Friday, July 22, 2011

သောကြာ

သောကြာ

သောကြာနေ့ဟာ သောကြာဆန်တယ်။
ပြန်မရောက်တော့တဲ့လမ်းသွယ်လေးကို စိတ်ထဲက ငေးကြည့်ရင် ပိုလှတယ်။
ချစ်ခဲ့တာကို ချစ်ခဲ့တဲ့အတိုင်းထားလိုက်။
မုန်းခဲ့တာကို မုန်းခဲ့တဲ့အတိုင်းထးလိုက်။
မင်း နေကောင်းသွားမှာပါ။

ဆရာဝန်ဆီမှာ လက်လျော့တဲ့အကြည့်ရှိပြီး၊
အောင်မြင်တဲ့လူနာဆီမှာ ငွေထုပ်၀၀ကြီးရှိတယ်။
ငွေထုပ်၀၀ကြီးဟာ မျှော်လင့်ခြင်းတွေကို ဖြတ်လတ်ပေါ့ပါးစေတယ်။
သံကုတင်တွေကို အခင်းအကာ လှပစေတယ်။ နူးညံ့ပျော့ပြောင်းစေတယ်။
သေခြင်းတရားကိုတောင် ရက်အတန်ကြာအောင် ၀င်ခွင့်ပိတ်ဆို့ထားနိုင်တယ်။

စာရွက်တွေထဲမှာ
အဖိုးတန်ပစ္စည်းညပ်နေသလို
စာဖတ်ခဲ့တဲ့နှစ်တွေကို နှမြောတယ်။
စောစောစီးစီး သေရမယ်ဆိုတဲ့အသိဟာ
ဆပ်ပြာပူပေါင်းရဲ့ အာမေဋိတ်လိုမျိုး၊
ပေါ့ပေါ့ပါးပါး ကြောက်ရွံ့စရာ။

ကိုယ့်မှာ လူလူသူသူ ရောဂါကြီးကြီးတစ်ခုရှိရင်ကောင်းမှာ။
ကိုယ်သေဆုံးသွားရင် လွှဲချစရာတစ်ခုခု
သူတို့ရဖို့လိုတယ်မဟုတ်လား။
Biopsy လုပ်ထားရတဲ့ ကဗျာက ပြောတယ်။
သူလည်း အားနည်းဖျော့တော့လို့။

ပြောင်းရွေ့ကြေးမြင့်မားနေဆဲ ဘောလုံးသမားများရဲ့
ခြေထောက်နှစ်ချောင်းလောက်
ဈေးမကောင်းတဲ့ ပညာကို သင်ယူခဲ့ရလို့
ငါတို့ဂုဏ်ယူကြတယ်။
နူးညံ့တဲ့ ရူးသွပ်မှုဟာ အောင်မြင်စွာ ရူးသွပ်ခြင်းလို
ပေါ်ပြူလာမဖြစ်ဘူး။
ဆယ်လီဘရစ်တီများရဲ့ ပျို့အန်သံဟာ
နားထောင်တတ်ရင် ဂီတဖြစ်တယ်။

ကမ္ဘာကြီးကို
ငါတို့မပိုင်ဘူးဆိုတဲ့အသိနဲ့
ကဗျာဆရာဟာနေထိုင်တယ်။
သဘာဝတရားဆီက
ရှုခွင့်ရတဲ့ အောက်ဆီဂျင်အတွက်
ကဗျာဆရာဟာ ကျေနပ်တယ်။
ကျေးဇူးလည်းတင်တယ်။
မကြာမကြာ
ရည်ရွယ်ချက်မဲ့ပြုံးမိတတ်လို့
လူနာတွေက သူ့ကိုခင်တယ်။

မနက်ခင်းကို ဆွဲဖွင့်လိုက်တဲ့ လက်ချောင်းတွေမှာ
ရဲရင့်မှုပါတယ်။
မနက်ခင်းမှာ ဆွဲဖွင့်လိုက်တဲ့ မျက်လုံးတွေမှာတာ့
ဖျော့တော့မှုပါပဲတယ်။
ငါမသေချင်သေးဘူး။
နှင်းဆီဟာ နှင်းဆီလို
စံပယ်ဟာ စံပယ်လို
ရထားဟာ ရထားလို
မသေချင်ဘူး။
ရနံ့များအားဖြင့်
ခုတ်မောင်းသံများအားဖြင့်
ဆန့်ကျင်ရုန်းကန်နေကြတယ်။
ငါကလည်း
အသက်ရှူသံများအားဖြင့်
ရုန်းကန်ခဲ့တယ်။

အမေပြောသလို
မလုံတဲ့အိုး တုတ်မိုးရုံနဲ့အက်တာပဲလား၊
အမှန်တရားထင်ခဲ့တာတွေ
အက်ကွဲသွား၊
ယုံကြည်မှုဟာ ဆပ်ပြာပူဖောင်းအရည်ခွံနဲ့
ထိကရုဏ်းပင်ရဲ့ ထိခိုက်လွယ်မှုနဲ့
မယုံတော့ဘူးဆိုရင်
သံသရာအဆက်ဆက် .... ၊
တန်ဖိုးမရှိတာကောက်သိမ်းတတ်တဲ့ အကျင့်ကို မိစ္ဆာ အကျင့် ခေါင်းစဉ်အောက်ကိုပို့ တစ်ယောက်တည်းဆက်လက်ထွက်ခွာ၊ အလွမ်းသီချင်း ဆိုညည်းလေ့မရှိ၊ အလေ့ကျပေါက်ရောက်သော သစ္စာတရားများ၊ နာဖျားနေတဲ့လူအတွက် အောင်မြင်ကျော်ကြားမှုမလိုသလို၊ မချစ်တော့တဲ့သူအတွက် အလွမ်းကဗျာတစ်ပုဒ်လည်းမလိုဘူး။ ဒါဟာ ကဗျာမရေးချင်ရခြင်းအကြောင်းတရားပေါ့။ သိပ်ကို ဒဏ်ရာရနေတဲ့ ကမ္ဘာကြီးဟာ ကဗျာများအားဖြင့် ပိုသည်းထန်မှာကို မလိုလားတဲ့ သွေးရိုးသားရိုး စေတနာပေါ့။ ကဗျာဟာ ဒဏ်ရာတွေရဲ့ တခြားသော အမည်နာမလည်းဖြစ်တယ်။ ဒဏ်ရာတွေဟာ ပင်နိယံတစ်ခုနဲ့တူပြီး ကဗျာကတော့ တိုက်စားပွန်းပဲ့သွားတဲ့ အစိတ်အပိုင်းများပဲပေါ့။

