Friday, December 24, 2010

ဝီကီပီဒီယားသို့ လမ်းလျှောက်ထွက်ခြင်း

ဝီကီပီဒီယားသို့ လမ်းလျှောက်ထွက်ခြင်း
Crocodile Dilemma

The premise states that a crocodile who has stolen a child promises the father that his son will be returned if and only if he can correctly predict what the crocodile will do.

မိချောင်း အကြပ်အတည်း။

Dilemma (ဒလင်းမာလို့အသံထွက်တယ်၊ ဂျာမန်လိုဆိုရင်တော့ ဒီလင်းမာ ဆိုလားပဲ၊ )ကို အကြပ်အတည်းလို့ပဲပြန်လိုက်ရတာစိတ်မကောင်းဖြစ်မိတယ်။ အမှန်တော့ ဒီစကားလုံးက ဒီထပ်မက လေးနက်ပါသေးတယ်။ မိချောင်းအကြပ်အတည်းဆိုတာ Logic မှာဖြေမရတဲ့ပုစ္ဆာတစ်ခုပါ။ (comment သာဖွင့်ထားရင် ဖြေပြဖို့ကြိုးစားတဲ့ ပညာယှိကြီးတွေတောင်တွေ့ရဦးမှာ။)

မိချောင်းအကြပ်အတည်းက ဒီလိုပါ။ မိချောင်းက ကလေးကို ဖမ်းသွားပြီး ကလေးအဖေကိုမေးတယ်။
တကယ်လို့ သူ(မိချောင်း)က (ကလေးကို) ဘာလုပ်မလဲဆိုတာကို မှန်အောင်ခန့်မှန်းနိုင်ရင် ကလေးကို ပြန်လွှတ်ပေးမယ်တဲ့။

အဲဒါကိုကြည့်ရင် ဖီလိုဆော်ဖာဆိုသူတွေက မိချောင်းကနေဖြစ်လာတာလို့ယူဆစရာရှိတယ်နော်။ .. ဒါပေမယ့် အဲဒီလိုဆန်ဆန် ရွေးကောက်ပွဲကျင်းပပေးနိုင်တာမျိုးကလည်း နည်းတဲ့ ပညာရှိမဟုတ်ပေဘူးလား။ ကျွန်တော်တို့ကတော့ အဲဒါကို မိချောင်းအကြပ်အတည်းလို့မပြောတော့ဘူး။ ဖွတ်အကြပ်အတည်းလို့ပြောင်းသုံးနေကြပါပြီ။
ဘောလုံးပွဲကို ကျွန်တော်တို့အိမ်ကွင်းမှာ ကျွန်တော်တို့ဘက်လိုက်တဲ့ ဒိုင်လူကြီးနဲ့စင်မြင့်ထက်မှာရှိတဲ့
ပြောင်းဖူးရိုးကိုယ်စီကိုယ်ထားတဲ့ ကျွန်တော်တို့ပရိတ်သတ်အပြည့်နဲ့၊ ပြိုင်ဘက်အသင်းကို လူစားလဲခွင့်နဲ့ရေသောက်ခွင့်မပြုတာကလွဲရင် ကျွန်တော်တို့မတရားဘာမှမလုပ်ပါဘူး။ ....အဲဒီလိုအနေအထားမျိုးလေ။


အကြွေးနဲ့ပိုက်ဆံဘယ်ဟာရှိရင်ကောင်းမလဲ

မနေ့ကစဉ်းစားမိတယ်။ ပိုက်ဆံနဲ့ အကြွေး ..တစ်ခုခုမှမရှိရင် အဲဒီလူဟာ တစ်ခုခုမှားနေပြီ လို့။ ဘာရှိရင်ကောင်းမလဲဆိုတာ ပညာရှိများနဲ့ဆွေးနွေးတယ်။ အကြွေးရှိတာပိုကောင်းတယ်လို့အဖြေထွက်သွားတယ်။ အဆိုပြုချက်တွေက အစုံပဲ။
အကြွေးများများရှိရင်
  • သေရင် ကိုယ့်ကို မမေ့တော့ဘူးတဲ့။
  • ပိုက်ဆံချေးသလို အကြွေးလာမချေးနိုင်တော့ဘူး။
  • သူငယ်ချင်းကောင်းတွေလောက်ပဲ ကိုယ့်ကို ဆက်ပြီးပေါင်းတော့မယ်။
  • ကိုယ့်ကိုပိုက်ဆံချေးထားတဲ့သူတွေက ကိုယ့်ကို ပိုပြီးတလေးတစားဆက်ဆံလာမယ်။
  • အပေါင်ဆိုင်တွေကလည်း ကိုယ့်ကို loyalty customer အဖြစ် သုံးသပ်မယ်။
  • အားအားယားယား အဆင်ပြေရဲ့လားလို့ လာလာမေးတဲ့ အမျိုးတွေလည်း အာညောင်းသက်သာသွားနိုင်တယ်။
  • အပိုဝယ်ချင်စိတ်လည်းနည်းသွားနိုင်တယ်။(ရှင့်မှာလည်းအကြွေးတွေနဲ့၊ ကျုပ်မှာလည်း ကလေးတွေနဲ့ဆိုပြီး)
  • ရဲတွေဘာတွေကလည်းကိုယ့်ကိုစောင့်ရှောက်မယ်။(ဒီငနဲ လစ်သွားရင်ဒုက္ခဆိုပြီး)
  • အသက်အာမခံကုမ္ပဏီတွေဆို နေ့တိုင်း စိတ်ချမ်းသာရဲ့လားဖုန်းဆက်မေးမယ်။(သတ်သေသွားမှာစိုးလို့)
  • စင်ကာပူမှာဆို အိမ်ရှေ့မှာ ၀က်ခေါင်းတွေလာလာချိတ်လွန်းလို့ ၀က်ခေါင်းသုတ်အမြဲစားရမယ်။
  • ကြွေးများတော့မပူ၊ သန်းထူတော့မယား ဆိုတဲ့စကားပုံအရ ကြွေးများတဲ့သူဟာ အပူအပင်ကင်းလာတယ်။ (မင်းကိုမှ ပြန်မဆပ်နိုင်တာမဟုတ်ဘူး။ ကြိုက်တဲ့ကောင်မေးကြည့် .. ဘယ်သူ့မှ ပြန်မဆပ်ဘူး။ ငါက အဲဒီလို သစ္စာရှိတာ:P)
သူတို့ပြောတာတွေနားထောင်ရင်း ကိုယ့်ဘာသာကိုယ်တောင် အကြွေးတွေနည်းနေသေးလို့ စိတ်မကောင်းဖြစ်ရတယ်။ (မကျေနပ်ရင် အကြွေးနဲ့သိမ်းလိုက်လို့ပြောလို့ရတယ် ဆိုတာလည်းပါတယ်။) ဒါတောင် ရုံးကနေပြီး brain storming လုပ်နေရလို့ သိပ်မထွက်ကြဘူးလို့ပြောတယ်။ တကယ်ပဲ အကြွေးရှိတာနဲ့ အကြွေးများများရှိတာတောင်မတူဘူး။ ထောင်ကျရင် ခိုးမှုနဲ့လူသတ်မှု .. ဘယ်အမှုနဲ့ဝင်လာသလဲဆိုတာပေါ်မူတည်ပြီးလေးစားကြသလိုမျိုးကွာတယ်။ အကြွေးရှိတာတောင် ပရော်ဖက်ရှင်နယ်အကြွေးထူတာလား၊(ဥပမာ AIG၊ အမေရိကန်အစိုးရ) ၊ ဒါမှမဟုတ် အပျော်တမ်း နည်းနည်းပါးပါး အကြွေးရှိတာလား ဆိုတာက တော်တော်လေးကို အဆင့်အတန်းကွာတယ်။ ဆက်ပြီးတွေးကြည့်ကြပါဦး။

Socratic Paradox

I know nothing at all
ဆော့ခရေတ္တိ (ဆရာဇော်ဂျီက ဒီလိုအသံထွက်တယ်။ အဲဒါကို အသံထွက်မှန်နဲ့ပိုနီးစပ်တယ်လို့မောင်သာနိုးကပြောတယ်။ အဲဒီအတွက် ဆိုကရေးတီးလို့ မရေးဘဲ ဆော့ခရေတ္တိလို့ပဲရေးလိုက်ပါတယ်။) က ပြောတယ်။ သူသိတာ သူဘာမှသိဘူးဆိုတာပဲတဲ့။ အဲဒီမှာမေးကြတာက သူဘာမှမသိဘူးဆိုတာကို သူဘယ်လိုသိသလဲဆိုတာပါပဲ။ သေချာတွေးကြည့်ရင် အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ (အနည်းဆုံး အခုဖတ်နေတဲ့ အကို၊အမ၊ညီလေး၊ညီမလေး၊အန်ကယ်၊အန်တီနဲ့မျက်စိကောင်းပြီး မြန်မာစာဖတ်တတ်တဲ့သတ္တ၀ါတစ်ချို့ဆိုရင် ဆော့ခရေတ္တိထက်တောင် တစ်ခုပိုသိသွားပါပြီ။ အခု ဆော့ခရေတ္တိမသိဘူးဆိုတာ ခင်ဗျားတို့သိသွားပါပြီ။ )သူမသိဘူးဆိုတာ သူ့ဘာသာသူသေချာရဲ့လား။ သူမသိတာကို သူသိနေရင် သူတစ်ခုတော့သိနေသေးတယ်။ အဲဒီတော့ သူပြောတဲ့အဆို (statement)က မှားပါတယ်။ false ဖြစ်ပါတယ်။ သူသိတယ်ဆိုရင် ဘာမှမသိဘူးလို့ပြောလို့မရဘူး။ တကယ်ကို ဘာမှမသိဘူးဆိုရင်လည်း သိတယ်လို့မသုံးသင့်ဘူး။

