Tuesday, April 20, 2010

ဒုလဘ္ဘတန်ဖိုးကျဆင်းခြင်း


အရင်က ဒုံ (ဒုလ္လဘကို အတိုကောက်ခေါ်တာ) ... နံပါတ်တစ်မှာ ဆုရနေတာ



အခု၂၁ ရာစုဒုံ ( တတိယမှာ ... ဒါပေမယ့် ဆုလည်းမရဘူး)
မနေ့ည အလုပ်လုပ်ရင်း ဗီဒီယိုတစ်ကားကြည့်ဖြစ်တယ်။
WatchMen ပါ။ ၂၀၀၉ ကထွက်ခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်။ မထင်မှတ်လောက်အောင် အတွေးအခေါ်တွေအများကြီးပြောပြသွားပါတယ်။ စစ်ပွဲတွေရပ်တန့်ဖို့စစ်ပွဲတွေလိုအပ်နေတယ်။ လူသန်းတစ်ထောင်အတွက် လူတစ်သန်းကို စတေးဖို့လိုတယ် .....လို့ Adrian ကပြောသွားတာကို တော်တော်လေး စိမ့်ဝင်သွားပါတယ် ။ That's the real practical joke လို့ဇာတ်လမ်းထဲက Dan ကပြောသွားပါတယ်။

ဒီအယူအဆကို လက်မခံပေမယ့် ... လက်တွေ့မှာဖြစ်နေတာတွေဟာ ဒီအယူအဆနဲ့ တော်တော်လေးဆင်နေပါတယ်။ ကျွန်တော်တို့တွေဟာ ဘယ်တော့မှမရင့်ကျက်လာတဲ့ မျိုးနွယ်စုတစ်ခုပဲလားဆိုတာကို ဒီဇာတ်ကားမှာအများကြီးတွေးမိပါတယ်။

လူတိုင်းဟာ ကိုယ်လုပ်တာတွေအတွက်ပြန်ပေးဆပ်ရတယ် ဆိုတာကို ကျေကျေနပ်နပ်လက်ခံလို့ရပါတယ်။
ကိုယ်ပြုသောကံ ပဲ့တင်ပြန်လာတယ်ဆိုတာအထိက ဘာပြဿနာမှမရှိပါဘူး။ ဒါပေမယ့် လူ့အသိုင်းအ၀ိုင်းမှာနေလို့ လူ့အသိုင်းအ၀ိုင်းရဲ့ ပြဿနာတွေ ကိုယ်ခံရတဲ့အခါ ... တစ်ချို့လူတွေရဲ့ အကုသိုလ် brand new တွေ (ကာလ၀ိပါက်မဟုတ်တာတွေ) ဘယ်လောက်များများကို သဘောထားပြည့်ပြည့်နဲ့သည်းခံပေးရဦးမလဲ .......။

မျက်ရည်တွေကို ဘယ်လက်နဲ့သုတ်၊ နှပ်တွေကို ညာလက်နဲ့ညှစ်ပေးပြီး၊ မျက်နှာတွေကို Scrub နဲ့သန့်စင်ပေးမယ်ဆိုတဲ့ ကျန်စစ်သားကြီးလည်း အသေစောသွားခဲ့ပြီ။ သာသနာတော်နဲ့ မိဖုရားတွေကို ပူးတွဲအထောက်ပံ့ဆုံး မင်းတုန်းမင်းလည်း လွန်လေပြီ။ ပြည်သူတွေ ချမ်းသာပါစေတော့ဆိုပြီး ရွှေဥာဏ်တော်နဲ့ ထိရုံတွေ မဟားတရားဖွင့်ခဲ့ဖူးတဲ့ သီပေါမင်းလည်း မြန်မာပြည်မှာဝမ်းနှုတ်ဆေးသောက်ပြီး အိန္ဒိယကို ပါတော်မူတယ်။ ပြန်မလာတော့ဘူး။ ... ဆိုလိုချင်တာက သေသွားတော့လည်း မသေခင်လုပ်နိုင်တာတွေက အလကားဖြစ်တာကိုပြောချင်တာပါ။ မသေခင် လုပ်သွားသင့်တာတွေတောင် တော်တော်များနေပြီး၊ လုပ်ဖို့ အချိန်မရှိတော့တဲ့ ကွာလတီမကောင်းတဲ့ ဒုလ္လဘကြီးတစ်ခုစီနဲ့ ဘာတွေများ ဂုဏ်ယူနေစရာရှိနေသေးလို့လဲ။ အမျိုးဘာသာ သာသနာအတွက် တစ်နေ့တစ်နာရီပိုအိပ် ဖြစ်တာကလွဲရင် မနေ့ကငါနဲ့ဒီနေ့ငါဟာ ထူးမခြားနားတွေပါပဲ။

