ကျနော်နှင့် ခွေးကလေးများ
ကျနော် ငယ်တုန်းက ခွေးမွေးချင်တယ်။ ထုံးစံအတိုင်း ဖခင်ဖြစ်သူက သဘောမတူဘူး။ ( ပြန်စဉ်းစားကြည့်ရင် အဖေဟာ ကျနော့်လူငယ်ဘဝမှာ ၉၈ ရာခိုင်နှုန်းသဘောမတူခဲ့တဲ့သူဖြစ်နေတယ်။) အဲဒီတော့ ကျနော်က လမ်းဘေးကခွေးတွေကိုပဲ ကိုယ့်ခွေးလို့သဘောထားတယ်။ မုန့်တွေဝယ်ကျွေးပြီးခင်အောင်လုပ်ထားတယ်။ လက်ပေးသင်တယ်။ ခွေးတွေနဲ့ဆော့တယ်။ ခွေးတွေက အင်မတန်မှ ချစ်စရာကောင်းတယ်။ ခွေးဝဲစားလို့ခေါ်တဲ့ ခွေးတွေက အစ ခွေးတွေဟာ အင်မတန်ချစ်စရာပဲ။ ခွေးတွေကို ကျနော်ကချစ်ပြီး၊ ခွေးတွေက ကျနော့်ကိုချစ်တယ်။ အဲဒါကို ကျနော်ငယ်တုန်းက အင်မတန်မှ သဘောကျတယ်။
၉ နှစ်၊ ၁၀ နှစ်လောက်ရောက်တော့ အဘွားရဲ့ ပေါ်လစီအရ ကျနော်တို့ ညီအကို နှစ်ယောက် ဘုရားကျောင်းရောက်သွားတယ်။ အဲဒီမှာ ရွယ်တူသူငယ်ချင်း အယောက်သုံးလေးဆယ်နဲ့ပျော်သွားတယ်။ အိမ်ကိုတောင်မပြန်တော့ဘူး။ ကြီးလာရင်လည်း FATHER ပဲလုပ်တော့မယ်ဆိုပြီး Bible တွေ ဘာတွေသင်တယ်။ ဘုရားကျောင်းမှာ နေလွန်းတော့လည်း ဘိုးတော်က အိမ်လေးဘာလေးပြန်လာပါဆိုပြီး လိုက်ခေါ်တယ်။ (အဖေဟာ အင်မတန်နားလည်ရခက်တယ်လို့ထင်တယ်။)
ဘုရားကျောင်းမှာ တယ်ရီယာခွေးတွေ အများကြီးရှိတယ်။ အားလုံးနီးပါး ကျနော့်ကိုချစ်တယ်။ တစ်ကောင်နဲ့တော့ မတည့်လှဘူး။ ကျန်တဲ့အကောင်တွေက အင်မတန်မှခင်တယ်။ ဆွီတီဆိုတဲ့ စပန်နီယာနဲ့ ဘော့်ဘီဆိုတဲ့ တယ်ရီယာနဲ့ပေါက်ပြီးမွေးလာတဲ့ တယ်ရီယာတွေအားလုံး ကျနော်နဲ့ခင်တယ်။ ဆွီတီက ပထမ သိပ်မခင်ဘူး။ နောက်တော့ ဘီစကွတ်တစ်ထုတ်ဝယ်ကျွေးလိုက်တာနဲ့ အင်မတန်ခင်သွားတယ်။ ဘယ်လောက်ခင်သလဲဆိုရင် ကိုယ်ဝန်ကြီးနဲ့ဖြစ်နေတာတောင် ကျနော့်ကို နေ့တိုင်းလာနှုတ်ဆက်တယ်။ သားပေါက်တော့လည်း သူ့ကလေးတွေကို ပြတယ်။ ကိုင်ကြည့်ရင်လည်း မဟောင်ဘူး။ တစ်ခြားသူကိုင်ရင်တော့ မကြိုက်ဘူး။ နည်းနည်းမာန်ဖီတယ်။ သူ့သမီးတစ်ကောင်မှာ မွေးရာပါ ပိုလီယိုဆန်ဆန်ရောဂါပါလာတယ်။ ဒါပေမယ့် ဆေးကုရင်းပြန်ကောင်းသွားတယ်။ သူ့ခြေထောက်နှစ်ဘက်က ပထမ တရွတ်ဆွဲပြီး လျှောက်ရတယ်။ ပြန်ကောင်းလာပေမယ့် သူ့ခြေထောက်က သေးသေးလေးပဲ။ အရမ်းဆော့တယ်။ မွေးကတည်းက ကျနော့်လက်ပေါ်မှာကြီးလာတာပဲ။ ကျနော့်ကိုလည်း အင်မတန်ချစ်တယ်။ ဘုရားကျောင်းမှာ မစ္ဆားတရားလုပ်နေတုန်း၊ ခွေးတွေဝင်လာရင် ကျနော်ပဲသွားခေါ်ရတာများတယ်။ ခွေးတွေက ချီခေါ်သွားရတယ်။ မဟုတ်ရင် ဘုရားကျောင်းထဲမှာလျှောက်ပြေးနေတတ်တယ်။
နောက်ထပ်မှတ်မိတာက မက်စီဆိုတဲ့ ခွေး။ အဲဒီခွေးက ဘာနဲ့စပ်သလဲတော့မသိဘူး။ တယ်ရီယာတော့မဟုတ်ဘူး။ နည်းနည်းလေးပိုထွားတယ်။ အပျင်းထူပုံရတယ်။ မနက် ၅ နာရီခွဲ ၆ နာရီမှာ ကျနော် ဘုရားကျောင်းရောက်လာရင် စီးလာတဲ့စက်ဘီးကိုမှတ်ထားပြီး လာလာနှုတ်ဆက်တယ်။ ကျနော့်စက်ဘီးကို အဖေစီးသွားတော့ အဖေ့ပေါ်ခုန်တက်ပြီးမှ လူမှားသွားမှန်းဒီကောင်သိတယ်။ အဖေက ခွေးတွေဘာတွေလည်း ချစ်ပုံမရဘူး။ ခွေးကလည်း လူမှားပြီးနှုတ်ဆက်မိသွားတော့ ကြောင်တောင်တောင်နဲ့ ပြန်ထွက်သွားတယ်။
တခြားခွေးတော်တော်များများကိုလည်း ကျနော်ချစ်တယ်။ ဆယ်တန်းမှာ ကျနော်စာသင်တဲ့ အိမ်တစ်အိမ်မှာ ဒိုဘာမင်တစ်ကောင်ရှိတယ်။ ဒိုဘာမင်တွေက သိပ်စိတ်ဆိုးလွယ်တယ်။ အဲဒီအိမ်နားမှာ ကာရာအိုကေဆိုင်ရှိတော့ သီချင်းသံကြားပြီဆိုတာနဲ့ တစ်နာရီ၊နှစ်နာရီ ဆက်တိုက်ဟောင်တယ်။ အဲဒီအိမ်က အန်ကယ်တို့ကလည်း ဇ ရှိတယ်။ သူမွေးထားတဲ့ သား၊သမီးကိုတော့ သိပ်ချစ်ပုံမရဘူး။ သူမွေးထားတဲ့ခွေးတွေကိုတော့ အစဉ်အတိုင်း မှတ်မိတယ်။ သူနဲ့ အန်တီနဲ့ လက်ထပ်ဖို့ သစ်ခွသွားဝယ်ရင်း အဲဒီက ခွေးပေါက်လေးတွေကို ချစ်တာနဲ့ တစ်စုံဝယ်လာတာကအစ၊ သူ့ရဲ့ ဒိုဘာမင်တွေ အစွမ်းထက်တာကို နေ့တိုင်း စကားစမြည်ပြောဖြစ်တယ်။
