Friday, July 4, 2014

သောကြာ သောကြာ သောကြာ

သောကြာသည် သောက်ကြာဖြစ်သွားရန် က် တစ်ခုမလိုပါ။ မမြင်ရသော အသံများ၏ ဆောင်ရွက်ချက်သာ ဖြစ်သည်။ မနက်ခင်းသည် လင်းလှသည်။ ထာဝရအိပ်ရေးမဝသော လူလတ်ပိုင်းများကို စာရင်းကောက်၍ Mercedes cabriolet E350 တစ်စီးစီပေးမည်ဆိုလျှင် ကျွန်တော် စာရင်းပေးချင်ပါသည်။ Coupes နှင့် Cabriolet ခွဲခြားမသိသော၊ အသက်ကြီးမှ ချမ်းသာလာသော တောသားတစ်ယောက်ကို ခေတ်ပညာသည် မည်သို့မျှ မပြုပြင်နိုင်ကြောင်း ဒေါ်သန်းညွန့်စိန်က ကျမ်းပြုမည်လားမသိပါ။ အချိန်ကာလသည် ပီတာပန်ကာတွန်းမှ မိချောင်းမျိုချထားသော နာရီစက်သံပမာ .. တစ် ..တောက် ..တစ် .. တောက် ... တစ် ...တောက်။

လူများသည် အချိန်ပြည့်တစ်ခုခုကို လောနေကြသည်။ အင်မတန်လောကြသည်။ သေဖို့အရေး ဒီလောက် လောနေစရာလားတောင် ထင်မိသည်။ မြန်မာပြည်ပြန်တုန်းက မီးဝါကို အတင်းဖြတ်ဝင်သော ကားသမားကို ဘရားသားဂျွန် မှတ်ချက်ပေးစကားကို သတိရလာသည်။ " ဒီလောက်အရေးကြီးနေရင် မနေ့ကသွားပါလား" တဲ့။ ရေမြုပ်နေသော လမ်းပေါ်မှ အဖုံးပွင့်နေသော မြောင်းတစ်ခု၏ ကြိုဆိုမှုဖြင့် သောကြာနေ့သည် ဆာလောင်နေသည်။

စပယ်ယာမပါသော ဘတ်စ်ကားနှင့် အသားကျလာရန် ခြောက်နှစ်ခွဲ ကြာသွားသည်။ ပုဂံခေတ်က အုတ်စီသမား ဝင်စားသော စပယ်ယာ၏ လူစီပုံ၊နေရချပုံတို့ကို ပြန်တွေးမိတိုင်း လေးစားစိတ်က လှိုက်တက်လာသည်။ လူများသည် ပျင်းရိနေကြသည်။ မျက်နှာပြင်တစ်ခုခုမှ လောကအတုတစ်ခုကို သာယာနေလိုက်သည်။ သဘာဝအစစ်ကို ဂိမ်းတစ်ခု၊ ဗစ်ဒယိုတစ်ကားလောက်မှ တန်ဖိုးမထားတော့။ လူတွေကြားမှာနေရင်း လူပျောက်နေကြသော ရာစုဖြစ်ရမည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ကိုမာဖြစ်၍ မျောနေသူတစ်ယောက် နိုးလာလျှင် သူအရင်မြင်ဖူးသော လူများနှင့်မတူဘဲ ထူးခြားဆန်းကြယ်စွာ တစ်ခုခုကို ပွတ်လျှက်၊ တစ်ခုခုကို ငုံ့ကြည့်လျှက်ဖြစ်နေသော လူသားသစ်များကို ဒွိဟဖြစ်နေနိုင်သည်။

တီဗီ အစီအစဉ်တစ်ခုတွင် မော်ဒယ်များကို နွားများပမာ အော်နေငေါက် နေသော ဦးပီတာကိုကြည့်၍ အင်မတန်ဟာသမြောက်လာသည်။
အမြဲတမ်းလင်းနေသော ဖုန်းမျက်နှာပြင်မှ အလင်းဖြင့်သာ လောကဓာတ်ကို အမှောင်ချထားလိုက်သည်။

