Sunday, June 20, 2010

ဆူညံသံများ



အခုတလော အိမ်မှာကိုမနေဖြစ်ပါဘူး။
သူငယ်ချင်းတွေနဲ့ပဲ ရောက်ရာပေါက်ရာ လျှောက်သွားနေဖြစ်ပါတယ်။

မော်ဒန်လူသားဟာ သူ့အဘိုးထက် ခရီးနှစ်ဆပိုသွားရမယ်လို့ ဆိုရိုးရှိပါတယ်။ တမလွန်ခရီးကို သွားနှင့်တဲ့ အဘိုးထက် သာအောင် တမလွန်ကို နှစ်ခေါက်သွားဖို့လိုမလားလို့တွေးမိတာနဲ့ မော်ဒန်လူသားမဖြစ်ချင်တော့ပါဘူး။

အခုတလော ကသိကအောင့်ဖြစ်နေတာက Sound Pollution ဖြစ်ပါတယ်။ ဖန်ဆင်းရှင် ပဲဖြစ်ဖြစ် ... ကံတရားပဲဖြစ်ဖြစ် မျက်စိမှာ မျက်ခွံလေး ထည့်ပေးသလို နားမှာလည်း အအုပ်ကလေးဘာလေး ထည့်ထားပေးဖို့မေ့သွားတာကို နည်းနည်းမှမကျေနပ်ဘူးဖြစ်နေပါတယ်။

စင်ကာပူမှာ မလေးတွေ မင်္ဂလာဆောင်ရင်ဖြစ်ဖြစ် တရုတ်တွေ အသုဘ ဖြစ်ရင်ဖြစ်ဖြစ် ဆူညံသံတွေ လုပ်ကြပါတယ်။ အမှန်တော့ ဒါက စွပ်စွဲသလိုဖြစ်နေနိုင်ပါတယ်။ ဥပမာ Rock ဂီတကို မကြိုက်တဲ့သူအဖို့တော့ Rock ဂီတဟာ ဆူညံသံဖြစ်ပါတယ်။ Classics ဂီတမှာကိုပဲ စနစ်တကျထည့်ထားတဲ့ ဆူညံသံတွေပါဝင်ပါတယ်။ သောကြာနေ့နဲ့ စနေနေ့ညတွေမှာ ကျင်းပသွားတဲ့ ညနေခင်း အခမဲ့ Piano Concert မှာလည်း နားညည်းစရာ ဒုံဂွမ် ဂလွမ်တွေပါတာပါပဲ။ ဒါပေမယ့် အဲဒီ ပမာဏဟာ ဆူညံသံလို့ပြောပလောက်အောင်မဖြစ်ဘဲ တေးသွားနဲ့ပေါင်းစပ်လိုက်တဲ့အခါ မိုးချိန်းသံလို ... ကြေကွဲနာကျင်စွာအော်ဟစ်လိုက်သံလို ရသမြောက်လာပါတယ်။ မလေးမင်္ဂလာဆောင်က ကီးမ၀င်နဲ့ သံကြောင်နဲ့ ... To be with you ဆိုနေတာတို့ အမေနဲ့ရွာကို လွမ်းနေတာတို့ ... ခံစားလို့မရပါဘူး။ အသံဆူညံမှုကို တရားဝင်ခွင့်ပြုတဲ့ အစိုးရအနေနဲ့လည်း Eco-friendly government မဟုတ်ဘူးလို့ပဲ ယူဆပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အထူးသဖြင့် ကျဉ်းကျဉ်းလေးနေရတဲ့ နိုင်ငံလေးမှာ အားလပ်ရက် နှစ်ရက်လုံး ဆူညံသံတွေ ထိုင်နားထောင်နေလောက်အောင် သဘောထား မကြီးပါဘူး။ ထွက်ပြေးရပါတယ်။

ဆူညံသံဟာ ဘာဖြစ်နိုင်သလဲဆိုတာကို ငယ်တုန်းကဖတ်ဖူးပါတယ်။
ဆူညံသံဟာ လူတွေကို စိတ်မရှည်ဖြစ်စေတယ်။
တစ်နေ့လုံး ဆူညံနေတဲ့နေရာမှာနေရတဲ့သူဟာ စိတ်အလိုလို တိုနေတတ်ပါတယ်။
နောက်တစ်ခုက ညဘက် sound sleep မရပါဘူး။ ဘယ်လောက်ပဲ အိပ်ပုတ်ကြီးလို့ အိပ်အိပ် ဆူညံသံရှိနေရင် နည်းနည်းပိုအိပ်မှ ပုံမှန်အိပ်သလောက် အိပ်ရေးဝပါတယ်။
အိပ်ဇောပိုက်ကို ပြုပြင်ထားတဲ့ ဆိုင်ကယ်စီးတဲ့ မလေးတွေကို သေဒဏ်ပေးမယ်ဆိုရင်တော့ အဲဒီ ဆူညံသံထဲက တစ်ဝက်လောက်လျော့သွားမယ်ထင်ပါတယ်။ ဥပဒေဟာ ပြင်းထန်မှ လူရှိန်ပါတယ်။ အမှိုက်မပုံရ ဒဏ်ငွေ နှစ်ဆယ်ဆိုရင် အမှိုက်အိတ်တိုင်းမှာ နှစ်ဆယ်တန်လေးတွေ ချိတ်ပြီးပစ်မှာပါပဲ။ ဒါတွေကို ဂရုမစိုက်နိုင်ရင်တော့ ဆူညံတဲ့ နိုင်ငံမှာနေရတဲ့ ဘ၀ကို အလိုလိုရောက်လာပါတယ်။

