Sunday, June 7, 2009

ရှိတ်(စ)ပီးယားရဲ့ညီမ

အက်ဆေးလေးတစ်ပုဒ်ကိုဘာသာပြန်ကြည့်လိုက်ပါတယ် ... ဗားဂျီးနီးယားဝုဖ်(၀်) ရဲ့ ရှိတ်(စ)ပီးယားရဲ့ ညီမဆိုတဲ့ အက်ဆေးပါ ..။ ဒီအက်ဆေးကို လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဆရာက ဖတ်ပြခဲ့ပါတယ် ...။ အဲဒီအချိန်တုန်းက ဇက်က နောက်ဆုံးခုံနားမှာ ငိုက်ရင်း ကြားတချက်မကြားတချက်နဲ့နားထောင်ခဲ့ပါတယ် ...။ အဲဒီလို သင်တန်းမှာမကြာမကြာသွားသွားအိပ်လေ့ရှိတဲ့အတွက် ၂၁ လမ်းမှာ အင်္ဂလိပ်စာ လပေါင်းများစွာအိပ်ခဲ့သည်လို့ဝိသေသတစ်ခုတပ်မယ်ဆိုရင်တောင်ရနေပါပြီ ...။ အခုတွေ့တဲ့ အက်ဆေးက onlineကကူးလာတာဆိုတော့ ပြည့်စုံတိကျရဲ့လား တပိုင်းတစလားသိပ်မသေချာပါဘူး...။ စာရေးသူကိုယ်တိုင်က Feminist (မြန်မာလိုဘာသာပြန်လိုက်ရင် ဆရာ ယုဒသန်တောင်ငိုသွားမှာစိုးလို့ ..ဒီအတိုင်းပဲထားလိုက်တယ် ..။ ) ယောကျာ်းညံ့ညံ့တွေနဲ့မိန်းမညံ့ညံ့တွေကို Feminist တွေက အားမရဘူးလို့ထင်ပါတယ် ..။ အဲဒီတော့ ယောကျာ်းညံ့ညံ့တွေနဲ့ မိန်းမညံ့ညံ့တွေက Feminist ညံ့ညံ့ ... အဲလေ .. Feminist တွေကိုမုန်းတယ် ...။ တကယ်တော့ ကားဆင်းတွန်းတဲ့ feminist တွေ ...ထမီခါးတောင်းမြှောင်အောင်ကျိုက်ပြီး နပမ်းဝင်သတ်နေတဲ့ feminist တွေ .......... ကိုယ်တော်တာကို လူတကာတော်ရမယ်ထင်နေတဲ့ feminist တော်တော်ကြီးတွေကို လေးစားပါတယ် ...။ သူ့ဘာသာသူ လူမုန်းခံပြီးလုပ်နေတာ အမျိုးသမီးထုကြီးကောင်းစားဖို့လို့လည်းနားလည်ပေးနိုင်ပါတယ် ...။ ဒါပေမယ့် တချို့ feminist တွေများ စကားလုံးသုံးစွဲပုံပက်စက်တယ်လို့ပဲပြောရမလားပဲ ...။ ဆရာတောင်စာဖတ်ရင်း ..ဒီမိန်းမက မိန်းမချင်းတော်တော်နှိပ်ကွပ်တာပဲလို့ ရွတ်ရတဲ့အထိ ...။ လက်ထပ်ထိမ်းမြားတာကိုသရော်လိုက်တာ တော်တော်ကြမ်းတယ် အသုံးအနှုန်းက ...မြန်မာလိုပြောရတာလဲမကောင်း အင်္ဂလိပ်လိုကလည်းအပြည့်အစုံမမှတ်မိ ...ကြုံတဲ့အခါ Virginia Woolf ရဲ့ အက်ဆေးထဲမှာ ဖတ်မိတဲ့အခါ ...အဲဒါကိုပဲပြောတယ်လို့မှတ်လိုက်ပါတော့နော်...။
ကဲပါလေ..လေမရှည်တော့ပါဘူး ..ဒီအက်ဆေးလေးကိုပဲဖတ်ကြည့်ကြပါဦး ....။ (ဘာသာပြန်ညံ့လျှင်သင်ပေးလိုက်သောဆရာများကိုသာ အပြစ်တင်ကြပါရန် ...။ ဤကား စကားချပ်တည်း ...) စကားမစပ် ..Woolf နေရာကနေ ကျွန်မလို့ရေးလိုက်တာကို ...သေချာအစကမဖတ်ဘဲ ...အော် Z က သူ့ကိုယ်သူနာမ်စားသုံးပုံက post modern ဆန်လိုက်တာ ကျွန်မတဲ့ လို့ လေးဆစ်လောက်ရှိတဲ့မေးကြီးနဲ့ငေါ့တော်မမူကြပါနဲ့နော် ... :P...။

.................................................................