အစစ်အမှန်ဘဝ၏ မရေရာမှု၊ မသေချာမှု၊ ရုန်းကန်ရမှု၊ ပြန်ပြုတ်ကျမှု၊ ထလိုက်မှ ခြေခေါက်သွားမှု၊ အကျိုးမှန်း မသိအောင် ထိုင်နေရာမှ တင်ပါးများ ညောင်းညာလာမှု၊ ကမ္ဘာကျော် အလှမယ်လေးများနှင့် စတင်၍ မရဏနုဿတိ ရှုပွားနေသော ကျွန်တော်၏မိတ်ဆွေများ။

လူဟာ ဆံပင်ပါးသွားတဲ့တစ်နေ့ အနုပညာ အစားထိုး ဝင်လာတာပဲဟု တစ်ယောက်ယောက်က ပြောလျှင် ထိုတစ်ယောက်ယောက်သည် ကျွန်တော်လည်း ဖြစ်နိုင်သည်။

ကျန်းမာပြီး နုပျိုတဲ့သူပုံပေါက်အောင် ကြီးလာရင် ဘိုးဘွားရိပ်သာတွင် အချိန်ပိုင်း အလုပ်လုပ်မည်ဟု စိတ်ကူးသည်။ 

အလုပ် သွားလာနေသော လူများကို ကြည့်ပြီး သံဝေဂရလာသည်။ လူများသည် ခံစားချက် မရှိကြတော့ပါ။ ရိုမန်းတစ်ခေတ်မှ ရိုဘော့တစ်ခေတ်သို့ ချဉ်းကပ်လာပြီ ထင်ပါသည်။ ဒိုင်နိုဆောများ၏ ကမ္ဘာလှလှလေးသည် လူသားများကြောင့် ပုပ်သိုး၊အရုပ်ဆိုးကုန်ပြီ ထင်ပါသည်။ လူသည် ခေတ်အဆက်ဆက် တိုးတက်လာသည့်တိုင် ဘုရားများကိုတော့ အဟောင်းများသာ ဆက်လက် ကိုးကွယ်သည်ကို အံ့သြဖွယ်ကောင်းစွာ တွေ့ရပါသည်။ သံဝေဂရမိပါသည်။ ခြံထဲမှာ အုံ့ဆိုင်းနေတဲ့ သစ်ပင်ကြီးကို အိမ်ကိုကွယ်နေလို့ ခုတ်ပစ်ရမလား ဦးတစ်ကိုယ်ကောင်း ကြံစည်နေသည်။ ဘုရားဟောင်းများ၊ ရှေးဟောင်းဘုရားများ မပြင်ဘဲ ဒကာညွန့် ပါဒကြီးကို ရွှေတိဂုံပုစံတူ တည်သလို တည်ချင်သူ များလာသည်မှာ ဘာသာရေးစတန့်တစ်မျိုး ဖြစ်သည်။ မနူဟာမင်းနှင့် အမျိုးတော်သည် ဟုဆိုသော ကိုယ်တော်ကြီး ဥပဇ္ဈာယ်ဆရာထံတွင် အမှန်တကယ် ဆည်းပူးနေပြီဟု ထင်ရသည်။ တစ်ချိန်ချိန် တကာကြီးတို့ အားလုံးကို ဦးဇင်း လေး ဇား ပါ ဒယ် ဆိုပြီး၊ တရားကို မတ်တပ်ရပ်၊ မိုက်ကိုင် ဟောလျှင်တော့ အခက်ဟု ထင်သည်။ သောကြာအတွေးများသည်  ဝေဝါးလွန်းသည်။ အချိုးမကျ ဖြစ်လွန်းနေသည်။

