Friday, June 8, 2012

facebook ပြဇာတ်

facebook ပြဇာတ်

တစ်ခန်းရပ်တာ သိပ်များမြန်လွန်းနေသလား။ ............ သပြေနုချိန် အမေစုအိမ် မှာဓာတ်ပုံရိုက်။ အီလက်ထရောနစ်ဥပဒေ သမ္မတကြီးလက်ထက်မှာ မီးအပျက်နဲ့ကြုံရင်း ခေတ္တပယ်ဖျက်။ ဧရာဝတီကို သေမတတ်ကာကွယ်ကြ၊ ဦးခင်ညွှန့်ပြန်လာပြီ။ ဇာဂနာ ဓာတ်ပုံတွဲရိုက်၊ အခြေအတင်ပြောကြဆိုကြ၊ မဲဆွယ်ပွဲ ဖယောင်းလိုအပ်ချက်၊ နိုင်ငံရေးသုခမိန်များ ဖေ့စ်ဘွတ်ခ်တလွှား လောက်များသဖွယ် တဖွားဖွား ပေါ်ထွန်းလာ။

သင်္ကြန်တွင် အေးချမ်းပေါ်လွင် ဖက်ရှင်များဖြင့် တိုင်ဖက်ဆပ်စလူးများ ပျော်ရွှင်စွာရေကစားလျက်ရှိ။
သင်္ကြန်ဖက်ရှင်နှင့်ပတ်သက်၍ ဖက်ရှင်မကျသော ဝတ်ဆင်မှုဆိုင်ရာ ပြောဆိုသင်ပြခြင်းများထွက်ပေါ်လာ။

စာပေစီစစ်ရေးမရှိတော့ဘူးဆိုသည့်အသံများတိုးတိုးလေးကြားရ။

ကချင်ပြည်နယ်မှစစ်ပွဲများ၊ မဲနိုင်သတင်းများ၊ မီးလောင်မှုများ ... ဖေ့စ်ဘွတ်ခ်ဝေါလမှာ ရာသီဥတု ကူးပြောင်းတာလည်းမြန်၊ နှလုံးသွင်းလည်းမှန်မှ အဆင်ပြေမယ်။ သမ္မတကြီးကို ကြိုဆိုထောက်ခံကြ။ ဦးခင်ညွှန့် ဒီပဲယင်း ပရီဗျူးကြော်ငြာအပြီး ရဟန်းဝတ်။ ဒေါ်လာငါးထောင်တန်အလုပ်ရ။ အမေစုကို ဝန်းရံကြ။ ကားတင်သွင်းမှုသတင်းများ၊ ပေါက်ဈေးများ။ ခရိုနီများ၊ အကြံပေးများ၊ ပညာရှိကြီးများ၊ ကားဘီးအပေါက်မှာစုပြုံတွန်းထွက်လာတဲ့လေတွေလို ဖေ့စ်ဘွတ်ခ်အနှံ့မှာ မြန်မာ့အရေး အချိန်ပေးပြီးပြောဆိုသူများလာ။ ဂျပန်အကြွေးလျှော်၊ သမ္မတကြီး Times ရဲ့ ကျော်စွာ ၁၀၀ စာရင်းတွင်ပါ။

ညီလာခံတက်ရန် ကျမ်းကျိန်ဖို့ လေးစားလိုက်နာကာကွယ်စောင့်ရှောက် ၊ယာယီသဘောတူညီ။ ထို့နောက် ယင်လတ်တို့နိုင်ငံဖိုရမ်။ တစ်ခါတစ်ရံ ၈၈ မျိုးဆက်သတင်းများ၊ ဇာဂနာတစ်ချက်တစ်ချက် ပြက်လုံးထုတ်၊ တစ်ချက်တစ်ချက် ဟောပြော၊ မီးလောင်မှုများထပ်ဖြစ်၊ ဗိုလ်ချုပ်အောင်ဆန်းကား ရိုက်ကူးရန်စတင်ကြိုးပမ်း၊ The lady ကား မီရှဲယိုး မြန်မာလိုပြော၊ အလံကိုပြောင်းပြန်ထောင်၊  ခေတ်နှင့်အညီ ဆန္ဒဖော်ထုတ်၊ သူငယ်တန်းကျောင်းသားလေး မောင်ဘဂျမ်းမှ အိမ်စာမဟားတရားပေးသော ဆရာမ မြသက်ခြယ်အား ကန့်ကွက်ကြောင်း ဆိုင်းဘုတ်ကိုင်၍ အစာငတ်ခံဆန္ဒပြ။ မိုးပြာဂိုဏ်းမှ တာတီးတီးတာ ရဟန်းတာတစ်ပါးအားလူဝတ်လဲ၊ မတာတော့ဘူး လူဝတ်ပြန်ကြောင်လိုက်ပြီဟုထုတ်ပြန်၊သမ္မတကြီး ကျန်းမာရေးသတင်း၊ မြန်မာပြည်တွင် လျှပ်စစ်မီးများ ဦးဇော်မင်းထံတွင်ပိုလျှံ၊ ဦးကိုကိုလှိုင်တွင်မလုံလောက်။ ဦးမြင့် တက္ကသိုလ်များကိုပြန်အသက်သွင်းရန်ဆန္ဒပြု၊ ခရိုနီများကိုကြင်နာပါဟုလည်းဆို၊ ဇေကမ္ဘာ လယ်သိမ်း ချစ်တီး၊ နေရာအနှံ့တွင် ဆန္ဒထုတ်ဖော်၊ ဒီမိုကရေစီမှ ဒီမွန်းစတေးရှင်းကရေစီဘက်သို့ရောက်လာဟန်တူ၊ လစ်ဘရယ်ဒီမိုကရေစီဆိုသော စကားလုံးတစ်လုံးလောက်ပြောမှ လူလူသူသူဖြစ်၊ အစာငတ်ခံဆန္ဒပြသူများ အခြေအနေဆိုး၊ ရေဆိုးများကို အဆင်ပြေသလို စွန့်ပစ်နေ၊ ပရဟိတအသင်းအဖွဲ့များ အစိုးရကိုယ်စားပြည်သူကိုစောင့်ရှောက်၊ မီးပျက်သတင်းများ၊ မြန်မာပြည်တွင် အင်တာနက် အပါယ်လားသွားခြင်း၊ အရှင်လတ်လတ်မြေမြိုသွားသည်ဟုဆို၊ လျှပ်စစ်မီးပါ ကာလဝိပါက်နောက်ပိုးတက်သွား၊ မန္တလေးတွင် ဖယောင်းတိုင်များထွန်း၍ ဖက်ရှင်ကျကျ ဆန္ဒပြ၊ ပါရီးမှ ဒီဇိုင်နာများပင် ပါးစပ်အဟောင်းသားပွင့်၊ငုတ်တုတ်မေ့၊ ဖယောင်းတိုင်အလင်းဖြင့် ခေတ်မီဖွင့်ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို စီတန်းချီတက်သွားသယောင်၊ ကျန်မြို့များသို့ကူးစက်၊ ဆန္ဒထုတ်ဖော်လို့ရသဟေ့ ... မင်းတို့လက်တွေ လေထဲကိုမြှောက်ထားလိုက် ... ဒီမိုကရေစီ ရို့ရို့ ....။