ကိုယ်ပိုင်ခွေးကိုတော့ အဖေ မလေးရှားသွားတဲ့အခါမှ စပြီးမွေးဖြစ်တယ်။ မွေးတယ်လို့တောင်မဆိုနိုင်ဘူး။ မွေးထားလိုက်ရတယ်လို့ပြောရမယ်ထင်တယ်။ အိမ်နောက်ဖေးမှာ စားကြွင်းစားကျန်လာစားတဲ့ခွေးမတစ်ကောင်ရှိတယ်။ စိတ်ရောဂါနည်းနည်းရှိပုံရတယ်။ မယဉ်ဘူး။ ကလေးတွေပေါက်လည်း သူ့ဘာသူစားစားပစ်တယ်။ နောက်တော့ အိမ်မှာ ခြောက်ကောင်လာပေါက်တယ်။ ကိုင်လို့မရဘူး ကိုက်တယ်။ နောက်တော့ တစ်ကောင်ပြီးတစ်ကောင်သေကုန်တယ်။ ထိန်းလည်း ထိန်းတတ်ပုံမရဘူး။ အနားကပ်လည်း ကိုက်ချင်တယ်ဆိုတော့ အင်မတန်ခက်တယ်။ နောက်တော့ သူပါ ရေဖျဉ်းစွဲပြီးသေတယ်။ နောက်ဆုံးခွေးပေါက်လေးတစ်ကောင်ပဲကျန်တယ်။ အဲဒီတော့ ဒုက္ခစရောက်တယ်။ အဲဒီခွေးခမျာလည်း မိဘမဲ့ဖြစ်သွားတော့ ကျနော်တို့ကို သိပ်ချစ်တယ်။ ဆောင်းတွင်းမှာ သူတစ်ကောင်တည်းအေးတော့ အပြင်မှာထားရင် တစ်ညလုံးအော်တယ်။ အိမ်ထဲထည့်ထားရင် ကျနော်တို့ကိုမြင်နေရင် ငြိမ်နေတယ်။ အပေါ်ကို အိပ်ဖို့တက်သွားတာနဲ့ လှေကားခြေရင်းကနေ တစ်ညလုံးထိုင်အော်နေတတ်တယ်။ ငြိမ်ငြိမ်နေဆိုရင် ခဏလေးငြိမ်တယ်။ ပြီးရင်ပြန်အော်တယ်။ သနားစရာလည်း ကောင်းရှာတယ်။ ကျနော်ဆယ်တန်းဖြေကာနီး ဆရာဦးတင်အောင်လွင်ရဲ့ လေ့ကျင့်ခန်းစာအုပ်ကို ကိုက်ပစ်လိုက်သေးတယ်။
အဲဒီခွေးလေးမှာလည်း စိတ်ရောဂါတစ်ခုရှိတယ်။ ဘောလုံးကို အကောင်တစ်ကောင်လို့သူထင်တယ်။ ဘောလုံးချထားရင် သူ ဟိုဘက်ကို လိုက်မလာတော့ဘူး။ ဘောလုံးကိုဟောင်တယ်။ ကြောက်လည်းကြောက်တယ်။ ဘေးနားကဖြတ်မပြေးရဲဘူး။ အဲဒီခွေးကလည်း ကျနော့်ကို ချစ်တယ်။ သူကလည်း မိသားစုဝင်လိုပဲ။ ကျနော်တို့ စီးပွားပျက်ပြီး အိမ်ပြောင်းရတော့ ခွေးကလေးကို အသိတစ်ယောက်ကိုပေးလိုက်တယ်။ အဲဒီအသိကို ကိုက်ပြီး သူပြန်ပြေးလာတယ်။ ဒါနဲ့ပဲ သူ့ကို ဆက်မွေးထားလိုက်တယ်။ အသစ်ပြောင်းတဲ့ အိမ်မှာ သူခဏပဲနေနိုင်တယ်။ နေမကောင်းဖြစ်ပြီး ဆုံးသွားတယ်။ သနားစရာကောင်းတယ်။ လောကကြီးထဲမှာ လအနည်းငယ်ပဲ နေခွင့်ရတဲ့ခွေးကလေးတစ်ကောင်။ ၁၉၉၉ မှာ သူဆုံးတယ်။ ကျနော်စာမေးပွဲဖြေပြီးတဲ့အချိန်ဆိုတော့ မတ်လ၊ဧပြီလ လောက်ဖြစ်မယ်ထင်တယ်။ ၂၀၀၁ လောက်မှာ ခွေးတစ်ကောင်ထပ်မွေးဖြစ်တယ်။
