Tuesday, October 4, 2011

ကောင်းကြသေးရဲ့လား။

ကောင်းကြသေးရဲ့လား။


ကောင်းကြသေးရဲ့လားဆိုရင် စကားက အဓိပ္ပာယ်နှစ်ခွထွက်တယ်။
double entendre များများပြောတာဟာ ဟာသသမားဆိုရင် အောင်မြင်ပြီး နိုင်ငံရေးသမားဆိုရင် အမြင်ကတ်စရာပိုပိုကောင်းလာတတ်တယ်။

Sue Thomson ရဲ့ Sad movie သီချင်းမှာ ရည်းစားနဲ့ အခင်ဆုံးသူငယ်ချင်း ရုပ်ရှင်ရုံမှာနမ်းနေတာတွေ့လို့ ၀မ်းနည်းပြီး ငိုမိတာကို အလွမ်းကားမို့လို့ ငိုလိုက်ရတာ အမေရယ်ဆိုတဲ့ သဘောမျိုး ပြောတာကိုကြတော့ ချောလဲရောထိုင်ထဲထည့်ရမလား၊ မီးစင်ကြည့်ကထဲထည့်ရမလားဖြစ်ရတယ်။

အခုလည်း ရောက်တတ်ရာရာပြောမလို့ပါ။

ကျွန်တော်တို့ခေတ်မှာ မရေရာမှုဆိုတာကို ပိုပြီးခံစားနားလည်ကြရတယ်။ စီးပွားရေးအခြေအနေကလည်း ထိုးဆင်းနေတယ်။ အလုပ်လုပ်တဲ့လေးနှစ်အတွင်း နိုင်ငံရဲ့ စီးပွားကျတာ တစ်ခါကြုံဖူးတယ်။ ငါးနှစ်အတွင်းဆို နှစ်ခါကြုံဖူးမလားမသိဘူး။ အဲဒါတွေကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာမျိုးပြောရင် သိပ်ပြီး လေးနက်သွားမယ်။

ပြဿနာရဲ့အစက Aberdeen ကြော်ငြာပဲ။ ကမ္ဘာ့စီးပွားရေးကျပေမယ့် သူတို့အဖွဲ့က အကျိုးအမြတ်ရနိုင်တာတွေကိုသိတယ်ဆိုလို့ ရယ်ချင်သွားတယ်။

Global ဆိုတဲ့စကားလုံးနဲ့စရင် တကယ်မလွယ်ဘူးလို့ပဲ အရင်နားလည်မိတယ်။ တကမ္ဘာလုံး စီးပွားကျတယ်ဆိုရင် ဘယ်သူတွေမြတ်သွားသလဲလို့ အရင်တုန်းကတွေးတယ်။ ကမ္ဘာမှာ အတော်ဆုံး ဘောဂဗေဒ ပညာရှင်တွေကိုယ်တိုင် ဖော်မြူလာနဲ့ ဖောင်းပွနေ၊ ကြုံ့နေတာမဟုတ်ဘူးဆိုတာလောက်ပဲပြောကြတယ်။ အထူးသဖြင့် ၀င်ငွေလည်ပတ်စီးဆင်းမှုပေါ်မူတည်ပြီးလုပ်ရတဲ့အလုပ်တွေဟာ တစ်နေရာမှာ တစ်ခုခု တစ်ဆို့သွားရင် ငွေကြေးလည်ပတ်မလာတော့ဘဲ ပြိုကျသွားရတယ်။ အကြီးကြီးတွေလဲကျသွားရင် အသေးလေးတွေက အကြီးကြီးတွေရဲ့ ဝေစုကို ခွဲဝေပြီး ပြန်တက်လာတယ်။

လက်ပြောင်းလွှဲယူရတာတွေများလာမယ်။ အပြောင်းအလဲမှာ လိုက်ပြီး အလိုက်အလျားမသင့်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ပြိုကျမယ်။ တစ်ဖက်မှာလည်း ပြိုကျသွားတဲ့လုပ်ငန်းတွေနေရာမှာ အခွင့်အလမ်းသစ်တွေပေါ်လာမယ်။ ချိန်ခွင်လျှာညီနေဖို့ တစ်ခုခုက ကျရှုံးပေးရပြီး၊ တစ်ခုခုက အောင်မြင်ရလိမ့်မယ်။

