Wednesday, July 21, 2010

ဟယ်လို အဲဗရီးဘဒီ .... ဿစ် အစ်စ် ဇက်ဖှာ ....

ဟယ်လို အဲဗရီးဘဒီ ....
ဿစ် အစ်စ် ဇက်ဖှာ ....

ပေါက်ကရတွေပဲ ရေးတော့မှာလားဆိုလို့... နည်းနည်း စနစ်တကျပေါက်ကရဖြစ်တာတွေရေးပါမယ် ...။
ရေးချင်သလိုရေးနေတာ ၀ိနည်းနဲ့မညီဘူးဆိုလို့ ... စနစ်တကျပေါက်ကရ ရေးပါမယ်။

အကြောင်းအရာ။ ။ ကျွန်တော်သည် blogger မဟုတ်ကြောင်း ရှေ့ခုနစ်အိမ် ..နောက်ခုနစ်အိမ် သို့အကြောင်းကြားခြင်း။

သို့ ...

ဘလော့ခ်ရေးခြင်း၊ ၀မ်းနှုတ်ဆေးစားခြင်း၊ ဆံပင်ပေါင်းတင်ခြင်း၊ အားလပ်ရပ်များ၌ ရုပ်ရှင်ရုံထဲတွင် ကော်ဖီသောက်ရင်း အိပ်ပျော်ခြင်း အစရှိတဲ့ ရောဂါလက္ခဏာတွေကို မော်ဒန်လူသားတွေမှာတွ့ရတယ်လို့ ဆိုကြပါတယ်။ ဘလော့ခ်ဂါ ဆိုတာ Web Log ကနေ ဆင်းသက်လာတာဖြစ်ပြီး Lady Ga Ga နဲ့မည်သို့မျှမသက်ဆိုင်ဟု သိရပါသည်။ စစ်သူကြီး ဂါမဏိသည်လည်းကောင်း လေသူရဲ ဂါဂါရင် သည်လည်းကောင်း ဘလော့ခ်ဂါမျိုးရိုးမှ ဆင်းသက်လာသူများမဟုတ်ကြပါ။ သူ့နည်းသူ့ဟန် ဂါနေကြခြင်းသာဖြစ်ပါသည်။

လူတကာထက် နည်းနည်းပိုသိသည်ဟုထင်နေသော ရောဂါကို Blogger Syndrome ဟု ခေါ်သင့်ကြောင်း ကျွန်တော်ပြောသောအခါ မျက်စောင်းအကြီးစား အခုတရာ ရခဲ့ပါသည်။ Blog တွဲရေးခွဲရေး တွဲသလိုလို နဲ့ခွဲရေး အကြောင်းများဆက်လက်တင်ပြသောအခါ အပြည်ပြည်ဆိုင်ရာ ကော်မန့်ရေးသူများ အုပ်စုမှ လူစုပြီး ကန့်ကွက်ကြပါသည်။ မထောက်ခံကြောင်းကို အလံကိုင်၍ လမ်းတကာလှည့်ပါသည်။ (အတုမြင် အတတ်သင်ဖြစ်နိုင်သည်။) ထိုကြောင့် ဆွေးနွေးပွဲမှ ကျွန်တော်နှုတ်ထွက်ပါသည်။

မြန်မာစာ ဂုဏ်ထူးထွက်သော လူများသာ ဘလော့ခ်ရေးသင့်ကြောင်း ကျွန်တော်က အဆိုပြုလျှင် စတန့်ထွင်သော အရှင်ဒေ၀ဒတ်ထက် နည်းနည်းသာသွားနိုင်ပါသည်။ သို့သော် အဆိုမပြုခဲ့ပါ။

