Sunday, March 28, 2010

ဟာသနှင့် ဆန့်ထွက် တွေးခြင်း (၄)


ဟိုးရှေးရှေုးတုန်းက သင်ရတဲ့ အဌာရသ ၁၈ ရပ်မှာ ဟာသ ပညာလည်းပါပါတယ်။ အခုလည်း

အဲဒီအတန်းမျိုးရှိရင် တက်ချင်ပါတယ်။ တော်တော်လည်း ရယ်စရာကောင်းမယ်လို့ထင်ပါတယ်။ ဟာသ အချိန်ဆို ဒိသာပါမောက္ခကြီးဟာ Rap ဘောင်းဘီ ပွပွကြီးကို ၀တ်ပြီး International Jokes တွေကို တစ်ခုချင်းချပြဆွေးနွေး ... ကျောင်းသားတွေကလည်း ထိုင်ရယ်နေတာနဲ့ ဘာမှ မမှတ်မိ။ စာမေးပွဲဖြေတဲ့အခါ ... အဖြေတွေက မရယ်ရရင် အကျပေးပြီး သိပ်ကို ရယ်ရတဲ့ အဖြေတွေကိုပဲ အောင်မှတ်တွေ ဂုဏ်ထူးတွေပေး ... သိပ်တော်တဲ့ ကျောင်းသားတွေက Street Comedians တွေ .... ဟာသသမားတွေ ဖြစ်လာကြ။ တော်တော်လေး ပျော်စရာကောင်းမယ်ထင်ပါတယ်။

ကျွန်တော် ငယ်တုန်းက အနာဂါမ် ဆရာသက်ကြီး စာအုပ် ဖတ်ပါတယ်။ အဲဒီမှာ ဘာပါလဲဆိုတော့ အာနာပါနကို ထိထိရောက်ရောက် အားထုတ်တဲ့သူတွေဟာ သေမယ့်နေ့ရက် အချိန်ကို အတိအကျ သိနေတယ်ဆိုတာပါပါတယ်။ ကိုယ်တွေ့ဖြစ်ရပ်တွေလည်းပါပါတယ်။ နောက်ပိုင်း ထပ်ပြီး သိလာရတာကတော့ အာနာပါန ကမ္မဌာန်းရဲ့ ထူးခြားချက်တစ်ခုမှာ အဲဒီ သေချိန်ကို ကြိုသိစေတတ်ခြင်းဆိုတာပါတယ်ဆိုတာပါပဲ။ ဒါကတော့ အလေးအနက်ကိစ္စတွေပါ။ မနေ့က Xanthos နဲ့ပြောဖြစ်တော့မှ တစ်မျိုးဖြစ်သွားတယ်။

Xanthos: ငါ့အဘိုးက သေမယ့်အချိန်ကို နေ့လ၊ ရက်မလွဲသိတယ်ကွ။

Z: မင်းအဘိုးက အာနာပါနသမားလား။ တော်တော်အားထုတ်ခဲ့တာလား။

Xanthos: မဟုတ်ဘူးကွ။ တရားသူကြီးက ပြောတာ။

သူပြောတာကြားရတော့မှ အဲဒီဟာသကို ပြန်သတိရတယ်။ ဟာသသမားတွေကို တခါတခါ အံ့သြမိတယ်။ သူတို့ရဲ့ ဟာသအမြင်တွေကို တော်တော်လေးသဘောကျမိတယ်။ ပုံမှန်အားဖြင့်တွေးမယ်ဆိုရင် ဘယ်လိုမှ ဟာသဖြစ်အောင် မလုပ်နိုင်မယ့်ဟာတွေကို ဟာသဖြစ်သွားအောင် လှည့်တွေးလိုက်တာ စိတ်ဝင်စားစရာကောင်းပါတယ်။