ဟာသလေးတစ်ခုကို သတိရတယ်။
သူငယ်ချင်းနှစ်ယောက် သေသွားရင် ရောက်တဲ့နေရာက သတင်းပေးဖို့ကတိပြုထားကြတယ်။
တစ်ယောက်ကသေသွားတော့ မကြာခင်မှာပဲ နောက်တစ်ယောက်ဆီကို အကြောင်းကြားတယ်။
မင်းဘာသိချင်သလဲတဲ့။
ရှင်ကျန်နေခဲ့တဲ့သူကမေးတယ်။ အဲဒီမှာဘယ်လိုလဲတဲ့။
ဒီမှာ မနက် အလုပ်သွားစရာမလိုဘူး။ အိပ်ချင်သလောက်အိပ်၊ မနက်နိုးလာရင် ကမ္ဘာမှာ အလတ်ဆတ်ဆုံး အစာတွေစား၊ ပြီးရင် မိန်းမနဲ့အိပ်၊ ပြေးလွှားကစား၊ သိပ်လတ်ဆတ်တာတွေ ထပ်စား၊ မိန်းမနဲ့အိပ်၊ ဒါပဲတဲ့။
အဲဒီတော့ အသက်ရှင်နေတဲ့သူကပြောတယ်။ Heaven များ ဇိမ်ကျလိုက်တာနော်တဲ့။
အဲဒီတော့ ကျန်တဲ့တစ်ယောက်က ဘယ်က Heaven မှာကမှာလဲကွ။ အခု အာဖရိကမှာ ယုန်ဖြစ်နေတာတဲ့။

