Sunday, November 8, 2009

The Code of the West


The Code of the West

Code ကို ဥပဒေသ လိုပဲ ဘာသာပြန်လိုက်ပါတယ်။ ကောင်းဘွိုင်တွေရဲ့ ဥပဒေသတွေပါ ...။ စုစုပေါင်း ၁၀ ခုရှိပါတယ်။
ကျွန်တော်တို့တွေကို ကောင်းဘွိုင်တစ်ယောက်က ဘာတွေများသင်ပေးနိုင်မှာလဲလို့ အစက တွေးမိပေမယ့် ... ဒီစာအုပ်ကိုဖတ်ကြည့်ပြီးတဲ့အခါ လူတိုင်းဆီမှာ သင်ယူစရာရှိနေတတ်တယ်ဆိုတာလေးကို ပြန်သတိရမိတယ် ...။

1. Live Each Day With Courage

သေချာပါတယ် ...။ ဒါဟာ လူတိုင်းအတွက် အခြေခံဥပဒေသကောင်းဖြစ်ပါလိမ့်မယ် ...။ ကောင်းဘွိုင်တွေအတွက်
သတ္တိရှိစရာလိုသလို .. ကျွန်တော်တို့တွေ Fight or Flight တွေမှာ သတ္တိရှိရှိ ... ပြတ်ပြတ်သားသားရှိဖို့လိုနေမှာပါ ...။ ကိုယ့်ဘ၀အတွက် ရွေးချယ်ရဲတဲ့သတ္တိလိုပါတယ် ....။ အချောင်ရလိုက်တဲ့အောင်မြင်မှုဆိုတာ အိမ်မက်ထဲမှာပဲဖြစ်နိုင်ပါလိမ့်မယ် ...။ မတော်တဆအောင်မြင်လာတယ်ဆိုတာမျိုး သင်ကြားမိပါသလား....။ သံသရာကြွေးနဲ့လဲလှယ်ထားတဲ့ ရေပွက်ထဲက ဦးရစ်သရဖူဆိုတာကို သတိရနေသေးရင် ....ငရဲသွားဖို့သတ္တိရှိရင် သင့်မှာလည်း မိုက်မဲခွင့်ရှိတယ်လို့ တွေးမိမှာပါ ...။ ဟီရိအတွက်လည်းသတ္တိလိုသလို သြတပ္ပအတွက်လည်းသတ္တိလိုပါတယ် ...။ သတ္တိမရှိတဲ့သူရဲ့ အခါခါသေဆုံးမှုမျိုးနဲ့မသေလိုက်ချင်တဲ့သူတွေ သတ္တိရှိရှိ သေရဲတဲ့အကြောင်း သင်မှတ်မိဦးမှာပါ ....။ သတ္တိဆိုတာ မိုက်သွေးကြွမှုမဟုတ်သလို .. နိုင်တဲ့သူဖိထောင်းတာမျိုးလည်းမဟုတ်ပါဘူး ...။ သတ္တိဆိုတာ စိတ်စွမ်းအားနည်းသူတွေနဲ့မသက်ဆိုင်တဲ့ကိစ္စပါ ...။ ကောင်းဘွိုင်တွေဟာ သတ္တိရှိသလို ကျွန်တော်တို့မှာ သတ္တိရှိဖို့လိုအပ်တာတော့ အသေအချာပါပဲ ...။

2.Take Pride in your work

ကိုယ့်အလုပ်ကို ကိုယ် ဂုဏ်ယူပါ ...။ သန့်ရှင်းရေးလုပ်နေရရင်တောင် သမ္မာအာဇီဝ လုပ်နေတာကိုဂုဏ်ယူနိုင်ပါတယ် ...။ ကျွန်တော်တို့တွေဟာ အလုပ်မှာ တစ်နေ့တာရဲ့ ၈၀ ရာခိုင်နှုန်းအချိန်တွေပေးထားရပြီး အဲဒီအလုပ်ကလည်း ဂုဏ်ယူစရာမဟုတ်တဲ့အလုပ်ဆိုရင် တစ်နေ့မှာ ဘယ်လောက် စိတ်ဆင်းရဲနေမိမလဲ။ ကိုယ်ရွေးချယ်ထားတဲ့ အလုပ်ကို စိတ်ပါလက်ပါ လုပ်ပြီး ဂုဏ်ယူတာဟာ လူသားဆန်တဲ့သဘောလည်းဖြစ်ပါတယ်။ ကိုယ့်အလုပ်ကို ကိုယ်ကောင်းကောင်းလုပ်နိုင်တာဟာ သိပ်ပြီးဂုဏ်ယူစရာကောင်းပါတယ်။ ကိုယ့်ဟာ တစ်ခြားသူတွေအတွက် ၀န်ထုပ်ဝန်ပိုးမဟုတ်ဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့သူ၊ ကိုယ့်မိဘကို ကိုယ်လုပ်ကျွေးနိုင်တဲ့သူလို့ ခံစားရတာဟာ ကောင်းပါတယ်။ ပင်ပင်ပန်းပန်းရှာထားတာတွေကို အကျိုးရှိရှိသုံးနိုင်တာဟာလည်းဂုဏ်ယူစရာကောင်းပါတယ်။ နောက်ဆုံး ပိုက်ဆံဖြုန်းတယ်ထားပါတော့။ ကိုယ့်ပိုက်ဆံကိုယ်ဖြုန်းတာဟာ မိဘပိုက်ဆံဖြုန်းတာထက်တော့ အကုသိုလ်နည်းပါလိမ့်မယ်။ ကိုယ့်အလုပ်ကကျောင်းသားဆိုရင်တောင် တာဝန်ကျေတဲ့ ကျောင်းသားဖြစ်ရတာဂုဏ်ယူစရာကောင်းပါတယ်။