မြန်ဆန်တဲ့ဖွင့်ဆိုမှုတွေနဲ့ ဆက်လက်ရေငုံနှုတ်ပိတ်နေတဲ့ကဗျာတွေ တစ်စတစ်စများလာတယ်။ ဇီဝကဟာ တွေ့တဲ့အပင်နဲ့ဆေးကုတယ်။ သူကဗျားရေးရင် ဘာတွေဖြစ်မလဲ။ က၀ိပစ္စည်းမဟုတ်တာတော့ကြာပြီ။ ကဗျာဟာ အနာတွေလိုရင်းလာ၊ ခွဲစိတ်ကြ၊ ထုတ်ပြကြ၊ စုတ်သတ်ကြ၊ ကဗျာဟာ ကဗျာအဖြစ်မှ နန်းဆင်းပေးရသလိုလို၊ ကဗျာဟာ ဆင်းရဲသားရပ်ကွက်က မီးလောင်လို့ ထွက်ပြေးရသလိုလို၊ မထင်မရှားတစ်နေရာလေးမှာ ဇာတ်မြုပ်လို့ဆိုတာတွေဖြစ်လာ၊ ကဗျာသေပြီ၊ တောင်အောက်ပြုတ်ကျသွားပြီ၊ တရားအရှာထွက်သွားပြီ၊ နောက်အိမ်ထောင်ပြုလိုက်ပြီစတဲ့ အက်ဆေးတွေထွက်လာ၊ ကဗျာမရေးတတ်သူတွေဟာ ကဗျာအကြောင်းအကျယ်ဆုံးပြောတဲ့သူတွေဖြစ်နေခဲ့တာဟာ ခေတ်အဆက်ဆက်။ ဒါကို ငါတို့က inferiority complex ထဲပစ်ထည့်လိုက်တာကြာပြီ။

တကယ်လို့ ငါက ကဗျာကို မြန်နှုန်းမြှင့်ရေးသားမယ်ဆိုရင်း စာသားဟာ တစ်နေရာမှာ ပြုတ်ကျကျန်ရစ်သွားမယ်။ စာသားကို စွန့်လိုက်တဲ့ကဗျာဟာ ငြိတွယ်မှုကို စွန့်လိုက်တဲ့ယောဂီလို ပေါ့ပါးသွားမယ်။ ကဗျာဟာ ဘယ်သူ့အတွက်ရေးတာလဲ။ ဟိုက္ကုလို၊ ဒိုဟာလို ကဗျာဟာ ကဗျာလား။ တစ်ကိုယ်တည်းလွမ်းဖွယ်ဟာ ကဗျာလား၊ လေးလုံးစပ်ဟာ ကဗျာလား၊ ဆန့်ကျင်ရေးသားခြင်းဟာ ကဗျာလား ... ကဗျာတစ်ပုဒ်လုံး ခုတ်ထစ်ပစ်လိုက်ခြင်းဟာ ကဗျာလား၊ သိစိတ်အလျဉ်ရေးခြင်းဟာ ကဗျာလား၊ တဖျပ်ဖျပ်လက်နေအောင် ငွေမှုန်လေးတွေကပ်ထားတာဟာ ကဗျာလား၊ ဘယ်သီအိုအရ ခင်ဗျားကိုယ်ခင်ဗျား ကဗျာဆရာလို့ ကျိန်းသေလိုက်ရတာလဲ၊ ဆိုက်ကားသမားမှာ နင်းပြစရာ ဆိုက်ကားရှိသလို ကဗျာဆရာမှာလည်း နင်းပြစရာ စကားလုံးတစ်ချို့ရှိမယ်။ ဆိုက်ကားသမားဟာ ဆိုက်ကားဆရာဖြစ်လာသလို၊ ကဗျာဆရာဟာ ကဗျာသမားဖြစ်လာတယ်။ ဆရာ သမားတွေဟာ Magazine မှာ ကျူးကျော်ရပ်ကွက်လို စုပြုံနေထိုင်ကြရတယ်ကြားတယ်။ အယ်ဒီတာတွေရဲ့ အသိဥာဏ်ကြောင့် ကဗျာတွေဟာ ကဗျာဖြစ်ခွင့်မရဘူးလို့ဆိုတယ်။

မြန်မာစာပေလောကမှာတော့ ဖတ်ပြီးသားပြန်ပြောတာဟာလည်း ဆရာကျတယ်။ ဆရာဝီကီ၊ ဆရာ တော်ကီ၊ ဆရာဘော်ဘီ တို့ဟာထင်ရှားတယ်။ ဆရာဖြစ်ပြီဆို တန်းညှိလို့မရတော့ဘူး။ ဆရာကထန်းပင်အမြင့်ကြီးကို ဆာကူရာထိပ်မှာစိုက်ပြီး ထိပ်ဖျားမှတက်နေတယ်။ ပြန်မဆင်းတော့ဘူး။

ကဗျာဟာ သားလျောပြီးခါစ ၀မ်းဆက်သွားနေသလို အင်အားမျိုးနဲ့ ၂၁ ရာစုကိုကူးခတ်နေတယ်။ ကဗျာမသေဘူး ... ဒါပေမယ့် ဆိုပြီး အက်ဆေးတစ်ပုဒ်ရေးမယ်။ ကဗျာတစ်ပုဒ်ကို ကဗျာဖြစ်နေစေတာ စာသားမဟုတ်တဲ့တခြားတစ်ခုခုဖြစ်နေမလား။ မရေးထားရသေးတဲ့ကဗျာဟာ ရေးပြီးသားတွေထက်ကောင်းတယ်။ အမှတ်တရထုတ်ကြည့်ဖြစ်တဲ့ ဗလာစာအုပ်လေးဟာ ကဗျာစာအုပ်လေးဖြစ်ရင် ကဗျာဟာ ဗလာလည်းဖြစ်တယ်။

ကြောင်ကလေးတစ်ကောင်ဟာ အညောင်းဆန့်တယ်။ ကိုယ်သိပ်ချစ်တဲ့ကြောင်ကလေး၊ ထိပ်ကွက်လို့ခေါ်တယ်။ ကြွက်မခုတ်တတ်ဘူး။ ကဗျာစာအုပ်တွေကို ကုတ်ခြစ်တယ်။ ၀ရံတာမှာထွက်အိပ်တယ်။ ကိုယ်သိပ်ချစ်တဲ့ကြောင်ကလေး လေးဖြူလို့ခေါ်တယ်။ ခုန်ပေါက်ပြေးလွှားတယ်။ မနာလိုဝန်တိုစိတ်များတယ်။ သဲတွေနဲ့ဆော့တယ်။ ကိုယ်သိပ်ချစ်တဲ့ကြောင်ကလေး Milo လို့ခေါ်တယ်။ အတောင်ပံတွေပါတယ်။ အဝေးတစ်နေရာမှာနေထိုင်တယ်။ ကိုယ်မမြင်ရပေမယ့် ကိုယ့်ကို သူမြင်ရမယ်လို့ထင်တယ်။ မကြာမကြာကုတ်ခြစ်တယ်။ မျက်လုံးမပွင့်သေးတဲ့ ကိုယ့်ရဲ့ကြောင်ကလေး Yellow လို့ခေါ်တယ်။ လေတွေကိုစားနေသလို ပါးစပ်တလှုပ်လှုပ်နဲ့၊ သိပ်ချစ်စရာကောင်းတယ်ဆိုတာတွေထက် ပိုလွန်တဲ့ သတ္တ၀ါလေး ... မကြာမကြာကုတ်ခြစ်တယ်။

