Monday, August 10, 2009

အကိုးအကားဖြင့် ချောင်းဆိုးခြင်း ...

အကိုးအကားဖြင့် ချောင်းဆိုးခြင်း ...

သက္ကရာဇ် ၂၀၀၉ မဟာပညာကျော် Zephyr ကိုယ်တော်တိုင် စီရင်တော်မူအပ်သော ယင်ကောင်မေတ္တာစာ ....(ယင်ကောင်ကဲ့သို့ အနှောင့်အယှက်ကော်မန့်ကို လှစ်ခနဲထားတတ်သော သူများအတွက်)။

သိပ်ပြီးခမ်းနားပြနေရတာကိုက သိမ်ငယ်ခဲ့လို့ပဲမဟုတ်လား။
သူဂုဏ်နှိမ့်ရင် ကိုယ့်ဂုဏ်နိမ့်မယ်လို့ သင်တို့တွေနားလည်မှာမဟုတ်မှန်းသိလို့
သူ့ဂုတ်ခဲရင် ကိုယ့်ဂုတ်လည်း အခဲခံရမယ်လို့ သင်တို့ဝေါဟာရနှင့် ကျွန်ုပ်ကပြောခဲ့သည် ...။

သံဝိညာဏ(ကောင်းစွာသိခြင်း) ကင်းနေသောကြောင့် တခါတလေ ဟိုပြောဒီပြောပြောရင်း ဟိုမန့်ဒီမန့်ဖြစ်လာသော ရောဂါရှင်များ၏ ထူးကဲဒီရေတက်လာခြင်း အခြေအနေတစ်ရပ်ကို ဖြေရှင်းပေးရန် ဒီပို့စ်ကိုရေးခြင်းမဟုတ်ခဲ့ပါ ...။ ကျွန်ုပ်သည် သံဓိဓာတာ(စီရင်တတ်သောသူ) မဟုတ်ခဲ့၍ဖြစ်သည်။

သို့သော် ကျွန်ုပ်သည် အားလပ်နေသည့်အခါ သံသရဏ္ဏ၀ (သံသရာတည်းဟူသော သမုဒ္ဒရာ)တွင် ကျင်လည်နေရသည့်အဖြစ်ကို မသိမသာမေ့လျော့ရင်း ထိုသို့သော မိုးခါးကြီးအမီ မှိုခါးကြီးတွေ ဖွံ့ထွားလာပုံကို သံဝိဘာဂ(ခွဲခြားဝေဖန်လေ့ရှိသည်)။ ကိုယ်နဲ့ ချစ်ခင်ကြတဲ့ မောင်နှမ သားအမိတွေကို အသားလွတ် မှီရာလှမ်းဟပ်နေသော နှုတ်သီးများကို သံရမ္ဘ(အမျက်ကြီးခြင်း) ဖြစ်လွန်း၍ ရေးသည်ဟုဆိုသော်လည်းရကောင်း၏။ (ဟောင်လွန်းသည့်ခွေးလူမလေးဆိုသောစကားသည် ခွေးများကို ထိုးဟပ်စေတတ်သော မြှောက်ထိုးပင့်ကော်စကားပုံတစ်ခုဖြစ်နိုင်သည်....။) ခွေးအစစ်များကိုချစ်ခင်တတ်သော်လည်း ...ခွေးယောင်ဆောင်သူများကို အော့အန်တတ်သောစိတ်သည်ရှိသည်ဖြစ်၍ သံရာဝ(ကျယ်သောအသံ)ဖြင့် မောင်းထုတ်ခြင်းလည်းဖြစ်နိုင်သည် ....။