အဲဒီခွေးကလေးကလည်း အိမ်ကို ရေပိုက်နဲ့ ရေလာလာထည့်ပေးတဲ့ ကောင်လေးတွေနဲ့ပါလာတာ။ လမ်းမှာကြီးတဲ့ခွေးလေးပဲ။ ချောတယ်။ မျက်စိပေါ်မှာ အကွက်နှစ်ကွက်နဲ့ဆိုတော့ မျက်စိလေးလုံးနဲ့တူတယ်။ အနက်ရောင်။ အရမ်းဆော့တယ်။ သူ့ကိုမုန့်ကျွေးရင် ပျော်တယ်။ တစ်နေ့မိုးရွာထဲမှာ သူရပ်နေတယ်။ တစ်ကိုယ်လုံးရေတွေစိုနေတာကို ပေပြီးရပ်နေတယ်။ အိမ်ရှေ့နားမှာရပ်နေတာ။ အဲဒါကို သနားတာနဲ့ အိမ်ထဲချီခေါ်လာပြီး ရေသုတ်ပေးလိုက်တယ်။ ပြီးတော့ မင်းကို ငါမွေးလိုက်ပြီ။ မင်းကို Blacky လို့ခေါ်မယ်ဆိုပြီး မွေးထားလိုက်တယ်။ သူ့ဘာသူလည်း သိပုံရတယ်။ အိမ်မှာပဲနေတော့တယ်။ နောက် လအနည်းငယ်ကြာမှ သူ့မှာ ကိုယ်ဝန်ကြီးနဲ့ဆိုတာသိရတယ်။ မွေးဖို့နေရာလိုက်ရှာတယ်။ အိမ်မှာမမွေးဘူး။ ဘေးနားက ခြံကိုဖောက်ထားပြီး အဲဒီမှာသွားမွေးတယ်။ စားတဲ့အချိန် ပြန်လာစားတယ်။ ခွေးကလေးတွေ တစ်ပတ်လောက်ရောက်တော့ အမေက ကလေးတွေခေါ်မလာဘူးလားလို့ပြောတယ်။ ညနေရောက်တော့ ချောကလက်ရောင်ခွေးမလေးတစ်ကောင်ကို ဂုတ်ကချီလာပြီး အိမ်က မီးဖိုချောင်မှာလာထားတယ်။ အဲဒီမှာ အခင်းတွေခင်းထားပေးလိုက်တယ်။ ဘေးအိမ်က အဒေါ်ကြီးက နောက်တစ်ကောင်ကျန်သေးတယ် Blacky လာထပ်မခေါ်တော့ဘူးဆိုမှ အိမ်က အကိုက သူမွေးထားတဲ့နေရာမှာ ကျန်ခဲ့တဲ့ အထီးတစ်ကောင်ကို သွားခေါ်ရတယ်။ ချောကလက်ရောင်နဲ့ခွေးမလေးကို ချောကလက်လို့ နာမည်ပေးလိုက်တယ်။ အထီးလေးက ဝဝကစ်ကစ်လေးမို့လို့ ဖက်တီးလို့ နာမည်ပေးလိုက်တယ်။
ခွေးကလေးတွေက သိပ်ချစ်ဖို့ကောင်းတယ်။ အိမ်ဘေးနားမှာခရမ်းချဉ်သီးတွေစိုက်ထားတဲ့စိုက်ခင်းလေးရှိတယ်။ အဲဒီမှာ ပြေးတယ်။ ဆော့တယ်။ ကြီးလာတဲ့အထိ တော်တော်လေးဆော့တယ်။ တစ်နှစ်ခွဲလောက်မှ မဆော့တော့ဘူး။ နည်းနည်း ရင့်ကျက်လာတယ်။ ငယ်တုန်းကတော့ သူများ လှမ်းထားတဲ့အဝတ်တွေကို ချီလာတယ်။ ဖိနပ်တွေ၊ ခုံတွေကို ရစရာမရှိအောင်ကိုက်တယ်။ စာကလေးဖမ်းတယ်။ နေပူရင် ရေပုံးထဲကို ခြေထောက်ထည့်ထားပြီးစိမ်ထားတယ်။