ကိုယ်ဘာအလုပ်လုပ်သလဲဆိုတာကို အရင်စဉ်းစားကြည့်။ စီးပွားရေးအခက်အခဲက တစ်ခါနဲ့တစ်ခါ လာပုံချင်းမတူဘူး။ ပြီးခဲ့တဲ့အခေါက်ကဆို ဆောက်လုပ်ရေးလုပ်ငန်းတွေ တော်တော်လေးထိခိုက်သွားတယ်။ I.T sector ကအမြတ်ထွက်နိုင်သေးတယ်ဆိုတော့ I.T သမားတွေထင်သလောက်မနာလိုက်ဘူး။ အဲဒီတော့ ကံကောင်းတယ်လို့ပြောရမယ်။ ဒီတစ်ခါလည်း ကံကောင်းဦးမယ်လို့တော့ ကံသေကံမ ပြောလို့မရဘူး။

company ကိုက ပျက်ပြီဆိုရင် ကိုယ်ဘယ်လောက်တော်တော် အလုပ်တော့ပြုတ်ရဦးမယ်။ အလုပ်ပြုတ်တယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာအရ အတော်လေးထိခိုက်တဲ့ကိစ္စပဲ။ အထူးသဖြင့် ငွေပိုငွေလျှံနည်းပြီး၊ လူနေမှု ကုန်ကျစရိတ်ကို အမှီလိုက်နေရတဲ့မိသားစုတွေမှာ တစ်နှစ်လောက် အလုပ်မရှိရင် ခက်ခဲတယ်။ နှံကောင်လို မြက်စားတဲ့အကောင်တောင် ပုံပြင်ထဲမှာ အစာမရှိလို့မှိုင်တွေရတယ်ဆိုတော့ မြက်မစားနိုင်တဲ့လူတွေက ပိုပြီး ရင်ဆိုင်ရတယ်။ အဲဒါကလည်း စေ့စေ့တွေးလေး ရေးရေးမြင်လေပဲ။ ( စေ့စေ့စပ်စပ်တွေးတာတောင် ခပ်ဝါးဝါးပဲ သဘောပေါက်တယ်လို့ဆိုလိုတယ်။)

အလွယ်ဆုံးနည်းကတော့ ပိုက်ဆံမဖြုန်းကြနဲ့ပေါ့ဗျာ။ ပိုက်ဆံဆိုတာ ပေါတဲ့အခါသာပေါတာ၊ ရှားရင်လည်းမရှိတော့ဘူး။ ဒေ၀ါလီ ခံမယ့် ဘဏ်ကို ကြိုသိရင်တော့ ငွေတွေအများကြီးချေးထားပေါ့။ အပိုမသုံးသင့်တာတွေကို ချွေတာလိုက်ရင် လေးငါးလစာလောက်တော့ စုချိန်ရကြမှာပါ။ အလုပ်ဆိုတာကလည်း ပြုတ်မှ ရှာတာထက် ပိုပြီး stable ဖြစ်နိုင်တာကို အရင်ရှာထားရင်ပိုကောင်းတယ်။ ဖြစ်နိုင်ရင် ကိုယ်ပိုင်စီးပွားရေးလုပ်သင့်တယ်။ အလုပ်မပြုတ်နိုင်တော့ဘူး။

ငွေပင်ငွေရင်းကို မြုပ်နှံမှုတွေလုပ်ရမယ်။ အခုခေတ်လို မြန်မာပြည်ကြီး စီးပွားကောင်းလာတဲ့အချိန်မှာ ပုံမှန်ဝင်ငွေရတဲ့ အလုပ်တစ်ခုခု လုပ်ထားသင့်တယ်။ ၀င်ငွေအတွက် မပူရတော့ရင် လူက စိတ်ချမ်းသာတယ်။ မိဘတွေဆီက အမွေရဖို့ရှိတယ်ဆိုရင်လည်း ၃၀ % လောက် အရင်တောင်းထားသင့်တယ်။ အဲဒါနဲ့ပေါင်းပြီး တစ်ခုခုလုပ်ထားသင့်တယ်။ အထူးသဖြင့် လခစားလုပ်ရတဲ့သူတွေ၊ လမကုန်ခင် ငွေကုန်တတ်တဲ့လူတွေမှာ ပိုပြီး စည်းစနစ်နဲ့သုံးတတ်ဖို့လိုလာပါတယ်။