ပေါက်ကရ အခက်အခဲတစ်ခုကတော့ ဒီလိုပါ။ နိုင်ငံတော်မှာ ကျွန်တော်တို့မရှိဘဲဖြစ်တယ်ဆိုတာကို ကျွန်တော်တို့မရှိဘဲ ဘယ်လိုသက်သေပြနိုင်မှာလဲ။ .. (eg statement from xanthos)အဲဒါဆိုမင်းတို့ဖယ်လေကွာလို့သွားပြောလို့လည်းမရဘူး။ မရှိဘဲဖြစ်တယ်လို့ယူဆရင် သူတို့ကို တောင်းဆိုလို့မရတော့ဘူး။ တောင်းဆိုလိုက်ရင် မင်းတို့ မရှိလည်းဖြစ်တယ်ဆိုတာကို ငြင်းလိုက်သလိုဖြစ်သွားတယ်။ မရှိလည်းဖြစ်တယ်ဆိုတာကို သက်သေပြဖို့အတွက် သူတို့မလိုအပ်တဲ့ အဆိုမျိုးတည်ဆောက်ရတယ်။ အဲဒါကလည်း တွေးကြည့်ရင် ထင်သလောက်မလွယ်ဘူး။

ကိုးတန်းတုန်းကဆရာကို စိတ်နာတယ်။
  • Probability တော့ သင်ဖူးကြမှာပါ။ သချာင်္ဆရာကမေးတယ်။ ဦးမြမှာ ကလေးနှစ်ယာက်ရှိတယ်။ တစ်ယောက်ဟာ ဂေးဖြစ်ဖို့ ရာခိုင်နှုန်းဘယ်လောက်ရှိလဲတဲ့။အဲဒီတုန်းကလည်း မဖြေနိုင်ဘူး။ ဦးမြဟာ လူပျိုကြီးလို့ပဲရေးပေးလိုက်တယ်။အဲဒီကတည်းက မေးခွန်းဆိုတာလည်း အဖြေရှိမှထုတ်လို့ရတာမဟုတ်မှန်းသိလာတယ်။
  • ဘုရားဖြစ်ဖို့ သက်ရှိထင်ရှားဘုရားဆီမှာ ဗျာဒိတ်ခံရတယ်ဆိုရင် ဘုရားကိုပွင့်ဖို့မရှိတော့ဘူး။အဲဒါကလည်း paradox ပဲ။ ကြက်ဥနဲ့ ကြက်မ version ကို enhance လုပ်ထားတယ်လို့ပဲထင်တယ်။
ငါဟာလေမင်းအတွက် တစ်ခွက် အစိတ်ပါပဲ ...
မျိုးကြီးရဲ့ အဆိပ်ခွက် စာသားလေးကိုမှတ်မိမယ်ထင်ပါတယ်။ အဆိပ်ခွက်တွေက နာမည်ကြီးပါတယ်။ ဆော့ခရေတ္တိကို အဆိပ်မသောက်စေဘဲ ရေခဲမုန့်အများကြီးကျွေးပြီးသတ်လိုက်ရင် ဘာဖြစ်မလဲလို့ ဆရာတစ်ယောက်ကမေးဖူးတာကိုသတိရတယ်။ (သူတို့လည်း အားနေရင် အဲဒီလို ပေါက်ကရတွေပဲ တွေးနေပုံရပါတယ်။ မြန်မာပြည်မှာ အားနေလို့လည်းဖြစ်နိုင်ပါတယ်။) အဆိပ်ခွက်ဆိုတာကို နိမိတ်ပုံအနေနဲ့လည်း အတော်လေးလှပါတယ်။ အဆိပ်ခွက်ဆိုတာနဲ့တင် အင်တင်တင်ဖြစ်နေပြီ။ အဆိပ်ခွက်ထဲမှာ ဘာအဆိပ်လဲဆိုတာမသိရင်တောင် အတော်လေးကြောက်နေပြီ။ ဆော့ခရေတ္တိကတော့ သာသာယာယာလေးသောက်သွားပါတယ်။ အဲဒီအကြောင်း အက်ဆေးတွေတောင် အတော်လေးရေးကြပါတယ်။ ကမ္ဘာကျော်ချင်ရင် ဆော့ခရေတ္တိအဆိပ်သောက်တာနဲ့ပတ်သက်ပြီးတစ်ခုခုရေးရတယ်လို့ယုံကြည်သလားတောင် ထင်ရလောက်အောင်ရေးကြပါတယ်။
အခုကျွန်တော်ပြောမှာကတော့ တခြားအဆိပ်ခွက်ပါ။

Kavka ရဲ့ အဆိပ်ခွက်ဒွိဟ
An eccentric billionaire places before you a vial of toxin that, if you drink it, will make you painfully ill for a day, but will not threaten your life or have any lasting effects. The billionaire will pay you one million dollars tomorrow morning if, at midnight tonight, you intend to drink the toxin tomorrow afternoon. He emphasizes that you need not drink the toxin to receive the money; in fact, the money will already be in your bank account hours before the time for drinking it arrives, if you succeed. All you have to do is. . . intend at midnight tonight to drink the stuff tomorrow afternoon. You are perfectly free to change your mind after receiving the money and not drink the toxin.

စိတ်မူမမှန်တဲ့ဘီလျံနာကြီးက ခင်ဗျားရှေ့မှာ အဆိပ်ခွက်လေးချထားတယ်။ သောက်လိုက်ရင် တစ်ရက်လောက် ခံရမယ်။ သေတာမျိုး၊ တစ်သက်လုံး ခံရတာမျိုးဘာမှမဖြစ်ဘူး။ အဆိပ်တောင် အပျော့စားလေး။ ဘီလျံနာက ခင်များ မနက်ဖြန်နေ့လည်မှာ အဆိပ်သောက်ဖို့ ဆန္ဒရှိတယ်လို့ ဒီညမှ ဆုံးဖြတ်နိုင်ရင် မနက်ဖြန်မနက်မှာ တစ်သန်းပေးမယ်။(သေချာဖတ်ပါ။ ဘာသာပြန်တာညံ့သည်။) သူဌေးကြီးက ထပ်ပြီး သေချာပြောတယ်။ ပိုက်ဆံရဖို့အတွက်ဆို သောက်ဖို့တောင်မလိုဘူး။ ပိုက်ဆံက အဆိပ်မသောက်ခင် နာရီပိုင်းအလိုမှာ ခင်ဗျားဘဏ်အကောင့်ထ်ထဲရောက်နေပြီ။ အဆိပ်မသောက်ခင်ကို ရောက်ပြီ။ ဒါပေမယ့် အဲဒီလိုအဆိပ်သောက်ဖို့တော့တွေးရမယ်။ ညကတည်းက သောက်မယ်ကွဆိုပြီးတော့ ဆုံးဖြတ်ချက်တော့ချကို ချရမယ်။ သောက်တာမသောက်တာတပိုင်း၊ ညကတည်းကတော့ သောက်မယ်လို့ဆုံးဖြတ်ရမယ်။ ပိုက်ဆံရပြီးမှမသောက်လည်းရတယ်။

အဲဒီလို မသောက်လည်း အိုကေတယ်ဆိုတာကြီးကို သိနေရင်သောက်မယ်ကွဆိုပြီး ဆုံးဖြတ်ချက်ချက်လို့ထင်လား။ ထင်တယ်ဆိုရင်လည်း ကြိုးစားကြည့်စေချင်ပါတယ်။ ဖီလိုဆိုဖာတွေဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူတွေမဟုတ်ပါဘူး။ သူတို့မှာ ဘယ်လို အကြောင်းအရင်းအရ ဒီလိုမေးတယ်ဆိုတာလည်းရှိပြီးသားပါ။ ၀ါသနာပါရင်ကြိုးစားကြည့်ပါလား။


စင်ကာပူက အေတီအမ်
အင်း ..ဒါကိုလည်း ဒီနေ့မှ သိတာပါ။ဒီလိုဖြစ်တာ စင်ကာပူမှာမှမဟုတ်ဘူးလို့လည်း သူငယ်ချင်းတွေကပြောပါတယ်။ မသိကြတဲ့သူများပါတယ်။ PIN နံပါတ်ကို ပထမဆုံး ဂဏန်းခြောက်လုံးနှိပ်ချင်တာနှိပ် ၀င်လို့ရတယ်။ တော်တော်ရယ်ရတာပဲ။ ဒါပေမယ့် Transaction လုပ်ရင်တော့ password မှားတယ်ပြောလိမ့်မယ်။ ဆိုလိုတာက မှားလို့ရတာကြီးကို ဘာလို့တစ်ဆင့်ခံထားမှန်းမသိဘူး။ တော်တော်ချာတူးလန်တဲ့နည်းစနစ်ပဲ။ မယုံရင်စမ်းကြည့်ပါ။ ဘာမှမဖြစ်ပါဘူး။ အပျော်ပေါ့။ ဒါမျိုး ဘာမှမဟုတ်တာလေးကို သိရတာလည်းကြည်နူးစရာပဲ။ NTUC ကလှည်းကို ပြားနှစ်ဆယ်နဲ့တွန်းလို့ရတယ်ဆိုတာသိရတုန်းကလိုပဲ။(မသိရင်လည်းရှေ့မှာရေးထားဖူးတာရှာဖတ်ပါ။) ပေါက်ကရတစ်ခုခုသိရတာ သိပ်ပျော်ဖို့ကောင်းတယ်။
အဲဒီတော့ ATM machine ကို program ရေးတဲ့သူဟာ အမှားကို တစ်ခါပေးမှားချင်တဲ့သူမျိုးလားလို့တွေးနေမိတယ်။


X'mas presents
ပို့စ်တွေနေ့တိုင်းရေးနေတာ ဘာလို့လဲဆိုတော့ ခရစ်စမတ်ကာလမှာ လက်ဆောင်တွေ အိမ်ရှေ့ရောက်လာတဲ့ခံစားချက်မျိုးရအောင်ပါ။ ပျော်ပျော်ရွှင်ရွှင်ကာလလေးတစ်ခုမှာ ... ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောကြသလိုပေါ့။
With Peace,
The gardener,z-thegardener.com
.... Notes:
Reading and sleeping are the best things in life.



