Wednesday, June 1, 2011

လမင်းကို ပျားရည်ဖြင့်ခွက်စောင်းခုတ်ခြင်း။

လမင်းကို ပျားရည်ဖြင့်ခွက်စောင်းခုတ်ခြင်း။ (Part 1)

Honeymoon

29th May 2011

ဘာဆိုဘာမှမစီစဉ်ထားဘဲ မလေးရှားကိုသွားလိုက်တယ်။ အံ့အားသင့်စရာကောင်းတာက ကံတရားရဲ့ဇာတ်လမ်းက ပိုပြီးလှနေတတ်တာပါပဲ။

မလေးရှားရောက်တော့ အဖေ့ဆီသွားနေတယ်။ လန်ကာဝီ သွားဖို့ လက်မှတ်ဝယ်ရတဲ့လေဆိပ်နဲ့ အဖေအလုပ်လုပ်တဲ့နေရာက ဆယ်မိနစ်ပဲသွားရတယ်။ လက်မှတ်က ချက်ချင်းဝယ်လို့ဈေးနည်းနည်းများသွားတယ်။ တစ်ယောက်ကို ၂၈၈ ရင်းဂစ်ပေးရတယ်။ တစ်ခြားဘာတွေပေါင်းလိုက်သလဲမသိဘူး။ ၆၁၇ ကျပ်ပေးခဲ့ရတယ်။ Fire Fly ဆိုတဲ့လေကြောင်း။ အားရစရာသိပ်ကောင်းတယ်။ 2007 တုန်းကတော့ အင်ဂျင်နှစ်လုံးရပ်သွားလို့ ကွင်းကိုအမြန်ပြန်ဆင်းလိုက်ရသေးတယ်ဆိုပဲ။။ အောင်းမလေး လို့တောင်မအော်နိုင်တော့ပါဘူး။

ဘာဆိုဘာမှလုပ်စရာမရှိဘူး။ တော်တော်ဇိမ်ကျတယ်။ ဖုန်းက ဂိမ်းလေးဆော့လိုက်၊ ဂျာနယ်ဖတ်လိုက်။ စကားပြောလိုက်။ အဖေကျွေးတာတွေစားလိုက်နဲ့တော်တော်လေးကို နေသာထိုင်သာရှိပါတယ်။ ညကြတော့မှ အဖေချက်ကျွေးတဲ့ chicken rice စားပြီး၊ iCity သွားကြတယ်။

Google မှာ icity malaysia ဆိုပြီးရိုက်ထည့်ပြီး Images တွေကိုကြည့်လိုက်မယ်ဆိုရင် အတော်လေးလှတယ်ဆိုတာသိနိုင်တယ်။ စင်ကာပူမှာ ဒါမျိုးဘယ်တော့မှလုပ်နိုင်မှာမဟုတ်ဘူး။ နည်းပညာအရမလုပ်နိုင်တာမဟုတ်ဘူး။ နေရာကျဉ်းနေတဲ့အတွက် လုပ်လို့မရနိုင်ဘူး။ မလေးရှားကတော့ နယ်မြေကျယ်ဝန်းသလို လုပ်သားဈေးပေါတဲ့အတွက် ဘာမဆို ကြီးကြီးကျယ်ကျယ်ပိုလုပ်လို့လွယ်ကူပါတယ်။

Malaysia မှာကောင်းတာနောက်တစ်ခုက ကားတွေဈေးပေါတာပါ။ iCity ကိုသွားတော့ အဖေ့မိတ်ဆွေကားနဲ့သွားပါတယ်။ ကားဈေးက ၅၀၀၀ ၊ ၆၀၀၀ ဆိုရင် အတော်လေးကောင်းတာ ၀ယ်လို့ရတယ်လို့သိရပါတယ်။ လူလတ်တန်းစားတွေလက်လှမ်းမီတဲ့အရပ်မှာ ကားဈေးတွေရှိနေသေးတာကောင်းတာပေါ့။ မလေးရှားက ကျယ်ဝန်းပြီး ကားလမ်းတွေလည်းကောင်းတဲ့အတွက် ကားနဲ့သွားလာရတာ အဆင်ပြေပါတယ်။

iCity မှာတော့ မီးတွေ လင်းထိန်နေတဲ့ digital သစ်ပင်တွေရဲ့အလှအပကို ရင်သပ်ရှူမောဖြစ်ရပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ breathtaking view, အသက်ရှူမှုကိုလုယက်သွားတဲ့မြင်ကွင်းပေါ့။ (အသက်ရှူမှားလောက်အောင်လှတယ်လို့ဆိုလိုချင်ပုံရတယ်။) Digital Camera နဲ့ရိုက်တဲ့အတွက်ပုံတွေကမလှဘူး။ ဒါကိုလည်း မိန်းမကို မကြာမကြာသတိပေးရတယ်။ DSLR ၀ယ်ဖို့ခွင့်ပြုမိန့်မကျသေးဘူး။ ကျလာရင်တော့ ဓာတ်ပုံတွေဘာတွေရိုက်ပြီးတင်လိုက်ဦးမလို့ပဲ။ :)