3. Always Finish what you start

ဒီအချက်ကတော့ ကျွန်တော်ကောင်းဘွိုင်ကောင်းမဖြစ်နိုင်တဲ့အချက်ပါပဲ ။ ရေးလက်စ စာတွေအများကြီးကို အဆုံးမသတ်ဖြစ်ပါဘူး။ နောက်ဆုံးဟိုလိုလို ဒီလိုလိုနဲ့လမ်းဆုံးသွားတဲ့ စာတွေ၊ ကဗျာတွေ အများကြီးရှိပါတယ်။ Blog ကို မရေးချင်တော့တဲ့အခါ မရေးတော့ဘူးဆိုပြီးရပ်လိုက်ပါတယ်။ စပြီးတော့လုပ်ပြီး အဆုံးမသတ်နိုင်တာတွေကို ပြန်ရေတွက်ကြည့်တော့ တော်တော်များနေပါပြီ။ ဥပမာဆိုရင် လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ဆိုတဲ့ New Year Resolution တွေက နှစ်တိုင်း မဆုံးနိုင်ပါဘူး။ ဒီနှစ်လည်း အခုဆိုရင် နေမကောင်းခဏဖြစ်တာကို အကြောင်းပြထားပြီး ကိုယ့်ကိုယ်ကို လွတ်လပ်ရေးပေးထားပါတယ်။ ဒီတစ်ချက်ကတော့ အရေးကြီးပါတယ်။ ဆရာတော် ရေးနေကြစကားတစ်ခွန်းရှိပါတယ်။ စမိဖို့နဲ့စွဲမြဲဖို့အရေးကြီးတယ်ဆိုတဲ့စကားပါ။ စမိဖို့ကလွယ်ပါတယ် ။ စွဲမြဲဖို့ ..ပြီးဆုံးတဲ့အထိလုပ်ဖို့တွေကတော့ခက်ပါတယ်။ တော်တော်ခက်ပါတယ်။ ကျွန်တော်မှတ်မှတ်ရရ စမိပြီးစွဲမြဲနေတာ လောလောဆယ်တော့ မာဖီးယားဆော့တာနဲ့ ကဗျာရေးတာနှစ်ခုပဲရှိပါတယ်။ ကျန်တာတွေကတော့ စမြိပီး မေ့ပစ်ဖို့လောက်ပါပဲ။ ထူးချွန်ပြောင်မြောက်တဲ့သူတွေနဲ့ သာမန်လူတွေကွာတာကလည်း ဒီအချက်ကြောင့်ပဲထင်ပါတယ်။ တစ်ချို့လူတွေဟာ သူတို့ဆုံးဖြတ်ထားပြီးသားကိစ္စကို ဆုံးခန်းတိုင်အောင် လုပ်သွားနိုင်တာဟာ ခိုင်မာတဲ့စိတ်ရှိလို့ဆိုတာသေချာပါတယ်။ ကိုယ့်မှာမရှိတဲ့ အရည်အချင်းမို့လို့ ဒီအရည်အချင်းရှိသူတွေကို ချီးကျူးပါတယ်။ စမိတဲ့ဖဲဝိုင်းမှာ ၀ိုင်းသိမ်းတဲ့နေ့အထိ သုံးရက်မထတဲ့ သူမျိုးကိုပါ ချီးကျူးပါတယ်။

4. Do What Has To Be Done

ပြီးရမယ့်ကိစ္စကိုလုပ်ပါတဲ့။ ဒီတစ်ခုကလည်း စဉ်းစားစရာကောင်းပါတယ်။ အပေါ်ကတစ်ခုနဲ့ ဆက်စပ်နေတယ်လို့ပြောလို့ရပါတယ်။ ပြီးရမှာကို အချိန်မဆွဲတာအကောင်းဆုံးပါ။ အလုပ်မှာပဲဖြစ်ဖြစ် အပြင်လောကမှာပဲဖြစ်ဖြစ် ပြီးဆုံးအောင်လုပ်ရမယ့်အလုပ်ကို ပစ်ထားလို့မရပါဘူး။ ငယ်တုန်းကတော့ ကိုယ်မလုပ်လည်း တစ်ခြားသူလုပ်မှာပေါ့ဆိုပြီး လွှဲချလို့ရပေမယ့် ကိုယ့်တာဝန်ကိုယ်တကယ်ယူတဲ့အချိန်မှာတော့ ကိုယ်မလုပ်ဘဲနဲ့ သူ့အလိုလို ဖြစ်သွားမယ်။ အိုကေသွားမယ်လို့ ယူဆရင်တော့ ဒါဟာ ပေါ့ဆတဲ့သူတွေရဲ့ အချောင်ခိုမှုပဲဖြစ်မှာပါ။ ကောင်းဘွိုင်တစ်ယောက်ဖြစ်ဖို့လဲခက်လိုက်တာနော်။ ထင်ထားတာက ဆေးပြင်းလိပ်သောက်တတ်၊ အရက်ပြင်းသောက်တတ်၊ မြင်းစီးကျွမ်းကျင်၊ သေနတ်ပစ်တော်ရင်ပြီးပြီမှတ်နေတာမှားသွားတယ်။ ကလင့်စ်အိဝုဒ်ကလည်း နို့ဆီခွက်ကိုပဲ တဒိုင်းဒိုင်းပစ်ပြနေတာကိုး။ ဒီ Code တွေကို သူသိပုံမရဘူးလို့တွေးမိတယ်။