Peace B with U.

Thursday, December 23, 2010

ကျွန်တော်၏ ထင်ယောင်ထင်မှားများ

ကျွန်တော်၏ ထင်ယောင်ထင်မှားများ



Still Life and Street ,a woodcut print by the Dutch artist M. C. Escher

ကျွန်တော်တို့စတင်ရောက်ရှိခဲ့တဲ့မြို့ကလေး။ စိတ်ထဲဝင်ရောက်နေထိုင်သွားတဲ့ဝင်ကစွပ်မြို့ကလေး ....။ အခွံလွတ်တွေ ပျော်ရုံနေထိုင်သွားတဲ့အရပ်ဒေသ... အဲဒီအခွံလွတ်ဟာလည်း ပျော်ဝင်လွယ်တယ်။ ထိခိုက်ကွဲရှလွယ်တယ်။ ကံကြမ္မာနဲ့လောင်းကြေးထပ်ထားတဲ့နေရာ ... အသည်းကွဲသီချင်းတွေ ထထမြည်တတ်တဲ့၊ သေကောင်ပေါင်းလဲ ကဗျာတွေရေးနေတဲ့၊ လမ်းကျဉ်းလေးတိုင်းမှာ ချစ်သူ(တွေ)ကို ထားခဲ့ရတတ်တဲ့၊ ကိုယ်ကိုချစ်သလောက် ကိုယ်ကပြန်မချစ် နိုင်တဲ့ ၊ မမြင်ရတဲ့ သံလှောင်အိမ်ထဲက မမြင်ရသေးတဲ့ ငှက်တစ်ကောင်လိုမြို့လေး ... လမ်းလျှောက်တတ်ခါစ ကလေးလေးရဲ့ ယိမ်းယိုင်နေတဲ့ အပြေးတပိုင်းမြို့ကလေး။ စာအုပ်ထူထူတွေကြားမှာ အမှန်တရားဟာ ပိုက်ဆံ အသစ်တစ်ရွက်လိုညပ်နေမယ်လို့ထင်တဲ့၊ ပညာတတ်မာနကို မောင်းတင်ပြီးမှ ပစ်မချနိုင်သေးတဲ့။ မျှော်လင့်ခြင်းတွေ အ၀တ်လှန်းသလို လှန်းထားရတဲ့၊ ကိုယ်စစ်ရှုံးခဲ့တဲ့ ကောင်မလေးရဲ့ အပြုံးတွေ သံတံခါးနားကျပျောက်သွားတဲ့မြို့ကလေး။ ငရဲ .. ငါတို့ကျပျောက်သွားတဲ့ သက္ကရာဇ်ကို ခိုးရောင်းလိုက်တဲ့ မြို့ကလေးကို မင်းမှတ်မိမလားမသိဘူး။ အဲဒီမြို့ကလေးဟာ ငါတို့ပဲမဟုတ်လား။


Drawing by M. C. Escher

ဘ၀ကို ဘာအတွက်မှန်းမသိ နေထိုင်ခြင်းတွေနဲ့ ပုံတွေဆွဲတယ်။ ကဗျာတွေရေးတယ်။ သဘာဝတရားထဲမှာနေထိုင်တယ်။ သဘာဝတရားအကူအညီနဲ့ ဖြတ်သန်းသွားလာတဲ့ကောင်မလေးတွေကို ငေးတယ်။ သစ်ရွက်တွေလှတာကို ခံစားတယ်။ နှုတ်ခမ်းနီးတွေဈေးကြီးပေးပြီး နှုတ်ခမ်းတွေ ဈေးပေါနေတဲ့အကြောင်း စကားဖောင်ဖွဲ့တယ်။( မြန်မာ ကဗျာလောကကြီး တုန်လှုပ်ခြောက်ခြားသွားအောင် ကဗျာရေးကြမယ်လို့ စိတ်ကူးယဉ်ခဲ့ကြတယ်။ )ရန်ကုန်-သန်လျင်လမ်းမတစ်လျှောက် စိတ်ကို ဂွေလိုလှိမ့်တယ်။ ကျောက်တန်းရောက်ရင် ညာဘက်ကိုချိုးလိုက် ... အဲဒါကျောင်းဆိုတဲ့တစပြင်ပဲ။ မြန်မာပြည်ရဲ့ ထိပ်တန်း အင်ဂျင်နီယာတွေ မွေးထုတ်ပေးနေတဲ့၊ ဒါမှမဟုတ် ကမ္ဘာနဲ့(မည်သို့မည်ပုံမသိ) ရင်ပေါင်တန်းနေတဲ့ကျောင်းမှာ ငါတို့ဘ၀ကို ပုံဆွဲတယ်။ ခဲဖျက်မရှိတဲ့အတွက် ဖဲချပ်တွေကို ပြန်မဖျက်နိုင်ဘူး။ လိမ်မာတဲ့ကျောင်းသားတစ်ယောက်မဖြစ်ခဲ့တာ ပြန်မဖျက်နိုင်ဘူး။  အသုံးမကျတဲ့ကောင်တွေကို အထင်သေးတာကို ပြန်မဖျက်နိုင်ဘူး။ အပြောင်းအလဲကို မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် သမားရိုးကျ ကန်ကြီးထဲမှာ ကူးခတ်ခွင့်ရတဲ့ငါးတွေဟာ မှန်ပုံးဧရှိယာနဲ့ ဒိုင်မင်းရှုင်းအရပဲ ကူးနိုင်မယ်။ ငါတို့ဟာ ဉာဏ်ရည်အထက်မြက်ဆုံးအချိန်ကို ဒိုးဇက် ဆက်ရင်း ဖြတ်ကျော်ခဲ့ကြတယ်။ ငါတို့ဆွဲခဲ့တဲ့ပုံတွေထဲမှာ သူငယ်ချင်းတွေရဲ့ အပြုံးတွေဟာ အသက်အ၀င်ဆုံးပဲ .....။ ငရဲ ... စွယ်တော်ရွက်တွေဟာ သိပ်လှပေမယ့် လူတွေက စွယ်တော်ပန်းလောက်ပဲ စာဖွဲ့ချင်ကြတာပါကွာ။


Realitivity by M. C. Escher

တစ်ခါတလေ ဘ၀ကြီးကို ဖြတ်သန်းသွားနေကြတာ ဘယ်သူအမှန်လဲ မဆုံးဖြတ်နိုင်တော့ဘူး။ စိတ္တရလေခါဖတ်တုန်း က အရက်သောက်သင့်တယ်လို့ ယူဆမိသလိုမျိုးကိစ္စပဲ။ တက်နေတယ်ထင်တဲ့လှေကားတွေက အဆင်းဖြစ်နေတာမျိုး ...။ ချစ်ခဲ့တယ်ထင်တာတွေက ဟိုးရှေးရှေုးတုန်းကနဲ့စတဲ့ပုံပြင်တစ်ပုဒ်ဖြစ်နေတာမျိုး၊ ဘာသာရေးဆောင်းပါးဖတ်သလို ယုံနိုင်သလောက်ယုံလိုက်တာကောင်းတယ်။ ရပ်ကြည့်သွားတွေကို မီးပွိုင့်တွေ အစားထိုးသွားသလို ကမ္ဘာကြီးကလည်း အိမ်မက်အဟောင်းတွေကို အစားထိုးသွားတယ်။ ယုံကြည်မှုတွေဟာလည်း ပြောင်းလဲပြင်လွယ် ဖြစ်လာတယ်။ ရှေ့တစ်ရက်ကို မသေချာတဲ့အတွက် အတိတ်မှာပဲ အခြေချလိုသူတွေများလာတယ်။ သိပ်ကို အသုံးမကျတဲ့ အသေးဆုံး ဒြပ်စင်တွေလို stable electronic structure ရဖို့ပေါင်းသင့်တာပေါင်း၊ ဖြုတ်သင့်တာဖြုတ်တယ်။ တခါသုံးအပြုံးတွေကို အသုံးပြုတယ်။ လက်အိတ်တွေနဲ့နှုတ်ဆက်တယ်။ လစာနဲ့စိတ်ချမ်းသာမှု ပြောင်းပြန်အချိုးကျတိုးတက်လာတယ်။ အဲဒီအတွက်ေ-ာက်ရမ်း နေပျော်ပါတယ်ဆိုရင် မင်းလည်းရူးပြီ။ ငါလည်းရူးပြီ။


နောက်ဆုံးတော့ရခဲ့တဲ့ လိမ္မော်ရောင် အစက်နှစ်စက် က အရွယ် အတူတူပါပဲကွာ။ ....... ငါတို့ဘာကိုယုံကြည်ကြမှာလဲ။ မိထားတဲ့ငါးကို ကြီးလိုက် သေးလိုက်လုပ်နေတာ၊ ချုံထဲကငှက်နှစ်ကောင်ကို တန်ဖိုးမြှင့်နေတာ၊ ဟိုဘက်ခြံက မြက်ကို ပိုစိမ်းနေစေတာတွေက ဘယ်သူလဲ ...။ ဘယ်အရာလဲ။  မြွေပွေးကို အတွင်းခံဘောင်းဘီမှတ်ပြီးဝတ်နေမိသလိုကောင်တွေ ဖြစ်မှန်းမသိဖြစ်လာတဲ့ဘ၀ကြီး ......... မင်း နေပျော်ပါရဲ့လား။



