Thursday, January 31, 2013

ပညာရေး၊ ဘွဲ့၊ တိုင်းပြည်၊ အနာဂတ်၊ စသဖြင့်။

ပညာရေး၊ ဘွဲ့၊ တိုင်းပြည်၊ အနာဂတ်၊ စသဖြင့်။

နိဒါန်း

မြန်မာပြည် ပညာရေးအကြောင်း မပြောတာကောင်းမယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ကိုယ်တိုင်လည်း ဒီပညာရေးစနစ်ကို ဖြတ်သန်းခဲ့တယ်ဆိုတော့ မပြောဘဲ မသိချင်ယောင်ဆောင်နေလို့ မဖြစ်ဘူးလို့ တစ်ခါတစ်ခါထင်မိတယ်။

ခြေဆင်း(အပျိုး)

ဦးမြင့်ပြောတယ်ဆိုလား ဖေ့စ်ဘွတ်ခ်မှာ လွန်ခဲ့တဲ့ လအနည်းငယ်က ပြောစကားလေးတစ်ခုကြားလိုက်တယ်။ သူအကြောက်ဆုံးက မြန်မာပြည်မှာ လူပြန်ဖြစ်တဲ့အခါ လက်ရှိပညာရေးစနစ်ကို ဖြတ်သန်းရမယ့် ကိစ္စလို့ပြောတယ်။ အဲဒီကိစ္စကို ကျနော်လည်း ကြောက်ပါတယ်။ သူငယ်ချင်းတွေလည်း ကြောက်ပါတယ်။ စစ်အစိုးရခေတ် ပညာရေးစနစ်ကို ဖြတ်သန်းခဲ့ရသူတွေ အားလုံးလည်း ကြောက်တဲ့သူများမယ်ထင်ပါတယ်။ လိုရာဆွဲပြောတာမဟုတ်ပါဘူး။ အကျိုးအကြောင်းကိုလည်း အနည်းငယ်ပြောပါမယ်။

လက်ရှိအခြေအနေ တင်ပြချက်

မြန်မာပြည်ရောက်တော့ အသိပါမောက္ခဆီကို သွားပါတယ်။ သွားတယ်ဆိုတာက ခင်လို့သွားတာပါ။ မြန်မာပြည်မှာ ကျောင်းဆရာလုပ်ရင်တော့ သူ့ဆီကို မကြာမကြာသွားပြီး အပူကပ်ရဖို့ရှိပါတယ်။ အခုတော့ ဘာအပူမှမကပ်ပါဘူး။ ပြန်ရောက်တုန်း သွားတွေ့ရုံပါပဲ။ ဇနီးသည်ကိုလည်း အမြဲကူညီခဲ့တဲ့အတွက် သူ့ကျေးဇူးတွေလည်း ရှိပါတယ်။ မြန်မာလူမျိုးအများစုကတော့ လူကြီးပိုင်းတွေ၊ ရာထူးကြီးတဲ့သူတွေဆို လာဘ်စားတယ်ထင်ကြတာများပါတယ်။ စေတနာကောင်းနဲ့ ကူညီတဲ့သူတွေ နည်းတာကြောင့်ဖြစ်မယ်ထင်ပါတယ်။ အခုပြောတဲ့ ပါမောက္ခက စေတနာသိပ်ကောင်းပါတယ်။ လာဘ်လည်းမယူပါဘူး။ အင်မတန်မှ ကူညီတတ်ပါတယ်။

ဇာတ်လမ်းသစ်၊ ဇာတ်ကွက်ဟောင်း

ရောက်တုန်းစကားစပ်မိလို့ အခု လက်ရှိပညာရေး ကိစ္စတွေ နည်းနည်းလောက်ပြောဖြစ်ပါတယ်။ အထူးသဖြင့်တော့ တက္ကသိုလ်ပညာရေးအကြောင်းတွေပေါ့။ အခု BE ကို ကြို့ကုန်းကျောင်းပြန်ဖွင့်ပါတယ်။ ထိပ်တန်းကျောင်းသားတွေရွေးပါတယ်။ အမှတ်သိပ်မြင့်တဲ့သူ ထိပ်တန်း ၂၀၀ ထင်ပါတယ်။ အဲဒါတွေကို သင်တဲ့သူတွေကတော့ အရင်ဆရာတွေပါပဲ။ အဲဒီကလေးတွေဟာ အမှတ်သိပ်မြင့်ပါတယ်။ ဆေးကျောင်းအမှတ်ထက်မြင့်တယ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ အင်မတန်တော်တဲ့ ကျောင်းသားတွေအဖို့ အင်မတန်တော်တဲ့ ဆရာတွေလိုအပ်ပါတယ်။ အရည်အသွေးမမီတဲ့ဆရာနဲ့ တော်တဲ့တပည့်ဟာ တစ်သက်လုံး အဆင်ပြေစရာမရှိဘူးထင်ပါတယ်။ သိပ်တော်တဲ့ကလေးတွေ နစ်နာပါတယ်။ အထူးသဖြင့် သူတို့ရင်းရမယ့် အချိန်နဲ့၊ ပြန်ရမယ့် ပညာရေးကို တွက်ကြည့်မိပါတယ်။ တကယ်တော်တဲ့ ကလေးတွေအတွက် တကယ်ကောင်းတဲ့ပညာရေး ရဖို့လိုတယ်ဆိုတာကို စဉ်းစားပါတယ်။ အခုလက်ရှိ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းကို ပုတ်ခတ်လိုတဲ့သဘောမပါပါဘူး။ ထိပ်ဆုံးကလူတွေ ရွေးပြီး အကောင်းဆုံးမပေးနိုင်ဘဲ ဒုံရင်းဖြစ်နေတဲ့ အချက်ကို အလေးပေးပြောလိုရင်းပါပဲ။

နောက်ပြီး အင်ဂျင်နီယာဖြစ်ဖို့ ငါးနှစ်အချိန်ယူခဲ့ရာကနေ အခု ခြောက်နှစ်ဖြစ်သွားမယ်။ တစ်နှစ်ဆိုတာ သိပ်စကားပြောတယ်။ တစ်နှစ်နောက်ကျသွားတာ၊ တစ်နှစ်ပိုကုန်သွားတာဟာ အကျိုး ဘယ်လောက်ပိုရှိမလဲ။ အဲဒါကို လွယ်လွယ်နဲ့ပြောင်းလိုက်တာပဲ။ ခြေခြေမြစ်မြစ်တွေးခေါ်ပြီး လုပ်တယ်လို့တော့ ကျနော်မထင်မိဘူး။ ဘွဲ့အတွက် ၃ နှစ်ကနေ ၅ နှစ်အတွင်းပဲ ထားသင့်တယ်။ ဘွဲ့လွန်အတွက် အရည်အချင်းမီပြီး ဆက်တက်ချင်တဲ့သူတွေ တက်လို့ရနေရင်တော်ပြီလို့ ယူဆတယ်။ အဲဒီထက် ဆိုးတာက အခြေခံပညာ အဆင့်ကိုလည်း တစ်တန်းတိုးမလို လုပ်နေတယ်လို့ ကြားရတယ်။ အဲဒါဆိုရင်တော့ မြန်မာပြည်က အင်ဂျင်နီယာကျောင်းတွေဟာ ကမ္ဘာ့ အသက်အကြီးဆုံး အင်ဂျင်နီယာတွေ မွေးထုတ်ပေးတော့မယ်ဆိုပြီး ကြံဖန် ဂုဏ်ယူကြရမယ့် အနေအထားဖြစ်လာပါပြီ။

