Saturday, August 22, 2009

နောက်ဆုံးလက်ဆောင် အကွဲစ

ကျွန်တော်ဟာ ဂီတကို ချစ်တဲ့ သာမန်သစ်ရွက်တစ်ရွက်ပါ ...ရိုးရိုး
သစ်ရွက်တစ်ရွက်မှာ အသက်ရှူသံတွေရှိတယ် ..
သစ်ရွက်တစ်ရွက်မှာ အစာချက်လုပ်ခြင်းရှိတယ် ...
သစ်ရွက်တစ်ရွက်မှာ ရွက်လိပ်ပိုး လောကဓံရှိတယ် ..
သစ်ရွက်တစ်ရွက်မှာ မသိနိုင်တဲ့ လေပြင်းမုန်တိုင်းတွေရှိပြီး ...
တတိတိကုန်ဆုံးလာတဲ့ စိမ်းမြချိန်ရှိတယ် ..
တကယ်လို့ မထင်မှတ်တဲ့ နွေလတစ်ခုမှာ ...
ကျွန်တော်ကြွေကျသွားမယ်ဆိုရင် ..
ကျွန်တော့်ကို သေချာကောက်သိမ်း ...
ဖယောင်းတိုက်ပြီး ...အမှတ်တရ ဒိုင်ယာရီတစ်ခုရဲ့ တတိယနောက်ဆုံးစာမျက်နှာမှာ ညှပ်မထားလိုက်ပါနဲ့ ရိုးရိုး ...
ကျွန်တော့်ကို ခြွေလိုက်တဲ့ လေပြင်းတစ်ခုအတွက် ... Song ဆိုတဲ့ ကဗျာကို ရွတ်မပေးလိုက်ပါနဲ့ ...။ ကျွန်တော်
အမှတ်တမဲ့ဆိုတဲ့ အရိပ်လေးထဲမှာ သမားရိုးကျ ကြွေကျချင်လို့ပါ ရိုးရိုး ....။

ကျွန်တော်နာဖျားနေတဲ့ သက္ကရာဇ်တစ်လျှောက်လုံး ... ဒီသစ်ကိုင်းလေးမှာချိတ်တွယ်ခွင့်ကို ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ရိုးရိုး ...။ ချိန်းဆိုချက်တစ်ခုလို နောက်ဆုံးဝှေ့လိုက်မယ့်လေပြင်းတစ်ချက်ကိုစောင့်ဆိုင်းရင်း လောကရဲ့ကြာပွတ်သံတွေနဲ့ ချဉ်ခြင်းဖြေနေတတ်ခဲ့ပါပြီ ရိုးရိုး ....။ အပြာရောင် သမ်းနေတဲ့ ကောင်းကင်က ငုံ့မိုးထားတဲ့ သစ်ရွက်လေးတစ်ရွက်ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ .. လေပြင်းတစ်ခု အရောက်နောက်ကျနေသေးတယ် ....။ မတော်တဆ တစ်ခုနဲ့အောင်ပွဲခံနေကြတယ် .... သစ်သီး ဖြစ်ခွင့်ဆုပန်မထားတဲ့ သစ်ရွက်တွေ သစ်ရွက်လို ကြွေခွင့်ကို စောင့်ဆိုင်းနေရင်း ... ရွှေအိုရောင်သမ်းလာတဲ့ ခြောက်သွေ့မှုဟာ သွေးကြောတွေထင်းလာစေခဲ့တယ် ... ပါးရည်တွေတွန့်လာခဲ့ပြီး ... ညို့မှိုင်းတဲ့ ဒဿနတစ်ခုကို ခြေချနေထိုင်ခွင့်ပြုခဲ့တယ် ....။

... ရိုးရိုး .... ၀တ်မှုန်နှင်းစက်တွေပေနေတဲ့ လိပ်ပြာခြေထောက်တွေကို မြင်ရတာ စိတ်မသက်သာလိုက်တာ လို့ ကျွန်တော်ပြောရင် မရယ်လိုက်ပါနဲ့နော် ....။ ဒီနေ့ စီယတ်တယ်မြို့ရဲ့ ကမ်းခြေတစ်ခုဟာ မျက်ရည်စက်တစ်ချို့နဲ့ စိုးရိမ်ရေမှတ်ရောက်မနေဘူးလို့ ကျွန်တော်မသေချာခဲ့ဘူး .... ။