အဲဒီမှာ Snow walk လည်းရှိတယ်။ဈေးလည်း Genting သွားတုန်းက ၀င်ခဲ့သေးလို့ ဒီမှာ ထပ်မ၀င်ဖြစ်ခဲ့ဘူး။

မလေးရှားရောက်တုန်း အဖေ့မိတ်ဆွေတွေနဲ့လည်းစကားပြောဖြစ်တယ်။ မလေးရှားမှာ အလုပ်လုပ်ကြတယ်ဆိုတာ အများစုက လခများကြတာမဟုတ်ဘူး။ ရရစားစားတွေပဲများတယ်။ မိသားစုအတွက် ထွက်လာကြ၊ လုပ်ရင်းကိုင်ရင်းအသက်တွေကြီးသွားကြနဲ့ တွေးကြည့်ရင်သနားစရာသိပ်ကောင်းတယ်။ အဖေ့သူငယ်ချင်းတစ်ယောက်ဆို ရောက်နေတာ ၁၃ နှစ်ရှိပြီ။ သူ့ကလေး ကိုးတန်းရောက်ပြီ။ ကလေး တစ်နှစ်သားမှာထွက်လာတာ။ တခါမှ မပြန်ရသေးဘူး။ ဒါတွေက ကဗျာတွေ၊ဇာတ်လမ်းတွေ၊ဗီဒီယိုထဲတွေမှာသာ ခံစားလို့ကောင်းရင်ကောင်းမယ်။ အပြင်မှာတော့ စိတ်မကောင်းစရာအတိပဲ။ မိဘမေတ္တာတွေလည်းဖြစ်တယ်။ ဘ၀က တိုတိုလေးပါပဲ။ ဒါပေမယ့် လောကဓံတွေကတော့ ရှည်တယ်။

30th May 2011

မနက်နိုးလာတော့ မလေးရှားက အဖေ့အခန်းထဲမှာ ... အိပ်ရာပြောင်းသွားလို့ထင်တယ်။ အိပ်လိုက်တာ တရေးမှမနိုးဘူး။ မိန်းမကတော့ Megan Fox လိုဖြစ်နေတယ်။ Jennifer's Body Movie ထဲက သွေးမသောက်ရသေးတဲ့ Jenifer Check အဖြစ်သရုပ်ဆောင်စဉ်ကလိုပေါ့။ :) LOS (Laugh Out Soft)။ အဲဒါလည်း မတူတဲ့အချက်ပဲ။ ရှေးဘ၀က ကုသိုလ်ကံကောင်းသူတွေဟာ အိပ်လိုက်တာနဲ့ သစ်တုံးလို sleep like a log ဖြစ်ကြတယ်ဆိုလားပဲ။ နောက်ဘ၀ကြရင် ကားပေါ်မှာတို့၊ရထားပေါ်မှာတို့၊ အိပ်ရာပြောင်းတဲ့အခါတို့ အိပ်နိုင်အောင်နာနာဆုတောင်းဖို့မှာရတယ်။

မနက်စာအဖြစ် အဖေကြော်ကျွေးတဲ့ ကြာဆံကြော်စားပြီး လေဆိပ်ကိုထွက်လာတယ်။ လေဆိပ်က လှမ်းကြည့်ရင်မြင်ရတယ်။ ဒါပေမယ့် ကွေ့ပတ်သွားရလို့ ဆယ်မိနစ်လောက်မောင်းရတယ်။ အဖေတို့စက်ရုံက တရုတ်တစ်ယောက်လိုက်မောင်းပို့ပေးတယ်။

