Sunday, May 2, 2010

သတိရမှုစိုစွတ်နေခဲ့သောနေ့များအကြောင်း ......။


မေလဟာ တိတ်တိတ်ကလေးစောင့်ဆိုင်းနေတော့တယ် .....။

သိပ်သည်းဆများတဲ့လေထုထဲမှာ .... ဘယ်သူတွေရဲ့ မျက်ရည်တွေပါနေသေးလဲ .....................................။

တိတ်တဆိတ်သေဆုံးလိုက်ရတဲ့ ဇာတ်ကောင်တစ်ကောင်လို ...
ခပ်ဖွဖွ ငိုကြွေးဖို့ ဇာတ်ညွှန်းမဖတ်ခဲ့ရတဲ့ သစ်ရွက်လေးတစ်ရွက်ကရော ဘယ်အထိ လွင့်နေဦးမှာလဲ ......။
နောင်ထပ်ခုနစ်ဘ၀လား ... သတ္တမံဘ၀မှာ .... တရားထူးရလိုရငြား ... ဟောဒီနေ့မှာ ၀င်လေးလေးသိနေပါတော့လား ....................။ ထားလိုက်ပါတော့ ....။ နောက်ထပ် အသက်တစ်ချက်ရှူလိုက်ရရုံနဲ့ဘ၀ကြီးက တန်သွားပြီဆိုရင် ပြီးတာပါပဲ ....။

ကျေးလက်ဒေသရဲ့ လူစုတဲ့ဗုံလေးလို ... တစ်ယောက်ယောက်သေဆုံးပြီဆိုတာကို သိရဖို့ ....ဗုံသံလေးလိုတယ် .....။ အဲဒီလိုနဲ့ ထွက်ခွာသွားခဲ့တာပါပဲ ....။ လက်ပြနှုတ်ဆက်ခွင့်မရလိုက်တဲ့ တိမ်လေးတွေကို ငေးကြည့် ... တိမ်ဖြူလေးတွေဟာ ...တစ်နေရာမှာလဲလှောင်းနေတဲ့ .... အုတ်ဂူ အဖြူလေးဆီကို လှပစွာ ရောက်ရှိသွားတဲ့အခါ .... အလွမ်းတွေနဲ့ စရေးခဲ့တဲ့ စက်ဝိုင်းဟာ တစ်ပတ်ပြည့်ပြီး သံသရာဟာလည် နောက်ထပ် တစ်ပတ်ထပ်ပြည့်တယ် ......။ ဘယ်ဘ၀မှဟန်မကျဘူးဆိုတာကို သိရလို့ ဒုက္ခများတဲ့ အရတော်ခြင်းကို ပဲ ပေါင်းသင်ထားရတယ် ....။ မနက်ဖြန်မှာ ပျံသန်းရောက်ရှိလာဖို့ နှောင့်နေးနေတဲ့ .... တွေ့ကြုံဆုံကွဲတွေ .... မတွေ့ဆုံ မကြုံကွဲတွေ ...မတွေ့မဆုံ ...မကြုံမကွဲတွေ ..... သေချာကျနစွာ ခံစားရဖို့အတွက် ငါဆိုတာကို စနစ်တကျတည်ဆောက်ထားခဲ့မိတယ် ......။ ခဲရာခက်ဆစ်တည်ဆောက်ထားတဲ့ ဒုက္ခတွေမို့လို့ လွယ်လွယ်နဲ့လည်းမသက်သာချင်ဘူးဆိုတာကို တစ်ယောက်ယောက်ကပြောတာဆိုရင်တော့ အတော်လေးရယ်စရာကောင်းပါလိမ့်မယ်။