သေသေချာချာကြီး ရည်ရွယ်ချက်ရှိရှိမှားထားတဲ့ အခုလိုစာမျိုးကိုကြတော့ ခင်ဗျားတို့ကထင်မယ်။ ဒါဟာ မော်ဒန်တဲ့။ မဟုတ်ဘူး။ ဒါဟာ ကွန်တမ်ပိုရာရီတွေထဲကတစ်ခုပဲ။ Patchwork ကို Art နဲ့ပေါင်းရင် PatchArtwork ဆိုတာရတယ်။ ဒါကို နားလည်ဖို့မလိုဘူး။ ခံစားလို့ရတယ်လို့ပဲပြောလိုက်ရုံပဲ။ ဒူးရွှန့်ရဲ့ ရေပန်းလိုပေါ့ .. သိပ်ကို ပြောင်မြောက်တဲ့ လက်ရာတစ်ခုပေါ့လို့ သူမဟာ နှစ်ထပ်မေးကြီးနဲ့ ငေါ့ပြီးပြောလေရဲ့။ ။


Regards,
Zephyr

Notes:
:Thanks Xanthos for your knowledge :)။ Hope you will be get well soon.
My dear friend,x for xanthos is sick and this post is for him.
Take a good rest for the whole month.
Life is the fast lane buddy, don't jump out of it (: .



Peace B with U.

Thursday, July 21, 2011

ဇာတ်ပေါင်းသော်

ဇာတ်ပေါင်းသော်

လူကောင်းက ဘုရားလောင်းဖြစ်ပြီး၊ ဗီလိန်က ပစ္စေကဗုဒ္ဓါလောင်းဖြစ်နေပါလေရော။



စွယ်စုံကျော်ထင် အဖွင့်ကျမ်းလိုမျိုး ပြန်ဖွင့်တဲ့ပို့စ်ပါ။ အလေးအနက်တွေမဟုတ်ပါဘူး။ မနေ့က ရေးတဲ့ အဲဒီတစ်ကြောင်းကို သူငယ်ချင်းတွေက သိပ်နားမလည်ဘူးဆိုတာနဲ့ နည်းနည်းပြန်ရေးလိုက်တာပါ။

ငါးရာ့ငါးဆယ် 550 နိပါတ်တော်တွေ ဖတ်တဲ့အခါမှာ အကျင့်စရိုက်ကောင်းတဲ့သူက ဘုရားလောင်းဖြစ်တယ်ဆိုတာ တော်တော်များများမှတ်မိကြမှာပါ။ ဖြစ်လေရာဘ၀တွေမှာ ဘုရားလောင်းကို ဇာတ်ပို့ပေးနေတဲ့ ဗီလိန်က အရှင်ဒေ၀ဒတ်ပါပဲ။ ပုံမှန်အားဖြင့် ကောင်းတဲ့သူက ကောင်းတာဖြစ်၊ မကောင်းတဲ့သူက မကောင်းတာဖြစ်ဆိုသလို၊ ဘုရားလောင်းက ဘုရားဖြစ်သွားတဲ့အခါမှာ အရှင်ဒေ၀ဒတ်က ဒယ်အိုးလားသွားပါတယ်။ အဲဒီအထိပဲဖြတ်ပြီးကြည့်မယ်ဆိုရင်တော ယုတ္တိဗေဒ ကျကျ သပ်သပ်ရပ်ရပ် ဖြစ်စဉ်လေးပါပဲ။ သူတော်ကောင်းဘာဖြစ်လဲ။ ကောင်းတဲ့ နိဗ္ဗာန်ရောက်တယ်။ သူတော်ကောင်းကို နှောက်ယှက်တဲ့သူ ဘာဖြစ်လဲ။ ငရဲအိုးရောက်သွားတယ်။

ဒါပေမယ့် ဆန့်ထွက်ကြည့်လိုက်တော့ အရှင်ဒေ၀ဒတ်ဟာလည်း ပစ္စေကဗုဒ္ဓါ အလောင်းအလျာဖြစ်နေတယ်။
အဲဒီနေရာမှာ Linear အတိုင်း တွေးရင် အတွေးအခေါ်တွေ ချော်လဲကုန်တယ်။ ဗီလိန်ဟာ ပစ္စေက ဗုဒ္ဓါလောင်းဖြစ်တယ်ဆိုတာ Linear အတိုင်းသွားတာမဟုတ်ဘူး။

နည်းနည်းလေး ၀ါသနာပါရင် သင်္ချာအကြောင်းနဲ့ဆက်စပ်လို့ရတယ်။ သင်္ချာက စက်ဝိုင်းဟာ မျဉ်းဖြောင့်တွေလို့ပြောရင် တစ်ချို့ကလည်းရယ်မယ်။ အမှန်က သိပ်သေးငယ်တဲ့ အပိုင်းလေးကိုဖြတ်လိုက်ရင် အဲဒါဟာ မျဉ်းဖြောင့်ပဲ။ စက်ဝိုင်း အကြီးကြီးဆွဲကြည့်ရင် အဲဒီသဘောကသိသာပါတယ်။ စက်ဝိုင်းဟာ ပွိုင့်တွေ ထပ်နေတာလို့လည်းပြောနိုင်တယ်။ ဘယ်လိုကြည့်မလဲ။ အနီးကပ်ပြီး ပိုင်းဖြတ်ကြည့်ရင်မျဉ်းဖြောင့်တွေ၊ အစက်တွေရဲ့အစုအဖွဲ့။ နည်းနည်းလေးခွာကြည့်ရင် စက်ဝိုင်း။

ကြည့်တဲ့ထောင့်နဲ့ အကွာအဝေးပေါ်မူတည်ပြီး အမှန်တရားတွေဟာ အလှတရားတွေရှိနေတယ်။ ပစ္စေကဗုဒ္ဓါလောင်းဟာ ဘာလို့ဗီလိန်ဖြစ်တာလဲ။ ဒါမှမဟုတ် သရုပ်ဆောင်ပီပြင်တဲ့သူတွေကို ဗီလိန်နေရာမှာ အသုံးပြုသလို ကံတရားဟာ အကောင်းဆုံးဗီလိန်ကို ရွေးချယ်လိုက်တာလား တွေးကြည့်ဖို့ကောင်းတယ်။

အရှင်ဒေ၀ဒတ်သာမရှိရင် ဗုဒ္ဓရဲ့ မြင့်မြတ်မှု၊ ပါရမီနဲ့ စွမ်းရည်တွေကို အခုလို သိရှိရမှာမဟုတ်ဘူး။ ဗုဒ္ဓ၀င်တွေဖတ်ရင် အရှင်ဒေ၀ဒတ်ဟာ ဗီလိန်နဲ့တူတယ်။ နောက်မှ တဖြည်းဖြည်း သူ့ရဲ့ အခန်းကဏ္ဍ ပေါ်လွင်လာတယ်။ သူဟာ အသပ်ရပ်ဆုံး အမြင့်မြတ်ဆုံးဗီလိန်။ ဘယ်သူ့မှ သူ့ role မှာ သူ့ထက်တော်စရာမရှိဘူး။