သမ္မာကျမ်းစာမှာ ပါတဲ့ အချက်တစ်ခုကို ဟာသလုပ်ထားတာလည်း ဖတ်ဖြစ်ပါတယ်။ အခြေခံလေးတွေပြောထားရင်ပိုပြီးနားလည်မယ်ထင်ပါတယ်။ ဘုရားသခင်က မောရှေကို စတွေ့တဲ့အချိန်မှာ မီးလောင်နေတဲ့ ခြုံပုတ်ကနေ "Ehyeh asher ehyeh" (အင်္ဂလိပ်ဆိုရင် I am that I am) လို့ပြောတယ်။ ဘုရားသခင်ရဲ့ အင်္ဂလိပ်စာကို ဘာမှမဝေဖန်ပေမယ့် အတော်လေးနားလည်ရခက်ပါတယ်။

agnostic - ဘုရားရှိနိုင်တယ်လို့ လက်ခံပေမယ့် ရှိတယ်လို့ တိတိကျကျမယုံကြည်သူ။

atheist - ဘုရားရှိကြောင်း မယုံတဲ့သူ။

သူတို့ နှစ်ယောက်အကြောင်းရေးထားတာလေးလည်းဖတ်ကြည့်ပါဦး။

တစ်နေ့မှာ agnostic နဲ့ atheist တို့လမ်းလျှောက်ထွက်လာရင်း လမ်းက ခြုံပုတ်မှာ မီးတွေလောင်ပြီး "I am that I am" လို့ အသံတစ်ခုကပြောတယ်။ Agnostic က tape recorder လေးထုတ်ပြီး အသံဖမ်းတယ်။ Atheist ကတော့ ပခုံးတစ်ချက်တွန့်ပြီး သကြားလုံး ၀ယ်ဖို့ ဆက်ထွက်သွားတယ်။