Derek Bok ကပြောဖူးတယ်။ ပညာရေးကို ဈေးကြီးတယ်ထင်တယ်။ မသိခြင်း(တွေဝေခြင်း)ကိုပဲ သင်ပါလား ဆိုပြီး ရွဲ့ပြောပြောတယ်။ (If you think education is expensive, try ignorance.)သူကတော့ ပြောအားရှိတာပေါ့။ ဟားဗတ်မှာ ၂၅ ယောက်မြောက် ပါမောက္ခချုပ် ဖြစ်ခဲ့တာ ဆိုတော့ လေကျယ်ခွင့်ရှိတယ်ပေါ့ဗျာ။ သို့ပေမယ့် မြန်မာပြည်က တက္ကသိုလ်များဟာ ဟားဗတ်မဟုတ်လေတော့ ဘွဲ့ရသွားတာနဲ့ အားလုံး အဆင်သင့်ဖြစ်သွားတာမျိုး မဖြစ်ဘူးဗျ။ အဲဒီတော့ ဘွဲ့ကိုရော ဆန်ပုံးကိုပါ ကြည့်ပြီး ကျောင်းတက်ရမယ့်သူတွေအနေနဲ့ ခက်ပါတယ်ခင်ဗျ။ ပညာရေးကို ဈေးကြီးတယ်ပြောတာမဟုတ်ရပါဘူး။ ဒီဈေးနဲ့တန်ရုံပညာရေးတော့ ဖြစ်နေပါသေးတယ်။ သို့ပေမယ့် နိုင်ငံခြားထွက်ပြီး မသင်နိုင်တဲ့ လူတော်လေးများဟာ ကျောင်းသက်တော်ရှည်တွေဖြစ်ပြီး တန်ဖိုးရှိတဲ့ အချိန်တွေ ပြုန်းတီးသွားမှာကို တွေးမိပြီး စိတ်မကောင်းဖြစ်ရတယ်။

အဘိုးမင်န်ဒဲလားကတော့ ပညာရေးဟာ ကမ္ဘာလောကကြီးကိုပြောင်းလဲဖို့ စွမ်းအားအပြင်းဆုံး လက်နက်ဖြစ်တယ်လို့ပြောတယ်။(Education is the most powerful weapon which you can use to change the world.) သူု့စကားသာမှန်ရင်တော့ မြန်မာအင်ဂျင်နီယာတွေခမျာ လက်နက်တပ်ဆင်ရင်း သက်တမ်းတစ်ဝက်ကုန်ရသလိုဖြစ်နေတာပေါ့ဗျာ။

လက်ရှိစနစ်ကို အပြစ်တင်ရုံလို့မမှတ်စေချင်ပါဘူး။ အဆိုးတွေချည်း လှိမ့်ပြောနေတာမဟုတ်ပါဘူး။ ပိုကောင်းတဲ့ အနာဂတ်အတွက် လောလောဆယ် သတိပြုမိတာတွေ နည်းနည်းတော့ ပြောသင့်တယ်။ လူများများသတိထားမိလာရင် ပြုပြင်ပြောင်းလဲဖို့ ပိုလွယ်လိမ့်မယ်ထင်လို့ ပြောတဲ့သဘောပဲ။ လက်ရှိကာလကြီးကို transition လို့ခေါ်ကြတယ်မှတ်တယ်။ ကြားကာလ၊ ပြုပြင်ပြောင်းလဲဆဲကာလ ဆိုတော့ အပြောင်းအလဲက ရုပ်လုံးမပေါ်သေးဘူး။ အကောင်းဘက်ကို မပြောင်းလဲနိုင်သေးရင်တောင် သိသိသာသာဆိုးနေတာတွေကို အကောင်အထည်မဖော်သင့်ဘူးလို့ထင်တယ်။

အလေးအနက်ပြောချင်တဲ့ တစ်ချက်ကတော့ ပညာရေးစမ်းသပ်မှုတွေမှာ ကျနော်တို့ ကျောင်းသားတွေဟာ ကြွက်ဖြူတွေထက်ပိုပြီး အထိနာတယ်ဆိုတဲ့ အချက်ပါပဲ။ ကြွက်တွေမှာ ဘဝရည်မှန်းချက် မြင့်မြင့်မားမားရှိသလားတော့ မသိဘူး။ လူတွေမှာတော့ရှိကြတာများတယ်။ ကျောင်းသားတွေ နစ်နာနေတာကို သတိပြုမိဖို့လိုတယ်။ ကျောင်းသားတွေနစ်နာနေတယ်ဆိုတာ တကယ်တော့ နိုင်ငံ/တိုင်းပြည် နစ်နာနေတာနဲ့အတူတူပါပဲ။

 အရည်အချင်းမမီတဲ့ ဆရာတွေကို ဘာလုပ်ရမလဲလို့ သူငယ်ချင်းတစ်ယောက်ကမေးတယ်။ ကျနော့်အထင်တော့ ရှင်းပစ်ရမယ်ထင်တယ်။ ရှင်းပစ်တယ်ဆိုတာမှာ လူကို ရှင်းခိုင်းတာမဟုတ်ဘူး။ ပြဿနာကိုရှင်းခိုင်းတာဖြစ်တယ်။ အရည်အချင်းမီလာအောင် သူတို့ကို လေ့ကျင့်ပေးကြရမယ်။ လေ့ကျင့်လို့မှမရတော့ရင်တော့ အလုပ်ဖြုတ်တန်ဖြုတ်ရမယ်ထင်တယ်။ မဖြုတ်ရင်လည်း အတန်းပြောင်းပေးသင့် ပြောင်းပေးရမယ်။

