Friday, July 31, 2009

ဗရှိုးနှင့်စကားစမြည် ...

ဗရှိုးနှင့်စကားစမြည် ...

How very noble!
One who finds no satori
in the lightning-flash

လျှပ်ပြက်ချိန်မှာ

ဆာတိုရီရှာမနေတဲ့သူ ..

မြင့်မြတ်လေစွ ....။


ဗရှိုးရေးတဲ့ ဟိုက္ကု တစ်ပုဒ်ပါ ... သိင်္ဂါရ ရနံ့ ခံစားရတယ် ....။ လိုချင်နေတာတွေက ဘယ်တော့မှမရဘူး ... ရသင့်တာပဲရမယ်လေ ....။ တိတ်ဆိတ်နေတဲ့ညမှာဗရှိုးငေးကြည့်နေတဲ့ လျှပ်စီးလက်နေတဲ့ မိုးညတစ်ညကို ပြက်ပြက်ထင်ထင်မြင်နေရတယ် ....။ အဝေးမှာမရှိတဲ့အရာဟာ အနီးမှာလည်းမရှိဘူး ...။ စိတ်ထဲမှာထင်တဲ့သဘောဟာ စိတ်ထဲမှာပဲ မထင်တော့ဘူး ....။ တဖျပ်ဖျပ်လက်နေတဲ့စိတ်ဟာ တဖျပ်ဖျပ်ပျက်နေတယ် ...။ အကြောင်းမဲ့ဖြစ်ခဲ့တဲ့ သစ်ရွက်ကြွေမှုမရှိခဲ့ဘူး ... မတော်တဆ ကျလာတဲ့ ရေစက်ရေမှုန် တစ်စဆိုတာလည်းမရှိဘူး ....။ ကိုယ့်ခေါ်သံကိုယ်မကြားမိဘူး ..... မျက်တောင်ခတ်လိုက်တာ မသိလိုက်ဘူး ... အကြောလေးသုံးလေးခုတင်းနေတာမသိခဲ့ဘူး ...တောင်းနေတဲ့သူက ကိုယ့်ရှေ့ကလှည့်အထွက်မှာ သူ့ကောက်ချက်ချအကြည့်က ကိုယ့်ရင်ထဲစိုက်သွားတာ မသိခဲ့ဘူး ...။ အရှုပ်ထွေးဆုံးအင်္ဂါအစိတ်အပိုင်းဟာ နားဖြစ်ပြီး လစ်လျူအရှုတတ်ဆုံးအင်္ဂါအစိတ်အပိုင်းဟာ နှလုံးသားဖြစ်တယ် ....။ မျက်ရည်တွေဟာ ... မိတ်ဆွေတွေဆီက မဟုတ်မချင်း ကျချင်သလောက်ကျ ... စိတ်က သာသာယာယာ .......။ ဖြစ်တတ်တဲ့သဘာဝကျကျတောရိုင်းဥပဒေသတွေနဲ့ အသားကျနေတဲ့ သင်္ကေတတစ်ခုလို ... စိတ်က ကျရာဇာတ်ရုပ်တိုင်းမှာ အော်စကာတွေ တသီကြီးယူနေတော့တယ် ....။

