Saturday, April 17, 2010

အဲဖရက်ဒ်နိုဘယ်နှင့်တကွ ခုနစ်ရက်သားသမီးများသိသာစေရန် ....



အဲဖရက်ဒ်နိုဘယ်နှင့်တကွ ခုနစ်ရက်သားသမီးများသိသာစေရန် ....


ခေတ်ကိုက မကောင်းတာလို့ပဲပြောရမလား၊ ဒါမှမဟုတ် ကာလ၀ိပါက် နောက်ပိုးတက်ပဲပြောရမလား။ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို ဟန့်တားနှောင့်ယှက်တဲ့မသမာသူလူတစ်စုရဲ့ လူမဆန်တဲ့လုပ်ရပ်လို့ပဲပြောရမလား၊ ဘာကိုလှည့်မှန်းမသိတဲ့ နိုင်ငံရေးလှည့်ကွက်လို့ပဲပြောရမလား။ ဘာမှ မပြောချင်တော့ပါဘူး။ သေတဲ့သူတွေလည်းသေပြီ။ ဆေးရုံရောက်နေတဲ့သူတွေလည်းရောက်ပြီ။ ဒါကို ဘယ်သူက ဘာတွေ ဖြေရှင်းချက်ပေးနေဦးမှာလဲ။ ဘာအတွက်လဲ ဆိုတာကို သိချင်နေတာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို လူကြီးမင်း အဲဖရက်ဒ်နိုဘယ် သိစေချင်တယ်။

လူကြီးမင်းကတော့ ဒိုင်းနမိုက်လေးတွေထွင်၊ ဗျောက်အိုးလေးတွေထွင်ပြီး သန်းကြွယ်သူဌေးဖြစ်သွားခဲ့တယ်။ လူကြီးမင်းထင်သလိုပဲ လူတွေဟာ မဟုတ်တဲ့နေရာမှာပဲ သုံးတယ်။ လူကြီးမင်းသေပြီကြားလို့ ပျော်ခဲ့တဲ့သူတွေကြည့်ပြီးမှ သံဝေဂ ရတယ်လို့ ကျွန်တော်ဖတ်ဖူးတယ်။ ကျွန်တော်ကတော့ လူကြီးမင်းမွေးခဲ့တာကို သံဝေဂရပါတယ်။ ကမ္ဘာပေါ်မှာ ဒိုင်းနမိုက်လို ပေါက်ကွဲစေတဲ့အရာတွေကို လူသတ်ဖို့ သုံးသင့်တယ်လို့ ယူဆတဲ့လူတွေရှိတဲ့ ခပ်ညံ့ညံ့လောကကြီးမှာ လူကြီးမင်းမွေးလာခဲ့တာကို သံဝေဂရပါတယ် ... လူကြီးမင်း အဲဖရက်ဒ် နိုဘယ်။

အတာရေသင်္ကြန်ဆိုတာကို လူကြီးမင်း ကြားဖူးမယ်မထင်ဘူး
ကလေးတွေ က အစ သက်ကြီးရွယ်အိုတွေအထိ ပျော်ကြတဲ့ နှစ်သစ်ကူး အခါသမယလေးပေါ့။
လူကြီးတွေကို ခေါင်းလျှော်ပေးကြတယ်။ လက်သည်းလှီးပေးကြတယ်။ အရွယ်စုံ ရိပ်သာ (တရားစခန်း) ၀င်ကြတယ်။ လူငယ်တွေ ပျော်ရွှင်စွာ ရေပက်ခံထွက်ကြတယ်။ တစ်နိုင်ငံလုံး အေးချမ်းအောင် ရေပက်ကြတဲ့ နိုင်ငံနဲ့ချီ ကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲဖြစ်တယ်။ လူကြီးမင်းတို့ခေတ်မှာ စစ်ပွဲအတွင်းတောင်မှ ခရစ်စမတ်ညမျိုးမှာ တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ်ရပ်စဲထားတာမျိုးကို ကြားခဲ့ဖူးမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ လူတွေသေရင် တစ်ခုခု အကျိုးအမြတ်ရှိမယ်လို့ ယူဆတဲ့လူတွေလည်းရှိလာတယ်။ လူကြီးမင်း ချီးမြှင့်တဲ့ နိုဘယ်ဆုတွေဟာ အဲဒီလိုလူတွေ စိတ်ဓာတ်ကျန်းမာလာဖို့ အထောက်အကူမဖြစ်ခဲ့ပါဘူး။
ဒါကို လူကြီးမင်းသိရင် ရောက်လေရာဘုံဘ၀မှာ နောင်တရနေဦးမှာပါ။