ဗစ်တာ ဟူးဂိုးကပြောတယ်။ ကျောင်းတံခါးကိုဖွင့်တဲ့သူဟာ ထောင်တစ်ခုကိုပိတ်တယ်တဲ့။ ဖတ်ဖတ်မိချင်းဘယ်လိုထင်သလဲဆိုတော့ ကျောင်းစောင့်နဲ့ ထောင်စောင့်ဟာ တစ်ယောက်တည်းထင်မိတယ်။ အဲဒီလိုဆိုလိုချင်တာတော့ ဟုတ်ပုံမရဘူး။ ကျောင်းတွေရှိမှ လူမိုက်နည်းမယ်ဆိုတဲ့ သဘောမျိုးလေလား မသိဘူး။ (He who opens a school door, closes a prison.) ကျောင်းတံခါးတွေကို လိုတာထက် ပိုဖွင့်ထားရင်ရော ကြီးပွားရေးတံခါးကို ပိတ်သလိုဖြစ်နေမှာစိုးရတယ် ကိုဟူးဂိုးရေ။

မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေး စနစ်တွေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်တဲ့သူ နှစ်ယောက်တော့ရှိတယ်။ တစ်ယောက်ကတော့ အိုင်းစတိုင်းပါ။ ကျွန်ုပ်ရဲ့ သင်ယူလေ့လာမှုကို အနှောက်အယှက်ပေးနေတဲ့ တစ်ခုတည်းသော အကြောင်းရင်းဟာ ပညာရေးစနစ်ပဲ တဲ့။ (The only thing that interferes with my learning is my education)

နောက်ထပ်မှန်မှန်ကန်ကန် သုံးသပ်နိုင်တဲ့သူကတော့ မာ့ခ်တွိန်း။ ပညာရေးဆိုတာမှာ ကျောင်းနဲ့ တိုက်ရိုက်ကြီးပတ်သက်တယ်ဆိုတဲ့ အယူအဆဟာ တော်တော်လေးမှားတယ်။  မာ့ခ်တွိန်းကတော့ ပညာရှာတဲ့ လမ်းမှာ စာသင်ကျောင်း(ကျောင်းပညာရေး)ဝင်မရှုပ်စေနဲ့ဆိုပြီး ခပ်ပြတ်ပြတ်ပြောတယ်။ (Never let schooling get in the way of an education.)။ မာ့ခ်တွိန်းဟာ အင်မတန်တော်တယ်ခင်ဗျ။ ပညာရေးဘုတ်အဖွဲ့တွေ ဘယ်လိုဖြစ်လာလည်းဆိုတာလည်း သူကြိုသိနေခဲ့တယ်။"ပထမဆုံး အနေနဲ့ ဘုရားသခင်ဟာ ငတုံးတွေကို ဖန်ဆင်းကြည့်တယ်။ ဒါက အစမ်းလေ့ကျင့်ကြည့်တာ။ ပြီးတော့မှ သူဟာ ကျောင်းဘုတ်အဖွဲ့ကို ဖန်ဆင်းတော်မူတယ်။(In the first place, God made idiots. That was for practice. Then he made school boards.) Practice makes perfect သဘောတရားပါတယ်ဗျ။ သေချာလေ့လာကြည့်ဖို့ကောင်းပါရဲ့။

ပိုကောင်းတာကို မပြောင်းနိုင်သေးခင်မှာ ပိုဆိုးတာတွေမလုပ်မိရင် ကောင်းပါလိမ့်မယ်။ လွှတ်တော်ကြီးပင် ဖွဲ့ထားသော်ငြားလည်း ကမောက်ကမတွေ လုပ်လုပ်လာတာတွေ့ရရင် စိတ်မသက်မသာဖြစ်ရသဗျ။ အမတ်မင်းများကလည်း ကော့မှုးအမတ်လို ပညာကောင်းကောင်းမတတ်လို့များ ဒီလိုဖြစ်ရသလားတွေးမိတယ်။ သမ်မဒ အကြံပေးများဟာလည်း အကြံပေးဖြစ်ပြီးသကာလမှာ အကြံမထွက်တော့ဘူးဖြစ်ကုန်သလား အောက်မေ့ဆင်ခြင်မိတယ်။ အစိုးရပညာရေးမကောင်းဘူးဆိုတော့ အင်ဒိုနီရှားနိုင်ငံလို နိုင်ငံတကာကျောင်းခွဲတွေရှိပြီး ရွေးချယ်စရာလမ်းရှိသလားဆိုတော့လည်း မြန်မာပြည်မှာ အခွင့်အလမ်းမရှိဘူးခင်ဗျ။ ပုလင်းလည်ပင်းဝမှာ နင်နေသလို၊ တစ်လမ်းတည်းရှိတဲ့လမ်းက ပိတ်နေသလိုဖြစ်နေတယ်။ အဲဒါ အင်မတန်မှ မကောင်းပါဘူး။

ပညာရေးဆိုတာမှာလည်း data -->information-->knowledge-->wisdom ဆိုတဲ့ လမ်းကြောင်းကို သွားဖို့ သင်ရတဲ့အရာလို့ ကျနော်သဘောထားမိတယ်။ မှန်ချင်မှလည်းမှန်မယ်။ စားဝတ်နေရေးဆိုတာတွေကလည်း ရှိသေးတယ်ဆိုတော့ တစ်နေရာရာမှာ အချိန်သိပ်ကြာကြာနေဖို့ သင့်ရဲ့လားဆိုတာကိုလည်း ပြန်ဆင်ခြင်သင့်တယ်ထင်တယ်။ ပညာရေးမှာ ရင်းနှီးမြုပ်နှံတာဟာ အတိုင်းအတာတစ်ခုထက်ကျော်သွားရင် ကိုယ့်ဒုက္ခကိုယ်ရှာတာလည်းဖြစ်သွားတတ်တယ်ထင်တယ်။ သြစတြေးလျက သထေးတစ်ယောက်ကတော့ လက်ရှိပညာရေးစနစ်တွေက စက်မှုတော်လှန်ရေးခေတ်က အလုပ်သမားမွေးမြူ၊ထုတ်လုပ်ရေးပေါ်မှာ တော်တော်လေး အမှီပြုတယ်လို့ယူဆတဲ့အတွက် ကျောင်းထွက်လိုက်တယ်။ မီလျံနာဖြစ်လာတယ်။ သူ့လိုဖြစ်ဖို့ ကျောင်းထွက်ရမယ်လို့မဆိုလိုဘူး။ ကျောင်းဆီက ဘာမျှော်လင့်ပြီး၊ ကျောင်းက ကိုယ့်မျှော်လင့်ချက်ကို ဘယ်လောက်ဖြည့်ပေးနိုင်မလဲဆိုတာကို သတ္တိရှိရှိ၊ ယုတ္တိတန်တန် ဆင်ခြင်ကြည့်ရမယ့်တာဝန်က လူငယ်တွေမှာရှိလာပြီလို့ဆိုချင်ပါတယ်။