အသုဘမှာတီးတဲ့ကိစ္စကတော့ ဓလေ့လိုဖြစ်နေတဲ့အတွက် သည်းခံနိုင်ပါတယ်။ တီးလို့ ဆုံးပါးသွားတဲ့လူပါ ထကရင်တော့ ပွဲက ကြည့်ကောင်းသွားပါပြီ။ အဲဒီအခါကြရင်တော့ Disco Lights လေးတွေ ထွန်းညှိလိုက်ပြီး ဆက်ကကြဖို့လိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ပါတ် သုံးပါတ်က ရိုးရာ ဒရမ်တီးတဲ့ ၇ျာမန် လူမျိုးထင်ပါတယ်။ အဲဒီလူရဲ့ Performance show ကိုကြည့်လိုက်ပါတယ်။ သူက အဲဒိမှာ သံဖြတ်လွှနဲ့ ဂီတသံကို ဖန်တီးပြပါတယ်။ သူ့ဟာသူတော့ဟုတ်နေတာပါပဲ။ Gas မီးဖိုကို သံဖြတ်လွှနဲ့ဖြတ်တာ Beat ကို မှန်နေတာပါပဲ။ ဆူညံသံနဲ့ဂီတနဲ့ကို စည်းတစ်ခုခြားထားတာကတော့ အနုပညာစွမ်းရည်ဖြစ်ပါလိမ့်မယ်။

ဂျပန်ဗုံကို နားထောင်ကြည့်တော့လည်း မဆူဘူးလားဆိုတော့ဆူညံတာပါပဲ။ ရင်ဘတ်ထဲမှာ Base သံကြောင့် ဒုန်းဒုန်းဆိုပြီး တုန်ခါသလိုဖြစ်နေပါတယ်။ ဒါပေမယ့် ဒါကို ဂီတလို့ လက်ခံတာဟာ အသံစီးဆင်းမှုကြောင့်ပါပဲ။ သဘာဝမှာရှိတဲ့ လေတိုက်သံ၊ ကျေးငှက်အော်သံ၊ ရေစီးသံတွေကြတော့လည်း စိတ်ကိုပြေလျော့စေပါတယ်။ ဖန်တီးထားတဲ့ဂီတမဟုတ်ပေမယ့် စိတ်ကို သက်သာစေပါတယ်။ ပန်ကာသံ၊ အဲကွန်းသံ၊ မော်တာသံ၊ ကားစက်သံ၊ အစရှိတာတွေကတော့ တော်တော်လေးကို စိတ်ဖိစီးစေပါတယ်။

ရုံးမှာဆို Server ခန်းထဲနာရီဝက်လောက်ဝင်နေမိရင်ကို လူက ပင်ပန်းသလိုဖြစ်သွားပါတယ်။ အပြင်မှာ အသံမည်တဲ့ Server တစ်လုံး တစ်နေကုန်ဖွင့်ထားလိုက်ပြီဆိုရင်ကို အလုပ်လုပ်ရတာ စက်ရုံထဲရောက်နေသလို ခံစားရပါတယ်။ အဲဒီတော့ နားထဲမှာ ဂီတသံတစ်ခုခုဖွင့်ထားရပါတယ်။ တစ်ခါတစ်လေလည်း တရားခွေဖွင့်ထားလိုက်ပါတယ်။ ရမယ့်ရ ကုသိုလ်ရတာ အမြတ်ပဲဆိုပြီးဖွင့်ထားလိုက်ပါတယ်။

အသံတွေနဲ့ ဆူညံသံတွေကို စိတ်ကခွဲပေးပါတယ်။
ဆူညံသံတွေကို ဒေါသမထွက်သရွှေ့တော့ ဆူညံသံက ဘာမှ ပြဿနာမရှိပါဘူး။
မျြိ့ပြရဲ့ pros & cons တွေထဲမှာ ဆူညံသံဟာ cons စစ်စစ်ဖြစ်နိုင်ပါတယ်။
ဆူညံသံများတဲ့နေရာမှာနေရတဲ့သူဟာ တိတ်နေတဲ့သဘာဝကို အလိုလို ဆန့်ကျင်လာတတ်ပါတယ်။
အမြဲတမ်း စကားပြောနေတဲ့သူဟာ တိတ်ဆိတ်နေတဲ့အခါ အင်နာရှားချွတ်ချော်သလို ခံစားရပါတယ်။
ဘာနဲ့တူသလဲဆိုရင် တရားအားထုတ်လို့ စိတ်အေးလက်အေးနဲ့ စိတ်က သမာဓိလေးနဲ့ တည်ငြိမ်နေတဲ့အခါ အရင်လို တောင်တွေးမြောက်တွေးလုပ်မနေလို့ စိတ်က အလုပ်ပြုတ်သွားသလိုခံစားရတာမျိုးနဲ့ နည်းနည်းဆင်နေနိုင်ပါတယ်။

