Friday, April 15, 2011

ဥပုသ်သည်အချစ်

ဒီနေ့ ဖေ့စ်ဘွတ်ခ်မှာ အန်တီဂျူဆီက Puzzled Heart Game ကပို့ပေးတဲ့ အသည်းပုံလေးတစ်ခုရတယ်။ အဲဒီမှာ quotes လေးတစ်ခုပါတယ်။ အဲဒါကို ဘာသာပြန်ရင်း သဘောကျလို့ ဒီမှာတင်လိုက်ပါတယ်။

Love is a smoke made with the fume of sighs. Being purged, a fire sparkling in lovers' eyes. Being vexed, a sea nourished with lovers' tears. What is it else? A madness most discreet, A choking gall and a preserving sweet. ~ William Shakespeare

ဝါတွင်းမှာ အချစ်အကြောင်းဖတ်ရတာ၊ ဥပုသ်ကျိုးတယ်
smoke made with fume of sighs ၊ သက်ပြင်းငွေ့တွေနဲ့တည်ဆောက်
ထားတဲ့မီးခိုးဟာ အချစ်ဆိုရင် မီးသဂြိုဟ်ခံလိုက်ရတဲ့ တစ္ဆေတစ်ကောင်ဟာ ကျွန်တော်ပါအန်တီ။ ပင်လယ်ကြီးကြွယ်ဝဖို့ ငိုလိုက်တာမဟုတ်ပါဘူး အန်တီ သောကတွေ မြစ်ရေလျှံတာပါ။ အတိအကျရူးသွပ်လိုက်ခြင်းတစ်မျိုးပါပဲအန်တီ၊ ခါးသက်မှုတွေကိုနှေးစေပြီး ချိုသာမှုတွေ ထိန်းသိမ်းထားပေးတဲ့အရာပါပဲ အန်တီ။
( ၀ီလျံ-တုန်ခါနေသော စပယ်ယာ။)


We've got this gift of love, but love is like a precious plant. You can't just accept it and leave it in the cupboard or just think it's going to get on by itself. You've got to keep watering it. You've got to really look after it and nurture it. ~ John Lennon ~

John Lennon ကိုပြောလိုက်ပါ။ Mark David Chapman ပစ်ခဲ့တဲ့ ကျည်ဆံငါးချက်ကို ဘယ်လောက်ချစ်ခဲ့သလဲ။ ဒီလိုပဲ ... ကျွန်တော်တို့တွေ ချစ်ခဲ့တယ်။ ရေလောင်းပေါင်းသင်ခဲ့တယ်။ ရှင်မလိုရှင်မလိုနဲ့ သေသွားတဲ့သစ်ပင်များ၊ အချစ်များ ၊ ကျောက်တုံးပေါ်ပေါက်ခဲ့တဲ့ သစ္စာတရား(သိပ်လည်းသက်ဆိုးမရှည်ဘူး)။ အရောင်စုံခံစားချက်များ၊ တခုတ်တရသိမ်းထားတဲ့ဒဏ်ရာများ(ပျင်းရင်ထုတ်ကစားဖို့ နဲ့ကဗျာရေးဖို့)။ Lennon ကို peace activist လို့ခေါ်တယ်။ တမလွန်မှာ ဆက်ပြီး ငြိမ်းချမ်းပါစေ Lennon အခုအထိ ဘီတယ်လဲမသေသေးပါဘူး။လွမ်းဆွတ်ခြင်းဟာ ရှည်လျားတဲ့ဆောင်းရာသီပါ Lennon ။ God is a concept by which we measure our pain. .....သိပ်ကိုမှန်ခဲ့ပါတယ်။

Notes:
အင်္ဂလိပ်စာဆရာတွေကတော့၊
ကုလားလေးမောင်သိန်းဝင်း (M.A) or ကုလားလေးမောင်သိန်းဝင်းမ
ဘ၀သစ်ဦးအောင်ကျော်(မောင်ကြာညို) နဲ့ တခြားခြောက်ဆယ့်ရှစ်ယောက်ဖြစ်ပါတယ်။
ဘာသာပြန်တိုင်း လွဲနေတာအတွက် သူတို့ကိုပဲအပြစ်တင်သင့်တယ်။



Peace B with U.