ဘ၀တဏှာဆိုတဲ့စကားလုံးကို လူကြီးမင်းနားလည်ပါ့မလားမသိဘူး။ ရှင်းရှင်းပြောရရင်တော့ လူတိုင်းဟာ ဘ၀ကို ခင်တွယ်ကြတယ်။ အသေခံဗုံးခွဲတာမဟုတ်တဲ့အတွက် ဗုံးခွဲလိုက်တဲ့သူတွေတောင် သူတို့မသေချင်ကြဘူးဆိုတာသေချာတယ်။ ဘယ်သူရယ်လို့မရည်ရွယ်ဘဲ တစ်ဦးတစ်ယောက်ကို သေစေချင်တာမျိုး လူကြီးမင်းမသေခင်ကတည်းက မြင်ခဲ့ဖူးမှာပါ။ ဒိုင်းနမိုက်ဟာ ကျောက်တောင်တွေ ဖြိုဖို့ရည်ရွယ်တယ်ဆိုတာကို သူတို့တွေသိလာတဲ့အထိ လူကြီးမင်း ကြိုးစားခဲ့သင့်တယ်။ အခုတော့ ကျွန်တော်တို့အားလုံး ပျော်ရွှင်စွာရေမကစားနိုင်တော့ပါဘူး။

ဆေးပညာနဲ့ပတ်သက်ပြီး နိုဘယ်လ်ဆုရတဲ့သူ ကမ္ဘာပေါ်မှာ ၁၉၅ ယောက်ရှိနေမယ့် ရန်ကုန်ဆေးရုံကြီးမှာတော့ ... အရေးပေါ်လူနာ ၉၀ ကျော်ကို တစ်ပြိုင်နက် ကုသဖို့ သင်္ကြန်ကာလအတွင်းမှာ လိုအပ်ချက် အတော်များများရှိနေပါတယ်။ အမမဲ့ဆေးကုသရေးစနစ် နိုဘယ်ဆုကို မထွင်ခဲ့တဲ့ လူကြီးမင်းရဲ့ ပေါ့ဆမှုကြောင့်ပဲဖြစ်ပါလိမ့်မယ်။ ဆိုင်းဘုတ်ပေါ်က စရိတ်မျှပေးကျန်းမာရေးဆိုတာ စရိတ်ရဲ့ ဘယ်နှရာခိုင်နှုန်းကို မျှပေးရမယ်ဆိုတာ မသဲမကွဲဖြစ်နေမှန်း လူကြီးမင်း မြန်မာပြည်မှာ လူဝင်စားဖြစ်တဲ့အခါ လေ့လာကြည့်စေချင်ပါတယ်။