သက်ရှိထင်ရှားရှိခြင်းနဲ့ ... သက်မရှိ မထင်မရှားရှိခြင်းတွေဟာ ... စိတ်နဲ့ပဲသက်ဆိုင်တဲ့ အညွှန်းကိန်းတွေဖြစ်ပါလိမ့်မယ်။ ... စိတ်ထဲမှာမရှိတော့တဲ့သူတွေဟာ သေဆုံးသွားတဲ့သူတွေနဲ့ဘာမှမထူးသလို ...စိတ်ထဲမှာရှိနေတဲ့သူတွေဟာတော့ မသေနိုင်တော့တဲ့သူတွေပဲဖြစ်တယ်။ သစ်ပင်တစ်ပင်ကို ဘယ်သူကမှ စိမ်းလန်းခွင့်ပေးလိုက်တာမဟုတ်ပါဘူး ..... သစ်ပင်က စိမ်းလန်းဖို့ရွေးချယ်လိုက်တာလည်းမဟုတ်ဘူး .... သစ်ပင်ကို စိမ်းခွင့်ပေးတဲ့သူမရှိဘူး ဆိုတာကို လက်ခံရင် ..... စိတ်ထဲမှာ အတွေးတွေဖြတ်သန်းသွားလာခွင့်ကို တစ်ယောက်ယောက်ကပေးလိုက်တာမဟုတ်ဘူးဆိုတာကိုလည်း လက်ခံရလိမ့်မယ်။ သစ်ပင်တွေ ဆက်လက်စိမ်းစိုနေတယ် .... စိမ်းစိုခြောက်ကပ်နေတဲ့ အက်ခရိုင်းလစ်နဲ့ရေးဆွဲထားတဲ့သစ်ပင်လေးတစ်ပင်အကြောင်းကိုမေ့ထားပြီးပြောမယ်ဆိုရင် သစ်ပင်တွေဟာ စိမ်းစိုလတ်ဆတ်နေကြတယ် ......။ ဖြတ်သွားဖြတ်လာအတွေးတွေ ခဏလောက်ရပ်တန့်သွားတာလေးကိုမေ့ထားလိုက်ရင် စိတ်ဟာ အနားမရခဲ့ဘူးလို့ပြောနိုင်တယ် .....။ ချစ်တဲ့ခင်တဲ့သူတွေများရင် များသလောက် .... ကြုံလာရမယ့် အပူအလင်းနဲ့ဖုန်မှုန့်များလာလေပါပဲ .....။ ....မနက်ဖြန်မှာ ... ချစ်တဲ့သူတွေ ကွေကွင်းသွားနိုင်တယ် ....။ ဒီနေ့ဖုန်းပြောလိုက်သူတွေဟာ မနက်ဖြန်မှာထာဝရခွဲရမယ့်သူတွေဖြစ်သွားနိုင်တယ် ..။ ဖြစ်သွားခဲ့တယ် ....။ ဖြစ်သွားနေတယ် .....။ ဘာကိုစိတ်ချထားရမလဲ ...... ဘာကိုစိတ်ချထားရင်ကောင်းမလဲ ..... ဘာကိုမှစိတ်မချထားရင်ကောင်းမလား ... ဘ၀ဟာ ဆုကြီးပန်ထားတဲ့ ဒုက္ခအကြီးစားတစ်ခုဆိုရင် ..... သင်တို့ခေါင်းကို ညိတ်ဖို့ ၀န်လေးနေမယ် .....။ ဒါပေမယ့် အသက်ဝအောင်မရှုဖြစ်ခဲ့တဲ့နေ့တွေနဲ့ ..မျက်ရည်တွေဝတ်ဆင်ထားတဲ့မျက်လုံးတွေကို သင်တို့လည်း တစ်ကြိမ်တော့ ပိုင်ဆိုင်ဖူးလိမ့်မယ် ......။ မနက်ဖြန်ကို သိပ်မသေချာလိုက်ပါနဲ့ .... သေချာတယ်လို့ထင်နေတဲ့သူဟာ မသေချာမှန်းသိတဲ့အခါ ..... ပိုပြီးခံစားရလိမ့်မယ် .....။ .... အကြီးဆုံးဒုက္ခတွေကို မကြုံရသေးတာဟာ မကြုံတော့မှာမဟုတ်ဘူးဆိုတာကို သိနေရင်သက်သာမယ် ...။ မသိရင် ပိုခံစားရမယ် ......။