ခွေးတွေဆီကနေ ကျနော်အများကြီးသင်ယူခဲ့တယ်။ တစ်ခါက Blacky ခြေထောက်မှန်ကွဲရှပြီး ပြန်လာတယ်။ သူ့ကို အရက်ပြန်ထည့်ပေးရတယ်။ နာနေပေမယ့် သူ မအော်ဘူး။ အင်မတန်လိမ်မာတယ်။ ခွေးတွေကို သဘောကျတာက ဝေဒနာကို သိပ်ပြီး အကဲမပိုတတ်တာပဲ။ နာရင်လည်း ဂရုသိပ်မစိုက်ဘူး။ ဆေးထည့်ပေးပြီး၊ တစ်ရက်လောက်ကုပ်နေလိုက်ရင်ပြန်ကောင်းသွားတာပဲ။ အစာမကြေရင် အန်စရာရှိတာအန်လိုက်ပြီး ပြန်ကောင်းသွားတယ်။ ရိုးရိုးရှင်းရှင်းနေတတ်တာ ခွေးတွေရဲ့သဘာဝပဲ။ တစ်ခါတစ်လေ ခွေးကလေးနှစ်ကောင်ဆော့ရင်း ခေါင်းပေါက်သွားတယ်။ အဲဒါတောင် ဆက်ဆော့နေတာနဲ့၊ ဖမ်းခေါ်ပြီးဆေးထည့်ရတယ်။ နာတာကျင်တာနဲ့ပတ်သက်ရင် တော်တော်လေးကို ခံနိုင်ရည်ရှိပုံရတယ်။
အဲဒီခွေးသုံးကောင်ကတော့ အချစ်ဆုံးတွေပဲ။ အဲဒီသုံးကောင်ထဲမှာ ချောကလက်ကို အချစ်ဆုံး။ ၂၀၀၈ မှာ ချောကလက်ဆုံးသွားတော့ depression တောင်ဖြစ်မလိုဖြစ်သွားတယ်။ ကျနော်ကိုယ်တိုင်တွင်းတူးပြီး မြုပ်ခဲ့တယ်။ သူက သိပ်ဝတော့ ညနေတိုင်း လမ်းလျှောက်ခိုင်းရတယ်။ အကောင်ကြီးသလောက် အင်မတန်ကြောက်တတ်တယ်။ တစ်ကောင်ထဲလမ်းထွက်လျှောက်ရင်း ပျောက်သွားလို့ လိုက်ရှာတော့ ခွေးကလေးတွေ ကိုက်မှာကြောက်လို့ မြောင်းထဲဆင်းပြီးပုန်းနေတာတွေ့တယ်။ သခင်ရောက်လာမှ အဲဒီခွေးကလေးတွေကို မြောင်းထဲကတက်ပြီး ပြန်လိုက်ကိုက်ပြီး အိမ်ပြန်သွားတယ်။ သူ့ဘာသူဆိုရင်တော့ အင်မတန်မှကြောက်တတ်တယ်။ ချောကလက်က ညတိုင်း ကျနော့်ခြေရင်းမှာ လာအိပ်တတ်တယ်။ သေခါနီးအထိ အင်မတန်လိမ်မာတယ်။ သေတာတောင် ကျနော် အပြင်က ပြန်လာမှ ကုတင်အောက်ကနေထွက်လာပြီး လာနှုတ်ဆက်ပြီးမှ သေသွားတယ်။
