Saturday, June 28, 2014

ခယံပတ္တာ၊ ဝယံပတ္တာ

ခယံပတ္တာ၊ ဝယံပတ္တာ


မနေ့တစ်နေ့က ဆိုနေခဲ့သေးသည့် အယ်နောင်းရဲ့ အချစ်နဲ့ဘဝ သည် လောကဓံ၏ လမ်းကျဉ်းလေးထဲတွင် ကျကျန်ခဲ့ပြီ။ မရိုးသားခြင်းနှင့် ဓာတ်ပြုထားသည့်ခင်မင်မှု အပူချိန် ၁၀၉၆  ဒီဂရီမှာ ပေါက်ကွဲသွားသည့်၊ (အပူဒဏ်ခံနိုင်ပုံမရသော) ဖန်ထည် စမ်းသပ်ပစ္စည်းတစ်ခု၏ ကြွပ်ဆတ်လွယ်မှုအကြောင်းကို သံဝေဂရယူရန် လောကထဲ လမ်းလျှောက်ထွက်ခဲ့ခြင်း မဟုတ်ပါ။ မဟုတ်ခဲ့ပါ။ သံသရာသည် ဟမ်းစတားတစ်ကောင်၏ အပြေးလေ့ကျင့်ရာ ဘီးငယ်လေးတစ်ခုဖြစ်ပါသည်။ သံသရာတွင်း လှည့်လည်ပြေးလွှားရာမှ မာကျောသော နှလုံးသားများ၏ ကြံ့ခိုင်မှုကို ကျွန်တော်တို့ရလာခဲ့ကြပါသည်။

မျက်လုံးကို ခြင်ကိုက်လျှင် မာရေကျောရေ ရှိပုံရသော ဂဏန်းတစ်ကောင်သည် သေဆုံးရသော အဖြစ်သို့ရောက်သည်။ ခြင်ထောင်ထဲတွင် သိုလှောင်ထားသော ဂဏန်းများကို သွားကြည့်ပြီး ထိခိုက်လွယ်၊ သေဆုံးလွယ်သော ကမ္ဘာကြီး၏ မာခြင်းအဆင့်နိမ့်ကျမှုကို တွေးမိသွားသည်။ ဖြစ်နိုင်လျှင် ရေရှည်မချစ်နိုင်သူများကို အမှတ်တရ ပစ္စည်းများမပေးစေချင်ပါ။ ဖွင့်ထားသော စီဒီဓာတ်ပြားသည် လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော် သီချင်းများကို ဖွင့်လှစ်ပြသနေသည်။ ထိုအချိန်က စီဒီကူးစက်များဖောဖောသီသီမရှိသေး။ နှစ်လစာမုန့်ဖိုးစုပြီး တေးသံသွင်းဆိုင်သို့  Maxell 700 MB တစ်ချပ် နှင့် သီချင်းစာရင်း ကိုင်ကာ သွားခဲ့ရသော ခေတ်၏ လေးနက်မှုကို ကျွန်တော်ချစ်သည်။ ပထမဆုံး သီချင်းမှာ Skid row ၏  I remember you ဖြစ်သည်။ ဂဏန်းမျက်လုံးကို ကိုက်သော ခြင်တစ်ကောင်၏ ရယ်သွမ်းသွေးသံကို ကျွန်တော်ကြားနေရသည်။

မြတ်နိုးခြင်းသည် အမြတ်=No ဖြစ်ခြင်းဖြစ်ကြောင်း ကဗျာလေးတစ်ပုဒ်ရေးဖြစ်ခဲ့သည်။ မညီညာသော လမ်းများကို နှလုံးသားများဖြည့်၍ လျှောက်ခဲ့ကြသော လူငယ်ဘဝ၏ နွေးထွေးမှုသည် မှတ်သိစိတ်၏ ဖျက်မရသော တက်တူးများဖြစ်လိမ့်မည်။ တန်ဖိုးမဲ့ခြေလှမ်းများ၏ တန်ဖိုးဖြတ်မရမှု၊ အေးမြသော ဆောင်းရာသီနှင့်အတူ၊ လက်ခံရရှိခဲ့သော နွေးထွေးသော လက်ဖဝါးတစ်စုံသည် ထာဝရမွှေးပျံ့ချိုအီသော ပုံပြင်တစ်ခုဖြစ်လိမ့်မည်။ သေချာလေးနက်စေရန် ထာဝရမွှေးပျံ့ချိုအီသော ဆိုသည့်စာသား ကို ၄လက်မ ခြောက်လက်မ အရွယ်ရှိသော ထင်းရှုးသား ပျဉ်ပြားလေးဝယ်ပြီး ကျောင်းကတွင်ခုံတွင် စာလုံးလှလှလေးထွင်းခဲ့သည်။ လှသော ကံကော်ပန်းမလေးအတွက် လိုက်ဖက်သော အစိမ်းရောင်သစ်ရွက်ဖြစ်နေလျှင်တော်ပြီ။ လောကကြီးထံမှ တစ်ခြားအရာများ မလိုအပ်ခဲ့ပါ။