ရမဏီယ(နှလုံးမွေ့လျော်ဖွယ်သော) blogs များသို့ မရိုးသားသောစိတ်ဖြင့် လာရောက်နှောင့်ယှက်နေသည်မှာ ရန္ဓဂဝေသက(အပြစ်ရှာသောသူ) အဖြစ် ပါရမီရင့်ကျက်ခြင်းကို ဖော်ပြခြင်းပေပဲလား ...ဒီဘိုးနိုးကြီး၏ ရောင်းမကောင်းသောအနက်ရောင် ဦးထုပ်တစ်ခုကို ဦးနှောက်မပါသောခေါင်းတွင်ဆောင်းထားသူစစ်စစ်ဖြစ်ကြောင်း သက်သေပြခြင်းပေပဲလား ...။ ယဉ်ကျေးသော အပြောအဆိုများဖြင့်ပြောဆိုလျှင်သည်းခံနိုင်ဖွယ်ရှိသော်လည်း သူတို့၏ အပြောအဆို အရေးအသားများသည် ရဘသ (ရုန့်ရင်းကြမ်းတမ်းသည်)။ သို့ဖြစ်၍ ထိုသူတို့၏ စိတ်ထားဆိုးကို ဘမူကာ(မျက်ခုံး၊မျက်မှောင်) ကြုံ့မိခဲ့သည် ....။ ဘဒန္တ(အရှင်ကောင်း၊သခင်ကောင်း၊ရသေ့ရဟန်း) တို့၏ အဆုံးအမကို မခံရသူများပေပဲလားလို့လည်း တွေးမိသည်...။ဘလော့ခ်ဂါများသည် ဘတ(အခဖြင့် အသက်မွေးသူ)များမဟုတ်ပဲ စေတနာနဲ့ မျှဝေသူများသာဖြစ်သည်ဟူသော အခြေခံအချက်ကိုမေ့ပစ်သည်မှာ ဗာလဒါရက (မလိမ္မာသေးသော သူငယ်)ဆန်လွန်းနေသည်ဟုပြောရန်သာရှိသည်....။ ထိုသို့သော သူများကို ဘလော့ခ်ပိုင်ရှင် (သို့) Contributor က ဗာဓက (တားမြစ်တတ်သည်)။

ဗဟုက(များသော၊များစွာသော) ဖတ်ရှုသူများကို အနှောင့်အယှက်ဖြစ်စေသော မိမိ၏ ရေးသားချက်ကို သန့်ရှင်းနေသော လမ်းပေါ်သို့ အမှိုက်ခပ်တည်တည်ပစ်ချလိုက်သလို ထားသည်မှာ ယဉ်ကျေးမှု ဗဟိဇန(အပ၌ နေသောလူ)ဟု ထုတ်ဖော်ဝန်ခံရာလည်းရောက်ပါသည်။ သူတို့၏ နှလုံးသားများသည် ဗလဘိတ္တိက (ထူသောနံရံရှိသည်) ဟု ခန့်မှန်းမိသည်။ ဗလ၀၀ါတ(အားကြီးသောလေ)သည်ထိုသူတို့၏ အ၀ိဇ္ဇာမှ ဆန်တက်လာသောအခါ ကြပ်မပြည့်သောကွန်မန့်များဖြစ်လာသည်ဟုမှတ်ယူရဖွယ်ရှိသည်။ ပမုဒ (နှစ်သက်ဝမ်းမြောက်ခြင်း)ကို မဖြစ်စေသော စာများကို ရေးချင်နေသည့် စိတ်ကို နားလည်ပေး၍ မရနိုင်ဖြစ်မိသည်မှာ သူတို့ထိုးလိုက်သော ဓားမြှောင်များသည် အယားမပြေသောကြောင့်ဖြစ်ပါလိမ့်မည်။ သူတို့သည် ပမတ္တဗန္ဓု (မာရ်နတ်)၏ဆွေတော်ရှစ်သောင်းမျိုးတော်ပေါင်းထဲမှ မိုက်သွေးအနည်းငယ်ပိုညစ်သော မသူတော် နှစ်ပါး သုံးပါး ဖြစ်တော်မူနိုင်သေးသည်။