Wednesday, April 13, 2011

သင်္ကြန်ကားကြီးထွက်ပါပြီ ... ထိုသို့ ဆီသို့။

သင်္ကြန်ကားကြီးထွက်ပါပြီ ... ထိုသို့ ဆီသို့။


ဘယ်အရာနောက်ကျနေမှန်းမသိသေးတဲ့ညနေများ။ သင်္ကြန်ဆိုတာနဲ့ ပျော်ပြီ။ သူသူကိုယ်ကိုယ်။ အလုပ်စားပွဲရှေ့ငုတ်တုတ်ထိုင်ပျော်နေရတာနဲ့ ရေပက်နေရတာနဲ့တော့ အပျော်မတူနိုင်။ ဒါပေမယ့် ဒါဟာ သင်္ကြန်။ ဗုံးမပေါက်ရင်လည်းပျော်၊ ရေမပြတ်ရင်လည်းပျော်ရတဲ့သင်္ကြန်။ တိုင်ကို ဖက်ကနေတဲ့ တွန့်လိမ်လိမ်နဲ့သူငယ်မဟာ sexy ဖြစ်တယ်လို့ကျွန်တော်မမြင်ဘူး။ သူ့ခမျာ တစ်ခုခုယားယံနေလို့ ကုတ်မရပြုမရဖြစ်နေတယ်လို့ပဲကျွန်တော်မြင်တယ်။

ဘာထူးလဲ။ ဂျင်းအင်္ကျီအောက်မှာတီရှပ်၊ တီရှပ်အောက်မှာအတွင်းခံ၊ အတွင်းခံအောက်မှာရှိသင့်တာရှိမယ်။ ပရမတ်တည့်တည့်ရေပက်စမ်းပါ။ သင်္ကြန်ကို မရောထွေးနဲ့။ သင်္ကြန်ဟာ အရက်သောက်ပွဲ၊ သင်္ကြန်ဟာ ရန်ပွဲ၊ သင်္ကြန်ဟာ အရေးပေါ်ကုသဆောင်တွေမှာ လူစည်းကားတဲ့ပွဲ၊ အသက်နဲ့လဲလှယ်ပျော်ရတာ တကယ်ပျော်ဖို့ကောင်းပါတယ်။

ရေမပက်လို့ တရားစခန်းဝင်ထယ်ထား။ သင်္ကြန်မှာမှ သူတော်ကောင်းတရားကျင့်ပွားသူတွေ ရေလုချိုးရမယ်။ အိမ်သာလုတက်ရမယ်။ ကျဉ်းကျဉ်းကြပ်ကြပ် တရားမှတ်ရမယ်။ ရိပ်သာတွေ ပရိုမိုးရှင်းချသလို လူစည်ကားနေမယ်။ အပါယ်တစ်ဘ၀မလားလဲမနည်းဘူးဆိုတဲ့သူတွေအပြိုင်းအရိုင်းတွေ့ရမယ်။ ဒါပေမယ့် ဒါဟာ ကုသိုလ်လမ်း။ အချောင်တော့ ဘာကုသိုလ်မှမရနိုင်ဘူး။

လစ်တမတ်စက္ကူနဲ့သင်္ကြန်ကိုတို့ကြည့်လိုက်ရင် သင်္ကြန်မိုး ဇာတ်ကား အဖြစ်အရောင်ပြောင်းမယ်။
ပျော်ရွှင်စွာရေကစားလျက်ရှိနေ။
လူကြီးမင်းများလက်ခုပ်တီးပါ။
ရော့ခ်သင်္ကြန်၊ဟစ်ပ်ဟော့ပ် သင်္ကြန်၊ ပန့်ခ်သင်္ကြန် စတာတွေဟာ မြန်မာ့သင်္ကြန်ရဲ့ customized verion တွေဖြစ်တယ်။ အရင်ကတည်းက ရေနဲ့ပက်ရင်မအေးမှာစိုးလို့ ရေခဲရေ၊ အဆန်းထွင်တဲ့သူများက အက်ဆစ်နဲ့ပက်၊ ရေပူဖောင်း၊ ရေခဲထုတ် စတာနဲ့ပစ် စသဖြင့် ပျော်ရွှင်စွာ ........။မီးသတ်ပိုက်နဲ့သင်္ကြန်က သပြေခက် သင်္ကြန်ကို ထိုးထုတ်ပစ်လိုက်တာကြာပြီ။ သင်္ကြန်ဟာ ပျော်စရာကောင်းပါတယ်။

မုန့်လုံးရေပေါ်နဲ့သင်္ကြန်နဲ့ဟာ လူပျိုကြီးတွေနဲ့ မင်္ဂလာဆောင်ဖိတ်စာလို မဆိုင်သလိုလိုနဲ့ဆိုင်နေတယ်။ မသိမသာကြီးဒဏ်ရာရနေသလို မုန့်လုံးရေပေါ်မပါတဲ့သင်္ကြန်ဟာ ရည်းစားဟောင်းနဲ့မကွဲဘူးတဲ့လူပျိုကြီးလို အူကြောင်ကြားကြီး။ သင်္ကြန်မှာ အုန်းလက် မဏ္ဍပ်လေးတွေ၊ တိုင်ကီပုံးလေးတွေနဲ့ ရေကစားကြတာ ပျောက်ကွယ်မတတ်ဖြစ်ကုန်ပြီ။ ချစ်သူရဲ့ကျောကိုမှီဖို့ သင်္ကြန်တစ်ခုတော့ လိုတာပေါ့လို့။ တကယ့်ကို ရိုမန်းတစ်ပါပေတယ်။