မန္တလေးသို့မီးစက်များရောက်လာ၊ ပေါ့တေးဘဲလ်များဖြစ်၊ လျှပ်စစ်သုံးစွဲမှုစာရင်းများ ပြည်သူများ သိရှိရန် ထုတ်ပြန်လာ။ .... အစိုးရမှ လျှပ်စစ်ဓာတ်အားဝယ်လိုကြောင်းပြောကြား၊ (ဦးဇော်မင်းဆီကပြန်ဝယ်လိုက်)။ ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်၊ လူများသေ၊ ငတ်ပြတ်၊ လှူဒါန်းမှုများပြုလုပ်။

အစာငတ်ခံ ဆန္ဒပြအလုပ်သမား၏ သားလေးမှ ဖေကြီးပြန်လာရင် ကြက်သားစားရမယ် ဟုပြောသွားဟု ဆို။ တစ်ချက်တစ်ချက် ဒေါ်စုရဲ့ကဗျာ၊ တစ်ချက်တစ်ချက် ကိုမင်းကိုနိုင်ရဲ့ကဗျာတွေတက်လာ၊ ဟောပြောမှု ကလစ်အတိုလေးတွေတက်လာ၊ နိုင်ငံရေးလွတ်လပ်စွာပြောဆိုခွင့်များတွေ့ရှိလာ၊ ယခင်ကနှင့်မတူသော အပြုသဘောဆောင်မှုများတွေ့ရှိလာ။ လက်ကျန် ယုံကြည်မှုကြောင့်တော့မဟုတ်ဘူး နိင်ကျဉ်းလည်းမရှိဘူး၊ သူတို့ ဥပဒေတစ်ခုခုချိုးဖောက်လို့ ထိန်းသိမ်းထားရတာဆိုတဲ့လူတွေကို ပြန်လွှတ်မလိုလိုတွေဖြစ်၊ နိုင်ကျဉ်း နဲ့ကျနေတဲ့သားဖြစ်သူအတွက် မိခင်ကြီးတစ်ဦးမှ ဓာတ်ပုံကိုင်ပြီး တောင်းဆို။ လွှတ်ရင်လည်းအကုန်လွှတ်လိုက်ပါတော့လား စိန်စိန်ရယ် .. စသဖြင့်ပြောကြားလာ။

နိုင်ငံတကာမှခေါင်းဆောင်များ အမေစုနှင့်ဓာတ်ပုံတွဲရိုက်တာ ခေတ်စားလာ။ ဆုတစ်ခုခုမပေးရသေးတဲ့တက္ကသိုလ်က ပေါင်မုတ်ခဟာ နူမလိုပဲ ဒေါ်စုကို ဆု တစ်ခုခုပေးချင်လာ။ အင်တာနက်ရှင်းနယ်မဝင်ဆန့်သော အရှေ့တောင်အာရှအနူတောမှ ခရုသင်းနှင့်ခေါင်းဆောင်များ မနာလိုသလိုလိုဖြစ်လာ။ မိတ်ကပ်လိမ်းနေရသောကြောင့် မယင်လတ်ကို ဒေါ်စုကိုယ်တိုင်သွားတွေ့လိုက်ရသည်မှအပ ကျန်ခေါင်းဆောင်များ ပါဝါ ၅၄ ဆီလာကြ။ မိုးပြာဖက်ရှင် ကလင်တန်မကြီးလည်း ခင်ခင်မင်မင်ပြောဆို၊ ပြင်သစ်ကလည်း ဆုတံဆိပ်အချိန်မီလာပေး၊ အင်္ဂလန်ဝန်ဂျီးချုပ်ခမျာလည်း အပြေးတပိုင်းလာတွေ့၊ တောင်ကိုးရီးယားကတစ်ယောက်လည်း မြောက်ကိုးရီးယားက ပါးဖောင်းလေးတို့ဗုံးမထောင်တော့ဘူးသေချာတာနဲ့ရောက်လာ၊ အမေစုကို အားပေးသူများမှလည်း ပျော်ပျော်ကြီး ပုံတွေတင်ကြ။ အားပေးကြ၊ ချီးမွမ်းကြ။

