Monday, July 28, 2014

လမ်းတွေလျှောက်နေတယ်။

လမ်းတွေလျှောက်နေတယ်။

လမ်းတွေလျှောက်ရင်း လမ်းတွေလည်းပျောက်တယ်။ ပျောက်တဲ့လမ်းတွေထဲဆက်လျှောက်ရင်း ဆူးနင်းမိတာတွေလည်းရှိတာပေါ့။ သရက်ခြံ ကျယ်ကျယ်ပြုပြုဝယ်ပြီး ရော့ထ်ဝိုင်လာ သုံးလေးကောင်းနဲ့သွားနေဖို့ စဉ်းစားနေပြီ။ လမ်းဝေးဝေးလံလံလျှောက်ဖို့လိုလာပြီ။ ၁၂ ပေပတ်လည် အခန်းထဲကနေ အပြင်မှာပူလို့ ထွက်ဖို့ ပျင်းလာတာ လူသားမဆန်တော့ဘူး။ ထိုင်ခုံမှာ ကြမ်းပိုးတစ်ကောင်လိုထိုင်နေတာဟာ လူ့ဘဝအနှစ်သာရပျောက်ဆုံးခြင်းရဲ့ အစပဲ။

မနေ့က ၂၁ ကြိမ်မြောက်သွေးလှူရင်း ရှင်သန်ခွင့်ရသွားမယ့် လူ ၆၃ ယောက်အကြောင်း တွေးတယ်။ plasma လှူရင်ကောင်းမလားတွေးတယ်။ ပထမဆုံး လှူခဲ့တဲ့ ကျောင်းသားဘဝက သွေးလှူပွဲလေးအကြောင်းတွေးတယ်။ ဘာလိုလိုနဲ့  ၁၂ နှစ်ရှိသွားပြီ။ မနေ့တစ်နေ့ကလိုပဲ။ MRTV 4 ကနေ သွေးလှူပွဲအကြောင်းမေးတော့ ငဖြိုးရဲ့လက်ရှည်အင်္ကျီငှားဝတ်ပြီး ပြောခဲ့တာ မနေ့တစ်နေ့ကလိုပဲ။ ပျော်ရွှင်စရာကောင်းတဲ့ကျောင်းကားဟာ ၂၀၀၅ မှာရပ်သွားခဲ့တာ မနေ့တစ်နေ့ကလိုပဲ။

လေထဲမြှောက်တင်လိုက်ပြီး ရိုက်ဖို့ပျက်ကွက်ခဲ့တဲ့ ကြက်တောင်တစ်ခုလိုပါပဲ၊ အခွင့်အရေး၊ တာဝန်နဲ့သိတတ်မှုတွေ လေထဲကနေ အောက်ကို ပြုတ်ပြုတ်ကျတယ်။ သိပ်ကို ငြီးငွေ့ပျင်းရိသွားတဲ့ အောင်မြင်ချင်စိတ် နှစ်ဆယ့်ငါးကျပ်သားကို နောက်ဆုံးအကြိမ်တွေ့ခဲ့တာတောင် နှစ်ပေါင်းမနည်းတော့ဘူး။

တိတ်ဆိတ်ခြင်းဟာ အဆူညံဆုံးသော အသံ။

ဆရာတော်ကတော့ အနုလောမဉာဏ်က တံတားထိုးပြီးရင် ငြီးငွေ့တဲ့ ကိစ္စတွေ လစ်သွားလိမ့်မယ်ပြောတယ်။ ဒီဘက်ကမ်းကြီး သိပ်ပျင်းစရာကောင်းလာပြီ။ ဒီဘက်ကမ်းကြီး သိပ်ပျက်စီးနေပြီ။ ဒီဘက်ကမ်းကြီး သိပ်ရွံစရာကောင်းသွားပြီ။ တံတားတည်ဆောက်ရေး စီမံကိန်း ကြာလွန်းနေပြီ။ ကြာလွန်းနေပြီ။ ကြာလွန်းနေပြီ။ ကြာလွန်းနေပြီ။ ကြာလွန်းနေပြီ။

