Sunday, July 31, 2011

ပစ္စေကဗုဒ္ဓါ ရီဗျူး

ပစ္စေကဗုဒ္ဓါ ရီဗျူး


ဒါလေးကို ရေးဖြစ်လိုက်တာ အတော်စိတ်ချမ်းသာပါတယ်။ ပစ္စေကဗုဒ္ဓါကို တစ်ချို့က ဘုရားငယ်လို့ခေါ်ပါတယ်။ အမှန်က မငယ်ပါဘူး။ ဘုရားပဲဖြစ်ပါတယ်။ ဘုရားကိုတောင် အကြီးအငယ်ခွဲတဲ့သူတွေရှိနေတာ ရယ်စရာပဲကောင်းပါတယ်။ သဗ္ဗညုတ ဘုရားရှင်တွေလို သိထားတဲ့တရားကို ပညတ်နဲ့ ဖလှယ်ပြီးဟောပြောနိုင်မှုမှာ ကွာတာကလွဲရင် သစ္စာလေးပါးကို ကိုယ်တိုင်မြင်တဲ့ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တွေပဲဖြစ်ပါတယ်။ ထူးခြားတာက ပစ္စေကဗုဒ္ဓါတွေဟာ ဘုရားမဖြစ်ခင်အထိ သာမန်လူတွေလိုပါပဲ။ အင်မတန်မှသက်သာပါတယ်။ ကြားရတာနဲ့တင် အတော်လေး ကိစ္စနည်းတယ်လို့သဘောပေါက်ရပါတယ်။
ပစ္စေကဗုဒ္ဓါတွေကို ကျွန်တော် ငယ်တုန်းက အံ့သြပါတယ်။ သူတို့က မစဉ်းမစား ပြည့်စေ လုပ်တတ်လို့ပါပဲ။ စူဠသုဘဒ္ဒါဆိုတဲ့ ဆင်မလေးဟာ ယောကျာ်းကို ဒုက္ခပေးဖို့ဆုကို ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်တစ်ပါးဆီမှာ တောင်းခဲ့တာပါ။ ငယ်တုန်းကတွေးမိတာတော့ သူလည်း စကားသိပ်မပြောချင်လို့ တောင်းရင် ပြည့်စေ ပဲပြောလွှတ်လိုက်တာလို့ထင်တယ်။ သံသရာ အမြင်နဲ့ကြည့်ရင် ဖြစ်ရပ်တွေက သိပ်ကို ရိုးအီနေပြီ။ လည်ပတ်မှုတွေဟာ သိပ်ကို ရိုးအီနေပြီ။ သူတော်ကောင်းနဲ့တွေ့တုန်း ဆုမတောင်းတတ်တဲ့ ဆင်မဟာ ယောကျာ်းကို ဒုက္ခပေးဖို့လောက် သွားဆုတောင်းတော့ တော်တော်ကို ရှော်တဲ့ဆုတောင်းဖြစ်သွားပါတယ်။ ကြိုက်တာပေးမယ် ဘာယူမလဲဆိုပြီးတောင်းခွင့်ရတဲ့အခါ တော်တော်လွဲချော်တာတွေ တောင်းမိတတ်တယ်။ လူကလည်း လူအလျောက်။ ဆင်ကလည်း ဆင်အလျောက်။

ဂေါတမမြတ်စွာဘုရားလက်ထက်မှာ ပစ္စေကဗုဒ္ဒါ ဗျာဒိတ် ခံရတဲ့ ပုဂ္ဂိုလ် ၆ ပါးရှိပါတယ်။
ဗျာဒိတ်ပေးလိုက်ပြီဆိုတာဟာ အနာဂတ်မှာ ဖြစ်မယ်လို့ ကြိုပြီးပြောထားလိုက်တာပါ။ ဗျာဒိတ်ခံတဲ့အယူဝါဒဟာ အတော်လေးရှေးကျပါတယ်။ သီလ၊သမာဓိ၊ ပညာ မြင့်မားတဲ့ ပုဂ္ဂိုလ်များ၊ ဂန္ဓာရီလောကမှာတော့ အဆင်းသိပုဂ္ဂိုလ်တွေဟာ တစ်ချိန်မှာ မြင့်မြတ်တောက်ပလာမယ့် အလောင်းအလျာတွေကို ကြိုတင်ပြီးဗျာဒိတ်ပေးထားလေ့ရှိပါတယ်။ ဗျာဒိတ်ခံဖို့ကို ဗျာဒိတ်ခံမယ့်လူက အရင်ဆုတောင်းရပါတယ်။ သူ့မှာ လုံလောက်အောင်ဖြည့်ဆည်းပြီးသား အကျင့်သီလရှိမယ်၊ ဆုတောင်းတဲ့ပုဂ္ဂိုလ်ကလည်း တကယ့်ကို ဆုတောင်းထိုက်တဲ့သူမျိုးဖြစ်တယ်ဆိုရင် ဗျာဒိတ်တော်အတိုင်း ဖြစ်လာကြတာပါပဲ။