ယုန်လား၊ ဘဲလား။ လူနှစ်ယောက်လား၊ ပန်းအိုးလား .............။ ဘ၀ကြီးကို နောက်တစ်ဖက်ပြန်ကြည့်လိုက်ရင် ငါတို့ဘာတွေဖြစ်နေပြီလဲ .........။ ငယ်တုန်းက အချစ်တွေဟာ ကော်ဖီတစ်ခွက်လိုပဲ .....။ ကျကွဲသွားတဲ့ကော်ဖီခွက်တွေတောင် ... ကျဆဲအခိုက်မှာတော့ ဒဏ်ရာမရတတ်ပါဘူး။ လူတိုင်းက ကိုယ့်အသည်းမှ တကယ်ကွဲတယ်ထင်နေတတ်တာမဟုတ်လား။



အရောင်အတူတူပဲ ......... ငါတို့တွေသာ မခွဲတတ်တာ။
ပြင်ပလွှမ်းမှိုးမှု၊ ဒါမှမဟုတ်၊ အယောနိသောမနသီကာရ ....။ ဒီနေ့လည်း မိုးရေချိန်မြင့်မားတဲ့ ရာသီဥတုတစ်ခုကောက်ရခဲ့တယ်။



တစ်ဖက်တည်းလည်နေတာကို အပြန်အလှန်လည်နေတယ်လို့ထင်ခဲ့ကြတယ်။ အသက်ကြီးလာလေ ကိုယ့်အမှားကိုယ် သဘောပေါက်လာလေပဲ။ ခံစားချက်တွေ နည်းလာတာလား ထုံလာတာလား ....။ အဲဒီလို ကိုယ်ချင်းစာစိတ်နည်းလာတယ်။ တစ်နည်းအားဖြင့် မေတ္တာနဲ့မယှဉ်တဲ့ဥပေက္ခာတွေ အားကောင်းလာတယ် ငါ့ရှင် .........။ ဒီနေ့မှာ ငါတို့ သိခဲ့တာတွေမှာ အမှားတွေဘယ်လောက်ပါသွားပြီလဲ သတိထားကြည့်ရဦးမယ်။ မနက်ဖြန်မှာ သောက်မယ့်ဝိုင်ပုလင်းကို ဒီနေ့ကြိုဖောက်နေတာ ကြိုးစားတာမဟုတ်ဘူး ...ေ-ာက်သုံးမကျတာ။ အဲဒါကို လက်ခံနိုင်ဖို့ ... ယောနိသောမနသီကာရ အနည်းငယ် ... ဒီ post နဲ့အတူ .. ပို့သလိုက်ပါတယ်။

Your Friend,
TH3 GARD3N3R,z-thegardener.com

Dedicated to my dear friend, yeyene. ငရဲ


Hi buddy, horizontal lines are parallel .... though we thought they are not ... How difficult to see the truth ..., how difficult to possess the ability to create arts ...? Don't waste your talent, dude ... If someone decided to do something, he/she must try to accomplish what he/she had decided to accomplish. Looking forwards to seeing your creative artworks. Once "dead soul", now "yeyene". Once "alive angel" now "Zephyr" ...Keep Creating what you believed to do since childhood ....!!! By the way, mom also encourages you to write again : poems and short stories ... Both of us started from Idea Magazine under the same Editor and if  you don't write I will be so boring to compete with .. hahah. Let's shake the Sar-Pay-Law-Ka, I think the one in Yankin can be the easiest one to be shaken. :P. Should have the red blood as we always said.

All images are downloaded from Wiki-realated pages.
Read more some articles in wiki if you want to know more about them ..
Related Link:



Peace B with U.

Wednesday, December 22, 2010

လောလောဆယ် ဖြတ်မျဉ်းများ။

လောလောဆယ် ဖြတ်မျဉ်းများ။

ကမ္ဘာပြားပြီ။
အခု The world is flat ကို ဆရာကျော်ဝင်းဘာသာပြန်ထားတာ ဖတ်ရင်း ... တော်တော်ဒုက္ခရောက်နေတယ်။ မြန်မာစာကို မြန်မာနားမလည်တာတွေပါနေတယ်။ အင်္ဂလိပ်စကားလုံးကို ဘာသာပြန်ဖို့ခက်တာတွေကို အတင်းကြီးပြန်ထားတာတွေလည်းတွေ့တယ်။ ခေါ(လ)စင်တာဆိုတော့ Call centre ကိုဆိုလိုဟန်တူတယ်။ နောက်ဖေးရုံးခန်းဆိုတာတော့ ခန့်မှန်းနေတုန်းပဲ။ ဆုပ်ဆုပ်ကိုင်ကိုင်မပြနိုင်တဲ့အရာ ဆိုတာလည်းပါတယ်။ သေချာပါတယ်။ ကျွန်တော် The world is flat မူရင်းဝယ်ပြီး တိုက်ဖတ်ကြည့်တာပိုအဆင်ပြေမယ်။ ဘာသာပြန်အခက်အခဲကိုပြောချင်တာပါ။ မြန်မာပြည်မှာ လိုအပ်တဲ့စာအုပ်တွေ ဘာသာပြန်ပေးနေတဲ့ကျေးဇူးကိုလည်း အသိအမှတ်ပြုပါတယ်။ တတ်နိုင်ရင်တော့ အဲဒီလို နားလည်ရခက်တဲ့စာလုံးတွေနောက်မှာ မူရင်း စကားလုံးလေးကို အင်္ဂလိပ်လိုလေးများရေးပေးလိုက်ရင် ပိုပြီးသဘောပေါက်လွယ်သွားမယ်ထင်တယ်။ အဲဒီစကားလုံးလေးတွေမသိရုံနဲ့ မူရင်းရသတော့မပျောက်ပါဘူး။ ဒါပေမယ့် စာပေဗိမာန်စာမူဆုရတဲ့စာအုပ်ကြီးကို ဒီထက်ပိုမျှော်လင့်တာတော့အမှန်ပဲ။


ဒီဘိုနိုးနှင့်လေ့ကျင့်ခန်းများ
ဒီဘိုးနိုး ...ဆိုတဲ့သူကိုလည်း အတော်လေး လေးစားတယ်။ သူ့ကို six thinking hats အယူအဆမူပိုင်ခွင့်နဲ့ပတ်သက်ပြီး သူတက်ခဲ့တဲ့ကျောင်းက ဒီဘိုနိုးထွင်တာလား၊ ကျောင်းက ထွင်ပြီးသားကို သူက ချဲ့ထွင်တာလားဆိုတာနဲ့ပတ်သက်ပြီး အငြင်းပွားတာ ဟိုတလောက ပြန်ရှာဖတ်ကြည့်တယ်။ စိတ်ဝင်စားစရာကောင်းတယ်။ ဟိုတစ်ပါတ်က စာကြည့်တိုက်မှာ စာအုပ်တွေ နှစ်ဆငှားခွင့်ပြုနေတဲ့အတွက် အပို ထပ်ငှားလာတာ Master thinker's handbook ဆိုတာလည်းပါတယ်။ ဒီဘိုနိုးရေးတာပဲ။ စာအုပ်ကို ဖေဖော်ဝါရီလမှာ မြန်မာတစ်ယောက်ငှားသွားသေးတယ်လို့ ညပ်နေတဲ့ဖြတ်ပိုင်းအရသိရတယ်။ အဲဒီစာအုပ်မှာတော့ ခန္ဒာကိုယ်အစိတ်အပိုင်းတွေနဲ့ Thinking Technique တစ်ခုလုပ်ထားတာကို တွေ့ရပါတယ်။ BFT လို့ခေါ်ပါတယ်။ Body Frame Thinking ပါ။ Object-Oriented Concepts တွေနားလည်ရင် ခဏလေးနဲ့နားလည်သွားပါမယ်။ သူက ရိုးရှင်းထိရောက်တာတွေ အများကြီးရှိပါတယ်။ ၀ါသနာပါရင် ကိုယ့်ဘာသာကိုယ်ဝယ်ဖတ်ပါ။ ငှားဖတ်ပါ။

On Bullshit
အဲဒီစာအုပ်လည်း အတော်လေးခိုးခံထိထားတယ်။ On trace ဆိုတာတွေချည်းပဲ။ စင်ကာပူက စာကြည့်တိုက်တွေမှာ အခိုးအခံရဆုံးစာအုပ်များလားမသိဘူး။ Essay ရှည်ဖြစ်တယ်။ Reserved လုပ်ထားတဲ့ ပိုက်ဆံကာမိအောင် scan ဖတ်ထားလိုက်တယ်။ (Library Blog ဘက်မှာတင်ရမယ်။) စင်ကာပူမှာ လူများပစ္စည်းအချောင်လိုချင်တဲ့သူတော်တော်များတယ်။ မယုံရင် အိုင်ဖုန်းလေးပဲ ချထားကြည့် ပြန်လာမပေးတော့ဘူး။ အဲဒါ ဖော်ရိန်းတဲလန့်(Foreign Talent)က ပြန်လာမပေးတာလား၊ နိုင်ငံသားက ပြန်လာမပေးတာလား စစ်တမ်းတော့ကောက်သင့်တယ်။ ပြောချင်တာက (ပိုက်ဆံအိတ်ပျောက်လို့ ကဒ်ပါသွားတဲ့သူတစ်ယောက်ရဲ့အတွေ့အကြုံအရ)  ကောက်ရတဲ့ အိုင်စီကို အသုံးပြုပြီး လိုင်ဘရီမှာ စာအုပ်တွေခိုးသွားလို့ ပြန်လျော်ပေးရတာမျိုးလည်းရှိတယ်လို့ကြားသိရတယ်။ အာလားမား။