ဒီမှာ အာဖျံလာကွီးနေတာကလည်း အကြောင်းရှိပါတယ်။ ဒီတစ်ခေါက်မှာလည်း ကျွန်တော်တို့လို စင်ကာပူမှာ အခြေခံအလုပ်တွေ လုပ်နေတဲ့လူတွေအနေနဲ့ အကျတော်ဖို့ ကျမယ့်နေရာတွေမှာ မွေ့ရာချထားဖို့၊ ကြောင်ကျကျတတ်ဖို့ ပြင်ဆင်ထားဖို့တွေ လိုကိုလိုပါတယ်။ ပိုက်ဆံသိပ်ပေါနေတဲ့သူတွေအတွက်တော့ မလိုဘူး။ အသက်သုံးဆယ်မှာ လူတစ်ယောက်ဟာ နောက်တစ်နှစ်ထိုင်စားနိုင်လောက်တဲ့စုငွေရှိအောင်လုပ်ထားသင့်တယ်။ တစ်လကို အိမ်စားရိတ်နဲ့ စားစရိတ်ပေါင်း ၈၀၀ ၊ ၁၀၀၀ လောက်ကုန်တယ်ဆိုရင် တစ်နှစ်စာ ၁၂၀၀၀ လောက်စုထားနိုင်ဖို့ကောင်းတယ်။ ကောင်းတယ်ဆိုတာက ကောင်းတယ်ပေါ့။ ကောင်းကြသေးရဲ့လားဆိုရင်လည်း ကောင်းကြသေးရဲ့လားပဲပေါ့။

စုငွေဆောင်းငွေမရှိရင် ပထမဆုံး financially insecure ဖြစ်ပါတယ်။ အဲဒါဟာ လူလတ်တန်းစားထက် တစ်ဆင့်နိမ့်တဲ့ အခြေအနေလို့သတ်မှတ်ရပါမယ်။ အခြေခံအလုပ်လုပ်ကိုင်သူဆိုတာ အဲဒါမျိုးကိုပြောတာပါ။ ငွေပိုငွေလျှံသိပ်မရှိဘူး။ ရှိရင်လည်း သုံးပစ်တဲ့ အလေ့အထရှိတဲ့သူတွေမှာ စီးပွားရေးအပြောင်းအလဲဟာ ဘ၀အပြောင်းအလဲကိုပါဖြစ်စေနိုင်တယ်။ ပိုက်ဆံ အပိုအလျှံရှိရင် တစ်နှစ်ကို တန်ဖိုးရှိတာ တစ်ခုခု လုပ်နေလိုက်လို့ရနိုင်တယ်။ စီးပွားရေးပြန်လည်ဦးမော့လာရင် ပိုပြီး ကောင်းတဲ့ ရာထူးရဖို့ ပြင်ဆင်ထားနိုင်တယ်။ ကိုယ်သုံးလိုက်တဲ့ငွေတွေကို ပြန်တွက်ကြည့်ရင် တစ်နှစ် တစ်နှစ် ဘယ်လောက်သုံးပြီးပြီလဲဆိုတာ သိနိုင်တယ်။ ပြန်မတွက်ချင်ရင်လည်း ဘဏ်ကနေ Transaction History ပြန်တောင်းကြည့်လို့ရတယ်။

