တိတ်ဆိတ်ခြင်းဟာ တံခါးကိုခေါက်တယ်။ ထမဖွင့်ဖြစ်လိုက်ဘူး။
ဟရူကိ မူရခမိရဲ့ ဇာတ်လမ်းတစ်ခုမှာ (နော်ဝေးဂျန်ဝုထ်ဒ် ထင်တယ်) ကောင်မလေးက ပြောတယ်။ ရေတွင်းနက်ကြီးတစ်ခုရှိတယ်။ အဲဒီတွင်းက ဘာမှ အကာအဆီးမရှိဘူး။ လမ်းလျှောက်ရင်း ဖုတ်ခနဲ ပြုတ်ကျသွားနိုင်တယ်တဲ့။ ဘယ်သူမှလည်း အဲဒီလို ပြုတ်ကျသွားတာ မသိနိုင်ဘူးတဲ့။ ဘယ်နေရာမှာရှိမှန်းမသိတဲ့ တွင်းထဲ ကျပြီးပျောက်သွားတတ်တယ်။ ကိုယ့်ဘေးနားကနေ ပျောက်သွားတဲ့လူတွေဟာ တွင်းထဲ ကျသွားတယ်လို့ သူတို့အရပ်မှာ ပြောလေ့ရှိတယ်တဲ့။
လမ်းလျှောက်ရင်း အဘိုးတစ်ယောက် လဲကျနေတာတွေ့တယ်။ ပြန်မထနိုင်ဘူး။ ဇရာကလေးနေတာ။ ဇရာက ခြေထောက်မှာ နာနေတာ။ ဇရာက ဗျာဓိနဲ့ပေါင်းပြီး အဘိုးကို လှဲချလိုက်တာပဲ။ ကျွန်တော်တို့ မလဲသေးဘူး။ ခင်ဗျားရော ဘယ်လိုလဲ။ ကျည်ဆံက ၅၇ တောင့်ပဲပါတယ်။ ရန်သူက အများကြီး ၃၁ တောင့်ကုန်သွားပြီ။ နောက်ဆုံးတစ်တောင့်ပစ်အပြီးမှာ ခုန်အုပ်လိုက်မယ့် ဇရာရဲ့ သွားစွယ်၊ ဗျာဓိရဲ့လက်သည်းနဲ့ နောက်ဆုံး လည်မျိုကို ခဲလိုက်မယ့် မရဏရဲ့ ရက်စက်ခြင်းအထိ တစ်ဆက်တည်း ဖြစ်ပျက်သွားရမှာ မဟုတ်လား။
အဘွားကတော့ အသက် ရှစ်ဆယ်ကို ခြေထောက်ပေါ်မှာရပ်ပြီး ၁ နှစ်လောက်ကို အိပ်ရာထဲမှာလှဲတယ်။ လူမမာဘဝကို သူကြိုက်ပုံမရဘူး။ သြဂတ်စ် ၁၈ ရက်နေ့မှာ ထွက်စို့ခေါ်ပြီး လေချွန်သံလေး တအေးအေးနဲ့ ထွက်သွားတယ်။ ဘဝမှာ ဘာမှ မလေးလံသွားဘူး။ ဘွဲ့တစ်ခုမှမရပေမယ့် လောကမှာနေတတ်တယ်။ တစ်သက်လုံး ကွမ်းနဲ့ ပါရာစီတမောကိုပဲ ဆေးဖြစ်ဝါးဖြစ်မီဝဲတာ တွေ့ရတယ်။ သူ့ဘဝကို သူငြိမ်းတယ်။ သူ့ဘဝကို သူအပြည့်နေထိုင်သွားတယ်။
Up and down.
But in the end it's only round and round.