အာဖရိကမှာ ယုန်ဖြစ်နေတဲ့သူငယ်ချင်းတွေ အဲဒီအာဖရိကမှာ အများကြီးရှိနေပါသေးတယ်။

အခုတော်တော်လေးဘ၀င်မကျမိတဲ့ကိစ္စက ပုဂ္ဂလိကကျောင်းမှာ နိုင်ငံခြားသား ဆရာသင်ခွင့်မပြုနိုင်ဘူးဆိုတာကိုပါ။ ရယ်စရာအတော်လေးကောင်းပါတယ်။ ဘာနဲ့တူသလဲဆိုရင် ရေချိုးချင်သလိုချိုးလို့ရတယ်၊ ရေမထိအောင်တော့သတိထားဆိုတဲ့စကားလိုဖြစ်နေပါတယ်။ ရေချိုးရင်တော့ ရေထိမှာပါပဲ။ ပုဂ္ဂလိကလုပ်ငန်းတွေဟာ အပြိုင်အဆိုင်လုပ်ရပါတယ်။ ဘောလုံးအသင်းမှာတောင် အာဖရိကန်တွေ ဆွီဒင်တွေ ထည့်ကန်နေသေးတာ ကျောင်းဆရာကြမှ ဘာကို တွန့်တိုနေတာလဲ ဆိုတာ ဒီဘိုးနိုးရဲ့ ဦးထုပ်တစ်လုံးမှ မတော်တဲ့သူတွေ ပြန်စဉ်းစားဖို့လိုပါမယ်။ Open or Close Switch ပဲကောင်းပါတယ်။ Semi-Open ဖြစ်နေတာဟာ တိုးတက်စေချင်ပေမယ့် တိုးတက်မှုကို ပြန်ထိန်းနေတဲ့အတွက် မထိရောက်ပါဘူး။ အဲဒါကို အလွယ်ဆုံး ဥပမာပေးတာတော့ရေလောင်း အိမ်သာမှာ အသုံးပြုတဲ့ဘောလုံးတွေပါ။ ရေဆွဲချလိုက်တဲ့အခါ ရေတွေနဲ့အတူ ဘောလုံးက နိမ့်သွားပါတယ်။ နိမ့်သွားလို့ ခလုတ်က ပွင့်သွားပါတယ်။ ရေတွေပြန်ဝင်လာတော့ ဘောလုံးက အပေါ်တော့ပြန်ရောက်ပါတယ်။ အပေါ်တက်နေတာဟာ ရေ၀င်ပေါက်ကို ပြန်ပိတ်ဖို့ဖြစ်နေပါတယ်။ လုပ်-ပြန်-ဟန့် လို့ သုံးစွဲကြပါတယ်။ တစ်နည်းအားဖြင့် Feedback ကို Input အနေနဲ့ပြန်သုံးတာမျိုးပါပဲ။ ဒီလိုဖြစ်နေတာကို နောင်ထပ် အနှစ် နှစ်ဆယ်ထပ်မံစမ်းသပ်မယ့် ပညာရေးမှာ ကံစမ်းမဲဖောက်သလို စီမံကိန်းမျိုး ...၊ ဘယ်ဘုရားမှတရားမဟောလည်း ပစ္စေက ဗုဒ္ဓါကတော့ တရားရဦးမှာပဲ ဆိုတဲ့ အယူမျိုးနဲ့ မဟားတရား အကောင်းမြင်လွန်းနေတာ သတိထားသင့်ပါတယ်။ ပညာရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကို အမြန်ဆုံးပြောင်းလဲနိုင်တဲ့ ကုတ် ဖြစ်ပါတယ်။ ကုတ်တွေဟာ အားနည်းနည်းစိုက်လိုက်ရုံနဲ့ အဆမတန်လေးတဲ့ အရာတွေကို မရွေ့ပစ်နိုင်ပါတယ်။ ပညာရေးကို မကြာမကြာမြေစမ်းခရမ်းပျိုးနေမယ့်အစား နိုင်ငံတကာမှာ အောင်မြင်နေတဲ့စနစ်တစ်ခုကို မြန်မာမှုပြုတယ်ပြောပြော၊ မှီးတယ်ပဲဆိုဆို၊ ကိုးကားတယ်ပဲ ရေးရေး ...လိုက်လုပ်ဖို့သင့်ပါတယ်။ Proven method တွေကို ပြန်ပြီး တစ်က စနေမယ့်အစား အသုံးချကြည့်ဖို့လုပ်သင့်ပါပြီ။