သင်္ကြန်မှာ သောက်လိုက်တဲ့ GNA(Gross National Alcohol) ဟာ အမြဲတမ်း နှစ်တိုင်း စံချိန်တင်ပါတယ်။ မြန်မာလူမျိုးတွေဟာ အပူပိုင်း နိုင်ငံတွေထဲမှာ အရက်သမားအများဆုံးနိုင်ငံတောင် တရားဝင်မဟုတ်တဲ့ record ရနေပါပြီ။ သင်္ကြန်ဟာ အရက်နဲ့ဘီယာ မြှင့်တင်ရေးကာလဖြစ်ပါတယ်။

ဒီနှစ်မှာ I-pad 2 ကိုင်ဆင်းလာမယ့် သိကြားမင်းဟာ Apple Care ၀ယ်ဖို့သွားရင်း မူးနေတဲ့လူငယ်တစ်ချို့နဲ့ခိုက်ရန်ဖြစ်ပွားရာမှ ကံတော်ကုန်သွားနိုင်တယ်လို့ အတိတ်၊တဘောင်တွေထွက်နေပါတယ်။ I-pad 2 ကြီးကိုင်လို့လာ၊ ငမူးရိုက်လို့ သေပါရောလား။ ဆိုပြီး သံချပ်တွေတောင်ဖြစ်ကုန်နိုင်တယ်။

သင်္ကြန်မှာ မြန်မာ့ရိုးရာအငွေ့အသက်ကို အတော်လေးပင်ပင်ပန်းပန်းရှူကြည့်မှ နည်းနည်းလေး ပိတောက်နံ့ထွက်ပါတယ်။ ဦးကြော့ရဲ့ ဆန်းသလောက်မလင်းနိုင်ဘု ဆိုတဲ့ ဘုပါတဲ့ ပိတောက်ပန်းတွေကို သူငယ်မတွေမပန်တော့ပါဘူး။ ဘုရားစင်မှာတော့ ဈေးထဲက၀ယ်ထားကြတဲ့ သိပ်မလှတဲ့ပိတောက်ပန်းပိန်လေးတွေရှိနေတတ်ပါတယ်။ အတာအိုးထားတဲ့အယူဝါဒဟာလည်း အမျိုးသားတွေ အတွင်းခံစွပ်ကျယ်ဝတ်တဲ့ အယူဝါဒလို တိမ်ကောသလောက်ရှိပါပြီ။

သင်္ကြန်မှာ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခဲ့တယ်လို့သိရပါတယ်။ မကြာမကြာ အနှိပ်ခန်းသွား၊ ခေါင်းသွားလျှော်လေ့ရှိတဲ့ သက်ကြီးရွယ်အို လူငယ်အတုတွေအတွက်တော့ ဒါဟာ သင်္ကြန်မှမဟုတ်ပါဘူး Hair Salon (o တစ်လုံးနဲ့ salon ပါ o နှစ်လုံးနဲ့ saloon ဟာ အရက်ဆိုင်ဖြစ်ပါတယ်။) တွေမှာ သင်္ကြန်မတိုင်ခင်ကတည်းက ကုသိုလ်ပြုနေတဲ့ သူငယ်မတွေရှိနေပါတယ်။

အသည်းကွဲနေတဲ့ရှာပုံတော်မင်းသားကြီးတွေ အရှာထွက်ရင်း လျှာထွက်တဲ့ပွဲလည်းဖြစ်တယ်။
တောဂေါ်လီတွေ မြို့ပေါ်မှာ ပိညက်ပိညက်လာလုပ်တဲ့ပွဲလည်းဖြစ်တယ်။
လည်ပင်းက ရွှေဆွဲကြိုး နှစ်ဆစ်လောက်ဖြုတ်လိုက်ရင် သင်္ကြန် ကား မှာ မျောက်လို ခုန်ပေါက်ခွင့်အော်တိုမစ်တစ်ရသွားပြီ။ ဒါဟာ သင်္ကြန်၊ မရှိရှိတာနဲ့ပျော်ရမှာပဲ။

