ရှိအင်အားများအုပ်စုနှင့်လေသံတူပြုမူခြင်းဟူ၍ ဘာသာပြန်သင့်သည်ဟု ကျနော်ထင်နေမိသည်။ အတိုက်အခံဆိုသည်မှာ တိုက်ခိုက်ခုခံနေခြင်းမဟုတ်။ ပြည်သူများ၏ရင်တွင်းအသံများကို မကြားရသူများအတွက် အသံချဲ့ပြီး ပြန်ပြောပေးသူများဟုထင်သည်။ ပြည်သူများသည် အသံတိုးသည်။ ပြည်သူများသည် မျက်ရည်များသလောက် ဆန်အိုးတိုးခဲ့ဖူးခြင်းမရှိ၊ ပြည်သူများသည် အစိုးရအဆက်ဆက်ကို အလုပ်အကျွေးပြုရန် ဘဝအဆက်ဆက် ပါရမီဖြည့်ခဲ့ခြင်းဖြင့်ဆုတောင်းကောင်းနေသူများဖြစ်သည်။ လွှတ်တော်သည် ပွင့်လင်းမြင်သာမှုရှိသော ပိတ်ပါးအင်္ကျီလေးဖြစ်သင့်သည်။ လူများစု၏ နောက်ထပ် သုံးနှစ်တိတိ အသာရနေသောထိုင်ခုံများဖြန့်ခင်းပြသရာနေရာမျှသာမဖြစ်သင့်။ false hope မပေးချင်သည်မှာကောင်းသော်လည်း hopeless ဖြစ်စေခြင်းကတော့ မကောင်းပါ။

စီတန်းလမ်းလျှောက်ခွင့်ရသည်မှာ အင်မတန်ကောင်းမွန်သော်လည်း စီတန်းလမ်းလျှောက်စရာမလိုလောက်အောင် ကောင်းသော စနစ်ဆီသို့ ဆက်လျှောက်သွားနိုင်စေချင်သည်။ ကမ္ဘာ့ကုန်ကျစရိတ်အများဆုံးမြို့တော်စာရင်းတွင် ပါဝင်လာခြင်းသည် ဂုဏ်ယူစရာမကောင်းပါ။ ကမ္ဘာ့တစ်ဦးချင်းဝင်ငွေအမြင့်ဆုံး မြို့တော်ဖြစ်လာခြင်းနှင့် လားလားမျှမဆိုင်ပါ။ လပိုင်းအတွင်း ကားအဟောင်းဝယ်ရန် ဘီလျံဒေါ်လာများစွာ သုံးနိုင်သောလူမွဲများကို အံ့သြမဆုံး။၁၀၀ ရာခိုင်နှုန်း ကောက်ထားသောအခွန်များသည် မိုးပျံလမ်းမများအဖြစ် မိုးပေါ်ပျံတက်သွားခဲ့သည်ဟုထင်သည်။

ပညာရေးအတွက် ပြုပြင်ပြောင်းလဲမှုများလုပ်မည်ဟုမျော်လင့်ထားမိသော်လည်း ဒုံရင်းထက်ဆိုးသော GTU flow chart ထွက်လာသည်။ ဆွဲထားသည်ကပင် မမှန်။ အင်မတန်ဖျင်းသည်။ လူဖျင်းများသည်အင်မတန်ပေါသည်။ လူပေါများသည်လည်း အင်မတန်ဖျင်းသည်။ သဟဇာတမျှတသည်ဟု ဆိုချင်လျှင်ဆိုနိုင်သည်။ ရှဉ့်လဲမလျှောက်၊ ပျားလည်းမစွဲသော သစ်ကိုင်းတစ်ကိုင်းသည် ကျနော်တို့နိုင်ငံဖြစ်ပါသည်။ မျှော်လင့်ချက်များကို အတက်အကျဖြစ်စေတတ်သော လှတပတ နိုင်ငံငယ်လေးတစ်ခုလည်းဖြစ်သည်။ အလားအလာကောင်းများဖြင့် ပိနေသော ထီထိုးလျှင် ပေါက်ကံရှိသော် လည်းထီလက်မှတ်မဝယ်နိုင်သော သူဆင်းရဲမလေးနှင့်တူသည့် နိုင်ငံလည်းဖြစ်သည်။ ကုဋေ၁၆၀ ချမ်းသာခဲ့သော ခွက်လက်စွဲ couple ကိုသာ သတိရသည်။ မျိုးရိုးကအထက်တန်းစားတွေဟူသော သီချင်းသံကပင်ကြောင်စီစီဖြစ်နေသည်။