ဒီဟာသလေးက တိုတိုလေးပါပဲ။ ဒါပေမယ့် အတော်လေး လေးနက်ပါတယ်။ လူတွေဟာ ယုံကြည်ထားတာကိုပဲ လက်ခံပြီး။ လက်ခံထားတာကိုပဲ အသေယူလိုက်ပါတယ်။ ကျန်တဲ့ အမှန်တရားတွေအတွက် လမ်းမဖွင့်ထားတော့ပါဘူး။ ရောမမြို့ကို တစ်ရက်တည်းဆောက်ခဲ့တာမဟုတ်ဘူးဆိုတာကိုပဲ ပြောကြပါတယ်။ ဘယ်မြို့ကို တစ်ရက်တည်း ဆောက်ခဲ့သလဲ ဆိုတာအထိ ဆက်မတွေးတော့ပါဘူး။ လမ်းပိတ်လိုက်ပါတယ်။ full stop ချလိုက်ပါတယ်။ ပန်းသီးကြွေတာကို မြင်ဖူးတဲ့သူတွေများပြီး နယူတန်တစ်ယောက်ပဲ မြေဆွဲအားကို မြင်ခဲ့ပါတယ်။ ကျန်တဲ့သူတွေမမြင်တာက ပန်းသီးကြွေတာနဲ့ပတ်သက်ပြီး သူတို့ဟာ အားလုံးသိပြီးသားလို့ယူဆတဲ့အတွက်ဖြစ်ပါတယ်။ အားလုံးသိတယ်လို့ထင်တဲ့သူတွေဟာ အနည်းဆုံး why ကို အသုံးပြုကြတယ် သူတို့အများဆုံးသုံးတာက because ဖြစ်တယ်။ multiculturalism အရ ကိုယ်မသိတာဟာ အမှားပဲလို့ယူဆတဲ့သူဟာ သဘောထားသေးသိမ်တဲ့သူပဲဖြစ်ပါတယ်။ မသိတာကို အမှန်အမှား ၀င်ပြောနေတာဟာ စိတ်ရောဂါ အနုစားတစ်မျိုးထက်မပိုပါဘူး။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ဘယ်မှာမဆို ပြည့်စုံတဲ့အယူအဆဆိုတာမရှိပါဘူး။ အဆင်အပြေဆုံးနည်းလမ်းကို အသင့်တော်ဆုံး သုံးသွားတဲ့သူတွေဟာ အောင်မြင်လာကြတာပါပဲ။ ပညာတတ်ဦးရေဟာ တိုင်းပြည်ရဲ့ဘယ်နှရာခိုင်နှုန်းရှိသလဲဆိုတာမသိဘဲ ဘယ်လို အကောင်းဆုံး အုပ်ချုပ်ရေးပုံစံတစ်ခုကိုမှ အကောင်အထည်ဖော်လို့မရနိုင်ပါဘူး။ ၀ ထ က လ သ တတ်တာဟာ စာတတ်တာလို့ယူဆလို့မရသလို၊ ဘွဲ့ရတာဟာလည်း ပညာတတ်တာလို့ ယူဆလို့မရပါဘူး။ Educated ဖြစ်ဖို့ Graduated ဖြစ်စရာမလိုပါဘူး။ ဥပမာ ဆော့ခရေတ္တိလိုလူကို ဘွဲ့မရပါဘူး။ အလကားကောင် ဆိုက်ကားနင်းရမယ် သွားပြောလို့မရပါဘူး။ Graduated ဖြစ်ဖို့က သင်ရိုးရှိပါတယ်။ သင်ရိုးမှာပါတာကို နားလည်ရင် ဘွဲ့တစ်ခုရပါတယ်။ ဘွဲ့တစ်ခုကို ပျင်းရိပျင်းတွဲရခဲ့တဲ့သူတွေဟာ ဘွဲ့ရပြီးတာနဲ့ သင်ယူမှု အဆုံးသတ်ပါတယ်။ ဘ၀မှာ ဒီလောက်ပဲ။ ပညာရေးကိစ္စသည် ဤတွင်ပြီး၏ လို့ယူဆပါတယ်။ အဲဒီလူတွေကို ဘွဲ့ရ ပညာတတ်ဆိုတဲ့ စကားလုံးအစား ဘွဲ့ရ .. အဆင့်မြင့် ၀ထကလသ လို့ သတ်မှတ်ရပါမယ်။ ၀ ထ က လ သ တွေများနေသရွေ့ ...ပညာတတ်တွေနည်းနေဦးမှာပါပဲ။ ငကန်းတွေ ရပ်ရွာမှာ တစ်ဖက်လပ်ဟာ ဘုရင် ဆိုတဲ့စကားပုံရှိပါတယ်။ အားလုံးမြင်တဲ့ လူတွေရဲ့လောကမှာတော့ တစ်ဖက်လပ်ဟာ တစ်ဖက်လပ်ပဲဖြစ်ပါမယ်။ ဘုရင်တော့မဖြစ်တော့ပါဘူး။ တစ်ဖက်လပ်ဘုရင် မရှိဖို့ထက် အားလုံး မြင်ဖို့က ပိုအရေးကြီးပါတယ်။ ဒီဟာသလေးနဲ့ဆက်စပ်ပြီးပြောရင်တော့ အသံဖမ်းစက်တွေထုတ်ဖို့လည်းမလိုပါဘူး။ မသိချင်ယောင်ဆောင်သွားဖို့လည်းမလိုပါဘူး။ တွေ့တာကိုမှန်မမှန် စီစစ်ဖို့ပဲလိုပါတယ်။ ကိုယ့်တာဝန် ကိုယ်ယူတဲ့သူတွေများလာတဲ့အခါ ... ထိုက်တန်တဲ့ယဉ်ကျေးမှုထွန်းကားလာမှာပါ။ ကိုယ်က freedom ကို ဘယ်လောက်တန်ဖိုးထားသလဲ။ နေ့စဉ်ဘ၀ထဲမှာရော freedom ကို ဘယ်လို ရအောင် ကြိုးစားနေသလဲ။ မိသားစုမှာရော ကိုယ်က ငွေရှာသူဆိုရင် ပြောရေးဆိုခွင့်ရှိသူလို့ ကိုယ့်ကိုယ်ကို ယူဆလား။ အခြေခံလေးကအစပြန်သုံးသပ်သင့်ပါတယ်။ ကိုယ်နဲ့ ထိုက်တန်ရင် တစ်နေ့ရမှာပါပဲ။ မထိုက်တန်ဘဲရတာမျိုးက ကိုယ့်လက်ထဲမှာ ကြာရှည်မရှိတတ်ပါဘူး။ မျောက်တစ်ကောင်အတွက်တော့ Mac Book Pro ရတာဟာ အုန်းသီးတစ်လုံးရတာထက်မပိုပါဘူး။