ထိုသူတို့အား လူ့ကိုယ်ရည်ကိုယ်သွေးရှိသူများ အစည်းအရုံးမှ ပဗျူဠ(နှုတ်ပယ်အပ်သည်)။ ဘလော့ယဉ်ကျေးမှုအရ ပဗ္ဗာဇနိယ(နှင်ထုတ်ထိုက်သော၊ နှင်ထုတ်အပ်သော) သူများဟုယူဆမိသည်။ ဘလော့ခ်ရေးသူများအနေနဲ့လည်း ဒီလိုလူတွေရဲ့ ဗြဟ္မာကြီးဦးခေါင်းပုပ်လို ကွန်မင့်တွေကို ထားရမလို ဖျက်ရမလို ဖြစ်နိုင်တဲ့အရေးကို ပဗောဓ(နိုးကြားခြင်း) ရှိရန်လို၏။ ထိုသူများသည် ပစ္စရိ (ဆိုင်ပြိုင်နိုင်သောရန်သူ)များလည်းမဟုတ်၍ (အပြင်မှာ အမြီးကုတ်သလောက် ကွန်မင့်တွင် အဟောင်သန်သူများဖြစ်၍ ) ပစ္စေဝေက္ခဏာဉာဏ (ဆင်ခြင်သောဉာဏ်) ဖြင့်သာ ရင်ဆိုင်အပ်၏။ ထိုသူတို့၏ ဒေါင်းဆင်န်ဒရုန်းထက်နိမ့်သောဆင်ခြင်နိုင်စွမ်းနှင့် ဦးခေါင်းများထဲ၌ တွေးခေါ်မြော်မြင်ခြင်းသည် ပက္ကဂတ္တ(အိုမင်မစွမ်းသော ကိုယ်အင်္ဂါရှိသည်) ဖြစ်၍ ဖြစ်နိုင်ရင် သနားတော်မူလိုက်ကြပါရန်တိုက်တွန်းပါသည်။ ဒုဂ္ဂတိဂါမီ(မကောင်းသူတို့လားရာ အပါယ်ဘုံသို့လားသည်) ဆိုသော လမ်းလို့ သူ့ဘာသာသူ တွားသွားခြင်းကို နားလည်ပေးလိုက်ကြစေလိုပါသည်။

ဒုဂ္ဂါဟဒိဌိ(မကောင်းသောအယူအမြင်ရှိသည်) ဖြစ်၍ လူရာမ၀င်လှသော ထို ပရိုင်းမိတ်စိတ်နဲ့ လူယောင်ဆောာင်ထားသော လူယောင်ယောင်များကို ခုဘိတဓာတုက(ဓာတ်ချောက်ချားသူ)များအဖြစ်သာ သတ်မှတ်ပြီး ... ခုဒ္ဒဇန္တု(သတ္တ၀ါငယ်) တစ်ကောင် အပေါ်ထားသော မဟာကရုဏာမျိုးဖြင့် ခွင့်လွှတ်ခြင်းဖြင့်သာ အမှိုက်ထဲမှ ရွှေကျင်သကဲ့သို့ ဆိုးသောသူများနှင့်တွေ့ဆုံခြင်းမှ ကောင်းသော အကျင့်ကျင့်ခွင့်ကို ဆောက်တည်ကျင့်သုံးနိုင်ပါစေသတည်း .....။

ချစ်ခင်သော ကရုဏာဖြင့် ...
စတတ်နောက်တတ်သော Zephyr

Notes:
ယနေ့ posts နှစ်ခုတင်ထားပါသည် ...။ ရှေ့တစ်ပတ် ခဏနားပြီး စာရေးစရာရှိသည်များရေးလိုက်ပါဦးမည်။
စိတ်ချမ်းသာချင်တဲ့သူတွေအတွက် သီးသန့်ရပ်ဝန်းလေးတစ်ခုပဲဖြစ်တဲ့ ဒီဘလော့ခ်မှာ မန့်စရာလည်းနေရာမရှိသလို အော်စရာ Cbox လည်းမရှိတဲ့အတွက် ခြောက်သွေ့တာကိုနားလည်ပေးပြီး စာကြည့်တိုက်တစ်ခုမှာ အေးချမ်းတိတ်ဆိတ်နေတဲ့ ရသမျိုးလို့ ကြံဖန်စိတ်ဖြေတွေးပြီး အနားယူကြပါရန် ....။