5. Be Tough, Be Fair.

စိတ်ဓာတ်မာကျောပြီး၊ သဘောထားမျှတပါ။ ဒါကတော့ သူရဲကောင်းဝါဒကနေလာတယ်လို့ယူဆပါတယ်။ သူရဲကောင်းထဲမှာ အခြောက်သူရဲကောင်းရှိမယ်မထင်ပါ။ ရာဇ၀င်တစ်လျှောက်မှာ မိန်းမလျှာသူရဲကောင်းများ အကြောင်းမတွေ့သေးလို့ ဒီလိုယူဆမိတာလဲဖြစ်နိုင်ပါတယ်။ မိန်းမသူရဲကောင်းတွေ၊ ဘုရင်မတွေကိုတော့ စာတွေထဲမှာဖတ်ဖူးပါတယ်။ သူတို့တွေ Feminist လားမနစ်လားတော့ မသိရပါ။ ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စိတ်ဓာတ်မာကျောဖို့လိုပါတယ်။ အခုအချိန်မှာ ယောကျာ်းဆိုတာ အမြဲတစေ အိမ်ဦးနတ်မဟုတ်တော့ပါဘူး။ အိမ်ဦးနတ်မတွေလည်းရှိနေပါပြီ။ ပိုက်ဆံအတူတူရှာသည်ဖြစ်စေ၊ မရှာသည်ဖြစ်စေ အမျိုးသမီးတွေဟာ one-down မဟုတ်ပါဘူး။ တန်းတူပါပဲ။ ဘုရားဆုပန်ဖို့လောက်ပဲ ယောကျာ်းဖြစ်ဖို့လိုတာပါ။ နောက်ဆုံးဖတ်မိတာကတော့ ဘုရားဆုပန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ဘ၀တွေဟာ မိန်းမဘ၀တွေလည်းဖြစ်နိုင်တယ်လို့သိရပါတယ်။ သုမေဓာဘ၀မှ ဆုံးဖြတ်ထားတာမဟုတ်ဘူးလို့ ဖတ်မိပါတယ်။ ကျန်တာက ဘာမှမလိုပါဘူး။ ဘာမှလည်းမဟုတ်ဘဲ ငါဟဲ့ယောကျာ်းဆိုပြီး အသားလွတ် ဘ၀င်မြင့်နေတာတော့ ရှေးလူကြီးတွေ မြှောက်ပေးခဲ့တာကို အခုထက်ထိ နားယောင်နေတာဖြစ်နိုင်ပါတယ်။ စိတ်ဓာတ်မာကျောတာဟာ ကျား၊မ နဲ့မဆိုင်ပါဘူး။ စိတ်ပျော့တဲ့ သူတွေဟာ အခက်အခဲနဲ့ ကြုံလာတဲ့အခါ ကူညီမယ့်သူကိုရှာပါတယ်။ ကိုယ့်ကိုယ်ကို အားကိုးလို့ရတယ်ဆိုတာကိုမေ့နေပါတယ်။ ကောင်းဘွိုင်တွေကတော့ရှင်းတယ်။ ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်ဆိုပြီး အမေရိကန် အနောက်ပိုင်းကနေ စစ်ကိုင်းအထိကို တစ်ယောက်ထဲကဆုန်စိုင်းသွားပုံရပါတယ်။ သဘောထားမျှတတာကိုသဘောကျပါတယ်။ ကိုယ့်မှာ မာနရှိနေရက်သားနဲ့ တစ်ခြားသူကို မာနရှိရကောင်းလားမလုပ်ပါနဲ့။ ကိုယ်လည်း သုံးဆယ့်တစ်ဘုံသား ၊
သူလည်း သုံးဆယ့်တစ်ပုံသား စပ်ကြားခြင်းမေးမငေါ့ကောင်းပါဘူး။ (စပ်ကြား= နိဗ္ဗာန်မရမီစပ်ကြား)။ သဘောထားမျှတပါစေ။ တကယ်လို့ ကိုယ်ကိုယ့်ကိုယ် ကြီးကျယ်မြင့်မြတ်တယ်ထင်ရင် သေးသိမ်နိမ့်ကျတဲ့သူနဲ့ ရန်ဖြစ်နေစရာမလိုပါဘူး။ ရန်ဖြစ်တယ်ဆိုတာ အဆင့်အတန်းညီတဲ့ သူတွေရဲ့ ကစားနည်းတစ်မျိုးပါ။ သဘောထားမျှတရင် ရန်ဖြစ်တာပဲဖြစ်ဖြစ်၊ စကားများတာပဲဖြစ်ဖြစ် အကောင်းဘက်ကိုရောက်လာနိုင်ပါတယ်။ သူ့ကို ကိုယ်က မလေးစားသရွှေ့ ကိုယ့်ကိုယ်သူက မလေးစားရကောင်းလို့ပြောမနေပါနဲ့။ အလကားပါပဲ။ ခိုင်မာပြီး မျှတတဲ့စိတ်ရှိရင် ရန်သူဟောင်းတောင်မှ မိတ်ဆွေကောင်းဖြစ်လာနိုင်ပါတယ်။ အော် ကောင်းဘွိုင်ဖြစ်ဖို့ပိုခက်လာပြီ ....။ စိတ်ဓာတ်လည်းမမာကျောသလို၊ တယူလည်းသန်တဲ့ ကိုယ့်ကိုယ်ကို ကောင်းဘွိုင်မဖြစ်နိုင်တော့တာ ပိုပြီးသေချာလာပါတယ်။