လမ်းတစ်လျှောက်ပွင့်နေတဲ့ပန်းပွင့်တွေအားလုံး အဝါရောင်။ တိမ်တွေမော့ကြည့်လည်း အဝါ။ အဝါရောင်တွေ သိပ်စေးပျစ်လာရင် ချော်ရည်တွေလိုလိုဖြစ်သွားတယ်။ bipolar အစွန်းနှစ်ဖက်ဆီ ဟိုပြေးတက် ဒီပြေးဆင်း၊ sisyphus စိတ်ရဲ့ဖြစ်စဉ်။ မနိုင်မနင်းတွန်းတင်မိတဲ့ လွမ်းဆွတ်ခြင်းကျောက်တုံး။ ဒါတွေကို လွှင့်ပစ်ပြီး လွတ်လပ်မှုဆီ ရဲရဲ လျှောက်သွားနိုင်သေးတယ်။

Aunty Acid ကတော့ အတိတ်ကို ချိတ်ပိတ်ပြီးရင် တူနဲ့သံတွေရှာပြီး အင်မတန်သေချာအောင် ရိုက်ပိတ်ပစ်ဖို့ပြောတယ်။ မှန်တာပေါ့။


မြင့်မိုရ်ဖုန်းဆက်တော့ မြရွက်ညိုကဖုန်းမကိုင်ဘူးဆိုတဲ့ရှေ့ပိုင်းစာရွက်လေးမှာတင် ကံကြမ္မာကို မယုံကြည်ကြသူများစာအုပ်ကို နောက်တစ်ခေါက်လွှင့်ပစ်မိသေးတယ်။ အင်မတန် ရူးတဲ့လူတွေ။

အဝေးမှုန်ရာကနေ အနီးမှုန်လာတယ်။ စာတွေပေတွေအရတော့ (၁၀ နှစ်စီပိုင်းခြားတဲ့နည်းအရ) အင်အားပြည့်ဖြိုးတဲ့ စတုတ္ထဆယ်နှစ်ပိုင်းရောက်ပြီ။ ရှေ့ဆယ်နှစ်မှာ ဉာဏ်ပညာအားကောင်းတဲ့အရွယ်ရောက်မယ်။ ပြီးရင်တော့ အိုသေပဲ။ အချိန် ၁၈ နှစ်ကျန်တာ ဘာလုပ်ရင်ကောင်းမလဲ။ အဝေးမှုန်ရင်းအနီးမှုန်လာတယ်။ မြင်ချင်ရာမြင်ပြီး၊ ကန်းချင်ရာကန်းတယ်။ ကိုယ်မှန်တယ်ထင်တာနဲ့ လုံခြုံတဲ့ အဝန်းအဝိုင်းကိုကန့်သတ်တယ်။ ကိုယ်ထင်တယ်ဆိုတဲ့အမှန်တရားနဲ့ ကိုယ့်ကမ္ဘာကိုတည်ဆောက်တယ်။

ကြိုးတန်းပေါ်လမ်းလျှောက်တယ်။ ဝါးလုံးလေးတစ်လုံးကိုင်ထားရင် ကြိုးတန်းဟာ တစ်ချို့သူတွေအတွက်တော့ ကျယ်ကျယ်ပြုပြု လမ်းမကြီး။ ကြောက်စိတ်ကိုဖယ်ထုတ်လိုက်ရင် ရင်ခုန်စရာရှင်သန်ခြင်းတွေ ကုန်သွားလိမ့်မယ်။ Dwayne သရုပ်ဆောင်တဲ့ ဟာကျူလီကားသွားကြည့်ပြီး အရာရာကို ရယ်ပစ်လိုက်တယ်။ ကြိုတင်သတ်မှတ်ပြီးသား ကံကြမ္မာတွေနဲ့ f**** centaur ၊ မီးလောင်နေတဲ့လှံတံနဲ့ ကြီးမြတ်သော အတုအယောင်များ အားလုံး။

လမ်းတွေလျှောက်နေတယ်။ လမ်းတွေလျှောက်ရင်း မိုးတွေရွာလာရုံနဲ့ ခြေလှမ်းတွေ ရပ်လိုက်လို့မဖြစ်သေးဘူး။ မိုးရေတွေပိုအေးလာရင် လူဟာ စိတ်လုံခြုံလာတာပါပဲ။ မိုးထဲရေထဲ ရှင်သန်ရဲခဲ့တဲ့ ပရိုင်းမိတ်ဘဝကို ပြန်လွမ်းသွားတာပဲ။ ဆူးတွေပေါ် နင်းလျှောက်လို့ရခဲ့တဲ့မာကျောတဲ့ ခြေထောက်က အသားမာတွေကို ပြန်သတိရသွားတာပါပဲ။ ဘဝပေါင်းများစွာက အတွေ့အကြုံဟာ မှတ်သိစိတ်ထဲ တစ်ဖျတ်ဖျတ် ဆက်တိုက်ပေါ်နေရင် လူဟာ ငြီးငွေ့သွားတာပဲ။ လမ်းတွေလျှောက်ရင်း လူဟာ ငြီးငွေ့သွားတာပဲ။ နေဟမိမှတ်စာလို ငြီးငွေ့သွားတာပဲ။ ထံတျာတေရှင်လို ငြီးငွေ့သွားတာပဲ။