ကိုယ့်မိဘတွေဟာ မသေနိုင်တော့တဲ့သူတွေဖြစ်ရင် သိပ်ကောင်းမှာပဲလို့ ငယ်တုန်းကရော ကြီးလာတဲ့အခါမှာပါ ကျွန်တော်တို့တွေးလေ့ရှိတယ် ....။ .... မိဘတွေနဲ့ အတူ ချစ်ချစ်ခင်ခင်နေခွင့်ရသူတွေဟာ လောကကြီးကို အကောင်းမြင်တယ် ...။ လူတွေကိုလည်း ယုံကြည်တယ် .....။ မကောင်းတဲ့သူတွေရှိရင်တောင် ကောင်းတဲ့သူတွေလည်းရှိဦးမှာပါလို့ မိဘတွေကတစ်ဆင့်နားလည်လက်ခံလာမိတယ် ......။ ကမ္ဘာပေါ်မှာမိဘမေတ္တာချို့တဲ့သွားတဲ့ ကလေးတွေထက် ပိုပြီးချို့တဲ့တဲ့ရောဂါမရှိဘူးမဟုတ်လား ......။ ..... မိဘတွေဟာ သေတတ်တဲ့အမျိုးဆိုတာကို အလန့်တကြားသိလိုက်ရတဲ့အချိန်မှာ .... နောင်တမရတာ ကံကောင်းတဲ့လူအနည်းငယ်ပဲရှိတယ် ....။ အကြောင်းတစ်ခုမဟုတ်တစ်ခုနဲ့ ...ကိုယ့်ဘက်မှာ လိုအပ်နေတာတွေ ..... မိဘတွေက ကိုယ့်ကို စောင့်ရှောက်ခဲ့တာရဲ့ အပုံတစ်ရာတစ်ပုံလောက် ပြန်ပြီးမစောင့်ရှောက်နိုင်တာတွေ ..... စိတ်ထဲကို တစ်စစီ ရထားတစ်ဆင်းတအိအိမောင်းနှင်လာသလို ၀င်လာလိမ့်မယ် ......။ ..... မိဘတွေကို သင်ဟာလေးစားချစ်ခင်တဲ့သူတစ်ယောက်လား .....။ မိဘတွေရဲ့ကျေးဇူးအကြောင်းထုတ်ပြောရမှာရှက်နေတဲ့သူမျိုးလား ....။ မတော်တဆ ကြုံလိုက်ရတဲ့မိဘတွေပါကွာဆိုတဲ့လူမျိုးလား ......။ မိဘတွေဆီက သင်ဘာတွေရပြီး သင့်ဆီက မိဘတွေဘာတွေပြန်ရသွားသလဲ .... ဘာတွေပြန်ရသွားခဲ့ပါသလဲ .....။(သင့်ဘာသင် အချိန်ယူပြီးဖြေဆိုကြည့်ဖို့လိုပါတယ် .....)

စကားလုံးတွေက စကားလုံးတွေပါပဲ .....။
ဘာမှစိတ်မပူနဲ့ သား ဆိုတဲ့စကားကို ခင်များတို့တကယ်ပဲယုံကြည်ကြသလား ......။
ပြီးခဲ့တဲ့နှစ်ကတော့ အမေတစ်ယောက်က ဘာမှစိတ်မပူနဲ့လို့ပြောပြီး ခုနစ်ရက် အကြာမှာ သူ့ချစ်လှစွာသော သားနဲ့ခွဲခွာသွားတယ်။ ..... ..... လောကမှာ ကျွန်တော်တို့တတ်နိုင်တာတွေနည်းနည်းလေးနဲ့ သိပ်ချစ်ရတဲ့သူတွေကို မကာကွယ်နိုင်တဲ့ခံစားချက်ကို ခင်များ နားလည်ပါ့မလား ကျွန်တော်သံသယရှိတယ် ......။ တကယ်လို့ ခင်များဟာ အဝေးတစ်နေရာမှာရှိပြီး အသက်ကြီးတဲ့မိဘက ဖုန်းဆက်တဲ့အခါ ဘာမှမပူပါနဲ့လို့ပြောရင် .... သူတို့ရဲ့မေတ္တာကိုနားလည်လိုက်ပါ .....။ ..... မိဘအလုပ်ဟာ သက်တမ်းပြည့်နားခွင့်မရတဲ့ လခအနည်းဆုံး ....အလုပ်လည်းဖြစ်တယ် ....။ ရင်းထားသလောက် တွက်ချေမကိုက်လှတဲ့ ရင်းနှီးမြုပ်နှံမှုလည်းဖြစ်တယ် .... ။ ..... ဒီနေ့တော့ မိဘတွေဟာ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို ထာဝရရသွားသင့်တဲ့နေ့ဖြစ်တယ် .....။