ွGeneral Rule

ပစ္စေက ဗုဒ္ဓါဖြစ်ချင်သူတွေအနေနဲ့ အချက်လေးချက်မှတ်ထားဖို့လိုပါတယ်။

၁။ လူဖြစ်ရပါမယ်။
၂။ ယောကျာ်းဖြစ်ရပါမယ်။
၃။ သဗ္ဗညုဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက တစ်ပါးပါးနဲ့ဖူးတွေ့ရမယ်။
၎။စွန့်သင့်ရင် အသက်နဲ့စွန့်ပြီးပါရမီဖြည့်ရမယ်။ လှူတယ်ဆိုရင်လည်း အလှူကြောင့် ကိုယ့်အသက်ဆုံးရင်လည်းဆုံးနိုင်တယ်ဆိုတာမျိုးလှူနိုင်ရမယ်။
၅။ပစ္စေကဗုဒ္ဓါဆုပန်သူဟာ ပစ္စေကဗုဒ္ဓါဖြစ်လိုစိတ် အားကြီးရမယ်။


၁။ ပန်းသည် သုမန။
ဘုရင်ကိုဆက်မယ့်ပန်းတွေ ဘုရားကိုပူဇော်လိုက်ပြီး ပစ္စေကဗုဒ္ဓါဆုပန်ခဲ့တယ်။ ပန်းလှူတဲ့ အကျိုးကြောင့် ကမ္ဘာတစ်သိန်း အပါယ်မလားဘူး။ လူ့ပြည်နဲ့နတ်ပြည်မှာကျင်လည်ပြီး ဘ၀အဆုံးမှာ သုမနိဿရ အမည်ရှိတဲ့ ပစ္စေကဗုဒ္ဓါဖြစ်လိမ့်မယ်ဆိုတဲ့ ဗျာဒိတ်ခံလိုက်ရတယ်။


၂။လယ်သမားတစ်ယောက်
သူကတော့ ရဟန္တာကို မိုးမမိအောင် မြက်တွေနဲ့အခင်းလေးဘာလေးလုပ်၊ မီးလေးဘာလေးဖိုပေးလိုက်တဲ့ကုသိုလ်ကြောင့် ၃၆ ကြိမ် မင်းဖြစ်ပြီး ၃၄ ကြိမ် စကြ၀တေးမင်းဖြစ်ပြီး။ နောက်ဆုံးဘ၀မှာ ရတနကုဋိ ဆိုတဲ့ ပစ္စေကဗုဒ္ဓ့ါဖြစ်မယ်လို့ ဘုရားရှင်က တန်ခိုးနဲ့လှမ်းပြီး ဗျာဒိတ်ပေးလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့နေတဲ့ Earth ဆို တဲ့ ကမ္ဘာမှာတော့ စည်းမျဉ်းခံဘုရင်စံနစ်ပဲကျန်တော့တာမို့လို့ ဘုရင်စားသာတဲ့ နိုင်ငံ (ဥပမာ ဘရူနိုင်းတို့၊ဘာတို့)မှာ ဆိုရင်တော့မဆိုးဘူး။ ကျန်တဲ့နိုင်ငံတွေ (ဥပမာ၊ ထိုင်းနဲ့အင်္ဂလန်၊မလေး) မှာဆိုရင်တော့ ပျင်းစရာကြီးပဲလို့တွေးမိတယ်။ စကြ၀တေးမင်းဖြစ်ရင်လည်းမလွယ်ဘူး။ ရွှေဥဒေါင်းရေးတဲ့စာအုပ်ထဲကလို စကြ၀တေးမင်းနဲ့မှ Fight ချင်တာဆိုတဲ့ တန်ခိုးရှင်တွေခဏခဏ စိန်လာခေါ်ကြရင်လည်း အားမှာကိုမဟုတ်ဘူး။ ဗျာဒိတ်ပေးခံရပြီးရင်ရော SHORTCUT တောင်းလို့ရမရထပ်သိချင်နေသေးတယ်။