လာခြင်းကောင်းသောအရှင် ဆိုတဲ့စာအုပ်မှာဆိုလည်း သူ့ကိုဖွဲ့ထားတာလေးတွေကောင်းတယ်။ မြသန်းတင့် ဘာသာပြန်ပါတယ်။ pdf လည်း online မှာရှိတယ်။ မူရင်းက The Lord Comes (Robert Payne) ။ Payne က နာမည်ကပိန်းပေမယ့် လူကတော့ မပိန်းဘူး။ သတင်းစာဆရာ။ ဇာတ်လမ်းလိုဖတ်ရတော့လည်း အရှင်ဒေ၀ဒတ်ဟာ သူ့ဘာသာတော့ ဘယ်နေရာတွေ့တွေ့ ဗီလိန်ပီသနေတာပါပဲ။ တစ်သမတ်ထဲသွားတဲ့ဗီလိန်မျိုးပေါ့။

အရှင်ဒေ၀ဒတ်ဟာ ဗုဒ္ဓ၀င်ထဲမှာတော့ နောင်တရတဲ့အခါမှ နောက်ကျသွားရှာတယ်။ ပစ္စေကဗုဒ္ဓါတွေက ပစ္စေကဗုဒ္ဓါဖြစ်တဲ့ဘ၀ကြတော့လည်း အလွယ်တကူ တရားသိမြင်သွားပေမယ့် မဖြစ်ခင်ဘ၀တွေမှာတော့ သာမန်လူတွေလိုပါပဲ။ (ပစ္စေက ဗုဒ္ဓါ အလောင်းအလျာတွေအကြောင်းလည်း အကျဉ်းချုပ်ပို့စ် တစ်ခုတင်လိုက်ပါဦးမယ်။) ဗီလိန်ဖြစ်နေတဲ့သူတွေဟာ ဆုကြီးပန်တွေလည်းဖြစ်နေတတ်တယ်။ တစ်ချို့ကိစ္စတွေဟာ Linear အတိုင်းတွေးလို့မရဘူး။ ဘူမာရင်းကို အတည့်အတိုင်းပစ်လိုက်ပေမယ့် သူကတော့ ကွေ့ဝိုက်ပြီးပြန်လာတယ်။ အဲဒီလိုပဲ ကိုယ်မသိနိုင်တဲ့ ရှေ့စွန်းနောက်စွန်းတွေကို သိတဲ့သူက ပြောတဲ့အခါမှာ ကိုယ်တိုင်သိနိုင်တဲ့ နယ်နိမိတ်မျဉ်းက ကျဉ်းလွန်းတယ်ဆိုတာကို တွေ့မြင်ရတယ်။ ကိုယ်သိလိုက်ရတဲ့ အကြောင်းအရာအသစ်တွေဟာ ကိုယ့်ရဲ့ နယ်နိမိတ်အသစ်တွေနဲ့တူတယ်။

ဇာတ်ပေါင်းသော် ဆိုပြီး ကောက်ချက်ချလို့ မရတဲ့ လူ့လောကရဲ့ ဖြစ်ရပ်တွေ၊ ဆက်စပ်မဲ့ရွေ့လျားမှုတွေ၊ လူတစ်ယောက်ချင်းစီရဲ့ စိတ်အရွေ့တွေကို ဖြတ်မျဉ်းလေးတစ်ခုဆွဲပြီး အနီးကပ်ကြည့်မလား၊ အဝေးကနေကြည့်မလား ဆိုတာ ဆင်ခြင်စရာတစ်ခုပါပဲ။ အမှန်တရားတွေမှာ ထောင့်ပြောင်းတန်ဖိုးရှိလား။ ကိုယ့်စိတ်မှာ လာပြီးအလင်းပြန်တဲ့ အသိတရားကို ဘယ်လို ကိုင်တွယ်တပ်ဆင်ပြီး ကိုယ့်စိတ်မြင့်မြတ်သန့်ရှင်းလာဖို့ ဘယ်လိုအထောက်အကူပြုမလဲဆိုတာတွေ အထိ ဝေးဝေးလံလံ မပြောချင်တဲ့အခါ ဒီစာသားကိုပဲအကျဉ်းချုပ်ပြောမိတတ်ပါတယ်။

ဇာတ်ပေါင်းသော်

လူကောင်းက ဘုရားလောင်းဖြစ်ပြီး၊ ဗီလိန်က ပစ္စေကဗုဒ္ဓါလောင်းဖြစ်နေပါလေရော။

Regards,

The Gardener

Notes:

This is my short discussion with xanthos on that sentence.



Peace B with U.

Wednesday, July 20, 2011

decipherer ဒေါ်ခင်ကြည်

decipherer ဒေါ်ခင်ကြည်

D စာကို ငယ်ကတည်းက ဖတ်နေတာ ဘယ်တော့မှ နားမလည်ဘူး။

ကြ ၃၆

ပဲရတ် နှင့် i ပြား ၇ q င် ၀ါးချင်ဝယ်။

ကေနိ







အော် သူသည်လည်း စာရေးဆရာဖြစ်ချင်ခဲ့တယ်ဆိုတော့ .... ။ ။


Notes: အာဇာနည်နေ့အမှတ်တရပါ။ ပုံကတင်မရလို့ ဒီနေ့မှတင်လိုက်တယ်။ ပျော်စေပျက်စေ၊ကလက်စေရယ်ပါ။ အတည်ကြီးမယူပါနဲ့။



Peace B with U.

ရုတ်တရတ် သုတ်ခြေတင်လိုက်တဲ့ ပို့စ်

ရုတ်တရတ် သုတ်ခြေတင်လိုက်တဲ့ ပို့စ်

မနေ့က အာဇာနည်နေ့မို့လို့ ပို့စ်တစ်ခု ရေးတယ်။ ခပ်တိုတိုပါပဲ။ နောက်တော့ ပုံကို attach လုပ်မရတာနဲ့ မတင်ဖြစ်လိုက်ဘူး။

Review

အခုတလော စာဖတ်တဲ့သူတွေကို ပြန်ပြီးလေ့လာတယ်။ ကိုယ့် blog မှာစာဖတ်တဲ့လူဦးရေရဲ့ ၂% လောက်ကတော့ ပို့စ်အဟောင်းပြန်ဖတ်တယ်။ ကျန်တဲ့သူတွေကတော့ အသစ်တင်ရင်ဖတ်တယ်။ အဟောင်းပြန်မဖတ်ဘူး။

Sardine-packed Train

အခုတလော စင်ကာပူမြို့တော်ကြီးမှာတော့ လူတွေ ပိုများလာသလိုခံစားရတယ်။ Flexible working hours ကို အကောင်အထည်မဖော်နိုင်ရင်တော့ နောက်ဆို ရထားကို တွယ်စီးရတော့မယ်လို့ထင်တယ်။

အခက်ခဲဆုံး ဆာဂျရီ။

အမျိုးသားနဲ့ရန်ဖြစ်ပြီးသကာလမှာ အမျိုးသားရဲ့ ဟိုသင်းကို ဖြတ်ပြီး အမှိုက်ပုံးထဲလွှတ်ပစ်လိုက်တဲ့ သတင်းမှာဖတ်ရင်း အစားထိုးတပ်ဆင်ဖို့ဘယ်လောက်ခက်ခဲမှန်းသိတယ်။ အမျိုးသားများလိုက်နာရန်၊ ၊ ဇနီးသည်ကို စိတ်ဆိုးအောင်မလုပ်နဲ့။ Dane==== dane =====dane =====danger!!!!!!!