"Dr. Alfred Nobel, who became rich by finding ways to kill more people faster than ever before, died yesterday." အဲဒီသတင်းစာရဲ့ဖော်ပြမှုဟာ လူကြီးမင်းကို သံဝေဂရစေခဲ့ဖူးပါတယ်။ သတင်းစာဖတ်လေ့မရှိတဲ့ ကျွန်တော့်အတွက် ပျော်ရွှင်စွာရေကစားနေကြပါသည်ဆိုတာကို ဆက်လက်မခံစားပေးနိုင်တဲ့အကြောင်း ပိတောက်တွေမပွင့်တဲ့ ဒီနှစ်သင်္ကြန်မှာ အကြီးအကျယ်ရမိတဲ့ သံဝေဂတွေနဲ့ပဲ သေချာခဲ့ပါတယ်။ ကျွန်တော်တို့ဟာ လူတစ်ယောက်ရဲ့ အသက်ကို တန်ဖိုးမထားတတ်တဲ့လူမျိုးတွေမဟုတ်ပါဘူး။ သတ္တ၀ါခပ်သိမ်းအပေါ်မေတ္တာထားတဲ့ အဆုံးအမနဲ့ကြီးပြင်းနေကြတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ခြင်ကလေး၊ ပုရွက်ဆိတ်ကလေးကိုသော်မှ သတ်ဖို့ဖြတ်ဖို့ အင်မတန်ဝန်လေးတဲ့လူမျိုးတွေဖြစ်ပါတယ်။ ဖြစ်ခဲ့ကြပါတယ်လို့ ကျွန်တော်ပြောင်းလဲသုံးစွဲသင့်နေပြီဆိုတာ ကျွန်တော်လက်ခံလိုက်ပါပြီ။ ရန်ကုန်မြို့တော်မှာ ချိန်ကိုက်ဗုံးထောင်ပြီး လုပ်ကြံလောက်စရာ နိုင်ငံရေးနယ်ပယ်မှာ သြဇာသက်ရောက်သူမရှိပါဘူး။ ရုပ်ရှင်ရုံအတွင်းမှာပဲ ပေါက်လေ့ရှိခဲ့တဲ့ ဗုံးတွေဟာ တဖြည်းဖြည်း လူစည်ကားရာ အရပ်ကို ထွက်လာခဲ့ပါတယ်။

န၀ဒေးရုပ်ရှင်ရုံ အိမ်သာအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား၊
မြို့တော်ခန်းမအနီးဗုံးပေါက်ကွဲ
ပုဇွန်တောင်မြို့နယ် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုပြပွဲတွင် ဗုံးပေါက်ကွဲ
Junction 8 တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊
ဒဂုံစင်တာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊
ထရိတ်ဒါး ဟိုတယ်အနီးတွင်ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ တစ်ဦးတစ်ယောက်မျှ ဒဏ်ရာမရရှိ။
ပါရမီကားပေါ်တွင် ဗုံးတွေ့ရှိ
သင်္ကြန်ကာလအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား ..
ဆိုင်းဘုတ်တစ်ခုကိုကြည့်မိတော့ ဘယ်သူခွဲခွဲ တို့မခွဲ .... အမြဲစည်းလုံးမည်။

ဒီပေါက်ကွဲမှုတွေဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုနဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
လူစိတ်ရှိတဲ့လူတိုင်း စိတ်မကောင်းဖြစ်ရတဲ့ ဖြစ်ရပ်လည်းဖြစ်ပါတယ်။
မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူးမင်္ဂလာအခါသမယကို စနစ်တကျ ဖောက်ခွဲဖျက်စီးလိုက်တဲ့ ရိုင်းစိုင်းယုတ်မာမှုလည်းဖြစ်ပါတယ်။ သေဆုံးသွားသူတွေဟာ ဗုံးခွဲသူနဲ့ ဒီဘ၀မှာဆွေမျိုးမတော်စပ်တဲ့သူတွေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကို ထိခိုက်နာကျင်စေတယ်ဆိုတာ ကိုယ်နေတဲ့ အဆောက်အဦးကို ကိုယ်ဖြိုနေတာမျိုးပဲဖြစ်ပါလိမ့်မယ်။ လူ့အသိုင်းအ၀ိုင်းမှာ ဖြစ်နေတာတွေဟာ ကိုယ့်ဆီကို ပြန်လည်ရောက်ရှိလာစမြဲဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ နိုင်ငံသားတစ်ချို့ရဲ့အသက်နဲ့အတူ၊ ငြိမ်းချမ်းစွာနေထိုင်ခွင့်ရခြင်းကို ဆုံးရှုံးသွားပါတယ်။ ကျွန်တော်တို့ဟာ စိတ်ချလက်ချပျော်ရွှင်တတ်တဲ့လူမျိုးတွေအဖြစ်ကို အချိန်ကာလတစ်ခုအထိ ဆုံးရှုံးသွားပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဗြဟ္မစိုရ်တရားထွန်းကားပါတယ်ဆိုတာကို ထုတ်ဖော်ပြောဖို့ ဆွံ့အသွားစေပါတယ်။ အဲဒီပေါက်ကွဲမှုဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေးလက္ခဏာကို မှေးမှိန်သွားစေပါတယ်။
ကျွန်တော်တို့နိုင်ငံသားတွေဟာ ခံယူရရှိကြတဲ့ အဆုံးအမတွေအရ ဖောက်ခွဲသူတွေကို တစ်ချိန်မှာ ခွင့်လွှတ်သွားမိကြပါလိမ့်မယ်။ ဒါပေမယ့် ဒီဖောက်ခွဲမှုတွေကိုတော့ မေ့သွားမှာမဟုတ်ပါဘူး။