Come out to view
the truth of flowers blooming
in poverty

ဆင်းရဲမှုတွေကြားက
ပန်းပွင့်တွေပွင့်နေတဲ့ အမှန်တရားကို
လာကြည့်လိုက်စမ်းပ ...။

တကယ်တော့ ကြုံခဲ့သမျှဒုက္ခတွေဆိုတာ သံသရာ ပြန်လှန်လေ့ကျင့်ခန်းမှာ အလွတ်ရဖို့ကောင်းနေတာ အသေအချာပေါ့ ...။
ဖြစ်လေရာဘ၀တိုင်းမှာ ဘုရားအဆူဆူလွဲပြီး ... တရားအသိထူးမရခဲ့ကြတာကိုက ကိုယ့်ကိုယ်ကို သံသရာဆပ်ကပ်ထဲမှာ ဓားပေါက်လွဲနေကြ လူပြက်တစ်ယောက်မှန်းဖွင့်ဟ ၀န်ခံရာရောက်ပါတယ် ...။ ပန်းတွေဟာ လွယ်လွယ်ကူကူ မပွင့်ခဲ့ကြပါဘူး ဗရှိုးရယ် ... ငါတို့ရှူထုတ်လိုက်တဲ့လေထဲမှာ သောကတွေဘယ်လောက်ပါမှန်း သင်သိပါ့မလား ....။ ငါ့ကို ရက်စက်တဲ့ ပြကွက်တစ်ခုမပြပါနဲ့တော့ ... အသေခံဗုံးခွဲနေတဲ့ ပန်းပွင့်တွေကို သင့်ကိုပြချင်တယ် ...။ အဲဒီသူတွေဟာ ငါတို့နဲ့ သံတူကြောင်းမကွဲတွေပဲ .... ငါတို့လိုပဲသူက အေးအေးချမ်းချမ်း ရေခဲရေ ယပ်ခတ်သောက်ချင်ခဲ့တဲ့သူတစ်ယောက်ပါ ...။ ပန်းတစ်ပွင့်ရဲ့လောကဓံကိုမြင်တယ် .. ပန်းတစ်ပွင့်ရဲ့သတ္တိကိုမြင်တယ် ....။ တကယ်တော့ရက် အတိအကျပွင့်ဖို့ကျုံ့ထားတဲ့သစ်ခွပန်းလေးတစ်ပွင့်စာ... လောကဟာရက်စက်တဲ့နေရာဒေသတစ်ခုပါ ....။ ဒုလ္လဘဆိုလို့ ခုန်ချခဲ့မိတာ မှားပါပေါ့လား ဗရှိုးရယ် ...။

Sick on my journey,
only my dreams will wander
these desolate moors

ငါ့ခရီးကို ငါစိတ်ပျက်ပြီ ...
ငါ့ အိမ်မက်တွေပဲ
အဲဒီ စွန့်ပစ်ထားတဲ့ တစပြင်တွေမှာ လှည့်လည်နေလိမ့်မယ် ...။


ဗရှိုး ... သင့် Death Poem ရွတ်သံကို ကြားချင်နေမိတယ် ....။ အဲဒီအချိန်ဟာ နေ၀င်ချိန်တစ်ခုလား ... နေထွက်ချိန်တစ်ခုလား ... လက်တွေ့ကျကျ အတွေးရှိမနေတဲ့စိတ်ထဲမှာ သင့်ကိုယ်သင်ပြန်တွေ့ရတာ ချိုသာပါရဲ့လား ...။ သင့်အစနဲ့အဆုံးဟာ ပွိုင့်တစ်ခုပေါ်မှာတည်ဆောက်ထားတာလား ...။ ကမ်မီလီယာပန်း တွေရေသွန်လိုက်တဲ့အချိန်မှာသင့်ကို ကျွန်ုပ်ရာစုနှစ်ရာချီအကွာအဝေးက ဦးညွတ်လိုက်ပါရဲ့ ....။ အဆက်မပြတ်လျှောက်သွားနေတဲ့ ခရီးသွားတစ်ယောက်က သူ့ကိုဆောင်းရာသီရဲ့ ပထမဆုံးမိုးလို့ခေါ်ပါတဲ့ ....။ သင့်ကဗျာတွေ စိုစွတ်နေတဲ့ စိတ်နဲ့ သင့်ရှေ့မှာဦးညွတ်နေသူဟာ သင်နဲ့မသိကျွမ်းခဲ့တဲ့ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါ ....။ သင့်အသက်ရှူသံအနှေးအမြန်ကို မြင်ယောင်ကြည့်မိတော့ ကျေးလက်တေးသံဟာ မြို့ပြကဗျာထက်ချစ်ဖို့ပိုကောင်းတယ်ဆိုတဲ့ သင့်ကဗျာကိုသတိရစေတယ် ....။ သင့်အတွက်သပ်ရပ်လှပနေတဲ့ သဘာဝထဲကို သင်ပြေလျော့စွာ ထွက်ခွာသွားပုံကိုက ကျွန်ုပ်ကို အန္ဓတံဆိပ်ခတ်နှိပ်ပစ်ခဲ့ပြန်တယ် ......။ ။