ကြားဖြတ်ပြောရလျှင် အဖြစ်အပျက်တစ်ခုနှင့်တစ်ခုကြားတွင် ခံစားချက်အင်နားရှားဖြစ်မနေရပါ။ ဆက်တိုက်ခံစားရမည်ဖြစ်သည်။ မီးပျက်သည့်အကြောင်းရောက်နေလျှင် ဧရာဝတီကို ကာကွယ်သည့်အကြောင်းပြန်မလှန်ပါနှင့်။ သပ်သပ်စီခံစားပါ။

ပလီစိခုနစ်ချက်ဆန်ဆန်၊ပရောဖတ်ဆန်ဆန်၊ ကြားနေဆန်ဆန်( ကျွန်တော်လည်းပါ)၊ ခါတော်မီ ရေးသားသူတွေများလာ။ ခေါင်းဆောင်များကို လိုအပ်သည်များ မှာစားသူများလည်း တဖြည်းဖြည်းပိုများလာ ( သူတို့မှာလည်း ဒေါ်စု အကျယ်ချုပ်ကလွတ်လာတဲ့အထိ အောင့်ထားရပုံရတယ်)။  
ဦးသိန်းစိန်ကို pacemaker မှ peacemaker သို့ဆိုပြီး ချီးကျူးကြောင်းပို့စ်တစ်ခုရေးမလိုလိုဖြစ်ပြီး မရေးဖြစ်လိုက်၊ ပေါ်ပင်လိုက်သော မီဒီယာသမားများ ထက်ထက်မိုးဦး ဘယ်သူ့ကို ပါးထပ်ရိုက်မလဲစောင့်မျှော်။ သိက္ခာရှိရှိရပ်တည်သော ဂျာနယ်မှ အင်တာနက်ဘာသာပြန်အင်တာဗျူးကို သိက္ခာရှိရှိ ပြည်သူများဖတ်စေချင်သော စေတနာ ဖြင့် သိက္ခာရှိရှိ ဖော်ပြ၊ ဆက်လက်ဖော်ပြသွားမည်ဖြစ်ပြီး စာမူခကို ရွှေသားဖြင့်ပေးချေမယောင်ပြု၊ ဥပဒေကြောင်းအရ ဖေ့စ်ဘွတ်ခ်ကွန်မန့်များကို တရားစွဲဆိုမည်ဟု အတည်ကြီးကြိမ်းမောင်း၊ အံ့ဖွယ် အယ်ဒီတာ။

ထို့နောက် မြန်မာပြည်ဖွားမွတ်စလင်လူမျိုး (၀ါ)ကုလား သုံးယောက်နဲ့ မုဒိမ်းဇာတ်ကြမ်းဖြစ်၊ မြန်မာပြည်ဖွား မွတ်စလင်လူမျိုး(၀ါ) ကုလားတစ်ချို့ အသတ်ခံရ၊ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်။ မငြိမ်းဖွယ်မှာ ဒေါ်ပုကြွယ်ဘက်မှဆင်းသက်၊ တုံးတာအနပုံရ။ တရားဥပဒေမှာ မစိုးမိုးချင်လျှင် အတန်ငယ်ကြာတတ်။ ပုံများကို သေချာမကြည့်ရဲ။ ဖေ့စ်ဘွတ်ခ်သည် နှလုံးအားနည်းသူများ ချောင်းကြည့်ရုံမျှသာကြည့်သင့်သလိုဖြစ်လား။ ဖေ့စ်ဘွတ်ခ်အခြေစိုက် လူရိုင်းများ ဆဲဆိုလာ။ အမှန်တော့အကျင့်ပါနေလို့ ဆဲကြခြင်းမျှသာဖြစ်။ ကုလားဟူသောစကားလုံးကို မြန်မာပြည်ဖွားမွတ်စလင်များမှမကျေနပ်။ နှိမ်သည်ဟုထင်။ ထိုသို့ဆိုလျှင် မြန်မာအဘိဓာန်ကျမ်းတွင်ပါပြင်ဆင်ဖို့လိုလာ။
ကုလား (ပါဠိ ကုလ)
ကုလားကင်ပွန်း
ကုလားရွှေ
ကုလားကာ(ကန့်လန့်ကာ)
ကုလားကျောင်း
ကုလားတက်
ကုလားတည်
ကုလားထိုင်
ကုလားပဲ
ကုလားဖန်ထိုး
ကုလားဖြူ
ကုလားမခြေထောက်
ကုလားမျက်စိ
ကုလားသေကုလားမော
ကုလားအော်
ကုလားဟင်း
ကုလားအုတ်
ကုလားအုံးဆောင်းထပ် ဆိုတဲ့ စကားလုံးတွေကို ပြန်သုံးသပ်ရမလိုဖြစ်လာ။ ဓာတ်ပုံဆရာများ
  လူသေပုံများ လက်စွမ်းပြရိုက်ကူးလား၊ ဖေ့စ်ဘွတ်ခ်တက်၍ အသုဘကမ္မဌာန်း စီးဖြန်းသူများ တရားထူးရနိုင်။

နောက်ကွယ်တွင် ဖွသူတစ်ချို့ရှိနိုင်ဟု တစ်ချို့မှထင်မြင်။ ဘာသာရေးတိုက်ခိုက်မှုများရှိလာ။ ထိုသို့ဖြင့် ပြဿနာတွေတက်၊ ပြဿနာတွေတက် သီချင်းသံတိုးတိတ်သွားစဉ် တစ်သောင်းတန်ကြီးခန့်ခန့်ကြီးတက်လာ။ ..... ကျန်ပြဿနာများငြိမ်း။ ငြိမ်ကျသွား။ အပြောင်းအလဲများပက်စက်နေ။ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ .... စိတ်ကျန်းမာရေးထိခိုက်လာ။

ရွှေပြည်ကြီးသည် rhythm ကျကျ chaos ဖြစ်နေ။
All's well.

