Saturday, October 18, 2014

လမ်းမများ

လမ်းမများ

လမ်းတိုင်းဟာရောမကိုရောက်တယ်။
ထိုသို့ဆိုလျှင် ရောမမရောက်လျှင် လမ်းမဟုတ်ဘူးဟုပင်ဆိုရမည်။ပင်လယ်အောက်တွင် လမ်းများမြုပ်နေသေးသည်။ ရောမတော့ရောက်ဟန်မတူပါ။

တန်ဖိုးထားမှုသည် ကြီးကျယ်သော ပြဿနာတစ်ခုဖြစ်ပါသည်။
တန်ဖိုးများကို နေရာတကျထားသိုရန်လိုအပ်ပါလိမ့်မည်။
မိမိ၏တန်ဖိုးထားသူအတွက်သာ မိမိသည် တန်ဖိုးရှိပါသည်။ လမ်းများသည် ရောမသို့မရောက်ပါ။ ခေါ်ဆိုမှုများသည် ဆက်သွယ်မှုဧရိယာပြင်ပထက်ပိုဝေးသောနေရာသို့ရောက်ပါသည်။ ပင်လယ်ရေအောက်သို့ကျသွားသောအရာမှာ စိတ်ဓာတ်များမဟုတ်ပါ။ နောင်တရလေ့မရှိသူ၏ ထုံပေပေခံစားချက်သာဖြစ်သည်။

ရယ်စရာပြဇာတ်တစ်ပုဒ်သည်ဟာသနှင့်သာစတင်ပြီး မျက်ရည်များဖြင့်သာ အဆုံးသတ်လေ့ရှိသည်။ လူတိုင်းတွင် မတူညီသော တန်ဖိုးထားမှုများရှိနေတတ်သည်။ မိမိအတွက်တန်ဖိုးကြီးမြင့်သူ၏စိတ်ထဲတွင် မိမိသည် သုညဖြစ်နေနိုင်သည်။ ထိုအသိတရားသည် အလွန်တန်ဖိုးရှိပါသည်။

Missed calls များသည်  တစ်ခါတစ်ရံတွင် လွမ်းဆွတ်သူတစ်ယောက်၏ ခေါ်ဆိုခဲ့သော ခေါ်ဆိုမှုအရေအတွက်ဖြစ်ပါသည်။ တစ်ချို့စကားလုံးများသည် အသည်းအသန်ဖြစ်နေသော လူနာများနှင့်တူပါသည်။ နောက်တစ်ကြိမ်သူနှင့်ပြန်ဆုံရန်မဖြစ်နိုင်တော့ပါ။ စကားလုံးတစ်ချို့သည် မပြောဖြစ်ဘဲ ပြီးဆုံးသွားသော ပြဇာတ်တစ်ခု၏ အသံတိတ် သရုပ်ဆောင်ချက်ဖြစ်ပါသည်။

မိမိထံရောက်လာသော ပန်းတစ်ပွင့်ကို ပန်ဆင်ခွင့်လည်းရှိသလို၊ လစ်လျူရှုခွင့်လည်းရှိပါသည်။ သို့သော် ပန်းပွင့်များ၏သက်တမ်းတိုတောင်းမှုကိုတော့ အသိအမှတ်ပြုရလိမ့်မည်။ မြေပေါ်ပြန့်ကြဲနေသော ပန်းကြွေများဖြင့် လမ်းမတစ်ခုသည် လှပသော လမ်းမတစ်ခု၏ဟန်ပန်ထက် အတုံးအရုန်း အဆိပ်မိကာသေဆုံးနေသော ပိုးဟပ်များဖြန့်ခင်းထားခြင်းနှင့်ပိုတူနေသည်။ ဖြတ်သန်းလျှောက်လှမ်းသွားသော လမ်းကလေးသည် ခြေသံများကိုသာ သိမ်းဆည်းထားသည်။ လုံခြုံသော ခြေသံအရေအတွက်ဖြင့် ခရီးဆက်ရဦးမည်။ ရောမသို့ရောက်ရန်မလိုအပ်ပါ။ အတိအကျ၊အသေအချာ မလိုအပ်ခဲ့ပါ။