ရှိတ်စပီးယားခေတ်မှာ ရှိတ်စပီးယားလို ပြဇာတ်ရေးဖို့ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် လုံးဝ ဥဿုံမဖြစ်နိုင်တဲ့ ကိစ္စပဲ ...။
ဒီအချက်ဟာတကယ်ဖြစ်လာဖို့သိပ်ကိုခဲယဉ်းပေမယ့် ကျွန်မစိတ်ကူးယဉ်ကြည့်ပါရစေ ...။ ရှိတ်စပီးယားမှာ သိပ်ကို အံ့သြစရာကောင်းလောက်အောင် ပါရမီပါတဲ့ ညီမတယောက်ရှိတယ်ဆိုကြပါစို့ ...။ သူ့နာမည်ကို Judith လို့ခေါ်ကြရအောင်နော်...။ ရှိတ်စပီးယားဟာ သူ့အမေက သဒ္ဒါကျောင်းသူတစ်ယောက်ဖြစ်ခဲ့တာကြောင့် သူကိုယ်တိုင်လည်း သဒ္ဒါကျောင်းသွားပြီး လက်တင်စာ (Ovid, Virgil and Horace) စာပေနဲ့အနုပညာသဘောတရားတွေ၊ ယုတ္တိဗေဒနဲ့ သဒ္ဒါလင်္ကာရတွေသင်ခဲ့ရလိမ့်မယ် ...။ သူက အားလုံးသိကြတဲ့အတိုင်း ...ယုန်ခိုးလိုက်တဲ့ ရိုင်းစိုင်းတဲ့ကောင်လေးလေ..(ကဲကြည့် ..ရှိတ်စပီးယားတောင်ဘ၀စပျက်ပြီ ...)၊ သူဟာ ဒရယ်တွေဘာတွေလည်းပစ်ခတ်ဖမ်းဆီးကောင်းဖမ်းဆီးဦးမယ်... မလုပ်သင့်သေးတာတွေကို ကြိုတင်ပြီးစောစောစီးစီးလုပ်လိုက်ဦးမယ် ..ဆိုပါတော့ အနီးဝန်းကျင်က အမျိုးသမီးတစ်ယောက်ကို လက်ထပ်လိုက်တာမျိုးလေ...။ပြီးတော့ အဲဒီမိန်းမကလည်း မွေးရမယ့်အချိန်ထက်စောပြီး မွေးပေးဦးမယ် ..။(ဒီနေရာမှာသူပြောချင်တာက ၆ လလွယ် ၇လဖွားတာမျိုး .. ...ကဲကြည့် ရှိတ်စပီးယားခမျာ သနားဖို့တောင်ကောင်းလာပြီ...)။ အဲဒီလို သွားစွန့်စားလိုက်တဲ့ အခြေအနေကပဲ ရှိတ်စပီးယားကို လန်ဒန်မှာစီးပွားသွားရှာဖို့တွန်းပို့လိုက်သလိုဖြစ်သွားတယ် ...။အဲဒီမှာသူက ကပွဲရုံတွေနဲ့စတင်မြည်းစမ်းခွင့်ရခဲ့တယ် ....ဇာတ်စင်တွေရဲ့အနောက်မှာရပ်စောင့်ရင်း စတင်ခဲ့မယ် ...။နောက်တော့ သူအလုပ်ရမယ် ...။ ထင်ရှားအောင်မြင်တဲ့သရုပ်ဆောင်တယောက်ဖြစ်လာမယ် ...။ စကြ၀ဠာရဲ့ အချက်အချာဗဟိုလိုမျိုးနေရာမှာနေထိုင်ရင်း..လူအမျိုးမျိုးနဲ့ဆုံတွေ့မယ် ...လူအမျိုးမျိုးနဲ့သိကျွမ်းမယ် ...။ သူ့အနုပညာကို ပိတ်ကားတွေပ်ါမှာလေ့ကျင့်မယ်... သူ့ဇ၀နဉာဏ်ကို လမ်းတွေမှာသွားပြီး လေ့ကျင့်ခန်းလုပ်ကြည့်မယ် ...။ နောက်တော့ ဘုရင်မရဲ့ နန်းတော်အထိပေါက်ရောက်တဲ့သူဖြစ်လာမယ် ..။