ဆိုတဲ့ သီချင်းစာသားလိုပဲ အတက်အကျတွေနဲ့ တဝဲလည်လည် ဘဝကြီးများလားလို့ တခါတခါတွေးပါတယ်။ တခါတလေလည်း အဆက်မပြတ် ထပ်ပြန်တလဲလဲ နားထောင်နေဖြစ်တဲ့ သီချင်းတစ်ပုဒ်ဟာ ဘဝပဲလို့တွေးတယ်။ မတွေးတော့လည်း ဘာမှမဖြစ်ဘူး။ ကြွေကျသွားတဲ့သစ်ရွက်တွေနဲ့ အပင်ပေါ်မှာ ကျန်တဲ့သစ်ရွက်တွေဟာ အမြဲတမ်းဆတူရှိတယ်။
ရုံးကအပြန် သစ်ပင်ခပ်မြင့်မြင့်တွေရှိတဲ့ဘက်ကနေ လမ်းလျှောက်ပြီးပြန်တယ်။ သစ်ပင်တွေရဲ့ကမ္ဘာမှာ လူလာဖြစ်ရတာ ကောင်းသလား။ လူတွေနေတဲ့ကမ္ဘာမှာ သစ်ပင်ဖြစ်ရတာ ဆိုးသလား။ သေချာတော့ မတွေးကြည့်ရသေးဘူး။
ကမ္ဘာကလည်း ပျက်မယ်ဆိုရင် အခုအချိန်လောက် စပျက်ဖို့ကောင်းပြီ။ ဒီဇင်ဘာအထိ စောင့်နေစရာမလိုတော့ဘူး။ လူကလည်း ပျင်းသထက်ပျင်းလာတယ်။ အသက်တောင် မျှင်းမျှင်းပဲရှူတယ်။ တခါတလေ အသက်မရှူဖြစ်မှာတောင် သတိထားနေရတယ်။ ရေမြောင်းထဲမှာ စီးသွားတဲ့ရေတွေ ဘယ်ရောက်သွားလဲ။ လှိုင်းတွေကတော့ ပင်လယ်ထဲ ပြန်ပြန်ပြုတ်ကျနေတယ်။ ကောင်းကင်ကိုမော့ကြည့်တော့ နေရောင်ခြည် အကြေတွေ လွင့်လွင့်ကျတယ်။ ဆူရီယလ်ဆန်တဲ့ ကမ္ဘာထဲမှာ 1998 က ရော်ဘင်ဝီလျံပါတဲ့ What Dreams May Come ဇာတ်လမ်းကို ပြန်ပြန်တွေးမိနေတတ်တယ်။ သတိထားနေရင် သတိရပြီး မေ့ထားတဲ့အခါလည်း သတိပိုရတယ်။ အလွဲများပဲ။ လွဲသော မှားသော ပုံရိပ်ယောင်များ။ နေလုံးကတော့ ပင်လယ်ထဲပြုတ်ကျလိုက်၊ တောင်ကြားကပြန်ထွက်လာလိုက်ပဲ။ တခါတစ်ခါ အမှုန်များ၊ လှိုင်းများ၊ ကွေ့ကောက်သော အလင်းများ၊ ဖြောင့်တန်းသော အလင်းများ၊ နူတန်ရဲ့ကျမ်းစာအုပ်နဲ့ ရွှေဘုံသာမျက်မှန်ဆိုင်တန်းပေါ်ထိုးကျနေတဲ့ ချဉ်သိုးနေတဲ့အလင်းများ။ သိပ်မြန်လွန်းတယ်ဆိုတဲ့ အလင်းနှစ်များ။ နာရီပျက်နေသော ကြယ်များ။
တိုတောင်းလွန်းပြီး ပိုကောင်းတဲ့ဖြတ်လမ်းများဆိုတဲ့ အယူအဆ ဖောက်ထွက်လာတယ်။ ပြန်ပြန်ကွေ့သွားခြင်းဆိုတဲ့ သဘောတရားကိုလည်း နားလည်တတ်လာတယ်။ ဈေးကွက်မှာအောင်မြင်ဖို့ ကံကောင်းဖို့လည်းလိုတယ်လို့သိလာတယ်။ ဆင်တစ်ကောင်မှာ ကြောက်ရတဲ့ချွန်းတစ်ခုရှိစမြဲ။
မင်းက ငါ့ကို အကွက်ချတတ်တဲ့ကောင်များ ထင်နေလား။ ငါဘာကောင်လဲမင်းသိလား။ ငါက ကားတွေနောက်ပြေးလိုက်နေတဲ့ခွေးပေါ့။ ကားတစ်စီးစီးကို မီသွားရင် ငါဘာလုပ်ရမလဲ သိမှာမဟုတ်ဘူး။ အဲဒီလိုပေါ့နော်။ ငါက လုပ်ချင်တာလုပ်နေရုံလောက်ပဲ။