လမ်းတွေလျှောက်ရင်း သိပ်ငြီးငွေ့လာတဲ့အခါ လမ်းလျှောက်တာကိုနားမလား၊ တံတားရဲ့တစ်ဖက်ကိုကူးမလား၊ တိုက်ခန်းရဲ့ ဝရံတာပေါ်တက်ရပ်ရမလား။ ဒီဘဝကို ဒီလိုဆုံးလိုက်ရင် ဟိုဘက်မှာ ပြန်နေရဦးမယ်ဆိုရင် ဒီလိုပဲထပ်ဖြစ်နေရင်ခက်မယ်။

သေချာခြင်းတွေဘက်က အလေးသာတာလည်းရှိမယ်။ ကံကြမ္မာဘက်ကအလေးသာတာလည်းရှိမယ်။ ပျင်းရိငြီးငွေ့လွန်းလာတဲ့အခါ လူဟာ အပျင်းပြေကစားနည်းတစ်ခုအဖြစ် ကိုယ့်သွေးကိုယ်ဖောက်ထုတ်မိတာလည်းရှိမယ်။ ခရမ်းရောင်ပုရပိုဒ်လေးတစ်ခုနဲ့ အမှတ်တရဖြစ်ခြင်းတွေသိမ်းဆည်းပြီး ဒီဘက်ကမ်းတစ်ခုလုံးကို ပြာကျအောင်မီးရှို့ရင်လည်းရှို့မိလိမ့်မယ်။ ခယံပတ္တာ၊ ဝယံပတ္တာ .......။ လောင်ကျွမ်းကုန်ပြီ။ မရှိတော့ဘူး။ ..... လမ်းလျှောက်ရင်း ပြာတွေလွင့်နေတယ်။ တံတားဆောက်ခြင်း ပြီးမြောက်တဲ့ စက္ကန့်မှာ ဟိုဘက်ကမ်းကို ပြေးထွက်ဖို့ ... အရာရာဟာ အဆင်သင့်ဖြစ်နေပြီ .......။                            ။

Regards,
Z



Peace B with U.

Sunday, July 27, 2014

လောကကြီးသို့။

လောကကြီးသို့။


နေသာသော တစ်နေ့ ကျွနု်ပ်သည် မပြီးပြတ်သေးသော စာအုပ်စာရင်းများ လုပ်ရာမှ  ဒိဗ္ဗစက္ကုဖြင့် မီးဖိုချောင်သို့ရှုရာ မည်သည့်အရာကိုမှမတွေ့ရပေ။ ထို့ကြောင့် ဘုရားလောင်းထုံးနှလုံးမူကာ ထိုင်နေရာမှ ထ၍ မီးဖိုချောင်သို့သွားကြည့်ရာ ကြေးအိုးချက်ပြုတ်နေသော ဇနီးသည်ကိုမြင်ရလေသည်။ ကြေးအိုးဆိုသည်မှာ ကြေးအိုးဖြင့်သာ တည်ရသည်ဟု အထင်ရှိသော ကျွနု်ပ်ကဲ့သို့မျန်မာပညာယှိအဖို့ စတီးအိုးသာရှိသော ကျွနု်ပ်တို့၏ မီးဖိုချောင်တွင် ကြေးအိုးချက်နေသည်ဆိုသည့် သတင်းမှာ လူထွက်သွားသော ဆရာတော်သတင်းပမာ အဆန်းတကြယ်ရှိလှသည်။

ဘာကူရမလဲဟု ယဉ်ကျေးမှုအရမေးမြန်းသည်ကို လူကဲခတ်ညံ့ပုံရသော ဇနီးသည်က ငုံးဥများကို လက်ညှိုးညွှန်ပြလေသည်။ လက်ညှိုးညွှန်ရာ ငုံးဥဖြစ်သောသူပါပေ။