ဇာတ်ကြောင်းပြန်

လူတိုင်းကတော့ မွေးရာပါ မတော်ကြပါဘူး။ တော်တဲ့သူနည်းနည်းနဲ့ သာမန်လူပြိန်းများများရှိတာကိုက ဟန်ချက်မျှခြင်းတစ်ရပ်ပဲ။ ကျနော်တို့ခေတ်မှာဆိုရင် ကျောင်းမှာ လူတော်ကို မရှိတော့ဘူး။ သာမန်တွေပဲ။ ဉာဏ်ရည်ချင်းမတိမ်းမယိမ်း၊ သူလည်း ပြိန်းပြိန်း၊ကိုယ်လည်းပြိန်းပြိန်း၊ ပြိန်းရပြန်လစ်၊ ၂၀၀၂ ဝယ် တက်ရကြလေ တို့တစ်တွေသည် သေသော်မှတည့် အော်(original) ပြိန်း၏တွေချည်းပဲ။ အဲဒီတော့ ဘာမှထူးပြီး မကြိုးစားရဘူး။ အဆင်ပြေတယ်။ ပျော်ပျော်ကြီးကျောင်းတက်ပြီး တစ်နေ့တစ်နေ့ သာယာလိုက်တဲ့အချိန်တွေ။ လူ့ဘဝမှာ ပေါင်မုန့်ကိုချောင်းရေနဲ့တို့စားတဲ့ သောရိုးရဲ့ စိတ်ချမ်းသာမှုမျိုးနဲ့ ကျောင်းမှာငြိမ်းချမ်းနေခဲ့တာပဲ။ မိတ်ဆွေကောင်းလည်း ရသင့်သလောက်တော့ရတယ်။ အဲဒီတုန်းကပဲ ဘဝကို ဆင်ခြင်ချိန်ရတယ်။ နောက်ပြန်မရတော့ဘူး။ စာကြမ်းပိုးတွေဘာတွေဆိုတာ မရှိတော့ဘူး။ မုဒိတာသိပ်ကောင်းလာကြတဲ့ခေတ်ဖြစ်မယ်။ သင်တဲ့ဆရာတွေကိုလည်း စိတ်မပါရင် နားမထောင်ဘူး။ ကိုယ့်ဘာသာကိုယ်ဖတ်ကြည့်ရင် နားလည်နေတာကို လာဖတ်ပြနေတာတွေကိုလည်း သည်းခံရတယ်။ ဘဝမှာလည်း မလိုဘဲ လိုက်ရှင်းပြနေတဲ့ အရောင်းသမားတွေကို သည်းခံတတ်ဖို့ ကောင်းကောင်းလေ့ကျင့်ခဲ့ရတာပဲ။ တစ်သက်လုံးပြန်မသုံးတော့တဲ့ LCS, DSP, နောက်ပြီး circuit တွေအကြောင်း ဘာဆိုလား၊ အီနီယတ်ကွန်ပြူတာကို ဘယ်သူလဲမသိဘူးထွင်တယ်။ ဂျွန်ဗွန်နူမန်ဆိုလား။ နောက်ပြီး ပရောဆက်ဆာကို ဗူးထဲကထုတ်ပြီး မားသားဘုတ်မှာ တပ်ပုံအဆင့်ဆင့်ကို စာနဲ့ရေးရတာလည်းရှိတယ်။ ဒီခရိသင်္ချာဆိုတာလည်းပါတယ်။ နောက်တော့ စီအပေါင်းအပေါင်းဆိုလား သင်ရတယ်။ နောက်တော့နတ်ဝေါ့ခ်ကင်းဆိုလားသင်ရတယ်။ အခုတော့ အာရ်ဂျေဖိုးတီဖိုက်ကို သူ့အပေါက်ထဲထည့်လိုက်တာကလွဲရင် ကျန်တာတွေ မသုံးဖြစ်တော့ဘူး။ ရောက်တာတွေ၊ မိုဒမ်တွေအကြောင်းဆိုလည်း သမိုင်းတွေလို ရှည်လျားထွေပြားသင်ခဲ့ရတာ။ အိုအက်စ်အိုင်လေယာတွေဆိုတာလည်း ဘယ်နှနှစ်မှန်းမသိဘူးသင်လိုက်ရတာ။ အခုတော့ ဘာမှလည်းမသုံးဖြစ်ဘူး။ အခုပြန်တွေးကြည့်ရင် အေဒရီရန် မောင့်ခ် ရေကူးနည်း အဝေးသင်သင်ခဲ့တာနဲ့ ခပ်ဆင်ဆင်ပဲ။ ဒီဘီအမ်အက်စ်ကတော့ နည်းနည်းလေးအသုံးဝင်ခဲ့တယ်ဆိုရမယ်။ ပရိုဂရမ်းမင်းကတော့ ကွန်ဒီရှင်းလောက်ပဲသုံးရတာဆိုတော့ ၂ ရာခိုင်နှုန်းလောက် အသုံးဝင်တယ်ပြောရမယ်ထင်တယ်။ သင်္ချာဆိုရင်တွက်လိုက်သမှ၊ အေလယ်ဗယ် သင်တန်းတတ်တော့ အဆင်တောင်ပြေသေးတယ်။ နောက်တော့လည်း လောကကြီးမှာတွက်စရာရှားလှချည်လားဆိုပြီး မေ့ထားလိုက်ရတယ်။ အင်္ဂလိပ်စာဆိုလည်း ဘာမှကောင်းကောင်းမတတ်ခဲ့ဘူး။ ဘိလပ်ကိုတောင် အင်္ဂလိပ်စာလုံးထင်တာ၊ မနေ့က အဘိဓာန်ကြည့်မှ wilayat ဆိုတဲ့ ဟိန္ဒူစကားမှန်းသိတယ်။ Britain လို့အဓိပ္ပာယ်ရသတဲ့။ ဂူဂယ်မှာ ထရန်စလိတ်လုပ်တော့မှဟုတ်သားဖြစ်ရတယ်။

ကျနော်ပြောချင်တာက ကျနော့်ဘဝမှာတော့ ကျောင်းတက်တယ်ဆိုတာမှာ အသုံးဝင်တာ ၅ ရာခိုင်နှုန်းလောက်ပဲရှိခဲ့တယ်ဆိုတာပါပဲ။ ဘွဲ့ရဖို့တော့လိုအပ်တယ်။ ဘွဲ့မရရင် အီးပီလျှောက်ဖို့ခက်တယ်ထင်တယ်။ အဲဒါလေးတော့ အသုံးဝင်ပါရဲ့။