စီးပွားရေးမကောင်းဖြစ်နိုင်တယ်ဆိုတာကို သတိပေးတာဟာ ချိန်းခြောက်တာနဲ့ နည်းနည်းမှမဆိုင်ဘူး။ ပြင်ဆင်လို့ရနေတုန်း ပြင်ဆင်ထားဖို့ ဘ၀တူချင်း လက်တို့တဲ့သဘောပဲ။ စီးတဲ့ရေ ဖော်တဲ့မြောင်းလိုပဲ ငွေတွေက လခတစ်ခုတည်းဝင်၊ တစ်လလုံးထွက်၊ နောက်လကိုရောက်၊ လခ၀င်၊ တစ်လလုံးထွက် ဆိုတဲ့ ဘ၀မှာ ရေရှည်နေဖို့ဆိုတာ မလွယ်ဘူး။ တစ်နှစ်ကို လခက ၁၅ ရာခိုင်နှုန်းဝန်းကျင်တိုးကို တိုးရမယ်။ မတိုးရင် အဲဒီမှာ မနေနဲ့။ လစ်တော့။ အလုပ်လာလုပ်ကြတာ ပိုက်ဆံရဖို့ပဲ။ ပိုက်ဆံများများမပေးဘဲ များများခိုင်းတဲ့အလုပ်မျိုး ဘယ်တော့မှ မလျှောက်နဲ့။ အလုပ်ကို အပြစ်များများတင်တဲ့သူတွေကို ကြည့်ရင် အရည်အချင်း မပြည့်တဲ့သူတွေပဲ ဖြစ်နေတတ်တယ်။ ကိုယ်အရည်အချင်းရှိရင် ကြိုက်တဲ့ အလုပ် လျှောက်လို့ရတယ်။ သစ္စာတရားက စီးပွားပျက်ကပ်မှာ အလုပ်မပြုတ်စေရဘူးဆိုပြီး စောင့်ရှောက်ချင်မှ စောင့်ရှောက်လိမ့်မယ်။

စင်ကာပူက ကမ္ဘာမှာ အထူးခြားဆုံးပေါ်လစီရှိတယ်။ ကမ္ဘာမှာ အလုပ်ဖြုတ်ရင် ပိုက်ဆံအများဆုံးပေးရတဲ့သူကိုဖြုတ်တယ်။ စင်ကာပူမှာက အောက်ဆုံးနားကလူတွေကို ဖြုတ်တယ်။ အဲဒီတော့ ကိုယ်ဘယ်နားမှာ နေနေလဲဆိုတာကို သိဖို့ အမှန်အတိုင်းသိအောင်လုပ်ထားသင့်တယ်။ company ရဲ့မူဝါဒကိုလည်း သေချာသိသင့်တယ်။

ပိုက်ဆံစုတယ်ဆိုတာကလည်း အကျင့်မရှိရင်သာခက်တာ။ တစ်လ နည်းနည်းစီစုထားကြည့်ရင် တစ်နှစ်တစ်နှစ်ဆို စုထားတဲ့ amount က accumulate ဖြစ်လာရင် စိတ်ချမ်းသာစရာကောင်းတယ်။ တစ်လကို ၅၀၀ စုထားရင် တစ်နှစ်ကို ၆၀၀၀ လောက်တော့ရှိမယ်။ ပိုက်ဆံပိုနေတာဟာ လိုနေတာထက်တော့ကောင်းပါတယ်။ အနာဂတ်ကို ကြိုမသိနိုင်ဘူး။ ဆေးရုံတစ်ခေါက်တက်ရင် ၆၀၀၀ ဆိုတာ နှစ်ရက်လောက်နဲ့ကုန်ရင်လည်းကုန်မယ်။ ကင်ဆာဆေးဆိုရင် တစ်လုံးကို ၄၀၀၀ ပေးရတာလည်းရှိတယ်။ အလုံး ၂၀ လောက်ထိုးရတယ်ထင်တယ်။ အဲဒီတော့ သုံးစရာမရှိမှာမပူနဲ့။ စုသာစုထားကြပါ။ မိဘတွေရှိသေးရင် မိဘတွေအတွက်လည်း စုထားဖို့လိုတာပဲ။ မြန်မာပြည်မှာဆိုပြီးလည်း အထင်မသေးနဲ့ ဆေးရုံစရိတ်က တစ်ပတ်ကို ဆယ်သိန်းကျော်ကုန်တယ်။ ရောဂါပေါ်မူတည်ပြီး ကုန်တယ်။ ကုန်စရာတွေ ဒီလောက်များတာကို မကုန်တော့မလို နေနေကြတာဟာ အံ့သြစရာလည်းကောင်းတယ်။ အနာဂတ်ကို သိပ်အကောင်းမြင်လွန်းရာလည်းရောက်တယ်လို့ထင်မိတယ်။