...Notes:
နေမကောင်းဖြစ်နေသော ကျွန်ုပ်၏ (ဒုတိယ)မိခင်အတွက် ...ရည်ရွယ်ပါသည်။
နေမကောင်းဖြစ်နေတဲ့ကြားက မကျိုးမပေါက်သော အဓိဌာန်အတွက် ကျေးဇူးတင်တဲ့ အနေနဲ့ ကဗျာတစ်ပိုဒ်ထပ်ရွတ်ပြလိုက်ပါမယ် ...

 "'Tis all a Chequer-board of Nights and Days
Where Destiny with Men for Pieces plays:
Hither and thither moves, and mates, and slays,
And one by one back in the Closet lays. "

[The Rubaiyat of Omar Khayyam, Rendered into English Verse by
Edward Fitzgerald, First Edition]

မြန်မာဘာသာသို့ ရမ်းသမ်းဘာသာပြန်ကြည့်ရင်တော့ ....

နေ့နဲ့ညဆိုတဲ့ စစ်တုရင်ကွက်တွေပေါ်မှာ
ကစားရုပ်တွေအတွက်
အနာဂတ်လောကဓံနဲ့ ဂဟေဆက်ထားတဲ့သူတွေ
ကစားနေတယ် ...

ဟိုဒီရွှေ့ပြောင်းခုန်လွှားတဲ့ရွှေ့ကွက်တွေ၊ အမိဖမ်းချက်တွေ၊သတ်ဖြတ်မှုတွေ ..
နောက်တော့လည်း ..
တကောင်ပြီးတကောင် (စစ်တုရင်)သေတ္တာထဲ ပြန်လဲလျောင်းရပေါ့....။


Get Well Soon ...

With Peace,
Z



Peace B with U.

Tuesday, July 28, 2009

အမေ့ဆီကစာ


အမေ့ဆီကစာ

ရက်စွဲတစ်ခုကို ခဲရာခက်ဆစ်တပ်ထားတယ် ...
အဲဒီလက်ဟာ ညာလက် ...
နှစ်ကြိမ်ကျိုးဖူးတယ် ..
လေဖြတ်ဖူးတယ် ..
ဒီလက်ဟာ ..
လောကဓံတွေကိုလည်း .. ရိုက်ချိုးခဲ့ဖူးတယ် ...
အခု ...ဒီလက်နဲ့ရေးတဲ့လက်ရေး ..
နှလုံးသားတစ်ခုက နှလုံးသားတစ်ခုကို စီးနေတဲ့မြစ် ...။

အဘွားအကြောင်းလဲပါတယ် ..
ငါးအကြောင်းလည်းပါတယ် ..
ပန်းပင်တွေနဲ့ ခွေးအကြောင်းလည်းပါတယ် ...
နေကောင်းပါတယ်လို့ ခုနစ်ခါပါတယ် ...
ပြီးတော့ ကျန်းမာရေးကို ဂရုစိုက်ဖို့မှာတယ် ..
ပြီးတော့ ... အလုပ်ကြိုးစားဖို့လည်းပါတယ် ..
ရိုးသားဖို့လည်းပါတယ် ...။
လူတွေကို ကူညီပြီး ဘုရားမမေ့ဖို့လည်းမှာတယ် ...။

ဆေးတွေလူကြုံနဲ့ထည့်ပေးလိုက်တယ်တဲ့..
ဒီဇင်ဘာမှာလာလည်မယ်နော်တဲ့ ...
ပင်စင်ယူပြီးရင် ပတ်စ်ပို့လုပ်လိုက်တော့မယ်တဲ့ ..
ရုံးကလုပ်ဖော်ကိုင်ဖက်တွေကို သီဟိုဠ်စေ့ပို့ပေးလိုက်ဦးမယ်တဲ့ ...။