နောက်ထပ်ဟာသလေးတစ်ပုဒ်ပါ။ ဂျူးအဘွားအိုကြီးဟာ ကမ်းခြေနားက တဲမှာ သူ့မြေးနဲ့အတူနေပါတယ်။ တစ်နေ့ သူ့မြေးလေး အပြင်ထွက် ဆော့နေုတုန်း လှိုင်းတွေကြီးလာပြီး မြေးကလေး ရေထဲပါသွားပါတယ်။ အဘွားအိုဟာ ၀မ်းနည်းပက်လက်နဲ့ ဘုရားကိုတိုင်တည်ပါတယ်။ မကြာပါဘူး။ ၀ုန်းခနဲ လှိုင်းတစ်လုံးရိုက်ပြီး သူ့မြေးလေး ကမ်းစပ်ကို ပြန်ပါလာပါတယ်။ အဘွားအိုဟာ မြေးကလေးကို စေ့စေ့စပ်စပ်ကြည့်ပြီး တစ်ခွန်းပြောလိုက်တယ်။

"ဦးထုပ်ရော ဘယ်မှာလဲ ဘုရားသခင်" တဲ့။

တစ်ခါတစ်လေ ကျွန်တော်တို့တွေဟာ ရတာထက် ပိုလိုချင်ကြတယ်။ ပထမဆုံး လိုအပ်တာက မြေးကလေးပဲ။ ဘယ် အုပ်ချုပ်ရေးစနစ်နဲ့ပဲသွားသွား အခြေခံလိုအပ်မှုတွေ အရင်ပြည့်ဝဖို့ကို အာရုံစိုက်သင့်တယ်။ ကလေးတိုင်း လွတ်လပ်စွာ အခမဲ့ပညာသင်ကြားခွင့်၊ ဈေးသက်သာတဲ့ ကုသရေး ၀န်ဆောင်မှု၊ အဆင်ပြေတဲ့ သယ်ယူပို့ဆောင်ရေးစနစ်၊ လျှပ်စစ်မီး ပုံမှန်ရရှိရေး။ လူတိုင်း တန်းတူ အခွင့်အရေးရရှိရေး ... ဒါတွေက အခြေခံပဲ။ ကောင်းမွန်တဲ့အစိုးရဟာ ကောင်းမွန်တာကို လုပ်မယ်။ မကောင်းတာကို လက်မခံကြမယ့် တိုင်းသူပြည်သားတွေပဲလိုပါတယ်။ မကောင်းတာကို လက်မခံတဲ့နေရာမှာ သွေးစည်းညီညွတ်ဖို့လိုပါတယ်။ မကောင်းတာလုပ်မှ အဆင်ပြေမယ့်ဘ၀မှာ မနေနိုင်တဲ့သူတွေလိုပါတယ်။ ခိုးမှ စားရမယ်ဆိုတဲ့နေရာမျိုးမှာ မနေလိုတဲ့ စာရိတ္တခိုင်မာတဲ့သူတွေအများကြီးလိုပါတယ်။ မိသားစုအတွက်မလို့ ခိုးရပါတယ်ဆိုတဲ့ လူညံ့တွေမရှိဖို့လိုတယ်။ လူတိုင်းခိုးလို့ ခိုးရပါတယ်ဆိုတဲ့ အတုမြင် အတတ်သင်တွေ မရှိဖို့လိုပါတယ်။ ရိုးသားမှန်ကန်တဲ့သူကို ငြင်းဆန်ကန့်ကွက်တဲ့သူတွေရဲ့ ဘ၀မှာ တစ်သက်လုံး