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကြတဲ့လူတွေအနေနဲ့တော့ ကိုယ်ရပ်နေတဲ့ခြေထောက်တွေကို ပိုခိုင်အောင်ကြိုးစားသင့်တယ်။ အပြိုင်အဆိုင်ပိုများလာတဲ့ လူစုထဲမှာ ကိုယ်က သိသိသာသာ ထူးချွန်နေဖို့လည်းပိုပြီးလိုအပ်လာတယ်။ အထူးသဖြင့် ခေတ်မကောင်းတဲ့အချိန်မှာ လူတော်တွေ နေရာလုလာကြတာ ပိုသိသာတယ်။ ကိုယ့်ထက်သာပြီး ကိုယ့်ဈေးလောက်နဲ့ လာလုပ်နေမယ့်လူတွေရှိလာမယ်။ အဲဒီအချိန်မှာ ဘယ်လိုလုပ်ကြမလဲ။ ကိုယ်က ဈေးလျှော့ယူနိုင်မလား။ ဒါမှမဟုတ် တခြားအလုပ်တစ်ခုကို လွယ်လွယ်နဲ့ပြောင်းနိုင်မလားဆိုတာကို စဉ်းစားရမယ်။

စဉ်းစားလို့ရသလောက်ကတော့ ပိုက်ဆံမဖြုန်းဘဲ တတ်နိုင်သမျှ စစ်စစ်စီစီနဲ့ ခြောက်လတန်သည်၊ တစ်နှစ်တန်သည် ခြိုးခြံဖို့ပါပဲ။ မလိုတာတွေ၊ နှစ်ခုဖြစ်နေမှာတွေကို မ၀ယ်ဘဲနေနိုင်ရင် အလွန်ကောင်းပါတယ်။ အခုလို အိုင်ဖုန်း 5 ထွက်ခါနီးမှာ အချိန်မီတင်လိုက်ရတာကိုလည်း အားနာပါတယ်။ သူငယ်ချင်းတွေရဲ့တစ်ဝက်လောက်က အိုင်ဖုန်း 5 တန်းစီဖို့ အိမ်မက်တွေကိုယ်စီနဲ့ ခြေလှမ်းပြင်ခါနီးမှာမှ ကျက်သရေပို့စ်ကြီး တက်လာတာဆိုပြီး အမျက်တော်များရှနေမလားမဆိုနိုင်ဘူး။

ကျွန်တော် ဒီမှာ လေးနှစ်လောက်နေပြီးတဲ့အချိန်မှာ ဒီကလူတွေကို ကိုယ်ချင်းစာပါတယ်။ ကျွန်တော်တို့တွေအားလုံးဟာ ၂၉-၃၀ ၀န်းကျင် လူလတ်ပိုင်းတွေ၊ ဘ၀ကို တာဝန် စယူခါစတွေဆိုတော့ အခုမှပဲ တွေးမိတယ်။ အရင်ကတော့ မိဘတွေက တိုက်စစ်မှုးတွေပေါ့။ ကျွန်တော်တို့က အရန်ခုံမှာဆိုတော့ ကစားပွဲတွေအကြောင်းနားမလည်လှဘူး။ အခုတော့ ကိုယ်တိုင်ကန်ကြရမယ်ဆိုတော့ ပြင်ဆင်ထားတာကို နားလည်လာတယ်။ သား၊သမီးမရှိပေမယ့်၊ သားသမီးရှိတဲ့သူတွေအတွက်လည်းတွေးမိတယ်။ သူတို့တွေလည်း ပြင်ဆင်ကြရမယ်။ ဘ၀ဆိုတာ အခုဆိုရင် ရိုလာကိုစတာ လိုဖြစ်လာပြီ။ အရင်လို ထိုင်ခုံမှာ ထိုင်နေရတဲ့ခေတ်ကုန်သွားပြီး။ အပြောင်းအလဲဟာ သဘာဝဖြစ်လာပြီ။ chaos ကိုပဲ နေ့စဉ် သူငယ်ချင်းတစ်ယောက်လို မြင်နေရတော့တယ်။

မလွယ်ပါဘူး။ ကျွန်တော်တို့တွေဟာ အသက်မွေးဝမ်းကြောင်းပညာရပ်ကလွဲပြီး တခြား စီးပွားရေးကိစ္စတွေကို သိပ်မသိလှတဲ့အတွက် ခေတ်ပျက်မှာ သူဌေးဖြစ်စရာ အကြောင်းမရှိပါဘူး။ ခေတ်ပျက်မှာ စိတ်ပျက်စရာအကြောင်းပဲရှိချင်ရှိလိမ့်မယ်။