အဲဒီအတောအတွင်းမှာ ပါရမီကြောက်ခမန်းလိလိ ထက်သန်တဲ့ သူ့ရဲ့ညီမက အိမ်မှာပဲဆိုပါစို့...။ သူက စွန့်စားချင်တယ် ... စိတ်ကူးဉာဏ်သိပ်ကောင်းတယ် ... သူ့အကိုရှိတ်စပီးယားလို ကမ္ဘာလောကကြီးကို ကြည့်ချင်မြင်ချင်ဖို့ စိတ်အားသိပ်ထက်သန်တဲ့ သူပေါ့..။ ဒါပေမယ့်သူ့ကိုကျောင်းမထားပေးကြဘူး...။ Horace နဲ့ Virgil တို့ရဲ့စာပေတွေအသာထား သူ့မှာသဒ္ဒါနဲ့ ယုတ္တိဗေဒကိုသင်ယူဖို့တောင်ရွေးချယ်ခွင့်မရှိခဲ့ဘူး။ သူဟာ စာအုပ်တစ်အုပ်ကိုမကြာခဏကိုင်ကြည့်မယ် ၊ သူ့ရဲ့အကိုရေးတဲ့စာအုပ်တွေဖြစ်ကောင်းဖြစ်မယ်၊ .. စာမျက်နှာအနည်းငယ်ဖတ်ကြည့်လိမ့်မယ်...။ ဒါပေမယ့် သူ့မိဘတွေက သူစာဖတ်နေတုန်းရောက်လာပြီး ခြေအိတ်ပြဲနေတာတွေချုပ်ဖို့ .. ချက်ထားတဲ့ဟင်းအိုးတွေဂရုစိုက်ဖို့ ..စာအုပ်တွေစာပေတွေနဲ့ စိတ်ကူးယဉ်မနေဖို့လာပြောလိမ့်မယ် ..။ သူတို့တွေဟာ သူ့ကို ကြင်နာစွာနဲ့ပဲ ခပ်ပြတ်ပြတ်ပြောလိမ့်မယ် ..။ ဘာလို့လည်းဆိုတော့ သူတို့ဟာ သူတို့ရဲ့သမီးကိုသိပ်ချစ်ပြီး အမျိုးသမီးတယောက်ရဲ့ဘ၀အခြေအနေအကြောင်းကောင်းကောင်းကြီးသိတဲ့ သိပ်ကိုအရေးပါတဲ့လူတွေမဟုတ်လား...။ တကယ်တော့ နောက်ဖြစ်နိုင်တာတစ်ခုက သူဟာ သူအဖေရဲ့ သိပ်ကိုချစ်စရာကောင်းတဲ့ ရတနာလေးပဲလေ..။ သူလည်း ပန်းသီးနဲ့ တခြားကောက်ပဲသီးနှံတွေသိုလှောင်တဲ့အခန်းလေးထဲမှာ စာတိုပေစလေးတွေ ခိုးကြောင်ခိုးဝှက် ရေးခြစ်ကောင်းရေးခြစ်ခဲ့လိမ့်မယ် ...။ ဒါပေမယ့် သူဟာ အဲဒီစာတွေကို သေချာသိမ်းထားဖို့ သိပ်ကိုဂရုစိုက်ရမယ် ..ဒါမှမဟုတ်လည်း မီးရှို့လိုက်ရလိမ့်မယ် ...။ ဒီလိုနဲ့ မကြာခင်မှာပဲ....၊ သူ့ရဲ့ ဆယ်ကျော်သက်နေ့ရက်လေးတွေ မကုန်ဆုံးခင်မှာ အိမ်နီးနားချင်း သိုးမွေးကုန်သည်တစ်ယောက်နဲ့လက်ထပ်ဖို့ကြောင်းလမ်းခံရဖို့ရှိတယ်...