ဒီစာကိုဖတ်ပြီးတဲ့အချိန်မှာ လူကြီးမင်း ၀မ်းနည်းကြောင်းသ၀ဏ်လွှာပို့သမယ်ဆိုရင်တောင်မှ သေသွားတဲ့သူတွေဟာ ပြန်ရှင်မလာတော့ပါဘူး။ အဲဒီအတွက် လူကြီးမင်း ရောက်လေရာဘုံဘ၀မှာ ပေါက်ကွဲစေတဲ့ အရာ ဘာမှ ဆက်ပြီးမတီထွင်ဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

What's goes around,
Comes around ....

....
With Peace,
Zephyr


Notes:
ဒီပို့စ်အတွက် ဒီဇိုင်းလိုချင်လို့ ညီလေး ကိုမျိုး ဆီက ဒီဇိုင်းနှစ်ခုတောင်းထားပါတယ်။ ရုံးကနေလုပ်ပေးလိုက်တဲ့အတွက် ညီလေးကို ကျေးဇူးတင်ပါတယ်။

Happy New Year Everybody ...
Wishing all of you all the best ....






Peace B with U.

Sunday, April 11, 2010

Love (Performance)


အထက်ပါပုံကို ကလစ်ခေါက်ဖြစ်အောင်ခေါက်ပါ။
(မခေါက်သဖြင့် အိုင်လွယ်ပန် မိန်းမရသွားကြောင်း။ ခေါက်သွားသဖြင့် လင်းဒီပ အိပ်ရာထဲခွေနေသေးကြောင်း။
ခေါက်မလိုလိုနဲ့ မခေါက်တဲ့မဂျူ ကုလားပြည်တွင် ထီပေါက်သော်လည်း လက်မှတ်ပျောက်သွားကြောင်း။ နှစ်ခါတိတိခေါက်မိ၍ မယ်ကိုးကို သစ်ပင်က တရားပြန်စွဲကြောင်း။ မြန်မာပြည်ကနေ မျက်မှန်ကြီးဖြင့် ကလစ်ခေါက်သောကြောင့် ကိုရင်နော် အပြန် ကားခေါင်းခန်းတွင် သီလရှင်တစ်ပါးကျကျန်ရစ်သော ငါးထောင်တန်ကို အချောင်ရလိုက်ကြောင်း၊ တန်းတန်းမတ်မတ် ကလစ်ခေါက်သောကြောင့် ဆွိ အရပ်တစ်လက်မ ပိုရှည်လာကြောင်း၊ ကလစ်မခေါက်အားတဲ့အတွက် မဒါတစ်ယောက် သင်္ကြန် တရားစခန်းတွင် ခုနစ်ရက်လုံးရေမချိုးလိုက်ရကြောင်း၊ အချိန်မအားတဲ့ကြားက ကလစ်တစ်ချက်ခေါက်သွားသောကြောင့် မွေးသမိခင်ကြီး ဒီဇိုင်းများ အချိန်မီပြီးစီးသွားကြောင်း၊)

လူတိုင်းမကင်းနိုင်တာ ... ဆိုပြီး အစချီလိုက်ရင် အားလုံးက အချစ်ပဲ ဆိုတာကို ပြေးမြင်ကြတယ်။
အမှန်က အိမ်သာလည်းဖြစ်နိုင်သလို အကြွေးလည်းဖြစ်နိုင်တာပဲ။
ဘာလို့မကင်းနိုင်တာနဲ့ဆိုတာနဲ့ အချစ်ကိုပဲ ပြေးမြင်ကြမှန်းမတွေးတတ်ဘူး။