ချောကလက်ဆုံးပြီး အမေဆုံးတယ်။ အမေဆုံးပြီးတော့ Fatty ဆုံးတယ်။ အဘွားဆုံးပြီးတော့ Blacky ဆုံးတယ်။ အချစ်ဆုံး ၅ ယောက် တစ်လှည့်စီထွက်သွားကြတာပဲ။ ဆိုလိုတာကတော့ ခွေးတွေနဲ့ပတ်သက်ရင် အင်မတန်မှ ခံစားချက်ရှိတယ်။ အိမ်ကခွေးသုံးကောင်ကိုဆို ခွေးလို့သဘောထားတာမဟုတ်ဘူး။ အိမ်သားတွေလိုပဲ သဘောထားတာ။ မုန့်စားချိန်ဆိုမုန့်စားရတယ်။ အမြဲတမ်း ဂရုစိုက်တယ်။ အဲဒီလိုနေလာခဲ့တာဆိုတော့ အိမ်မွေးသတ္တဝါတွေ၊ (တိရိစ္ဆာန်လို့တောင် မသုံးသင့်ဘူးထင်တယ်)ကို အင်မတန်မှ နားလည်တယ်။။ အဟိတ် ပေမယ့် သူတို့က သခင်ကိုတော့ ကောင်းကောင်းသိတယ်။ သခင်ရဲ့အရိပ်အခြေကိုကြည့်တတ်တယ်။ ခွေးသုံးကောင်အတူတူမွေးထားပေမယ့် သုံးကောင်လုံးရဲ့ personality ကတစ်မျိုးစီပဲ။ ငယ်တုန်းကနဲ့ ကြီးလာတော့တောင်မတူဘူး။ အဘွားက အစာကျွေးပေမယ့် Fatty တစ်ကောင်ပဲ အဘွားကိုချစ်တယ်။ ချောကလက်ကတော့ ကျနော့်ကို သူ့သခင်လို့သိတယ်။ ကျန်တဲ့သူတွေကိုတော့ ခင်ရုံလောက်ပဲခင်တယ်။
အခုလည်း ကိုတင်မင်းထက်ရဲ့ သမီး မီးမီးချောက ခွေးပုံလေးတစ်ပုံဆွဲပြီး ပြိုင်ပွဲဝင်တယ်။ ခွေးကလေးကို သခင်က စွန့်ပစ်ခဲ့တဲ့ပုံလေး။ ကျနော့်အတွက်တော့ ဒါဟာ နာကျင်စရာဒဏ်ရာတစ်ခုပဲ။ အသိကိုပေးလိုက်တာတောင် ကိုက်ပြီး ပြန်ပြေးလာတဲ့ ခွေးပေါက်လေးတစ်ကောင်ရဲ့ သခင်အနေနဲ့ ခွေးတွေ ဘယ်လောက်ခင်တွယ်တတ်တယ်ဆိုတာကို ကျနော်သိတယ်။ ဒီပုံလေးကို သူပြိုင်ပွဲမဝင်ခင်ကတည်းက ကျနော်ကြိုက်တယ်။ မီးမီးချောမှာ အနုပညာဓာတ်ခံရှိတယ်လို့ ကျနော်ထင်တယ်။ သူဆွဲတဲ့စိတ်ကူးစိတ်သန်းလေးတွေကို ကျနော်ခံစားရတယ်။ အခုပြိုင်ပွဲဝင်တော့လည်း ကျနော် vote လုပ်တယ်။ ကိုတင်မင်းထက်နဲ့ ခင်နေလို့ vote တာမဟုတ်ဘူး။ မီးမီးချောရဲ့ အနုပညာကို ကျနော် သဘောကျလို့ vote တာ။
သူ့ရဲ့ ခွေးပုံလေးကို http://petsforlife.com.sg/competition2012/gallery_vote.php မှာ သွားကြည့်ပြီး၊ စင်ကာပူမှာနေတဲ့ မိတ်ဆွေတွေအနေနဲ့ နှစ်သက်ရင် vote နိုင်ပါတယ်။ ကလေးတွေရဲ့ စင်ကြယ်တဲ့ အနုပညာဖြစ်တဲ့အတွက် ကြိုက်တာကို လွတ်လွတ်လပ်လပ် ရွေးချယ် vote နိုင်ပါတယ်။ ကျနော်တို့ မြန်မာလူမျိုး ကလေးမလေးတစ်ယောက်အနေနဲ့ သူ့မှာရှိတဲ့ အနုပညာကို သူဖော်ထုတ်တာကိုက ဝမ်းသာစရာ၊ ကျေနပ်စရာကောင်းပါတယ်။