Holiday Mood
ရုံးမှာ အလုပ်လုပ်ရခက်လာတယ်။ အကုန်လုံးက ခွင့်ယူဖို့တွေပဲတွေးပြီး မေးလ်ပြန်ဖို့တောင် ဖုန်းဆက်ပြီးပြောရတယ်။ ... ဒီဇင်ဘာလဟာ အလုပ်လုပ်ဖို့ မသင့်တော်တဲ့လဖြစ်တယ်လို့တွေးမိတယ်။

Mentalists
အဲဒီစုံထောက်ကားကို နှစ်ပါတ်ဆက်တိုက်ကြည့်လိုက်တာ Season 3 (Episodes ၅၅ နီးပါးအထိကြည့်ပြီးပြီ)တစ်ဝက်ကျိုးတဲ့အထိပြီးသွားပါပြီ။ စုံထောက်ကားကြိုက်တဲ့သူတွေသိပါတယ်။ ကြည့်လို့ကောင်းပါတယ်။ အတော်လေးစိတ်ဝင်စားစရာကောင်းတယ်။ Season တစ်ခုကို ဒီဗီဒီဝယ်ကြည့်ရင်တော့ ၅၀၊ ၆၀ လောက်ကျမယ်။ ဒေါင်းလုပ်ဒ်လုပ်လို့ရတဲ့နေရာတွေက ခဲရာခဲဆစ်ဒေါင်းပြီးကြည့်လိုက်မယ်ဆိုရင် ပိုက်ဆံ ၁၅၀ လောက် အပိုမသုံးဖြစ်ဘူးဆိုပြီး အတော်လေးကျေနပ်သွားနိုင်တယ်။

Ladies and gentlecars
Ladies and gentlemen ကို Cars ဆိုတဲ့ကာတွန်းကားထဲမှာ (သူတို့က ကားလောကသားတွေမို့လို့) လေဒီအင်န်ဂျန်ထယ်ခါးစ် ဆိုပြီး ကားပြိုင်ပွဲမှာအဖွင့်မှာအော်ပါတယ်။ အတော်လေး သဘောကျမိပါတယ်။ မြန်မာပြည်ကထွက်လာခါနီးမှာတစ်ခေါက်ကြည့်ပြီးသားကို အခုတစ်ခါ revision ပြန်ကြည့်ပါတယ်။ ကာတွန်းကားတွေဟာ ကျောင်းစာလိုမဟုတ်ဘူးဆိုတာသေချာသွားပါတယ်။ ကျောင်းစာတွေဆို မေ့သွားသည့်တိုင်အောင် ပြန်ဖတ်ကြည့်ဖို့စိတ်မကူးပါဘူး။ ငယ်တုန်းကသင်ပေးလိုက်တဲ့ Gates 48 ခုလောက်ပါတဲ့ logic diagram လေးမမှတ်မိလို့ ပြန်ရှာကြည့်နေတယ်ဆိုတာမျိုး ဘယ်တော့မှ မဖြစ်ပါဘူး။ 

How to train your Dragon
ဒီအပါတ်ထဲမှာ Revision ပြန်ဖြစ်တဲ့နောက်ထပ် ကားတွန်းကားတစ်ကားပါ။ အရင်တစ်ခေါက်ကြည့်တုန်းက စာတန်းမထိုးလို့ အကုန်လုံးမရယ်လိုက်ရတာကို စာတမ်းထိုးတာထပ်ကြည့်ပြီး အပြည့်အ၀ရယ်လိုက်ပါတယ်။ Dreamworks Animation ကို လက်မနှစ်ချောင်းထောင်ပါတယ်။ အဲဒီကားထဲမှာ ဟစ်ကပ်(ဖ)(Hiccup ) ထက် the Night Fury "Toothless" ပိုသဘောကျပါတယ်။ ဇာတ်လမ်းတွေကို ကာတွန်းကားတွေလောက်ကို အနုပညာမြောက်အောင်ရိုက်ဖို့ခက်ပါတယ်။ အထူးသဖြင့် ကာတွန်းမှာ စိတ်ကူးက ကွန့်မြူးချင်သလောက်ကွန့်မြူးလို့ရတဲ့အတွက် ပိုပြီး စိတ်လက်ပေါ့ပါးပါတယ်။ နောက်တစ်ခုက သတိထားကြည့်ရင် ကျွန်တော်တို့ဟာ logic ထဲမှာပိတ်မိနေတာကြာပါပြီ။ ဒီလိုဆိုရင် ဒီလိုပဲ အသေမှတ်ထားတယ်။ ဥပမာ နတ်ဆိုးဆိုပါတော့ ...။ ရုပ်ဆိုးဆိုးကောင်ပဲပြေးမြင်ကြတယ်။ ကျမ်းစာအရဆိုရင် စာတန်ဟာ ဘုရားသခင်လောက်နီးပါး ရုပ်ဖြောင့်တဲ့ နတ်သားလို့ဆိုတယ်။ ကိုးရီးယားကားထဲက မင်းသားထက်ချောတဲ့ဗီလိန်လိုဖြစ်နေပြီ။.. အဲဒီလိုကိစ္စမျိုးတွေရှိတယ်။ ထင်နေတာကြီးနဲ့ပိတ်မိနေတဲ့စိတ်တွေကို relax လုပ်ဖို့ ကာတွန်းကားများများကြည့်သင့်တယ်။ ကာတွန်းကားထဲမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ နဂါးကလည်း ပြုံးပြချင် ပြုံးပြမယ်။ ချစ်စရာကောင်းချင်လည်းကောင်းနေမယ်။ သာမန် အခြေအနေမှာ လက်မခံနိုင်တဲ့ကိစ္စတွေကို ကာတွန်းကားထဲမှာတော့ လက်ခံလိုက်ရတာပဲ။ ဘ၀ကြီးကလည်း ကာတွန်းကားလိုပဲ။ ကိုယ်ဖြစ်စေချင်တာဖြစ်နေတာမဟုတ်ဘူး။ သူဖြစ်ချင်သလိုဖြစ်နေတာကို လက်ခံပေးနေကြရတာပဲမဟုတ်လား။

Inception
အိမ်မက်ထဲမှာ အိမ်မက်ဆက်မက်ကြစို့ လို့ ကျောင်းမှာတုန်းက ကဗျာတစ်ပုဒ်ရေးဖူးတယ်။ ၂၀၀၂ လောက်က။ အခုတော့ ဒီဒါရိုက်တာကလည်း အိမ်မက်ထဲမှာ အိမ်မက်ကို အကွက်ဆင်ပြီးမက်ဖို့ကြိုးစားတာကိုတွေ့ရတယ်။ Impressive!!!စိတ်ရှည်လက်ရှည်ကြည့်ဖို့တော့လိုတယ်။ Zသိမ်းပိုင်းကို အရင်ကြည့်ထားတဲ့အတွက် ရှေ့ပိုင်းကိုပြန်ကြည့်လိုက်တယ်။ ဒါကလည်း မြန်မာ့ရိုးရာ ရုပ်ရှင်ရိုက်ကူးရေးနည်းအရကြည့်တာပါ။ မြန်မာကားတွေဘယ်လိုရိုက်သလဲဆိုတာ သိကြလားမသိဘူး။ ကြုံတဲ့အခန်းအရင်ရိုက်တာပဲ။ ဒီနေ့ မိုးရွာနေတယ်ဆိုပါတော့ outdoors မရိုက်နိုင်ဘူး။ ဒါဆိုလည်းကိစ္စမရှိဘူး။ အိမ်ထဲမှာ ဇာတ်သိမ်းခန်းဖြစ်ဖြစ်အရင်ရိုက်ထားလိုက်တယ်။ တခါတလေ costumes အတွက် ပြင်ဆင်တဲ့သူက ဘယ်အ၀တ်အစားအသုံးပြုရမယ်ဆိုတာ မှတ်ထားတာမှားတဲ့အခါ ထိုင်နေရင်းနဲ့ အ၀တ်အစားတွေပြောင်းသွားတာမျိုးတွေပါ အံ့သြဖွယ်ခံစားရတယ်။ ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်တယ်ဆိုတာလိုမျိုးဖြစ်နေမလားမသိဘူး။ သူ့အရပ်နဲ့သူ့Z ဥိုခေရင် ပြီးတာပါပဲလေ။

Fringe
စုံထောက်ဇာတ်လမ်းတွဲနောက်တစ်ခုပါပဲ။ Coma ရနေတဲ့သူဆီက နောက်ဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကို ကြိုးနဲ့သွယ်ပြီး ယူတယ်ဆိုလို့ အတော်စိတ်ဝင်စားသွားပါတယ်။ နောက်ပိုင်း အဲဒီလိုမျိုးတွေတော်တော်လုပ်လာပါတယ်။ အဗာတာ(Avator)မှာ အမြီးကနေ USB ဖြစ်နေတာမျိုးတွေ ...။ Monk တို့ Mentalist တို့လိုတော့ သိပ်ပြီး မဆွဲဆောင်နိုင်သေးပါဘူး။ Season တစ်ခုလောက်ကြည့်ပြီးမှ အမြင်ပြောင်းမလားမသိဘူး။

