Friday, May 4, 2012

အ၀ါရောင်စာကလေးကြာ်။

အ၀ါရောင်စာကလေးကြာ်။

စားလို့တော့ အတော်ကောင်းမယ့်ပုံပေါက်တယ် (ဦးနှောက်)။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၈ရာခိုင်နှုန်းသော အောက်လွှတ်တော် အဖွဲ့ဝင်တွေဟာ oath of the office မြန်မာအခေါ်တော့ ကျမ်းသစ္စာ (office ကိုတော့ဖျောက်ထားလိုက်တယ်။ ရုံးသစ္စာမဖြစ်တော့ဘူး) ကျိန်ဆိုခဲ့ကြတယ်။ စာသားမပြောင်းတော့ဘဲ အရင်အတိုင်းပဲဆိုတယ်ဆိုတော့ သီချင်းစကားနဲ့ပြောရရင် cover song(cover version) ဆိုတယ်ခေါ်တာပေါ့။ Tunes ကိုရောပြောင်းထားသေးလား ဆိုတာတော့ NLD မှပဲသိလိမ့်မယ်။

၄၄၀ တွေအတူတကွ လက်ရည်တစ်ပြင်တည်း Parilament တက်ကြတာ အပြုသဘောဆောင်တယ်ပဲပြောမလား၊။ USDP ကလူတွေအနေနဲ့တော့ လောင်းကြေး ၈:၆၀ ပေါက်နေသေးတဲ့ လက်ကျန်သုံးနှစ်ကို ရင်ခုန်မျှော်လင့်စွာဖြတ်သန်းလေမလား ဆိုတာကို ပိတ်ကားပေါ်မှာမျှော်ရပါလိမ့်မယ်

ဒီနေရာမှာ အလျဉ်းသင့်လို့ပြောရရင် မြန်မာနိုင်ငံရေးဟာ သူရဲကောင်းဝါဒကို အခြေခံတယ်လို့ သုံးသပ်ပါတယ်။ မုန်းတီးမှုကို အခြေခံပါတယ်။ ပြိုင်ဘက် အင်အားနည်းနေတုန်း ဖျာဝင်ခင်းထားတဲ့ ပြဇာတ်တစ်ခုနဲ့တူပါတယ်။ လောက်လောက်လားလားမဟုတ်တဲ့လူတစ်စုနဲ့ တစ်ယောက်လောက်လားပြီး ငှက်တစ်သောင်းနားထားတဲ့ပါတီနဲ့ရဲ့ အားပြိုင်ပွဲဖြစ်ပါတယ်။ လက်ဝှေ့စကားနဲ့ပြောရရင်တော့ သုံးချီလောက်ထိုးတဲ့ အပျော်တမ်းပွဲနဲ့ပဲတူပါတယ်။

သမ္မတကြီးကလည်း တစ်ချက်တစ်ချက် ထထကပေမယ့် တောပရိတ်သတ်ကြိုက်ကရမလား၊ မြို့သားတွေအလိုလိုက်ရမလား မသိတဲ့ မင်းသားကြီးတစ်လက်နဲ့တူပါတယ်။ ကနေတဲ့နေရာကလည်း တောပရိတ်သတ်ထောင်ထားတဲ့ အငြိမ့်စင်ဆိုတော့ ထိန်းထိန်းသိမ်းသိမ်းမကရင် ရှေ့လူတွေလို စိတ်ရောဂါကြောင့် အနားပေးလိုက်ရတယ်ဖြစ်မယ်။

နိုင်ငံရေးမှာ သဘောထားကြီးတယ် သေးတယ် ဆိုတာကိုတော့ ပြန်လည်သုံးသပ်သင့်ပါတယ်။ တစ်ဖက်က သဘောထားကြီးတယ်လို့ဆိုရင် တစ်ဖက်က သဘောထားသေးတယ်လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ၃၈ တွေကတော့ သဘောထားကြီးလို့ ရှေးသီချင်းကို မူရင်းစာသားအတိုင်းပြန်ဆိုပေးလိုက်တာ။ နောက် ဂီတလောကမှာ အောင်မြင်သွား(ပေါက်သွား)တဲ့အခါမှ စာသားလည်းပြင်မယ်၊ တီးဝိုင်းလည်းပြင်မယ် ဆိုတဲ့ လူပြက်တစ်ချို့ရဲ့ပြက်လုံးတွေလည်းထွက်လာပါတယ်။