နိုင်ငံခြားသား ဆရာမခေါ်ရဘူးလို့ကန့်သတ်တာဟာ တော်တော်လေးကို စဉ်းစားရခက်တဲ့ ကိစ္စဖြစ်နေပါတယ်။ အမျိုးမျိုးစဉ်းစားကြည့်ပါတယ်။ မခေါ်သင့်တဲ့အကြောင်းတွေ ... ဒါပေမယ့် ခိုင်ခိုင်လုံလုံ ဘာမှမရှိပါဘူး။ ညံ့ဖျင်းတဲ့ဆရာတွေကို အကာအကွယ်ပေးတဲ့သဘောလားလို့လည်းတွေးကြည့်ပါတယ်။ နစ်ရှေးရဲ့ မတော်တဲ့သူတွေ သေဆိုတာကို ပညာရေးမှာတော့ လက်ခံပါတယ်။ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ပညာရေးစနစ်နဲ့ အံမ၀င်တာတွေကို ဖယ်ရှားတာဟာ အနာဂတ်မှာ ပညာတကယ်တတ်တဲ့ ကလေးတွေဖြစ်လာဖို့ ပြင်ဆင်ပေးတာပဲဖြစ်ပါတယ်။ မတော်သူသေ ဆိုတဲ့ အယူအဆဟာ လူညံ့တွေကိုတောင် တော်လာစေတယ်ဆိုတာကိုလည်း သတိပြုမိဖို့လိုပါတယ်။ လူတွေဟာ မှေးလိုက်လို့မရတော့ အချိန်မှာ Proactive စဖြစ်လာတဲ့သဘောရှိပါတယ်။ အပြိုင်အဆိုင်ရှိလာတဲ့အခါ အချောင်ခိုတာ အလိုလိုနည်းသွားပါမယ်။ ကျောင်းကို တကယ်အားကိုးလို့ရတဲ့အခါ ကျူရှင်အတွက် ပိုက်ဆံသက်သာသွားပါမယ်။ ထိထိရောက်ရောက်သင်နေရုံနဲ့ စားဝတ်နေရေး အစစ အရာရာ ဖူလုံပြည့်စုံနေတဲ့အခါ ဆရာ၊ ဆရာမတွေရဲ့ concentration လည်းပိုကောင်းလာစရာရှိပါတယ်။

ကျွန်တော်တို့ခေတ်မှာတော့ လူဖြစ်ရတာ သိပ် ဒုလ္လဘမဟုတ်တော့ဘူး။ အရင်တုန်းကဆို အသက် ခြောက်သောင်း ရောဂါဆိုလို့ အပေါ့အလေးသွားတာပဲရှိတယ်။(အဲဒီခေတ်တုန်းက အပေါ့အလေးသွားတာဟာ ရောဂါလို့သတ်မှတ်ပါတယ်။ ...ရောဂါကင်းတဲ့သူများဆိုရင် အညစ်အကြေးတောင် စွန့်ပုံမရပါဘူး) ...။ ဘုရား အဆူဆူကလည်းလွဲသေးတယ်။ ရောဂါတွေရော ကုသမှုကုန်ကျစရိတ်ရောများလာတယ်။ လေကလည်းသိပ်မသန့်တော့ဘူး။ တစ်ရာခိုင်နှုန်းပဲ ရှိတဲ့ သောက်လို့ရတဲ့ရေတွေလည်း တော်တော်နည်းလာပြီ။ နေကလည်း ပူတာကနေ လောင်တဲ့အဆင့်ကိုရောက်လာပြီ။ အရေးထဲ ဗုံးခွဲတဲ့သူကလည်း နိုင်ငံတကာ တရိုးရစ်(terrorists) တွေကို အားကျပြီး မြန်မာ့ pioneer တရိုးရစ် ဖြစ်အောင် ကြိုးစားနေပြန်တယ်။ ဒါတင်လားဆိုတော့မဟုတ်သေးဘူး။ အိုက်လို့ အဲကွန်းဝယ်တယ်ပဲထားဦး Go Green မှာ မိုးလင်းမှ အလင်းရောင်မြင်နေရတယ်။ (ဒါတောင်နေထွက်လာလို့။) ကမ္ဘာမှာ ရွှေတန်ချိန်အများဆုံး ရှိတဲ့ စေတီတော်ကြီးတည်ထားပြီး ဘာလို့ဆင်းရဲနေတာလဲ ဆိုတဲ့ဟာသကို ကျွန်တော်တို့မရယ်တတ်ဘူး။ အမေကျော်ပြီး ဒွေးဒေါ်လွမ်းတယ်ဆိုလား သေးတော်ပန်းတယ်ဆိုလား .... နိုင်ငံခြားမှာ အလုပ်သွားလုပ်ရင် အဲဒီ ဆာတဖကိတ် (ceritficate) ရလိုက်သေးတယ်။