၃။အရှင်ဒေ၀ဒတ်
အရှင်ဒေ၀ဒတ်ကလည်း တခါတလေသနားစရာတောင်ကောင်းတယ်။ ဧတဒဂ် certificate တွေပေးအပ်ချီးမြှင့်တဲ့အခါမှာ သူကလည်းသူ့တွက်ကိန်းနဲ့သူ။ တစ်ခုခုတော့ ရမယ်ထင်နေတာပေါ့။ သူကလည်း သကျသာကီ အစစ်ဆိုတော့ လူ့ဘ၀တုန်းက ယောက်ဖတော် ဘုရားဖြစ်ပြီဆိုကတည်းက သူက အခွင့်အရေးရမယ်ထင်နေခဲ့တာမဟုတ်လား။ ဥပါလိလို သူတို့ခိုင်းနေကြကျေးကျွန်တောင် ဧတဒဂ်ရတယ်ဆိုတော့ သူကတော့ A ၂ ဓာတ် လောက်ရမယ်တွေးရင်လည်းတွေးနေမှာပေါ့။အရှင် အာနန္ဒာတစ်ပါးတည်း ငါးဘာသာ ဂုဏ်ထူးထွက်သလို ဧတဒဂ်ငါးဘွဲ့ရသွားတာကိုလည်း သူကမကျေနပ်ဘူး။ ကျောက်မောင်းဆင် တဲ့ ဇာတ်လမ်းမှာဆိုရင်လည်း one and only one villain ဆုရသွားတာပါပဲ။ မြတ်စွာဘုရားတွေမှာ တစ်ပါးသူကြောင့် အများဆုံး ဖြစ်နိုင်တဲ့ ဒဏ်ရာကလည်း သွေးစိမ်းတည်ရုံပါပဲ။ ဒါပေမယ့် အကုသိုလ်ကတော့ မနည်းပါဘူး မဂ်ဖိုလ်မနီးအချည်းနှီး အသုံးမကျသော ယောကျာ်း၊ သင်သည် သတ်လိုစိတ်ဖြင့် ဘုရားရှင်ကို သွေးထွက်အောင်ပြုသည်။ သင်သည်အလွန်ကြီးလေးသော အကုသိုလ်ကိုပြုလေပြီတကား။ ဆိုတဲ့ စကားတောင် ပြောစမှတ်တွင်တယ်။ နောက်ဆုံးမှာတော့ ဘုရားရှင်ကို ပြန်တောင်းပန်ဖို့အသွား မြေမျိုတာပါပဲ။ မြေမျိုလို့ လည်ပင်းရင်းလောက်ရောက်တဲ့အချိန်မှာနောက်ဆုံး ရှိခိုးတောင်းပန်လိုက်တယ်။ အဲဒီအချိန်မှာ ဘုရားက ဒေ၀ဒတ်ဟာ သူ့အကုသိုလ်ကံကြောင့် ဆင်းရဲဒုက္ခခံပြီးဤကမ္ဘာမှ ကပ်တစ်သိန်းတွင် အဌိဿရ မည်သော ပစ္စေကဗုဒ္ဓါဖြစ်မယ်လို့ ဗျာဒိတ်ပေးလိုက်ပါတယ်။ ကြားဖူးသမျှဗီလိန်တွေထဲမှာတော့ အရှင်ဒေ၀ဒတ်ဟာ အအောင်မြင်ဆုံးပဲ။