ခံစားချက်တွေပွင့်ထွက်

ငါးနှစ်တက်ပြီး ဘွဲ့ရသွားပြီးသကာလမှာ အလုပ်တွေကလည်းရှားတယ်ခင်ဗျ။ ကျောင်းကပြီးတဲ့သူတွေ ဘာမှမတတ်တာ ဘယ်လိုပေါက်ကြားသွားသလဲမဆိုနိုင်ဘူး။ အလုပ်ရသွားတဲ့သူဆိုလို့ လက်ချိုးရေလို့ရတယ်။ ဘယ်သူမှမရဘူးတောင်ထင်မိတယ်။ ဆယ်တန်းပြီးကတည်းက မုန့်ဟင်းခါးချက်နည်းသင်ပြီးရောင်းစားလိုက်ရင်တောင် နောက်ထပ် ငါးနှစ်ဆိုရင် ရပ်ကွက်ထဲမှာတော့ အလုပ်ဖြစ်နေလောက်ပြီလို့တောင်တွေးမိတယ်။ အရစ်တိုတယ်ဆိုလား အရစ်ရှည်တယ်ဆိုလား ၊ အဲဒီပညာယှိကြီးပြောသလို ပညာရေးဟာ အမြစ်ခါးသလောက် အသီးချိုတယ်ဆိုတာ ဘယ်မှာဟုတ်လို့တုန်း။ အမြစ်ခါးသော်လည်း အသီးမသီးဘူးခင်ဗျ။

အဲဒါကိုလည်း ဘယ်သူမှ ထုတ်မပြောကြဘူးခင်ဗျာ့။ တတ်သလိုလို အယောင်ဆောင်နေကြတယ်။ Big Short ထဲမှာ မိုက်ကယ်လူးဝစ်ပြောတဲ့  ဘာမှမသိတဲ့ အကြံပေးများလိုပေါ့ဗျာ။ အတူတူဟန်ဆောင်နေကြတာထင်တယ်။ မြန်မာပြည်မှာတော့ ဘွဲ့ကြီးလေ၊လခနည်းလေပဲထင်တယ်။ ဆရာဝန်ကြီးများကလွဲရင် ပညာတတ်ဆိုတာမျိုးဟာ ဆိုက်ကားသမား၊ စပယ်ယာ၊ မုန့်ဟင်းခါးသည်လောက်မှ ဝင်ငွေမကောင်းဘူးဗျ။ မာနတော့ကြီးတယ်။ အင်ဂျင်နီယာဆိုတော့ ဆိုက်ကားလည်းမနင်းစားနိုင်ဘူး။ စပယ်ယာလည်းမလိုက်နိုင်ဘူး။ မုန့်ဟင်းခါးလည်းမရောင်းနိုင်ဘူး။ ဒီတော့ ဘာလုပ်မလဲဆိုတော့လုပ်စရာက နှစ်လမ်းရှိတယ်။ ကျောင်းဆက်တက်မလား၊ ကလေးတွေကို စာသင်မလား။ study guide ဆိုတာ လခတော့ သိန်းချီရသေးတာပဲ။ အင်ဂျင်နီယာပညာကြီးကို လျှိုထားလိုက်တယ်။ အဲဒီလို လျှိုထားလိုက်တာ အခုအထိပါပဲ။ အခုအထိ အသစ်အတိုင်းရှိသေးတယ်။ တစ်ခါမှ ထုတ်မသုံးရသေးဘူး။

ကျနော့်သူငယ်ချင်းများကတော့တော်တယ်ခင်ဗျ။ cisco တွေ၊ microsoft တွေကပေးတဲ့ certificate တွေယူကြသဗျ။ သူတို့က ကျောင်းမှာသင်လိုက်တဲ့ နက်ခ်ဝါ့ခ်ကေဘယ်လ်ကို ညှပ်လိုက်ရသေးတယ်ကြားမိတယ်။ နက်ညိုနီမော်ဝါစိမ်းနီရမ်းခိုးဖြူ ငွေရွှေဆိုတဲ့ ထရန်စစ်စတာလေးတွေကိုတော့ တပ်ရပြုရတယ်မကြားမိဘူး။ (အင်္ဂလိပ်လိုတော့ Big boys race our young girls but Violet generally wins ဆိုပြီးမှတ်ကြသတဲ့)။ ကျနော်ကတော့ ပထမနှစ်တုန်းကသင်ပေးလိုက်တဲ့ တွင်ခုံအခြေခံနဲ့၊ သံဖြူပုံးလေးဘာလေးလုပ်စားဖို့ကြိုးစားဖို့ကလည်း အဲဒီလောက်ကို မတတ်ခဲ့တာခက်တယ်။ ကျောင်းပြီးမှ အသက်မွေးဝမ်းကျောင်းပညာ ပြန်သင်ရတယ်ဆိုတာက တကယ့် reverse engineering method ပါပဲ။ ငါးနှစ်တိတိ ဘာမှမတတ်ဘူးတော့မဟုတ်ဘူး။ တတ်တာတွေက ဘယ်လိုပြန်သုံးရမလဲတွေးမရတာပဲ။ စာသင်စားမယ်ဆိုရင်တော့ သင်ချာဆရာ(ဘောလယ်)လောက်တော့ဖြစ်လောက်တယ်။ ဘောလယ်ဆိုတာကတော့ ကျောက်သင်ပုန်းမှာ နမူနာတွက်ပြရင်း သူ့ဘာသူ လည်နေတဲ့ဆရာတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ဘွဲ့တံဆိပ်ပဲ။

ကျောင်းမှာ ပုံဆွဲကလည်းဖျင်းခဲ့တာ ၉ လောက်ရှိတယ်။ ဘာပုံမှမဆွဲရတဲ့ မေဂျာယူတာတောင် ပုံဆွဲရတယ်။ အဲဒါနဲ့ကျူရှင်တက်တယ်ခင်ဗျ။ ကျူရှင်မှာသင်တော့လည်း မတက်ဘူးခင်ဗျ။ သုံးဒီကိုလည်း မကြည့်တတ်ဘူးဗျာ။ လိုင်းကိုတောင်ဖြောင့်အောင်မတားနိုင်ဘူး။ တြိဂံပုံဆွဲရင်တောင် ပိရမစ်လိုလို ဘာလိုလိုဖြစ်ကုန်တာ။ လက်က ချွေးထွက်တော့ စက်ဝိုင်းဆွဲရင်တောင် စာရွက်က ချွေးတွေစိုပြီး ရေအိုင်လေးမှာ လသာသလိုဖြစ်ဖြစ်သွားတယ်။ ပုံဆွဲရမယ့် အဆိုင်းမင့်များကိုလည်း သူငယ်ချင်းတွေကို ဆွဲခိုင်းခဲ့တာချည်းပဲ။ ဒါတောင်မှ ကျနော် အော်တိုကတ်ဒ်နဲ့တော့ နည်းနည်းပါးပါး လုပ်စားလို့ရနိုင်တယ်ထင်မိခဲ့သေးတယ်။ အော် မာန မာန သိပ်ကြောက်စရာကောင်းတယ်။ ဘာမှမသိရင်တောင် ငါဟာ အင်ဂျင်နီယာပဲဆိုတဲ့ အတ္တ၊မာနတော့ရှိတယ်။