မေတ္တာတရား၏ ဂီတသည် လက်ချောင်းများကြားမှ စိမ့်ယိုကျသွားသော ဟာသတစ်မျိုးလည်းဖြစ်သေးသည်။ ကောင်းကင်ရောင်ခြယ်သော ပိတ်ကားထက်တွင် ထက်ဝယ်ဖွဲ့ခွေထားသော နာနာကျင်ကျင် ကြက်ခြေခတ်များသည် ကြယ်များဖြစ်သည်ဟုဆိုသည်။ ထိုပန်းချီကားတွင်းမှ ကြယ်များအားလုံး ကြွေသွားခဲ့ပြီဟု စိတ်ထဲမှ အသံတစ်ခုက တီးတိုးရေရွတ်သည်။

စကြဝဠာ၏ အမှိုက်စများအဖြစ် တရွေ့ရွေ့သေးငယ်သွားသော ဖြစ်တည်မှု၏ အစွန်းထွက်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်လိုက်သည်။ လမ်းများကို လျှောက်ရဦးမည်။ ရောမသို့ မရောက်သည့် လမ်းမများ။

အနိုင်လည်းမယူ၊ အရှုံးလည်းမပေး၊ စိတ်တစ်ခု၏ နေသားတကျဖြစ်မှု ဖြစ်စဉ်သည် တစတစ ပိုမို၍ ငြိမ်သက်လာသည်။ တန်ဖိုးထားမှု၏ အဖိုးအခသည် နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ရသည့် ဇာတ်ဝန်ခန်းတစ်ခန်းမျှသာဖြစ်သည်။ အမြဲ အသင့်ရှိနေမည်ဆိုသော ရင်ခွင်တစ်ခုသည် မီလိုက်တော့မှ အရိပ်တစ်ခုဖြစ်သွားသည်။ ဆိုးဆိုးရွားရွားပြုတ်ကျသွားသော စိတ်ဓာတ်များအစား ယုံကြည်မှုပျောက်ဆုံးသွားခြင်းဖြစ်စဉ်က အစားထိုးဝင်ရောက်လာနေသည်။ စကားလုံးများသည် မည်သည့်ခေတ်အခါတွင်မှဒဏ်ရာ၏ ဆယ်ရာခိုင်နှုန်းမျှကို မဖော်ပြနိုင်ခဲ့ပါ။

သောကြာနေ့ညနေတစ်ခုကို လေချွန်ရင်း လမ်းလျှောက်နေလိုက်သည်။ မိမိဘက်မှတာဝန်များပြီးဆုံးခဲ့ပြီ။ အတိတ်မှ 8 track နှင့်သွင်းထားသော သီချင်းလေးတစ်ပုဒ်ကို 24-track ခေတ်တွင် နှမြောလိုက်ရုံမျှသာ။ နောက်ထပ်နှစ်အနည်းငယ်ဖြည့်ဆည်းရန်လိုအပ်သော ဥပေက္ခာတရား၏ ဝတ်ရုံသည် လောကဓံ၏ အတိုင်းအရ အနည်းငယ်ပွယောင်းယောင်းဖြစ်နေဖို့လိုသည်။ ကြွေလက်စသစ်ရွက်လေးတစ်ရွက်၏ လေပေါ်ပျံဝဲနေမှုကိုသာ ကိုယ်စားပျော်ရွှင်ပေးခဲ့သည်။ သံသရာကို ဖြောင့်တန်းစွာလျှောက်သွားရန် အပြာရောင်လဲ့ဖြာသော လမ်းကလေးတစ်ခုလိုအပ်သည်။ ရောမသို့ရောက်ရန်မလိုပါ။