ဟိုတလောက ပြိုင်ပွဲတစ်ခုမှာ တတိယ ရတဲ့ကလေးတစ်ယောက်ရဲ့ပုံကို ပထမရတဲ့ပုံထက်ပိုပြီး ခံစားခဲ့ရပါတယ်။ သစ်တောထိန်းသိမ်းရေးပြိုင်ပွဲထင်တယ်။ အဲဒီတုန်းက ကလေးတစ်ယောက်က ငိုနေတဲ့မျောက်ပုံလေးဆွဲတယ်။ မျောက်ရဲ့မျက်လုံးထဲမှာ အခုတ်ခံထားရတဲ့ သစ်ပင်ငုံးတိလေးနဲ့။
ဒါဟာ ကျနော့်ရင်ထဲမှာတော့ ကဗျာတစ်ပုဒ်ပဲ။ နည်းပညာအရတော့ ကျနော်နားမလည်ဘူး။ ခံစားချက်အရတော့ သူ့ပန်းချီကားလေးဟာ အင်မတန်မှ အရသာရှိတယ်လို့ကျနော်ယူဆခဲ့တယ်။
မီးမီးချောရဲ့ လက်ရာကိုလည်း ကျနော်ကြိုက်တယ်။ မြန်မာကလေးတစ်ယောက်ဖြစ်နေလို့မဟုတ်ဘူး။ သူ့အနုပညာအရကြိုက်တယ်။ အနုပညာရဲ့ လှပမှုကို ကလေးတွေရင်ထဲမှာရှိနေအောင် သင်ပေးနိုင်တဲ့ မိဘတွေကလည်း အင်မတန်တော်တယ်လို့ ကျနော်ထင်တယ်။ ကလေးတွေရင်ထဲမှာ လောကကို ဂရုပြုမိတဲ့ နှလုံးသားလှလှလေးတွေရှိမှ၊ လှပတဲ့ ကမ္ဘာသစ်ကို သူတို့ဖန်တီးနိုင်ကြမယ်လို့ ကျနော်ထင်မိတယ်။ ကျနော်ချစ်တဲ့ ခွေးလေးတွေကိုယ်စား မီးမီးချောက ပုံလေးတစ်ပုံဆွဲတယ်။ ပစ်ချထားခဲ့တဲ့လည်ပတ်ကြိုးလေးနဲ့ ခွေးကလေးတစ်ကောင်ရဲ့ ဝမ်းနည်းမှုကို ကျနော်တို့ကိုပြသတယ်။ လောကမှာ အပယ်ခံနေရတဲ့ သတ္တဝါငယ်လေးတွေရှိတယ်။ မေတ္တာငတ်နေတဲ့ သတ္တဝါတွေ၊ ဒီမျက်ရည်တွေကို ကျနော်တို့ သုတ်ပေးလိုက်နိုင်ရင် သိပ်ကိုကောင်းမယ်လို့ကျနော်ထင်တယ်။
မီးမီးချောရဲ့ခွေးကလေးကနေတစ်ဆင့် ကျနော် ကျနော့်ရဲ့ စိတ်ထဲကို ပြန်သွားပြီး ကျနော့်ခွေးကလေးတွေကို ပြန်ကြည့်နေမိတယ်။ မေတ္တာလိုအပ်သော လောကကြီးမှာ ချစ်ခြင်းအားဖြင့် နွေးထွေးလုံခြုံပါစေလို့ ကျနော်ဆန္ဒပြုပါတယ်။ မီးမီးချောလည်း ပိုပြီး ပြည့်စုံတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာအောင် ဆက်လက်အားထုတ်ကြိုးစားပါလို့ တိုက်တွန်းပါတယ်။ အားလည်းပေးပါတယ်။ ချီးလည်းချီးကျူးမိပါတယ်။
ခင်မင်စွာဖြင့်၊
Zephyr
Peace B with U.