ရှည်လျားသော အိတ်စ်ပို ကားကွင်းကို အတိုဆုံးနှင့် အထိရောက်ဆုံး ဖြတ်သန်းသွားရန် ကျွန်ုပ်ကြံသည်။ မိုးရွာလာသောကြောင့် ရုံးသွားနေသူများ ထီးများ တစ်ပြိုင်နက် ဆွဲထုတ်ပြီး ဆောင်းလိုက်ပုံမှာ ရောမခေတ် စစ်ပွဲများတွင် မြားမိုးအရွာ ဒိုင်းမြှောက်ကိုင်လိုက်သော သူရဲကောင်းများပမာပင်။ ရှုတည်တည်နဲ့ မိုးကို မမှုသလို ဆက်သွားနေကြပုံမှာလည်း အရေးတကြီးဆန်သည်။ သောကြာနေ့တွင်ပင် လူသားမျက်နှာ ပြန်မရနိုင်သေးသော သံမျက်နှာသေများ၏ ဘဝမှာ ရှင်လျက်သေနေသည်နှင့် မခြား။

မြက်များသည် မိုးရာသီ၏ အရိပ်အကဲကို ကြည့်လျှက် ရေကို ချွေတာသာက်နေရသည်။ စီးပွားရေးသမားများ၏ အဆန်းထွင်မှုဖြင့်၊ ယူကလစ်စိုက်လိုက်၊ ဆီအုန်းစိုက်လိုက်ဖြင့် မြေအောက်ရေ ကုန်အောင်ဖြုန်းနေသော ဇင်ဂလယ်လေးမှ လူတတ်ကြီးများကို အင်မတန် သတိရသည်။ ဒိုင်နိုဆောများ၏ ကမ္ဘာလှလှလေးသည် မလှမပဖြစ်လာသည်ထက် ဖြစ်လာနေသည်။ ၄၂ လက်မတီဗီလည်း သေးသွားပြီ။ အသစ်လဲရဦးမည်ဟု အရပ်လေးပေသာသာရှိသော ကျွန်တော့်မိတ်ဆွေကေ ပြောသည်။ CRT မှ Plasma၊ Plasma မှ LCD ၊ LCD မှ LED ၊ LED မှ စမတ်တီဗီ၊ စမတ်တီဗီမှ စမတ်တီဗီအကွေး၊ ဖြစ်နိုင်လျှင် လူသည် နည်းပညာအသစ်များဖြင့် ပျော်ရွှင်စွာ အသက်ကြီးသွားလိုသော စက်ရုပ်ဘဝကို အင်မတန် လိုလားလာကြသည်။ မိမိငယ်စဉ်က ၁၄ လက်မ ဘလက်အင်ဟွိုက် တီဗီမှ လာနေသော မန်းကီးမောက်စ်နှင့် မန်းကီးဟီးရိုး၊ ထို့နောက် ၁၄ လက်မ ကာလာတီဗီ၊ ၂၁လက်မှ ကာလာတီဗီမှ A-team၊ လီဗာပူးလ် ဘောလုံးသမားဘဝ အခြေခံ ရိုက်ကူးသော မန်းနီးဆိုသော ခေါင်းစုတ်ဖွားနှင့် ကစားသမား၊ ဒွန်ဒွန်ဒွန်ဒူ ဒူ့တူတူဒူ ဒွန်တူ့ဒူ ဒူဒူ ဒူဒူဒွန့်ဒူဒူဆိုတဲ့ တီးလုံးနဲ့ပျံပျံတက်လာတဲ့ ရဟတ်ယာဉ်ဇာတ်လမ်းကလည်း အသည်းစွဲ။ ရဟတ်ယာဉ်ကို လှိုဏ်ဂူတစ်ခုအတွင်း မြုပ်နှံထားသည်။ နောက်တော့ တယ်လီးမတ်ဆိုတဲ့ ဂျာမန်ကစားပွဲတွေလားမသိ၊ ကြိုက်လာသည်။ အိမ်ရှေ့ ဖြတ်လျှောက်သည့်ကလေးများကို ကြုံလျှင်ကြုံသလို ခေါင်းအုံးနှင့် ထွက်ရိုက်တတ်လာသည်။ အဲဒီခေတ်က ကလေးတွေ စားစရာဆို၍ မုန့်ဘိုင်းတောက်၊မုန့်စိမ်းပေါင်း၊ဘိန်းမုန့်တို့သာ တွင်တွင်ကျယ်ကျယ် ရှိသေးသည် ဟုထင်သည်။ smart TV အတွက် home theater စနစ်ကိုတီထွင်ခဲ့ကြသည့်တိုင် မုန့်ဗိုင်းတောင့် မရနိုင်တော့၍ ဘဝသည် အင်မတန် ခြောက်သွေ့သွားခဲ့ပြီ ဖြစ်သည်။ အညို၊အဖြူရောင်နှစ်မျိုးဖြင့် ပတ်တမ်အရ လှသလောက် နှမ်းထောင်းနှင့် လိုက်လှသော မုန့်များ ဘယ်ရောက်ကုန်ပါလိမ့်။