ကျွန်တော် သီချင်းတစ်ပုဒ်ကိုခံစားနေတယ်.. လွန်ခဲ့တဲ့ဆယ်နှစ် ဆောင်းရာသီတစ်ခုမှာ ခွဲခွာသွားခဲ့ချိန်လေးတစ်ခုအတွက်ပါ .... ဒီသီချင်းကို စိတ်ထဲမှာ ဆယ်နှစ်သိမ်းထားခဲ့တဲ့ သစ်ရွက်တစ်ရွက်ကို လူနာကို ပတ်တီးစည်းရင်း မျက်မှောင်ကြုံ့နေမိတတ်တဲ့ အကြည့်မျိုးနဲ့မကြည့်စေချင်ဘူး ရိုးရိုး ...။ တိတ်ဆိတ်ခြင်းဟာ မီးလျှံတွေလိုပဲ ...။စိတ်ထဲမှာ လောင်ကျွမ်းနေတဲ့ မီးလျှံတွေဟာ တိတ်ဆိတ်ခြင်းမီးလျှံတွေ ပေါင်းစည်းလောင်ကျွမ်းနေတယ် ရိုးရိုး ...။ လောင်စာနဲ့မီး တွဲစပ်ဖြစ်တည်နေတဲ့ ၁၉၉၉ ဆောင်းရာသီတစ်ခုစာ လောင်ကျွမ်းနေတဲ့ မီးတွေပဲဆိုတာ ရိုးရိုး သိမှာပါ ....။ ရိုးရိုး .....၊ အသီးအရွက်စားသုံးသူတွေဟာ သစ်ရွက်တွေကိုသွေးလန့်စေတယ်လို့ ကျွန်တော်ပြောတာကို ရယ်ခဲ့တဲ့ညနေခင်းတစ်ခုမှာ ... အပြာရောင်ဆွယ်တာလေးကို ၀တ်ဆင်ထားတဲ့ လရောင်ဝါလေးတစ်ခု ပေါက္ခရ၀ဿစိုစွတ်ခဲ့တယ် ....။ သိပ်ပြီးအားနည်းနေလို့ ကျွန်တော် သီချင်းစာသားတွေကို တိုးတိုးပဲ ရွတ်ပြလိုက်တယ် .. ရိုးရိုး ....။ မှတ်မိသေးရဲ့လား In the Ghetto .... Elvis ဆိုခဲ့တဲ့သီချင်းတစ်ပုဒ်လေ ....။ တစ်ခွေလုံး တစ်ပုဒ်ပဲ သွင်းထားပြီး တစ်ညလုံးထိုင်နားထောင်နေတတ်တဲ့ ရိုးရိုးကို မှတ်မိသေးရဲ့လားလို့မေးလိုက်တာ စိတ်မရှိပါနဲ့ ရိုးရိုး ...။


လူဆင်းရဲရပ်ကွက်လေးမှာ ...

ရှီကာဂိုရဲ့အေးခဲနေတဲ့ မီးခိုးရောင် မှုန်မှိုင်းတဲ့ နံနက်ခင်း
နှင်းမှုန်တွေလွင့်ပျံချိန်လေးပေါ့ ...
သနားစရာကလေးလေးတစ်ယောက်
ဆင်းရဲသားရပ်ကွက်လေးမှာ
မွေးဖွားလာခဲ့တယ် ...
သူ့မေမေက ငိုနေလေရဲ့ ...
ဆင်းရဲသားရပ်ကွက်မှာ ကျွေးမွေးဖို့လိုအပ်နေတဲ့ ဆာလောင်နေတဲ့ ပါးစပ်ပေါက်တစ်ခုတိုးလာမှာ
သူ မလိုအပ်တဲ့ ဆန္ဒတစ်ခုမို့လေ ...။