မိမိ၏အိမ်မက်များဖြင့် တည်ဆောက်ထားသော ကမ္ဘာသည် ဆက်လက်ဖြစ်ထွန်းနေသည့်တိုင်အောင် အဓိပ္ပာယ်အတန်အသင့်ယုတ်လျော့သွားခဲ့ပြီဖြစ်သည်။ ပျူပုတီးလုံးလေးများ၏ လုံးဝန်းမှုကို ပဟေဠိတစ်ခုဖြစ်ရသည့်ပမာ မအောင်မမြင်အံသြကြည့်ဖို့ကြိုးစားနေလိုက်လျှင်ကောင်းမည်။

အနောက်အရပ်ကို မျက်နှာမူ၍ သိပ်ပျော်နေပါသည်ဟု သုံးကြိမ်တိုင်ပြောကြည့်ကြပါ။ လောကသည် မြန်နှုန်းမြင့် လမ်းမှားကားတစ်စီး၏ ဘရိတ်မမိသောဖြစ်စဉ်အတွင်း မကုန်နိုင်သော လောင်စာဆီများပိုလျှံနေမှုကို အကျဉ်းချုံးရိုက်ပြနေသော ခပ်ညံ့ညံ့ ဒေါ့ကယူမန်ထရီဖြစ်ပါသည်။ ငါသည် လမ်းခရီးလည်းဖြစ်သည်ဆိုသော ဂျီးဇက်စ်တစ်ယောက်၂၁ ရာစုတွင် ပြိုင်ကားလမ်းဖြစ်ကောင်းဖြစ်နေလောက်ပြီထင်သည်။ စိတ်ကျန်းမာရေးမကောင်းသော မအူပင်ကျောင်းမှ အင်ဂျင်နီယာကျောင်းသားတစ်ယောက် ဂစ်တာလွယ်ရင်း ဆိုင်ကယ်စီးကာ သူငယ်ချင်းအိမ်သို့ရောက်လာဦးမည်ထင်ပါသည်။ ညဉ့်နက်သန်းခေါင်အထိ Cobain ၏ Smells like teen spirit ကို အော်ဟစ်သီဆိုနေဦးမည်ထင်ပါသည်။ ဂီတကို စိတ်ငြိမ်ဆေးအဖြစ်သုံးစွဲနေသော သူငယ်ချင်းများ နေကောင်းကြပါစေဟု လမ်းမတစ်ခုအနီး လဲကျနေရင်း ဆုတောင်းပေးလိုက်ပါသည်။ သို့သော် လူကြီးလူကောင်းများသည် ဆုမတောင်းကြကြောင်း သတိရလာသောအခါ သစ္စာဆိုရန်အားထုတ်မိပါသည်။ လမ်းမပေါ်တွင် အကြိမ်ကြိမ်လဲကျသော ကိုယ်ပင်မနာသော်လည်း စိတ်လျှင် မွစာကြဲသော ငါပင်ဖြစ်၏၊ဆိုသော စကားဖြင့် သစ္စာထဆိုရန်ကြံစည်မိသေးသည့်တိုင် လက်လျှော့လိုက်သည်။ ဂစ်တာကြိုးပြတ်သွားသောကြောင့်  vamp သာတီးနေရန် အကြံပြုလိုက်သည်။ လမ်းများသည် အမှန်တကယ် မည်သည့်နေရာသို့မျှမရောက်ပါ။

စိတ်ပျက်လက်ပျက် စီဒီတစ်ချပ်ကို random ဖွင့်လိုက်သည့်အခါ Elton John ၏ နှုတ်ဆက်ပါတယ် အဝါရောင် အုတ်လမ်းလေး သီချင်းထွက်လာသည်။ ဖွင့်မိသော မိမိကိုယ်ကိုပင် အင်မတန် စိတ်နာမိတော့သည်။ I'm going back to my plough ကိုပင် လေချွန်နေလိုက်တော့သည်။ စိတ်ကျန်းမာရေးဆေးခန်းများတွင် လေချွန်ခြင်းသည် စိတ်ငြိမ်စေ၍ လေပေးချွန်ထားသည်ဟု သူငယ်ချင်း ဆရာဝန်မကြီးကပြောဖူးသည်။ လေချွန်လိုက်တော့ အနည်းဆုံး စိတ်ထဲက အမှိုက်နည်းနည်းလေးရှင်းသွားသည်။ အဝါရောင်အုတ်လမ်းလေးသည်လည်း ရောမသို့မရောက်ပါ။

