Monday, October 17, 2011

The First Cut is the deepest ဆိုပဲ။


The First Cut is the deepest ဆိုပဲ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က Blog မှာစာရေးဖြစ်တာ သုံးနှစ်ပြည့်သွားတယ်။ အဲဒါကိုလည်းမေ့နေတယ်။ ဘ၀က သိပ်မရှည်လှပေမယ့် ထင်သလောက်တော့လည်း မတိုလှဘူး။

ကလေးမရှိတဲ့မိသားစုတွေမှာ ဘ၀က ပိုပြီးဇိမ်ကျကျဖြတ်သန်းနိုင်တယ်ဆိုတာကိုတွေ့ရတယ်။ ကလေးတစ်ယောက်ကို ထိန်းရကျောင်းရတာဟာ ဘ၀သက်တမ်းတစ်ဝက်စာ ကစားနည်းတစ်ခုနဲ့တူနေတယ်။ မိဘမေတ္တာဆိုတဲ့အရာကို ရေးရေးလေး သဘောပေါက်လာတော့ မိဘကောင်းတွေရရှိခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်။

လူ့ဘ၀ကရယ်စရာကောင်းတယ်။ ငါးကျပ်ရှိတဲ့လူက တစ်ဆယ်လိုချင်ကြတယ်။ တစ်ရာရှိတဲ့သူက နှစ်ရာလိုချင်တယ်။ တကယ် လိုမလိုမစဉ်းစားတော့ဘဲကို လိုချင်လာကြတယ်။ မနေ့က ငွေကြေးစီမံခန့်ခွဲမှုအကြောင်း တီဗီ ပရိုဂရမ်တစ်ခုကြည့်ရင်း တစ်ယောက်ကပြောတယ်။ သူ့မှာ တစ်နှစ်စာဝင်ငွေလောက်စုဆောင်းထားပြီးပြီ။ နောက်တစ်နှစ်စာ (စုစုပေါင်းနှစ်နှစ်စာ) အထိ စုသွာမယ်လို့ပြောတယ်။ သူ နှစ်နှစ်စာစုပြီးရင် သုံးနှစ်စာ ထပ်စုမလားမေးကြည့်ချင်တယ်။

စင်ကာပူက director တစ်ယောက်ကလည်း သူ့မှာ companyတစ်ခုရှိပေမယ့် ကျန်းမာရေးကုသစရိတ်တွေနဲ့ သူဆင်းရဲသွားနိုင်လို့ ဘာလုပ်ရမလဲဆိုပြီးမေးနေတာတွေ့တော့ သူ့ကိုတောင် သနားသလိုလိုဖြစ်မိသွားတယ်။ သူတို့ရတဲ့ ၀င်ငွေဆိုတာ ကျွန်တော်တို့ထက် ၁၀ ဆ ၀န်းကျင်များတယ်။ လူတိုင်းမှာ ပြဿနာမျိုးစုံနဲ့။ လုံလုံလောက်လောက်ကို ဒုက္ခများနေပြီးသား လောကထဲမှာ စိတ်ပူတတ်ရင် ပူတတ်သလောက် အပိုစိတ်ပင်ပန်းစရာတွေရှိနေပါလားလို့ပဲတွေးမိတယ်။

မိဘတွေကလည်း ကလေးတွေကို နိုင်ငံခြားမှာကျောင်းထားဖို့အတွက် စိတ်ပူတဲ့အကြောင်းပြောတာတွေ့ရတယ်။ တစ်ချို့ကိစ္စတွေဟာ မနိုင်ဝန်ထမ်းသလိုဖြစ်နေကြတယ်။ သူတို့ကို ကြည့်ရင်း လူကြပ်နေတဲ့ စက်လှေကားရဲ့ အလယ်မှာညပ်နေသလိုမျိုး၊ နောက်ပြန်လှည့်လို့မရသလို၊ ရပ်နေရင်လည်း ဆက်ပြီး ရွေ့သွားရသလိုပဲ၊ ဒီနိုင်ငံမှာ အသက်ကြီးတဲ့သူတွေလည်း မနားနိုင်ကြသေးဘူး။ တစ်ခုခုအတွက်တော့ သူတို့ဟာ safe မဖြစ်သေးဘူး။