အခြေခံလိုအပ်ချက်ဆိုသည်မှာ လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ လေးသိန်း retirement plan အတွက် စုဆောင်းနိုင်ရန်ဖြစ်သည်ဟုဆိုလျှင် သင်ဘယ်လို သဘောရပါသနည်း။ ရေအိုင်သေးသေးလေးထဲတွင် ငါးကြီးကြီးလုပ်ချင်၍မရပါ။ မှန်ပုံး၏အကျယ်အဝန်းသည် သင့်ကြီးထွားမှုကို ကန့်သတ်ထားပြီးသားဖြစ်ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးခြောက်လှန့်မှုတို့သည် နိုင်ငံတစ်ခု၏ ဆင်းရဲမှု ကိန်းဂဏန်းများကို စိတ်တွင်းဆေးမင်ထိုးထားသည့် အရောင်များဖြစ်ပါသည်။ သင်သည် ဆေးရုံတက်ရမည်ကို သေခြင်းတရားနှင့် ချိန်ဆနေရလျှင်၊ သင်သည် လုံလောက်သော လျောင်းစာမဖူလုံလျှင်၊ သင်သည် မျှော်လင့်ချက်ပျောက်ဆုံးနေလျှင်၊ အသက်ရှစ်ဆယ်အထိ တစ်နေ့စာတစ်နေ့ရှာဖွေစားသောက်နေရလျှင်၊ သင်သည် သင့်မိသားစုအတွက် လုံလောက်သော ဝင်ငွေကို သမာအာဇီဝနည်းလမ်းဖြင့် ပြည့်စုံအောင်မရှာဖွေပေးနိုင်လျှင်၊ သင်သည် သင်၏ မိဘများကို မထောက်ပံ့နိုင်လျှင်၊ သင်သည် သင့်စိတ်စေတနာအရလှူရန်တန်းရန်ပင် အပိုငွေမရှိလျှင်၊ သင်သည် ပညာမဲ့တို့၏ ခိုင်းစေခြင်းကို ခေါင်းငြိမ့် လိုက်နာနေရလျှင် ထိုဝေဒနာများကို အောင်မြင်မှုများ၊ အောင်မြင်မှု၏ အသီးအပွင့်များဟု ဆက်လက်လက်ခံနိုင်ရန်ခက်ပါလိမ့်မည်။ ကလေးငယ်များ၊ အနာဂတ်၏ခေါင်းဆောင်များကို အင်တာနက်ရှင်နယ် ကျောင်းများမှပေါ်ထွက်လာမည်ဟူသော အမြင်ကို ကျနော်တို့ ဆက်လက်ယုံကြည်နေဦးမည်လား။ မြန်မာလိုပင်ကောင်းစွာမတတ်သော ကလေးများတွင် ကျနော်တို့၏ မျှော်လင့်ချက်ကို မြုပ်နှံရန်မှာ မည်သို့မျှမဖြစ်နိုင်ကြောင်း သင်လည်းကောင်းစွာသိခဲ့ပြီးဖြစ်ပါလိမ့်မည်။ အဆင်းများသည် ဘီးတပ်ဖို့မလိုပါ။ အတက်လမ်းများသည်ဆွဲချသူများပါလိမ့်မည်။

နိုင်ငံရေးပြက်လုံးများသာပြက်တတ်သော လူရွှင်တော်ကြီးအတွက် ဟာသလုပ်စရာမရှိတော့ပါ။ သူကိုယ်တိုင်ပင် ဟာသတစ်ဝက်ဖြစ်နေခဲ့ပြီထင်ပါသည်။ တက်ရောလက်ရောညီသော်လည်း လှော်ခတ်မှုမရှိသော လှေကြီးသည် စုပ်ဝဲအနီးတွင် သာယာနေပါသေးသည်။

မျှော်တတ်သော သဘောရှိသောနိုင်ငံတွင် အင်္ဂလိပ်ခေတ်တွင် ဘုရင့်သားကြီးပြန်လာကယ်တော့မယောင်မျှော်ခဲ့သလို၊ သည်ထက်ဝေးတဲ့ခေတ်များတွင် ဘုရားလောင်းဘုရင်မျှော်ခဲ့သလို ဆက်လက်မျှော်နေဦးမည်ဖြစ်ပါသည်။ ကယ်တင်ရှင် မက်ဆီးယား နိုင်ငံရေးသမားများကြွချီစံမြန်းတော်မူရန် မျှော်နေတုန်းဖြစ်ပါသည်။ ကိုအောင်ဝေးကဗျာထဲက ရီးညီလေး ပြန်လာသောအခါ မြန်မာဒီမိုကရေစီခေါင်းဆောင်ဟူသော အင်မတန်ခမ်းနားသော ပိတ်သားကိုကိုင်ဆောင်ကြိုဆိုကြသည်မှာလည်း အံ့ဘနန်းဖြစ်ရသည်။ ဒီမိုကရေစီခေါင်းဆောင်ဆိုသည်မှာ အတော်ချာတူးလန်သော အသုံးအနှုန်းဖြစ်ပါသည်။ ဒီမိုကရေစီတွင်ခေါင်းဆောင်မရှိပါ။ ရှိလျှင်လည်း ပြည်သူလူထုသည်သာခေါင်းဆောင်ဖြစ်ပါသည်။