ဒီကြားထဲမှာ ကြည့်မကောင်းလို့ဝင်လာတဲ့ ဦးဇော်ခင်ရဲ့ သားလေးဖတ်လိုက်ပါဦးဆိုတဲ့ ဇာတ်ကားလည်း အောင်မြင်ပါတယ်။ part 1 နဲ့ 2 အောင်မြင်လို့ မကြာခင်မှာ sequel တွေနဲ့ အောင်ပွဲခံသွားမယ်လို့မျှော်လင့်ကြတယ်။ ဥပဒေသမားဟာ ဘယ်လောက်ပဲပိတ်ပိတ် ဖောက်ထွက်နိုင်ရမယ်ဆိုတဲ့ ရှေ့နေကြီးကို ၆၅ နှစ်တွေချတုန်းက ခုခံချေပခိုင်းဖို့ကောင်းတာပေါ့

အခုအချိန်မှာတော့ တစ်ချို့ NLD တွေဟာ ခွပ်ဒေါင်အစစ်တွေဖြစ်ကြပြီး၊ တစ်ချို့ကတော့ ဖွတ်ဒေါင်းတွေဖြစ်ပါတယ်။ အချိန်မီ evolution ဖြစ်လာတယ်ဆိုရပါမယ်။ နောက်သုံးနှစ်မှာလည်း ဒေါင်းတွေအခြေအနေကောင်းရင် အတောင်တုတပ်မယ့် ဖွတ်တွေရှိသလို၊ ဖွတ်တွေမင်းမူရင်လည်း အတောင်ပြန်ချွတ်မယ့် ဖွတ်ဒေါင်းတွေ ရှိနေမှာပါပဲ။
 နိုင်ငံရေးခံယူချက်များ  တယ်ပြင်လွယ်ပြောင်းလွယ် ရှိသော ယိမ်းအဖွဲ့ပေတကား။

ဒေါ်စုအနေနဲ့တော့ ကျမ်းကျိန်တာနဲ့ပတ်သက်ပြီး နိုင်ငံရေးဘ၀ ၂၃ နှစ်ရဲ့ ဆက်လက်လျှောက်လှမ်းမှုတစ်ရပ်လို့ပြောခဲ့ပါတယ်။ ဆက်လျှောက်သွားနိုင်ပါစေ။ ကိုယ့်လမ်းနဲ့ကိုယ် ဆက်လျှောက်သွားနိုင်ပါစေ။ ဖွတ်ခင်းသောလမ်းမှာလျှောက်နေတုန်းမှာလည်း သွားလမ်းသာလို့ လာလမ်းများဖြောင့်ဖြူးပါစေ။ ၂၀၁၅ အမီ NLD မှာ နိုင်ငံရေး Hip Hop ဆိုနိုင်သော အဆိုတော်တွေ များများ ပါဝင်နိုင်ပါစေ။

ဇေယျတုသဗ္ဗမင်္ဂလံ။                  ။


Regards,


The Gardener





Peace B with U.

Thursday, May 3, 2012

စကြဝဠာဈေးကွက်ထဲ အားလုံးရောင်းစားခံရတဲ့အခါ

အမည်နာမ အမှတ်တံဆိပ်များ

ငါ ကဗျာရေးဖြစ်တာ မှားတယ်
ကမ္ဘာကြီးလို လည်လိုက်တော့
ရိုက်ညီနောင် လေယာဉ်ပျံတီထွင်ဖြစ်တာ မှားတယ်
ဂူတင်ဘတ် ပုံနှိပ်စက် တီထွင်ဖြစ်တာ မှားတယ်
အက်ဒီဆင် မီးကိုတွေ့ရှိတာ မှားတယ်
အိုင်းစတိုင်း ဆွဲငင်အားကို တွေ့တာမှားတယ်
နယူတန် တန်ပြန်နိယာမကို တွေ့တာမှားတယ်