၎။နပဲပင်အရပ်က ဇီးကွက်။

လူတွေကသာ ၀ါဒလာပြိုင်လိုက်၊ အကောက်ကြံလိုက်၊ နောက်ကနေလိုက်ဆဲလိုက်နဲ့ လုပ်ခဲ့ကြပေမယ့် တိရစ္ဆာန်တွေမှာတောင် ဘုရားကို အလုပ်အကျွေးပြုတဲ့ အကောင်ပလောင်တွေအများကြီးရှိပါတယ်။ ပါလိလေယျာဆင်ကတော့ ထင်ရှားပါတယ်။ အခု ဇီးကွက်ကလည်း မခေပါဘူး။ ဘုရားကို သိပ်ကြည်ညိုပါတယ်။ အကောင်ပလောင်တွေက မေတ္တာတရားကို ပိုပြီး ခံစားသိရှိတတ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဘယ်အကောင်မဆို ကိုယ့်ကို ရန်မမူမှန်းသေချာသိရင် ခင်တွယ်တတ်ပါတယ်။ ဇီးကွက်ကတော့ ဘုရားတရားကြည်ညိုတဲ့ဇီးကွက် ဖြစ်တဲ့အတွက် ကမ္ဘာတစ်သိန်း လူချမ်းသာ နတ်ချမ်းသာခံစားပြီးနောက်ဆုံးမှာ သောမနဿ မည်သော ပစ္စေကဗုဒ္ဓါဖြစ်လိမ့်မယ် ဆိုတဲ့ ဗျာဒိတ်စကားရသွားခဲ့လေရဲ့။

၅။ကောသလတိုင်းမှ ပန်းသည်
နောက်ပွင့်မယ့် ပစ္စေကဗုဒ္ဓါ ၆ ပါးမှာ ပန်းဆက်သမားနဲ့ပန်းသည် ဆိုပြီး ပန်းအလှူရှင် နှစ်ယောက်ပါတဲ့အတွက် ပန်းလှူတဲ့လူတွေအနေနဲ့လည်း အားတက်စရာကောင်းနိုင်ပါတယ်။ ကောသလတိုင်းကပန်းသည်ဆိုပြီးခေါင်းစဉ်တပ်လိုက်ပေမယ့် အဲဒီလူက ပန်းရောင်းလားဘာလားတော့ သေချာ ဖော်ပြထားတာမျိုးမဟုတ်ဘူး။ ပန်းကုံးကြီး ပြင်ဆင်ပြီး အဲဒီလူက ကြုံတဲ့ သူတော်ကောင်းတစ်ပါးပါးကို လှူမယ်ဆိုပြီး မြို့ထဲဝင်လာတာ ဘုရားကိုဖူးတွေ့ရတော့ ပါလာတဲ့ပန်းကုံးကြီး၊ (သူတို့အခေါ်) ဦးဆောက်ပန်းကို လှူလိုက်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားက ပန်းသည်ကို အဲဒီအလှူအကျိုးကြောင့် ၈၄ ကမ္ဘာအပါယ်မလားဘဲ ၀ဋသက အမည်ရှိတဲ့ ပစ္စေက ဗုဒ္ဓါ ဖြစ်မယ်လို့ ဗျာဒိတ်ပေးလိုက်ပါတယ်။

၆။ဗီလိန်မှသည် ပစ္စေကဗုဒ္ဓါ၊ zero မှသည် hero

ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသလို၊ အရှင်ဒေ၀ဒတ်ရဲ့တပည့်ကျော် အဇာတသတ်မင်းသားဟာ သားတော် ဥဒယဘဒ္ဒ မွေးတော့မှပဲ အဖေကို နှိပ်စက်မိတာ နောင်တရပါတယ်။ သူကလည်း အဖေကိုတောင် စိတ်မချလို့ဆိုပြီး အစာဖြတ်၊ရေဖြတ်၊ ခြေထောက်ခွဲ၊ဆားထည့်နှိပ်စက်ခိုင်းခဲ့သူပါ။ ဒါတောင် အဖေက သူတော်ကောင်း။ ထီးနန်းလိုချင်တယ်ဆို ထီးနန်းပေးလိုက်တဲ့အဖေမျိုး။ ဗိမ္ဗိသာရသာ သူတော်ကောင်းပေမယ့် သားဆိုး၊သမီးဆိုးကြောင့်ခံလိုက်ရတာမစားသာဘူး။ အဖသတ်ကံဟာလည်း မသေးဘူး။ မဂ်တားဖိုလ်တားဖြစ်တယ်။ ဘုရားက တရားဟောပေမယ့် တရားမရနိုင်တော့ဘူး။ပထမပိုင်း ဘုရားရှင်နဲ့မတွေ့ခင်ဆို ကောင်းကောင်းလည်းအိပ်မပျော်ဘူး။ အကုသိုလ်အလုပ်ဆိုတာ အခန့်မသင့်ရင် ကိုယ်ကျိုးနည်းရတာပဲ။