ကိုယ်ပေါင်ကိုယ်လှန်ထောင်းရင်း ဘေးလူတွေထောင်းမိမှာစိုးရတယ်ဗျ။ ကျနော့်သူငယ်ချင်းများဟာ အခုအချိန်မှာ ပီအိတ်ခ်ျဒီကြပြီခင်ဗျ။ ကထိကတွေတောင်ဖြစ်ကြလေသလားမသိဘူး။ စံပြဆိုပြီး မောင်သောင်းမွေးစား၊နေ့ချင်းကြီးတဲ့ဟာတွေကတော့ ဌာနမှုးကြလေပြီ။ ရွယ်တူတွေပဲ။ အရည်အချင်းကလည်း အတူတူလောက်ပဲ။ ကျနော်ဖြင့် တွေးမိတိုင်း ဘုရားတမိတော့တာပဲ။

အခုဆိုရင် ပီအိတ်ခ်ျဒီဂိုဏ်းနဲ့ အရင်ဆရာဟောင်းဂိုဏ်းတွေဟာ အတွင်းအားပြိုင်နေကြတုန်းပဲလို့ကြားတယ်။ သူငယ်ချင်း သုံးယောက်ကို ဖုန်း ၁၅ မိနစ်လောက်စီပြောလိုက်တာ အတော်လေး ကျေနပ်မှုရလိုက်တယ်။ ဆရာ မလုပ်မိတာ အရတော်လေစွတကား။

ဇွတ်ယောနိသောမနသီကာရ

ဆူးကြားမှာပေါက်တဲ့ဗူးစေ့ဟာ မျိုးစေ့ကောင်းရင်တောင် အသီးသီးဖို့ခက်တယ်ကြားဖူးတယ်။ ကျနော်တို့လို လူပြိန်းတွေ ဘာမှန်းမသိတဲ့ ပညာရေး စမ်းသပ်ခံဘဝမှာ တော်တော်လေး ရသမြောက်လိုက်ကြရတာပဲ။ အခုလို စာရေးနိုင်တာဟာ ကျောင်းမှာ အားတဲ့အချိန်တိုင်း ပေါက်ကရတွေ လျှောက်ရေးပြီး လေ့ကျင့်ခဲ့လို့သာ။ တကယ်ဆို ဒုလ္လဘတရားကြီးထဲမှာ ကြုံရတာတွေက ကြံဖန်တွေးရင် စိတ်ချမ်းသာစရာတွေချည့်။ ရန်ကုန်-သံလျင်နေ့တိုင်းသွားတော့ ဒေသန္တရဗဟုသုတတိုးပွားတာပေါ့။ လေကောင်းလေသန့်လည်းရသဗျ။ လမ်းတစ်လျှောက် မြင်ကွင်းတွေကိုလည်း ခံစားနိုင်သေး။ သွားလေသူကြီး ဘဘသန်းရွှေကိုတောင် တစ်ခါတစ်ခါ ကျေးဇူးတင်မိတယ်။ နိုင်ငံတွင်းမှာ ကျောင်းတွေကို ဝေးဝေးမှာဆောက်စေတာဟာ နိုင်ငံတကာမှာ ကျောင်းသွားတက်ရင် အိမ်လွမ်းနာ သက်သာစေတာပေါ့ဗျာ။ ဘဘညွန့်တို့ ကျောက်တန်းကြွချီတော်မူလာရင် တစ်နေကုန် မီးလာသဗျ။ အဲဒီအချိန်ဆိုရင် လာ့ဘ်ထဲမှာ အာရ်အေတူး ဂိမ်းကို အဲကွန်းလေးနဲ့ဆော့နိုင်တယ်ခင်ဗျ။ ကောင်းချက်။

ကျိုက်ခေါက်စေတီကို နေ့တိုင်းဖူးရတာလည်း ကုသိုလ်သိပ်ရတာပေါ့ခင်ဗျာ။ ရှင်မွေးလွန်းစေတီ၊မင်းနန္ဒာစေတီ၊ တစ်ရာ့ရှစ်တောင်စေတီ၊ကျားဘုရားစတာတွေလည်း နေ့စဉ်ဖြတ်သန်းသွားလာနေရတာဆိုတော့ ဘုရားတရားနဲ့မပြတ်ဘူးလို့တောင်ဆိုနိုင်တယ်။ ကျိုက်ပါဒကြီးတို့ ရေလယ်ဘုရားတို့လည်းရှိသေးတယ်။ သံလျင်၊ကျောက်တန်းဝန်းကျင်မှာ ကျနော်မရောက်ဖူးတဲ့စေတီမရှိဘူးတောင်ထင်မိတယ်။ ဂန္ဓာရီလှည့်နေတာ မြေလျှောက်ဝိဇ္ဖာနီးပါးပဲ။ နေတတ်ရင်ကျေနပ်စရာ။တွေးတတ်ရင် ပျော်စရာ။

ကြားဖြတ်သတင်း

ပြီးခဲ့တဲ့ လအနည်းငယ်ကတော့ သံလျင်မှာ နိုင်ငံရေးစာလာဝေတာတွေ ဘာတွေလုပ်တယ်ကြားတယ်။ ကျောင်းသားနဲ့ သံဃာ တွေ နိုင်ငံရေးမှာတော့ ခဏခဏ အကယ်ဒမီရတဲ့ မင်းသားကြီးတွေပဲ။ ခဏခဏငိုကြရ၊ ခဏခဏသေကြရနဲ့။ နိုင်ငံရေးလုပ်စားသူများကြတော့ သေနိုင်ခဲချက်။

တရားသိမ်းမေတ္တာပို့

ကျောင်းသားများတို့ ... ခက်ခဲစွာသောခေတ်တွင် ရခဲသောပညာ၊ ကြာရှည်ဆည်းပူးအပ်သော အချည်းနှီးခြင်းများကို သည်းခံ၍၊ ဘွဲ့ရအောင် ကျောင်းတက်နိုင်ပြီး၊ အလုပ်ကောင်းစွာ ရကြ၍ ကိုယ့်ဘဝကိုယ်ကျောင်းနိုင်သော စွမ်းနိုင်သူများဖြစ်အောင် ကိုယ့်အားကိုယ်ကိုးနိုင်ကြပါစေသတည်း လို့ဆုမွန်ကောင်းတောင်းရင်း ဇာတ်သိမ်းမှတော်ရာကျမယ်ထင်ပါရဲ့။