စကြဝဠာဈေးကွက်ထဲ
အားလုံးရောင်းစားခံရတဲ့အခါ

သုခမိန်လှိုင်။

ကဗျာအတိုလေးတွေပြန်ဖတ်ရင်း ဒီကဗျာလေးကို သဘောကျသွားတယ်။ အိုင်းစတိုင်းက ဆွဲငင်အားကိုတွေ့တာတော့မဟုတ်ဘူး။ တွေ့တာက နျူတန်။ အိုင်းစတိုင်းကတော့ အလင်းနှုန်းနဲ့သွားတဲ့ အရာတွေအတွက် ဆွဲငင်အားသဘောတရားကို ထပ်ဖြည့်ပေးခဲ့တာ။ ဘလက်ဟိုးထဲ အနားက ကြယ်တွေပြုတ်ကျတာမျိုးတွေကို သာမန်ဆွဲငင်အားသဘောနဲ့ရှင်းလို့မဖြစ်ဘူး။ သူက လျှောကျသွားတဲ့အယူအဆမျိုးနဲ့ချဉ်းကပ်တယ်။ Black hole ထဲက ခုန်မထွက်နိုင်တဲ့ အလင်းအလျင်နဲ့အရာဝတ္ထုတွေ ပြန်ပြုတ်ကျတာတွေကိုလည်း အိုင်းစတိုင်းကရှင်းပြခဲ့တယ်။ မူရင်းစာအုပ်မှာ အက်ဒီဆင်ကို အင်ဒီဆင်လို့ရေးထားတာတွေ့တယ်။ စာရိုက်တဲ့သူတွေ နမော်နမဲ့နိုင်မှုဖြစ်မယ်။ အဲဒါတွေက အရေးမကြီးဘူး။ အရေးကြီးတာ ကဗျာထဲမှာ တိတ်တိတ်ဆိတ်ဆိတ်လေး လိုက်လာတဲ့အယူအဆတစ်ခုပဲ။ ဈေးကွက်မှာ ရောင်းစားဖို့မဟုတ်တာတွေ ရောင်းစားခံလိုက်ရရင် အားလုံးမှားကုန်တယ်တဲ့။         ။

With Regards,
ရောင်းဖို့မဟုတ်တာတွေ သိမ်းထားနေဆဲ
The Gardener



Peace B with U.

Wednesday, May 2, 2012

နားလည်မှု


နားလည်မှု

နားလည်မှုဆိုတာ ဘာလဲလို့မေးရင် ဖြေရခက်နိုင်တယ်။ တွေးကြည့်ရင် နားလည်မှုဆိုတာ အသိခက်တဲ့ အသိတစ်မျိုးဆိုတာ ပိုနားလည်လာနိုင်တယ်။ အရင်ကလည်း နားလည်မှုဆိုတာကို တခါမှ မစဉ်းစားခဲ့ဘူး။ ကိုယ့်စိတ်နဲ့ကိုယ်ပဲတွေးတယ်။ လုပ်တယ်။ မွေးကတည်းက အငယ်ဆုံးဖြစ်ခဲ့တဲ့လူတွေမှာ နားလည်မှုဆိုတာ အတော်လေး အားနည်းတယ်။ မွေးရာပါ ချွတ်ယွင်းချက်ကို ပြင်ဖို့ အချိန်မရလိုက်ဘူး။ အိမ်တွေက အလိုလိုက်ထားတာကို အကျင့်ပါသွားပုံရတယ်။ တစ်ဦးတည်းသောသားတွေမှာ ညီအကို၊မောင်နှမချို့တဲ့လို့ဖြစ်တတ်တဲ့ အခင်အမင်လွန်တတ်မှုလိုပဲ နားလည်မှုဆိုတာ အခွင့်သင့်မှ သင်ယူနိုင်တဲ့ လေ့ကျင့်ခန်းပဲ။ ဒီအတိုင်းလည်း နားလည်မှုဆိုတာကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြတယ်။ ကိုယ်ချင်းစာတရား နဲ့ ကရုဏာတရားပါတဲ့ အသိစိတ်ဟာ နားလည်မှုနဲ့ အတော်လေးနီးစပ်နိုင်တယ်။

နားလည်မှုမရှိလို့ ကမ္ဘာမှာ ပြဿနာတွေတက်တယ်။ နိုင်ငံနှစ်နိုင်ငံစစ်ဖြစ်တယ်။ ချစ်သူနှစ်ယောက်လမ်းခွဲတယ်။ ဇနီးနဲ့မယား ကွာရှင်းတယ်။ ဒါတွေဟာ ထင်သာမြင်သာတဲ့ ဥပမာတွေဖြစ်တယ်။