အရောင်များပေါင်းပြီး အနံ့ဖြစ်နေသော မြန်မာစာ (ဥပမာ စိမ်း+ရွှေ+ရွှေ) အသုံးအနှုန်းများကို ကျွန်တော်နားမလည်ပါ။ အသံဝါ၊ အသံပြာ ဆိုသော အရောင်ပါသော အသံများကိုလည်း နားမလည်ပါ။ ထို့ကြောင့် ကျွန်တော်မြန်မာစာ ကောင်းကောင်းမတတ်ပါ။ ဆယ်တန်းတုန်းက တောကို မရောက်ဘူးပဲ တောက ညနေခင်းတွေအကြောင်း ရေးလိုက်ရင် ဂုဏ်ထူးထွက်သွားပါတယ်။ ဆိုလိုတာက ယုတ္တိဗေဒနဲ့ ကင်းကွာတာကို မြန်မာစာက လက်ခံသလိုဖြစ်နေတာကိုပြောချင်တာပါ။ ချုပ်ညရီတွင် ကျုပ်မြင်သည် ဆိုတာမျိုးကို ကိုရင်က ဘာတွေ လိုက်ကြည့်နေတာလဲ ဆိုတာမျိုးရေးရင် စာမေးပွဲကျသွားနိုင်ပါတယ် ....။

မြန်မာစာမှာ တစ်နှစ်ပြီးတစ်နှစ်သင်လာတာ ရှေးက စာတွေပဲသင်ပါတယ်။ ဒါကို နည်းနည်းမှလက်မခံနိုင်ပါဘူး။ သူတို့ရေးတာတွေ ကောင်းရင်လည်း အခုခေတ်မှာကောင်းတာတွေ အများကြီးရှိပါသေးတယ်။ နောက်တော့လည်းတွေးမိတယ် ... ပါမောက္ခတွေဟာ ဒီစာအုပ်တွေလောက်ကိုပဲ မြန်မာစာထင်တာလို့ ....။ ကျွန်တော်တို့ဆီမှာ မြန်မာစာ တနိုင်ငံလုံးအမှတ်အများဆုံးရတဲ့သူတွေဟာ ဆေးကျောင်းတက်ကြပြီး ...အမှတ် အနည်းဆုံးနီးနီး (ကျွန်တော့်အခေါ် All 40s ) တွေ မြန်မာစာ သွားကြတာကြောင့်လည်း ဒီလို ဖြစ်နေတာထင်ပါတယ်။ မြန်မာစာ ဌာနမှာ သိပ်တော်တဲ့သူတွေ တစ်ချိန်က ရှိခဲ့ပါတယ်။ သူတို့တွေက စာတွေရေးကြ ...၊ ကဗျာတွေရေးကြနဲ့ မြန်မာစာကို မြှင့်တင်ကြပါတယ်။ ရွှေထီးဆောင်းခဲ့တာတွေ ပြန်ပြောနေကြတဲ့သူတွေဟာ ဘာထီးဆောင်းနေလဲဆိုတာကို သိဖို့လိုပါတယ် .....။

စာရေးနေကြတာဟာ ထောက်ခံချက်ယူနေတာမဟုတ်ပါဘူး။ ဖတ်သွားတယ်။ ကြိုက်ရင် ကြိုက်တယ် ... မကြိုက်ရင် မကြိုက်ဘူး ... ပြောသွားရင်ရပါတယ်။ သုံးသပ်ပြချင်တာတို့ ပုံတူလေးလုပ်ပြချင်တာတို့တွေဟာ Blogger Syndrome ကနေ Mutates ဖြစ်သွားတဲ့ Comment ရေးသူ Syndrome ဖြစ်နိုင်ပါတယ်။ အဲဒီရောဂါတွေကို ကူးစက်ခံရမှာစိုးလို့ Blogger မဖြစ်ချင်ပါ။

ဘလော့ခ်ဖတ်သူတွေက ဘာကိုမျှော်လင့်သလဲ ....။ အဲဒီမေးခွန်းကို တခါမှ မမေးကြည့်ဖူးပါ။ စိတ်လည်းမ၀င်စားပါ။ ဟာသလေးတစ်ပုဒ်ကိုပဲသတိရတယ် ....။

အပန်းဖြေခရီးထွက်မယ့် မိန်းမကို ယောက်ျားက ခြေအိတ်လေးတစ်စုံပေးပြီး .. "ချစ် ခြေအိတ်အထက်ကို ခွင့်မပြုနဲ့နော်" လို့မှာလိုက်တယ် ....။ နောက်နှစ်ရက်သုံးရက်ကြာတော့ မိန်းမက စကားနားထောင်ရဲ့လား လိုက်သွားချောင်းတယ် ...။ သူကမ်းခြေရောက်တော့မိန်းမကိုတွေ့တယ် ....။ စကားနားထောင်လိုက်တဲ့ မိန်းမ ...."ခြေအိတ်ကို လည်ပင်းမှာချည်ထားတယ် ....။"
....မျှော်လင့်ရင် မျှော်လင့်တဲ့အတိုင်း ဖြစ်မလားဆိုတာက အဲဒီဟာသလိုပါပဲ။