မလေးရှားမှာ ဘာမှ စည်းကမ်းထွေထွေထူးထူးမရှိဘူး။ မြန်မာပြည်နဲ့ပိုတူတယ်။ အမှိုက်တွေပစ်ချင်တဲ့နေရာပစ်တာပဲ။ လေဆိပ်ကတော့ သပ်ရပ်ပါတယ်။ မဆိုးဘူးပေါ့။ တစ်ချိန်ကတော့ အင်တာနက်ရှင်းနယ်လေဆိပ်ဖြစ်ခဲ့ဖူးတဲ့လေဆိပ်ပေါ့။ အဲဒီမှာ May Bank ရှိတယ်။ မိန်းမက ပိုက်ဆံထပ်ထုတ်ဖို့ပြောလို့။ Cirrus ပါလားမပါလားသွားရှာဖတ်ရတယ်။ POSB card တွေမှာ Cirrus ဆိုတဲ့ Logo လေးပါရင် Cirrus Network တွေနဲ့ချိတ်ဆက်ထားတဲ့ ဘယ် ATM မှာမဆို ပိုက်ပိုက်ထုတ်လို့ရတယ်လို့ ရုံးက ကိုဝဏ္ဏကြီးပြောတာနဲ့ အခုမှ စမ်းသပ်ခွင့်ကြုံတယ်။ မလေးရှားငွေတွေထွက်လာတယ်။ အဆင်ပြေတယ်။ ပိုက်ဆံများများမလဲသွားရင်လည်း ဟိုမှာထုတ်လို့ရတော့ဘာမှပူစရာမရှိဘူး။

လေဆိပ်မှာ Luggage ကလည်း တစ်ယောက်ကို လက်ဆွဲအိတ်တစ်အိတ်ပဲပါတော့ ပေါ့ပေါ့ပါးပါးပဲ။ သော့တောင်မပါဘူး။ တစ်ခါတည်းတင်ပေးလိုက်တယ်။ အခုအချိန်က မလေးရှားမှာ ကလေးတွေကျောင်းပိတ်ရက်ဆိုတော့ အသွားအလာများတယ်လို့သိရတယ်။

ရုပ်ခံကြောင့်လည်းပါတယ်။ တွေ့သမျှ မလေးတွေက မလေးလို လာလာပြောတယ်။ နှစ်ယောက်စလုံးက မလေးလိုလို ကုလားလိုလိုရုပ်ဆိုတော့ အတော်လေးအဆင်ပြေတယ်။ သူတို့က မလေးအချင်းချင်း သိပ်ကူုညီတာ။

၁၁ နာရီခွဲထွက်မယ့်လေယာဉ်က ဆိုင်းဘုတ်တောင်မပြဘူး။ ၁၁ နာရီခွဲခါနီး ၂ မိနစ်လောက်မှ ကောက်ခါငင်ခါ ပြတယ်။ သူ့အရပ်နဲ့သူ့ဇာတ်တော့ဟုတ်နေတာပဲ။ ဘာဆိုဘာမှမစစ်ဘူး။ ဗုံးသယ်လာရင်တောင် ရတယ်။ ကူတောင်သယ်ပေးဦးမယ်။ ဂိတ်ကလည်း Gate 4 ဆိုပြီး Gate 5 က၀င်ရတယ်။

လေယာဉ်က တစ်နာရီလောက်စီးရမယ်။ မိန်းမက မူးတတ်တယ်ဆိုတော့ မမူးအောင်စောင့်ရှောက်ရတယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး။ ကိုယ့်ပါးစပ်လေးကိုယ်ပိတ်ထားပြီး စကားသိပ်မများပဲလိုက်လာပြီးစောင့်ရှောက်တာမျိုးပါ။ ကားနဲ့သွားရင် ခြောက်နာရီလောက်ကြာပါတယ်။ ကားနဲ့က အချိန်ရရင် သွားလို့ကောင်းပါတယ်။ အချိန်နည်းနည်းနဲ့သွားချင်ရင်တော့ လေယာဉ်စီးတာကောင်းပါတယ်။

တစ်နာရီခန့်အကြာ၊
ထမင်းမချက်တတ်ချက်တတ်နဲ့ချက်လိုက် rice cooker ဖွင့်ကြည့်လိုက်လုပ်နေလို့ ထမင်းကျက်ဖို့ကြာနေသလောက်၊ အံသွားမကောင်းတဲ့ အဖိုးကြီးကွမ်းဝါးတာ တစ်ယာညက်ပြီးလျှာထွက်သွားတဲ့အချိန်လောက်မှာ langkawi ကိုရောက်တယ်။