ဒီမိုကရေစီပတ်လည်ရက်ရှစ်ဆယ်ဆိုသောစာအုပ်ကို Jules Verne အစားဆက်လက်ရေးနေသူမှာ ကျွန်တော်တို့၏ ချစ်လှစွာသော ကော့မှုးအမတ်ဖြစ်ပါသည်။ မဗေဒါသည်တစ်ပင်တည်းဖြစ်ပါသည်။ အသက်လည်းကြီးပါပြီ။ ပါတီဝင်တွေကိုတော့မသိပါ။ ရက်ပါတစ်ယောက်ပါသည်ဟုသာသိပါသည်။ သူလည်း ဘာတွေလုပ်နေသလဲမသိပါ။ နိုင်ငံရေးသမားကောင်းတို့မည်သည်မှာ ကိုယ့်အလုပ်ကို လူသိအောင်လုပ်နိုင်ဖို့လိုမည်ဟုထင်ပါသည်။ ပြည်ပရောက်နေသူများမှာလည်း လမ်းညွှန်ချင်သူများပါသည်။ ဆရာလုပ်ချင်သူများမှာ ဒုနဲ့ဒေးဖြစ်ပါသည်။ ဒုနဲ့ဒေး ဆိုသည်မှာ ၂ နှင့် ၂ ဟု အဓိပ္ပာယ်ထွက်မည်လားမသိပါ။ ထောင်မကျမှန်းသေချာမှ အဝေးရောက် ကန်ချက်များဖြင့် ကွင်းလယ်မှ ဂိုးသွင်းရန်ကြိုးစားနေသူများဖြစ်ပါသည်။ ပညာတတ်တစ်ချို့နှင့် ပညာကောင်းစွာမတတ်သော ဖေ့စ်ဘွတ်ခ်မှ ရှဲကြီးများမှာ သေမတတ်ဇာတိစိတ်ဇာတိမာန်ပြင်းထန်သူများဖြစ်မည်ဟုထင်ပါသည်။

အေဘီFဒီF ABFDF ဆိုသော ၂ခါ Fရသော အဖွဲ့အစည်းမှ ကိစ္စများသည် ခါတော်မီဇာတ်ကားကောင်းများဖြစ်ပါသည်။ ပန်းချီကိုထိန်၏ အရည်ပြားပေါ်မှ ဒဏ်ရာများ၊ ဒေါက်တာနိုင်အောင်၏ သဘောထားကြီးမှု၊ သြဇီရောက် ရဲမေ၏ တုံ့ပြန်ချက်၊ စသဖြင့် စီးရီးလိုက်ကြည့်မဝသည့် ဇာတ်ကားကြီးဖြစ်ပါသည်။ မြန်မာပြည်သည် စိတ်ဝင်စားစရာ တကယ့်ကို ကောင်းသည့်ဂန်ထဝင်သ ဇာတ်မြူးကြီးဖြစ်ပါသည်။

ကျနော်၏ အိမ်ပြန်ချိန်များသည် နီးလာလိုက်ဝေးသွားလိုက်ဖြစ်နေပါသည်။ တရုတ်ဒေါက်တာဘွဲ့ရ သမ်မတကြီးက ထပ်ခေါ်လျှင် ပြန်မည်စိတ်ကူးပါသည်။ သမ်မတကြီးသည် လေသံအေးအေးနှင့် စကားပြောတတ်သူဖြစ်ပါသည်။ ကိုမင်းကိုနိုင်နှင့် သမ်မတကြီး၏ အသံသည် လူရိုး၊လူကောင်းများ၏ အသံဖြစ်သည်ဟုထင်ပါသည်။ ကိုမင်းကိုနိုင်က ပီယာနိုတီး၊ သမ်မတကြီးက သီချင်းဆိုလျှင် သင့်မည်ဟုထင်ပါသည်။ မတရားသည့် ဥပဒေများကို လွန်ခဲ့သော အနှစ်နှစ်ဆယ်က ဖီဆန်ခဲ့ကြပြီးဖြစ်ပါသည်။ ယခုခေတ်တွင် မည်သည့်ခေတ်အခါနှင့်မျှမတူအောင်ဖြစ်နေပြီဖြစ်ပါသည်။ (မွင်းခါးတစ်ပွဲ၊အကြော်စုံနဲ့ ၁၂၀၀၊ သံပြာရည်က ၃၀၀၀၊ မနှစ်ကပြန်တုန်းကဈေး)။

၈၈တွင်သေသွားသောသူများမှာ သူရဲကောင်းများဖြစ်သည်ဟု လေသံဟဟ မပြောတော့သလိုဖြစ်နေပါသည်။  ရက်ကွန်စီလရေးရှင်း လေဖြတ်သွားသောကြောင့် လျှာလေးသွားတာဖြစ်နိုင်သည်ဟု ကျနော်ထင်မိပါသည်။