အားလုံးကောင်းပါသည်....အားလုံးကောင်းကြပါပေသည်။

Regards,
The Gardener



Peace B with U.

Tuesday, June 5, 2012

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး။

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး။

အိမ်ရှင်ကို ဧည့်သည်မှ မစော်ကားရေးနှင့် အိမ်ရှင်မှ ဧည့်သည်ကို အနိုင်မကျင့်ရေး ဆိုရင် သိပ်မကောင်းတာနဲ့ နည်းနည်းပြင်လိုက်ရတယ်။ အဓိကရုဏ်းဆိုရင် အဓိက office လို့ ငယ်တုန်းက ထင်မိတယ်။ လူတွေ အာဏာရှင်စနစ်ကိုမုန်းတယ်။ ကြီးနိုင်ငယ်ညှင်းစနစ်ကိုမုန်းတယ်။ မုန်းတီးတာတွေများ အများကြီး။ ဒါပေမယ့် အဲဒီမုန်းတီးတဲ့အရာတွေ စိတ်ထဲမှာရှိနေကြတယ်။ ကိုယ်မကြိုက်တာတွေကို တခြားလူကို ပြန်လုပ်ဖို့ ဝန်မလေးကြဘူး။

စကတည်းက မုဒိမ်းသမားသုံးယောက်ဆိုရင် ပြဿနာက ဒီလောက်ကြီးချင်မှကြီးမယ်။ မွတ်စလင် မုဒိမ်းသမားသုံးယောက်က မြန်မာအမျိုးသမီးငယ်ကို ဆိုတာကတော့ ဘာသာနဲ့လူမျိုးကို မလိုအပ်ဘဲ ထည့်သွင်းရန်တိုက်သလိုဖြစ်တယ်လို့ထင်တယ်။ ကိုမင်းကိုနိုင်ပြောတဲ့ မီဒီယာသမားတွေဟာ သတင်းကို ကြိုက်သလိုရေးနိုင်တယ်ဆိုတာကို လက်ခံတယ်။ မလိုလားအပ်တဲ့ အစွန်းထွက်တွေ ထုတ်တာလည်း အခုမှမဟုတ်ဘူး။ အင်္ဂလိပ်ခေတ်ကတည်းက ရန်တိုက်ပေးစရာက ဒီလူနည်းစု ပြဿနာပဲရှိတယ်။

အင်ဒိုနီးရှားမှာလည်း ဒီလိုပဲ လူနည်းစု တရုတ်တွေကို နှိပ်ကွပ်လိုက်တာရှိဖူးတယ်။ အိမ်တွေကို မီးရှို့တယ်။ တရုတ်တွေ တရုတ်လိုမပြောနဲ့ဆိုပြီး အမိန့်ထုတ်တယ်။ အဆင့်အတန်းခွဲခြားတယ်။ မွတ်စလင်တိုင်းပြည်မှာဆိုတော့ အဲဒါဟာ တင့်တယ်တာပဲ။ ကိုယ့်နိုင်ငံမှာ လာကပ်နေတဲ့လူတွေကို နှိပ်ကွပ်တာဆိုတော့ ဒါကို တကယ်ခံလိုက်ရတဲ့ တရုတ်တွေကလွဲရင် ဘယ်သူမှ မနာကြဘူး။ လူဆိုတာ တခြားသူတွေ နှိပ်ကွပ်ခံရတာကိုမြင်ရရင် ဘယ်နှယ့်မှမနေဘူး။ အော် သနားပါတယ်။ အဲဒီလောက်ပဲ။

လက်နက်မရှိတဲ့ လူနည်းစုနဲ့ လက်နက်မရှိတဲ့ လူများစုတွေ့ရင် လူနည်းစု ခံရဖို့ပဲရှိတယ်။ ထွက်ပြေးမလား။ ပုန်းနေမလား။ အညံ့ခံမလား။ မမှားဘဲတောင်းပန်မလား။ .... ဘာမှများများ လုပ်စရာမရှိဘူး။ အဓိကရုဏ်းဆိုရင် မုန်းတီးမှုနဲ့သွားတာပဲ။ မော်လဝီနဲ့ယောဂီဖြစ်စေ၊ ကုလားသုံးယောက် မုဒိမ်းမှုဖြစ်စေ၊ မုန်းတီးမှုကိုနှိုးဆွတာပါပဲ။ မုဒိမ်းသမားသုံးယောက်ကို သေဒဏ်ပေးလိုက်ရင်လည်း သင့်တာပဲ။ ဒါပေမယ့် ကုလားမို့လို့ နှိပ်ကွပ်တာလည်းမဖြစ်စေရဘူး။ သူ့ရာဇဝတ်ဒဏ်သူကျခံရတာမျိုးပဲဖြစ်ရမယ်။ တရားဥပဒေရှိရက်နဲ့ ဒီကုလားသုံးယောက်ကို ကောင်မလေးဘက်က အမျိုးတွေက သတ်တယ်ဖြတ်တယ်ဆိုရင်လည်း ဒါက ထုံးစံပဲ။ ကိုယ့်အမျိုးစော်ကားတဲ့သူပဲ၊ သတ်ချင်လည်း သတ်မှာပေါ့။ ဒီကုလားသုံးယောက် မဟုတ်တဲ့တခြားကုလားတွေကိုတော့ သတ်ဖို့မလိုဘူးထင်မိတယ်။ ကုလားသုံးယောက်ပြဿနာကို ကုလားသုံးယောက်မှာ အဆုံးသတ်နိုင်ရင်ကောင်းတယ်။ အမုန်းတရားကတော့ ဒီလို မရိုးရှင်းဘူး။ တတ်နိုင်သမျှ ကုလားတွေ များများသေဖို့လိုတယ်လို့တွေးမိစေတယ်။