ကံကောင်းပြီး ဇီဝကလို မိတ်ဆွေကောင်းရှိလို့ ဘုရားဆီကိုရောက်တယ်။ သားသမီးရှိမှ မိဘမေတ္တာကိုသိတယ်။ နောင်တရတယ်။ သူ့မှာကောင်းတာတစ်ခုက ဆရာတွေကို တော်တော်ယုံကြည်မှုရှိတဲ့အချက်ပါပဲ။ အဇာတသတ်ကို ဆရာတင်မိတုန်းကလည်း လုပ်လိုက်တဲ့တလွဲတွေမနည်းဘူး။ နောက်ပိုင်း သူကောင်းတာတွေအများကြီးလုပ်ပါတယ်။ မဂ်တားဖိုလ်တားဖြစ်လောက်တဲ့ အကုသိုလ်မရှိဘူးဆိုရင် သူ့မှာ မဂ်၊ဖိုလ်ရနိုင်မယ့် ကုသိုလ်ကံတွေ အပြည့်ရှိပြီးသား။

အဇာတသတ်ဟာ ဘုရားကိုသိပ်ကြည်ညိုတယ်ဆိုတာ မကြာမကြာတွေ့ရတယ်။ သူ့ဘ၀မှာ မှီခိုအားထားရာ ဘုရားပဲရှိတယ်ဆိုတာ သဘောပေါက်လာတဲ့ အဇာတသတ်ရဲ့ကြည်ညို မှုကိုခန့်မှန်းနိုင်တယ်။ ဘုရားဟာ သူနောက်ဆုံး ခိုတွယ်လိုက်တဲ့ ကောက်ရိုးမျှင်ပဲ။ တရားဟာ သူ့အတွက် အပြစ်ဒဏ်ဆပ်ဖြေရာပဲ။

ဒီလိုနဲ့တစ်နေ့မှာ ဘုရားရှင်က "ချစ်သား ရဟန်းတို့၊ အဖသတ်မိသည့် ဤမင်းသည် ပိတှုဃာတက ကံထိုက်ပြီး လောဟကု မ္ဃီ (နားထဲမှာတော့ လောဟ ကုန်ပြီလို့ပဲကြားရသလိုလိုကြီးနော်) တွင် ကျခံရလိမ့်မည်။ သို့သော် ရတနာသုံးပါးကို ဆည်းကပ်သည့်အကျိုးကြောင့် ထိုငရဲတွင် အနှစ် ခြောက်သောင်း ကျခံပြီး လွတ်မြောက်လိမ့်မည်။ ငရဲမှလွတ်ချိန်တွင် ပါရမီဖြည့်ကျင့်သဖြင့် ၀ိဇိတာဝီ အမည်ဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့။ ။" ဆိုပြီး ဗျာဒိတ်ပေးခဲ့ပါတယ်။ wii ဂိမ်းဆော့နေတဲ့သူတွေလည်း ၀ီတွေ့ရင် ၀ိဇီတာဝီ ဆိုတဲ့ ပစ္စေကဗုဒ္ဓါကြွလာဦးမယ်လို့ နှလုံးသွင်းနိုင်ရင် ဂိမ်းဆော့ရင်းတောင် ကုသိုလ်ရနိုင်ပါတယ်။

ဒါကတော့ နောင်လာလတ္တံကုန်သော ပစ္စေကဗုဒ္ဓါ ခြောက်ပါးအကြောင်းပါ။ မောင်ဆန္ဓ(လယ်ဝေး)ရဲ့ ပစ္စေကဗုဒ္ဓါစာအုပ်ကို အကျဉ်းချုပ်ပြန်ရေးပေးလိုက်တာပါ။ ဖတ်ချင်တဲ့သူတွေ ဖတ်နိုင်အောင်ပါ။ ဂေါတမမြတ်စွာဘုရားကို ရှင်အာနန္ဒာက မေးလျှောက်လို့ ရှေးက ပေါ်ထွန်းဖူးတဲ့ ပစ္စေကဗုဒ္ဓါ ၄၁ ပါးအကြောင်းကို ဘုရားရှင်ဟောထားတာလည်းရှိပါတယ်။ ပစ္စေကဗုဒ္ဓါတွေဟာ အပါး ငါးရာ တစ်ထောင် တပြိုင်နက်ပေါ်ပေါက်နိုင်တယ်လို့လည်းသိရပါတယ်။