နားလည်မှုက အတ္တကို အနည်းဆုံး အသုံးပြုရတဲ့ ကစားပွဲလည်းဖြစ်တယ်။ နားလည်မှုဟာ ကိုယ့်ကိုယ်ကိုရော တစ်ဖက်သားကိုပါ နားလည်နိုင်တဲ့ စိတ်မှာပဲ ပြည့်ပြည့်ဝဝဖြစ်တည်နိုင်တဲ့အရာဖြစ်တယ်။ နားလည်မှုဆိုတာ အနစ်နာခံမှုသက်သက်လည်းမဟုတ်ဘူး။ နားလည်မှုက သဘောတူညီချက်တစ်ခုနဲ့တူတယ်။ မကြိုက်တာတစ်ခုကို နားလည်ပေးဖို့ ကြိုးစားရတဲ့အခက်အခဲဟာ နားလည်မှုကို ကျင့်သုံးလိုက်နာမယ့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအတွက်တော့ စိမ်ခေါ်မှုတစ်ရပ်ပဲ။

နားလည်မှုဟာ ရေရှည်တည်ဆောက်ရမယ့်အရာ၊ ထာဝစဉ်ကျင့်သုံးရမယ့် အကျင့်ကောင်း၊ အမြဲလျှောက်လှမ်းရမယ့် လမ်းလည်းဖြစ်တယ်။ နားလည်မှုဟာ တစ်ဖက်တည်းနဲ့မြည်အောင်တီးရတဲ့ လက်ခုပ်သံလည်းဖြစ်တယ်။

နားလည်မှုနဲ့ ပွားမေတ္တာမှာတူညီတာက စိတ်ကနေစရမှာပဲ။ ကိုယ်ပိုင်ဆိုင်တဲ့ စိတ်မဟုတ်ဘူးဆိုတာ ဆင်ခြင်မိရင် ကိုယ့်ရဲ့စိတ်လို့ ပြောဖို့ခက်လိမ့်မယ်။ အဲဒီ့ အနီးစပ်ဆုံး စိတ်လေး၊ ကိုယ်ပိုင်တာမဟုတ်ပေမယ့် ကိုယ်နဲ့ အနီးဆုံးစိတ်ကို နားလည်မှ ဒုတိယအနီးဆုံးစိတ်လေးကို နားလည်နိုင်မယ်။ မဟုတ်ရင်တော့ နားလည်မှုအစစ်မဖြစ်နိုင်ဘူး။ အောင့်ခံ၊ကြိတ်ခံ၊ အနစ်နာခံ ဆိုတဲ့ အောင့်ကြိတ်နစ်ခံပဲဖြစ်နေမယ်။ လွတ်လပ်သော လူရဲ့ ငြိမ်းချမ်းသော၊ နှောင်ကြိုးမဲ့သော နားလည်မှုမဖြစ်ဘူး။

လူတိုင်းမှာ ကိုယ်ပိုင်နည်းလမ်းဆိုတာရှိတယ်။ လူတိုင်းမှာ စိတ်ရဲ့မြင့်မြတ်မှုဆီသွားဖို့ ကိုယ်ပိုင်နည်းလမ်းဆိုတာရှိတယ်။ နားလည်မှုဆီကိုလည်း ကိုယ့်လမ်းနဲ့ကိုယ်ပဲသွားရမယ်။ စိတ်ချမ်းသာမှုဆီကိုလည်း ကိုယ့်ရဲ့စိတ်ကူးနဲ့ အသိတရားနဲ့ ကိုယ်တိုင်ပဲ စမ်းသပ်သွားလာရမယ်။ ဘာသာတရားတွေဟာ ဖော်မြူလာစာအုပ်တစ်အုပ်နဲ့တူတယ်။ တကယ့်ပုစ္ဆာတွေတွက်ဖို့ အသုံးဝင်နိုင်တာတွေ စုစည်းပေးထားတယ်။ ကိုယ်တွက်မယ့် ပုစ္ဆာကိုယ်ရွေးချယ်ရမယ်။ ကိုယ့်ကိုယ်တိုင် တွက်ရလိမ့်မယ်။ ကြောက်တတ်တဲ့ ၊ အထီးကျန်တဲ့ လူတွေဟာ ဘာသာတရားကို ပိုလိုအပ်တယ်။ ဘာသာတရားဟာ ဘ၀တူတွေ အများကြီးဆိုတဲ့ လုံခြုံတဲ့စိတ်ခံစားချက်ကိုပေးတယ်။ လုံခြုံတဲ့စိတ်ဟာ အင်အားကြီးတဲ့စိတ်ပဲ။ အင်အားကြည့်တဲ့သူဟာ နောက်က လျှောက်လို့မရဘူး။ ရှေ့ကလျှောက်တယ်။ သူတို့တွေဟာ ဘာသာတရားသစ်ရဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ ငြိမ်းချမ်းမှုကို အစင်းသိတဲ့ သူတော်စင်တွေဖြစ်ခဲ့ကြတယ်။ ကြောက်တတ်တဲ့၊ အပြစ်မကင်းတဲ့ လောကရဲ့ မုန်းတီးမှုကို ခါးစည်းခံခဲ့ရတယ်။ အတုအယောင်တွေရဲ့ အစစ်ကိုမုန်းတဲ့ ဒေါသကို ခံခဲ့ကြရတယ်။ သူတို့ကြတော့ လောကကို နားလည်ခဲ့ကြတယ်။