6. When you made a promise, Keep it.

ဒီနေရာမှာ စာအုပ်ကို ရပ်ပစ်ချင်စိတ်ပေါက်မိပါတယ်။ ကောင်းဘွိုင်တွေဟာ ခင်များတို့သိတဲ့အတိုင်း စာတတ်ပေတတ်ကြီးတွေမဟုတ်ပါဘူး။ တောသူတောင်သားကြီးတွေပါ။ သူတို့က ကတိပေးပြီးရင်တည်တယ်။ ပညာလွန်ရင် ကောက်ကျစ်တယ်ဆိုတာ ဘုရားဟောရှိပါတယ်။ ကျွန်တော်တို့ဟာ ကတိတွေကို စနစ်တကျု ငြင်းပယ်တတ်လာတာဘယ်လောက်ကြာနေပြီလဲတောင်မသိတော့ပါ။ အတတ်နိုင်ဆုံး ကတိပေးရမှာတွေကို ရှောင်လာကြတယ်။ နှုတ်ကတိတွေကို မယုံတော့ စာချုပ်စာတမ်းတွေနဲ့ကတိပေးကြရတယ်။ အဲဒါတွေကို မယုံတော့တဲ့အခါ ပစ္စည်း တစ်ခုခုအပေါင်ထားရတယ်။ အကျယ်ရေးလိုက်မှ မငြိမ်းဖွယ်တွေဖြစ်နေမှာစိုးလို့ အကျဉ်းပဲရေးလိုက်ရတယ်။ ယုံကြည်မှုဆိုတာ ကြေးအကြီးဆုံးလောင်ကစားမှုတစ်ခုပါ။ သစ္စာတရားအပါအ၀င် ပေးထားတဲ့ကတိတွေကို ဖျက်ပြီးတဲ့အခါ လူတွေဟာ မေ့ထားလိုက်ကြပါတယ်။ ဘ၀မှာမေ့ထားဖို့လိုတာတွေများလာတဲ့အခါ ဘ၀ဟာ ထင်သလောက် ပျော်စရာမကောင်းတော့ပါဘူး။ မေ့ထားမှနေသာတဲ့ဘ၀မှာ နေရတာ သိမ်ငယ်ပါတယ်။ ဘ၀မှာရှိခဲ့တဲ့ရက်တွေကို ပြန်လှီးထုတ်ဖယ်ရှားဖို့လိုတယ်လို့ခံစားနေရတာဟာ နာကျင်စရာကောင်းပါတယ်။ ပေးထားတဲ့ကတိတွေကိုဖျက်လိုက်တဲ့အခါ လူတွေဟာ frame of mind နဲ့ကိုက်ညီတဲ့ဇာတ်လမ်းတစ်ခုလိုလာပါတယ်။ နောက်ထပ်လိုအပ်တာက အဲဒီဇာတ်လမ်းထဲမှာ လှပစွာသရုပ်ဆောင်ခြင်း အနုပညာဖြစ်ပါလိမ့်မယ်။ ကတိပျက်ကွက်မှုတွေဟာ သရုပ်ဆောင်ယဉ်ကျေးမှုကိုဖြစ်ထွန်းစေတဲ့ အခြေခံလိုအပ်ချက်တစ်ခုပါ။ ရှေးတုန်းက သစ္စာရေတိုက်ခဲ့ကြတဲ့ခေတ်တစ်ခေတ်ရှိပါသေးတယ်။ pH 7 မဟုတ်တဲ့ သစ္စာရေကိုသောက်လိုက်ရုံနဲ့ သစ္စာစူးစေတတ်တယ်လို့ဆိုပါတယ်။ ဒီကိစ္စက အထောက်အထားမခိုင်လုံတဲ့အတွက် ဘယ်လို စူးတယ်ဆိုတာမသိရပါဘူး။ ဒါပေမယ့် ကတိတစ်ခုပျက်လိုက်တိုင်း ကိုယ့်ကိုယ်ကို ငါဟာ ကတိမတည်တဲ့လူလို့ ခံစားရတာတော်တော်ဆိုးရွားပါတယ်။ အတတ်နိုင်ဆုံး တည်နိုင်မယ်ထင်ရတဲ့ ကတိ အပေါ့စားတွေလောက်ပဲပေးဖို့ကြိုးစားတာ ကောင်းဘွိုင်ဖြစ်ချင်လို့မဟုတ်ရပါဘူး။ ကတိတွေကို ပျင်းရိငြီးငွေ့လွန်းလို့ပါ။