ကျောင်းစာသင်ခန်းထဲတွင် Englishစာသင်သော ဆရာမက Casue and Effect ကို အကျယ်ချဲ့နေသည်။ မြန်မာလို အကြောင်းနဲ့အကျိုး၊ လုပ်ရပ်နဲ့ ဖြစ်ပျက် ဒီလိုခေါ်တယ်။ နောက်ထပ်ဘယ်လိုခေါ်သေးလဲ ဟုမေးနေသည်။ အင်္ဂလိပ်စာဆရာမ၏ မြန်မာစာကွန့်မြူးချက်ကို ကြည့်မရတော့သော ချစ်သူငယ်ချင်းကြီး ငရဲက ပဋိစ္စ၊သမုပါဒ် လို့လည်းခေါ်သေးတယ် ဟု ခပ်ရွဲ့ရွဲ့ဝင်ငေါ့လိုက်မှ ဆရာမလည်း အရှိန်သတ်သွားသည်။ ပုဒ်အထားအသိုမှားသွားသော ဆရာမ၏ အောင့်သီးအောင့်သက်ဖြစ်မှုကို dangling modifier ဖြစ်နေသော မျက်နှာထားဟု သူမကဆိုသည်။ ချစ်စရာကောင်းသော ဇဝနဥာဏ်ဟု ကျွန်တော်သတ်မှတ်သည်။ သူမ လေတစ်ခြမ်းဖြတ်၍ ဇက်တောက်ဇက်တောက် လမ်းလျှောက်လျှင်ပင် ဟစ်တလာဆန်သည့်တိုင်၊ အတန်အသင့်ချစ်ခင်ဖွယ်ကောင်းနေသေးသော ခမ်းနားမှုဟု ကျွန်တော်ထင်ချင် ထင်မိနေနိုင်သည်။ ထို့အတွက် ထင်မြင်ချက်နှင့်ပတ်သက်ပြီး ရပ်ကွက်ထောက်ခံစာ မပါခဲ့သည်ကို သင်နှင့်ခင်ဗျား ခွင့်မလွှတ်သည့်တိုင် ကျွန်တော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ပါ။

အိမ်မက်များ၏ လေးလံမှုကို အိပ်ပျော်သွားခဲ့သူများသာ သိနိုင်ပါလိမ့်မည်။ မနက်စောစော စံပယ်ပန်းရနံ့၏ လတ်ဆတ်မှုနှင့် အရုဏ်သစ်၏ ကြည်လင်မှုပေါင်းစပ်ထားသော ဂီတ၏ စိတ်ညွတ်နူးဖွယ်ကောင်းမှုသည် မင်္ဂလာတရားတော်တွင်ထပ်မံဖြည့်စွက်လိုသည့် တစ်ပါးသော မင်္ဂလာတရားလည်းဖြစ်သည်။ အချိန်များသည် တစ်နေရာရာတွင် ရပ်တန့်နေသည်။ ဘဝ၏တစ်နေရာရာတွင် ရှေ့ကို ဆက်လက်လိုက်ပါမလာတော့သော အချိန်များ၏ ရပ်တန့်မှုကို တွေ့နိုင်သည်။ သူ့အတိုင်းရှိနေသည်။ အကောင်းအတိုင်းရှိနေသည်။ နူးညံ့ပျော့ပြောင်းသော နှင်းဆီပွင့်ဖတ်လေးပေါ်မှ အလွန်တောက်ပသော ရေမှုန်လေးအတွင်း ပိတ်မိနေသော နံနက်ခင်းအလင်းရောင်လှလှလေးသည် အတိတ်တစ်ချိန်ချိန်တွင် ရပ်တန့်နေခဲ့သည်။ သာယာချိုနွဲ့သော Yanni ၏ ပီယာနိုတီးကွက်များ ဦးညွတ်ရသော ရွှေအိုရောင် အပြုံးလဲ့လဲ့လးတစ်ခုသည် ကာလယန္တရား စီမံခြယ်လှယ်မှုကို လက်နက်မဲ့အောင်နိုင်သော ခေတ်သစ် အဟိံသတရားလည်းဖြစ်သည်။ သူငယ်ချင်း ငရဲအလိုအရဆိုလျှင်တော့ နိဗ္ဗာန်မရောက်ကြောင်း ပဋိစ္စသမုပါဒ်ဖြစ်လိမ့်မည်။ သံယောဇဉ်ဖဿ ပစ္စယာ၊ ပြာလဲ့သော ဝေဒနာဖြစ်လိမ့်မည်။