အားပေးတိုက်တွန်း

ဘာမှအားမငယ်ကြပါနဲ့။ တော်ဖလာပြောတဲ့ စကားကို ကိုးကားပြီး နိဂုံးချုပ်ရရင် အနာဂတ်မှာ ပညာမဲ့တဲ့သူဆိုတာ စာမဖတ်တတ်တဲ့သူကိုပြောတာမဟုတ်တော့ဘူး။ ဘယ်လို လေ့လာသင်ယူရမယ်ဆိုတာ မသိတဲ့သူဟာ ပညာမဲ့ဖြစ်သွားတော့မှာ။(The illiterate of the future will not be the person who cannot read. It will be the person who does not know how to learn.) တော်ဖလာပြောခဲ့တဲ့ အနာဂတ်ဆိုတာ အခုအချိန်ပဲပေါ့။ ကိုယ့်ဘဝအတွက်ကိုယ် သင်ယူကြပါ။ မိတ်ဆွေကောင်းတွေစုဆောင်းပါ။ ကျောင်းတက်တုန်း ဇနီးလောင်း(တွေ) ရှာထားပါ။ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားကြပါ။ အခွင့်အရေးရတာနဲ့ ဖြစ်ထွန်းအောင်မြင်နိုင်အောင် ဝီရိယကြီးကြီးထားပြီးကြိုးစားကြပါလို့တိုက်တွန်းရင်း စီနီယာအပြိန်းက ဂျူနီယာပြိန်းကို အားပေးလိုက်ပါတယ်။ (ပြောလို့ပြောတာမဟုတ်ဘူး။ ကမ္ဘာမှာ တော်တဲ့သူက ၁ ရာခိုင်နှုန်းလောက်ပဲ။ ကျန်တဲ့သူတွေက အပြိန်းတွေနဲ့၊ မပြိန်းချင်ယောင်ဆောင်တဲ့ ခပ်ထုံထုံလူတွေ)။

Regards,
Z

Notes:
မနေ့ည ဒါကို ရေးနေတာနဲ့ အိပ်ရေးနည်းနည်းပျက်သွားတယ်။ မနက်ရောက်မှ ပြင်စရာရှိတာထပ်ပြင်လိုက်တယ်။ ရေးချင်သလိုရေးထားတာဆိုတော့ အစီအစဉ်ကဗြောက်သောက်ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းပြီးသွားတဲ့သူတွေက ဟုတ်သားလို့ထင်ပြီး၊ ကျောင်းတက်နေဆဲလူတွေက ဖတ်ဖြစ်မှာမဟုတ်ဘူး။ အသက်လေးဆယ်ကျော်တွေက ဒီကိစ္စအရေးကြီးတယ်လို့ပြောပြီး ဆယ်ကျော်သက်တွေကတော့ nicki minaj နားထောင်နေတာနဲ့ ဒီစာကို မဖတ်ဖြစ်လိုက်ဘူး။ လူလူသူသူ ပညာရေးရခဲ့သူတွေက မြန်မာပြည်ကို အထင်သေးစရာတစ်ခုတိုးသွားပြီး၊ သွားလေသူကြီးရဲ့တပည့်များကတော့ ကြံဖန်ဖြေတွေးကြမယ်ထင်တယ်။ ဆင်ခြင်ပွားများတဲ့သူများကို ကျေးဇူးတင်ပါတယ် ၊ဘာညာပြောဖို့ကောင်းပေမယ့် အလွယ်တကူ ကျေးဇူးတင်တတ်တဲ့သူမဟုတ်တော့ခက်တယ်။ ပြီးအောင်ဖတ်သွားတာကို သိပ်ဝမ်းသာပါတယ်၊ ဘာညာတောင် မပြောတော့တာကိုကြည့်။ အသက်ကြီးလာလေ၊ လူဟာ အဆိုးမြင်လာလေဖြစ်မယ်။ :P ။ကျနော်ပြောချင်တာကတော့ အထက်က လူနည်းစုတစ်စုက အောက်က လူ့အဖွဲ့အစည်းအတွက် ဆုံးဖြတ်ပေးတယ်ဆိုတဲ့နေရာမှာ ဆုံးဖြတ်ချက်မှားရင် နစ်နာတဲ့အကြောင်းက အဓိက။

အဲဒီအတွက် ကုထုံးကတော့ feedback system ရှိဖို့ပဲ။ အစိုးရလုပ်နေပြီး၊ ပြည်သူလူထု အသံပြန်မကြားတော့ရင် ဒီအစိုးရ နဲ့ သူ့စနစ်ဟာ ကျဆုံးရမှာပဲ။ စမ်းသပ်တယ်ဆိုတဲ့နေရာမှာ လူများစမ်းသပ်ပြီးသားကို နောက်တစ်ခါထပ်စမ်းသပ်တယ်ဆိုတာ အင်မတန်ဖျင်းလို့ပဲ။ ကမ္ဘာမှာ ပညာရေးစနစ်ကောင်းတဲ့နိုင်ငံတွေရဲ့ စမ်းသပ်ပြီးသားစနစ်တစ်ခုခုကိုရွေးလိုက်ရုံနဲ့ရတာကို ကိုယ့်ဟာကိုယ်ထွင်ချင်နေသေးတာခက်တယ်။ စနစ်ကောင်းသည့်တိုင်အောင် သင်ကြားမယ့် ဆရာ၊ဆရာမက ဖိနပ်အစား အိုးတွေ၊ခွက်တွေစီးထားရင်း ခက်တာပဲ။ (အိုးနင်းခွက်နင်းဖြစ်ကုန်မယ်။)

ခက်ခဲတဲ့အကြောင်းအရင်းတွေမှာ အသေးစိတ်လိုက်ရင် ရှုပ်ထွေးမှုပိုများလာတတ်တယ်။ အခုကိစ္စကိုလည်း ကျောင်းတက်နေလို့ အလကားပါပဲဆိုတဲ့ ဘက်ကို မရောက်အောင် သတိထားပြီးရေးသော်လည်း အကောက်အယူလွဲမှာစိုးတယ်။ အဲဒါကို စိုးရိမ်လို့ ကျောင်းသားဘဝမှာ သင်ယူခွင့်ရနိုင်တာတွေကို  နောက်ထပ်ပို့စ်တစ်ခု သပ်သပ်ထပ်ရေးဦးမယ် စိတ်ကူးတယ်။

အပြိန်းဆိုတာကတော့ သာမန်လူလို့ဆိုလိုတယ်။ ထုံထိုင်းအန အသုံးမကျသူမဟုတ်ဘူး။ သာမန်ပဲ။ သိပ်အတော်ကြီးမဟုတ်ဘူး။ အညံ့စားကြီးလည်းမဟုတ်ဘူး။



Peace B with U.