အသက်ကြီးလာမှ စုမိသောငွေများဖြင့် အရူးထသူ မဖြစ်စေရန်၊ ငယ်စဉ်အခါမှစ၍ ဇိမ်ကျကျ နေသင့်ပါသည်။ တရုတ်ပြည်မှ မီလျံနာများ စွပ်ကျယ်ဝတ်လျှက် မာစေးဒီး တံခါးခြောက်ပေါက်များကို ကားဂိုထောင်တွင်း သိုလှောင်ကာ ခွေးခြင်္သေ့များ အများနည်းတူ မွေးရင်း bandwagon effect မိနေစဉ် မိုးခါးရည် အတူသောက်ကြခြင်းမှာ မည်သို့မှ ဇိမ်မကျပါ။ ချမ်းသာခြင်း၏ ဝဋ်ဒုက္ခတစ်မျိုးသာ ဖြစ်လိမ့်မည်။ လူချမ်းသာများသုံးစွဲရန် နာ့စ်များကိုယ်တိုင် ထိုးပေး၊ အထူးကုများကိုယ်တိုင် overdose မဖြစ်စေရန် စောင့်ရှောက်ပေးသော ခေတ်မီ အဆင့်မြင့် မူးယစ်ဆေးရုံ စီမံကိန်းကို တစ်ယောက်ယောက် စတင်ကြဖို့ ကောင်းပြီ။ မိမိစားနေရသော ထမင်းနှစ်နပ်ကိုပင် မိမိကိုယ်ကို မသဒ္ဓါသေးလျှင် မည်မျှချမ်းသာ ချမ်းသာ၊ ရွှေပြိတ္တာလေးသာ ဖြစ်နေဦးမည်။

တိုင်းရင်းသားများပြောသော မြန်မာစကားကို နားမလည်သောကြောင့် မိမိနားများကို အပြစ်ပေးရန် မသင့်ပါ။ နားသည် အရှုပ်ထွေးသော ကိုယ်အင်္ဂါ ဖြစ်ပါသည်။ ထို့ကြောင့် သောကြာနေ့တွင် အင်္ဂါများကို အနားပေးထားကြပါ။

ခေတ်မီဖွံ့ဖြိုးစွာဟု အမည်ရေးထိုးထားသော ဘာသာရေးအမည်ခံ နိုင်ငံရေးလှုပ်ရှားမှုများဖြင့် စီခြယ်ထားသော ညမထွက်ရအမိန့်၏ ညင်သာပျော့ပြောင်းသလောက် အကျအပေါက်များစွာသော ညောင်နာနာနှာခေါင်းသံဖြင့် မာန်သွင်းရွတ်ဆိုရမည့် မိဘပြည်သူများခညာ ဟူသော ဂါထာအစွမ်းဖြင့် လှပနေသော ညနေများ။ ဘီယာဆိုင်ကအစ ထွက်ပြေးနေရသည်။ ပြေးလွန်းလျှင် ရွာတွေ့မည်ဟု ဆိုသည်။ သင်္ကန်းတော်များတွင် ကြယ်တပ်ပေးလိုကြောင်း လျှောက်ထားဦးမှပဲ။

