Sunday, May 25, 2014

အပြောင်းအလဲ


အပြောင်းအလဲတိုင်းဟာ
အမြင့်မားဆုံး စိတ်အားသတ္တိကို တောင်းဆိုတယ်။

ဒိုင်ဗင်စင်ပေါ်မှာ ရပ်နေရာက ခုန်ချလိုက်တဲ့ စွန့်စားမှုမျိုး ဟုတ်ချင်မှဟုတ်မယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ဘဝမှာ တစ်သက်လုံးပျော်အောင်နေသွားဖို့အထိ ရှည်ရှည်ဝေးဝေး ဝေးဝေးလံလံ ပြင်ဆင်ထားသင့်တယ်။ U-turn မရှိတဲ့ လမ်းထဲ မောင်းဝင်လာခဲ့ပြီး နှစ်တော်တော်တန်တန်ကြာမှ back gear နဲ့ပြန်မောင်းထွက်ဖို့ ကြိုးစားရင်တော့ ခက်လိမ့်မယ်ထင်တယ်။

တစ်ချို့တွေ အိမ်ပြန်ဖို့ကြိုးစားနေတယ်။ တစ်ချို့တွေ ရောက်ရာမှာ ပျော်အောင်နေကြတယ်။ တစ်ချို့တွေ ပိုဝေးရာကို ရွှေ့ပြောင်းကြတယ်။ ကိုယ့်ရွေးချယ်မှုဟာ ကိုယ့်အနာဂတ်ဖြစ်စဉ်ဖြစ်လာတာပါပဲ။ အောင်မြင်မှုတွေ၊ ရှုံးနိမ့်မှုတွေနဲ့အတူ လူသားဆန်မှုတွေ ပွန်းပဲ့တိုက်စားမသွားဖို့ကိုပဲ သတိထားနေရတုန်းပါပဲ။

လူဟာ ကျယ်ပြန့်တဲ့လွင်ပြင်၊ ကြည်လင်တဲ့ရေ၊ အေးမြတဲ့လေနုအေး၊ ပြာလဲ့တဲ့ကောင်းကင်ကို ကြိုက်ကြတာပါပဲ။ နေရတဲ့အခိုက်အတန့်မှာ  သိပ်အမြင့်ကြီးတက်မလား၊ နေရာတစ်ခုမှာ ရပ်တန့်အခြေချမလား၊ တိုးတက်မှုကိုရွေးချယ်မလား၊ မိသားစုဘဝကိုရွေးချယ်မလား တစ်ခုခုတော့ ဆုံးဖြတ်ကြရတာပါပဲ။ အတိုင်းအတာတစ်ခုအထိ ငြိမ်းချမ်းတဲ့စိတ်ကလေးနဲ့ တစ်နေ့တာကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနိုင်ပြီး စားဖို့၊လှူဖို့ လုံလောက်တဲ့ ဝင်ငွေရှိရင် ကျေနပ်မိတာပါပဲ။ ကိုယ့်မိသားစုကို ဖူလုံအောင်ထားနိုင်ပြီးရင် ကိုယ့်ရပ်ကွက်က မပြည့်စုံတဲ့သူကို ကူညီဖို့ မမေ့ကြတာ မြန်မာ့ဓလေ့ပဲ။ ရိုးရှင်းတဲ့ဘဝမှာ အများအကျိုးအတွက် အချိန်ပိုရှိတဲ့ဘဝမှာ နေထိုင်နိုင်ဖို့ မျှော်လင့်နေမိတာပါပဲ။ စိတ်ဓာတ်နဲ့ခွန်အားရှိတုန်း ကိုယ်ကျိုးအတွက်လောက် လုပ်ကိုင်စားသောက်ပြီး အချည်းနှီးဖြစ်နေကြရတဲ့ဘဝတွေဟာ အင်မတန် အရမတော်တဲ့ဘဝပဲ။ ကိုယ့်ရဲ့တစ်ဝက်လောက် ဘဝပေးကုသိုလ်မကောင်းတဲ့လူတွေအတွက် တစ်စိုးတစ်စိမှ မြေတောင်ပြန်မြှောက်ပေးဖော်မရတဲ့သူဟာ အချည်းနှီးတွေ၊ လူမည်ကာတွေပဲ။ ရခဲတဲ့ဘဝမှာ မြင့်မားတဲ့နေထိုင်မှုပုံစံအတွက် ငွေရှာနေတာနဲ့ ကုန်သွားတဲ့အချိန်တွေရှိခဲ့သလို လူ့အသိုင်းအဝိုင်းအတွက်လည်း အချိန်ပိုရှိရလိမ့်မယ်။

အပြောင်းအလဲကတော့ ရှိနေဦးမှာပဲ။ အပြောင်းအလဲတစ်ခုခုလုပ်တိုင်း ကိုယ့် အတ္တတစ်ခုတည်းကို ရှေ့တန်းမတင်မိဖို့ ကျွန်တော်တို့ကြိုးစားရလိမ့်မယ်။ လောကကြီးထဲမှာ ကိုယ့်အတ္တအတွက် လာနေပြီး ပြန်ထွက်ခွာသွားရရင် ဒီအခိုက်အတန့်လေးဟာ ဘာမှ ကျေနပ်စရာမကောင်းဘူး။ ရေများတဲ့နေရာက မိုးရေတွေကို မိုးခေါင်ရပ်ဝန်းဒေသကိုလည်း ဖောက်ယူ သယ်ပို့သွားပေးရလိမ့်မယ်။ လူတိုင်းမှာ calling တစ်ခုတော့ရှိလိမ့်မယ်။ ကိုယ့်စိတ်နှစ်ပြီး ပျော်ပျော်ရွှင်ရွှင်လုပ်နိုင်မယ့်အလုပ်တစ်ခုခုပေါ့။ တစ်ချိန်မှာတော့ ကိုယ်လုပ်ချင်တဲ့အလုပ်အတွက် စွန့်လွှတ်တန်သည် စွန့်လွှတ်ပြီး ပြန်သင့်ပြန်ရဦးမယ်။ အဓိပ္ပာယ်ရှိတဲ့အလုပ်တစ်ခုခုကို လုပ်ဖြစ်အောင်လုပ်သွားနိုင်ဖို့ အပြောင်းအလဲတစ်ခုတော့လိုလိမ့်မယ်။ အပြောင်းအလဲတိုင်းဟာ မလွယ်လှဘူး။ မလွယ်ပေမယ့်လည်း ရှောင်လွှဲလို့လည်းမရပြန်ဘူး။

ရဲရင့်ရင်ဆိုင်နိုင်သောသူများ ဖြစ်နိုင်ကြဖို့ ငြိမ်းချမ်းတဲ့စိတ်နဲ့ ဆုံးဖြတ်ပြတ်သားနိုင်ကြပါစေကြောင်း။    ။

Regards,
Z



Peace B with U.