ငုံးများသည် ဘာကြောင့် အခွံပါ ထည့်ဥပါလိမ့်ဟု စဉ်းစားနေရင်း အခွံခွာနေသော အနှီလုလင်သည် ခွာပြီးသော ငုံးဥများ၏ အရသာကို မြည်းစမ်းနေလေရာ၊ သမင်မွေးရင်း ကျားစားရင်း ဥပမာကို performance လုပ်နေသည့်ပမာဖြစ်လေသည်။

ရေဆယ်လီတာနှင့်ပြုတ်စရာအိုးမရှိသည့်အခါ ငါးလီတာဆန့်အိုးနှစ်လုံးဖြင့်ပြုတ်လေသည်။ ငယ်စဉ်က သင်္ချာသင်ဖူးသော်လည်း ကျွနု်ပ်အဖို့ ထိုသို့ တင်္ခနုပ္ဗတ္တိဉာဏ်သည် မသုံးသည်မှာ ကြာချေပြီ။ နောက်ဆုံးတစ်ခေါက်သုံးခဲ့သည်မှာ မှတ်မှတ်ရရ လွန်ခဲ့သည့် လေးနှစ်နှင့် သုံးရက်ကဖြစ်သည်။ ထိုစဉ်က ရည်းစားကို လက်ဆောင်ဝယ်ပေးစရာ ပိုက်ဆံမရှိ၍ ရည်းစားဆီမှ ပိုက်ဆံချေးကာ နာရီတစ်လုံးဝယ်ပေးခဲ့သည်။ iwatch နာရီ အသေးလေးဖြစ်သည်။ ထိုအကြိမ်သည် နောက်ဆုံးအကြိမ် ဦးနှောက်ကို အသုံးပြုခဲ့ခြင်းလည်းဖြစ်သည်။ ထိုအကြွေးလည်း ယခုအထိ ဆပ်ခြင်း ပြုခြင်းမပြုလုပ်ပေ။

ဝက်များသည် သနားစရာအလွန်ကောင်းသော သတ္တဝါများဖြစ်ပါသည်။ အနှီဝက်၏ ဒူးဆစ်ရိုးသည် ချိုသည်ဟုအဆိုရှိရာ ကြေးအိုးချက်လျှင် လေးရိုးလိုသည်ဟု မျက်နှာဘုတ်အုတ်မှာ ရှဲထားသော ချက်ညွှန်းအရသိရလေသည်။ YKKO တွင် အကြိမ်ပေါင်းမြောက်များစွာ စားခဲ့သော်လည်း အချိုမှုန့်ထည့်ထားသော ကြာဆံပြုတ်၏ အရသာဟုသာ ကျွနု်ပ်ကထင်သည်။ မင်္ဂလာဆောင်တုန်းကလည်း Sedona တွင် စားရမဲ့မဲ့သောက်ရမဲ့မဲ့ဖြစ်နေစဉ် ချစ်သူငယ်ချင်းကြီးက ကားနဲ့ပြန်လာခေါ်ပြီး ညစာအတူသွားစားတော့လည်း YKKO တွင်ပင်ဖြစ်သည်။ ထုံးစံအတိုင်း ဝက်ဦးနှောက်များကို ကျွနု်ပ်စားလေသည်။ အင်မတန်ဉာဏ်နည်းသွားခြင်းမှာ ဝက်ဦးနှောက်အစားလွန်သွားသောကြောင့်ဖြစ်သည်ဟု အခုမှ တရေးရေးပေါ်လာသည်။

ငုံးဥနွှာခြင်းသည် ကျွန်ုပ်၏ comtemplation ဖြစ်စဉ်ကို အားပေးလေသည်။ အနှီဝေါဟာရကိုပင် ဒေါက်တာနန္ဒမာလာက အနုပဿနာဟု ဖွင့်သည်။ ခန္ဓာ၏ ဖြစ်ပျက်အစဉ်ကို ဆင်ခြင်ထိုးထွင်းမှု အနုပဿနာနှင့်ပေါင်းမှ အားကောင်းသော ဝိပဿနာဖြစ်သည်ဟုဆိုသည်။ ငုံးဥနွှာခြင်းနှင့် ဆက်စပ်မှုမရှိသော်လည်း ကျွန်ုပ်သည် တွေးတောဆင်ခြင်လေသည်။ လူသည် ဗိုက်ပြည့်နေလျှင် အလွန်တွေးပါသည်။