Tuesday, January 29, 2013

ခေါက်မုန့်စားခြင်း အနုပညာ

ခေါက်မုန့်စားခြင်းအနုပညာ

အခုတလော တရုတ်နှစ်ကူး နီးလာပြီဆိုတော့ ခေါက်မုန့်တွေ ပိုရောင်းလာကြတာတွေ့တယ်။
ကြက်ဥခေါက်မုန့်ကို ပိုက်လုံးလို အလိပ်လေးလုပ်ထားတဲ့ သရေစာ မုန့်လေးပေါ့။ (Love Letters snacks ဆိုပြီးရှာကြည့်လိုက်ရင် ဦးဂူဂယ်လ်က ပုံတွေပြပေးပါလိမ့်မယ်။)

ခေါက်မုန့်စားရင်း၊ ငယ်ငယ်တုန်းက ကျောင်းရှေ့မှာ ခေါက်မုန့်ရောင်းတဲ့ အဘိုးအို တစ်ယောက်ကို သတိရလာတယ်။ အဘိုးက အသက်ကြီးလွန်းပြီ။ ခါးကလည်း ကိုင်းနေပြီ။ မျက်လုံးကလည်း သီရီမှုန်ဝါးနေပြီ။ သံပုံးလေးကို မနိုင့်တနိုင်လွယ်ပြီး မုန့်စားဆင်းချိန်လောက် အမီလာပြီး ဈေးရောင်းတယ်။ လေလုံအောင် ပိတ်ထားတဲ့ လေထောင့်သံပုံးထဲမှာ ခေါက်မုန့်တွေပါတယ်။ ခေါက်မုန့်ကို ဘာလို့ ခေါက်မုန့်လို့ခေါ်လဲဆိုတာကို ကလေးဘဝမှာ မစဉ်းစားကြဘူး။ အပြေးသွားပြီး ဝယ်တာပဲ။ ဘယ်နှစ်ကျပ်လောက် ပေးရသလဲတောင်မသိတော့ဘူး။ တစ်ကျပ်၊ နှစ်ကျပ်လောက်ဖြစ်မယ်ထင်တယ်။

အဘိုးဟာ နေပူပူမှာ လမ်းလျှောက်လာရတာကို မှတ်မိတယ်။ သူဆောင်းတဲ့ မီးခိုးရောင် အုပ်ထုပ်အနွမ်းလေးဟာ ကြေးအထပ်ထပ်နဲ့ညစ်ပတ်နေပြီ။ သူဝတ်တဲ့ ရှပ်အင်္ကျီရဲ့သက်တမ်းဟာ ပြန်ချုပ်ထားတဲ့ အပ်ချုပ်ရာတွေအရ နှစ်ကာလကြာလွန်းနေပြီဆိုတာ သိသာနေပြီ။ သူ့ဘဝကို သူဖြတ်သန်းတယ်။ သူ့ဝမ်းကို သူကျောင်းတယ်။ သူ့လက်မှာ ကြေးခေါင်းလောင်းလေးတစ်လုံးပါတယ်။ အသံသိပ်သာတယ်။ ဒီခေါင်းလောင်းသံနဲ့ ခေါက်မုန့်အရသာကို တွဲဖက်မှတ်မိနေတတ်တယ်။

သံပုံးထဲက ခေါက်မုန့်ကို သူထုတ်ပေးတဲ့အခါ အဘိုးလက်တွေဟာ တုန်နေတာတွေ့တယ်။ အသက်အရွယ်အရ တုန်တယ်ဆိုတာတော့သိတယ်။ ဘေးနားမှာ ကပ်လျက်သားရှိနေတဲ့ ခေါက်မုန့်တွေမထိခိုက်၊ မကျိုးပဲ့အောင် သတိနဲ့ ဖြည်းဖြည်းချင်းထုတ်ယူတာ သတိထားမိတယ်။ ဒီခေါက်မုန့်တွေဟာ သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပုံရတယ်။

အဘိုးမှာ သား၊သမီးမရှိဘူးလား။ မြေး၊မြစ်မရှိဘူးလား။ ပြန်စောင့်ရှောက်မယ့် ဆွေနီးမျိုးစပ်မရှိဘူးလား။ တစ်ခါတစ်ခါတွေးမိတယ်။ နေ့လည်မုန့်စားဆင်းချိန်တိုင်း ရောက်ရောက်လာတဲ့ အဘိုးအိုတစ်ယောက်၊ သံဖြူပုံးလေးတစ်ပုံး၊ ခေါင်းလောင်းလေးတစ်လုံးဟာ ကျနော့်ငယ်ဘဝမှာတော့ သိပ်ကို အမှတ်တရဖြစ်ခဲ့တာပဲ။

ဒီလိုနဲ့ တစ်ချိန်မှာ သူရောက်မလာတော့ဘူး။

ချိုးကလေး ကဗျာထဲမှာ ပြန်မလာတော့တဲ့ ချိုးကလေးအကြောင်းတွေးပြီး ဝမ်းနည်းမိသလိုပဲ၊ မုန့်စားဆင်းချိန်မှာ အဘိုးကို စောင့်ရင်း ကျနော် ဝမ်းနည်းနေခဲ့ဖူးတယ်။

ဒါဟာ လွတ်လမ်းလား။ လောကဓံတရားရဲ့ အရေးပေါ်ထွက်ပေါက်လား။ ဇရာရဲ့ နောက်တစ်ဘူတာလား။ တစ်ခုခုဖြစ်ကောင်းဖြစ်မယ်။

အခု ခေါက်မုန့်စားရင်း အဘိုးကိုပြန်သတိရတယ်။ သူ့သံပုံးလေး၊ သူ့ခေါင်းလောင်းလေးဟာ အရင်လိုပဲ။ ဘဝထဲက ပျောက်ကွယ်သွားတဲ့သူတွေကို မမေ့မချင်း သူတို့ဟာ ကိုယ့်အတွက် ရှင်သန်နေသေးတယ်ဆိုတာ အဟုတ်ပဲ။ အဘိုးသွားတဲ့ ခရီးကို ကျနော်တို့သွားရဦးမယ်။ တစ်နေ့လည်း ပျောက်သွားရဦးမယ်။ တစ်နေ့လည်း ခေါင်းလောင်းလေးကို လွှတ်ချ၊ သံပုံးလေးကို ထားခဲ့ရဦးမယ်။ လောလောဆယ်တော့ ခေါက်မုန့်ရဲ့အရသာက ငယ်ဘဝကို ပြန်ခေါ်သွားနေတုန်း။           ။

Regards,



Peace B with U.