တကယ်လို့ စီးပွားရေးအခြေအနေက ခန့်မှန်းထားကြသလို မကျဆင်းလာတော့ရော ဘာဖြစ်လဲ။ အခုလို ကြိပြီးစုထားတတ်တဲ့ အလေ့အကျင့်ရသွားရင် ကျွန်တော်တို့တွေ ခုသာခံသာရှိမှာပါပဲ။ ဂျပန်တွေဟာ ဘယ်လောက်ပဲ အခက်အခဲကြုံကြုံ မူလအနေအထားကို အမြန်ဆုံးပြန်ရောက်အောင် ကြိုးပမ်းနိုင်တဲ့ စိတ်ဓာတ်နဲ့ အစွမ်းရှိကြတယ်။ အဲဒီစိတ်ဓာတ်ကို ကျွန်တော်တို့လည်း မွေးမြူထားသင့်တယ်။

မလိုအပ်ဘဲ သုံးလိုက်တဲ့ ကုန်ကျစရိတ်တွေလျှော့ချဖို့ကို အထူးတိုက်တွန်းပါတယ်။
အချင်းချင်း ခင်ခင်မင်မင် တိုက်တွန်းတဲ့စကားလည်းဖြစ်သလို၊
ကိုယ့်ကိုယ်ကို ပြန်ဆုံးမတဲ့ ပို့စ်လည်းဖြစ်နိုင်ပါတယ်။

Prevention is better than Bankruptcy :).

Regards,
Zephyr



Peace B with U.

Monday, October 3, 2011

ဖြစ်စဉ်အကျဉ်းချုပ်။

ဖြစ်စဉ်အကျဉ်းချုပ်။



စနေည ဇနီးသည် အတွက် လုံလုံခြုံခြုံ ရေကူးဝတ်စုံဝယ်
ရေကူးကန်သွား။
ရေကူး။
အကျွန်ုပ် ၀မ်းဗိုက်ချည်းသက်သက် ပေါင် ၂၀ ကျော်ရှိနေပြီဖြစ်ရာ၊ လေ့ကျင့်ခန်းတစ်ခုခုလိုအပ်။

ရေကူးမျက်မှန်မယူခဲ့မိ။
ကလိုရင်းရေများဝင်၊ မျက်လုံးကိုက်။
နောက်တစ်နေ့ မူးဝေအော့အန်။
ခေါင်းကိုက်။

အခန်းတံခါး သော့ပျက်သွား။
သော့ဖြတ်သမားခေါ်။
၄၅ ကျပ်နည်းနည်းမှမလျှော့ဟုဆို။
ကရုဏာတရား ခေါင်းပါးလွန်းလှတယ်နော် ဟု သီချင်းဆိုမိ။
ပျက်သွားသည့် သော့ပါလဲ ၆၅ ကျပ်။

နှောင်းလူများ သော့ကိုသာဖျက်ကြကုန်။ အင်မတန်လွယ်သည်။
စုစုပေါင်း ၁၂ ကျပ်ခန့်သာကုန်ကျနိုင်။
ကျွန်ုပ်သည် ဗော်လံတီယာ စပီးရစ်ရှိသူတည်း။

နေ့လည်စာ ဆန်ပြုတ်စား။
ဆန်ပြုတ်အလွန် ၁၀၀ ကြိုက်သူဖြစ်။
ဆန်ပြုတ်အတွက် ဇနီးသည်အား အထူးကျေးဇူးတင်မိသွား၍
-------------
(သည်းခံပါခင်ဗျာ)။

ညနေတွင် လူမှုရေးအသိစိတ်ဓာတ်ဖြင့် ဘွန်းလေး (ဘွန်လေးမဟုတ်ပါ။ ဘွန်းလေးသာဖြစ်သည်ဟုမှတ်ကြကုန်)သို့ အလှူသွား။
လူအများအမြန်ပို့ဆောင် (MRT) ဘူတာရုံမှ
သရက်သီးဖျော်ရည်သောက်။
လည်ချောင်းတွင် သရက်သီးမှ မျိုးမည်မသိ အရာစူးသွား။
ပြန်ထုတ်မရ။