Fracture 
ဒါကတော့ Anthony Hopkins (Sir Philip Anthony Hopkinsကိုအားပေးတဲ့အနေနဲ့ကြည့်ဖြစ်သွားတာပါ။ သူကတော့ သရုပ်ဆောင်တဲ့နေရာမှာ ကွက်တိအကျဆုံးလို့ထင်ပါတယ်။ အထူးသဖြင့် psycho ဇတ်ကောင်စရိုက်တွေမှာ ပီပြင်လွန်းပါတယ်။ နောက်ပြီး သူပြောတဲ့ဟန်က အင်မတန်သေသပ်ပါတယ်။ ဂျူရီလူကြီးကိုပြန်ပြောတဲ့အခန်းဆို (အင်မတန်)x77 သဘောကျပါတယ်။ The Silence of the Lambs, ကတည်းက သူ့ကို မှတ်မိသွားတာပါ။ အဲဒီကားရဲ့အဆက်  Hannibal နဲ့ Red Dragon  တွေကိုလည်း အရမ်းကြိုက်ပါတယ်။ မြန်မာပြည်မှာ ဘွဲ့ရအလုပ်လက်မဲ့ဘ၀မှာ တစ်နေ့တစ်နေ့ ဗီဒီယို လေးကားကနေ ခြောက်ကားလောက်အထိကြည့်ပါတယ်။ အဲဒီအချိန်မှာတော့ ဘ၀ဆိုတာ ဗီဒီယိုကြည့်ခြင်းနဲ့ ထမင်းစားခြင်းပါပဲ။ နောက်ထပ် Hopkins ရဲ့မမေ့နိုင်တဲ့ကားကတော့ ၁၉၉၄ ကရိုက်တဲ့ Lengends of the fall ဖြစ်ပါတယ်။Tristan Ludlow အဖြစ်သရုပ်ဆောင်တဲ့ Brad Pitt အင်မတန်မှ နာမည်ရသွားတဲ့ကားဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းကို ခါတော်မီ မြန်မာကာတွန်းဆရာတွေက ကာတွန်းအဖြစ်ရေးလိုက်ပါသေးတယ်။ ဂျူးကလည်း ရုပ်ရှုင်ခံစားမှုဆောင်းပါးရေးလိုက်ပါသေးတယ်။ ကာတွန်းရော၊ ရုပ်ရှင်ခံစားမှုဆောင်းပါးပါ အတော်လေးကောင်းတယ်ဆိုတာမှတ်မိပါတယ်။ ကျောင်းစာတွေသာမေ့သွားတယ်။ ဒါမျိုးတွေကတော့ သေခါနီးတောင်မေ့ပါ့မလားမသိဘူး။ :P

Harry Potters 
ဟယ်ရီပေါ့ထားရဲ့ အမာခံပရိတ်သတ်ဖြစ်ပါတယ်။ ကျွန်တော်တို့အပေါ်ကိုသာ သူ နင်းဘတ်တံမျက်စည်းပေါ်ကပြုတ်ကျလာရင် သေဖို့ရှိပါတယ်။ အားလုံးက အမာခံပရိတ်သတ်ဖြစ်နေလို့ အကျတော်မှာမဟုတ်ပါဘူး။ Harry Potters ကို စာအုပ်မဖတ်ဘဲ ဇာတ်လမ်းပဲကြည့်ရင် အရသာမရှိပါဘူး။ အများကြီးလွတ်သွားပါလိမ့်မယ်။ စာအုပ်ဖတ်ပြီး ပြန်ကြည့်ကြည့်ပါ။ အင်မတန်မှ အရသာရှိပါလိမ့်မယ်။ အခန်းမှောင်နေတာလေးကို နှစ်မျက်နှာလောက်ဖွဲ့တာနဲ့ တစ်နာရီခွဲလောက်ပဲကြာတဲ့ရုပ်ရှင်နဲ့တော့ ယှဉ်ပြောစရာမလိုအောင်ကွာပါတယ်။ ဂျေကေ ရိုးလင်း (J.K Rowling) အကြောင်းကိုလည်း မြန်မာပြည်မှာတုန်းက အင်တာနက်ရှင်းနယ်(International) မဂ္ဂဇင်းမှာဖတ်လိုက်ဖူးပါတယ်။ (အိမ်ကတော့ အင်္ဂလိပ်စာတိုးတက်အောင် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာတွေဝယ်ပေးပေမယ့် တစ်ခါမှ အင်္ဂလိပ်လိုမဖတ်ဘူးထင်ပါတယ်။ ) ရိုးလင်းခမျာ အေးလို့ စာရေးဖို့ကို ကော်ဖီဆိုင်မှာသွားသွားရေးရတာ သနားဖို့တောင်ကောင်းခဲ့ပါတယ်။ သူ့သမီးလေးအတွက် ဆိုတဲ့ရည်ရွယ်ချက်ကိုလည်း သဘောကျပါတယ်။ မှော်လောကကြီးတစ်ခုကို ရေးဖို့ဆိုတာ အတော်ကြီးကိုခက်ပါတယ်။ မအောင်မြင်ခင်က ထုတ်ဝေသူခက်နေလို့ မြန်မာပြည်မှာပူစီနှစ်ကောင် စာအုပ်တိုက်တွေဘာတွေကိုတောင်ချဉ်းကပ်သေးတယ်လို့သိရပါတယ်။ တစ်ချို့နေရာတွေမှာ မလိုအပ်ဘဲကလေးတွေနားလည်အောင် အကြာကြီးရှုင်းပြနေတာတွေကလွဲရင် ဖတ်ကြည့်သင့်တဲ့စာအုပ်ပါပဲ။ စာအုပ်ဖတ်ပြီးရင် ဗစ်ဒီယို(hi buddy, xanthos , pls check my pronunciation ...haha) (video) ပြန်ကြည့်ကြည့်ပါ။ ဘယ်အရာမဆို ပြီးစလွယ်မလုပ်လိုက်ပါနဲ့။ ဇာတ်လမ်းကို အရသာခံဖို့ဆိုတာ သိသင့်တာသိမှ ပိုပြီး အရသာရှိပါတယ်။ (ချွင်းချက်ကတော့ မြန်မာကားတွေပါ။ ၀တ္ထုဖတ်ပြီးရင် ဆုတောင်းနေမိတာက ရုပ်ရှင်မရိုက်ပါစေနဲ့ ..ရုပ်ရှင်မရိုက်ပါစေနဲ့ဆိုတာပါပဲ။ မရိုက်လိုက်နဲ့... ရိုက်လိုက်တာနဲ့ ပျက်ပြီ။)

Regards,
The gardener in X'mas mood ..
Posted from office (I didn't say I wrote @ 0ffice :P)

NOTES:
ဒီပို့စ်ကတော့ ရုပ်ရှင်တွေ ဒီလောက်ကြည့်နေပြီးဘာမှရေးတာမတွေ့ရဘူးဆိုတဲ့သူတွေ တွေ့ရအောင်ပါ။ ရုပ်ရှုင်ဇာတ်လမ်းတွေကို ပြန်ပြောပြရတာဝါသနာပါပေမယ့် ရေးရမှတော့ အင်မတန်ပျင်းပါတယ်။ ငယ်တုန်းကတော့ ကြည့်ပြီးတဲ့ဇာတ်လမ်းတွေကို တစ်စုံတစ်ယောက်ဖတ်ဖို့ ပြန်ရေးထားပါတယ်။ ရှေ့မှာရေးသွားကြတဲ့ သစ္စာနီနဲ့ဂျူးတို့လို ရုပ်ရှင်ခံစားမှုမျိုးရေးနိုင်ဖို့ကြိုးစားခဲ့တာပါ။ နောက်တော့လည်း ပျင်းသွားတယ်ထင်ပါတယ်။ ဆက်ပြီးမကြိုးစားတော့ပါဘူး။

ကာတွန်းကားတွေအကြောင်းတော့ အားတဲ့အခါ အသေးစိတ်ရေးဖို့ရှိပါတယ်။ ရေးလက်စတွေလည်းရှိပါတယ်။ ကာတွန်းကားနဲ့ပညာရေး ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ အသက် ၂၉ နှစ်ပြည့်ခါနီးမှာ ဘ၀ကြီးကိုကြည့်တဲ့အခါ Walt Disney Blue ဖြစ်နေပါတယ်။ ကာတွန်းကားကလို မထော်မနမ်းတွေ အများကြီးပါတဲ့လောကကြီးမှာ သိပ်အများကြီးပျော်စရာမရှိသလို၊ စိတ်ညစ်စရာလည်းမရှိပါဘူး။

ဘ၀ဟာတိုတိုလေးပါ။
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်လေးတွေကို သူများအတွက် မကုန်သွားအောင် သတိထားမယ်ဆိုရင် ဘ၀ကို ပိုပြီး ပြည့်ပြည့်၀၀ နေသွားတယ်လို့ပြောလို့ရမှာပါ။ သူများအတွက် အချိန်များများကုန်သွားတဲ့အခါ ... ကိုယ်လုပ်စရာရှိတာတွေ မလုပ်နိုင်တော့ဘူး။ တစ်ခါတစ်လေ ဘ၀မှာ ဂငယ်ကွေ့တွေက သိပ်ဝေးလွန်းတယ်။ လမ်းတစ်ခုခုရွေးတာမှားသွားရင် ပြန်လှည့်လာဖို့မလွယ်တော့ဘူး။ အကျင့်မပါသင့်တာတစ်ခုခု အကျင့်ပါသွားရင် ပြန်ပြုပြင်ဖို့မလွယ်တော့ဘူး။ ကိုယ့်အတွက် အကျိုးရှိတာတွေများများလုပ်ရင် စိတ်ချမ်းသာရမှာပါ။ ပျော်မယ်ထင်လို့ လုပ်နေတာတွေဟာ တကယ်တမ်းမှာ မပျော်ဖို့ပဲဖြစ်လာတတ်ပါတယ်။ ကိုယ့်အသိဉာဏ်ကိုလေးစားတဲ့ အလုပ်တွေမလုပ်ရင် ကိုယ့်ကိုယ်ကို လေးစားလို့မရပါဘူး။ ကိုယ့်ကိုယ်ကိုလေးစားလို့မရရင်တော့ ဒီဘ၀ဟာ Game over ဖြစ်သွားပါပြီ။ ဘ၀ဟာ တိုတိုလေးပါ။ ဒီ ဘ၀တိုတိုလေးထဲမှာ ကိုယ့်ကိုယ်ကို စိတ်ပျက်စရာလို့ မထင်အောင်နေတတ်ဖို့ ကျွန်တော်တို့ ဘာတွေလုပ်ဖို့လိုမလဲ။ ဘ၀ကို အလောတကြီးသွားနေမယ့်အစား၊ ခဏလေးရပ်ပြီး ငါသွားနေတာမှန်ရဲ့လားလို့ ရပ်တွေးကြည့်ဖို့မကောင်းဘူးလား .....။ နောက်ဆုံးမှာ ကိုယ်တစ်ယောက်တည်းသွားရမယ့်လမ်းတွေရှိသေးတယ်။ ... တစ်ယောက်တည်းလျှောက်သွားရမှာဖြစ်လို့ တစ်ယောက်တည်း လမ်းဖြောင့်ဖြောင့်လျှောက်တတ်ဖို့လည်း လေ့လာဖို့လိုမှာပါပဲ။ ဒီနေ့အတွက်မေးခွန်းဟာ သင်တစ်ယောက်တည်း လမ်းဖြောင့်ဖြောင့်လျှောက်နိုင်ပြီလားဆိုတာပါပဲ။ အနားမှာ ဘယ်သူမှမရှိတော့ရင် နေလို့ရပြီလား။ Peace B With U all ...