ပြည်တွင်းစစ်ပွဲများကို ကျနော်ကြိုက်ပါသည်။ ထိုဇာတ်ကားများတွင် ရမ်ဘိုလည်းပါ၊ အာနိုးလည်းပါ၊ ယန်းကလု ဗန်ဒိမ်းလည်းပါပါသည်။ တစ်ချက်တစ်ချက် နစ်ကီတာလာပြီး ဗုံးခွဲပါလိမ့်မည်။ ကချင်များသည် ဗမာမုန်းသူများဖြစ်ပါသည်။ ပင်လုံစာချုပ်တွင် အားအားယားယား လက်မှတ်ထိုးခဲ့သော ကချင်ကိုယ်စားလှယ်မှာ ကချင်များ၏ သမိုင်းတစ်လျှောက်တွင် တစ်သက်တာ ဗီလိန်ဖြစ်နိုင်ပါသည်။ ဖုံကန်ဒူဝါ ဆိုသူမှာ ဒူဝါဒီဒီဒူ ဒမ်းဒီဒီဒူဆိုသော သီချင်းကိုရေးစပ်သူမဟုတ်ပါ။ သူတို့လည်း အင်္ဂလိပ်ကိုတိုက်ထုတ်ခဲ့ကြပါသေးသည်ဟု သမိုင်းစာအုပ်များကဆိုသည်။ ကချင်ပြည်နယ်နှင့်ရှမ်းသည် ယခင်ထဲက လွပ်လပ်သောဒေသထူထောင်ချင်သူများဖြစ်ပါသည်။ ပြည်ထောင်စုစိတ်ဓာတ်သည် သာတူညီမျှမှုပေါ်တွင်သာအခြေခံသင့်သည်။ ကိုယ့်နယ်မြေမှ သယံဇာတ၏ အကျိုးအမြတ်ကိုပင် ခံစားခွင့်မရှိလျှင် ပြည်ထောင်စုစိတ်ဓာတ်သည် အင်မတန်ညံ့ဖျင်းနုံချာသည်ဟုပင်ဆိုနိုင်သည်။ ထားဝယ်တွင် ရေနံပိုက်လိုင်းများမှအကျိုးအမြတ်ဖြင့် လမ်းပြင်သည်ဟု သင်ကြားမိပါသလား။ ကချင်ပြည်နယ်မှ ကျောက်စိမ်းများကို တရုတ်ပြည်နယ်တွင် သင်လေ့လာနိုင်ပါလိမ့်မည်။ ကိုယ့်နယ်မြေတွင်ကိုယ့်လက်နက်ကိုယ်ကိုင်သည်မှာ သင့်သည်ဟုထင်ပါသည်။ မကျေနပ်လျှင် ကချင်ပြည်ဘက် မသွားပါနှင့်။ ကျောက်တွင်းများအတွက် အခွန်မကောက်ပါနှင့်။ လူမျိုးကြီးဝါဒများဖြင့် ကိုယ့်ပြည်နယ်ကိုယ်ကယ်တင်ကြလျှင်ပင် ဒီထက် တိုးတက်လာစရာအကြောင်းရှိမည်ဟုထင်သည်။ တရားသောစစ်ဆိုသည်မှာ တော်တော်လှပသော မိုက်မဲအရေးအသားတစ်ရပ်ထက်မပိုပါ။

အခြေခံပညာ အားနည်းသောသူများအဖို့ မတူညီသောအမြင်ကို နားလည်ရန်မှာ နွားမများ step dance ကတတ်ဖို့ထက်ပင်ပိုမိုခက်ခဲနေမည်မှာသေချာပါသည်။ သို့သော်ဖုံထအောင်ခုန်နိုင်သောခွေးကလေးများသည် ထနောင်းပင်ရိပ်ရှိ ကွပ်ပျစ်တွင် ရေနွေးကြမ်းတစ်အိုးနှင့်စာထိုင်ဖတ်နေသော လူကြီးသူမများအတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စရာမဟုတ်ပါ။

ကောက်ရိုးမီးစိတ်ဓာတ်ဖြင့် တိုင်းပြည်ကို ဖေ့စ်ဘွတ်ခ်အခြေစိုက် ကယ်ဆယ်နေသူများကိုလည်း သာဓု နှစ်ကြိမ်ခေါ်မိပါသည်။ လူလုံးမပြရဲဘဲ ဆဲတတ်သူများမှာ မြန်မာ့ယဉ်ကျေးမှုဟု တဖွဖွရွတ်ဆိုနေတတ်သူများသာဖြစ်နေတတ်သည်။ အလုပ်ဖြင့်သက်သေမပြနိုင်သူများသည် လေလုံးဖြင့်သာထွားကြိုင်းသန်မာလာလေ့ရှိသည်ဟုထင်ပါသည်။ မြန်မာပြည်ကြီးကို ကယ်တင်ရန် သင့်ကို တိုင်းပြည်မှအလိုရှိပါသည်ဟုဆိုလျှင် သင် ရယ်သွမ်းသွေးမည်လား။

ဘာမှမဟုတ်သောအကြောင်းအရာများကိုပြောခြင်းရေးခြင်းသည် မြန်မာ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။ ထိုအရာကို အလ္လာပ သလ္လာပဟုခေါ်ပါသည်။ ဘာသာရေးသမားများအတွက်မူ အလ္လာပ သလ္လာပသည် သမာဓိယုတ်လျော့ကြောင်း မိစ္ဆာ အကျင့်ဖြစ်ပါသည်။ သို့သော် သာမန်လူများအဖို့မူ ပျော်ရွှင်ဖွယ်ရာ၊ ဆင်ခြင်ဖွယ်ရာမပါလှသော စကားလုံးများဖြင့်ဆော့ကစားခြင်းသည် အပျင်းပြေစရာ မွေ့လျော်စရာဖြစ်သည်။