။ သူဟာ လက်ထပ်ထိမ်းမြားခြင်းဟာ သူ့အတွက် မုန်းတီးစက်ဆုပ်စရာဖြစ်တယ်လို့ ငိုယိုအော်ဟစ်တဲ့ အတွက်ကြောင့် သူ့အဖေကသေလုမျောပါးဖြစ်အောင်ရိုက်နှက်လိမ့်ဦးမယ်...။ နောက်တော့ သူ့အဖေက ဆူပူကြိမ်းမောင်းတာကိုရပ်တန့်လိုက်မယ်...။ ပြီးတော့ ... သူ့ရဲ့ လက်ထပ်ထိမ်းမြားမှုနဲ့ပတ်သက်ပြီး အဖေ့ကို အရှက်မရပါစေနဲ့ မနာကျင်မခံစားရပါစေနဲ့ကွယ်လို့ သူ့ကိုတောင်းပန်မယ်။ အဖေဟာ သူ့ကို ပုတီးလည်ဆွဲလေး ဒါမှမဟုတ် စကတ်လှလှလေးတစ်ထည်ပေးကောင်းပေးလိမ့်မယ် ..။ အဲဒီလိုပေးတဲ့အချိန်မှာ အဖေကြီးရဲ့မျက်လုံးမှာက မျက်ရည်တွေနဲ့လေ...။ ကဲ..သူ သူ့အဖေ့ကို ဘယ်လိုဆန့်ကျင်ရမလဲ ...။ သူက အဖေ့ရဲ့ အသည်းကိုဘယ်လိုလုပ်ခွဲရက်မလဲ...။ .....သူ့ရဲ့ ပါရမီတစ်ခုတည်းက သူ့ကို လမ်းတစ်ခုရွေးချယ်ဖို့ တွန်းအားပေးခဲ့တယ်...။ သူဟာ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုအထုပ်လေးထုပ်ပြီး ... နွေညလေးတညမှာ အခန်းကနေ ကြိုးနဲ့တွယ်ဆင်းပြီး လန်ဒန်ကိုသွားခဲ့တယ်...။ သူဟာ ၁၇ နှစ်တောင်မှမပြည့်သေးဘူးလေ...။ စည်းရိုးပေါ်မှာ တေးသီနေတဲ့ ငှက်ကလေးတွေတာင်သူ့ထက်ပိုပြီး ဂီတမဆန်ဘူး.။ သူ့မှာ သူ့အစ်ကိုလို စကားလုံးတွေရဲ့ ဂီတနရီနဲ့ပတ်သက်ရင် သိပ်ကိုသွက်လက်တဲ့ စိတ်ကူးစိတ်သန်းတွေရှိတယ် ...။ သူ့ရဲ့အကိုလိုပဲ သူဟာ ဇာတ်ရုံတွေရဲ့ အရသာကို မြည်စမ်းခဲ့တယ် ...။ သူဟာ ဇာတ်စင်ရဲ့နောက်မှာ အချိန်အကြာကြီးရပ်စောင့်နေခဲ့တယ်...။ ကျွန်မသရုပ်ဆောင်ချင်ပါတယ်လို့ပြောတော့ အမျိုးသားတွေက သူ့မျက်နှာကိုကြည့်ပြီးရယ်ကြတယ်..။ မန်နေဂျာလုပ်တဲ့ နှုတ်ခမ်းခပ်တွဲတွဲနဲ့လူဝကြီးက အူလှိုက်သည်းလှိုက်ရယ်တယ်...။ သူက အသံနက်ကြီးနဲ့ မိန်းမတွေသရုပ်ဆောင်တာနဲ့ ခွေးလေးတွေမတ်တပ်ရပ်ပြီးကတာကိုနှိုင်းယှဉ်ပြီးအော်ပြောလိုက်တယ် ...။ ဘယ်မိန်းမကမှ အမျိုးသမီးသရုပ်ဆောင်မဖြစ်နိုင်ဘူး တဲ့ ...