Langkawi ရောက်တော့ လေဆိပ်မှာ ကားငှားတယ်။ စင်းလုံးငှားကြတာများတယ်။ ဟိုတယ်ခန်းတွေလည်း အဲဒီမှာတင် book လုပ်လို့ရတယ်။ ဈေးသက်သာတယ်။ 2 Stars၊ 3 Stars တွေလောက်ပါပဲ။ သိပ်ကြီးကျယ်တာတွေတော့ သိပ်မတွေ့ခဲ့ဘူး။ ရှိတာတော့ရှိတယ်။ တစ်ညကို ၆၀၀ ၊၇၀၀၊ ၈၀၀ လောက်တွေလည်းရှိတယ်။ ရေထဲမှာသွားနေချင်ရင်တော့ တစ်ညကို တစ်ထောင်ကနေ သုံးထောင်လောက်အထိကျတဲ့ နေရာတွေရှိတယ်လို့သိရတယ်။ မြန်မာပြည်က ဘုန်းတော်ကြီးတစ်ပါးကတော့ သုံးထောင်တန်မှာတည်းသွားသေးတယ်လို့သိရတယ်။ အခုသာတည်းနေတုန်းဆိုရင် ကပ္ပိယလိုလိုဘာလိုလိုနဲ့လိုက်တည်းမလားတောင်စဉ်းစားမိတယ်။

ကျောင်းပိတ်ရက်မလို့ လူများပေမယ့်ဈေးကတော့သက်သာပါတယ်။တည်းခိုခန်းက နှစ်ယောက်ခန်းကို တစ်ည ၁၇၀ ပဲပေးရပါတယ်။ လျှောက်သွားဖို့ package က ဈေးအပေါဆုံးကိုထပ်လျှော့ပေးတာနဲ့ ၃၅ ရင်းဂစ်ပဲပေးရပါတယ်။ ကျွန်းသုံးကျွန်းကိုလိုက်ပြတဲ့ packageပါ။ Island Hopping လို့ခေါ်ပါတယ်။ အဲဒါတွေဝယ်လိုက်ပါတယ်။ ပြီးတော့ စင်ကာပူပြန်ဖို့ Air Asia ကိုပဲအားကိုးလိုက်ပါတယ်။ တစ်ပါတ်ကိုနှစ်ရက်လောက်လေယာဉ်ရှိပါတယ်။ လေယာဉ်ချိန်ကတော့စောပါတယ်။ မနက် ၈:၅၅ ထွက်ပါတယ်။ Luggage မပါဘဲ၊ Hand Carry 7kg အောက်ဆိုရင် တစ်ယောက်ကို သုံးရာကျော်ကျော်ပဲပေးရပါတယ်။ ဘေးနားက မလေးရှားလေကြောင်းလိုင်းကတော့ တစ်ယောက်ကို ၅၃၆ ရင်းဂစ်ဆိုတော့ ချစ်ပေမယ့် အောင့်မနမ်းလိုက်တော့ပါဘူး။


တည်းခိုခန်းကတော့ အတော်လေးကျယ်ပါတယ်။ နောက်ကိုထွက်လိုက်ရင်ပင်လယ်ကိုရောက်ပါတယ်။ တည်းခိုခန်းနဲ့ လေဆိပ်က ဆယ်မိနစ်ပဲဝေးပါတယ်။ အဲကွန်းလည်း ကောင်းပါတယ်။ အိမ်သာလည်းသန့်ပါတယ်။ ရေစိမ်တဲ့ကန်မပါတာကလွဲရင် ကျန်တာတွေအဆင်ပြေပါတယ်။ တီဗီကလေးလိုင်းလောက်မဆိုးပါဘူး။ အားကစား၊ ကမ္ဘာ့စီးပွားရေးနဲ့၊ တီဗွီဇာတ်လမ်းတွဲတွေပြပါတယ်။

နေ့လည် ၃ နာရီမှ အခန်းက check-in လုပ်ရမယ်ဆိုပေမယ့် စောစောရောက်သွားတော့လည်းမစောင့်ရပါဘူး။ အဆင်ပြေပါတယ်။ အပြင်မှာ ထွက်စားတော့လည်းဈေးသက်သာပါတယ်။ Tomato ဆိုတဲ့ဆိုင်မှာစားပါတယ်။ အစစအရာအရာအဆင်ပြေပါတယ်။ လူတွေကလည်း ဖော်ရွေပါတယ်။