သွေးဆူလွယ်တဲ့ အသိုင်းအဝန်းမှာ အထိမခံနိုင်တဲ့ တန်ဖိုးတွေကို တိုက်ခိုက်လိုက်ရင် အဓိကရုဏ်းဖြစ်တာပဲ။ အဲဒါကြောင့်လည်း နိုင်ငံတကာက လူလည်အစိုးရတွေက အဓိကရုဏ်းတွေကို တမင်မွေးမြူထားတတ်ကြတယ်။ အစိုးရဘက်ကို ဦးတည်လာရင် အဓိကရုဏ်းဘက်ကို လမ်းကြောင်းပြောင်းပေးလိုက်တယ်။ ဒီလိုနဲ့ပဲ ဦးတည်ချက် ရေရေရာရာမရှိတဲ့ လူအုပ်ကြီးဟာ လူမျိုးရေးပဋိပက္ခမှာ အချိန်ကုန်ပြီး အစိုးရကို တောင်းဆိုစရာတွေ မတောင်းဆိုနိုင်တော့ဘူး။ လူမျိုးရေးစစ်ပွဲ၊ ဘာသာရေးစစ်ပွဲ ဒါတွေဟာ အမြဲရှိနေမှာပဲ။ ဆရာတော် ဦးဇောတိက ထုတ်နှုတ်ဘာသာပြန်ထားတဲ့ ဘဝဆိုတဲ့ကျောင်းမှာပါတဲ့ အကိုးအကား စကားလေးလိုပဲ။ Lessons will be repeated until you learnt. ဘဝမှာ ကြုံရတဲ့သင်ခန်းစာတွေက နားမလည်မချင်း ထပ်ပြန်တလဲလဲ ပြန်လာနေမယ်။ လူဆိုတာကလည်း ကိုယ့်ထိရင် လည်းမခံဘူး။ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာထိရင်လည်း မခံဘူး။ တကယ်တော့ ဘယ်တော့မှမခံဘူး။ သည်းခံတယ်ဆိုတာ မစော်ကားတဲ့လူတွေအတွက်လို့ပြောတယ်။ တကယ်က မစော်ကားတဲ့သူကို သည်းခံစရာမှမလိုတာ။

ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်နေပြီလို့ထင်ရပေမယ့် ဆင်းရဲတွင်းထဲ ဆွဲချမယ့် ကွန်ဗေယာမှာ လျှောက်နေရတယ်ဆိုတာကိုမေ့နေကြတယ်လို့ထင်တယ်။ တွေဝေစရာတွေရှိလို့ ဆက်မလျှောက်ရင် ကိုယ်ရပ်နေတဲ့ ကွန်ဗေယာက ဆင်းရဲတွင်းထဲ နောက်တစ်ခါ ပြန်ဆွဲချဦးမယ်။ ခရိုနီတွေမကောင်းဘူး။ စက်ရုံပိုင်ရှင်တွေ လစာပေးတာ နည်းလွန်းတယ်။ ရေမလာဘူး။ မီးမလာဘူး။ ကမ္ဘာ့အဆင့် ပညာရေးစနစ်မရှိဘူး။ ပြဿနာတွေက နဂိုတည်းက များပြီးသား။ ဒီမိုကရေစီဟာ မှော်ကြိမ်လုံးမဟုတ်တော့ ချက်ချင်း အပ်ချလောင်းနဲ့မဖြေရှင်းပေးနိုင်ဘူး။ လမ်းကြောင်းရှိတယ်။ ဒါပေမယ့်ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်ရမှာ။ ကိုယ့်ပြဿနာတွေနဲ့ ကိုယ်ရှုပ်နေလို့ မလျှောက်ရင်တော့ ဝေးသွားလိမ့်မယ်။ လူမျိုးရေးပြဿနာ၊ဘာသာရေးပြဿနာတွေဟာ နိုင်ငံတိုင်းမှာ သတိထားဖြေရှင်းရတဲ့ အခက်အခဲတစ်ခုပါပဲ။ မရှင်းနိုင်ရင်တော့ လူနည်းစုပြောင်းပြေးရတာပါပဲ။ အင်ဒိုနီးရှားမှာ တရုတ်သုံးယောက်က ကုလားမလေးတစ်ယောက်ကိုမုဒိမ်းကျင့်လို့ တရုတ်တွေကို ရန်လုပ်တာမဟုတ်ပါဘူး။ အသားလွတ်ရန်ရှာတာဖြစ်ပါတယ်။ အင်ဒိုနီးရှားကို အတုယူရမယ်လို့မပြောပါဘူး။ ပြဿနာတွေရဲ့ အလေ့အထကိုသိဖို့ပြောချင်တာပါ။ ဒီပြဿနာတွေကို လွယ်လွယ်နဲ့ဖြေရှင်းနိုင်မယ်ထင်တဲ့သူတွေ အင်ဒိုနီးရှားသွားစေချင်ပါတယ်။ အဲဒီမှာလေ့လာကျင့်သုံးကြည့်ပါဦး။