မဏ္ဍပ်အောက်မှာတော့ တုတ်တွေ လုံလုံလောက်လောက်ထည့်ထားရတယ်။ မူးနေတဲ့သူတွေကို မူးနေတဲ့သူက ရိုက်တာမှာ ဥပဒေမလိုဘူး။ လိုတာက ပတ်တီးနဲ့ ဂွမ်းတွေ။ ကွဲသွားရင်ချုပ်ဖို့ အပ်နဲ့အပ်ချည်တွေ၊ ဒါတွေပဲလိုတယ်။ တောရိုင်းဥပဒေသပဲရှိတယ်။ သောင်းသောင်းဖြဖြရဲတွေတော့ လိုအပ်မှရောက်လာလိမ့်မယ်။

စာအုပ်လေးတစ်အုပ်ကိုထုတ်၊ ပက်လက်ကုလားထိုင်လေးကိုခင်း၊သင်္ကြန်ကို စာအုပ်လေးနဲ့ဖြတ်ကျော်၊ တိမ်တိုက်လေးပေါ် ဟီးလေးခို လွင့်မျော၊ သောကမရှိ၊ ပျော်ရွှင်မှုမဟုတ်တဲ့ စိတ်ချမ်းသာမှုလေးနဲ့ ဥပုသ်သီတင်းဆောက်တည် ...၊ စတုဒီသာ လုပ်ပြီးဝေငှ ........၊ အဲဒါတွေက ပျော်စရာမကောင်းဘူးမဟုတ်လား။

သင်္ကြန်အပြီး သီတင်းစာနောက်ကျောမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ မြန်မာပြည်ပြန်တုန်း သင်္ကြန်လည်လိုက်တာက နေ ဒီလို ဖြစ်ရတာပါပဲ ဆိုတဲ့ မျက်ရည်စက်တွေနဲ့ အသက်နာမည်အပေါ်မှာ ကိုယ့်နာမည်ကြီးပါနေရတာလည်း ကြည်နူးတတ်မယ်ဆို ကြည်နူးစရာ။

အင်း ... သင်္ကြန်က ပျော်စရာ တကယ်ကောင်းပါတယ်။ ။

Regards,
Zephyr


nOTES; JUST A SATIRE TO WHOM IT MAY CONCERN



Peace B with U.

Monday, April 11, 2011

အချစ်။

အချစ်။

ဇင်လေ့လာလိုက်စားတဲ့ ဘုန်းကြီး အပါးနှစ်ဆယ်နဲ့သီလရှင်တစ်ပါး ဟာ ကျောင်းတိုက်တစ်ခုမှာ အတူသီတင်းသုံးပြီး ဇင်ဆရာကြီးတစ်ပါးဆီမှာ ကမ္မဌာန်းတရား လေ့လာသင်ယူ နေကြသတဲ့။

သီလရှင် အဲရွှန်း(Eshun) ဟာ သိပ်ကိုချောမောလှပပါတယ်တဲ့။ ဆံပင်ကိုရိတ်ထားပေမယ့် ဒမ်မီမိုး ကတုံးတုံးထားတာ၊ ဘရစ်တနီ ကတုံးတုံးထားတာတွေထက် အများကြီးသာတယ်တဲ့။ အဲဒီတော့ ပုထုစဉ်ကိုယ်တော်တစ်ချို့ ကြွေပါသတဲ့။ အဲဒီတော့ သမုဒယ အကြောင်းခံလေတော့ မနေနိုင်တဲ့ဘုန်းကြီးတစ်ပါးက စာပေးသတဲ့။ (ပါဠိလိုလည်းဖြစ်နိုင်သည်။)

သီလရှင် အဲရွှန်းက အကြောင်းမပြန်ပါဘူး။ (ဘုန်းကြီးကတော့ သူ့ကိုစဉ်းစားဖို့အချိန်ယူနေတာလို့တွက်ချင်လည်းတွက်မယ်။) ဒီလိုနဲ့ တစ်နေ့မှာ ဇင်ဆရာကြီး သွန်သင်ဟောပြောပို့ချလို့အပြီးမှာ သီလရှင် အဲရွှန်းက မတ်တပ်ရပ်ပြီး သူ့ကို စာပေးတဲ့ကိုယ်တော်ကိုပြောသတဲ့။ ကိုယ်တော် ... သိပ်ချစ်တယ်ဆိုရင် အခုလာဖက်ထားလိုက်ပါ။

................
သင်ခန်းစာ။ ။ Identity မပေါ်တဲ့နေရာမှာချစ်ပါတယ်ဆိုတဲ့သူတွေအတွက် .....ဟုတ်မှလည်းလုပ်ပါ ငါ့ရှင် ... လို့ ပြောချင်တာပါ။ ဟဲဟဲ။



Peace B with U.