တောင်တော တောင်တော သာယာ ... ဟူသောသီချင်း ဘယ်ရောက်သွားပြီလဲ မသိပါ။ ဝါဆိုကို သိပ်ချစ်သည် ဟူသော လူတစ်ယောက်လည်း သေသွားပြီထင်သည်။ ကမ္ဘာမကြေ ဗမာပြေဆိုသော စာသားကို အခုအထိ နားမလည်ပါ။ ကမ္ဘာက ဘာကြောင့် မကြေတာလဲ။ အစာမကြေရင်တော့ ကျုပ်အနေနဲ့ မင်္ဂလာရွှေအုပ် သောက်တာပဲ။ ဗမာပြေဆိုတာကိုက မှားနေပြီ။ တိုင်းရင်းသားတွေက အိမ်ငှားတွေလား။

ကမ္ဘာကြီး ရွာဖြစ်သွားသော်လည်း ရွာစွန်ကအိမ်သာကို ချောက်ထဲ ခြေစုံကန် တွန်းချနေသော ရွာဆော်လူမိုက်ကြီးများ မျိုးမသုဉ်းသေးပါ။ မင်္ဂလာတရားတော်နှင့်အညီ စာဖတ်နေနိုင်သည်မှာ အင်မတန် ကောင်းပါသည်။ လူတကာကို လုပ်ချင်ရာလုပ်ပြီးလျှင် အရင် ခွင့်လွှတ်ပေးနိုင်သော စိတ်ထားမှာ ဘုရားလောင်းစိတ်ထားထက်ပင် မြတ်ပါသေးသည်။ အင်မတန် ကြည်ညိုဖွယ် ကောင်းသူများပင်။ သောကြာကို အနက်ရောင် ကြက်ခြေခတ်ဖြင့် ချောင်းမြောင်းပစ်ခတ်နေခြင်းများကို ရပ်တန့်ပါ။ တစ်ခုခုကို မီးရှို့ရန် အရေးတကြီးဖြစ်နေသော စိတ်ဝေဒနာကို Pyromania  ဟုခေါ်သည်။ ရှားပါးသည်ဟု ဆိုသော်လည်း ကျမ်းပြုသူသည် မျန်မာပြေ မရောက်ဖူးသေးခြင်းကြောင့်လည်း ဖြစ်မည်။

သောကြာမိုးစက်များသည် မအေးပါ။ အတွင်းတွင် ဖုန်တက်နေသော မိုးစက်များကို စဉ့်အိုးကြီးဖြင့် လှောင်လိုသော ကျွန်ုပ်၏ အဖွားသည်လည်း သည်ဘဝတွင် မရှိတော့ပါ။ မိုးရေထဲ ရပ်နေလိုသော ကျွန်တော်၏ ခွေးမလေး blacky လည်း သေဆုံးသွားပါပြီ။ မိုးရေထဲ လျှောက်ပြေးနေချင်သည်ဟု ပြောဖူးသော ကလေးမလေးသည်ပင် ကလေးတစ်ယောက် အမေဖြစ်နေလေပြီ။