နားလည်မှုတွေ ပျံသန်းလာဖို့မျှော်လင့်နေကြသူတွေဟာ နားလည်မှုတွေအစေ့အညှောက်တွေကို နင်းထားပြီး မှိုင်တွေနေသူတွေဖြစ်နေတတ်တယ်။ နားလည်မှုကို စိတ်နဲ့ခန္ဓာမှာ ကျင့်သုံးပြီးမှ ဝေးသောအရာ၊ ဝေးသောအကြောင်းတွေဆီ ဖြန့်ကျက်ရမယ်။ အနီးဆုံးစိတ်ကို နားမလည်နိုင်ရင် ဝေးသော အဖြစ်အပျက်၊ ဝေးသော အကြောင်းနဲ့ပတ်သက်ပြီး ဒေါမနဿများမယ်။ သောကပွားမယ်။ မောဟထားမယ်။ အဲဒီ အဆိုးစက်ဝန်းထဲ မိသွားရင် လူ့ဘုံမှာနေသော်လည်း ငရဲသားနဲ့မခြားတဲ့ ဒုက္ခကို ခံနေကြရမယ်။ စိတ်ရဲ့ပူလောင်မှုဟာ ငရဲမီးနဲ့ထပ်တူပါပဲ။ ဆဲလ်ပေါင်းများစွာ ဒေါသတစ်ချက်တည်းနဲ့ သေဆုံးသွားနိုင်တယ်။ အဆင့်မြင့်ဈာန်ရနေတဲ့ ဆာဒူးတစ်ယောက် ဒေါသထွက်ရင် မြို့ပျက်ရွာပျက်ဖြစ်တယ်၊ တစ်ရွာလုံး၊ တစ်မြို့လုံး လောင်မီးကျတယ်ဆိုတာကို အံ့သြကြတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဒေါသမီးလေးတစ်စပျိုးလိုက်ရင် စိတ်ထဲမှာ ပြာကျသွားတာတွေကို မမြင်နိုင်တော့ မအံ့သြမိကြပါဘူး။

နားလည်မှုဟာ သစ်ပင်လေးတစ်ပင်စိုက်ရသလိုပဲ။ စိတ်ထဲမှာ သဘာဝအတိုင်းဖြစ်နေတာကို သဘာဝအတိုင်း လက်ခံလိုက်တဲ့အချိန်ကစပြီး နားလည်မှုသစ်စေ့လေးဟာ အညှောင့်ပေါက်လာတယ်။ နားလည်မှုလေး ရှင်သန်လာဖို့ နေ့တိုင်း စောင့်ရှောက်ရမယ်။ ဒီနေ့သစ်ပင်လေးကို ရေလောင်းမိရဲ့လား။ ဒီနေ့ ငရဲဘုံဆန်တဲ့ လောကမှာ နေခဲ့ရသေးလား၊စောင့်ကြည့်ပေးနေရမယ်။ နားလည်မှုဟာ အသက်ရှူမှုလို သဘာဝရဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်တယ်။ ဝင်လေအတွက် အနှောက်အယှက်မဖြစ်သလို၊ ထွက်လေအတွက် မနှမြောမတွန့်တိုသလို၊ နားလည်မှုအတွက် တသီးတခြား စိတ်ထားမှန်အောင် ကြိုးစားနေဖို့မလိုဘဲ သဘာဝဓမ္မအတိုင်း အားစိုက်မှုမရှိဘဲ သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ နားလည်နိုင်သူတွေဖြစ်နိုင်ကြပါစေ။

ငြိမ်းချမ်းခြင်းဟာ စိတ်ရဲ့ အခြေခံလိုအပ်ချပ်ပဲဖြစ်ပါတယ်။
နားလည်မှုဟာ ငြိမ်းချမ်းခြင်း သစ်ပင်ရဲ့ အကိုင်းအခက်တစ်ခုပါပဲ။
ငြိမ်းချမ်းပါစေ၊
နားလည်ပါစေ၊
ငြိမ်းချမ်းနားလည်နိုင်ပါစေ။                     ။

Regards,
The Gardener



Peace B with U.