လူနည်းစုက ကြောက်ရွံ့မှုနဲ့နေရပြီး၊ လူများစုက မုန်းတီးမှုနဲ့နေရတယ်ဆိုတဲ့ နေရာကြီးကို စဉ်းစားကြည့်ပါ။ ဘယ်သူမှ မပျော်ရွှင်ရဘူး။ လူနည်းစုရော၊ လူများစုရော မီတင်းနေထိုင်ရတဲ့ နေရာကလည်း ဖွံ့ဖြိုးဆဲရပ်ကွက်။ ဖွံ့ဖြိုးဖို့အတွက် ဘာမှမလုပ်ဘဲ မကျေနပ်တာတွေပဲ ကော်ဆဲနေလို့ ဖွံ့ဖြိုးဆဲဖြစ်နေတာ။ မြန်မာပြည်မှာ နောက်ကျနေတာတွေဟာ တညီတညွတ်တည်းနောက်ကျနေတာလို့တောင်ဆိုနိုင်တယ်။ ဘယ်တစ်ခုမှ ရှေ့ထွက်မနေဘူး။ အဲဒီလိုအခြေအနေက ရုန်းထွက်ဖို့ ခေါင်းဆောင်တွေက ဖိုရမ်တွေဘာတွေမှာ အလုပ်တွေဘာတွေရှာပေးနေတဲ့အချိန်မှာ အိမ်မှာတော့ ကလေးတွေရန်ဖြစ်နေတုန်း။ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုဆိုတာတွေက ဥပဒေမကောင်း၊ မီးမလာ၊ ရေမလာ၊ မအေးချမ်းသေးတဲ့နေရာကို လာလုပ်ဖို့ခက်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ကုဋေရှစ်ဆယ်သူဌေးသားလို ပထမအရွယ် ပိုက်ဆံရှာရင် Billgates ထက်ချမ်းသာဖို့ရှိသလို၊ ပထမအရွယ်တရားရှာရင် ရဟန္တာဖြစ်ဖို့ရှိတာတော့ရှိတာပဲ။ ဒါပေမယ့် နောက်ဆုံး သူလုပ်ချင်တာတွေ လုပ်နေတာနဲ့ သူတောင်းစားပဲဖြစ်သွားတယ်ဆိုတာကို မမေ့ကြဖို့လည်းလိုပါတယ်။

မတရားမှုမှာ ကြားမနေဘူး၊ လူများတဲ့ဘက်ကပဲ ပါမယ်ဆိုတဲ့ မော်ဒန်ဒတ်စမွန်တူးတူးဝါဒ လိုက်နာသူတွေလည်း အခုခေတ်မှာ ဒုနဲ့ဒေးပါပဲ။ တိုင်းပြည်ကောင်းစားဖို့ ညီညီညွတ်ညွတ်လုပ်ခဲ့တာ မြန်မာ့သမိုင်းတစ်လျှောက်မှာ လွတ်လပ်ရေးရအောင်လုပ်တာ တစ်ခါပဲရှိဖူးတယ်ထင်မိတယ်။ ဒါတောင် စာအုပ်တွေဖတ်ကြည့်တော့ ဘုံရန်သူရှိလို့ ခဏညီညွတ်ကြတာလို့သိရတယ်။ အော် ... ငါတို့တွေဟာ မျိုးနဲ့ရိုးနဲ့ကို ရန်အဖြစ်သန်တာပဲလို့ ဂုဏ်ယူမိတယ်။

ဂန္ဓီဟာ ဟိန္ဒူမို့လို့ထင်တယ်။ အဟိံသကို အောင်အောင်မြင်မြင်ကျင့်နိုင်ခဲ့တယ်။ သူ့နောက်ပိုင်း
 အဟိံသ ကတော်တော်ရှားသွားပြီ။ ခေါင်းအရိုက်ခွဲခံဖို့ တန်းစီမယ့်သူ မရှိတော့ဘူး။ ခေါင်းရိုက်ခွဲဖို့တန်းစီမယ့်သူတွေပဲရှိတော့တယ်။ တခြားလူတစ်ယောက်က ခေါင်းကွဲသွားတာ ကိုယ့်အမျိုးမဟုတ်ရင်တော့ သိပ်ပူစရာမရှိဘူး။ ခေါင်းအရိုက်ခွဲခံရတဲ့သူကလည်း သူ့မှာ အခွင့်အရေးရှိရင် ပြန်ခွဲမှာပဲ။ အဆိုးသံသရာဆိုတာ စမိဖို့ပဲလိုတယ်။ သူ့ဘာသာသူ စွဲမြဲသွားတယ်။ မကောင်းတာတွေအားလုံးမှာ ကောင်းတာထက်သာတာက စွဲလန်းမြန်စေတယ်။ ခေါင်းသုံးလေးလုံးလောက်သာ ကြိုးစားပြီးလိုက်ရိုက်ခွဲကြည့်။ နောက်ခေါင်းတွေ ခွဲဖို့က အလိုလိုဖြစ်သွားမှာပဲ။ မွေးရာပါ အနှိမ်ခံစိတ်ရှိနေတဲ့သူတွေမှာ မှန်ကန်တဲ့နည်းနဲ့ဖြစ်ဖြစ်၊ မမှန်ကန်တဲ့နည်းနဲ့ဖြစ်ဖြစ် ပါဝါတစ်မျိုးမျိုးရှိတယ်ဆိုတာ စိတ်အားရှိစေတာပဲ။ ပါဝါကို အာဏာလို့လည်း ဖွင့်ဆိုကြတယ်။ ကိုယ်က လုပ်လိုက်နိုင်တယ်ဆိုတဲ့ ခံစားချက်ပေါ့။ ကိုယ်က ကိုယ့်ထက်အားနည်းတဲ့ ကုလားအဘိုးကြီးဆယ့်နှစ်ယောက်လောက်ကို ခေါင်းရိုက်ခွဲနိုင်တယ်ဆိုပါတော့။ လူကောင်းတစ်ယောက်အနေနဲ့တော့ ဂုဏ်ယူစရာမဟုတ်ဘူး။ ရှက်စရာ အကုသိုလ်ကိစ္စ။ ဒါပေမယ့် မုန်းတီးမှုနဲ့ တုန့်ပြန်နေတဲ့သူအတွက်တော့ ဒါဟာလည်း သူ့အတွက် အောင်မြင်မှုကြီးပဲ။