စိတ်သည် အချိန်နာရီများနှင့် သဟဇာတ ဖြစ်လေ့မရှိပါ။ မြင်အပ်၊မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါများထက် သူ(မ)ကိုပိုချစ်မိခြင်းမှာ မတော်တဆမှုတစ်ခုဖြစ်သည်ဆိုပါစို့၊ ထိုမတော်တဆမှုလေးတစ်ခုကို လျှို့ဝှက်စွာသိမ်းဆည်းထားသည့် ကနုတ်ပါသော သေတ္တာတစ်လုံး၏ ငြိမ်ဝပ်မှုသည် သုညတမဆိုက်သည့်တိုင်၊ နေ့စဉ်ရှုပွားသော ကျွနု်ပ်၏ သီးသန့် ဘာဝနာတရားလည်းဖြစ်သည်။ ကိုမီးပြတိုက်(ဝါ) firehouse ၏ You are my religion သီချင်းကို နွေးထွေးရှတသော အသံလေးဖြင့်သီဆိုနေသော သူမသည် အင်မတန်ချစ်စရာကောင်းသည်။ Not just for sunday, I love you everyday ဆိုသည့် စာသားလေးသည် အင်မတန်ဆီလျော်သည်။ Bon Jovi ၏ Always သီချင်းမှ forever and 1 day နေရာရောက်လျှင် cross my heart လုပ်လေ့ရှိသော သူငယ်မလေးကို ချစ်နေမိခြင်းသည် ဒုလ္လဘတည်းဟူသော လူ့ဘဝရခဲခြင်းအကြောင်းတရား၏ ညီညွတ်ပြည့်စုံသွားခြင်းဖြစ်လိမ့်မည်။ ရာဘင်ဒြာနတ် ၏ ကဗျာကို ဆရာမြသန်းတင့် ပြန်ဆိုသော သစ်သီးခူးကဗျာ စာအုပ်ကို သူ(မ) အမှတ်တရ ဝယ်ပေးခဲ့ဖူးသည်။ ထိုစာအုပ်၏ စာမျက်နှာ ၂၃ သည် ကျွန်တော့်အတွက်တော့ ခရစ်ယာန်များ၏ ဆာလံ ၂၃ ပင်ဖြစ်သည်။ (ဆာလံ ၂၃ ကို ခရစ်ယာန်တိုင်းရွတ်ကြသည်။)

ကျွနု်ပ်နှလုံးသားသည်
ပန်းတစ်ပွင့်နှယ် ပွင့်မည်ကို
ကျွနု်ပ် သိပါ၏။
ကျွနု်ပ်၏ ဘဝသည်လည်း
ဖုံးကွယ်ထားသော ရေပန်းကဲ့သို့
အလိုအလျောက် ပြည့်ပါ၏။
သင်၏တေးသီချင်းများသည်
အထီးကျန် ပန်းပွင့်တိုင်းပြည်မှ
လာသော ငှက်များပမာ
ကျွနု်ပ်၏ အသည်းနှလုံးတွင်
သိုက်မြုံဆောက်ရန်
အတောင်ဖြန့်၍ ပျံလာကြပါ၏။
သို့ဖြင့် ကျွနု်ပ်သည်
ရွှင်မြူးဖွယ် အသံကို
စောင့်ရကျိုး နပ်ပါ၏။