ဘလော့ခ်တွေမရှိရင် ဘာဖြစ်သွားမလဲ။ ... ဆွေနီးမျိုးစပ်တစ်ယောက်ဆုံးသွားသလို ခဏတော့ တစ်ခုခုဟာသလိုဖြစ်ပြီး မကြာခင်မှာပဲ မေ့သွားမှာပါ။ မဖတ်မဖြစ် Blog ဆိုတာမျိုးပြောလာရင်တော့ သီချင်းတစ်ပုဒ်နာမည်ကိုပဲ ရွတ်ရပါဦးမယ် ... Never say Never. ဆုကြီးပန်ပြီး ဘလော့ခ်ရေးနေသူများရှိရင်တော့ .. အားနာပါတယ်။

Gandhi ကပြောဖူးပါတယ်။ Be the change. ဘယ်သူမှ မပြောင်းလဲဘဲနေနေတဲ့ ပတ်ဝန်းကျင်ရောက်ရင် အလိုက်သင့်ကြီးမနေဘဲ ကိုယ်ဖြစ်ချင်တဲ့အပြောင်းအလဲကို ကိုယ့်ဘာသာကိုယ်စရပါမယ် လို့ပြောချင်တာပါ။ အပြောင်းအလဲကို လိုချင်ရင် ကိုယ်ကိုယ်တိုင်က ပြောင်းလဲရပါမယ်။ တစ်ယောက်ယောက်က လာပြောင်းလဲပေးမယ်ထင်နေတာဟာ ကလေးစိတ်ဖြစ်ပါတယ်။ အပြောင်းအလဲဖြစ်ဖို့ ဂန္ဒီကြီးလို ခေါင်းကွဲမခံရဲသူများအတွက်တော့ Be the change ကို ခပ်လှမ်းလှမ်းကနေ တခါတခါ လှမ်းအော်သင့်ပါတယ်။

ရေးချင်တာရေးလို့ရလို့ blog ရေးနေတာဟု ပေါတောတောပြောသူများထဲတွင် မပါဝင်လိုပါ။ Blog post များကို စာကြီးပေကြီးစာရင်းသွင်းထားသော ပညာရှင်များထဲတွင်လည်း မပါဝင်လိုပါ။ အမြင်မတူတာကို ဆွေ့ဆွေ့ခုန်သူများ အသင်းတွင်လည်း MEMBER မ၀င်ပါ။ Blog ဆွေကြီးမျိုးကြီးများနှင့်လည်း အသိအကျွမ်းမဖြစ်ချင်ပါ။ Blog posts များလောက်ဖတ်ဖူးပြီး ပညာယှိဖြစ်သွားပြီထင်သွားသူများနှင့်လည်းဝေးဝေးနေချင်ပါသည်။

ရိုးသားစွာရေးနေတဲ့သူတိုင်းကို လေးစားပါတယ်။ ကိုယ်ယုံကြည်တာကိုယ်လုပ်တာဟာ စိတ်ချမ်းသာဖို့ပါပဲ။ တိုင်းပြည်နဲ့လူမျိုးအတွက် ဘလော့ခ်ရေးနေတယ်ဆိုတာမျိုး ....၊ မြန်မာစာပေကြီးဖွံ့ဖြိုးတိုးတက်လာအောင်ရေးနေတာဆိုတာမျိုး ....ကိုတော့ နားမလည်ပါ။ ဘာသာရေးကို တိုက်ခိုက်တဲ့ စိတ်ဓာတ်အောက်တန်းကျသူတွေရဲ့ အကုသိုလ် သတ်ကွင်းတွေကိုလည်း မသွားပါ။ လူချင်းဘယ်လောက်ခင်ခင် ရေးထားတာမကြိုက်ရင် ဖတ်လေ့မရှိပါ။