မိဘတွေရဲ့မျက်စိထဲမှာ သားသမီးတွေဟာ အရွယ်ရောက်လာတဲ့ကလေးတွေဖြစ်ပြီး ....သားသမီးတွေရဲ့မျက်စိထဲမှာ မိဘတွေဟာ အရွယ်ရောက်ပြီး အပိုပိုလုပ်လာတဲ့ လူကြီးတွေဖြစ်နေတတ်တယ် ......။ အစိုးရိမ်လွန်တဲ့အတွက် မိဘတွေဟာ over ဖြစ်လွန်းတယ်လို့ထင်တယ် ....။ ဦးကျော်ကားတွေ သိပ်ကြည့်လို့ over ဖြစ်ကုန်တယ်လို့ပြောတာလည်းကြားဖူးတယ် .....။ မိဘတွေကို မိဘတွေရဲ့စိတ်မျိုးနဲ့ တစ်ခါလောက်ဖြစ်ဖြစ် ပြန်ကြည့်ကြည့်ဖို့ကောင်းတယ် .....။ အတော်လေးခြောက်ခြားစရာကောင်းပါလိမ့်မယ် ....။ ဒါတွေဟာ အပိုမဟုတ်ဘူးဆိုတာကို နားလည်လာတဲ့နေ့ကြရင် ခင်များအနားမှာ သူတို့ရှိနေဦးမယ်လို့ မသေချာထားလိုက်ပါနဲ့ ......။

ဒီဘ၀မှာ အကောင်းဆုံးမိဘတွေကို လူတိုင်းရခဲ့ကြတယ် ..........။
အထူးသဖြင့်မြန်မာပြည်မှာ မိဘတွေက သားသမီးအတွက် စတေးရတဲ့ အရုပ်လေးတွေနဲ့တူတယ် ....။စစ်တုရင်မှာ အနှိင်ပွဲအတွက် စတေးပြီးကစားရသလို .....စတေးလိုက်ရတဲ့ အရုပ်လေးတွေဟာ(စစ်တုရင်) သေတ္တာထဲစောစောပြန်ဝင်ရတယ် ....။ ကျန်ခဲ့တဲ့သူတွေကို ယုံကြည်မျှော်လင့်လို့ စတေးလိုက်ကြတယ် .....။ ရှေ့ကမျိုးဆက်ဟာ နောက်ကမျိုးဆက်အတွက် သူတို့ဘ၀ကို စတေးသွားတယ် ....။ ကိုယ့်အတွက်ပဲကိုယ်ကြည့်ရင် ဘ၀ဟာ သိပ်သက်သာတယ် .....။ အသက်ရှူချောင်တယ် ....။ အပူအပင်မရှိဘူး ....သိပ်လွယ်ကူတယ် .....။ဒါပေမယ့်သားသမီးတစ်ယောက်ကို အဆင့်မြင့်မြင့်ပညာတတ်ဖို့ ...လူကောင်းတစ်ယောက်ဖြစ်လာဖို့ .... ဥာဏ်ရည်မြင့်မားဖို့ ....လူတန်းစေ့နေနိုင်ဖို့ ....အတွက် အနှစ်နစ်ဆယ်ကျော် ခင်များဘ၀ကိုပေးဖို့ စိတ်ကူးမိရဲ့လား ......။ အဲဒီအတွက် .... အခန့်မသင့်ရင် အဖေကလည်းဗျာ ....အမေကလည်းဗျာဆိုတဲ့ဆုတံဆိပ်နဲ့ ..... အဘိုးကြီးက အောက်အော့ဖ်ဒိတ်ကြီးပါကွာ ... ဆိုတဲ့ လက်မှတ်ရကောင်းရသွားနိုင်တယ် .....။ မကြာမကြာ Bus ကားတွေမှာရေးထားတဲ့ မိဘမေတ္တာဟာ ..... စွန့်စားရသလောက် အကျိုးအမြတ်နည်းမှန်း ခင်များလည်းရိပ်မိတန်သလောက်ရိပ်မိပါပြီ .....။