သင်၊ကျနော်နှင့်ခင်ဗျားတို့ သာယာနေချိန်တွင် စစ်ပွဲတွင်ကလေးငယ်များ ဆာလောင်နေသည်။ လူတစ်ချို့သေနေသည်။ ဆင်းရဲသားများ လယ်သိမ်းခံနေရသည်။ အထည်ချုပ်စက်ရုံမှကလေးများ အလုပ်ပြုတ်နေသည်။ သာယာနေပါသည်ဟု သင်ထင်နိုင်ခွင့်ရှိသေးလျှင် အင်မတန်ကံကောင်းပါသည်။ ဆေးဖိုးဝါးခမတတ်နိုင်သောသူများ၊ ဆွမ်းတစ်နပ်အတွက် အခြေခံဆွမ်းဟင်းမပြည့်စုံသော သီလရှင်များ၊ ကျောင်းပြီး၍ အလုပ်မရနိုင်သော လူငယ်များ၊ မျှော်လင့်ချက်မှိန်ဖျော့သောမျက်လုံးများ၊ အဝေးဆုံးပျံသောငှက်များ၊ စကားလုံးလှလှဖြင့် ပျော်ကျစီးဆင်းသွားသော ဦးနှောက်ဆိုသည်များ၊ သူ့အရပ်နှင့်သူ့ဇာတ်အတွင်း အသားမကျနိုင်သူများ။ မျက်တောင်မှကျော်မကြည့်သရွေ့ နေသာသောလောက၊ ကျနော်တို့တိုင်းပြည်၊ မျှော်လင့်ချက်ကြီးတခွဲသားနဲ့ အသည်းအကြီးကြီးကွဲနေတဲ့ ဇာမဏီငှက်၊ အိုဘယ့် မြန်မာပြည် ......................။               ။

Regards,
တောင်ရောက်မြောက်ရောက်။




Peace B with U.

Wednesday, September 26, 2012

ဗုဒ်ဓဟူးနေ့သည်သင့်ထံသို့ဆိုက်၂မြိုက်၂ကျရောက်လာခဲ့သည်ရှိသော်

ဗုဒ်ဓဟူးနေ့သည်သင့်ထံသို့ဆိုက်၂မြိုက်၂ကျရောက်လာခဲ့သည်ရှိသော်

အသက်ကြီးလေ လက်လွတ်စပယ်ပြောရခက်လေဖြစ်လာတယ်။
အရင်နှစ်တွေကတော့ ပြက္ခဒိန်တစ်နှစ်ကို အသက်တစ်နှစ်ကြီးတယ်။ အသက်သုံးဆယ်နောက်ပိုင်းတော့ ပြက္ခဒိန်တစ်နှစ်ကို အသက်နှစ်နှစ်ကြီးလာတယ်။

အသက်ကြီးလာလေ လူတွေက စိတ်တွေနုလာကြတယ်ထင်တယ်။ နုလာတယ်ဆိုတာထက် အထိအခိုက်မခံနိုင်တဲ့ ထိကရုဏ်းပင်လေးတွေဖြစ်လာကြတယ်ထင်တယ်။  အသက်သုံးဆယ်ကျော်အဖွားကြီးတွေက ၂၀ ကျော်လေးတွေထက် အချစ်အကြောင်းပိုပြောသလိုဖြစ်နေတာတွေ့ရင် သိပ်ရယ်ချင်တယ်။ ကလေးတွေချစ်ပါစေလား။ ရွယ်တူတွေထဲမှာ တွေ့တွေ့နေရတာကိုပြောပါတယ်။

စကတည်းက အိမ်ထောင်မပြုဘူးဆိုပြီး ကိုယ့်ဘာသာကိုယ်အေးအေးနေတဲ့သူတွေကိုတော့ လေးစားတယ်။ အပူမရှာချင်လို့ အေးအေးနေတာ အင်မတန်ကောင်းတယ်ထင်တယ်။ ယူမယ်လို့စဉ်းစားထားပြီးအချိန်စောင့်နေတဲ့သူတွေကိုတော့ ဘာမှစဉ်းစားမနေနဲ့အရင်ယူထားလိုက်၊ပြီးမှဆက်စဉ်းစားပါလို့အကြံပေးချင်တယ်။(ရွဲ့ပြောတာပါ။)

ယူရင်တော့ သဒ္ဓါတူတာကိုယူ၊ သီလတူတာကိုယူ၊ ဒါနတူတာကိုယူ၊ ပညာတူတာကိုယူလို့အကြံပြုတယ်။ ကျွန်တော်ကအကြံပြုတာမဟုတ်ဘူး။ ကျွန်တော့်ကိုအကြံပြုတာလည်းမဟုတ်ဘူး။ ဗုဒ္ဓက နကုလမာတာ+ပီတာ ကိုဟောတာ။ ဘဝတိုင်းပေါင်းနိုင်ဖို့ဆိုလားပဲ။ ဘဝတိုင်းပေါင်းတာမပေါင်းတာနောက် လောလောဆယ် ဒီဘဝပေါင်းရင်ကို အကျင့်မတူတဲ့သူယူမိရင်စိတ်ညစ်ရမယ်။ တစ်ချို့တွေက ဘာသာမတူလည်းဖြစ်တယ်။ အဆင်ပြေအောင် လျှော့ဈေးနဲ့ရောင်းမယ်ဆိုတဲ့အထာတွေရှိတယ်။ ယူပြီးတော့မှ မင်းဘာသာက ဘာဖြစ်တယ်၊ညာဖြစ်တယ်ဆိုတဲ့ ခပ်ပေါပေါ စကားတွေထွက်လာရင် စိတ်ညစ်ရမယ်။ လူတွေဟာ ရည်းစားဘဝကို အဟုတ်ထင်တာများတယ်။ တကယ်ယူပြီးရင် ဒီလောက်သည်းမခံနိုင်တော့ဘူး။ စကတည်းက ဟန်မဆောင်တာကောင်းတယ်။ ယူပြီးတော့မှ ပြန်အမ်းလို့ရတာမဟုတ်ဘူး။ ဘာသာမတူတဲ့သူတွေလက်ထပ်ရင်တော့ တစ်ယောက် ဘာသာကို တစ်ယောက်က လေးစားနိုင်မှဖြစ်မယ်လို့ထင်တယ်။ အယူဝါဒမတူပေမယ့်တစ်ယောက်ကို တစ်ယောက် ဘာသာရေးနဲ့ပတ်သက်ပြီး မချုပ်ချယ်တာ အင်မတန်သဘောထားကြီးတဲ့ စရိုက်လက္ခဏာဖြစ်တယ်။