Monday, April 30, 2012

အငြိမ့်

စူပါမင်းမပျံတဲ့နေ့တွေ

အငြိမ့်ရှိတယ်
မုသားမပါ လင်္ကာမချော
ကျွန်တော်မညာပါဘူး
စူပါမင်းလို ပျံပြမယ်...
လူဆိုးတွေကို ထိုးပြမယ် ...

ပျောက်နေတဲ့ ရယ်မောစရာတွေ
ပြန်ရှာပေးချင်တာပါ
ဒါက စူပါမင်းထက် အရေးကြီးတယ်။

သုခမိန်လှိုင်ရဲ့ အငြိမ့်ထဲက ကဗျာချိုလေး/ကဗျာတိုလေးတစ်ပုဒ်ပါ။ အငြိမ့်ဆိုတာ ပျော်ဖို့လို့ထင်ပါတယ်။ အပြစ်ကင်းတဲ့ပျော်ရွှင်မှုတစ်ခုလို့ အကြမ်းဖျင်းဆိုနိုင်မယ်ထင်တယ်။ အပြစ်လုံးလုံးကင်းတယ်တော့မဟုတ်ဘူး၊ မောဟတစ်ချက်တစ်ချက်ဝင်သွားရင် အကုသိုလ် အပျော့စားလောက်တော့ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ပျော်တာဟာကောင်းတယ်။ ပျော်နေတဲ့သူတစ်ယောက်က တစ်ခြားတစ်ယောက်ကို ဒုက္ခပေးမယ်မထင်ဘူး။ ပျော်နေတဲ့သူတစ်ယောက်က မပျော်တဲ့သူတွေကို ပျော်စေချင်မှာပဲ။ ပျော်နေတဲ့သူတစ်ယောက်က မပျော်သူတွေကို စာနာနားလည်ပေးဖို့ အချိန်ပေးချင်စိတ်၊ နားထောင်ပေးချင်စိတ်ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ပျော်နေတာကို လေးစားတယ်။ ပျော်ရွှင်မှုဆိုတာလိုအပ်တယ်။ အမေရိကန်ရဲ့ ဖွဲ့စည်းပုံမှာ နိုင်ငံသားတိုင်းပျော်ရွှင်ဖို့ အခွင့်အရေးရှိတယ်လို့ပါတယ်။ ပျော်ရွှင်မှုဆိုတာ အစိုးရပေးရမယ့် အခွင့်မဟုတ်တဲ့အတွက် ဒါဟာ မဆီလျော်ဘူးလို့ အိုရှိုကထင်တယ်။ ပျော်ရွှင်မှုဆိုတာ လူတိုင်းရဲ့ အခြေခံစိတ်ထားလို့ ကျွန်တော်ကထင်တယ်။ ဦးလှိုင်ကလည်း ပျောက်နေတဲ့ ရယ်မောစရာတွေ ပြန်ရှာပေးချင်တာပါ လို့ပြောတယ်။ သူပြောတာကို ကျွန်တော်ခံစားရတယ်။ ပျောက်နေတဲ့ရယ်မောစရာတွေဆိုတာ ကျွန်တော့်အတွက်တော့ တော်တော်လေး ထိတဲ့စကားလုံးပဲ။ ကျွန်တော်တို့တွေ ရယ်မောစရာတွေ ပျောက်နေတာ တော်တော်လေးကြာသွားတယ်။ အခုမှ နည်းနည်းပြန်ပြုံးနိုင်တုန်းလေးရှိသေးတယ်။ ဒီင်္နေ့အငြိမ့်သွားကြည့်ဖြစ်တယ်။

အငြိမ့်ကြည့်မှာလား

အငြိမ့်ရှိတယ်
မင်းသမီးလေးချောလား
အငြိမ့်ရှိတယ်
လူပြက်ကြီးတွေ ရယ်ရလား
အငြိမ့်ရှိတယ်
ဆိုင်းကောင်းလား
အငြိမ့်ရှိတယ်
အငြိမ့်ကြည့်မှာလား
တရားသူကြီးလုပ်မှာလား