ဝက်အသည်းကို လေးမိနစ်ခန့်ပြုတ်ပါဟူသော အညွှန်းကို ကျွနု်ပ်နားမလည်နိုင်ပါ။ မီးဖိုများ၏ မီးအားနှင့် ထည့်ထားသော ရေ၏ ပမာဏကို မပြောပြလျှင် ကျွနု်ပ်မည်သို့မှ ခန့်မှန်းနိုင်မည်မဟုတ်ပါ။ အင်ဂျင်နီယာ ပထမနှစ်ကျောင်းသားဘဝက အခြေခံဓာတုဗေဒကို ကျင်လည်သည့်တိုင် ဝက်အသည်းပြုတ်ခြင်းကို မည်သို့မျှ နားမလည်နိုင်ပါ။ ဝက်အသည်းပြုတ်ရန် ရေနွေးထဲ ဆားထည့်ပါက အယ်ကာလီဖြစ်သွားသလား။ သွေးဟာ ရေနွေးပူနဲ့ထိရင် ဘာဖြစ်သွားသလဲ၊ အသည်းကနေထွက်လာတဲ့ အမျှင်တွေကိုရော ဘာလုပ်ပစ်ရမလဲ၊ လတ်ဆတ်တဲ့ အသည်းက သွေးက လေးမိနစ်နဲ့ တိတ်ပါ့မလား။ အသည်းကွဲတဲ့သူတွေတောင် လေးငါးနှစ် ပြုတ်မနူးတာ၊ ဝက်အသည်းက မကွဲလို့ လေးမိနစ်နဲ့ကျက်တာလား။ ကျွနု်ပ်တွေးသည်။ ကျွနု်ပ်ထက် လက်တွေ့ကျသော ဇနီးသည်ကမူ ဝက်နှလုံးလည်း နှစ်ကျပ်၊ ဝက်အသည်းလည်းနှစ်ကျပ်၊ နှစ်နှစ်လီ လေး။ လေးမိနစ်သည်သင့်သည်ဟုဆိုသည်။ လိုအပ်လျှင် ပြီးမှထပ်ပြုတ်မည်ဟုဆိုသည်။ ဘုရားလောင်းများထုံး နှလုံးမူထားသော အကျွနု်ပ်သည် မည်သည့်အခါမှ ဇနီးသည်နှင့် ဖက်ပြိုင်ငြင်းလေ့မရှိပါ။

ပုံမှန်အားဖြင့် ဝက်အူထည့်ကြသော်လည်း ကြေးအိုးထဲမှ ဝက်အူသည် စားစရာထဲမှ ဆံချည်မျှင်လိုပင် ဖယ်ထားရသောအရာဟုသာ ကျွနု်ပ်ယူဆသည်။ ထို့ကြောင့်  ဝက်အူ၏ အခန်းကဏ္ဍကို လွှတ်တော်မတင်ဘဲ ပယ်ချပစ်လိုက်သည်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမည်ဟု ကျွနု်ပ်က ယူဆသည်။ သူကလည်း လက်ခံသည်။ ထို့ကြောင့် ဝက်အူသည် ကြေးအိုးဖွဲ့စည်းပုံတွင် ပါဝင်ခွင့်မရရှာတော့။

ငါးဖယ်ကိုလည်း ဗီတိုအာဏာဖြင့် ရွှေမန်းပယ်ပယ်လိုက်သည်။ တမတ်သား fishball ဖြင့်အစားထိုးလိုက်သည်။ အရိုးကို နှစ်နာရီပြုတ်ဆိုသည့်အတိုင်းပြုတ်သည်။ နှစ်နာရီဆို နှစ်နာရီအတိမှကောင်းမည်ဟု ကျွနု်ပ်ထင်သည်။ ထို့ကြောင့် siri set timer two hours ဟု ဆိုလေရာ ဇနီးသည် ရွှေစိတ်တော်ညိုလေသည်။ ကျွနု်ပ်သည် ကူညီသော်လည်း သူကတော့ နောက်သည်သာထင်သည်။ ငယ်တုန်းက လူပေါင်းမှားကာ နောက်ပြောင်ခဲ့၍ဖြစ်လိမ့်မည်။ 