ချစ်မေတ္တာဖြင့်
နူး.... တဲ့လေ ....။


အခုတော့ မိုးတွေအုံ့တယ် ..
ခဲတံတချောင်းလိုချင်တယ် ...
အမေ့ဆီကို ပြန်စာရေးချင်လို့ ...
အမေ့ရဲ့လိပ်စာ သိချင်တယ် ...
အမေ့ရဲ့လိပ်စာပေးပါ ..
အမေရဲ့ အပြုံးတစ်ခုစာ ...
စာအရှည်ကြီးရေးမယ် ..
အခု အမေ့ ဆီ စာတစ်စောင်ရေးမယ် ...
ခဲတံတစ်ချောင်းနဲ့
အမေ့လိပ်စာလိုတယ် ...
ကောင်းကင်ဘုံသွားမယ့် စာပို့သမားတစ်ယောက်လိုတယ် ...

အခုအမေ့စာ ကိုင်ထားတဲ့လက်တွေ
မေတ္တာတရားတွေနဲ့ လောင်နေဆဲ ....။



င်္Note:

သီချင်းလေတစ်ပုဒ်ကို နားထောင်နေပါတယ် ... Heartache တဲ့ ....။
ဒီကဗျာလေးဟာ အဲဒီသီချင်းရဲ့ Chorus နဲ့လိုက်ဖက်ပါတယ် ....။
It's a heartache, Nothing but a heartache, Standing in the cold rain .... တဲ့လေ....။

ကဗျာလေးကို အမိ၊အဖ တစ်ယောက်ယောက်ဆုံးသွားတဲ့သူတိုင်းအတွက် ရည်ရွယ်ပါတယ် .....။ ဘ၀တူခြင်းပေးလိုက်တဲ့လက်ဆောင်တစ်ခုလို့ပဲနားလည်ပေးပါ ...။

အမိအဖ အစုံအလင်ရှိသူများလည်း အဲဒီစုံလင်မှုလေးကို တန်ဖိုးထားစေချင်ပါတယ် ....။

ခင်မင်စွာဖြင့်
Zephyr



Peace B with U.

Love One Another


Love One Another

Love one another, but make not a bond of love.
Let it rather be a moving sea between the shores of your souls.
Fill each other's cup, but drink not from one cup.
Give one another of your bread, but eat not from the same loaf.
Sing and dance together and be joyous, but let each one of you be alone.
Even as the strings of a lute are alone though they quiver with the same music.
Give your hearts, but not into each other's keeping.
For only the hand of life can contain your hearts.
And stand together, yet not too near together.
For the pillars of the temple stand apart.
And the oak tree and the cypress grow not in each other's shadow.

Khalil Gibran



Peace B with U.

Monday, July 27, 2009

ဘရာဇီးလ်က မြို့တစ်မြို့


နတ္ထိလောကေ အနိန္ဒိတော ... လောက မှာ အကဲ့ရဲ့ မခံရသူမရှိပါဘူးတဲ့ ...။ ဒီစကားဟာ လက်ဆောင်လေးတစ်ခုပါ ...။ ကဲ့ရဲ့ခံရတာကို က လောကရဲ့ သဘာဝတစ်ခုပါ။ စိတ်ဆိုးစရာလည်းမရှိသလို ၀မ်းနည်းစရာလည်းမလိုပါဘူး ...။ အဲဒီသဘာဝတရားကြီးကို သိပ်ပြီး အလေးအနက်မထားကြပါနဲ့လို့ ပြောချင်ပါတယ်။