လူတွေဟာ ရှေ့ရေးကိုတွေးတဲ့အခါမှာ self-centered ပဲတွေးကြတယ်။ ငါဘယ်လိုလုပ်ချင်တာ၊ ငါ ဘာဖြစ်ရင် ဘယ်လိုဆိုပြီး တွေးကြတယ်။ လူတွေဟာ ကိုယ်ရပ်တည်နေတဲ့ ကမ္ဘာကြီးဘက်ကရော စဉ်းစားကြရဲ့လားတွေးမိတယ်။

ပြီးခဲ့တဲ့ရက်တွေက ဆိုင်းယမ်းမှာ ရေကြီးနေလို့ အားလုံးဒုက္ခရောက်နေတာကြည့်ရင်း သံဝေဂရတယ်။ ဘယ်မှထွက်ပြေးလို့မရဘူး။ ရေတွေလွတ်အောင် ကြံဖန်လုပ်ပြီး ရေတွေနဲ့အတူနေကြရတာပဲ။ ထွက်ပြေးစရာနေရာမရှိတော့တဲ့တစ်ချိန်အတွက် ကျွန်တော်တို့ပြင်ဆင်ကြရဦးမယ်။

သဘာဝဘေးလို့ပြောကြပေမယ့်၊ ဘေးဆိုတာက ကျွန်တော်တို့အတွက် မကောင်းလို့ ဘေးလို့ပြောကြတာပါ။ တကယ်က သဘာဝတရားက ဒီလိုပဲ သူ့ဖြစ်ချင်သလို ဖြစ်နေတာပါ။ အဲဒီသဘာဝမှာ အဆင်ပြေပြေ နေနိုင်သေးရင် ရှင်သန်နေကြပြီး၊ အဆင်ပြေပြေမနေနိုင်တော့ရင် မျိုးသုဉ်းပျောက်ကွယ်ကြရတာပါပဲ။ အထူးသဖြင့် ကမ္ဘာကို အပေါင်ဆုံးပစ္စည်းတစ်ခု အချောင်ရလိုက်သလို၊ လူသားမျိုးနွယ်ပိုင်ဆိုပြီး ထင်နေကြတဲ့သူတွေအတွက် ဒီသဘာဝရဲ့ဖြစ်စဉ်တွေက အမှန်တရားကို သက်သေပြတာပါပဲ။ ဒီမြေကို မင်းတို့မပိုင်ဘူး။ ကမ္ဘာကြီးရဲ့ သဘာဝကို မင်းတို့မှာ ချုပ်ချယ်ခွင့်မရှိဘူး လို့ ပြန်ပြောနေသလိုမျိုးပါပဲ။

အခုနက ရှေ့ရေးကိုတွေးပူနေသူတွေ ဒီသဘာဝတရားအကြောင်းကိုကြည့်ရင် နေချင်စရာကိုမကောင်းတော့ဘူးများပြောမလားမသိပါဘူး။ သဘာဝတရားကြီးဟာ ကျွန်တော်တို့ကို လာနေပါလို့ တခါမှ မခေါ်ထားဘူး။ ကျွန်တော်တို့တွေကသာ နေစရာမရှိလို့ ဒီကမ္ဘာမှာ ကုပ်ကတ်တွယ်ကပ်နေတာ။ ဒါကို ကျွန်တော်တို့မေ့မေ့နေတယ်။ ရေကြီးရင်လည်း မကြိုက်ဘူး။ မုန်တိုင်းဆိုရင်လည်းမုန်းတယ်။ လေဆင်နှာမောင်းဆိုလည်း စိတ်ပျက်တယ်။ ငလျင်ဆိုအသံတောင်မကြားချင်ဘူး။ ဆူနာမီလို ငလျင်ကြောင့်ဖြစ်တဲ့လှိုင်းတွေဆို စိတ်နာတယ်။ မီးတောင်ပေါက်ရင် အပြစ်တင်မိတယ်။