ရိုးသားမှန်ကန်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ရိုးသားတဲ့သူဟာ ရိုးသားတဲ့သူကို အားပေးတယ်။ မှန်ကန်တဲ့သူဟာ မှန်ကန်တဲ့သူကို အားပေးတယ်။ လွတ်လပ်စွာရိုးသားခွင့်ကို အားပေးတဲ့ နိုင်ငံမှာနေချင်ပါတယ်။ ရိုးသားတဲ့သူတွေ အန္တရာယ်ရှိတဲ့ တိုင်းပြည်မှာမနေချင်ပါဘူး။ ကျွန်တော်ကတော့ ဦးထုပ်ကို မရသေးရင်တောင် မြေးကလေး ပြန်ရဖို့ကို ပိုပြီးအားပေးပါတယ်။ မုန်းတီးမှုနဲ့တွေးခေါ်တာတွေကို အားမပေးပါဘူး။ အချစ်၊ အမုန်းတွေ စွက်ဖက်တဲ့အခါ မျှတတဲ့အတွေးကိုမရတော့ပါဘူး။ ဘာသာမဲ့နဲ့ ဘုရားဝါဒီတွေငြင်းခုန်သလိုပဲဖြစ်နေမှာစိုးပါတယ်။ ဘာသာမဲ့နဲ့ ဘုရားဝါဒီတွေ ငြင်းရင် ဘယ်တော့မှ မပြီးဆုံးပါဘူး။ Common Ground မရှိလို့ပါ။ ငြင်းနေမှာလား၊ ညှိနှိုင်းမှာလား။ ညှိနှိုင်းလို့မရတဲ့အခါဘာလုပ်မှာလဲ။ အကြမ်းဖက်မှာလား။ လူဘယ်နှယောက်သေတဲ့အထိ ဆန့်ကျင်မလဲ။ ဘယ်နှယောက်သေသေ ဆန့်ကျင်မှာလား။ ကိုယ့်အယူအဆတစ်ခုအတွက် လူဘယ်နှယောက်သေဖို့ ရည်မှန်းထားသလဲ။ နစ်ရှေးရဲ့ စကားကို ပြန်သတိရပါတယ်။ အန္တရယ်ကောင်ကြီးကို ဆန့်ကျင်တိုက်ခိုက်တဲ့အခါ ကိုယ်ကိုယ်တိုင် အန္တရာယ်ကောင်ကြီး မဖြစ်သွားဖို့သတိထားပါ တဲ့။ လူတွေ သိန်းသန်းချီသေပြီးမှ တစ်ခုခုရမယ်ဆိုရင် အဲဒီတစ်ခုခုအတွက် အသေခံပေးရမယ့်လူတွေကိုလည်း အဲဒီတစ်ခုခုရဲ့တန်ဖိုးကို တကယ်သိစေချင်ပါတယ်။ အမုန်းရဲ့ ဘေးထွက်ပစ္စည်းတစ်ခုအနေနဲ့ သတ်နေ သေနေကြတာဟာ အဓိပ္ပာယ်မရှိပါဘူး။ ကိုယ်ကိုယ်တိုင် အန္တရာယ်ကောင်ဖြစ်သွားတဲ့အခါ ကိုယ်လိုချင်တဲ့ တစ်ခုခုရရင်လည်း အဲဒီရတဲ့တစ်ခုခုဟာ အရင်က လိုချင်ခဲ့တဲ့ တစ်ခုခုမဟုတ်တော့ပါဘူး။