ချစ်သူနှင့်ကွဲဆင်းရဲ ဆိုတဲ့ စကားကို တော်တော်များများကြားဖူးမှာပါ။ ဒါကလည်း လောကရဲ့သဘာဝတစ်ခုပါ။ ချစ်သူဆိုတဲ့ အဓိပ္ပာယ်က တော်တော်လေးကျယ်ပြန့်ပါတယ်။ ဆိုလိုချင်တာက ချစ်သူခင်သူတွေအားလုံးကိုပါ။ ဒီ post လေးကလည်း အဖေနဲ့ ခွဲခွာသွားတာ ကိုးနှစ်ပြည့်သွားတဲ့ ပြည်သစ်တည် အတွက်ပါ။ အမေဆုံးသွားတော့ ကိုယ်တိုင် ဟပ်ခဲ့တဲ့ အပူဟာ သူအခု ခံစားနေရတာနဲ့ ကွာမယ်လို့မထင်ပါဘူး ...။ သိပ်ချစ်တဲ့သူတွေ ... ကိုယ့်ကို မေတ္တာ အမြဲပေးနေကြ ...၊ လောကရဲ့ ထုထောင်းရိုက်နှက်ချက်တွေကို အတောင်ပံတစ်ခုနဲ့ ဖြန့်မိုးကာကွယ်ပေးတတ်သူတွေ၊ ကိုယ့် နာကျင်ကြေကွဲမှုတွေကို မှင်စုပ်စက္ကူတစ်ချပ်လို စုပ်ယူဖြေသိမ့်ပေးတဲ့ စကားလုံး၊ ပွေ့ဖက်မှုနဲ့ ကရုဏာ တရားတွေ ... ဒါတွေကို ပိုင်းဖြတ်ဖို့ စကားလုံးမရှိသလို ... လဲလှယ်ဖို့ တန်ဖိုးချင်းတူညီနဲ့ အခြားအရာဝတ္တုလည်း မရှိပါဘူး။ အခု သူတို့ ကိုယ့် အနားမှာ မရှိကြတော့ပေမယ့် ... ကိုယ့်စိတ်ထဲမှာသူတို့ရဲ့ အဆုံးအမတွေတည်နေပါသေးတယ်။ ကိုယ့် အပြုအမူကို ကြည့်ပြီး သူတို့ ကိုယ့် မိဘတွေရဲ့ စိတ်နေစိတ်ထားကို မြင်နိုင်ပါသေးတယ်။ ကိုယ်ဟာ မိဘတွေအတွက် ပုံစံတူ နမူနာလေးတစ်ခုလည်းဖြစ်နေပါသေးတယ်။ ဒါလေးကိုက စိတ်ချမ်းသာစရာပါ။ ဒီနေရာမှာ အဖေဆိုရင် ဘယ်လိုလုပ်မလဲ။ ငါ့အမေဆိုရင် ဘယ်လိုတွေးမလဲ ဆိုပြီး စိတ်မှာ တွေးကြည့်လိုက်တဲ့ အခါတိုင်း သူတို့ဟာ ကိုယ့်စိတ်ထဲကို အမြဲရောက်လာနေမြဲပါပဲ။ သူတို့ဟာ အရာအားလုံးကို ကိုယ့်ကို ပုံပေးခဲ့ပြီးမှ ထွက်ခွာသွားတာပါ။ ကိုယ်ရှိနေခြင်းဟာ သူတို့ရဲ့ တည်ရှိခဲ့မှုကို ကိုယ်စားပြုသလို ကိုယ့်ရဲ့ စိတ်နေစိတ်ထားဟာ သူတို့ရဲ့ စိတ်နေစိတ်ထားကို ကိုယ်စားပြုနေတုန်းပါပဲ။