7. Ride For the Brand

ဒီစကားကလည်း ဝေ့လည်ကြောင်ပတ်ပဲ။ ဝေ့လည်ကြောင်ပတ်ဆိုတဲ့စကားလုံးလည်းရေးသာရေးနေတယ်။ ဘာမှန်းသိတာမဟုတ်ဘူး။ ဝေ့လည်ပင်းမှာ ကြောင်တစ်ကောင်ပတ်နေတာလား ဘာလားတွေးမိတယ်။ ကြောင်တွေ လည်ပတ်တဲ့အခါ ဝေ့လည်ဝေ့လည်ဖြစ်လို့လားမသိဘူး။ မသိတဲ့စာဆို ပုံမှန်ဆိုကျော်သွားလေ့ရှိပါတယ်။ အကြမ်းဖျင်းနားလည်တာကတော့ ပိုင်ရှင်ကိုသစ္စာရှိပါတဲ့။ အဲဒီလောက်ဆိုရင် ဖတ်လို့ရပြီဆိုတော့ ဒီလောက်ပဲနားလည်ပြီးဖတ်လိုက်တယ်။ နောက်ခဏကြာတော့ ဘာလို့သစ္စာရှိတာကို ဒီလိုလာသုံးတာလဲဆိုတာကိုသိချင်တော့ ရှာလိုက်တယ်။ ကောင်းဘွိုင်အသုံးအနှုန်းကို ရှင်းပြတဲ့ link တစ်ခုတွေ့တယ်။ ရှေးခေတ်က branding တွေအကြောင်းနဲ့ ကောင်းဘွိုင်ငှားတဲ့အကြောင်းတွေအရ ပိုရှင်းသွားတယ်။ ဆိုလိုတာကလည်း သစ္စာရှိဖို့ပါပဲ။ ကိုယ်ကျောင်းလာတဲ့ နွားအုပ်ကြီးအတွက် ကိုယ်တာဝန်ယူပြီး အလုပ်ရှင်အတွက် တာဝန်ကျေပွန်တာမျိုးပါပဲ။ မျက်ကန်းယုံကြည်မှုဆန်ပေမယ့် ဦးလည်မသုန်လည်းဆန်ပါတယ်။ ဒါကတော့ ဘယ်ထောင့်ကနေကြည့်သလဲဆိုတာအပေါ်မူတည်ပါတယ်။ ဒန်ဘရောင်းထဲက ပရောဖက်ဆာ လန်ဒွန်လို ပိရမစ်ကို ဘက်မှားကြည့်ရင် ဘာမှမမြင်ပဲနေမယ်။ အဆွေခင်ပွန်းဖွဲ့ပြီးနေထိုင်တဲ့အခါ သစ္စာရှိဖို့လိုတယ်။ သစ္စာမရှိနိုင်တော့အခါ သံစုံမြည်တဲ့တီးလုံးတွေ ဆက်မတီးဖို့လိုတယ်။ လောကကြီးဟာ သင့်အတွက် ပက္ကလာမဟုတ်ဘူး။ တိုင်း၍ရက်ထားတဲ့ ပက္ကလာဆိုရင်တောင် အသက်ကြီးလာတဲ့အခါ နည်းနည်း အချိုးမညီတော့ဘူး။ ဒါကိုနားလည်ရမယ်။ အလုပ်ကို တာဝန်ကျေသလို၊ အလုပ်ရှင်ကိုတန်ဖိုးထားသလို စိတ်မျိုးတွေဟာ မိဘနဲ့သားသမီးကြားမှာလိုအပ်သလို၊ ခင်ပွန်းနဲ့ဇနီးကြားမှာလိုအပ်ပါတယ်။ ကိုယ်တန်ဖိုးထားတဲ့သူတစ်ယောက်ကို သစ္စာရှိပါ။ နွားတွေမောင်းလာတဲ့ မက္ကဆီကိုကနေ အမေရိကန် လွင်ပြင်ဒေသအထိကနီးပါသေးတယ်။ ဘ၀ဆိုတဲ့ လမ်းကြမ်းကြီးမှာ မောင်းပေးပါ့မယ်ဆိုပြီး ကတိပေးထားတဲ့ ...တစ်ချို့ဆိုရင် ဘုန်ကြီးကတောင်မမေးရသေးဘူး၊ I do, I do , I do, I do and I do , I do ... ဆိုလို့မနည်းတားရတယ်။ နောက်တတ်တဲ့ဘုန်းကြီးက ဘုရားသခင်တံပိုးတင်တဲ့အရာကို သင်သည် နွားခိုးမရောင်းနဲ့ ဆိုလည်း I do လုပ်ပစ်လိုက်သေးတယ်။(ဒီနေရာမှာ ခရစ်ယာန်တွေရယ်မိတယ်ဆိုရင် ဘုရားသခင်ကောင်းချီးပေးပါစေသောဝ် ... :P)။ အဆွေခင်ပွန်းဖွဲ့တာဖြစ်ဖြစ်၊ လက်ထပ်ထိမ်းမြားတာဖြစ်ဖြစ် .... သစ္စာရှိပါ။ အပြန်အလှန်သစ္စာရှိပါ။ ငယ်တုန်းက အသိ Father တစ်ပါးရွတ်ပြတာကို ပြန်ရွတ်ရရင် ချစ်တာမှာ သစ္စာမရှိရင် မေတ္တာဟာ အလကားပဲ ဆိုလား ...။ ဒါနဲ့ပဲ သူလည်း Father ဖြစ်သွားပုံရပါတယ်။