ဆေးခြောက်များ တရားဝင်ဖြစ်လာသော ခေတ်တွင် တရားဝင်ခြင်း၊ မဝင်ခြင်းကိစ္စကို တစ်ဖန် ပြန်လည်သုံးသပ်သင့်နေပြီ ဖြစ်သည်။ breaking bad ထဲက ဝီစကီသောက်ခန်းကို သတိရသည်။ ၁၉၆၀ ကျော်က ဥပဒေများအရတော့ ဝီစကီသည် တရားမဝင်ကုန်စည် ဖြစ်ကောင်းဖြစ်မည်။ ၂၀၂၅ တွင်တော့ ice လည်း တရားဝင် ဖြစ်နေလောက်ပြီ။ ကိုယ့်ဘဝကိုယ် ရွေးချယ်ခွင့်ရှိလျှင် ကိုယ့်ဘဝကိုယ် ဖျက်ဆီးခွင့်လည်း ရှိရမည်ဖြစ်သည်။ စက်ရုပ်များတွင်သာပါသော self-destruct ခလုတ်လေးတစ်ခု လိုနေသည်။ လူတွေ သိပ်များလာတာ မကောင်းဘူး။ လူတွေနည်းနေရင် လူ့ဘဝတွေ ပိုလုံခြုံလိမ့်မယ်။ လူတစ်ယောက်က ကလေးနှစ်ယောက် မွေးလိုက်တာဟာ အနာဂတ်ကမ္ဘာကြီးရဲ့ လူဦးရေပေါက်ကွဲမှုကို ထည့်ဝင်လိုက်တဲ့ မတရားမှုတစ်ခုပဲ။ ကျူပ်လိုသာတွေးနေရင် ကမ္ဘာပေါ် လူတော်တော် နည်းသွားမယ်။

သောကြာနေ့ ပျော်စရာကောင်းတာလေးတွေ စဉ်းစား။ ကျုပ်အမေကတော့ ရေခဲမုန့်နဲ့ ကြက်သွန်နဲ့ဟာ ပျော်တဲ့ ဓာတုဓာတ်တွေ ထွက်စေတယ် ပြောတာပဲ။ ကြက်သွန်ကြော်နဲ့ ရေခဲမုန့်ကြော် တစ်ပွဲစီ စားရမယ်။ သောကြာနေ့မှာ ပျော်နေမှဖြစ်မယ်။ အိတ်ကပ်ထဲမှာ ဆယ်တန်လည်းမရှိ၊ အကြွေလည်းမရှိတော့ ပလက်ဖောင်းမင်းသားထက် မွဲသွားပြီ။ လူဟာ ဆင်ခြင်ဉာဏ်ကို လျှော့ပြီး ဟာသဉာဏ်နဲ့နေထိုင်မှ အသက်ရှည်မယ်။

ပညာယှိကြီးကို ဘဝနေနည်း ပေးပါဆိုတော့ ပညာယှိကြီးက မိန့်သတဲ့။ မင့်ခေါင်းပေါ်မှာ ယင်ကောင်နားနေရင် အဲဒီယင်ကောင်ကို ဆင်ဖြစ်အောင်မလုပ်နဲ့တဲ့။ အေး ...ဟုတ်သားပဲ။ ဟာသကသာ ဘဝကို နေတတ်ထိုင်တတ်စေတာ။

အစ်ကို့သူငယ်ချင်း ရန်ကုန်မှာ ကားမောင်းဖို့ အိမ်ကထွက်လာရင် ဟောသလို နှလုံးသွင်းသတဲ့။ ငါ .. အရူးတိုင်းပြည်ထဲ ထွက်လာပြီ။ ကျန်တဲ့သူတွေက အရူးတွေ။ ငါပဲ သည်းခံရမယ်။ ငါ့ရှေ့က ကားဖြတ်ဝင်လည်း ငါသည်းခံမယ်။ ငါ့ကိုဆဲလည်း ငါသည်းခံမယ်။ အရူးမြို့ထဲကို ငါသွားမယ်။ ဆိုပြီး နှလုံးသွင်း ဆင်ခြင်ပြီး မောင်းတာ အောင်မြင်စွာ မောင်းနှင်နိုင်သတဲ့။ လောကကြီးထဲ အဲဒီလို စိတ်အခံလေးနဲ့ မောင်းနှင်သွားရင် ကောင်းမလား သောကြာနေ့မှာ ငါတွေးတယ်။ ငါတွေးမှ ငါရှိတာမဟုတ်ဘူး။ ဇနီးဆီက ငါအကြေွးယူရင်လည်း ငါရှိကြောင်း ငါ့ဇနီးသည်က အမြဲသတိပေးတယ်။ ငါတင်မကဘူး ၊ငါ့အကြွေးလည်း ရှိသတဲ့။ 