Notes:Publish Post
post အတွက် ပုံကို yeyene ဆွဲထားတာ အတော်လေးသဘောကျပါတယ်။
ပုံကို သေချာကြည့်ရင် စာရေးထားတာကိုတွေ့ရပါလိမ့်မယ်။ ကြည့်ကြည့်ပါဦး။ Slim, Smart and Sexy Web Designer ရဲ့ Good,Great, and Gorgeous Image ဖြစ်ပါတယ်။ LOL.



Peace B with U.

Tuesday, December 21, 2010

မနေ့တနေ့ကပြန်လည်ထုတ်ကြည့်ခဲ့သော ပုံရိပ်များ



Hello mom,
Now, I am sick and tired of knowledge.
So I wrote a short story.
Today, I read a short sentence, indeed, it's not even a complete sentence; it says " hollow, stuffed men who lean together ...". These words flow into my mind .. and I am start thinking about these symbols and lateral meanings ....
I felt this symbol reflects our age. Most of us are so much alike to hollow, stuffed men ..who lean together since we don't have enough real strength of mind and own philosophy.What a worthless day we merely live!!
Then I read some of Paul McCartney's quotes
Will you still need me,will you still feed me..When I'm sixty-four?”
I love this question to test the genuine love. I believe I will not be so long-lived until 64, but I am happy to see this question.
In the end, the love you take is equal to the love you make.”
This quote also is very famous since it is the lyrics of the Beatles.
After reading these two quotes and the incomplete sentence of stuffed men ..., I wrote this short story .....
This may be one of my X'mas presents for you, mom.

Get Well soon.
Best Wishes,
Your son,Z


မနေ့တနေ့ကပြန်လည်ထုတ်ကြည့်ခဲ့သော ပုံရိပ်များ

အရူးအမူးပါပဲ ...ဆောင်းရာသီကိုချစ်ခဲ့တဲ့စံပယ်တွေ၊ စပယ်တင်မှဲ့လေးကိုချစ်တဲ့ဆောင်းရာသီတွေ၊ ဆောင်းရာသီဥခွံထဲ ... အသိဥာဏ်ဖွံ့ဖြိုးမှုနည်းတဲ့တောင်တန်းဒေသလေးမှာ .... အချစ်ကို ... မကြာမကြာဓာတ်ခွဲကြည့်တိုင်း ဘာမှမရှိပါလားလို့ သူ အကြိမ်ကြိမ် အံ့သြရတယ်။

မဟုတ်ဘူး.....။ သူဘာကိုငြင်းနေမှန်းသူမသိဘူး။ အိမ်မက်နှစ်ခုရဲ့ အကွာအဝေးဟာ သတိရမှုနဲ့ဘယ်လိုပတ်သက်နေလဲ။ မသိဘူး။ မသိဘူးဆိုတာထက် မသိချင်ဘူးဆိုတာက ပိုမှန်မလားပဲ။ သေသေချာချာ သော့ခတ်ထားပြီးမှ သော့ပျောက်သွားသူလို ... ကိုယ့်အမြီးကိုယ်ပြန်ကိုက်ဖို့ကြိုးစားနေတဲ့ကြောင်ပေါက်လေးလို .... ကယုကယင် အပြုံး ... ချစ်ဖွယ်သော အကြည့် ... စိုလက်သော မျက်ဝန်း ...အဲဒီ နာမ၀ိသေသနနှင့် နာမ်အတွဲအစပ်ကို သူဘာလို့ သတိရနေမှန်းသူမသိ။ (မကြာမကြာရေးမိနေလို့လည်းဖြစ်နိုင်တယ်။)

ဘေဘီ ... တိမ်တွေကို အပိုင်ရရင် မင်းဘာလုပ်မှာလဲလို့မေးတိုင်း .... တိမ်တွေပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေချင်တယ်လို့ သူဖြေတယ်။ .. ဒါဟာ စိတ်ကျန်းမာရေးချို့တဲ့တဲ့ အဖြေတစ်ခုလား .....။ မသေချာဘူး ....... သူ့ကိုယ်သူချစ်တာထက် ကိုယ့်ကိုယ်သူပိုချစ်နေတာတော့ သေချာတယ် .......။ ကောင်းကင်ကြီးဟာ မှောက်အိပ်နေတဲ့ကလေး၀၀လေးနဲ့တူတယ်နော် လို့ပြောတိုင်း .. ကျွန်တော်ပြုံးမိတယ်။ သူဟာ တစ်သီးပုဂ္ဂလ ကမ္ဘာမြေလည်းဖြစ်တယ်။ အပေါ်ယံအခွံတွေမာသလိုနဲ့ ကျောက်ရည်ပူတွေသိမ်းထားရသလိုမျိုးပေါ့။ ဘေဘီ ...အေးချမ်းပါစေ။

သက်တံတွေကခုံးနေတယ်။ ခုံးနေတာတွေဟာ သိပ်တိုတဲ့မျဉ်းဖြောင့်တွေ ချိတ်ဆက်ထားတာ။ သူနေမကောင်းဘူး။ နေကောင်းတဲ့ရက်အနည်းငယ်ကို ချိတ်ဆက်ပြီး သူ့ဘ၀အတွက် သက်တံလေးတစ်ခုကို သူဖန်ဆင်းနေတာ။ မဟုတ်ဘူး ... သူ့ရဲ့ဖြစ်တည်မှုကိုက ပန်းပွင့်ကလေးပွင့်လာသလို ...။ သိပ်လှတဲ့ငှက်ကလေးပျံဖို့အားယူနေသလိုမျိုး ....။ သူလိမ်မပြောတတ်ဘူး ........။ မှန်ပုံးထဲကငါးတွေကို နှုတ်ဆက်နေပုံက အသိအကျွမ်းတွေကိုနှုတ်ဆက်နေသလိုမျိုး ..။ အစားစားပြီးပြီလား။ အစာမှန်မှန်စားရလား။ နေကောင်းလား။ အစာများများစား ... ကောင်းကောင်းအိပ်။ ငါးတွေအစားတောင်းတိုင်း ကျွေးရင် စားပိုးနင့်ပြီးသေသွားမှာပေါ့ကွ...၊သူက ငပေါမလေးပဲ ။

သိပ်မြင့်တဲ့နေရာမှာ တိမ်တွေ ၀င်ထွက်သွားလာတဲ့အိမ်လေး ဆောက်ပေးဖို့ သူပူဆာတယ်။
သပိတ်လွယ်ငှက်လေးတွေက ဘာလို့ခုန်နေတာလဲ ...၊ မဟော်ဂနီသီးတွေကွဲပြီး အထဲက ပန်ကာလေးတွေ ကျလာတာ ထိုင်ကြည့်ကြရအောင်။ မနှစ်က ကြည့်ခဲ့တဲ့ စေတီနားက ၀ါးပင်လေး အရပ်ဘယ်လောက်မြင့်ပြီလဲ သွားကြည့်မယ်နော်။ ... သူဟာ ကလေးလေးတစ်ယောက်ပါပဲ ....။ သဘာဝကိုသိပ်ချစ်တဲ့ကလေးလေးတစ်ယောက်ပါပဲ။

ရှည်လျားတဲ့ပုရွက်ဆိတ်တန်းကြီးမှာ ဒီကောင်က ဘာလို့နောက်ဆုံးမှလိုက်ရတာလဲ။
ရှေ့ဆုံးကသွားနေတဲ့ကောင်က နောက်ဆုံးက ပုရွက်ဆိတ်နဲ့ မတည့်ကြဘူးလား။ .............. သူဟာ ကျွန်တော်မဖြေနိုင်တဲ့မေးခွန်းတွေကို အများဆုံးထုတ်သွားတဲ့ နွားကျောင်းသူလေးလည်းဖြစ်တယ်။ ကံကောင်းထောက်မပြီး သူဟာ ကျွန်တော့်စာစစ်သူမဖြစ်ခဲ့ဘူး။