8. Talk Less And Say More

စဖတ်တော့ ဟမ် ခနဲဖြစ်သွားပါတယ်။ ဒီလူ စာမတတ်ဘဲရေးနေတဲ့ကောင်းဘွိုင်လားထင်ပြီးစာရေးသူအကြောင်းပြန်ဖတ်တော့ Austin Management ရဲ့ owner/partner ဆိုတော့ စာတော့တတ်မယ် ငါမသိတာနေမယ်ဆိုပြီး ပြန်ဖတ်ကြည့်ရပါတယ်။ ကောင်းဘွိုင်တွေက စကားနည်းတယ်။ သေချာပါတယ်။ ကောင်းဘွိုင်မဖြစ်နိုင်တော့တာ ဒီတစ်ခုတည်းနဲ့သေချာသွားပါတယ်။ လူများများနဲ့စကားများများပြောရတာ ၀ါသနာမပါပေမယ့် လူနည်းနည်းနဲ့စကားများများပြောရတာ ၀ါသနာပါပါတယ်။ သိကြားမင်းပါးရိုက်ခံရတယ်ဆိုပါတော့ နားလည်သလို နားကင်းပါလည်သွားမယ် ဆိုတာမျိုးတွေကို ဆွေးနွေးငြင်းခုံတာက စပြီး ဒီနေ့နာရူတို ကာတွန်းထွက်မထွက်အပါအ၀င်၊ မြေကြီးကောက်စားတဲ့ဗြဟ္မာကြီးတွေ Omnivores ဟုတ်မဟုတ်လည်းမကျန်အောင် စကားပြောဖြစ်ပါတယ်။ ကောင်းဘွိုင်တွေက စကားလုံးကျစ်ပါတယ်။ ဆိုပါတော့ တစ်သက်လုံးအလုပ်ကြိုးစားလာတဲ့ကောင်းဘွိုင်ကို သူ့သူဌေးက ချီးကျူးလိုက်တာများရှည်ပါ့။ He's a good hand. ဒါပဲ။ သေအောင်လုပ်။ တစ်ခွန်းပဲ ချီးကျူးခံရမယ်။ သူဌေးက နားလည်တယ်။ စာနာတတ်တယ်။ အလုပ်ကြိုးစားတယ်။ ကောင်းဘွိုင်ကလည်းသူ့သူဌေးကို ခမ်းခမ်းနားနားချီးကျူးတာကိုလည်းကြည့်ဦး။ " That boss ... he sure can cowboy" .. ဒါပဲ တိုတယ်။ပြတ်တယ်။ စကားကို အပိုပြောတာဟာ ကောင်းဘွိုင်အတွက်တော့ ကံကြီးထိုက်သလိုကိစ္စမျိုးဖြစ်တယ်။ ဘာမှပြောစရာမရှိရင် ပါးစပ်ပိတ်ထားပါ ဆိုတဲ့အဆိုအမိန့်ကလည်းရှိသေးတယ်။ ဒါပေမယ့် ကောင်းဘွိုင်ကဗျာတွေအရ သူတို့ဟာ ဘာသာစကားကို ကျစ်လျစ်အောင်ဖွဲ့ဆိုတတ်တဲ့သူတွေလို့တော့ နားလည်ရတယ်တဲ့။ စကားနည်းတော့ အမှားနည်းတယ်ဆိုတာကိုတော့ လက်မခံပါဘူး။ ဆိတ်ဆိတ်နေထောင်တန်ဆိုတာကလည်း လူတကာကို ဆိတ်ချင်နေတဲ့သူတစ်ယောက် ထောင်တန်ရချင်လို့ထွင်ထားတဲ့စကားပုံဖြစ်မှာပါ။ လိုအပ်ရင်ပြောရပါတယ်။ မလိုအပ်ဘဲထထမြည်တဲ့ ပညာယှိကြီးတွေကိုသာ ရယ်ချင်တာ။ မတီးဘဲလည်းမြည်သေးတယ်။ အသံကြတော့ သံမှန်မထွက်တဲ့စည်ကြီးတွေကိုဆိုလိုတယ်။ ကောင်းဘွိုင်မဖြစ်နိုင်တာချင်းအတူတူ ချစ်ခင်တဲ့သူတွေနဲ့စကားများများသာပြောပါ။ စကားပြောတယ်ဆိုတာ အသိအမှတ်ပြုတဲ့သဘောပဲ။ အသိအမှတ်မပြုချင်တဲ့အခါ စကားလည်းပြောမနေတော့ပါဘူး။ လစ်လျူရှုထားကြတာပါပဲ။ လစ်လျူရှုဆိုတဲ့စကားကလည်း လျှာတွေကို ဒုက္ခပေးတဲ့စကားလုံးအမျိုးအစားထဲမှာပါတယ်။ တစ်နေ့မှာ မြန်မာစာအဖွဲ့မှာပါခွင့်ရရင် ဒီစကားလုံးကို ပြင်ဖို့စိတ်ကူးထားတယ်။ နောက်ထပ်တစ်လုံးက ယာ ဆိုတဲ့စကား။ ကြိယာ ယာကိုပြောတာ။ ကွမ်းယာ ယာတယ်ဆိုတဲ့ယာ။ ဘာမှန်းမသိတာ။ ယာသည်။ ဥပမာ ကျွန်ုပ်သည် စကားလုံးများကို ယာသည်။ အဲဒီစာကြောင်းကို သင်ဘယ်လိုနားလည်သလဲ။ ကွန်ုပ်သည် ကြယ်များကို ယာသည်။ ငှက်မနားဘူးသော ပန်းပင်တစ်ပင်ကို ယာသည်။ သင့်အိမ်မက်များကို ယာသည်။ အဆင်ကိုမပြေဘူး။ ကွမ်းယာ ယာဖို့လောက်နဲ့တော့ စကားလုံးတစ်လုံးမလိုဘူးမဟုတ်လား။ နောက်တစ်လုံးရှိသေးတယ်။ ချိုချဉ်တဲ့။ ဘာလဲ ချိုနဲ့ချဉ်နဲ့က နာမ၀ိသေသနတွေပဲမဟုတ်လား။ နာမ၀ိသေသန နှစ်ခုပေါင်းပြီးနာမ်ဖြစ်တာ နောက်တစ်လုံးလောက်ရှာကြည့်စမ်းပါ။ လူနာမည်တွေမပါကြေးလေ။ ချိုချဉ်ကတော့ ခပ်တည်တည်ကြီးနာမ်လာလုပ်နေသလိုခံစားရတယ်။ မြန်မာစာ အဖွဲ့မှာပါရတဲ့နေ့ ဒီစကားလုံးသုံးလုံးကို တစ်ခုခု လုပ်မိမယ်ဆိုတာ အခုကတည်းကသေချာနေတယ်။
ကောင်းဘွိုင်မဖြစ်ချင်ရင် စကားများများပြောဖို့လိုပါတယ်။ စာဖတ်သူအပေါ် ခေါင်းကိုကျော်၍ အမြင့်ခုန်ကစားခြင်းကို Blog ရေးခြင်းဆိုကြပါစို့ ....ဒီကစားပွဲကို ဘယ်တော့မှ မပါဝင်ပါ။ ကိုယ့်အလုပ်ကိုယ်လုပ်ကြတာကောင်းပါတယ်။ ပြောရေးဆိုခွင့်ရှိသူများ ပြောကြပါလေ့စေလေ။