လူကြီးလူကောင်းဟာ ကိုယ့်ခင်ပွန်း ဘာကြိုက်သလဲဆိုတာ သိရမယ်။ အဲဒါမှ သူကြိုက်တာတွေ မဝယ်အောင် အဲဒီဘက် ရှောင်သွားနိုင်မယ်လို့ ဟာသတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ ငါ့ဇနီးလည်း အခုတလော လူကြီးလူကောင်း သိပ်ဆန်နေတယ်။ သောကြာနေ့မှာ တောင်တောင်အီအီ တွေးရတာ မင်္ဂလာတစ်ပါးပဲ။ တောင်တောင်အီအီ တွေးနေဖို့ အချိန်ရှိသေးတာလည်း မင်္ဂလာတစ်ပါးပဲ။ ငါတို့ အမျိုးထဲမှာ ဦးနှောက်ကို သုံးရာခိုင်နှုန်းအထိ သုံးတာ ငါ ပထမဆုံးပဲလို့ အဖေ့ကို ပြောပြတော့ စိတ်ဆိုးတယ် ထင်တယ်။ မတတ်နိုင်ဘူး။ လူဟာ အဖြစ်မှန်ကို ရင်ဆိုင်ဖို့ အင်မတန် ခက်တယ် မဟုတ်လား။

လူကူးမျဉ်းကြားမှာ ကားရပ်ပေးရကောင်းမှန်း မသိသေးတဲ့ ကားသမားကို တံထွေးနဲ့ လှမ်းထွေးတတ်အောင် ငါ မလျှင်မြန်၊မဖျတ်လတ်သေးတာ တစ်ခုတော့ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျဘူး။ ဒိုင်နိုဆောတွေဟာ အကောင်ကြီးသလောက် စိတ်ကူးယဉ်ဆန်တဲ့ အကောင်တွေ။ သူတို့ဘဝဟာ ငါတို့ဘဝထက် သာယာခဲ့မှာပဲ။ ဝေလငါးတွေဟာ လူသားတွေရဲ့ အိမ်ရှင်တွေ။ နယ်မြေ ကျူးကျော်မှုနဲ့ မြေယာသိမ်းမှုတွေဟာ ကမ္ဘာအဆက်ဆက် ဖြစ်နေတာတွေ။

ကလေးနို့မှုန့်ဗူးဖိုးအတွက် ညည်းနေသူများကို နွားမြီးဝယ်ပြီး ပို့ပေးမည် စိတ်ကူးသည်။ အသက်ကြီးလာလေ လူဟာ စိတ်အချဉ်ပေါက်မှု များလာလေဖြစ်သည်။ ဓာတ်ကြိုးပြတ်ကျ သေဆုံးမှုမဖြစ်စေရန်အတွက် နိုင်ငံတကာရောက် မြန်မာအကြံပေးများ စုပေါင်းတိုင်ပင်ကာ လျှပ်စစ်မီးများ ဖြတ်တောက်ထားလိုက်ရန် အကြံပြုလိုက်ကြောင်း လက်ဆင့်ကမ်း ပြောဆိုပေးကြပါ။

ဆက်သွယ်ရေးဝန်ကြီးဌာနကို ဖျက်သိမ်းသလောက်နီးနီး လူလျှော့တော့မည်ဟုသိရသည်။ ထိုမျှ အရှုံးပေါ်သွားအောင် လုပ်ကိုင်ဆောင်ရွက်တတ်ပုံမျိုးနှင့်ဆိုလျှင် အကြံပေးသည် မီလျံနာပင် ဖြစ်နိုင်သေးသည်။ (သူ့အဖေက ဘီလျံနာဆိုရင်ပေါ့။ သူကျရင် အသုံးမကျလို့ မီလျံနာလောက်ပဲ ဖြစ်တော့မယ်။)