ဆူညံသံတွေရှိပါတယ်။
ပတ်ဝန်းကျင်မှာ .. အနီးအနားမှာ .. လူ့အဖွဲ့အစည်းမှာ ....နေရာအသီးသီးမှာပေါ့။
ကျွန်တော်ပြောချင်တဲ့ ဆူညံသံလေးတစ်ခုအကြောင်းကတော့ စိတ်ထဲက ဆူညံသံလေးပါ။
နိဒါန်းက သိပ်ရှည်နေပေမယ့် ...နိဂုံးကတော့ တိုတောင်းပါတယ်။

ကျွန်တော်တို့စိတ်ထဲမှာရော ဆူညံသံတွေဘယ်လောက်များသလဲ နားထောင်ကြည့်ဖြစ်ရဲ့လား။
ကျွန်တော်တို့စိတ်က သိပ်ပြီး Sensitive ဖြစ်ပါတယ်။ အကြည့်လေးတစ်ခုအတွက်လည်း စိတ်ထဲမှာ အသံမြည်နေတတ်ပါတယ်။ စိတ်ထဲမှာ မြည်နေတဲ့အသံလေးတွေကို နားထောင်ကြည့်ရင် ... ဘယ်အသံတွေက ဆူညံသံလေးတွေလည်းဆိုတာကို ပိုသိလာမယ် တစ်ချို့ဆူညံသံတွေက ဆူညံလွန်းတဲ့ အခါ ... အလွမ်းဆိုတာ ဖြစ်လာတတ်ပါတယ်။ နှလုံးသွင်းမှားသွားတဲ့ ဆူညံသံလေးလို့ ယူဆနိုင်ပါတယ်။ တစ်ချို့ဆူညံသံတွေက ကျယ်လောင်လွန်းလို့ အဝေးကိုထွက်ခွာရတယ်။ အဲဒီ ဆူညံသံမျိုးကိုတော့ အကြမ်းဖျင်းဘာသာပြန်ကြည့်ရင် အမုန်းဖြစ်သွားနိုင်ပါတယ်။ သာယာစွာ ဆူညံနေတဲ့ ဂီတသံရဲ့ ဆူညံမှုမျိုးကိုတော့ အချစ်လို့ပဲ ယူဆထားလိုက်ပါ။ တခြား စိတ်စေတသိက် အတွဲအစပ်တွေကြောင့်လည်း ဆူညံသံလေးတွေ စိတ်ထဲမှာ မြည်နေပါတယ်။ စူပါကြိုးမျှင် သီအိုရီအရတော့ .. အရာရာဟာ တုန်ခါနေတဲ့ ကြိုးမျှင်လေးတွေလို့ဆိုပါတယ်။ စိတ်ထဲမှာ တုန်ခါနေတဲ့ ကြိုးမျှင်လေးတွေကို သင်နားထောင်ကြည့်ပါ။ .... စိတ်အေးချမ်းနေတယ်ဆိုတဲ့ အခိုက်အတန့်မှာ ... တုန်ခါနေတဲ့ ကြိုးလေးတွေ ခေတ္တ ရပ်တန့်နေတာကို သင်တွေ့လာပါလိမ့်မယ်။

ဆူညံသံတွေကို မုန်းလာတဲ့တစ်နေ့မှာတော့ ... ကျွန်တော်တို့ အေးချမ်းတဲ့နေရာကို ရောက်ဖြစ်မယ်ထင်ပါတယ် ....။
....
ဆူညံသံတွေဟာ ...
မရှိမဖြစ်လိုအပ်နေတာလို့ သင်ပြန်ပြောရင်လည်း ... ဒီအယူကို လက်မခံပေမယ့် ... ငြင်းဆန်မှာမဟုတ်ပါဘူး ...။
ဆူညံသံတွေရှိပါတယ် ....။
အထူးသဖြင့် ... တိတ်ဆိတ်စွာဆူညံနေတဲ့ ဆူညံသံတွေအကြောင်း သင်ကြားလာတဲ့တစ်နေ့မှာ ....
ဆူညံသံတွေကို သင်လည်း မုန်းလာမယ်လို့မျှော်လင့်ပါတယ် ....။

ခင်မင်စွာဖြင့်
Zephyr



Peace B with U.