ပြည်သစ်တည်ရေ ... သွားနှင့်သူတွေ စိတ်အေးလက်အေးသွားကြပါစေကွာ ...။ တစ်နေ့မှာ ကိုယ်လည်း သွားရမှာပဲ ...။ ကျန်နေခဲ့သူနဲ့ ထွက်သွားခဲ့သူတွေရဲ့ စကားလုံးမဲ့ ကတိက၀တ်တွေ ကိုလိုက်နာစောင့်ထိန်းရင်း ... သားသမီးပီသလိုက်တာကိုက ကျေးဇူးဆပ်ရာရောက်ပါတယ်.။ တတ်နိုင်တဲ့ ရည်စူးကုသိုလ်တွေနဲ့ သူတို့ အတွက် ကိုယ်လုပ်ပေးနိုင်သေးတာ လုပ်ပေးကြရုံပေါ့။ ကိုယ့်ဆီက ကျေးဇူးပြန်ဆပ်လိုက်မှာ မလိုချင်လို့ အနှိုင်နဲ့ပိုင်းပြီး ထွက်ခွာသွားသူတွေ ရောက်လေရာ ဘုံဘ၀မှာ ငြိမ်းချမ်းနေပါလိမ့်မယ်။ အခု post က ဘရာဇီးလ်က မြို့တစ်မြို့ အကြောင်းပါ။ ကျွန်တော်နဲ့ပြည်သစ်တို့ အိမ်ရှေ့ကလမ်းလေးကို တိုက်သူတိုက်သားတွေ အတူပြင်ကြတဲ့ အထိမ်းအမှတ်လို့လည်းပြောနိုင်ပါတယ်။ ကျွန်တော်တို့တွေလမ်းပြင်ကြတာ သိပ်ပျော်ဖို့ကောင်းသလို ဘရာဇီးကမြို့သားတွေ သူတို့မြို့လေးကို ပြင်တာကလည်း ပျော်စရာကောင်းလိုက်တာ။ (လမ်းထဲက ဥယျာဉ်မှုးကြီးကိုပါ သတိရလိုက်ပါသေးတယ်။ :P)

...ဒီဆောင်းပါးလေးကို ကိုတာရဲ့ သုစရိတစက်ဝန်း စာအုပ်ကနေယူပါတယ်။ စာများများမရိုက်နိုင်တဲ့အတွက် အကူအညီတောင်းရပါတယ်။ အကူအညီပေးတဲ့ သူတော်ကောင်းအပေါင်းကို ကျေးဇူးတင်ပါတယ်။ :)


ဘရာဇီးလ်က မြို့တစ်မြို့



ကာရစ်တစ်ဘာ ဆိုတဲ့ ဘရာဇီးက မြို့ကလေးဟာ ကမ္ဘာပေါ်မှာနေလို့ထိုင်လို့အကောင်းဆုံးမြို့ပေါ့။

အဲဒီမြို့က မြို့သူမြို့သားတွေဟာ သူတို့မြို့ဟာ ကမ္ဘာမှာ အကောင်းဆုံးလို့ထင်ကြတယ်။ အပြင်လူတွေတော်တ်ာများများကလည်း သဘောတူသတဲ့။ ကာရစ်တစ်ဘာမြို့မှာ ပန်းခြံ ၁၇ ခု ၊စက်ဘီးလမ်း မိုင် ကိုးဆယ် နေရာတကာမှာသစ်ပင်တွေ သယ်ယူပို့ဆောင်တဲ့စနစ်နဲ့ အမှိုက်သိမ်းစနစ်ကို တခြားက အရာရှိတွေ လာလေ့လာကြသတဲ့။

ဒီမြို့ရဲ့ သမိုင်း၊နေရာ၊လူဦးရေ စတာတွေက ထူးခြားတယ် မဟုတ်ပါဘူး။ တခြား လက်တင်အမေရိကမြို့တွေနဲ့ မခြားလှပါဘူး။ လူဦးရေ အမြန်တိုးတော့ ၁၉၅၀ မှာ တစ်သိန်းခွဲကနေ အခု ၁.၆သန်းရှိပြီ။ အိမ်မဲ့ယာမဲ့တွေ လည်းရှိတယ်။ ဆင်းရဲပြီး စာမတတ်သူတွေလည်း အများကြီး။

ဒီမြို့ကို နေချင်စဖွယ်စလုပ်တာ ၁၉၆၀က လူငယ်ဗိသုကာသမားတစ်စု၊ သူတို့က ဟိုင်းဝေးလမ်းမကြီးတွေ အဆောက်အဦးကြီးကြီးတွေ၊ စူပါဈေးကြီးတွေကို မကြိုက်ပါ။ ရှိုးပြတဲ့ ပရောဂျက်တွေကို မြို့စီမံကိန်းမှာ ထည့်မဆွဲ သဘာဝပတ်ဝန်းကျင်အတွက် လူတွေအတွက်သာစဉ်းစားကြသတဲ့။ မြို့တော်ဝန်ကို ချဉ်းကပ်ပြီး မြို့စီမံကိန်း ကောင်းကောင်းသုံးသတဲ့။ မြို့တော်ဝန်ကလည်း မြို့နေလူထုထံက အကြံဥာဏ်တွေ၊ဝေဖန်ချက်တွေတောင်းပြီး ဗိသုကာလေးတွေကို ပြောပြစီမံကိန်းဆွဲစေသတဲ့။