မကြာမကြာတွေးမိတာက ကိုယ့်ခန္ဓာကိုယ်မှာ အမွေဆက်ခံထားတာတွေ ဘယ်လောက်များသလဲ ...ကိုယ့်အတွေးတွေမှာ အမွေဆက်ခံထားတာဘယ်လောက်များသလဲဆိုတာပါပဲ။ စိတ်ရှည်လက်ရှည်ရေတွက်ကြည့်ရင် ခင်များမှာ အမေနဲ့တူတာ အခု ၈၀၀ ကျော်ရှိပြီး အဖေနဲ့တူတာ အခု ၆၀၀ ကျော်ရှိတယ်။ မယုံရင် ရေကြည့်လို့ရပါတယ်။ ရေတွက်ကြည့်တဲ့အခါ ...ဘယ်လောက်များနေမှန်းသိရတာက တစ်မျိုးပျော်စရာကောင်းပါတယ်။ ဥပမာ ကျွန်တော်ဆို အစား အများကြီးစားနိုင်တာ အမေနဲ့တူတယ်။ အများကြီးစားပြီးရင်တောင် ခဏနေ ထပ်စားနိုင်တာမျိုး ....။ အိပ်တာဆိုလည်း ရထားပေါ်၊ ကားပေါ် ... ခုံတန်းပေါ် ... ထိုင်လျက်၊ မတ်တပ် ... အကုန်အိပ်နိုင်တယ် ....အဲဒါမျိုးတွေကအစ အမွေဆက်ခံထားတာ။မျက်လုံးဆိုရင် မျက်ရစ်မပါဘဲ ဖွင့်ထားတာနဲ့မှိတ်ထားတာ မသဲကွဲလောက်အောင်ပြူးတာချင်းလည်း သားအမိနှစ်ယောက်စလုံးတူယ်။ ခွေးတွေတွေ့ရင် ကိုင်ကြည့်ချင်တာတူတယ်။ ကလေးတွေတွေ့ရင် သဘောကျတာတူတယ်။ ပန်းတွေဖူးနေတာနဲ့ဘယ်နှပွင့်ပွင့်မလဲဆိုတာ စပ်စုတတ်တာတူတယ်။ အပြင်ထွက်ရမှာထက် စာအုပ်တစ်အုပ်နဲ့ အိမ်ထဲမှာအောင်းနေရတာကြိုက်တာတူတယ်။ မျက်စိမကောင်းတာတူတယ်။ သွေးတိုးတာတူတယ်။ သစ်ပင်စိုက်ဝါသနာပါတာတူတယ်။ ငါးတွေက်ု အစာအလွန်အကျွံကျွေးတာတူတယ်။ အိမ်သန့်ရှင်းရေးလုပ်ရတာ ၀ါသနာပါတာတူတယ်။ (အခုတော့ လုပ်လေ့မရှိတာ့ ...၀ါသနာပါရုံပဲပါတော့တယ်)။ Scrabble ဆက်ရတာသဘောကျတာတူတယ်။ ကြယ်ကစားနည်းကစားရတာ ၀ါသနာပါတာတူတယ်။ Gospel songs ကြိုက်တာတူတယ်။ ပလာတာကြိုက်တာတူတယ်။ ဆေးသောက်ပျင်းတာတူတယ်။ ဆံပင်ဖြူတာတူတယ်။အိပ်ရာသိမ်းဖို့ အချိန်ဆွဲတာတူတယ်။ စာဖတ်ရင် စာရွက်ကို ခေါက်လေ့မရျိတာတူတယ်။ ကော်ဖီမသောက်ရရင်မနေနိုင်တာတူတယ်။ ဥာဏ်သိပ်မကောင်းဘဲ အယုံလွယ်တာလည်းတူတယ်။ (အဲဒါကြောင့်ပိုက်ဆံချေးလေ့မရှိ၊ ကိုယ့်အကြောင်းကိုယ်သိလို့)။ ဆေးသောက်ရင်ဘယ်လောက်ခါးခါး ၀ါးပြီးသောက်တတ်တာလဲတူတယ်။(အစာအိမ်မှာကပ်ပြီး သေမှာစိုးလို့) တို့ဟူးကြော်ကြိုက်တာတူတယ်။ နှဖူးမှာ အရေးအကြောင်းရှိတာတူတယ် (မကြာမကြာမျက်မှောင်ကြုံ့လို့) ...။ နားရွက်တွေက ပုံမှန်ထက်သေးတာတူတယ်။ အလှူအတန်းသွားရမှာ ပျင်းတာတူတယ်။ (သိပ်မခင်ရင် သွားလေ့မရှိ ....။ ) ဟာသတွေကို နောက်ကျမှရယ်တာတူတယ်။ (သဘောမပေါက်လို့နားလည်အောင် အချိန်ပေးရသေတယ်။) ငယ်တုန်းက ဒုက္ခများသလောက် ကြီးလာရင် (ဒုက္ခကို)အသားကျသွားမယ့် ဇာတာမျိုးပါလာတာခြင်းလည်းတူတယ်။ (ကောင်းလာဖို့ကိုမရှိဘူး....:) )။ လမ်းသွားရင်း တံထွေးမထွေးတာတူတယ်။ အမွှေးတိုင်နံ့ကိုမကြိုက်တာတူတယ်။ ဟင်းချေးမများတာတူတယ်။ ဗိုက်မှာ အဆီတွေစုနေတာတူတယ်။ လက်မှာ အမြဲချွေးထွက်နေတာတူတယ်။ လက်ဆစ်တွေ တုတ်တာတူတယ်။ ကာတွန်းကားကြိုက်တာတူတယ်။ (Bambi ကို ကြိုက်ပြီး Bambi မှာပါတဲ့ Thumper လိုယုန်တစ်ကောင်ထပ်မွေးဖို့စိတ်ကူးတယ်။)။ အကောင်တွေမွေးချင်တာတူတယ်။ (အိမ်မှာ ...ငါး အမျိုးအမျိုး ...ငါးရံ့၊ ငါးခူ၊ ငါးကျည်းတွေပါ မွေးဖူးတယ်၊ ကြက်၊ ကြက်ဆင်၊ ယုန်၊ ကြက်တူရွေး၊ ခွေး၊ အစရှိတာတွေမွေးဖူးတယ်) .... နောက်တူတာတစ်ခုက တစ်ခြားတစ်ယောက်ယောက်ကို ဘာလုပ်ပါ ..ညာလုပ်ပါ မပြောချင်တာပါ ....။ အကြံပေးရတာမျိုး တိုက်တွန်းရတာမျိုး တော်တော်လေးဝါသနာမပါတာ တူပါတယ်။ ..... အရင်ကတူပြီး အခုမတူတော့တာ တစ်ခုကတော့ ....