ဒါတွေရေးရတာလည်း အကြောင်းရှိပါတယ်။ ဟိုတလောက အင်တာနက်မှာ သိချင်တာလေးတွေ ရှာကြည့်ပါတယ်။ မြန်မာစာနဲ့ပတ်သက်ရင် ရှာရခက်တာတွေ များနေသေးပေမယ့် ရှာလို့တွေ့တာတွေလည်း အဖိုးတန်ပါတယ်။ အလွယ်တကူ ရှာလို့ဖွေလို့ရအောင် လူများများက ကိုယ်သိတာ ကိုယ်ရေးထားမယ်၊ reference လုပ်ထားကြမယ်ဆိုရင် နောက်လူတွေအတွက် အတော်လေးအသုံးတည့်ပါလိမ့်မယ်။ ခေတ်တစ်ခေတ်မှာ ဈေးပေါနေတဲ့ သတင်းအချက်အလက်တွေဟာ နောက်တစ်ခေတ်မှာ သိပ်ကို အရေးပါ အရာရောက်နေနိုင်ပါတယ်။ သတင်းအချက်အလက်တွေဆိုတာ News ဆိုတာထက် Information ကိုပြောချင်တာပါ။ News တွေက Raw Data နဲ့တူပြီး Information ကမှ processed data ဖြစ်ပါတယ်။

နောက်ပိုင်းခေတ်တွေက လူငယ်တွေကို သနားပါတယ်။ သူတို့မှာ ကျွန်တော်တို့လိုစာအုပ်စာတမ်းပေါများတဲ့ခေတ်ကို မမီလိုက်တော့ပါဘူး။ သိချင်လို့ အဟောင်းဈေးနဲ့ဝယ်ဖတ်မယ်ဆိုရင်တောင် စာအုပ်လိုက်ရှာရတဲ့ ဒုက္ခများပါလိမ့်မယ်။ တိုးတက်မှုနဲ့ ခက်ခဲမှုတွေဟာ ဒွန်တွဲနေတာပါပဲ။ စာအုပ်တွေကို Digital Version နဲ့ Save လုပ်ထားဖို့ကို ပြီးခဲ့တဲ့ အပတ်က အတော်လေးတွေးဖြစ်ပြောဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နည်းပညာအခက်အခဲထက် ဈေးကွက်အခက်အခဲကပိုများမယ်ထင်ပါတယ်။ စာအုပ်တွေကို OMR/OCR တွေနဲ့ဖတ်လိုက်ရင် စာမျက်နှာ ၅၀၀ ပါတဲ့တစ်အုပ်ကို မိနစ်အနည်းငယ်အတွင်း pdf ဖြစ်စေ၊ word file ဖြစ်စေ၊ ပြောင်းချင်ရင်ပြောင်းလို့ရနိုင်ပါတယ်။ ဒါတွေကိုလည်း အပြင်က ပုဂ္ဂလိကတွေ လုပ်တာထက် အစိုးရက project ချပေးလို့လုပ်တာနဲ့ကမတူသေးပါဘူး။ အစိုးရအနေနဲ့ပိုပြီးလုပ်သင့်ပါတယ်။ စာကြည့်တိုက်တွေ ရွှေ့ပြောင်းရင်း ပျက်စီးသွားတဲ့ရှားပါးစာအုပ်တွေဆိုတာက အစားပြန်မရနိုင်တော့ပါဘူး။
အချိန်မီချုပ် အစုတ်သက်သာဆိုသလို၊ ရှိနေတဲ့ အဖိုးတန်စာအုပ်တွေ ဘ၀တစ်ပါးမပြောင်းလဲမီမှာ မြန်မြန်ဆန်ဆန် digital format ပြောင်းသိမ်းထားလိုက်နိုင်မယ်ဆိုရင် သားရွှေအိုးထမ်းပြန်လာရင်း ရွှေဈေးတက်ချိန် ကြုံနေသလို အင်မတန်မှဆီလျော်သွားပါလိမ့်မယ်။ ။

Regards,

Zephyr



Peace B with U.