Playful Nurses

နာ့စ်တွေက လူနာအဖွားကြီးကို ကုတင်ပေါ် ပစ်တင်လိုက်တာကြည့်ပြီး မြတ်စွာဖုရာ့ .. တမိတယ်။
မြန်မာပြည်ကနေ Nursing လာတက်မယ့် ညီမ၀မ်းကွဲတွေကိုလည်း ဒီမှာတော့ နာ့စ်တွေက တကယ်ဆော့ကြတယ်ဆိုတာ ပြောပြလိုက်သေးတယ်။ ဘာအတွက်လဲလို့ အခါတရာမေးနေမိတယ်။ လူနာတွေဟာ၊ လူအိုတွေဟာ ဆော့စရာလား။ တွေးမိရင် ရင်မောတယ်။

My phobia

မိန်းမယူပြီးမှပဲ ကိုယ့်ကိုယ်ကို ဆီပေါက်မှာကြောက်တဲ့ phobia ရှိတာသိလိုက်ရတယ်။ Deep fryer ၀ယ်မှပါလို့တွေးမိတယ်။ လက်သည်းကြားမှာ အပ်စိုက်ပြီး တူနဲ့ရိုက်တာကို လက်မတွန့်မိပေမယ့် ဆီပေါက်မှာတော့ ကြောက်မိတယ်။ တူနဲ့ရိုက်တာက လူများကို ရိုက်ရတာဆိုတော့ ဘာမှ တွန့်စရာမရှိဘူးလေ။

ဆင်သွားရင်လမ်းဖြစ်

ဆင်သွားရင်လမ်းဖြစ်တယ်ဆိုပေမယ့် ဆင်ပြန်လာရင် လမ်းပိတ်တယ်ဆိုတာကို ကျွန်တော်တို့သူငယ်ချင်းတစ်စု အကျယ်တ၀င့်ဆွေးနွေးလိုက်ကြသေးတယ်။ Myanmar Young Think-Tank တွေမဟုတ်လား။

လမ်းဖြတ်ကူးတဲ့ခွေး

လွန်ခဲ့တဲ့သုံးလက မိန်းမ၀ယ်ပေးထားတဲ့စာအုပ် ဖတ်ရင်း ခွေးလမ်းဖြတ်ကူးတဲ့အကြောင်းရောက်တော့ ရယ်မိတယ်။ နွားပေါက်လောက်ရှိတဲ့ ခွေးကြီးက မီးနီကိုဖြတ်ကူးတာပါ။ အဲဒီအခန်းမှာ စာရေးဆရာက ရေးတာက ခွေးဟာ မီးနီကို မဖြတ်ရမှန်းသိပေမယ့် ဂရုမစိုက်ဘဲ တမင်ဖြတ်တယ်တဲ့။ မိန်းမရေ .. ငါတို့ဆီက ခွေးတွေလိုပါပဲလားဆိုပြီး ပြောပြောပြီးရယ်မိတယ်။

Changing Lifestyle

အရင်က တစ်နေ့ကို Monitor ရှေ့မှာ ထိုင်ချိန် ၁၈ နာရီဝန်းကျင်ရှိတယ်။ အဲဒီတော့ အညောင်းမိတယ်။ အခုတော့ Go Green ဆိုပြီး စာအုပ်ပဲဖတ်တော့တယ်။ Laptop တောင်မလိုတော့ဘူး။ ၁၁ နာရီဆိုအိပ်ပြီ။ မနက်ဆိုရင် ၈ နာရီမှထတယ်။ အိမ်မှာ မနက်စာ အေးအေးဆေးဆေးစားတယ်။ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေလည်းမလုပ်တော့ဘူး။ စိတ်ညစ်စရာတွေ လာပြောရင် နားမထောင်ဘူး။ ဖုန်းဆက်ရင်လည်း မကိုင်ဘူး။ ဂျီမေးလ်ဆိုဖွင့်တောင်မှမကြည့်ဘူး။ ဖေ့စ်ဘွတ်ခ်ကိုဆို password တောင်မေ့နေပြီ။ သီချင်းလည်း နားမထောင်တော့ဘူး။ CD player ကိုလည်း ပြန်ထုပ်သိမ်းထားတော့မယ်။ နစ္စ၊ ဂီတ ၀ါဒိတတွေ လျော့လိုက်ပြီ။ ကံကောင်းထောက်မပြီး တံဆိပ်ခေါင်းစုတာ ၀ါသနာမပါလို့တော်သေးတယ်။ ကိုယ်လက်လှုပ်ရှားဖြစ်အောင် Bedok MRT နားမှာအသစ်ဖွင့်တဲ့ HAN's မှာ စားပွဲထိုးသွားလုပ်မလားစဉ်းစားနေတယ်။

ကလေး

ကလေးဆိုတာ လူများကလေးမြင်ရင်တောင် အတော်လေး ဒုက္ခများတယ်ဆိုတာသိတယ်။ အလောင်းတော် သိဒ္ဓတ္ထမင်းသားတောင် သူ့ကလေးကို ရာဟုလာဆိုပြီး သိပ်မကောင်းတဲ့နာမည်ကြီးပေးထားတာကိုကြည့်။ ကလေးယူဖို့ဆိုတာ ငွေကြေးထက် ခက်ခဲတာ မိဘဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာပါပဲ။ ရှေးတုန်းကလူတွေက မိဘမေတ္တာပဲကြီးတာလား risk management ပဲ ကိုယ့်ထက်ကောင်းတာလားတော့မသိဘူး တစ်ချို့ဆို တစ်နှစ်တစ်ယောက်လောက်မွေးပစ်လိုက်တာ။ ဘုံကလေးတွေစီထားသလို။ ကလေးတစ်ယောက်ကို သွန်သင်တာ ဘယ်လောက်ခက်မလဲဆိုတာ စဉ်းစားနေတယ်။ ကလေးယူဖို့မဟုတ်သေးဘူး။ တွေးရုံတွေးကြည့်တာ။ ကလေးက ကိုယ်က မွေးရင် ကိုယ်နဲ့ကတူမယ်။ ခေါင်းမာမယ်။ ကလန်ကဆန်ဖြစ်မယ်။ သူ့အမေနဲ့တူတော့ ပြောမရတော့ဘူး။ အဲဒီကတည်းက သွားပြီ။ ကလေးမွေးထားတဲ့သူတွေကိုလည်း လေးစားမိတယ်။ သူတို့တွေဟာ ကိုယ်ပိုင်စီးပွားရေးကို ကလေးမွေးသလို စွန့်စားပြီး လုပ်ကိုင်လိုက်ရင် ထိပ်တန်း အွန်းထှာပရာနား (Entrepreneur) တွေ ဖြစ်လာနိုင်တယ်။ မိဘဖြစ်ဖို့ဆိုတာ သတ္တိ ၆၀%၊ စွန့်စားလိုစိတ် ၁၀%နဲ့ မိုက်ရူးရဲ ၂၀%၊ ကံကို ယုံကြည်မှု/မမြင်ရတဲ့တစ်ခုခုကို ယုံကြည်မှု/ ဖန်ဆင်းရှင်/ ဗြဟ္မာ/သိကြား စသည်များကိုယုံကြည်မှု ၁၀ % လောက်လိုမယ်ထင်တယ်။ ဟူး .... အခုတော့ သူငယ်ချင်းတွေကို အကြောပေးထားတယ်။ တစ်နှစ်ခွဲလောက် စောင့်ကြည့်လိုက်ဦးမယ်။