သဒ္ဓါကို ဘာသာလို့စွဲယူလိုက်ရင်တော့ မဟုတ်သေးဘူးလို့ထင်တယ်။ ကုသိုလ်အကုသိုလ်ကိုတောင် တစ်ဘာသာနဲ့တစ်ဘာသာမတူဘူးထင်တယ်။ ပညတ်တော်ဆယ်ပါးဆိုတာနဲ့ ငါးပါးသီလနဲ့လည်းတူတာမဟုတ်ဘူး။ ခရစ်ယာန်မှာတော့ ပညတ်တစ်ပါးပဲရှိတယ်။ အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ပါ ဆိုတဲ့တစ်ခုပဲ။ ကျန်တာတွေက မိုးဇက်ဆိုတဲ့သူ စတန့်ထွင်ပြီး ကျောက်ပြားမှာလျှောက်ရေးတာတွေပဲ။နောက်တော့ ရောင်းကောင်းအောင် မုတ်ဆိတ်ဖြူကြီး God ပေးလိုက်တာလို့ပြောတဲ့ဟာတွေ။ Jesus ကတော့ရှင်းရှင်းပဲ တစ်ယောက်နဲ့တစ်ယောက်မေတ္တာအစစ်နဲ့မှမချစ်ရင် ကျန်တာတွေက ဟန်ဆောင်တာတွေပဲဖြစ်မယ်ဆိုတဲ့ အယူဝါဒကနေလာတယ်။ အဲဒါကြောင့်ပဲ ဂျူးတွေက သတ်လိုက်တာပဲ။ ဂျူးတွေရဲ့ ရှေးရိုးဝါဒအရ ဟန်ဆောင်တာသိပ်များတယ်။ သီလယူထားရင် လမ်းပေါ်မှာပဲ တလွှားလွှားနဲ့။ အဲဒီ ဖာရိရှဲ ဆိုတဲ့ စာတတ်ပေတတ် လူကတ်တွေကို ဟစ်ပိုခရစ်လို့ ပြောလို့ အသတ်ခံရတာဖြစ်ဖို့များတယ်။ သူ့အဖေရဲ့ road map အရ ဂေါလဂေါသဆိုတဲ့ ဦးခေါင်းခွံအရပ်မှာ သုံးနာရီလက်ဝါးကပ်တိုင်မှာနေပြီး ဧလိဧလိ လာမာစာဘတ်သနီ (Eloi, Eloi, lama sabachthani)ဆိုတာလေး ရွတ်ပြီး သေသွားတာပဲ။ သူကတော့သုံးဂဏန်းသိပ်ကြိုက်တယ်။ တရားစဟောတော့ အသက်သုံးဆယ်။ ဟောတော့ သုံးနှစ်။ သုံးရက်မြောက်သောနေ့မှာ အိပ်ရာကပြန်နိုးတယ်လို့အဆိုရှိတယ်။

ဗုဒ္ဓဘာသာမှာဆိုရင် မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊ဖြူအောင်စိတ်ကိုထားဆိုတာဟာ အရိုးဆုံးနဲ့အရှင်းဆုံးပဲ။ အဲဒါဟာ အခြေခံပဲ။ ကျန်တာတွေကတော့ ဒီအခြေခံရရင်လွယ်သွားမယ့်အရာတွေ။  
ဗုဒ္ဓခေတ်တုန်းကတော့ ဟိန္ဒူတွေများသေးတော့ အခြေခံသဘောတရားတွေမှာ  သတိထားပြီးပညတ်တာကိုတွေ့နိုင်တယ်။ ဗုဒ္ဓမပေါ်ခင်ကတည်းက ငါးပါးသီလဆိုတာရှိတယ်။ သူတော်ကောင်းတွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် တစ်ချို့ထင်တာက ဒီလူတွေကို တိတ္ထိ=အယူမှားသောသူလို့ထင်တယ်။ တိတ္ထိလို့ ဗုဒ္ဓပြောတဲ့သဘောက မဂ်တရား၊ဖိုလ်တရားနဲ့ဝေးနေသေးလို့ ကရုဏာနဲ့သုံးတဲ့စကားဖြစ်ပါတယ်။ နောက်ပိုင်းတော့ အယူဝါဒမတူတာနဲ့တင် အပါယ်လားမယ်ဆိုတဲ့သဘောမျိုးနဲ့ တိတ္ထိလို့ နှိမ်သလိုခေါ်တာတွေဖြစ်လာတာကတော့ နည်းနည်းလေး သုံးသပ်ဖို့ကောင်းတယ်။ ဗုဒ္ဓပွင့်တော့ ဗုဒ္ဓကလွဲရင်ကျန်တဲ့သူတွေအားလုံးက တိတ္ထိတွေပဲ။ သူ့ဆရာတိတ္ထိကြီးကိုပဲ တရားဟောဖို့ကြည့်တော့ ဗြဟ္မာပြည်ရပ်ပြစ်ထဲရောက်နေတာတွေ့ရတယ်။ တကယ်ဥာဏ်ကောင်းတဲ့ တိတ္ထိကြီးဆိုလို့ အဲဒီဆရာကြီးပဲရှိပုံရတယ်။ နောက်မှ ရှေးဘုရားတွေဘာလုပ်သလဲဆင်ခြင်ပြီး ဝေနေယျတွေကို ဟောတာပဲ။ ဗုဒ္ဓဘာသာမှာတော့ ကုသိုလ်ဆိုတာ စိတ်ကြည်လင် သန့်ရှင်းမှုကို မပျက်ပြားစေဘဲ တွေးမိတိုင်း ပီတိဖြစ်ရတဲ့ မွန်မြတ်တဲ့လုပ်ရပ်။ အကုသိုလ်ဆိုတာ စိတ်ကြည်လင်မှု၊ဖြူစင်ရှင်းသန့်မှုကို နောက်ကျိ ပျက်ပြားစေတဲ့ အတွေး၊အကြံ၊အလုပ်၊အပြုအမူ၊အပြောအဆိုတွေပဲ။