အိမ်က မန်ကျည်းပင်ကို အရွက်တွေဘာလို့ဒီလောက်တောင်ချွေချနေတာလဲ ...။ နောက်တစ်ခါ ကိုယ့်ဘာသာကိုယ် တံမျက်စည်းလှည်းရမယ် ...ဆိုပြီးကြိမ်းမောင်းတတ်တဲ့ အရူးမလေးလည်းဖြစ်တယ်။ သူ့ဘ၀ရဲ့ရက်အနည်းငယ်ကို ... ပျော်ရွှင်စွာကုန်လွန်တယ်။ သဘာဝတရားကို ဇီဇ၀ါပန်းကလေးကိုချစ်သလိုချစ်တယ်။ မနက်မိုးလင်းလာတာကို ပျော်တတ်တဲ့ ဆယ့်ရှစ်နှစ်သမီးလေး ....။ မနက်ခင်းတိုင်း သူ မကြိုက်တဲ့နွားနို့နဲ့ သူမုန်းတဲ့ဆေးတွေသောက်ရရှာတယ်။

ဆောင်းရာသီမှာမွေးတဲ့ ဒီဇင်ဘာပန်းပင်လေး ... သူ့မှာ ကျန်းမာရေးအပြည့်အ၀မရရှိပေမယ့် ... လောကကြီးကိုအပြစ်မမြင်ရှာဘူး။ ဘေဘီ ...လောကကြီးဟာမတရားပါဘူး ...။ အထူးသဖြင့် သိပ်ဖြူနေတဲ့ပန်းပွင့်လေးတွေဟာ ခဏလေးပဲပွင့်ခွင့်ရတယ်။

တစ်ချို့လူတွေက ဖိနပ်တစ်ဖက်ပဲခိုးသွားတဲ့လူမျိုးဟ ......။
သူပြောတာကို တွေးမိတယ်။ အတော်လေးကောင်းတဲ့ဥပမာလို့ထင်တယ်။ ကိုယ့်အတွက်အကျိုးမရှိဘဲ တစ်ခြားသူကို ဒုက္ခပေးချင်တဲ့သူမျိုးကို သူက အဲဒီလိုသတ်မှတ်တယ်။ သူကငယ်ကတည်းက William James တွေဖတ်တယ်။ တစ်ချိန်ကြရင် သူဟာ Philosopher ဖြစ်လာမှာလို့လည်း မကြာမကြာကြွားတဲ့ငကြွားမလေးလည်းဖြစ်တယ်။

Fanny ဆီကို Keats က ရည်းစားစာတွေအများကြီးရေးတယ်ဟ။ Keats သေသွားတော့လည်း Fanny က သူပေးတဲ့လက်စွပ်လေးကို တစ်သက်လုံးဝတ်သွားသတဲ့။
အဲဒီတော့ဘာဖြစ်လဲဟ။
အချစ်ဆိုတာဟာ ယုံကြည်မှုနဲ့ ပြည့်စုံသွားတဲ့ ပန်ချီကားတစ်ချပ်နဲ့တူတာပေါ့။ နင့်ကိုပြောရတာ လက်ပေါက်ကပ်တယ်။
လက်ပေါက်မကပ်ချင်ရင် ကောက်ညှင်းပေါင်းစားရင် ဇွန်းနဲ့စားပေါ့ဟ။
နင်ဟာလေ ... ဆရာဝန်လာတဲ့အထိ ပြည်တည်ပြီး စောင့်နေတဲ့အနာလိုပဲ။ အချိုးကိုမပြေဘူး။
........ အဲဒီတုန်းက ကျွန်တော်အော်ရယ်မိတယ်။ သူပြောတာကိုသဘောကျလို့ .. ဆရာဝန်လာတဲ့အထိ ပြည်တည်ပြီးစောင့်နေတဲ့ အနာတဲ့ ....ကိုယ့်ကိုယ်ကိုယ်တောင် အတော် စိတ်နာမိတယ်။


မွေးနေ့မှာ နင်ဘာလိုချင်လဲ။
အောက်ဆီဂျင်အပြည့်နဲ့လေထု။
....... ကိုယ့်အမှားကိုယ်သဘောပေါက်ပြီး နောက်ဆို ဘာမှမမေးမိအောင်သတိထားနေဖြစ်ပါတယ်။
(အဲဒီတုန်းက ညောင်ပင်လေးတစ်ပင်လက်ဆောင်ပေးလိုက်တယ်။ သစ်ပင်ရဲ့အောက်မှာဆို အနည်းဆုံး အောက်ဆီဂျင်တော့ပိုရနိုင်တယ်။)


ငါ ခဏခဏသွေးတွေသွင်းနေရတယ်။ အခုတလော အားမရှိသလိုပဲ။
အဲဒါကောင်းတာပေါ့ဟ။ အားရှိရင် ရေစည်လှည်းတွန်းတာတို့၊ ဆိုက်ကားနင်းတာတို့၊ ဆန်အိတ်ထမ်းတာတို့ လုပ်နေရမယ်။
ငါတို့ကိုထမ်းထားတဲ့ကမ္ဘာကြီးရော အားရှိသေးရဲ့လား။
....... မသိဘူး။ မသိဘူးလို့ပြောရတာ အတော်လေး ဂုဏ်သိက္ခာကျတယ်လို့ခံစားရတယ်။ ဒါပေမယ့် မသိဘူးဆိုတာကိုပြောဖို့ နောက်ထပ် မသိဘူးနဲ့အလားတူစကားလုံးမရှိဘူး။ မသိသေးဘူးလို့ပြောရင်လည်း နောက်လည်း သိမလာရင် ဘယ်လိုလုပ်မလဲ ... အဲဒီတော့ ဘေဘီ ...။ ငါမသိဘူး။ ရိုးရိုးသားသား ၀န်ထုပ်ဝန်ပိုးတွေက ကောက်ကျစ်တဲ့ဝန်ထုပ်ဝန်ပိုးတွေထက်တော့ ကမ္ဘာကြီးကို ပိုပြီးကျေးဇူးသိတတ်မှာပါ .....။ အဲဒီလိုပဲ ငါမျှော်လင့်ပါတယ်ဘေဘီ။

ကောင်းကင်မှာ ဒီင်္နေ့ကြယ်တစ်လုံးမတွေ့ရဘူး။
သူလည်းနေမကောင်းလို့အိပ်နေတာဖြစ်မှာပေါ့ဟ။
စိတ်ထဲမှာ ကြယ်လေးပျောက်သွားရင်တော့ ငါလည်း ရူးသွားမှာပဲ။
ရူးသွားရင်တော့ နှစ်လုံးထီနံပါတ်လေးဘာလေးပေးနော်။
ကြယ်တွေကို ငါတို့မြင်နေရတာ အမှောင်ထဲမှာမို့လို့ ....၊ လင်းလာတဲ့နေ့မှာ ကြယ်တွေကလည်း ငါတို့ကိုပြင်မြင်လာမှာပါ။
ငါ့သဘောကတော့ ကြယ်တွေ ငါတို့ကိုမမြင်တာပိုမကောင်းဘူးလား။ သူတို့နဲ့ မိုင်ပေါင်းများစွာမှာ ငါတို့ ခင်မင်နေတာ သူတို့သိဖို့လိုလို့လား ..........။ သူတို့အလင်းတွေရပ်တန့်သွားတဲ့ မျက်ဝန်းလေးတစ်ခုကို သူတို့သိဖို့လိုလို့လား .......။ သူတို့က ...ဒီမျက်ဝန်းလေးထဲမှာ ဘာတွေကို မြင်တွေ့နိုင်မှာလဲ ....။ ... အမှောင်ထဲမှာ ၀ပ်နေတဲ့သစ်စေ့လေးလို .. အရာရာကို ဥပေက္ခာထားနိုင်တာက ပိုမကောင်းဘူးလားဘေဘီ။

ဒီဇင်ဘာ ၂၁။
ကျွန်တော့်ကိုချစ်သော၊ ကျွန်တော်ကချစ်သော၊
သဘာဝတရားကိုချစ်သော၊ သဘာဝတရားကချစ်သော၊
တိမ်များကိုချစ်သော၊ တိမ်များကချစ်သော၊
သစ်ပင်လေးကိုချစ်သော၊ သစ်ပင်လေးကချစ်သော ....
ရွှေငါးလေးများကိုချစ်သော၊ ရွှေငါးလေးများကချစ်သော
ကောင်မလေး .......
...............................သည် .............ကမ္ဘာမြေကို စွန့်ခွာထွက်သွားခဲ့သည်။

ယခုအခါ ကြယ်များကိုတွေ့လျှင်၊ သစ်ရွက်ကြွေများကိုတွေ့လျှင်၊ တိမ်များကိုတွေ့လျှင်၊မနက်ခင်း အရုဏ်အလင်းကိုတွေ့လျှင်၊ လေတိုက်သောအခါ ယိမ်းနေသောဝါးပင်လေးများ၏ မြည်သံကိုကြားလျှင်၊ အသက်ရှူမ၀သော လေထုကို မွန်းကြပ်နေလျှင်၊ John Keats ကဗျာများဖတ်လျှင်၊ ပုရွက်ဆိတ်တန်းကိုတွေ့လျှင်၊ ... ကျွန်တော် Pilosopher ဖြစ်ချင်သော ကောင်မလေးတစ်ယောက်ကို သတိရပါသည်။ သူ ငြိမ်းချမ်းသော ဘုံဘ၀တွင် စိတ်လက်ချမ်းသာ ပျော်ရွှင်နေမည်ဟု ယုံကြည်နေမိသည်။

ကြယ်များသည် ကျွန်တော်တို့ကိုမြင်တွေ့ရန်မလိုပါ ........။
အမှောင်ထဲတွင် ကျွန်တော်တို့ တိတ်ဆိတ်စွာ ရှိနေကြောင်း သူတို့သိနှင့်ပြီးသားဖြစ်သည်။               ။

Notes:
Thanks mom for your love and kindness.
Thanks yeyene for cute image.



Peace B with U.