Gregor Johann Mendel

မန်ဒဲလ်ကိုသိကြလားမသိဘူး။ ဒီနေ့ ဂူးဂယ် (ဆရာကျော်ဝင်းကတော့ ဂေါ်ဂယ်လို့ အသံထွက်မှားရှာတယ်။) က ဒီနေ့ မန်ဒဲလ်ကို ဂုဏ်ပြုထားတယ်။ သူက Friar ပါ။ Friar ကို စေတန်ဂေါ့ဒ်ရဲ့ ဒစ်ရှင်းနရီက လှည့်လည်သွားလာသော ဘရင်ဂျီ ဘုန်းကြီးလို့ဖွင့်တယ်။ အဲဒါလည်းမှားတယ်။ တရားကျင့်ရသေ့ နဲ့ပိုနီးစပ်တယ်။ ဘုန်းကြီးတော့ မဟုတ်တာ သေချာပါတယ်။ သူ့အကြောင်းကို မြန်မာပြည်မှာ ဖတ်ခဲ့တဲ့ Genetic စာအုပ်မှာကတည်းက စိတ်ဝင်စားတယ်။ သူက အပင်တွေ အမျိုးမျိုးစိုက်ကြည့်ပြီး ဘယ်လို အပင်က မျိုးကောင်းတယ်။ ဘာတွေနဲ့ရောစိုက်ရင် ဘယ်လိုဖြစ်တယ်ဆိုတာတွေကို စပြီးလေ့လာခဲ့တဲ့သူ။ Genetic မိတ်ဆက်ကို မုံရွေးကထုတ်ပါတယ်။ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ အရင်ခေတ်တုန်းကတော့ ဘာသာရေးသမားတွေက အားနေပုံရပါတယ်။ သိပ္ပံပညာတွေ၊ ဆေးပညာတွေ လိုက်စားပါတယ်။ မြန်မာပြည်ကို စ၀င်လာတဲ့ ခရစ်ယာန်ဘုန်းကြီးတွေဟာ ပြင်သစ်တွေများပါတယ်။ သူတို့က ဆေးကုတတ်ပါတယ်။ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကို သွားတဲ့အခါ သူတို့ကို မုတ်ဆိတ်ရှည်ကြီးတွေနဲ့အရူးတွေဆိုပြီး ဖမ်းထားကြပါသေးတယ်။ နောက်မှ ဆေးလေးဘာလေးကု၊ ဘာသာစကားတွေလေ့လာနဲ့ အဆင်ပြေသွားပါတယ်။ အခုရှိနေတဲ့ ကချင်စာနဲ့ ချင်းစာတွေဟာ အသံထွက်ကို တိုက်ရိုက်ဖလှယ်ထားတဲ့ စာလုံးပေါင်းတွေနဲ့ဖြစ်ပြီး အဲဒီခရစ်ယာန်ဘုန်းကြီးတွေ ထွင်ခဲ့တာဖြစ်ပါတယ်။

မန်ဒဲလ်အကြောင်းကို ပြန်ဆက်ရရင် Genetic မိတ်ဆက်ထဲမှာ ကာတွန်းပုံဆွဲတဲ့သူက အတော်လေး ဟာသဥာဏ်ရွှင်ပါတယ်။ အမှတ်မမှားဘူးဆိုရင် Seven Habits for Highly Effective Teens မှာသရုပ်ဖော်ပုံဆွဲတဲ့ကာတွန်းဆရာထင်ပါတယ်။ သူက မန်ဒဲလ်ပုံနဲ့ စာလေးတစ်ခုရေးထားပါတယ်။ ကိုယ်တိုင်က မျိုးမပွားရတော့ သစ်ပင်တွေကို မျိုးပွားပစ်မယ်တဲ့။ တော်တော်လေးရယ်ရပါတယ်။ ကာတွန်းဆရာရဲ့ကောင်းမှုနဲ့ မန်ဒဲလ်ကို ၂၀၀၃ လောက်က သိခဲ့ပြီး ၂၀၁၁ အထိ သတိရနေပါတယ်။ အဲဒီစာအုပ်မှာ ဒါဝင်ရဲ့ညီအကြောင်းလဲပါပါသေးတယ်။ ငါ့အကိုက ဂျီးနီးယပ်စ်၊ အဲဒီတော့ ငါလည်း ဂျီးနီးယပ်စ်လို့ ကာတွန်းပုံနဲ့လုပ်ထားပါသေးတယ်။

အခုတော့ မန်ဒဲလ်စခဲ့လို့ အပင်တွေကို မျိုးသန့်အောင်စိုက်တဲ့နည်းတွေ၊ ကလေးတွေမှာ ငုပ်ဗီဇပါတာတွေကို ပိုပြီးသိလာကြပါပြီ။ (ကလေးယူမယ့်သူတွေဟာ ငုပ်ဗီဇတွေကိုလည်း လစ်လျူရှုတတ်ရပါလိမ့်မယ်။ မဟုတ်ရင်တော့ ယူရဲစရာကို မရှိဘူးဖြစ်နေမှာပါပဲ။)

ဇာတ်ပေါင်းသော်

လူကောင်းက ဘုရားလောင်းဖြစ်ပြီး၊ ဗီလိန်က ပစ္စေကဗုဒ္ဓါလောင်းဖြစ်နေပါလေရော။

Regards,
The Gardener

Notes:
This post is dedicated to my mom, younger bro and my wife.



Peace B with U.

Monday, July 18, 2011

Monk နှင့်ဆန့်ထွက်တွေးခြင်း။

Monk နှင့်ဆန့်ထွက်တွေးခြင်း။

(Anthony Marcus "Tony" Shalhoub) Adrian Monk ရဲ့ သရုပ်ဆောင်ပညာနဲ့ ရိုးရိုးရှင်းရှင်း စုံထောက်ဇာတ်လမ်းလေးတွေကို သဘောကျမိတယ်။ စပြီး အစဖော်ပေးလိုက်တာက အမေ။ သူ့သားအငယ် Adrian နဲ့ နာမည်တူလို့တဲ့။ နောက်တစ်ယောက်က ကျားပေါက်။ သူက အိုင်ဒီယာမှာ Monk အကြောင်း ပထမဆုံး episode ကို နှစ်လခွဲပြီးရေးတယ်။ အဲဒါနဲ့ online မှာရှာဖွေကြည့်ရာက Monk ကို သဘောကျသွားတယ်။