(စကားမစပ်ဝင်ပြီးလေရှည်ရရင် အဲဒီခေတ်က အမျိုးသမီးတွေနေရာမှာ အမျိုးသားတွေပဲ အနစ်နာခံပြီးသရုပ်ဆောင်ကြတယ်၊ မဆီလျော်တဲ့အလုပ်ပဲဆိုပြီးနှိမ်ချင်တာပေါ့)။ မန်နေဂျာက အရိပ်အမြွက်ပြောတယ် ... ငါဘာဆိုတာကို မင်းနားလည်မှာပါတဲ့ ..။ သူ့ရဲ့ ၀ါနုစဉ်ကာလတွေမှာ သူက ဘာသင်ကြားမှုမျိုးမှမရခဲ့ဘူးလေ .. သူဟာ ထမင်းဆိုင်တွေမှာ သူရဲ့ညစာကို ရှာဖွေနိုင်ခဲ့ရဲ့လား ... ညနက်ရဲ့လမ်းသွယ်လေးတွေမှာ လှည့်လည်သွားလာနေခဲ့ရလားမသိနိုင်ဘူးလေ...။ ဒါပေမယ့် သူ့ရဲ့ပါရမီဟာ ၀တ္ထုရေးခြင်းပဲ ... သူဟာ အမျိုးသား အမျိုးသမီးရဲ့ဘ၀တွေ .. သူတို့ရဲ့ဘ၀နည်းလမ်းတွေကိုလေ့လာမှုတွေ အပေါ်မှာ အများကြီးစိတ်အားထက်သန်ခဲ့တာလေ...။ သူဟာ အသက်ငယ်ရွယ်တယ် .. သူ့မျက်နှာက ကဗျာဆရာ ရှိတ်စပီးယားနဲ့တူလို့ ၊မျက်လုံးက မီးခိုးရောင်မျက်လုံးနဲ့ မျက်ခုံးကွေးကွေးလေးတွေရှိတယ်၊ နောက်ဆုံးမှာသူ့ကိုသရုပ်ဆောင်မန်နေဂျာ Nick Greene ကသနားသွားမယ် ...။ သူက အဲဒီ လူကြီးလူကောင်းနဲ့ ကလေးတစ်ယောက်ရမယ်။ ပြီးတော့ .. ဘယ်သူကများ အမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာထဲမှာ ရှုပ်ထွေးပိတ်မိနေတာတဲ့ ကဗျာဆရာနှလုံးသားတစ်ခုရဲ့ အကြမ်းဖက်မှုနဲ့ အပူရှိန်ကိုတိုင်းတာနိုင်မှာတဲ့လဲ ...။ ...တခုသော ဆောင်းညလေးမှာ သူဟာ သူ့ကိုယ်သူ သတ်သေခဲ့တယ် ...။ အခုခရီးသည်တင်ကားတွေရပ်တဲ့ လန်ဒန်မြောက်ပိုင်း (Elephant and Castle) လမ်းဆုံလမ်းခွလေးမှာ သူ့ကိုမြုပ်နှံထားခဲ့ကြတာပေါ့ ...။
ကျွန်မထင်ပါတယ် ... ဒါဟာ ရှိတ်စပီးယားလို ပါရမီကြီးတဲ့အမျိုးသမီးတွေ ရှိတ်စပီးယားခေတ်မှာ အနည်းနဲ့အများ ဖြစ်နိုင်တဲ့ ဇာတ်သွားဇာတ်လာလေးပါပဲ။
(Virginia Woolf)


Ref:
http://egophelia.free.fr/2femme/woolfroomsister.htm
http://shakespearessister.blogspot.com/2008/04/its-right-there-in-name.html



Peace B with U.