မုန်ညင်းအမျိုးပေါင်း များစွာရှိသော်လည်း မြန်မာအညွှန်းအရ မုန်ညင်းရွက်ဆိုလျှင် ကြုံရာသာထည့်ချက်လိုက်သည်။ မီးဖိုချောင်သို့ ယူလာသော bluetooth speaker လေးမှ ဖိုးချိုသီချင်းလာနေသည်။ စိတ်ရောဂါအမျိုးပေါင်းများစွာရှိသော်လည်း ချစ်သူရဲ့ ဖိနပ်ကလေးဖြစ်ချင်သော ဖိုးချို၏ရောဂါကိုတော့ မည်သူမှ မီနိုင်မည်မထင်။ ဖိနပ်ဖြစ်နေတုန်း ဟိုသင်းတွေနင်းမိရင် ဒွတ်ခ။ထိုသို့ တွေးမိရင်း စားလက်စ ငုံးဥပင်ထွေးထုတ်မိမလိုဖြစ်သွားသည်။

ဝက်သားကို နုပ်နုပ်စင်းပါဟု အညွှန်းကဆိုလျှက် အကွက်ကျော်မြင်သော ဇနီးသည်မှ minced meat ဝယ်လာခဲ့လေသည်။ minced meat ၏ အားနည်းချက်မှာ အဆီအနည်းငယ် ထည့်ကြိတ်ထားခြင်းဖြစ်သည်။ tenderloin ကိုကြိတ်ခိုင်းလျှင် အလွန်နူးညံ့သော အသားကိုရသည်ကို သိသော်လည်း အပျင်းထူသည့်အခါ ကြိတ်ပြီးသား minced meat ကိုသာ ဈေးပေါပေါနှင့်ဝယ်ကြသည်။ ဝက်သားဆိုလျှင် ဝက်သားပေါ့၊ british cut တွေ၊ american cut တွေလုပ်မနေနဲ့ဟု ဆိုသည်။ ကျွနု်ပ်လည်း သည်းခံရသည်။ ဘုရားလောင်းတို့ဖြည့်အပ်သော ခန္တီပါရမီဆိုသည်ကို ဘုရားလောင်းတို့သည် သူတို့၏ ဇနီးသည်များထံတွင် ဖြည့်ဆည်းခဲ့ခြင်း ဖြစ်ဟန်တူသည်။

ကော်မှုန့်ဟု မြန်မာလိုခေါ်သည်မှာ အလွန်မဆီလျော်သောအခ်ါအဝေါ် ဖြစ်ပါသည်။ ကျွနု်ပ်ကိုသာဈေးသို့လွှတ်လိုက်ပါက ကော်မှုန့်ဝယ်ရလျှင် glue powder ဟုဝယ်ခဲ့မိနိုင်သည်။ မြန်မာလူမျိုးတို့သည် ချက်စရာပြုတ်စရာများကို အမည်မှည့်ရာတွင် အင်မတန်ရှော်သည်ဟုထင်သည်။ ငန်ပြာရည်ဆိုလျှင် တစ်မျိုးတည်း။ ပဲငန်ငံပြာရည်ဆိုလျှင် အကြည်နှင့်အနောက်သာရှိသည်။ အစေးအပျစ်ကိစ္စလည်း သိပုံမရ။ soya sauce အမျိုး ၁၀၀ လောက်ကိုလည်း ဘယ်လိုနာမည်ပေးမှန်းပင်မမှတ်မိတော့။ oyster sauce အမျိုးငါးဆယ်လောက်ကိုလည်း ခရုဆီတစ်ခုမျိုးတည်းအောက်ထည့်ထားသည်။ မဆလာတွင် ဘာပါမှန်းသိသူပင် အနည်းငယ်မျှသာရှိသည်ဟုထင်ရသည်။ ငရုပ်ကောင်းကိုလည်း အဖြူနှင့်အနက်ဘာကွာသလဲမဆင်ခြင်ကြပါ။ grinder mill နှင့်ဖြူးသည်နှင့် အမှုန့်ပက်သည်ကွာသည်ကိုလည်း မစေ့ငှကြတော့ပါ။ နှမ်းဆီဆိုလျှင်လည်း သန့်စင်မှုအမျိုးမျိုးရှိနိုင်သည်။ သို့သော်လည်း မြန်မာ့ဟင်းချက်ဝေါဟာရစုသည် ကျွနု်ပ်ကဲ့သို့ တိတိကျကျသိချင်သူအဖို့ မပြည့်စုံပါ။ ညီလာခံတွင် စဉ်းစားဆဲ ဥပဒေများလို အကြမ်းဖျဉ်းဆန်လွန်းပါသည်။ sauce ဆိုလျှင် အမျိုး တစ်ရာမကရှိပါသည်။ ခရမ်းချဉ်သီး ဆော့စ်တွင်ပင် အမျိုး သုံးဆယ်လောက်ရှိပါသည်။ မြန်မာများသည် ဟင်းကို လုံးထွေးချက်သော လူမျိုးသာဖြစ်သည်ဟု ကျွနု်ပ်ထင်သည်။ ဆီ၏ အပူရှိန်နှင့် ဒယ်အိုး၏အထူကို လစ်လျူရှုသော ဟင်းချက်သမားများသာဖြစ်သည်ဟု ကျွနု်ပ်ကောက်ချက်ဆွဲသည်။ ကြက်ဥကို whisk နှင့်မွှေသည်ကို အပိုလုပ်သည်ထင်သောသူများကို ကျွနု်ပ်နည်းနည်းမျှ နားမလည်နိုင်တော့ပါ။