Monk ကို သဘောကျသွားပေမယ့် တစ်ကယ်တမ်း Season အကုန်ကြည့်ဖြစ်တာကြတော့ Meantalist နဲ့ Fringe ဖြစ်နေတာကတော့ ကျွန်တော့်ရဲ့ အလွဲများပေါ့။ Monk ကလည်း consultant ပဲ။ သူက သူ့မိန်းမ Trudy ကားဗုံးခွဲပြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရတော့ Nervous breakdown ဖြစ်သွားတယ်။ obsessive–compulsive disorder (OCD) ရလာတယ်။ သူ့ရဲ့အမူအကျင့်တွေကို ကြည့်ရတာ သဘောကျစရာကောင်းတယ်။ ရယ်လည်းရယ်ရတယ်။ ဥပမာ ကြက်ဥကြော်ရင် အနှစ်ကို အလယ်ခေါင်တည့်တည့်ရောက်အောင် ပေတံနဲ့တိုင်းပြီး ကြော်တာမျိုး။ ဖိနပ်ကြိုးကို မီးပူတိုက်တဲ့အခါ ဘယ်နဲ့ညာကို သေချာခွဲထားတာမျိုး၊ ဖိနပ်ကြိုးကို သုံးကြိုးထားတယ်။ ဘယ်တစ်ကြိုး၊ ညာတစ်ကြိုးနဲ့ Backup တစ်ကြိုးတဲ့။ ပြီးတော့ သူက အသန့်အပြန့်အလွန်ကြိုက်တယ်။ သူ့ကို လက်ဆွဲနှုတ်ဆက်လိုက်ရင် လက်ကို ချက်ချင်း တစ်ရှူးနဲ့ပြန်သုတ်ပစ်တယ်။ လမ်းမှာ တွေ့တာတွေကို လက်ညှိုးလေးနဲ့ လိုက်တို့ကြည့်တတ်တယ်။ စီထားတဲ့ပစ္စည်းတွေမတည့်ရင် သူနေလို့မရတော့ဘူး။ ပန်းဆိုင်မှာထိုးထားတဲ့ ပန်းတစ်ပွင့်က ရိုးတံရှည်နေတော့ ကြည့်မရတာနဲ့ ကတ်ကြေးနဲ့သွားညှပ်လိုက်တယ်။ သူညှပ်လိုက်ပြီးမှ ကျန်တာတွေထက် နည်းနည်းတိုသွားတော့ ကျန်တဲ့ပန်းတွေကိုပါ လိုက်ညှပ်ပစ်တယ်။

သူ့ကို ကြည့်ရတာ သနားစရာလည်းကောင်း၊ ရယ်စရာလည်းကောင်းတယ်။ သူက သဘာဝဆန်တယ်။ သူ့မှတ်ဉာဏ်က သိပ်ကောင်းတယ်။ အဲဒါတွေနဲ့ပဲ အမှုတွေ တစ်ခုပြီးတစ်ခုဖော်ထုတ်တယ်။ Library ကအခွေများများငှားတုန်း Monk DVD နှစ်တွဲငှားလာတယ်။ တစ်တွဲမှာ ဒီဗီဒီ လေးချပ်ပါတယ်။ ဒီဗီဒီတစ်ချပ်မှာ Episode 5 ခုလောက်ပါတယ်။ စုစုပေါင်း Episode 40 လောက်ကြည့်ဖြစ်သွားမယ်ထင်တယ်။ အခုတော့ Episode 12 ခုလောက်ကြည့်ပြီးပြီ။

စကြည့်ကြည့်ချင်းတုန်းကတော့ နည်းနည်းပျင်းစရာကောင်းတယ်။ နောက်ပိုင်းကြတော့ Mr.Monk ရဲ့အပြုအမူတွေနဲ့ ရင်းနှီးအသားကျလာပြီး ကြည့်ရတာ ပိုအဆင်ပြေလာတယ်။ TV series တွေက အချိန်များများရှိရင် ကြည့်သင့်တယ်။ ဘာလို့လည်းဆိုတော့ အနုပညာလက်ရာတွေအနေနဲ့ပြောရင် တီဗီစီးရီးစ်တွေက တော်တော်လေးကိုပြည့်စုံတယ်။ ပန်းပုဆိုရင် ထုထည်ရှိတယ်။ အရောင်ရှိတယ်။ Motion မရှိဘူး။ ပန်းချီဆိုရင် စာသားမပါဘူး။ အရောင်နဲ့ပုံကပြောတာကို ဘာသာပြန်ရတယ်။ စာပေဆိုရင် ပုံဖော်ရတယ်။ စာသားပဲမြင်ရတဲ့အထဲက လူတွေ၊ မြင်ကွင်းတွေ စိတ်ထဲကဖော်ရတယ်။ စိတ်မစူးစိုက်နိုင်ရင် ပတ်ဝန်းကျင်အခင်းအကျင်းကပျောက်ပျောက်သွားတယ်။ ကဗျာကြတော့လည်း ကျဉ်းလွန်းတယ်။ ဂီတမှာကြတော့ ဖွဲ့သီတဲ့အကြောင်းနောက်ကို စိတ်ကလိုက်ရတယ်။ အမှီမလိုက်နိုင်ရင် ကျန်ခဲ့ပြန်ရော။ ရုပ်ရှင်ကတော့ ဒါတွေ အားလုံးကို ပေါင်းထားတာဆိုတော့ အနံ့မပါတာကလွဲရင် ရသတွေတော်တော်များများကို ပေါင်းစပ်နိုင်တယ်။ အခန်းဆက်ကားများများရိုက်ရင် ၀တ္ထုတစ်ပုဒ်ရဲ့ အရသာလည်းပိုရလာတယ်။ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း တိတိကျကျ သရုပ်ဆောင်နိုင်တဲ့သူတွေအကူအညီနဲ့ သူ့ဘ၀ထဲဝင်ကြည့်လို့ရတယ်။ နောက်ခံ ဂီတနဲ့ ဇာတ်ကောင်ပြောစကားတွေအရလည်း စာပေကို represent လုပ်နိုင်တယ်။

နောက်ပြီး Monk မှာ phobias တွေအများကြီးရှိတယ်။ သူကြောက်တာချည်းပဲ 312 ခုရှိတယ်။ ဆရာဝန်အသစ်နဲ့ပြောင်းပြီး သူ့ရောဂါကိုပြဖို့သွားောတ့ Phobias တွေအတွက်ပေးထားတာ ငါးလိုင်းထဲမို့လို့ နောက်ထပ် အပိုစာရွက် လေးရွက်ထပ်တောင်းရတယ်။ အိမ်မှာမီးလောင်မှာကြောက်လို့ Smoke Detectors အခုတရာလောက် စမ်းခိုင်းတာလည်း တော်တော်လေးရယ်ရတယ်။ စိတ်ပူတတ်တာတွေကလည်း ကြံကြံဖန်ဖန်ပဲ။

တခါကြတော့ အ၀တ်လျှော်တဲ့ တရုတ်မက အင်္ကျီကြယ်သီးပြုတ်သွားလို့ပြန်ချုပ်လိုက်တာ ချုပ်ရိုးက direction မတူတာကို သူ့မှာ စိတ်ဆင်းရဲနေတာ။ အဲဒီလိုလူတွေ အပြင်မှာမရှိဘူးမပြောနိုင်ဘူး။ သူတို့ဘ၀ထဲဝင်ကြည့်ရင် ဘယ်လိုနေမလဲဆိုတာကို တွေးမိတယ်။ တော်တော်ခက်ခဲမှာပဲ။