အထူးသဖြင့် ကဗျာများကိုသတိထားဖတ်ရှုပါရန် ...။ အခန့်မသင့်လျှင် သင့်စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်ပါသည် ....။ ရေးထားသောကဗျာများကို မော်ဒန်ကဗျာများဟု တစ်ခါမှ နှုတ်တော်မြွက်ဟ၍ မပြောမိကြောင်း ထပ်လောင်း၍ ၀န်ခံပါသည်...။ ရေးထားသော ကဗျာများသည် သင့်အား အစာမကြေဖြစ်စေသည်ဟု အယူရှိသော် ကျေးဇူးပြု၍ အားရပါးရကျော်ဖတ်လိုက်ပါရန် ....။

ဒီဘလော့ခ်မှာတော့ ချီးမွမ်းဖို့ရော ကဲ့ရဲ့ဖို့ပါ နေရာမရှိပါ ....။

ဒီနေ့အတွက် စကားလက်ဆောင်က အရှင်ဆေကိန္ဒ ကလေးတွေကို သင်ပေးလိုက်တဲ့စကားလေးပါ ...
အယူရှင်းမှ လူလင်တဲ့ ...။ ဆိုလိုတာကိုတော့ အယူရှုပ်ရင် တစ်ခုခု ဖြစ်သွားနိုင်သေးတယ်ဆိုတဲ့သဘောပါပဲ ...။

စာရေးခြင်းဟာ ကိုယ်သိတာတစ်ခုခုကို အလကားပေးလိုက်ခြင်းဖြစ်သလို...၊ ကိုယ်စိတ်ချမ်းသာနေတာကို အလကားပေးလိုက်တာလဲဖြစ်ပါတယ် ....။ တကယ်လို့ မပေးတော့တဲ့အခါလည်း သူတို့ကို လွမ်းဆွတ်နေမိဦးမှာပါ ....။ တကယ်လို့ ဘလော့ခ်ရေးတဲ့သူတွေ နောက်တစ်ရက်မှာ ပိတ်ထားကြတဲ့အခါ ... သူတို့ကိုလွမ်းဆွတ်နေမိဦးမှာပါ ...။ ဆက်ပြီးမရေးတော့တဲ့အခါလည်း နားလည်ပေးမိမှာပါ ... ပြန်ပြီးရေးရင်လည်း စောင့်ဖတ်ဖြစ်ဦးမှာပါ ....။ ပြန်ရေးဖို့ အတင်းခေါ်ခဲ့ကြသလို .. ရပ်တဲ့အခါလည်း အဖော်ညှိဖို့မမေ့ကြဖို့သတိပေးပါတယ် ....။

ည ၁၂ ရီထိုးတာနဲ့ ကောင်းသောညပါလို့
ကမ္ဘာတစ်ခြမ်းကို ကမ္ဘာတစ်ခြမ်းက နှုတ်ဆက်ပြီး
ကမ္ဘာတစ်ခြမ်းက အနွေးဓာတ်နဲ့
ကမ္ဘာတစ်ခြမ်းမှာ မီးလင်းဖိုလေးတစ်ဖိုနွှေးတဲ့အခါ ..
ကမ္ဘာတစ်ခြမ်းစီဟာ ..
(စိတ်ထဲမှာ)အတူယှဉ်တွဲနေထိုင်ကြတယ် ...။
Zephyr



Peace B with U.