အခုတလော မြန်မာတွေ ဟာ အင်တာနက် လက်ထရိတ် (Internet literate), ကွန်ပြူတားလက်ထရိတ်( Computer Literate) ဆိုတာတင်မကပဲ ဆဲဆိုတဲ့ ကွန်မန့် လက်ထရိတ်ဘွဲ့တွေပါပေးဖို့ အပြည်ပြည်ဆိုင်ရာ ဘလော့ခ် မိုဒရေးရှင်း ဖောင်းဒေးရှင်းက သုံးသပ်နေပါတယ်။ သခင်မျိုးဟေ့တို့ဗမာ ... ဆဲသံဆိုသံမိုးတွေမွှန်လို့ ဆိုပြီး သံချပ်လေးဘာလေးလုပ်ရင် အောင်မြင်စရာရှိပါတယ်။ ဒါကတော့ ကွန်ချက်ပြတာပါ။ ဝေလငါးကြီးရဲ့သားဟာ နို့တိုက်သတ္တ၀ါဖြစ်နေတဲ့အတွက် ကန့်ကွက်ပွဲကျင်းပမယ်ဆိုရင် ကျေးဇူးပြုပြီး လာမနှိုးလိုက်ပါနဲ့။ နဂိုကတည်းက အိပ်ချိန်နည်းတဲ့ ဒုလ္လဘကို သံဝေဂ အကြီးအကျယ်ရပြီါ် ဖြစ်လေရာဘ၀၌ အိပ်ရေးဝသော၊ ဘုရင်မရှိသော၊ လူဆိုးမရှိသော၊ လေထုညစ်ညမ်းမနေသော၊ သောက်ရေသုံးရေပေါများသော နိဗ္ဗာန်မရောက်မီ စပ်ကြား .... အဲဒီ စပ်ကြားဘ၀မှာ သက်သာရလိုပါ၏ လို့ ဆုတောင်းနေမိတယ်။

ကောင်းရောင်းကောင်းဝယ်လုပ်ချင်ရင် နွားပွဲစားလုပ်၊
တစ်သက်လုံးပျော်ချင်ရင် ရေခဲမုန့်စား၊
အသက်ရှည်ချင်ရင် Miss Universe အခွေကြည့် ဆိုတာကို ပြောခဲ့တာ မြန်မာပြင်ညာယှိကြီးတစ်ပါးမဟုတ်ဘဲ Xanthos ဆိုတဲ့ခပ်နောက်နောက်ကောင်တစ်ကောင်ပဲဖြစ်တယ်။ ဟိုတစ်ပတ်က သူပြောတာက ငါသာ ဇိုရိုအတ်စတာလို တောင်ပေါ်တက်ပြီးများရှာလိုက်ရင် ကောင်းတဲ့ဘုရား၊ မကောင်းတဲ့ဘုရား၊ အပျင်းထူတဲ့ဘုရား၊ သိပ်တက်ကြွတဲ့ဘုရားဆိုပြီး ဘုရားလေးဆူ အယူအဆထွက်မလာဘူးလို့ မင်းသေချာလားတဲ့။ (ဇိုရိုအက်စတာဟာ တောင်ပေါ်တတ်သွားပြီး အပြန်မှာ ဘုရားနှစ်မျိုး အယူအဆကိုပြန်သယ်လာသူပါ။ ကောင်းတဲ့ဘုရားက ကောင်းတာလုပ်၊ ဆိုးတဲ့ဘုရားက ဆိုးတာလုပ်မယ်။ ကောင်းတဲ့ဘုရားကို vote ပါ ဆိုပြီး ဟောပြောခဲ့တယ်။) ကိုယ့်ဒုံလ္လဘကိုတောင် ကိုယ့်ဘာသာကိုယ်မနည်းဦးထုပ်ဖြူဆောင်းပြီး ကြည့်နေရတဲ့အထဲ ဘုရားလေးပါးသာဆို တော်တော်ဦးနှောက်ခြောက်ခံနေရဦးမှာစိုးလို့ သူ့ကို ဘယ်တောင်ပေါ်မှမတက်ပါနဲကွာလို့ပဲ မှာထားလိုက်ရတယ်။ ...