Monk မျက်လုံးကန်းသွားတဲ့ဇာတ်ကားမှာဆိုရင် သူ့ရဲ့ဇီဇာကြောင်ထားတာတွေက သိပ်ကိုအသုံးဝင်တယ်။ သူက လမ်းလျှောက်ရင် အိမ်နဲ့ လမ်းထိပ်က ခြေလှမ်းဘယ်လောက်ဆိုတာတွေက တစ်သက်လုံးရေတွက်လာတာဆိုတော့ အဆင်ပြေတယ်။ နောက်ပြီး မမြင်ရတော့ သူမရွံတော့ဘူး။ ပုံမှန်ဆို သူ့မှာ သူ့ကိုထိသွားတာနဲ့ရွံလို့ကိုမပြီးဘူး။ Monk and leper ကားမှာဆိုရင် အနူကို လက်ဆွဲနှုတ်ဆက်မိလို့ လက်ကို ဓာတ်ဆီလောင်းပြီး မီးရှို့မလိုကိုလုပ်နေတာ။ အဲဒီလိုသူ ရွံနေတော့ သူ့ရဲ့ assistant, Sharona Fleming ကလူသားချင်းစာနာဖို့တွေဘာတွေပြောတယ်။ နောက်တော့ Sharonaက ချိန်းတွေ့တဲ့ ဆရာဝန်နဲ့ ဖက်ယမ်း နမ်းရှုံ့ပြီးမှ ဆရာဝန်က ငယ်တုန်းက နည်းနည်းနူဖူးတယ်ဆိုပြီးဝန်ခံတော့ အိမ်ကို ပြန်ပြေးပြီး ပလုပ်တွေကျင်းတာ တော်တော်လေးရယ်ရတယ်။ နောက်ပြီး အဲဒီလို အရည်ပြားရောဂါသည်တွေအကြောင်းလည်း အကြမ်းဖျင်းသိရတာပေါ့။ အဲဒီ episode နောက်ဆုံးအခန်းမှာဆို Monk က ချောက်ထဲကျခါနီး တွဲလောင်းဖြစ်နေတုန်း အနူဖြစ်ခဲ့ဖူးတဲ့ ဆရာဝန်က သူ့လက်ကို ဆွဲပါဆိုပြီး အော်တယ်။ အဲဒီမှာ Monk က မျက်နှာငယ်လေးနဲ့ တခြားလူမရှိဘူးလားပြန်မေးတာ တော်တော်လေးရယ်ရတယ်။ နောက်ဆုံးတော့ သူ အဲဒီ ဆရာဝန်လက်ကိုဆွဲပြီးတက်လိုက်ရတာပါပဲ။ ကျွန်တော်တို့မှာ ရှောင်လွှဲမရတဲ့ အခက်အခဲတွေရှိတယ်။

အထူးအဆန်းတွေမပါပေမယ့် Monk ဇာတ်လမ်းတွဲဟာတော်တော်လေး ပျော်ပျော်ရွှင်ရွှင်ကြည့်လို့ကောင်းပါတယ်။ တစ်ယောက်ချင်းစီကလည်းပီပြင်တယ်။ Lieutenant Randall "Randy" Disher ဆိုရင် လူများပြောတာ နောက်ကလိုက်လိုက်ပြောပြီး တလွဲတွေချည်းဖြစ်နေတာ ရယ်ရတယ်။ တစ်ကားမှာဆိုရင် သံသယရှိတဲ့ တရားခံက တရားခံမဖြစ်နိုင်ဘူးဆိုတာကိုသူပြောတာရယ်ရတယ်။ ပထမအချက်တစ်ချက်ကို ရှည်ရှည်လျားလျားပြောပြီး၊ ဒူတိယအချက်က အဲဒီ suspect ကသေတာကြာပြီ တဲ့။ အမှုမဖြစ်ခင် သေပြီးသားလူဆိုရင် သံသယရှိစရာမလိုဘူးဆိုတာကို သိရက်နဲ့ ရှေ့က တစ်ချက်ကိုပြောနေတာ တော်တော်ရယ်ရတယ်။ တကယ် အရည်အချင်းမရှိဘဲ အရည်အချင်းရှိသလိုလုပ်တဲ့သူမျိုးတွေကို ရယ်ရတယ်လို့ထင်တယ်။ ကျောင်းတက်နေတုန်းကလည်း အဲဒီလိုလူမျိုးတွေကို တွေ့ဖူးတယ်။

Captain Leland Stottlemeyer ဆိုရင်လည်း သရုပ်ဆောင်ကောင်းတယ်။ အိမ်ထောင်ကွဲနေပြီး date လုပ်ဖို့ အမြဲကြိုးစားနေတာ ရယ်စရာကောင်းတယ်။ Episode တစ်ခုမှာ အိမ်ခြံမြေ အကျိုးဆောင်သူဌေးမကြီးက သူမသိတာတစ်ခုပြောစမ်းပါဆိုတော့ ဆင်ဟာ နို့တိုက်သတ္တ၀ါတွေထဲမှာ မခုန်တတ်တဲ့အကောင်တဲ့။ သူဌေးမကြီးလည်း အာဂလူပဲဆိုပြီး နည်းနည်းကြွေသွားတယ်။ ပြီးတော့ အဲဒီ episode မှာ အိမ်ရောင်းတဲ့အခန်းလည်းရယ်ရတယ်။ ဒီအိမ်က view ပိုကောင်းတယ်ဆိုပြီး Captian ကို သူဌေးမကြီးက ပြောတယ်။ ဘာလို့လဲဆိုတော့ မျက်နှာချင်းဆိုင်က တိုက်မှာ သူနေလို့တဲ့။ လူကြီးတွေ ဉာဏ်များတာကလည်း ကလေးဆန်လိုက်တာလို့တွေးမိတယ်။

Monk TV series ကို အချိန်အားရင် ကြည့်ကြည့်ပါဦး။ Library မှာ ငှားချင်ရင်တော့ Esplanade မှာ M နဲ့စတဲ့ Video တွေထားတဲ့အတန်း ညာဘက်ထောင့်မှာရှိပါတယ်။ (စင်ကိုမျက်နှာမူပြီးကြည့်ရင် ညာဘက်ပါ။)

Monk လိုပဲ ကျွန်တော်တို့ဆီမှာ ဇီဇာကြောင်တယ်လို့ ပြောကြတဲ့အကျင့်တွေအများကြီး ရှိကြတယ်ဆိုတာ Monk ကြည့်ရင်းပြန်တွေးမိတဲ့ရသတစ်မျိုးပါပဲ။ လူဆိုတာ ကိုယ့်ဆီမှာ ရှိတဲ့အဆိုးအကောင်းတွေကို နောက်တစ်ယောက်မှာ ပြန်မြင်ရရင်တော့ ပြုံးမိတတ်တဲ့ သတ္တ၀ါတစ်မျိုးပေါ့။

Regards,

The Gardener in monday mood.


Notes:

This post is for my younger bro, another Adrian, Adrian Khit Nay.




Peace B with U.