How can you mend a broken heart သီချင်းကို သတိရသလိုဖြစ်လာသည်နှင့် စီဒီပြန်ရှာပြီးဖွင့်နားထောင်နေလိုက်သည်။ Chorus တွင် လေချွန်နေလိုက်သည်။ မဆိုးဘူး။ ဒီနည်းက ထိရောက်သားဟု ကိုယ့်ကိုယ်ကို ကျေနပ်သွားသည်။

ထို့နောက် ဘီလီဂျိုဝဲလ်၏ ပီယာနိုသမားသီချင်းကို လာလာလာ ဆိုသည့်နေရာလိုက်ဆိုနေလျှင်လည်း မဆိုးဟုအကြံရကာ စီဒီစင်မှစီဒီကိုထုတ်လိုက်သည်။
He says, Son can you play me a memory
I'm not really sure how it goes
But it's sad and it's sweet and I knew it complete
When I wore a younger man's clothes ဆိုသည့်အပိုဒ်တွင် အနည်းငယ်ဝင်ဟဲလိုက်သည်။ စိတ်သက်သာရာရသည်။

John Denver ၏ အိမ်ကိုပြန်ခေါ်သွားမယ့် ကျေးလက်လမ်းလေးကိုလည်း အလွမ်းပြေနားထောင်လိုက်သည်။ ဂစ်တာသမား ငယ်သူငယ်ချင်းများကို သတိရလာသည်။ စိတ်လည်း အနည်းငယ်လန်းဆန်းလာသည်။

အိမ်မှာ ငယ်ကတည်းကဖွင့်နေကျ Leonard Cohen ရဲ့ Hallelujah မှ ပီယာနိုသံလေး နားထောင်နေလိုက်သည်။ ထိုအယ်လ်ဘမ်၏ အမည်မှာလည်း လမ်းပေါ်မှ သီချင်းများဖြစ်နေသည်။ လမ်းပေါ်မှ သီချင်းများသည် ရောမသို့မသွားကြပါ။ ဟာလေလူးယား အလိုက်လေးနဲ့ လေချွန်နေလိုက်သည်။ တော်တော်လေး ငြိမ်းချမ်းသွားသည်။

Cold Play ၏ ပဉ္စလက် ဆိုသည့် သီချင်းကို အခုတလော တော်တော်ကြိုက်နေသည်။ ပစ်လွှတ်လိုက်သော ဓားတစ်ချောင်း၏ ပစ်မှတ်သည် တိကျမှု၏ရလဒ်ဖြစ်ပါသည်။ အပိုင်းပိုင်းပြတ်နေသော စိတ်တစ်ခုအတွက် ပဉ္စလက်တရားကို ယုံစားလိုက်ရန်သာရှိသည်။ ပြန်လည်ပြင်ဆင်လေ့မရှိသော အမှားပေါင်း တစ်ရာငါးဆယ့်ခုနစ်ခုစာအတွက် စိတ်ကိုလျှော့ထားလိုက်ပါသည်။ အက်ပရက်ဆို ကော်ဖီကို အပူပေးထားသော နွားနို့နှင့်ရော၍ဖြစ်လာသောကိုယ်တိုင်ဖျော် Latte တစ်ခွက်ကိုသောက်ရင်း နောက်နောင်မည်သည့်ကိစ္စမှ မပူပန်ရန်၊ အပိုမလုပ်ရန် သတိကြီးစွာထားမည်ဟု သံန္နိဌာန်ကြီးစွာချလိုက်လေသည်။ စေတနာကို တန်ဖိုးမထားခြင်းသည် အကြီးမားဆုံးသော ပြစ်မှုဖြစ်၍ အခန့်မသင့်လျှင် သေရာပါဆုံးရှုံးမှုများဖြစ်သွားတတ်ပါသည်။ လမ်းဆုံးလျှင်ရွာတွေ့မည်ဟူသော မြန်မာစကားပုံသည် ရောမရွာကို ရည်ညွှန်းခဲ့လေသလား မသိကြတော့ပါ။