ကျွန်တော်ကိုယ်တိုင်ကတော့ Blogger မဟုတ်ပါ။ စာရွက်မလုံလောက်လို့ ဘလော့ခ်မှာ စာရေးနေသူသာဖြစ်ပါတယ်။ writer လိုပဲ တာချင်ပါတယ်။ blogger လို မဂါချင်ပါ။

မနေ့က Xanthos နဲ့တွေ့ဖြစ်တယ်။ သူပြောတဲ့ dilemma ကို ပစ္စေကဗုဒ္ဓါ dilemma လို့သူ့ဘာသာသူနာမည်ပေးထားပါတယ်။ သူပြောတာကဒီလိုပါ။

ပစ္စေကဗုဒ္ဓါဆီမှာ ဆုတောင်းရင် ဆုတောင်းတာမှန်သမျှပြည့်တယ်။
လူတစ်ယောက်က (ဆိုပါတော့ အရှင်ဒေ၀ဒတ်လိုလူ) မြတ်စွာဘုရားကို သွေးစိမ်းတည်ရုံထက် နည်းနည်းပိုပြီး ဒုက္ခပေးဖို့ဆုလာပန်တယ်။
အဲဒါဆိုဘာဖြစ်မလဲတဲ့။

ပစ္စေကဗုဒ္ဓါတို့မည်သည် ငြင်းလေ့မရှိဘူးဆိုရင် ဆုပေးရလိမ့်မယ်။
မြတ်စွာဘုရားကို မည်သူမှ သွေးစိမ်းတည်ရုံထက်ပိုပြီး ဒုက္ခပေးလို့မရဘူးဆိုရင် ဆုက ပြည့်စရာမရှိဘူး။
အဲဒီလိုဆိုရင် ပစ္စေက ဗုဒ္ဓါဆီမှာ တောင်းတာမှန်သမျှမပြည့်ဘူး။
ဒါပေမယ့် တကယ်က ပစ္စေကဗုဒ္ဓါကို တောင်းတဲ့ဆုတွေကပြည့်ကိုပြည့်တယ်။

... အဲဒီ dilemma ကို နားလည်မှပဲ စာဆက်ရေးမယ် စိတ်ကူးပါတယ်။ :P ....။ အပျင်းပြေစဉ်းစားလို့ရအောင်ပါ။ အဖြေတိုက်ဖို့တော့ စိတ်မကူးပါဘူး။ ကိုယ့်ဘာသာကိုယ်သေချာဖို့ပဲလိုတာပါ။ လူတိုင်းဆီမှာ အဖြေတစ်ခုဆီရှိနေတဲ့အခါ ... နောက်တစ်ယောက်ဆီက အဖြေကို ကိုယ့်အဖြေနဲ့တိုက်ကြည့်ဖို့လိုချင်မှလည်းလိုပါလိမ့်မယ်။ လိုချင်လည်းလိုပါမယ်။ ...။ ။

Notes:
Blog ကိုပါ ရပ်ပစ်ရှစ်ပါးထဲပေါင်းထည့်ထားတဲ့နေ့တွေမှာ ရေးဖြစ်တဲ့ရှားရှားပါးပါး post တစ်ခုဖြစ်ပါတယ်။
နေမကောင်းတဲ့မိခင်ကြီးကို သတိရနေတဲ့အတွက် ရုံးကနေ အဆုံးသတ်ပိုင်းရေးပြီးတင်လိုက်ပါတယ်။ မိခင်ကြီး နိုးလာတဲ့အခါ မနက်စာနဲ့ တွဲဖက်စားသုံးရန်ဖြစ်ပါတယ်။ Blogs တွေရဲ့ ပကတိတန်ဖိုးကို ကြိုးစားရှာကြည့်စေချင်တဲ့ မဟာကရုဏာနဲ့ရေးတာတော့မဟုတ်ပါဘူး။ ထင်သလောက်မဟုတ်ပါဘူးဆိုတဲ့ မဟာမစ္ဆိရိယနဲ့ရေးထားတာလည်းမဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးတွေးကြည့်ဖို့လောက်ပါ ....။



Peace B with U.