စိုက်ထားတဲ့အပင်လေးတွေကို အရိပ်တကြည့်ကြည့်နဲ့ နေရင်း သင်္ခါရတရားရဲ့ ပြောင်းလဲခြင်းတွေကို လေ့လာတယ်။ ရှင်သန်လိုစိတ်ကုန်တဲ့နေ့မှာသေတာပါပဲ။ မုန်တိုင်းဖြစ်မှာစိုးတာနဲ့ တောင်ပံခတ်တဲ့ လိပ်ပြာတွေကို စူပါကော်၊ အလွန်ကပ်တဲ့ကော်နဲ့ သေသေချာချာကပ်ထားလိုက်တယ်။ ကမ္ဘာရဲ့တစ်ဖက်ခြမ်းမှာ မုန်တိုင်းတစ်ချို့သက်သာပြီး၊ အမှတ်တရ မှန်ပေါင်တွေထဲမှာ ရောင်စုံလိပ်ပြာတွေများလာတယ်။ ရွှေငါးတစ်ကောင်က ဓာတ်ဆီထဲမှာ ဘယ်လောက်ကြာကြာကူးနိုင်မှာလဲ။ လူဆိုတာရော ကမ္ဘာမှာ ဆပ်ပြာပူဖောင်းတွေထက် ပိုခိုင်နိုင်မှာလား။ ကျုပ်တော့ မထင်ဘူးမောင်ရင်။
ဂျွန်လော့ဒ်ကိုကြည့်တော့လည်း ပီယာနိုတီးတာ လွယ်သလိုပဲ။ ရုတ်တရတ် မျက်မမြင်တစ်ယောက် ငိုတဲ့အခါ ဆိုတဲ့ သီချင်းကိုပဲ လွမ်းရမလိုလို။ ပြာရီမှိုင်းတွေရော ညို့တာတွေရော မို့တာတွေပါပါတဲ့သီချင်းတစ်ပုဒ်ကို ယောကျာ်းတစ်ယောက် အိညှောင်အိညှောင်နဲ့ဆိုတကိုပဲ ခံစားတတ်ရမလို ဖြစ်ဖြစ်နေတယ်။ ရာသီဥတုမကောင်းဘူး။ ဝိုင်နီကို များများသောက်ပေးသင့်တယ်။ မိုနိုသီချင်းများဟာ သေမတတ်ကောင်းတယ်။ သေချင်စော်နံလောက်အောင်ကိုပါပဲ။ သေသွားရှာပါတယ်။ သက်ဆိုးမရှည်တာ ကံကောင်း၏။
ကမ္ဘာ့စီးပွားရေးမကောင်းဘူး။
တိုင်းရေးပြည်ရေးလည်းမေ့နေတာကြာပြီ။
တိုင်းပြည်ဖြစ်ဖြစ်၊ လူမျိုးဖြစ်ဖြစ်၊ သိပ်စွဲသွားရင် ဥပါဒါန်ပဲ။
တော်ရုံပဲကောင်းတယ်။
အသံမရဘဲ ရော့ခ်မဆိုနဲ့။
လိဒ်ဂစ်တာကို ငြိမ်ငြိမ်ကြီးတီးမနေနဲ့။
ပင်လယ်ကြီးနဲ့ ပေ လေးဆယ်အကွာက ရေကန်ထဲမှာ စိမ်ပြီး ကမ်းခြေကို ခံစားနေတဲ့ လူတန်းစားတစ်ရပ်ကို နားလည်တတ်ခဲ့ပြီ။ နှိပ်နေတဲ့သူနဲ့ အနှိပ်ခံနေသူနှစ်ယောက်အတွက် ကမ်းခြေကို အတူတူဖွင့်ဆိုလိုမရနိုင်ဘူး။ လူမွဲတွေမှာ ရသတွေထုံလာတဲ့သဘောရှိတယ်။ bathtub ထဲမှာ ရေနွေးစိမ်ရင်း အာဖရိကမှာ ရေမရှိတာ တွေးမိတဲ့ အမျိုးကောင်းသားတွေရှိနေလို့ ကမ္ဘာကြီးအတွက် တော်တော့တယ်။
၁၄.၅ မီတာ အမြင့်ကနေ ခုန်ချလိုက်တယ်။ ကြိုးပါရင်မကြောက်ဘူး။ သံသရာဆိုတာလည်း ကြိုးနဲ့ပဲ။
အဲဒီည အစောကြီးအိပ်ပျော်သွားတယ်။
ဆုံးသွားတဲ့ အမေနဲ့ အဘွားနဲ့တွေ့တယ်။
အဲဒီတစ်ဖက်ကမ်းကရော ဘယ်လိုနေလဲဆိုတော့ ဒီလိုပါပဲလို့ပြောတယ်။
မနက်နိုးလာတော့ ဒုတိယတန်းဟိုတယ်တစ်ခုရဲ့ အညံ့စားအဲကွန်းသံကိုကြားရတယ်။ မွေ့ရာက ပျော့နေတယ်။ မြေကြီးပေါ်မှာ အိပ်နေတဲ့ ခွေးကလေးကိုသတိရတယ်။ လိုအပ်ချက်တွေများလာတယ်။ တံခါးကိုတွန်းဖွင့်လိုက်တော့ ပင်လယ်က မြင်သိစိတ်ကို တွန်းဖွင့်တယ်။ ဖဿဖြစ်တယ်။ ဝေဒနာဖြစ်တယ်။ မဂ္ဂမဖြစ်ဘူး။ ရေထဲကို အင်္ကျီဝတ်လျက်သားနဲ့ဆင်းသွားတယ်။ ပြန်မပေါ်လာတော့ဘူးလို့ကြားတာပဲ။ ။
Z
Peace B with U.