တောင်စဉ်ရေမရသည့် ကိစ္စမှာ အရေးတကြီး အပူတပြင်း ဝေဖန်ရမည့် ကိစ္စမဟုတ်ပါ။ vampire ကို ကိုက်နေ၊ ကုတ်ခြစ်နေသော မြန်မာစကားမတတ်သော မြန်မာမော်ဒယ်လေးများကို ကြည့်ရင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီကို ကျွန်တော်လည်း လိုက်ပါ လျှောက်လှမ်းနေပါသည်။ စက်မှုစွမ်းအားဖြင့် ခေတ်ကျော်လွှားမိရာမှ ကျောက်ခေတ်ဘက် ပြန်ရောက် သွားသောကြောင့် မနည်း ပြန်ကွေ့လာရသော နိုင်ငံတော်ကို အဝေးမှပင် လှမ်းကြည်ညိုနေမိပါသည်။

လူမိုက်များ၏ ပေါင်းစည်းစွမ်းအားကို မည်သည့် ခေတ်အခါတွင်မှ လျော့တွက်၍မရပါ။ မာဘဲလ်နှင့် ဒီစီ ကော်မစ်နှစ်ခုပေါင်းလျှင်ပင် မြန်မာပြည်က စွမ်းအားရှင်ဦးရေကို မမီသေးပါ။ သောကြာနေ့တွင် နိုင်ငံရေးမပြောရပါ။ ဖရီးမေဆင်များသည်ပင် ညီအစ်ကိုချင်း စိတ်ဝမ်းကွဲစေနိုင်သော နိုင်ငံရေးနှင့်ဘာသာရေးကို အသင်းအစည်းအဝေးတွင် မပြောကြရပါ။ ကျွန်တော်လည်း မပြောတော့ပါ။ သို့သော်လည်း အဝေးမှပင် ကြည်ညိုပါသည်။

John Lenon ၏ Imagine သီချင်းကို ဘယ်လိုမြင်လဲဟု သူငယ်ချင်း စာသားသွပ်သမားကို မေးတော့ ဆပ်ပြာမှုန့်ကြော်ငြာလုပ်ဖို့ စဉ်းစားနေသည်ဟု ပြန်ဖြေပါသည်။ ထိုမျှလောက် ပညာရှင်ပေါလျှက်နှင့် ကိုယ့်တိုင်းပြည်ကြီး ကမ္ဘာကို ကျော်မတက်သေးသည်ကို တစ်ခါတစ်ခါ အံ့သြမင်သက် ရပါသည်။ စကားလုံးအကြီးကြီးများဖြင့် အနိုင်ယူလိုသော အသက်ကြီးကြီး ကလေးကြီးများ၏ ယူတိုးပီးယားတွင် ဂျွန်လင်နွန်၏ ဆပ်ပြာမှုန့်ကြော်ငြာရန်သင့်သော Imagine သီချင်းကို အတူဆိုကြပါဦးမည်။

သောကြာနေ့ ဖြစ်သောကြောင့် အေးစက်နေသော ဖန်ခွက်များအတွင်းသို့ အေးစက်နေသော ဂျာမဏီနွားနို့ အပျော့များဖြည့်ကာ ပင်လယ်ကမ်းခြေကို ငေးနေမိပါသည်။ လူ့ဘဝသည် ဒိုင်နိုဆောများ၏ အိမ်မက်ကို ဆက်လက်ထမ်းဆောင်ရန် အစားထိုးတာဝန်ဖြင့် လာရောက် နေထိုင်ခြင်းသာ ဖြစ်ပါသည်။ သိပ်အများကြီး မတွေးကြပါနှင့်။ ဦးခေါင်းများ နာကျင်တတ်ပါသည်။


Zephyr


(ဆရာများတဲ့လောကကြီးမှာ၊ တပည့်ကြီးလုပ်ပြီး ညာစားနိုင်သူသာဖြစ်ပါရစေ ဆိုတဲ့ သူငယ်ချင်းများသို့ အမှတ်ရချက်။)



Peace B with U.