နူရာဝဲစွဲ၊လဲရာသူခိုးထောင်းတဲ့အပြင် ထောင်းတဲ့သူခိုးက ဟဲဗီးဝိတ်ဖြစ်နေတဲ့ ခေတ်ကြီးမှာ ... မချိပြုံးပြုံးခြင်းယဉ်ကျေးမှုတွေပဲထွန်းကားလာတယ်။ မုန်းစကိုတိုစေ ချစ်စကိုရှည်စေဆိုတာကြားရတိုင်း လူတိုင်းမှာ အစနှစ်စထွက်နေတယ်ဆိုတာကို နားလည်မိတယ်။ လှောင်အိမ်ထဲမှာ အပျံသင်နေတဲ့ ငှက်ကလေးတွေဟာ တစ်နေ့မှာကောင်းကင်မှာ ပျံခွင့်ရလာလိမ့်မယ်။ လှောင်အိမ်ဖွင့်လိုက်မှ အကြောသေနေတဲ့ တောင်ပံတွေနဲ့ လမ်းလျှောက်နေရတဲ့ ငှက်တွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ရဲ့ တန်ဖိုးကျလာတဲ့ ဒုလ္လဘထဲမှာ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီသွားဖို့ ဆန့်တန်းရမယ့်လက်တစ်ဖက်ဟာ ဒီပို့စ်ရဲ့ အန္တိမ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ စကားမစပ် .... မနက်ဖြန်မှာ ပေါက်ကွဲမယ့်ဗုံးတစ်လုံးဟာ ကျွန်တော်တို့ရလိုက်တဲ့ တန်ရာတန်ကြေး ဆိုရင်တောင် ... That's the real practical joke ..

With Peace,
Zephyr


Notes:
အခုလိုရှည်လျားထွေပြားတဲ့ ပို့စ်တွေကို ရေးနိုင်တာဟာ မြန်မာပြည်က မွေးသမိခင်ကြီးပို့ပေးလိုက်တဲ့ ဆိတ်သားကြော်တွေစားလို့ဖြစ်ပါတယ်။ (၁ မှတ်)။
မွေးသမိခင်ကြီးဟာ ဆိုရင် နေမကောင်းတဲ့ကြားက ဆိတ်သားကြော်၊ ဘာလချောင်ကြော်၊ငါးကြော်တွေ အများကြီးထည့်ပေးလိုက်တဲ့အတွက် ဒီလကို ဘောနပ်စ်ရတဲ့ လလိုပဲ ပျော်နေပါတယ်။
ပိုပြီးပျော်စရာကောင်းတာကတော့ ခင်ဝမ်းရဲ့ စိတ္တဇပန်းချီစာအုပ် ဒုတိယအကြိမ်ပြန်ထုတ်တာကို မိခင်ကြီးက လက်ဆောင်ထည့်ပေးလိုက်လို့ပါပဲ။ ငယ်ကတည်းက ကြိုက်ခဲ့တဲ့ ကျွန်တော်နှင့် နတ်ဘုရားရုပ်တုကိုလည်း ထည့်ပေးလိုက်ပါသေးတယ်။ မကြာမကြာ တမ်ပိုလျှော့ပြီးရေးနေရတဲ့အတွက် စာရေးခြင်းက မကြာမီ အနားယူပြီး ဘောလုံးဟော်ကီ မြင်းစီးဂေါ့ဖ်ရိုက် တစ်ခုခု ပြောင်းပြီး ၀ါသနာပါဖို့ စိတ်ကူးနေပါပြီ။

ပုံတွေအတွက် ညီလေး Pyi Thit T ကို ကျေးဇူးစ်တင်ပါတယ်။

That's the real practical joke ကို ဘာသာပြန်တာမှားသွားတဲ့အတွက် ပြန်ပြင်လိုက်ပါတယ်။ လာပြောပေးသွားတဲ့ anonymous ကိုလည်း ကျေးဇူးတင်ပါတယ်။ practical joke ဆိုတာ အကွက်ကျကျ အရူးလုပ်ခံလိုက်ရတာဖြစ်ပါတယ် ... ။ Thanks bro... (may be bro or sis )



Peace B with U.