မကြာမီကြားရနိုင်ဖွယ်ရှိတာတွေက ဗလီကို မီးရှို့တာ၊စေတီကိုတူးဖြိုတာတွေပဲ။ ဘာသာရေးအဆောက်အအုံးဆိုတာမျိုးကတော့ အမျိုးထိတာထက်ဆိုးကုန်စေတာတွေပဲ။ အဲဒီလိုဖြစ်ပြီဆိုရင်တော့ တော်တော်လေး သွေးထွက်သံယိုများမယ်။ ပြဿနာကြီးမယ်။ ဒါတွေမဖြစ်ခင် နှစ်ဖက်စလုံး ထိန်းသိမ်းဖို့လိုတယ်။ ဒါတွေ ခဏခဏမကြုံအောင် ကိုယ့်လူမျိုးများတဲ့နိုင်ငံကို ရွှေ့ပြောင်းသင့် ရွှေ့ပြောင်းရလိမ့်မယ်။ အမုန်းတရားကို အခြေခံပြီး အကောင်းဘက်ရောက်တာ တစ်ခုမှကိုမရှိသေးဘူး။ အဆိုးဆုံးဖြစ်တဲ့ စစ်ပွဲကနေစပြီး အဓိကရုဏ်းအပါဝင်  ဘယ်လိုမုန်းတီးမှုမဆို အရင်ဆုံး ကိုယ့်စိတ်ချမ်းသာမှုကိုဖျက်စီးသွားပြီး၊ တစ်ပါးသူရဲ့ စိတ်ချမ်းသာမှုကို လိုက်ဖျက်စီးတဲ့သဘောရှိတယ်။ ဘယ်သူတွေကိုမှ ဘာမှမပြောချင်ဘူး။ ကိုယ့်မုန်းတီးမှုက ကိုယ့်ဘာသာကိုယ်ရပ်မှပဲရမယ်။ မရပ်လည်း တစ်ခြားသူတွေ ဘာမှမဖြစ်ခင် ကိုယ်တိုင်က အမုန်းတရားရဲ့ အပူမီးနဲ့နေရတဲ့သူဖြစ်တာပဲအဖတ်တင်တယ်။

ဘာသာကို တရားထင်တဲ့ ခေတ်တွေ အမြန်ဆုံးကုန်ဆုံးပြီး တရားဓမ္မကို ဘာသာထင်တဲ့ခေတ်ရောက်မှပဲ ဘာသာရေးပြဿနာကင်းမယ်။ ဘာသာက တရားမဟုတ်ဘူး။ ဘာသာက ဘာသာပဲ။ ဘာသာတိုင်းမှာ ကျင့်သုံးရတဲ့ တရားရှိတယ်။ အဲဒီတရားကို မကျင့်သုံးကြတဲ့ နာမည်ခံဘာသာဝင်ဟာ ဘာသာရှိသော်လည်း တရားမရှိဘူး။ အဲဒီလိုလူတွေက dangers တွေပါပဲ။ ဘာသာရေးပြဿနာဆိုတာ တရားမရှိဘဲ ဘာသာရှိနေတဲ့ လူတစ်စုနဲ့ အလားတူ လူတစ်စုရဲ့ ပြဿနာပါ။ ဘယ်အကြောင်းအရာကိုပဲ ခေါင်းစဉ်တပ်ပြီး ပဋိပက္ခဖြစ်ပါစေ၊ တကယ်ဖြစ်နေတဲ့လူစုကို သွားကြည့်ရင် အဲဒီလို ဘာသာကို တရားမှတ်နေတဲ့ တရားမရှိ ဘာသာရှိတွေပါပဲ။