ဟူဆိုင်ဆိုလား ကျူချိုင်ဆိုလား အဲဒီဟာကိုတော့ ဘာမှန်းမသိ၍ မထည့်ပါ။ ကြက်သွန်မိတ်ကိုခေါ်သည်လားမသေချာ၍ ဂူးဂယ်သော် ကြက်သွန်မိတ်လည်းဟုတ်ဟန်မတူပါ။ တချုံးဟု တရုတ်မကအသံထွက်လေရာ ဟူဆိုင်နှင့်ရော၊ ကျူချိုင်နှင့်ပါ အတော်ဝေးသည်ဟုထင်ပါသည်။ အသီးအရွက် အလွန်ပေါသော စင်ကာပူတွင် ဟူဆိုင်လည်းရှိပါလိမ့်မည်။ သို့သော်မရှာတော့ပါ။ ကိုယ့်စားမယ့်ကြေးအိုးသည် ကိုယ့်စီမံမှုအောက်တွင်သာရှိရမည်။ သတ်မှတ်ချက်ဆိုသည်မှာ အများညီညွတ်နေသော အယူမှားတစ်စုံတစ်ခုသာဖြစ်မည်ဟု ကျွနု်ပ်သုံးသပ်ပစ်လိုက်သည်။

ဆန်ကြာဆံကိုတော့ ကျွန်တော်သိပါသည်။ သိရသည့်အကြောင်းအရင်းမှာ အဖေ့သူငယ်ချင်း မြောင်းမြစားလောက်ဖျား၏အနွယ်ဝင်တစ်ဦးက မြောင်းမြတွင် ကြာဆံစက်ရုံထောင်ထားပါသည်။ ကြာဆံမရွေးလည်းလုပ်ပါသည်။ သူ့စက်ရုံသို့လည်း ကျွနု်ပ်ရောက်ဖူးပါသည်။ ဆန်ကြာဆံကို ရေအေးနှင့်စိမ်သည်နှင့် ရေနွေးနှင့်ပြုတ်သည်မှာ ကွာခြားကြောင်း ကျွနု်ပ်ခံစားသိဖြင့် နားလည်ပါသည်။ တပါးသူ ဟင်းချက်နေချိန်တွင် ဆရာလုပ်ခြင်းသည် အင်မတန်ရိုင်းပြသော အမူအကျင့်ဖြစ်ကြောင်း ကောင်းကောင်းကြီးသိသော ကြီးမြတ်သော အိမ်ထောင် အူဇီ ပီပီ ကျွနု်ပ်အသာလေးအကဲခတ်ပါသည်။ ရတ်တတွီး ကြွက်ပမာ အနံ့ဖြင့် အပေါ့အငန်ကို အာရုံခံကြည့်ပါသည်။ နတ်များသာဆိုလျှင် အလွန်ဗိုက်ပြည့်သွားမည်ထင်ပါသည်။ နေရာတကာ ခရုဆီထည့်လိုသော ဟင်းချက်သူတစ်ယောက်မဟုတ်သောကြောင့် ဇနီးသည်ကို ခုနစ်ဆယ့်ငါးမှတ်ပေးပစ်လိုက်သည်။ ခရုဆီ၏ ရနံ့သည် ကြေးအိုး၏ ရိုးစင်းမှုကို ဖျက်သည်ဟု ကျွနု်ပ်ထင်သည်။ ဟင်းမချက်တတ်သူများသာ သုံးသော အချိုမှုန့်ဆိုသည်ကိုလည်း သကြားမရှိသောအိမ်များတွင်သာ သုံးသင့်သည်။