စတာပါ ....။
တကယ်ပြောချင်တာက တစ်ခုပါ။ ချစ်နေတာကို ဘယ်လိုမြင်ကြလဲမသိဘူး။
ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို သတ်သေမိတဲ့သူ အဖန်ငါးရာငါးကမ္ဘာကျသွားနဲ့တူတယ်လို့တွေးမိပါတယ်။

Performance art ကိုတစ်ခြားမီဒီယာတွေနဲ့ performance လုပ်ကြပါတယ်။ ပန်းချီတွေ၊ ပုလင်းတွေ၊ အိုးတွေ၊ ခွက်တွေ ... (တစ်ချို့ငတိကြီးတွေကြတော့ ယောကျာ်းကြီးတန်မဲ့ ပလတ်စတစ်ရင်ထိုးကြီးတွေနဲ့ ...။)

အခု ကျွန်တော်ကတော့ အဖန်ငါးရာ ငါးကမ္ဘာကို စာနဲ့ပဲ performance လုပ်ထားပါတယ်။
နောက်တော့ စာတွေကိုပဲ ဒီဇိုင်းထည့်ဖို့စိတ်ကူးရတာနဲ့ မလေးရောက် ဒီဇိုင်းဆရာ ပြီတီတီ...sorry .. ပြည်သစ်တည် ရဲ့လက်ရာနဲ့တွဲဖက်လိုက်ပါတယ်။

ကြံဖန်ဂုဏ်ယူချင်ရင်တော့ သက်ရှိမျိုးစိတ်တွေထဲမှာ လူဟာ ပလူပြီးရင် သတ်သေမှုအများဆုံး သတ္တ၀ါဖြစ်နိုင်တာကို ဂုဏ်ယူနိုင်ပါတယ်။ စကားစပ်မိလို့မေးရရင် မီးမတွေ့မီခေတ်က ပလူတွေ နေအထိ ပျံကြမလားဆိုတာကိုပါ ဆက်ပြီးစဉ်းစားကြည့်စေချင်ပါတယ်။


Notes:
အခုတလော စာရေးဖို့အချိန်မရှိဖြစ်နေပါတယ်။ ၀ယ်ထားတဲ့စာအုပ်တွေနဲ့ ငှားထားတဲ့စာအုပ်ပုံကြီးကို ဖြိုနေပါတယ်။ စာအုပ်မ၀ယ်တော့ဘူးလို့စိတ်ကူးထားပေမယ့် Borders ရောက်တိုင်း ၀ယ်စရာ သုံးလေးငါးအုပ် အမြဲတွေ့တွေ့နေပါတယ်။ ဒါနဲ့ပဲ ခေါက်ဆွဲသုံးလစားပြီးစုထားတဲ့ ပိုက်ဆံကို စာအုပ်ဝယ်လိုက်ပါတယ်။ မြန်မာပြည်မှာလည်း အမွေရထားတဲ့စာအုပ်တွေ သွားကြည့်ဖို့ အောက်တိုဘာလောက်ပြန်မယ်စိတ်ကူးနေပါပြီ။ အဆင်ပြေရင်ပန်းဆိုးတန်းမှာ စာအုပ် အဟောင်းဆိုင်လေးဖွင့်စားရင်း ပလာတာရောင်းဖြစ်မယ်ထင်ပါတယ်။ ညပိုင်းမှာတော့ ကလေးတွေကို စာသင်ပါမယ်။ လမ်းကြုံရင်ဝင်ခဲ့ကြပါ။ ပလာတာလေး လာစားရင်း စာအုပ်တွေ အားပေးသွားလို့ရပါတယ်။ ရှိပါတယ် စာအုပ်တော်တော်များများရှိပါတယ်။ ရှေးဟောင်းရှားပါးတွေလည်းရှိပါတယ်။ သင့်တော်သလို ဆောင်ရွက်ပေးပါမယ်။



Peace B with U.