ရေထဲဆင်းဖို့ဖိနပ်နဲ့ဘောင်းဘီ လိုက်ရှာဝယ်တာ ဈေးကြီးလို့မ၀ယ်ခဲ့ဘူး။ မလေးရင်းဂစ် ၂ ကျပ်တန် ဖိနပ်ကို ၁၂ ရင်းဂစ်နဲ့ရောင်းတာကိုတော့ လက်မခံချင်ဘူးဖြစ်တယ်။ တစ်ခါတည်းစီးလိုက်ဖို့တော့ အကုန်မခံတော့ဘူး။ ဖိနပ်ချွတ်ပြီးရေထဲဆင်းသွားလဲနီးသားပဲဆိုပြီး နှစ်ယောက်သားစိတ်တူကိုယ်တူမ၀ယ်ဘဲပြန်လာကြတယ်။ အင်တာနက်ဆိုင်ရှိတယ်။ ထိုင်းအနှိပ်ရှိတယ်။ ပင်လယ်စာရောင်းတဲ့ဆိုင်တွေရှိတယ်။ ဈေးတန်းလေးတွေလျှောက်ရတာပျော်တတ်ရင်ပျော်စရာကောင်းပါတယ်။

ညနေမှာတော့ sunset ဓာတ်ပုံမရိုက်ခင်ခဏအိပ်လိုက်တာ ၇ နာရီခွဲလောက်မှနိုးတော့ sun က ဘယ်တုန်းက set သွားမှန်းတောင်မသိလိုက်ပါဘူး။ ကမ်းခြေက အာပြဲတဲ့သူနှစ်ခါလောက် လှမ်းအော်ရုံကျယ်ပါတယ်။ ဆိုလိုတာက ခပ်ကျဉ်းကျဉ်းပါပဲ။ ရေကတော့ စိမ်းပါတယ်။ ကြည်ပါတယ်။ ရေထဲမှာဆော့ဖို့ activity တွေရှိပါတယ်။ နှစ်ယောက်စလုံးက ကြောက်တတ်တော့ ဘာမှမစီးလာပါဘူး။ ရေစပ်မှာလမ်းလျှောက်ရင်း East Coast ထက်သာတယ်နော်လို့ပဲပြောဖြစ်ပါတယ်။ သင်္ဘောမမြင်ရတဲ့ကမ်းခြေ၊ သဲအစစ်နဲ့ကမ်းခြေကတော့ စင်ကာပူ ပေါတောတောကမ်းခြေထက်တော့သာတာပါပဲ။

အလိုလိုနေရင်းဗိုက်ဆာဆာလာတဲ့ရောဂါဖြစ်နေလို့မကြာမကြာစားဖြစ်ပါတယ်။ မသောက်တတ်တဲ့အတွက်အတော်လေးနစ်နာသွားပါတယ်။ langkawi ဟာ Tax free ဖြစ်လို့ ဘီယာ၊အရက်၊ဆေးလိပ်တွေဈေးသက်သာပါတယ်။ အင်မတန်ပေါတယ်လို့တောင်ဆိုနိုင်ပါတယ်။ အရက်သောက်ဖို့သွားရင်တော့ Menu ကိုသေချာဖတ်ဖို့လိုပါတယ်။ ပုဇွန်ထုပ်ကင်ကြီး ၁၆ ရင်းဂစ်ဆိုပြီးစားလိုက်ရင်တော့ per 100 g ဆိုတဲ့ စာလုံးသေးသေးလေးကို မြင်လိုက်မှာမဟုတ်ပါဘူး။ မမူးခင်မှာထားတာကောင်းပါတယ်။ မျက်စိရှင်ရှင်နဲ့စားပါ။

အကင်ဆိုင်လေးတွေလည်းမဆိုးပါဘူး။စားနေကြတာတွေ့တယ်။ကျွန်တော်တို့ကတော့ ရှေးရိုးစွဲဆန်တယ်။နှစ်ရက်စလုံး Tomato ဆိုတဲ့ဆိုင်မှာမှာ အစားအစာအမျိုးမျိုးပြောင်းစားတယ်။ဆိုင်မပြောင်းတော့ဘူး။ ဈေးသက်သာလို့။ ဒါတောင်အဲဒီဆိုင်က ပလာတာညံ့တယ်။ ထောပတ်ပလာတာညံ့တယ်။ ကြက်ဥပလာညံ့တယ်။ ကီးမားပလာတာညံ့တယ်။ ကျန်တဲ့ပလာတာတွေမစားခဲ့ပေမယ့် အဲဒီကုလားက ပလာတာကောင်းကောင်းမလုပ်တတ်ဘူး။ တခြားအစားအစာတွေအဆင်ပြေတယ်။

ညဘက်မှာ လမ်းလျှောက်ရင်း Under Water world ရှိတဲ့နေရာကိုရောက်တယ်။


Regards,
The Gardener.

Notes:

Kung fu Panda 2 ပြေးကြည့်လိုက်ဦးမယ်ဗျာ။
ပြန်လာမှဆက်ရေးတော့မယ်။





Peace B with U.