ပဲပြားနှစ်တုံးကိုတော့ ၁ ကျပ် ပြား ၂၀ သာပေးရသည်။ အင်မတန်လတ်ဆတ်သော ပဲပြားတုံးကြီးများဖြစ်လေရာ စားကောင်းမည်ဟု ယုံကြည်သည်။ ပဲပင်ပေါက်နှင့်ပဲပြားကို ဆီမပါဘဲ ရေနှင့် ခရုဆီ စဉ်းငယ်ထည့်ကြော်သော အကြော်ကို ကျွနု်ပ်အင်မတန်နှစ်သက်သည်။ ကြေးအိုးတွင်တော့ ပဲပင်ပေါက်မထည့်ကြ၍ အနည်းငယ်ဝမ်းနည်းစရာကောင်းသွားသေးသည်။ ဝက်ဒူးဆစ်ရိုး၏ အချိုဓာတ်သည် အချိုမှုန့်များကပင် အဖိုးခေါ်ရလောက်အောင်ချိုလေသည်တကား။

သို့နှင့် အဆင့်သင့်ဖြစ်သော် ဇနီးသည်ပြင်ဆင်ပေးသည့် ကြေးအိုးကို ကာဖီရည်ကြဲလေးသောက်ရင်း၊ Toothless ပါဝင်သော  Rise of Berk ဆော့ရင်း ခေတ္တစောင့်ဆိုင်းလေသည်။ ငါးမိနစ်ခန့်ကြာသော် ငြုပ်ကောင်းရနံ့သင်းသင်းမွှေးမွှေး၊ နှမ်းဆီစစ်စစ်၏ မွှေးမြမှုဖြင့် လတ်ဆတ်ချိုမြသော ကြေးအိုးသောက်ရင်း၊ ဇနီးသည်ဆိုင်ဖွင့်လျှင် YKKO အရင်းပြုတ်သွားနိုင်သည်ဟု ချီးမြှောက်ပြောဆိုလေသည်။ အိမ်ရှိလူကုန် ကျွေးလိုက်သည်။ ကုသိုလ်လည်းရ ဝမ်းလည်းဝဖြစ်သွားသည်။ ယမန်နေ့က ဥပုသ်နေ့ဖြစ်ရာ၊ ဥပုသ်စောင့်ရင်း ဗိုက်ချောင်နေသူတို့အဖို့ အင်မတန် အဆင်သင့်သော စားဖွယ်ကောင်းဖြစ်ချေတော့သည်။

ကျွနု်ပ်သည် မိန်းမရပြီးနောက် ကံမကောင်းအကြောင်းမလှသူများပမာ ညှိုးငယ်စွာနေရသူများကို စာနာကရုဏာသက်စွာဤစာကို ရေးလိုက်ခြင်းမဟုတ်ပါ။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားခြင်းဖြင့် လိုအပ်သော အဟာရကို ရစိမ့်ငှာသာ ရေးလိုက်ခြင်းဖြစ်ပေသည်။ ကိုယ်စားသောအစာ ကိုယ်တိုင်ချက်ပြုတ်ခြင်းသည် မင်္ဂလာတရားတော်ထဲတွင် မပါဝင်သည့်တိုင် အင်မတန်မင်္ဂလာရှိလေသည်။ အထူးသဖြင့် ကျွနု်ပ်ကိုယ်တိုင်ခွာထားသော ငုံးဥများကြောင့် အရသာပြည့်စုံနေသော ကြေးအိုး၏ ကောင်းမြတ်မှုကို ကျွနု်ပ်၏ လျှာမှ ရသခံဖုလေးများသည် သိနေကြပါသည်။ ဤသည့်စားဖွယ် အမယ်မယ်ကို မြူးရယ်မာန်ကြွ လှပရည်ဆင်းပြည့်ဖြိုးခြင်းငှာမသုံးသည့်တိုင် အတော်လေး ဝလာခဲ့ပါသည်။ ရှေ့နှစ်များတွင် အစားအသောက်လျှော့မည်ဟု အားခဲမြဲအားခဲပါသည်။

ကြေးအိုးလေး လာရောက်သုံးဆောင်နိုင်ပါသည် ခင်ဗျာ။     ။


Regards,
Z




Peace B with U.