သုခမိန်လှိုင်

တရားသူကြီးမလုပ်ခဲ့ဘူး။ အငြိမ့်ကြည့်ခဲ့တယ်။ ပျော်ရွှင်ခြင်းကို စိတ်ထဲတင်ကြည့်တယ်။ ပျော်ခြင်း၊ အပြစ်ကင်းတဲ့ပျော်ခြင်း၊ လူတွေ များများလိုနေတာ ပျော်ရွှင်မှုဖြစ်မယ်။ အသံဖမ်းအင်ဂျင်နီယာ ရှိပုံမပေါ်လို့ spikes တွေ သေနတ်ပစ်သံလို ဖြစ်တော့ အရှေ့တန်းက လင်မယား ၀ပ်ဝပ်သွားတယ်။ အငြိမ့်ပွဲ၊ သေနတ်သံမကြောက်နဲ့။ ပျော်ပွဲ။ နားထဲ ဆောင့်ဝင်လာတဲ့သံချပ်သံ ... နည်းနည်းတိုးစေချင်သလား၊ ပျော်ပါစေ .....အငြိမ့်ပွဲ ...... ထားလိုက်တော့ ပျော်ကြရွှင်ကြ ကြည်နူးကြ။

မြန်မာပြည်ဟိန်းရာဇာ ရွှေတံဆိပ်ရှစ်ဆု ... ပီယာနိုတီးတယ်။ အငြိမ့်ပွဲ ... လျှပ်စစ်ဂီတကို ခဏမေ့ထားလိုက် ဆိုင်းသံအလှည့်နားထောင် ပျော်ဖို့အသင့်ပြင် .........တစ်.........နေရာယူကြ။

အရိုင်း စာသားမေ့တယ် ... ပျော်ပျော်ရွှင်ရွှင်သီချင်းဆိုရင်ရပြီ ...စာသားအရေးမကြီးဘူး၊ တီးလုံးအရေးမကြီးဘူး .... ပျော်ရွှင်ခြင်း .... အရေးသိပ်ကြီးတယ်။

ဇာဂနာ ဖျော်ဖြေတယ်.... မင်းကိုနိုင်တို့က သီချင်းရေး၊ သီချင်းဆို ဇေယျာသော်တို့က အမတ်လုပ်ပေါ့လို့ သူပြက်တယ်။ ..... ရယ်စရာကောင်းတဲ့ပြက်လုံးပဲ ... ပရိတ်သတ်တွေလက်ခုပ်တီးတယ် ......ပျော်လို့တဲ့။

အရယ်ရဆုံးပြက်လုံးတဲ့ ဇာဂနာကဖတ်ပြတယ်၊ စစ်သားအမတ်တွေအားလုံး လွှတ်တော်က ထုတ်ပစ်လိုက်တယ်တဲ့ ......၊ မျှော်လင့်ချက်ဟာ ရယ်စရာ ပျော်စရာပဲ .... မဖြစ်နိုင်ဖြစ်နိုင်ကို ခဏလေးမေ့ထား လူ့ဘုံကြီးမှာ ပျော်စရာကျန်သေးတယ်။

ငှက်ပျောကြော်ကပြက်တယ်။ အသံမကောင်းပေမယ့် ရုပ်နဲ့ထိန်းဆိုမယ်တဲ့ ..... လူတွေ ပျော်ကြတယ် ......မဟုတ်တာကို အဟုတ်လုပ်ပြောတာ ရယ်စရာကောင်းတယ် .... နှစ်နှစ်ဆယ်ကျော် ငါတို့ ရယ်ခဲ့ကြတယ် .... ၂၃ နှစ်တိုင်တိုင်။

သမ္မတကြီး ရယ်နေပြုံးနေသတဲ့ ..... မင့် အမေလင် အယောက်သုံးရာကို မလွှတ်သေးတာကရော ဘာလို့လဲတဲ့ .. ဇာဂနာကပြောတယ်။ အရိုင်းကဖောက်တယ် ..... လူတွေရယ်ကြ၊ လက်ဖ၀ါးနာအောင် လက်ခုပ်တီးကြ .........၊ ရင်ဘတ်ထဲက အသံ တစ်ခြားသူတွေ ထုတ်အော်/ထုတ်ဖော်ရင် ပျော်ကြတယ်။ ကိုယ့်ကိုယ်စား တစ်ခြားသူတွေ သံတိုင်ရဲ့ တစ်ဖက် ရောက်သွားတော့ ၀မ်းနည်းကြတယ်။ လူ့လောကကြီးဟာ အငြိမ့် .... လက်ခုပ်တီးကြ၊ သံတိုင်များနောက်က ညီအကိုများကို ကယ်တင်ကြ၊ သူတို့လည်းပျော်ချင်ကြမယ် ......၊ လာ ......အငြိမ့်ကြည့်ကြ .........ပျော်စရာကောင်းတယ်။

မြန်မာပြည်ရဲ့ ပေါ်ပင်စကားနှစ်ခွန်း အမေ နဲ့ အဘတဲ့ .... အရိုင်းကဖြေတယ်။ လူတွေရယ်ကြ ..... ပျော်နေကြတယ် ..............။ ထိုင်ခုံမထိုင်ခင် ကျမ်းကျိန်ဆိုတော့ ရယ်ကြပြန်တယ်။ ..............