လူတွေ ...သင်တို့နားလည်ကြရဲ့လား ...
အဲဒီကလေး ကူညီကမ်းလင့်မယ့် လက်တစ်ဖက် လိုအပ်နေတယ်ဆိုတာကို ...
ဒါမှမရရင်
သူက ဒေါသကြီးတဲ့ လူတစ်ယောက်အဖြစ် တနေ့မှာ ကြီးပြင်းရောက်ရှိလာလိမ့်မယ် ...
သင်နဲ့ ကျွန်ုပ်တို့ကို သေချာပြန်ကြည့်လိုက်စမ်းပါ ...
ကျွန်တော်တို့ဟာ သိပ်ကန်းလွန်းနေပြီလား ....
ကျွန်တော်တို့ရဲ့ဦးခေါင်းကိုလှည့် ပြီး နောက်တစ်နည်းကို ကြည့်ဖို့ ရိုးရိုးရှင်းရှင်းလေး မလုပ်နိုင်ဘူးလား

ကမ္ဘာကြီးလည်ပတ်နေရင်းပေါ့လေ ...
နှာရည်တွေနဲ့ ကောင်လေး ... ဆာလောင်နေတဲ့ကောင်လေး
ဆင်းရဲသားရပ်ကွက်ရဲ့ လမ်းကြားတွေမှာ လေအေးတွေတိုက်ခတ်နေသလို ပြေးလွှား ဆော့ကစားနေတဲ့ကောင်လေး

သူ့ရဲ့ ဆာလောင်မှုတွေ လောင်ကျွမ်းနေတယ် ...
ဒါနဲ့ သူဟာ ညဘက်တွေမှာ လမ်းတွေကို လှည့်လည်သွားလာတယ် ...
သူဟာ ခိုးတတ်လာတယ် ..
သူဟာ တိုက်ခိုက်တတ်လာတယ် ...
ဆင်းရဲသားရပ်ကွက်လေးမှာ ...။

ဒီလိုနဲ့ တစ်ခုသော စိတ်ပျက်ဖွယ်ညမှာ ..
လူငယ်လေးဟာ အုပ်စုကနေခွဲထွက်ပြီး အဝေးကိုထွက်သွားဖို့ပြင်တယ် ..
သူသေနတ်တလက်ဝယ်တယ်
ကားတစ်စီးခိုးတယ်
ပြေးဖို့ကြိုးစာတယ် ဒါပေမယ့် သူဝေးဝေးမသွားနိုင်ဘူး
သူ့မေမေ ငိုနေတယ် ....

ဒေါသထွက်နေတဲ့ လူငယ်လေးနားကို လူအုပ်ကြီးဝိုင်းလာတယ် ..
လူငယ်လေး လမ်းကိုငုံ့ကြည့်နေတယ် ... သူ့လက်ထဲမှာ သေနတ်တစ်လက်နဲ့ ...
လူဆင်းရဲရပ်ကွက်လေးထဲမှာ ...

သူမရဲ့ သားလေးသေဆုံးသွားခဲ့သလို၊
ရှီကာဂိုရဲ့အေးခဲနေတဲ့ မီးခိုးရောင် မှုန်မှိုင်းတဲ့ မနက်ခင်းလေးမှာ
နောက်ထပ်ကလေးလေးတစ်ယောက်မွေးဖွားလာခဲ့တယ် ....
ဆင်းရဲသားရပ်ကွက်လေးမှာ .....။