ဂျေမီလာနာ က ဗိသုကာတစ်ယောက်ပေါ့။ သူ့ကို ဘရာဇီး စစ်အစိုးရက မြို့တော်ဝန်ခန့်လိုက်တယ်။ ပိုက်ဆံမရှိ တော့ လာနာဟာ စီမံကိန်းသေးသေး ဈေးမကြီး သို့သော် အများပါဝင်တဲ့ စီမံကိန်းမျိုး အကြံထုတ်ရတယ်။

သစ်ပင်စိုက်ဖို့ မျိုးစေ့တစ်သန်းခွဲ၊ မြို့တော်သူမြို့တော်သားတွေကို ဝေလိုက်တယ်။ ကိုယ်တိုင်စိုက်ကြပေတော့။ ရှင်အောင်ပြုစုကြပေရော့ ..။(မြို့တစ်မြို့ရဲ့ အလှကိုဖော်ဆောင်ရာမှာ သစ်ပင်တစ်ပင်ရဲ့ ဒီဇိုင်းလောက် ဘယ်ဗိသုကာပညာက ပိုလှမှာတုန်း)။

မြို့ကိုရေလွှမ်းတဲ့ပြဿနာကို ပန်းခြံတွေထဲက ရေကန်တွေထဲ ရေသွယ်ပြီးဖြေရှင်းလိုက်တယ်။ ပန်းခြံတွေသန့်ရှင်း ရေးအတွက်လူငယ်တွေငှားတယ်။

မြိုလယ်ခေါင်ဈေးလမ်းကို လမ်းလျှောက်စရာနယ်မြေအဖြစ်ပြောင်းမယ်လို့ လာနာရဲ့အကြံကို ဆိုင်ရှင်တွေက ကန့်ကွက်ကြတာနဲ့ တစ်လအစမ်းလုပ်ကြည့်ဖို့သဘောတူတယ်။ အစမ်းကာလမှာ လမ်းလျှောက်ဇုံနယ်မြေက လူကြိုက်အလွန်များကြတာကိုး။ ဒါနဲ့ တခြားလမ်းတွေကပါ သူတို့လည်းပါလာကြတယ်။ ခုတော့ လမ်းပဲလျှောက်ရ တဲ့လမ်းတစ်လမ်းဖြစ်တဲ့ Rua Das Floves ဆိုရင် ပန်းခြံတွေခြံရံနေတာပေါ့။ ပန်းခြံတွေကိုတော့ လမ်းပေါ်က ကလေးတွေ (street children)တွေက ပြုစုကြတယ်။ မိဘမဲ့ စွန့်ပစ်ခံရတဲ့ကလေးတွေကတော့ ဘရာဇီး တစ်တိုင်းပြည်လုံးမှာ ပြဿနာကြီးပေါ့။လာနာက စက်မှုလုပ်ငန်းတိုင်း ဈေးဆိုင်တိုင်း အဖွဲ့အစည်းတိုင်းကို လမ်းပေါ်က ကလေးနည်းနည်းစီကို မွေးစားခိုင်းတယ်။ အစာကျွေး လခနည်းနည်းပေးပြီး ပန်းဥယျာဉ်နဲ့ ရုံးအလုပ် တွေခိုင်းပေါ့။