မြန်မာပြည်မှာ ရဲဘော်သုံးကျိပ်ကို အကုန်လုံးသိကြမှာပါ။ ရဲဘော်သုံးကျိပ်ဟာ သေရဲတဲ့သူတွေချည်းပါပဲ။ ညီညွတ်တယ်။ သွေးစည်းတယ်။ လွတ်လပ်ရေးမရခင်အထိ ညီအကိုလို သွေးစည်းခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးမှ တစ်ချို့လည်းတော်တော်ဖောက်ပြန်သွားပါတယ်။ မရခင်မှာတုန်းက ညီညွတ်နိုင်ပေမယ့် ရပြီးသွားတဲ့အခါ မညီညွတ်နိုင်တာတွေဖြစ်ပါတယ်။ လက်မောင်းသွေးတွေသောက်တာဟာလည်း လွန်လေပြီးသော အတိတ်ကာလက ဆော့တာလိုလိုဘာလိုလို လုပ်ပစ်လိုက်တဲ့လူတွေလည်းတွေ့ဖူးမှာပါ။ သမိုင်းတွင်သွားတဲ့ လူဆိုးတွေဟာ မျိုးနဲ့ရိုးနဲ့နာမည်ပျက်ပါတယ်။ သမိုင်းစာမျက်နှာတွေဟာ ကလေးတွေရေးထားတဲ့ ၀လုံးစာအုပ်လေးမဟုတ်တဲ့အတွက် ကျောက်စာမှာရေးလိုက်တဲ့စာလုံးလို တစ်ချိန်မှာ ဘယ်သူက ဘယ်လိုဆိုတာဟာ ငြင်းလို့မရတော့ပါဘူး။ သမိုင်းစာမျက်နှာမှာတင် ငြင်းလို့မရတာမျိုးမဟုတ်ပါဘူး။ ကိုယ့်အကုသိုလ်ကိုလည်း ကိုယ်ငြင်းလို့မရပါဘူး။ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုတာကလည်း စနောက်ပြီးရေးထားတဲ့စကားတွေမဟုတ်ပါဘူး။ လူတွေကောင်းဖို့ တကယ်လုပ်တဲ့ အဖွဲ့အစည်းဟာ တစ်ချိန်မှာ လူတွေက စေတနာကို နားလည်လာမှာပါ။ တကယ်မလုပ်ဘဲ နာမည်ကောင်းယုချင်တဲ့အဖွဲ့အစည်းကိုလည်းလူတွေက ကြာလာရင်သိသွားမှာပါ။ ဆယ်တန်းဖြေပြီးစမှာ မြို့ထဲက TOP မှာ အင်္ဂလိပ်စာ သင်တန်းတက်ပါတယ်။ အဲဒီတုန်းက ကျက်ခဲ့တဲ့ Lincon နဲ့ Quotes လေးတစ်ခုကို အခုအထိမှတ်မိပါသေးတယ်။ အလွတ်ကျက်တဲ့ စနစ်ကို ကျွန်တော် ဒီတစ်ခါမှာတော့ တော်တော်လေးသဘောကျမိပါတယ်။

You can fool some of the people all the time, and all of the people some of the time, but you cannot fool all of the people all the time.

အားလုံးကို အရူးလုပ်နိုင်မယ်ထင်နေတာကတော့ ကိုယ့်ကိုယ်ကို သိပ်ယုံကြည်လွန်းတဲ့ အရူးတွေရဲ့ ဘ၀င်မြင့်မှုသက်သက်ဆိုတာထက်မပိုပါဘူး။


ခင်မင်စွာဖြင့်

Zephyr


Notes:

နိုင်ငံရေးကင်းရှင်းသော အမြင်ဖြင့် သုံးသပ်ထားသော ဆောင်းပါးသာဖြစ်ကြောင်း။

မတော်တဆတိုက်ဆိုင်သူတစ်ဦးတစ်ယောက်အကြောင်းဟု သင်ယူဆလျှင်လည်း ထိုသူမျိုးမနည်းလှကြောင်း ၀န်ခံမည်မဟုတ်ပါကြောင်း။

နိုင်ငံရေးတွင်လည်းကောင်း ၀မ်းသွားတတ်ခြင်းတွင်လည်းကောင်း မျိုးရိုးမလိုက်ကြောင်း။

လူထုအော်သံလောက်သာ ထိုင်ဖတ်နေသော သာမန် အရပ်သား၊အသည်သား အခွန်ထမ်းပြည်သူတစ်ယောက်၏ အမြင်သာဖြစ်ကြောင်း (ခွေးလေခွေးလွင့်များ အချိန်မီဖယ်ရှာပေးပါရန်၊အမှိုက်ပုံ ရှိ အမိန့်အရ ဆိုင်းဘုတ်ကိုပင် မမြင်ရလောက်အောင် အမှိုက်များပြည့်နှက်နေကြောင်း၊ မီးပျက်၍ စောစောအိပ်ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း....)

Similar Posts:




Peace B with U.