9. Remember that somethings aren't for sale

တစ်ချို့အရာတွေက ရောင်းဖို့မဟုတ်ဘူးဆိုတာသတိရပါတဲ့။
မှတ်မိတဲ့တရားတစ်ပုဒ်ကို ပြောပြချင်ပါတယ်။
(မဟာမြိုင်)ဆရာတော်ကို တပည့်တစ်ယောက်ကမေးတယ်။ အရှင်ဘုရား လိုချင်တုန်းကတော့မရမက ရအောင်ယူခဲ့ပြီး မလိုချင်တော့ရင်ဘယ်လိုလုပ်ရမလဲတဲ့....။ ဆရာတော်က ဖြေတယ်။ သက်မဲ့ဆိုရင်တော့ လွှင့်ပစ်လိုက်ပေါ့။ သက်ရှိဆိုရင်တော့ ဘုန်းကြီးလည်းမဖြေတတ်ဘူးတဲ့။
ဒီတရားကိုကြားတော့ ပြုံးမိပါတယ်။ တစ်ချို့ဟာတွေက ရောင်းဖို့မလွယ်သလို၊ လွှင့်ပစ်ဖို့လည်းမလွယ်ဘူးဆိုတာကိုသတိရလို့ပါ။ ကောင်းဘွိုင်တွေဆိုလိုချင်တာတော့ သူတို့ မိန်းမတွေမဟုတ်လောက်ပါဘူး။ ဘိုးဘွားပိုင်လယ်ယာမြေတွေနဲ့ သူတို့ဘ၀အတွက် အထိမ်းအမှတ်ပစ္စည်းတွေဟာရောင်းဖို့မဟုတ်ဘူးလို့ ဆိုလိုတာဖြစ်မယ်ထင်ပါတယ်။ အခု နောက်ပိုင်း လူတွေက အကျိုးအမြတ်ရရင် ဘာမဆိုရောင်းပါတယ်။ ကျောက်ကပ်တောင် တစ်ခြမ်းစီခွဲရောင်းပါတယ်။ သွေးကိုလည်းရောင်းစားပါတယ်။ ပိုက်ဆံရပြီး ကျန်တာတွေဆုံးရှုံးသွားတဲ့ဘ၀ကို မလိုချင်တဲ့နေရာမှာတော့ ကောင်းဘွိုင်တွေကိုလေးစားပါတယ်။ ကိုယ်တိုင်လည်း ဘ၀ကိုနည်းနည်းစီ ရုံးမှာဖဲ့ရောင်းထားပါတယ်။ တစ်ခါတစ်လေ ကျန်းမာရေးကိုပါရောင်းဖို့ ရုံးကဈေးကောင်းပေးမယ်ဆိုလို့ ခေါင်းညိတ်မိမလိုဖြစ်သွားလို့ သတိထားရပါတယ်။ အလုပ်များများလုပ်ရတဲ့လူဟာ စိတ်မရှည်ပါဘူး။ ဗိုက်ဆာတဲ့သူဟာလည်းစိတ်မရှည်ပါဘူး။ လိုသလောက်ရှိနေရင် ဘာမှထပ်မရောင်းပါနဲ့။ လိုတာမရသေးခင်ရောင်းနေရပေမယ့်၊ ပိုက်ဆံအပြင် စိတ်ချမ်းသာမှုရှိဖို့လည်းလိုပါသေးတယ်။ စိတ်ချမ်းသာမှုကို ပိုက်ဆံနဲ့လဲပြီး ပိုက်ဆံပဲရှိတော့တယ် ဆိုတဲ့ဘ၀မျိုးမှာ သင်နေနိုင်မလား။ နေကြည့်ပြီး အဆင်ပြေတယ်ဆိုရင် ကျွန်တော့်ကိုလည်း အကြောင်းကြားလိုက်ပါ။