လွတ်လပ်ခြင်း ဆိုတဲ့ စာအုပ်တစ်အုပ်ကို ဆရာတော်ဦးဇောတိကရေးပါတယ်။ လွတ်လပ်ဖို့ဆိုတာကို စိတ်ထဲက စမှပဲရမယ်လို့ဆိုပါတယ်။ ငြိမ်းချမ်းတဲ့လောကကြီးရဖို့လည်း ကိုယ့်စိတ်ထဲကပဲစမှရမှာပါ။ တခြားလူတွေကို ခိုင်းလို့မရပါဘူး။ ကိုယ့်မှာလည်း အာဏာ ၊ပါဝါ၊ စမာကလာ ဘာမှမရှိပါဘူး။ မှားသည် မှန်သည်တွေ ပြောရေးဆိုခွင့်လည်းမရှိပါဘူး။ ကိုယ်တန်ဖိုးထားတဲ့ ငြိမ်းချမ်းမှုကို တန်ဖိုးထားတဲ့သူတွေများလာစေဖို့ပဲရည်ရွယ်ပါတယ်။ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုကို တန်ဖိုးထားတဲ့သူများလာရင် သူတို့တွေရဲ့ ငြိမ်းချမ်းတဲ့စိတ်တွေကြောင့် လောကကြီးပိုငြိမ်းချမ်းသာယာလာဖို့ရှိတယ်လို့ပဲယုံကြည်ပါတယ်။ ရန်ဖြစ်တဲ့လူတွေကို ရန်မဖြစ်ကြပါနဲ့လို့ မပြောနိုင်ပါဘူး။ ငြိမ်းချမ်းမှုကို တန်ဖိုးထားနိုင်တဲ့နေ့မှာ သူတို့ရန်မဖြစ်ဘဲ အတူယှဉ်တွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း နေလိမ့်မယ်။ ဥပမာပြရရင်တော့ အိန္ဒိယနဲ့ပါကစ္စတန်၊ အိန္ဒိယမှာနေတဲ့ မွတ်စလင်ဟာ ပါကစ္စတန်နဲ့ အိန္ဒိယတိုက်ခိုက်ရင် အိန္ဒိယဘက်ကနေတိုက်မှာပဲ။ ပါကစ္စတန်က ဟိန္ဒူကလည်း ဟိန္ဒူမို့လို့ အိန္ဒိယဘက်က နေမှာမဟုတ်ဘူး။ ကိုယ့်နိုင်ငံကို ကိုယ်ကာကွယ်ကြဖို့ အသင့်ရှိတယ်။ ဘာသာရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ အရိပ်အာဝါသအောက်မှာ နိုင်ငံသားဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြဿနာမဖြစ်သင့်တော့ဘူး။ မြန်မာနိုင်ငံသားဖြစ်ရင် မြန်မာနိုင်ငံကို ချစ်ကြဖို့များတယ်။ ကိုယ်ချစ်တဲ့နိုင်ငံကောင်းစားဖို့ အာဃာတတွေကို တတ်နိုင်သမျှ သင်ပုန်းချေရလိမ့်မယ်။ ဒါတွေက ငြိမ်းချမ်းမှုရောက်လာတဲ့အခါ လူတိုင်း ဒီလိုပဲဖြစ်လိမ့်မယ်။ မုန်းတီးမှုကို နိုင်တာ မေတ္တာတရားပဲရှိတယ်။ ကျန်တာတွေ မနိုင်ဘူး။ မုန်းနေလို့ သိန်းတရာလောက်လှူပြီးဆုတောင်း၊ အမုန်းမပြေဘူး။ အလှူနဲ့မရဘူး။ ဒါနက မုန်းတီးမှုကိုမနိုင်ဘူး။ သီလတွေစောင့်နေလည်း မုန်းတီးနေတဲ့သူကို ပြေလည်ဖို့မရှိဘူး။ မေတ္တာဘာဝနာမှပဲရလိမ့်မယ်။ ချစ်သောမျက်စိနှင့်ကြည့်မှပဲ လှလိမ့်မယ်။ မချစ်နိုင်ရင်တောင် မမုန်းတော့ဘူးဆိုတာလောက်တော့ဖြစ်လာနိုင်တယ်။

တခြားသူတွေ မုန်းတီးကြ၊ စိတ်နာကြ၊ စိတ်ဆိုးကြတဲ့အချိန်မှာ ကိုယ့်စိတ်က ခံစားချက်တွေနောက်မလိုက်ပါဘဲ ငြိမ်းချမ်းမှုမှာ အသားကျနေအောင်၊ စိတ်ချမ်းသာမှုမှာ အမြစ်တွယ်နေအောင် ကျွန်တော်တို့တတွေ ကြိုးစားကြရပါဦးမယ်။

ငြိမ်းချမ်းမှုကို တန်ဖိုးထားပါတယ်။
အကြမ်းဖက်မှုများ အားလုံးကို ဆန့်ကျင်ပါတယ်။

မြန်မာပြည် အမြန်ဆုံး ချမ်းသာကြွယ်ဝလာဖို့ နိုင်ငံသားတွေ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ကိုင်ကြရမယ့် အချိန်ကောင်းဖြစ်ပါတယ်။ အဲဒါကို သတိကြီးကြီးထားပြီး ကိုယ့်လမ်းမှန် ကိုယ်လျှောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။                    ။

Regards,
The Gardener

Notes,
If I devalue you, I devalue myself.
သူ့ဂုဏ်နှိမ့်ရင် ကိုယ့်ဂုဏ်နိမ့်၏ ဆိုတဲ့စကားလိုပဲ  ဘယ်သူ့ကိုမှ သာစေ နာစေ မရေးပါဘူး။ ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်ပြီး ပြဿနာတက်စေချင်တဲ့စိတ်ဟာ အင်မတန် အောက်တန်းကျတဲ့စိတ်လို့ထင်ပါတယ်။ ကိုယ်စိတ်ချမ်းသာနေသလို အားလုံး စိတ်ချမ်းသာစေချင်ပါတယ်။ ငြိမ်းချမ်းတဲ့ကမ္ဘာမှာ ပျော်ရွှင်လွတ်လပ်စွာ နေသွားနိုင်ချင်ပါတယ်။ အမုန်းတရားရဲ့ နှောင်ဖွဲ့ခြင်းကင်းတဲ့နေရာမှာ တိတ်ဆိတ်ငြိမ်သက်နေချင်ပါတယ်။







Peace B with U.