....... ကျွန်တော်က ဆက်လက်ပြီး အသက်ရှူနေရတဲ့ အဖြစ်ပါပဲ ........။



မေလဟာ တိတ်တိတ်ကလေးစောင့်ဆိုင်းနေတော့တယ် .....။
သိပ်သည်းဆများတဲ့လေထုထဲမှာ .... ဘယ်သူတွေရဲ့ မျက်ရည်တွေပါနေသေးလဲ .....................................။

တိတ်တဆိတ်သေဆုံးလိုက်ရတဲ့ ဇာတ်ကောင်တစ်ကောင်လို ...
ခပ်ဖွဖွ ငိုကြွေးဖို့ ဇာတ်ညွှန်းမဖတ်ခဲ့ရတဲ့ သစ်ရွက်လေးတစ်ရွက်ကရော ဘယ်အထိ လွင့်နေဦးမှာလဲ ......။
နောင်ထပ်ခုနစ်ဘ၀လား ... သတ္တမံဘ၀မှာ .... တရားထူးရလိုရငြား ... ဟောဒီနေ့မှာ ၀င်လေးလေးသိနေပါတော့လား ....................။ ထားလိုက်ပါတော့ ....။ နောက်ထပ် အသက်တစ်ချက်ရှူလိုက်ရရုံနဲ့ဘ၀ကြီးက တန်သွားပြီဆိုရင် ပြီးတာပါပဲ ....။
ရောက်လေရာဘုံဘ၀မှာ ..... အေးချမ်းတဲ့သူဖြစ်မြဲဖြစ်ပါစေ အမေ ...... ။

With Peace,
Your son ..

Notes:

မွေးသမိခင်ကြီးရဲ့မွေးနေ့မေလ၁၂ ရက်နေ့အတွက် ကြိုပြီးရးထားတာပါ။
မိခင်ကြီးနှစ်ပါးရှိတဲ့အတွက် တစ်ယောက်က ရာထူးက အနားယူသွားတော့ နောက်တစ်ယောက်က အစားထိုးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိပါတယ်။
အမေနှစ်ယောက်စလုံးက မလိမ်မာလည်းရတယ်ဆိုတာနဲ့ပဲ အခုအထိ လိမ်မာတဲ့လူတစ်ယောက်ဖြစ်မလာသေးပါဘူး။
မွေးသမိခင်ကြီး ဆုံးပါးသွားပြီး ခြောက်လအကြာမှာ ကံကောင်းချင်တော့ နောက်ထပ် အမေတစ်ယောက်က ကောက်ယူမွေးစားပါတယ်။
ခြောက်လလောက် အမိမဲ့သားဘ၀ကို နေလိုက်ရတဲ့အတွက် မိခင်တစ်ယောက်ရဲ့တန်ဖိုးကို အတော်လေးနားလည်လိုက်ပါတယ်။ Introvert ဖြစ်တဲ့အတွက် ကိုယ့်အကြောင်းကိုယ် ရေးလေ့မရှိပါဘူး ။ အခုရေးလိုက်တဲ့ ပို့စ်ကတော့ ရှားရှားပါးပါး မိဘမေတ္တာကိုနားလေစေချင်တဲ့စေတနာပါပါတယ်။ ရှိနေတုန်း တန်ဖိုးထားပါ ....။ မရှိတော့တဲ့အခါ မျက်ရည်နဲ့မျက်ခွက်ဟာ .... မျက်ရည်မပါနဲ့ မျက်ခွက်နဲ့မတူတော့ပါဘူး။ မွေးမေကျေးဇူးဆပ်ဖူးချင်တယ်ဆိုတဲ့သီချင်လေးဟာ ကျွန်တော်တို့ အမြဲဆိုနေဖြစ်တဲ့သီချင်းလေးပဲဖြစ်နေဦးမှာပါ။ .... နောင်တဟာ လုပ်သင့်တာမလုပ်မိတဲ့သူတိုင်းအတွက် လေးလံစေတတ်ကြောင်း အသိပေးပြောကြားရင်း အမေရဲ့သက်တမ်းအရ အသက် ၆၁ နှစ်ပြည့်မှာ .... အမေ့ရဲ့ ဒုက္ခအိုးလေးဟာ အမေ့ရဲ့ ဒုက္ခအိုးကြီးအဖြစ် ကြီးပြင်းလာတဲ့အကြောင်း .... ရောက်လေရာဘုံဘ၀ကနေ ဖြစ်နိုင်ရင် အရင်လို မုန့်ဖိုးပို့ပေးစေချင်ကြောင်း ... .... တစ်နာရီ 2SGD နှုန်းဖြင့် သတိရနေတာ ၁ နှစ်ခွဲကျော်ပြီဖြစ်တဲ့အကြောင်း ..... စတာတွေ မှာကြားရင်း Birthday Wish .... လုပ်ချင်ပါတယ်။

ဖြစ်လေရာဘ၀မှာ အလိုနည်းသော အရကြီးသော ရွေှ့ဥဥသော ကြက်ဆင်(ဟတ္ထိလိင်္ဂသကုဏ)၊ရွေှ့ဥဥသော ငှက်ကုလားအုပ်(bird-Indian-group)များကိုပိုင်သသော( ငန်းဥထက်ပိုကြီးတယ်) .... သားသမီးများကို အလုပ်မလုပ်စေဘဲ ကျွေးနိုင်ပေးနိုင် ကူနိုင်ထောက်နိုင်သော .... သားသမီးများကို သေသည်အထိ စောင့်ရှောက်နိုင်သော (ဥပမာ အဘွားလို) .... စိတ်ချမ်းသာသော၊ နှလုံး၊သွေးတိုး၊ ဆီးချို၊ကျောက်ကပ် အစရှိသော လူကြီးရောဂါများကင်းသော၊ ရင်ကြပ်ချောင်းဆိုး စသော ကလေးရောဂါများကင်းသော အရိုးကျိုးခြင်း အက်ခြင်း အဆစ်လွဲခြင်းများကင်းဝေးသော ...မွေးထားတဲ့သားသမီးများအနက်မှ တစ်ယောက်လောက်လိမ္မာသော .... မုန့်စားနေတုန်း တောင်းစားတတ်သော ခွေးများမရှိသော(ဥပမာ Fatty & Blacky) ...နားလည်သော ခွေးများ (ဥပမာ အိမ်မှာမွေးခဲ့တဲ့ Chocolateလို ခွေးမျိုး) ပိုင်ဆိုင်သော ....၊ ရာထူးတက်ဖို့ တစ်ခုခုပေးဖို့မလိုအပ်သော ၊ ပညာတော်သင်ကို နေ့နံရွေး၍မလွှတ်သော တိုင်းပြည်တွင် လူဖြစ်၍ သားသမီးများကို အလိုလိုက်သော မိခင်ကြီး ထာဝစဉ်ဖြစ်နိုင်ပါစေသော်။

(အမေရှိသူတိုင်းအတွက် အမှတ်တရ လက်ဆောင် ....။ I am so sorry for God ...)




Peace B with U.