ဘာသာတရားတွေမတူညီသော်လည်း မြင့်မြတ်တဲ့တန်ဖိုးတွေဟာ တစ်ခုကိုတစ်ခု ပြဿနာမတက်ကြဘူးလို့ထင်တယ်။ ဘာသာမတူညီသော်လည်း ဓမ္မအနှစ်သာရအရတစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိနိုင်တယ်။ ဟိုတစ်ခေါက်လည်း ဘာသာနဲ့တရားခွဲပြီးတစ်ခါပြောဖူးပါတယ်။  ဘာသာဆိုတာ နာမည်ခံပဲ။ အဲဒီဘာသာရဲ့ တရားကို တကယ်သိရင် ငြိမ်းချမ်းတာပဲ။ ပျော်ရွှင်ရတာပါပဲ။ အဲဒီ အနှစ်သာရကို ရထားရင် တခြားဘာသာကို မကောင်းဘူးလို့ ဘယ်လိုမှမပြောနိုင်ဘူး။ သူ့အယူ၊သူ့ဝါဒ သူ့အတိုင်းအတာနဲ့သူမှန်မှာပဲ။ တောထဲမှာနေတဲ့ ခြင်္သေ့ဟာ သမင်ကို အစာအဖြစ်ဖမ်းဆီးပြီးစားမှာပဲ။ သူရှင်သန်ဖို့လိုတာကို သူစားတာ သူ့အပြစ်မဟုတ်ဘူး။ သူ့အတွက်သဘာဝတရားထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ သူကြိုးစားရတဲ့သဘောပဲ။ သူ ကုသိုလ်အကုသိုလ်ကို မသိနိုင်ဘူး။ ဗိုက်ဆာရင်ဖမ်းစားလိုက်မယ်။ မဆာရင်မစားဘူး။ ကြိုပြီးဖမ်းထားမယ်လို့စိတ်မကူးဘူး။ သူနားလည်တဲ့ အတိုင်းအတာ ဒိုင်မင်းရှင်းတစ်ခုမှာ သူနေထိုင်တယ်။ သူ့မှာ သူ့ရဲ့ဓမ္မရှိမယ်။ သူ့ရဲ့အတွေးအခေါ်ရှိမယ်။ ခြင်္သေ့အတွက်တော့ ဒါဟာ သဘာဝပဲ။

ဘာသာတရားတွေမှာလည်း သူ့သဘာဝနဲ့သူ၊ သူ့အလှနဲ့သူပဲ။ စက္ကူပန်းဟာ အနံ့မရှိပေမယ့် လှသလို၊  နှင်းဆီပန်းဟာဆူးတွေနဲ့လှတာပါပဲ။ ရွက်လှပန်းဟာလည်း စိမ်းစိမ်းစိုစိုလှနေတာပဲ။ နာမည်ဖျက်နေတာက ဘာသာရေးအရေခြုံ တရားမဲ့တဲ့သူတွေပဲ။ အဲဒီလို အရေခြုံတွေယူမိရင်တော့ စိတ်ညစ်ရမယ်။ သူပိုကောင်းတယ်လို့ထင်တဲ့သူ့ဘာသာကို ပရိုမိုးရှင်းဆင်းတာတွေကိုလည်း နားကလောရမယ်။ ကိုယ့်ဘာသာကို စော်ကားသလိုပြောတာကိုလည်း အောင့်သက်သက်နဲ့သည်းခံရမယ်။ ဒါတွေမဖြစ်ချင်ရင် မယူခင်သေချာစဉ်းစားဖို့လိုတယ်။ဒါကို အလေးအနက်ပြောချင်တယ်။