ဇာဂနာက အမေခိုင်းတာဆိုပြီး ဘယ်အမေခိုင်းမှန်းမသိ လုပ်နေကြတာကိုလည်းပြက်တယ်။ ........ အငြိမ့်ဟာ ချစ်စရာကောင်းတယ်။ အငြိမ့်ဟာ ပျော်စရာကောင်းတယ်။ အငြိမ့်ဟာ ရင်ထဲမှာရှိပြီးသား တေးသီချင်းကို အသံချဲ့လိုက်တာဖြစ်မယ်။

အငြိမ့် .... အပြုံးတွေကို သယ်ဆောင်လာတဲ့ လေညင်းဖြစ်တယ်။ အောက်ဆီဂျင်အပြည့်ပါတယ် ........၊ ဖုံမှုန့်တွေရွေးမရှူနဲ့ .........အေးမြပါတယ်။

အငြိမ့် ....... လူရွှင်တော် အရိုင်းရဲ့သမီး ကလေးမလေး လှလှလေးကနေတယ်။ ပျော်ပျော်လေး ကနေတယ်။ သူ့အပျော်နဲ့ကိုယ့်အပျော် ချိတ်မိသွားကြတယ်။ ဒါပဲပေါ့ ....သူ ကနေတယ်။ ကျွန်တော်တို့ရဲ့စိတ်တွေ ကနေတယ်။ ငြိမ်းချမ်းမှုမှာ ပျော်ရွှင်နေတယ်။ ပျော်ရွှင်မှုမှာ စိမ်းလန်းနေတယ်။ စပျစ်နွယ်ဟာ ရှင်သန်ပွားများနေသလို ပျော်ရွှင်ခြင်းဟာ ပွားနေတယ်။ နောက်ထပ် ဒဂုန်တာရာရဲ့ အရိုင်း(သို့) အောင်ဆန်းရဲ့ သမီးလေး ကနေတယ်။ ....... သူပျော်ရဲ့လား ..........အငြိမ့်ဘယ်မှာလဲ။ ကျွန်တော်တို့ကြည့်နေတယ်။

အငြိမ့် .......ကျွန်တော်တို့ လက်ခုပ်တီးချင်တယ်။
အငြိမ့် ...... ကျွန်တော်တို့ပျော်ရွှင်ချင်တယ်။ (လက်ကျန် ညီအကို သုံးရာကိုလည်း ပွဲထွက်ကြည့်ခွင့်ရစေချင်တယ်။)
အငြိမ့် ...... ရယ်စရာလုပ်ရင် ဘယ်သူ့ကိုမဆို ရယ်လိုက်ချင်တယ်။
အငြိမ့် ...... လူပြက်ကြီးက အမှန်တွေပြောမယ်၊ ကျွန်တော်တို့ ........အမှန်တွေရယ်မယ် .......။

အငြိမ့် ... ကျွန်တော်တို့ရင်ထဲမှာ ........
ဆိုင်းဆရာ ဆိုင်းဆင့်တော့
ပီတိတွေ လေပင့်နေတယ် .............။

အငြိမ့် ....
အိမ်အပြန်လမ်းမှာ
ပျော်ရွှင်မှုတွေနဲ့ပြန်လာတော့
မပျော်ရွှင်တဲ့ ကမ္ဘာကြီးရဲ့
မျက်စောင်းခဲတာ
ခံကြရတယ်။

အခု အငြိမ့်ထဲ .... ပရိတ်သတ်နေရာကကြည့်ပြီး ..........ပျော်ရွှင်နေလိုက်တယ်။
၃၁ဘုံ အငြိမ့်ထဲ ... ကိုယ့်ပြက်လုံးတွေ ...........ကိုယ် မရယ်ဖြစ်ခဲ့တာ ဘယ်လောက်ကြာနေပါလိမ့်။        

အငြိမ့် ..........အငြိမ့် .......................အငြိမ့်။                      ။

With Regards,
The Gardener








Peace B with U.