လူတိုင်းဟာ ကိုယ့်ဒဏ်ရာကို အနာဆုံးထင်ကြတာပါပဲဟု ခုံတန်းလျားများ စီရရီချထားသော လမ်းသွယ်လေးမှပြောသည်။ သူသည်လည်းရောမသို့ရောက်ဖူးဟန်မတူ။ Radiohead ၏ No Surprises
သီချင်း၏နောက်ခံတီးလုံးကို လေချွန်နေပြန်သည်။ ခုံတွေကိုဖြန့်ခင်းထားတာလားဟုမေးတော့ မသိချင်ယောင်ဆောင်နေသည်။ သံချွန်နှင့်ရေးထားသော အသည်းပုံကလေးများသည် သစ်သားခုံများတွင်မှုန်ဝါးသွားပြီဖြစ်သည်။ မိမိ၏ နာမည်၊ သူ၏ နာမည်ပါသော သော့ကလေးတစ်ခုကို အမှတ်ရခတ်ထားခဲ့ဖူးသော တံတားလေးတစ်ခုပင် ယခုအချိန်တွင် သော့များဖြင့် လေးလံသောကြောင့် ပြိုမလိုဖြစ်သွားခဲ့သေးကြောင်းကြားလိုက်ရသည်။ ချစ်ခြင်းတရားသည် အကြောင်းပြချက်များမလိုအပ်ပါ။ ချစ်ခင်သူများအတွက်ပေးလိုက်သောအချိန်သည် မည်သည့်အခါတွင်မျှ အလဟဿဖြစ်မသွားပါ။ တန်ဖိုးမသိသူများအတွက် တန်ဖိုးမရှိသော နွေဦးရာသီ၏ ဥသြငှက်များပါဝင်သော သစ်ရွက်ကြွေချိန်ဇာတ်ကားကြီးသည် မကြာသေးမီကပင် ပြည်ဖုံးကားချသွားပြီဟုသိရသည်။

အနေအထိုင်မတတ်သော စိတ်များသည် ထာဝစဉ် ဒဏ်ရာရနေကြပါသည်။ မိမိစိတ်၏ အထားအသိုနှင့် ဖွဲ့စည်းပုံကို ပြောင်းလဲ၍ ပျော်ပျော်နေသွားရန် ကြိုးစားရဦးမည်ဖြစ်သည်။ ယခုလောလောဆယ်လာနေသော သီချင်းမှာ Amy Winehouse ၏ you know I'm no good ဖြစ်နေသည်ကတော့ တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါသည်။

မကြာမီ Amy Winehouse က Love is a losing game ကို ဆိုနေမည်ကို ကြိုသိသောကြောင့် စီဒီပလေယာကို ပိတ်လိုက်ပါသည်။ လမ်းများသည် ရောမသို့မရောက်ကြပါ။ စိတ်ချမ်းသာသလိုနေနိုင်အောင်နေထိုင်ခြင်းဖြင့် လမ်းများ၏အခက်အခဲကို ရင်ဆိုင်လိုက်ကြပါစို့။

မိမိဆီသို့ နောက်ဆုံးအကြိမ်ခေါ်ဆိုသော တယ်လီဖုန်း missed call တစ်ခု၏တန်ဖိုးသည်လည်း ရောမသို့ရောက်မသွားတော့ပါ။               ။

Zephyr



Peace B with U.