ရိုးရိုး ... ကျွန်တော် နှုတ်ဆက်ခဲ့ပါတယ် ...။ အမှန်တရားတစ်ခုဟာ ကာလနဲ့ အာကာသကို လွန်မြောက်နိုင်ခြင်းဆိုတဲ့ သဘာဝကို ဆက်လက်ပိုင်ဆိုင်နေဦးမှာပါ ....။ စိတ်ပျက်လက်ပျက် လက်လျော့လိုက်ရတဲ့ လူနာတစ်ယောက်ရဲ့ နောက်ဆုံးစက္ကန့်တွေအကြောင်းကဗျာရေးဖြစ်တဲ့အခါကြရင် ... စိတ်ထဲကနေရွတ်ဆိုပေးလိုက်ပါ ....။ ရောက်နေရာဘုံဘ၀တစ်ခုက ကျွန်တော် ဆက်ပြီး ကြားနေနာနေမိဦးမှာပါ ....။ ... လေပြင်းရဲ့ရှေ့ပြေး လေပြေလေးတစ်ခု ကျွန်တော့်ကို ဆီးကြိုပွေ့ဖတ် ... နေ၀င်ချိန်အမီရောက်လာမယ့် လေပြင်းတစ်ခုကို ၀မ်းသာအားရဆီးကြိုဖို့ ကျွန်တော် ပြင်ဆင်ရဦးမယ် ...။ ရိုးရိုး ... ကျွန်တော် နှုတ်ဆက်ခဲ့ပါတယ် ...။

ရိုးရိုး ... ပန်းပင်လေးတွေရေလောင်းရင်း ကဗျာတွေဖတ်ရင်း ... သစ်ရွက်တစ်ရွက်ကြွေကျသွားတာကို မေ့နိုင်သွားပါစေ ...။ ။




ခင်မင်စွာဖြင့်
Zephyr

foot notes:
သီချင်းစာသားကို အမေ့အတွက် ဘာသာပြန်ထားတာ ယူသုံးလိုက်ပါသည်.....။
သီချင်းပို့ပေးတဲ့အတွက် ကျေးဇူးတင်ထိုက်သူများအား ကျွန်တော်ကျေးဇူးတင်ပါသည်ဟု ပြောချင်ပါသည် ...

ကျေးဇူးပါ ...
ကျေးဇူးကျေးဇူးပါ ...
ကျေဇူးကျေးဇူးပါ ...ကျေးဇူး ....

ကျေးဇူးဆိုသောစကားသည် မြန်မာစကားစစ်စစ်ဟုတ်ပုံမရပါ ....

ကျေးဇူးမဆပ်ခြင်းသည် ကြေးစွပ်ခြင်းထက်သာလွန်ကြောင်းအထောက်အထား ၃၂ ချက်ရှိခဲ့ကောင်း၏ ။

ကျေးဇူးကန်းငမန်းဆိုသည်ကို တစ်လုပ်စားဖူးသူ့ကျေးဇူး ဆိုသူကပြောသည်....။

မွေးမေကျေးဇူးဆပ်ဖူးချင်သည်ဟု ပထမဆုံးပြောသူမှာ ထာဝရဘုရားဆိုသူဖြစ်နိုင်သည် ...။

ကျေးဇူးဆိုတာမဆပ်နိုင်သေးရင်တောင် အတိုးမှန်မှန်ပေးရတယ်လို့ပြောခဲ့သူမှာ ကျန်စစ်သားဖြစ်နိုင်သည်။(ငါ့ကို ကျန်စစ်သားခိုးနေပါပြီအော်မနေနဲ့ကွ တဲ့ ...)

ကျေးဇူးဆိုသည်မှာ အခိုင်ခံ့ဆုံးကြိုးတစ်ချောင်းလည်းဖြစ်နိုင်ပါသေးသည် ...။

ကျေးဇူးသည် တစ်ချို့အတွက် ရေပေါ်ရေးတဲ့အက္ခရာဖြစ်နိုင်သေးသည်။ ကျေးဇူးဆိုသည်မှာ ကမ္ဘာဦးလူ၏ သွားဖြဲပြခြင်းကို ဖလှယ်ထားသော စကားတစ်လုံးဖြစ်နိုင်သေးသည် ...။ ကျေးဇူးဆိုသည်မှာ တန်ရာတန်ကြေးတစ်ခုကို မေတ္တာနှင့်ပြန်ဖဲ့ဆပ်နေခြင်းလည်းဖြစ်နိုင်သည် ... ကျေးဇူးဆိုသည်မှာ .. တစ်ခုခု နှစ်ခုခု သုံးခုခု .. ဖြစ်နိုင်သေးသည် ...။

ကျေးဇူး ...
ကျေးဇူးပါ ...
ကျေးဇူးပါ .. ကျေဇူး ...။



Peace B with U.