စားရိတ်ကြီးတဲ့ မြေအောက်မီးရထားတွေ မတတ်နိုင်ဘူး။ ပထမတန်းစား ဘတ်စကားဝန်ဆောင်မှုကို ပေးတယ်။ ဘတ်စကားတွေက သီးသန့်လမ်းလေးတွေမှာပြေးတယ်။ မှတ်တိုင်တွေကို လိုဏ်ခေါင်းပုံလုပ်ထားတယ်။ ခရီးသည်တွေက ကားခပေးပြီးရင် တစ်ဖက်ကဝင်ပြီး နောက်တစ်ဖက်က ထွက်ရတယ်။ ကားပေါ်ရောက်မှ ကားခ ပေးမနေရတော့ အတင်အချသိပ်မြန်တယ်။ အချိန်ကုန်သက်သာ ညစ်ညမ်းမှုနည်းး ကားစောင့်ဖို့အရိပ်လည်း ရတယ်။

ကာရစ်တစ်ဘာမြို့သားတွေက အမှိုက်နှစ်မျိုးခွဲတယ်။ အော်ဂဲနစ်နဲ့ အင်အော်ဂဲနစ်အမှိုက်ကို ထရပ်ကားနှစ်မျိုးက လာသိမ်းတယ်။ ဆင်းရဲတဲ့ရပ်ကွက် အမှိုက်ကားမရောက်နိုင်တဲ့အရပ်က သူတို့အမှိုက်အိတ်တွေကို အမှိုက်သိမ်း စခန်းတွေဆီ သယ်လာရင် ဘတ်စကားလက်မှတ်၊နွားနို့၊ကြက်ဥ အာလူးနဲ့လဲပေးမယ်။ပြန်သုံးလို့ရတဲ့အမှိုက်တွေ ကို အမျိုးအစားခွဲတဲ့နေရာပို့ပြီး ပြန်သုံးလို့ရအောင်(recycle) လုပ်တာပေါ့။အဲဒီလိုနေရာတွေမှာ မသန်မစွမ်းသူ တွေ ခုမှ တစ်ရပ်တစ်ပါးက ရွှေ့လာသူတွေ အရက်စွဲနေသူတွေ အုလုပ်လုပ်ကြတယ်။ ပြန်သုံးလို့ရအောင်(recycle) လုပ်တာဟာ အမှိုက်ပုံကြိးပုံတာလောက်ပဲ စားရိတ်ကုန်တာပေမယ့် မြို့ဟာ ပိုသန့်တယ်။အလုပ်ပိုပေးနိုင်တယ်။ ဆင်းရဲသားတွေကို အကူအညီပေးနိုင်တယ်။ ကာရစ်တစ်ဘာ ဟာ အမှိုက်တွေ သုံးပုံနှစ်ပုံကိုပြန်သုံးတယ်။ ကမ္ဘာမှာတော့ အမြင့်ဆုံးနှုန်းပေါ့။




ဂျေမီလာနာပြောလေ့ရှိတယ်။ " လူတွေရဲ့ အိပ်မက်တစ်ခုကို ပေါက်ရောက်အောင် လုပ်ရတာထက် မြင့်မြတ်တဲ့ အလုပ်ရယ်လို့မရှိဘူး၊ လူ့ဘဝအရည်အသွေး တိုးမြင့်အောင်လုပ်မယ်လို့ ဒီမြို့အနေနဲ့ ကတိပြုတဲ့အခါ ဒီမြို့မှာ နေတဲ့ မြို့သူမြို့သားတွေကို တန်ဖိုးထားတဲ့အခါ မြို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို လေးစားတဲ့အခါ မြို့က အနာဂါတ်မျိုးဆက်တွေအတွက် ပြင်ဆင်တဲ့အခါ မြို့သူမြို့သားတွေကလည်း တာဝန်ခွဲယူကြတယ်။ တာဝန်ခွဲဝေ ယူခြင်းဟာ စုပေါင်းအိပ်မက်ကို ပေါက်ရောက်စေတဲ့ တစ်ခုတည်းသော နည်းလမ်းခင်ဗျ..."

ပြည်သစ်တည်လည်း ဒီ ဆောင်းပါးလေးကို သဘောကျမယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့တွေတစ်ယောက်စီဟာ မိဘတွေ အမွေပေးခဲ့တဲ့ ကာရစ်တစ်ဘာမြို့လေးတစ်မြို့လို့ခံစားမိလို့ပါ။



Peace B with U.