လူတိုင်းမှာ ကိုယ့်ကိုယ်ကို အကောင်းဆုံးတည်ဆောက်ခွင့်ရှိပါတယ်။ ဒီအခွင့်အရေးဟာ မွေးရာပါအခွင့်အရေးပါပဲ။ ဒီအခွင့်အရေးကို တန်ဖိုးထားရမယ်။ ကိုယ့်ရဲ့ ပိုကောင်းတစ်ခြမ်း(better half) မှာရှိတဲ့ မွေးရာပါ အခွင့်အရေးကိုလည်းလေးစားရမယ်လို့အလေးအနက်ယုံကြည်ပါတယ်။ ယူကတည်းက သိပ်ပြီး အသိဥာဏ်အဆင့်အတန်းကွာတဲ့သူကိုယူထားရင်တော့ အခက်အခဲရှိမယ်ထင်ပါတယ်။

တခါက ဆရာအောင်သင်းပြောသလို မိန်းမတွေဟာ ယောကျာ်းယူတာကို ထမီလောက်တောင်မရွေးဘူးဆိုတာကို သတိရပါတယ်။ ထမီဝယ်ရင် ရှိပြီးသား အဝတ်အစားတွေနဲ့လိုက်ရဲ့လား၊ကိုယ့်အသားအရောင်နဲ့လိုက်ရဲ့လား၊ပွဲနေ့ပွဲထိုင်နဲ့သင့်တော်လား သေချာအထပ်ထပ်ရွေးပေမယ့် ကိုယ်ယူမယ့် ယောကျာ်းကိုတော့ မိဘအသိုင်းအဝိုင်းနဲ့အဆင်ပြေမလား၊ ကိုယ့်ဘာသာအယူဝါဒနဲ့ အဆင်သင့်ပါ့မလား မတွေးဘူးလို့ ဆရာသင်းကပြောဖူးပါတယ်။

နောက်ထပ် ဆရာအောင်သင်းပြောတာတစ်ခုက ရည်းစားတွေပြတ်ကြတာဟာ အိမ်ထောင်ကွဲတာထက်ပိုကောင်းပါသေးတယ်ဆိုတာကိုလည်းမှတ်မိတယ်။ မကြိုက်ရင် စောစောစီးစီးဖြတ်ထားဖို့အကြံပေးလိုပါတယ်။ ကျွန်တော်ကတော့ စိတ်ဆင်းရဲရတဲ့သူကို ယူကို မယူပါနဲ့လို့ပြောချင်ပါတယ်။ ဘဝက သူ့အလိုလို ဒုက္ခများပြီးသား၊ တစ်ယောက်တည်းနေရင်တောင် ဒီလောက်ဒုက္ခများမှာမဟုတ်ဘူး၊ စိတ်ညစ်စရာလူကို ယူမိတာဟာ ယာဉ်ကြောပိတ်နေတုန်း အမိုက်ကားနောက်မှာ ကပ်လျက်ရပ်မိတဲ့ အမိုးပွင့်ကားထဲကလူလိုပါပဲ။ အသက်ရှူမဝဘူး။ လမ်းကလည်းပိတ်နေတယ်။ နောက်လည်းပြန်လှည့်လို့မရဘူး။

ဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ထဲမှာ ကိုယ်တကယ်လိုမလိုမသေချာရင် အဲဒီပစ္စည်းကို မဝယ်နဲ့လို့ဆိုတယ်။ အဆင်ပြေမယ်လို့မထင်ရင်မယူတာကောင်းတယ်။ ကိုယ့်ဘဝကို ပြည့်ပြည့်ဝဝနေလို့ရတယ်။ ဘာမှညှိနှိုင်းနေစရာမလိုဘူး။ သူစောသေသွားလို့ တောမလိုက်ဘဲ မုဆိုးဖြစ်စရာလည်းမလိုဘူး။ ကောင်းချက်။

ကိုယ်ယူဖို့ရည်စူးထားတဲ့သူမှာ ကိုယ်လုံးဝလက်မခံနိုင်တဲ့အချက်တွေရှိရင် စောစောစီးစီး ဆုံးဖြတ်ပါ။ ယူပြီးမှပြင်မယ်လို့စိတ်မကူးပါနဲ့။ သောက်နေကြလူက သောက်မှာပါပဲ။ ကိုယ်ဘယ်လောက်အတိုင်းအတာအထိ လိုက်လျောညှိနှိုင်းနိုင်မယ်ဆိုတာကို ချင့်ချိန်ပါ။

မယူတော့ဘူးလို့စဉ်းစားရင်လည်း ပြတ်ပြတ်သားသားလုပ်ပါ။ ကားကြပ်တဲ့ကားပါ့ခ်လို၊ ကိုယ်ဖယ်ပေးမှ တခြားကားလာရပ်လို့ရမယ်။ ကိုယ်ချင်းစာပါ။

အားမနာပါနဲ့။ ကိုယ့်ဘဝမှာ အေးအေးချမ်းချမ်းနေဖို့ဆုံးဖြတ်ရမှာ ကိုယ့်တာဝန်ပဲ။

ယူမယ့်သူတွေဖြစ်ဖြစ်၊မယူမယ့်သူတွေဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး အသင့်တော်ဆုံးနဲ့နားလည်မှုအရှိဆုံးသူကို ရွေးချယ်နိုင်ကြပါစေကြာင်း ဆန္ဒမွန်ပို့သပါတယ်။

Regards,
The Gardener



Peace B with U.