10. Know where to draw the line

ဒါကတော့ အားလုံးသိမယ်ထင်တယ်။ အရင်ကစနစ်က လူတွေပြေးနိုင်သမျှပြေးပြီး အလံစိုက်လိုက်ရင် အဲဒီမြေကိုယ်ရတယ်ဆိုတာကို သိမယ်ထင်ပါတယ်။( သိပ်ပေါတဲ့ တော်စတွိုင်းရဲ့ဝတ္တုတိုတွေမှာတောင် တစ်ပုဒ်ထည့်ရေးထားသေးတယ်။ အကျယ်ကြီးရအောင်ပြေးရင်း မောပြီးသေသွားတာလေ။ အဲဒီ စာအုပ်လည်း ၀ယ်မိတာနောင်တ အကြီးကြီးရတယ်။ တော်စတွိုင်းဟာ ရေးသမျှ ဘာသာတရားကိုင်းရှိုင်းပြီး အပြင်မှာကြတော့ မိန်းမကို ရိုက်နှက်လေ့ရှိတဲ့ အာဂသူတော်ကောင်းကြီးဆိုတာ သိရတော့ စိတ်လေသွားပါတယ်။ဒါကလည်းသူ့ကိစ္စပါ။) အခုလည်း ကောင်းဘွိုင်တွေက ဘယ်ရွေ့ဘယ်မျှအထိပဲ ဆိုတာ သိဖို့ ပြောပါတယ်။ ဒီစကားမျိုးကို သခင်ဘသောင်းဆိုလား ပြောဖူးတယ်။ Know Thy Limit. လို့ ဘိုလိုပြောတာပါ။ Know Thy Self ကို မှီးတယ်လို့သိသာပါတယ်။ Know Thy Self ဆိုတာက ဂရိနတ်ကွန်းမှာရေးထားတဲ့စာပါ ....။အဲဒီနတ်ကွန်းနားမှာယောင်လည်လည်လုပ်နေတဲ့ ဆော့ဆော့(ဆော့ခရေတ္တိရဲ့ ငယ်နာမည်)က ငယ်ကတည်းက နတ်ကွန်းက စာကို မှတ်ထားတယ်လို့သိရပါတယ်။ အခုကိစ္စက လိုင်းဆွဲရမယ်ဆိုတာကိုတော့ အားလုံးသဘောကျမှာပါ။ ဆယ်ရက်စာအလုပ်ကို တစ်ရက်တည်းလုပ်နိုင်တယ်ဆိုရင် အကြွားသန်တာမဟုတ်ရင် ရူးနေတာ၊ ဒါမှမဟုတ် ရူးပြီးအကြွားသန်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလို မစားရ၀ခမန်း၊ စားရပိန်ခမန်းတွေမလုပ်ဘဲ ခုန်နိုင်သလောက်ခုန်ပြီး ရောက်နိုင်သလောက်ပစ်ကြည့်ဖို့လိုပါတယ်။
...ကိုယ့် လိုင်းကို အဝေးကြီးမှာဆွဲထားပြီး ရပ်နေရတာ ပိုပင်ပန်းပါတယ်။
ရောက်နိုင်သလောက် သွားလို့ရအောင် တားလိုက်ပါ။
ဒီဘ၀ဟာသိပ်တိုတယ်မလား။
ရေပွက်ထဲမှာ အော်ပရာတစ်ပုဒ်မလုပ်ပါနဲ့တော့ ...
မျက်စောင်းတစ်ချုက်ထိုးကြည့်လိုက်ရုံနဲ့ ကိစ္စပြီးတဲ့ နဂါးက ခွေပြီးပတ်ဖို့ကြိုးစားနေတာနဲ့ အမောဖောက်ပြီးသေသွားတဲ့ ပုံပြင်တွေကြားဖူးမှာပါ။
မသေနိုင်ပါလား ...မသေနိုင်သေးတဲ့ကောင်တွေပါလားလို့ နှလုံးသွင်းမမှားပါနဲ့။
သူတို့လည်းမသေမျိုးမဟုတ်ပါဘူး...။ သေမှာပါ။
သူတို့သေတာမသေတာထက် ပိုအရေးကြီးတာလေးတွေလုပ်ပြီး သူတို့သေတာ စောင့်ကြပါစို့လို့ မဆိုလိုပါဘူး.....။ သေမယ့်သူချင်းအတူတူ ... ထားထားလိုက်ပါ။ ဆန်ဆုံနွား ..ကံကုန်သွားတာပါပဲ ...။
ကျွန်တော်အနေနဲ့ ဒီဆယ်ချက်ကိုသိပြီး .. ကျွန်တော့် လိုင်းကိုဒီနေရာမှာ ဆြွဲုပီး ရပ်တန့်လိုက်ပါတယ် .....။
================================================================

ခင်မင်စွာဖြင့်
Zephyr (ကောင်းဘွိုင်မဖြစ်နိုင်တော့သော Zephyr ဟု ပြင်ဆင်ဖတ်ရှုပါရန် ...)
Notes; Dedicated to my mom and Hkai. May God Bless Both Of You ...

လက်ရှိလေ့လာတွေ့ရှိချက်များအရ
ကျန်းမာရေး အတွက်တင်ထားတဲ့ Health Corner က စာဖတ်သူအနည်းဆုံးဆုကို ကဗျာ Blogs များကို ဖြတ်ကျော်ပြီးရရှိသွားပါတယ်။ ကျန်းမာရေး ဟာ ဈေးကြီးပေးဝယ်ဖို့လောက်သာ စိတ်ဝင်စားစရာကောင်းတယ်လို့ မှတ်ချက်ချမိပါတယ်။ အခုလည်း အဲဒီ ဘလွောခ်ကို promotion လုပ်နေပါတယ်။ မမ လှလှတွေ ထထက နိုင်အောင် နည်းနည်း ၀ိတ်လျော့ဖို့လိုပါမယ်။ အဲဒီအတွက် ၀ိတ်လျှော့ဖို့ လေ့ကျင့်ခန်းတွေတင်သွားပါမယ်။ စ မိဖို့နဲ့ စွဲမြဲဖို့လိုတယ် ဆိုတာလေးကို ပြန်ပြီး နှလုံးသွင်းရင်း HEALTH CORNER ကို ပိုပြီး Update ဖြစ်အောင် ကြိုးစားလိုက်ပါဦးမယ်



Peace B with U.