ရက်တရာပြည့်ကလေးအတွက် အရုပ်ဝယ်။ ကျွန်ုပ်အတွက်လည်း ကားရုပ်တစ်ရုပ် ကြုံတုန်းဝယ်။
အလှူအိမ်သွား။
ထောပတ်ထမင်းစား။
ရင်ပြည့်လာ။
အအေးသောက်။
ပိုဆိုးလာ။
ကလေးနှင့်အတူ ဓာတ်ပုံရိုက်။
ကလေးမှာ တရုတ်ကလေးဖြစ်။
သူငယ်ချင်းမှာ ကလေးတစ်ယောက်အမေဟုမထင်ရ။ (ဘယ်နှယောက်အမေဟုထင်သနည်းဟုမမေးစေလိုပါ)

ဘွန်းလေး မြောင်းမှ ပေါများလှစွာသော ငါးများကို ငုံ့ကြည့်။
ရည်စားဘ၀ အလွမ်းပြေဖြစ်။
မိန်းမကို ကြည့်လိုက်တော့ နောင်တရနေဟန်တူ။

တူ၊တူမများအတွက် ကျောပိုးအိတ်သွားဝယ်။
Jurong Point တွင် ဥသြဆွဲ။
ဖိနပ်စင်ဝယ်။
သုံးဆင့်ပါသော ပေါချောင်မကောင်းသစ်သားစင်ဖြစ်။
သေချာရွေးသည့်ကြားမှ အက်ရာပါနေ။

အိမ်ပြန်။
ရုံးမှပါလာသော အလုပ်ကို လုပ်မလို၊ လုပ်မလို အရောင်ပြ။
ဘောလုံးပွဲခိုးကြည့်။
ဇနီးသည်က အာဆင်နယ်နိုင်မှာပါဟု နှစ်သိမ့်၊
အခြေအနေမကောင်းမှန် ကိုယ့်ဘာသာကိုယ်သဘောပေါက်နေ၊
ဒါဘီပွဲဖြစ်၍ မြိုင်ဆိုင်၊
အဒီဘာယောကို အမြင်ကတ်လာ၊
အာဆင်နယ်ကိုလည်း သနားသလိုလိုဖြစ်လာ၊
၁၂ နာရီကျော်၊ အလုပ်ဆယ်မိနစ်တိတိလုပ်၊
အားလုံးမျှော်လင့်ကြသည့်အတိုင်း
အာဆင်နယ်ရှုံး။

၁နာရီ။
ဗိုက်အလွန်ဆာလာ။
ပေါင်ချိန်စက်ကို ရေခဲသေတ္တာရှေ့ဘယ်သူရွေ့သွားမှန်းမသိ၊
ရေခဲသေတ္တာတံခါးဖွင့်ရန် ပေါင်ချိန်စက်ပေါ်တက်မိ
၁၃၇ ပေါင်ဖြစ်နေ။

အသက်ကြီးလျှင် အချိန်စီးရန်လိုသည်ဟု မည်သူပြောသွားမှန်းမသိ။
အသိပညာအရ အချိန်မစီးလှသော်လည်း
ဒြပ်ထုအရ အလေးချိန်များလာ။
ကမ္ဘာမြေဆွဲအားကြောင့်ဖြစ်နိုင်၊

မြန်မာပြည်အင်တာနက်မကောင်း။
Offline Message များသာပို့ရ။
မိခင်ကြီး ကျန်းမာပကတိရှိစေသော်။

ပျော်ရွှင်စွာဖြင့်
မြန်မာပြည်ပြန်ရန်အသင့်။

မြန်မာပြည်အစိုးရကို လှူရန် အလှူငွေများပို့ထားရန်သတိရ။
သပနတွင် အကြွေး သိန်းသုံးဆယ်ဝန်းကျင်။
ကျွန်ုပ်တို့ကဲ့သို့ လက်လုပ်လက်စားများထံမှ ပိုက်ဆံမလိုချင်ပါနဲ့လား။
သမ္မတကြီးထံသို့ စာရေးချင်သလိုလိုဖြစ်လာ၊

အိပ်တာပဲကောင်းပါတယ်။ ။

With Peace,
Zephyr



Peace B with U.