လှပသော အခိုက်အတန့်များကို တန်ဖိုးထားသောကြောင့် လူတို့သည် အနုပညာကို တီထွင်ခဲ့ကြပါသည်။ သိပ်ချစ်စရာကောင်းသော မှတ်သိစိတ်ထဲမှ တန်ဖိုးထားသောအရာတစ်ခုခု ပျောက်မသွားမီ သိမ်းဆည်းလိုက်ခြင်းအားဖြင့် ပန်းချီဆရာသည်ပန်းချီရေးဆွဲပါသည်။ ပန်းပုဆရာသည် ပန်းပုထုလုပ်ပါသည်။ ဓာတ်ပုံဆရာသည် အလှအပကို ကင်မရာဖြင့် သိမ်းဆည်းပါသည်။ ကဗျာဆရာသည် နှလုံးသားဖြင့် သိမ်းဆည်းပါသည်။ စကားပြေဆရာသည် သိမ်မွေ့သော စကားလုံးများဖြင့် မှတ်တမ်းမှတ်ရာများပြုကြပါသည်။ ရသေ့ရဟန်းများသည် ရှုမှတ်ဆင်ခြင်စိတ်ဖြင့် တန်ဖိုးထားလိုက်ကြပါသည်။ ဂီတဆရာသည် ခံစားချက်ကို သံစဉ်များပြုလုပ်ပါသည်။ တေးရေးဆရာသည် ရင်ခုန်မှုဖြင့် စာသားများကို ဂီတလိုင်းများပေါ်သို့ပစ်တင်ပါသည်။ မိမိ၏ ချစ်ခြင်းတရားကိုဖော်ထုတ်ပြသရန် စပယ်ဖူးတို့သည် ပွင့်လန်းကြပါသည်။ စကားမပြောတတ်သော သတ္တဝါငယ်များသည် ငေးမောကြည့်ရှုခြင်းဖြင့် သဘာဝတရား၏ အလှကို အသိအမှတ်ပြုကြသကဲ့သို့ပင်ဖြစ်သည်။ ပြင်းထန်သော လတ်တလောခံစားချက်များသည် လှပသော အနုပညာလက်ရာဖြစ်ကောင်းမှဖြစ်မည်ဟု ကျွန်တော်ထင်မိသည်။ တည်ငြိမ်ခြင်း၊အတိတ်၏ လွှမ်းမိုးမှုကင်းသော သိစိတ်၏ ရောင်ပြန်ဟပ်မှုသည်သာ ကြည်လင်သော အနုပညာ၏ အလင်းဖြစ်မည်ဟုထင်သည်။ ချစ်ခင်သော စိတ်၏ အလှတရားသည် သိမ်မွေ့သော အလှတရားဖြစ်ပါသည်။

သင်္ခါရတရားတို့၏ အစဉ်မလပ် လောင်ကျွမ်းမှု၊ ပျက်စီးမှု၊ မတည်မြဲမှုတို့ဖြင့်ဝန်းရံဖွဲ့ပတ်နေသည့်တိုင်၊ ချစ်ခြင်းတရားသည် လုံခြုံသော စိတ်အတွင်းတွင် အခါမလပ် နူးညံ့သော နွေးထွေးမှုဖြင့် ရှင်သန်လျှက်ရှိခြင်းမှာ လူသား၏ ကြီးမြတ်သော ဂုဏ်သိက္ခာတရားတစ်ခုလည်းဖြစ်သည်။ ထာဝရ မွှေးပျံ့ချိုအီသော ဆိုသည့် ထင်ရှူး ပျဉ်ပြားလေးသည် နံရံထက်တွင် တိတ်ဆိတ်စွာငြိမ်သက်နေသော်လည်း firehouse ၏ You are my religon သီချင်းကတော့ ပျော်ရွှင်စွာကခုန်နေလေသည်။ နေရောင်ခြည်၏ နွေးထွေးမှုဖြင့် ခြံရံနေသော အခန်းအတွင်း ဆောင်းရာသီ၏ လေညင်းရနံ့ကို ကျွန်တော်ရနေသည်။ ငြိမ်းချမ်းသော စိတ်များ၏ အေးချမ်းမှုတွင် သာယာသော စမ်းချောင်းငယ်များ စီးဆင်းနိုင်ကြပါစေဟု သာ ဆန္ဒပြုမိသည်။


Zephyr



Peace B with U.