သေချာပြန်စဉ်းစားကြည့်ရင် ဒါတွေ က တစ်နှစ်မှာ အကြိမ်အရေအတွက် ၁၀၀ အောက်ဖြစ်တဲ့ကိစ္စတွေပါ။ တစ်နှစ်ကို မုန်တိုင်း အကြိမ် ၅၀ နီးပါးဝင်ရောက်တဲ့နိုင်ငံတွေဆိုဘယ်လိုလုပ်မလဲ။ တစ်နှစ်ကို ငလျင် အကြိမ် ငါးဆယ် လှုပ်တဲ့နိုင်ငံတွေဘယ်လိုလုပ်မလဲ။ ဒိလိုပဲ သည်းခံပြီးနေကြရတာပဲ။ ဘာမှမတတ်နိုင်တဲ့ factors တွေနဲ့နေထိုင်ကြရတာ။ ဒီ risk တွေက ကြိုပြီးတွက်လို့မရဘူး။ ပြင်ဆင်ထားလည်း အဆင်ပြေချင်မှပြေမယ်။ နေလို့ရသလောက်နေထိုင်နေကြတဲ့ကမ္ဘာမှာ ကိုယ်မတတ်နိုင်တဲ့ သဘာဝအဖြစ်အပျက်တွေရှိတယ်။ ဒါတွေကို မဖြစ်ပါနဲ့လို့လည်းပြောလို့မရဘူး။ ကိုယ်တိုင်လည်းမကြုံရဖူးလို့မပြောနိုင်ဘူး။

သဘာဝတရားထဲမှာ ရှင်သန်ခွင့်ရနေသေးတဲ့နေ့တွေမှာ သိပ်အများကြီးပူပန်မနေနဲ့။ ရေကြီးလို့ ဒုက္ခရောက်နေတဲ့သူတွေ ရေပြန်ကျဖို့ မျှော်လင့်စောင့်စားနေရတဲ့အချိန်မှာ၊ ကိုယ့်အိမ် renovate လုပ်တာ စိတ်တိုင်းမကျတဲ့သူတွေပူပန်နေတာဟာ ပြဇာတ်တစ်ခုရဲ့ ပြကွက်နှစ်ခုလိုပဲ။ ဇာတ်စင်တစ်ခုတည်းပေါ်က ဇာတ်ကွက်နှစ်ခုပဲ။ ဇာတ်စင်မရှိတော့ရင် ဇာတ်ကွက်တွေလည်းပျောက်ရမှာပဲ။ အိုမာခိုက်ယမ်ရဲ့ ကဗျာထဲကလို ပွဲပြီးရင် ဘုရင်ရော၊ ပွန်းရော သေတ္တာထဲပြန်ရောက်ရတာပဲ ဆိုတာကိုတောင်တွေးမိတယ်။ သူက တော့ သေရင်အဆင့်အတန်းဆိုတာတွေက အလကားလို့ပြောချင်တာပါ။ အခုခေတ်က မသေခင်ကို ဘေးဒုက္ခသည်တစ်မျိုးမျိုးဖြစ်ပြီဆိုရင်ပဲ အားလုံး ခေါင်းစဉ်တစ်ခုတည်းအောက်မှာ အဆင့်တူညီသွားမှာပဲ။

သဘာဝတရားကြောင့် အစာရေစာ ပြတ်လပ်နေတဲ့ ကလေးငယ်တွေ၊လူကြီးသူမတွေ၊ လူငယ်၊လူရွယ်တွေ အစားတစ်လုတ်ကို ဝေခြမ်းစားနေရတဲ့အချိန်မှာ ကျွန်တော်တို့တွေ အစားအသောက်ကြေး(ဂျီး)များမနေသင့်ဘူးမဟုတ်လား။ ကိုယ်နေနေတဲ့ ပထ၀ီဝင်အနေအထားကွက်ကွက်ကလေးမှာ အဆင်ပြေနေသေးတာနဲ့ ကမ္ဘာကြီးက အိုကေနေဦးမှာပါလို့ထင်တာဟာ မောဟ အစိတ်သားလောက်ပါပြီးသား အမြင်ဖြစ်မယ်ထင်တယ်။

ကမ္ဘာကြီးက သူ့ဘာသာသူချူချာလာတာကို ကျွန်တော်တို့ သတိပြုဖို့ကောင်းပြီ။ အရင်က တစ်နှစ်မှာ တစ်ခါ နှစ်ခါလောက်ကြားရတဲ့အဖြစ်အပျက်တွေကို နှစ်လတစ်ခါလောက်ကြားနေရပြီ။ စကြ၀ဠာထဲမှာ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ ဖုန်မှုန့်လေးတစ်မှုန်ထက်မပိုဘူး။ အဲဒီဖုန်မှုန့်လေးမှာ တွယ်ကပ်နေတဲ့ လူဆိုတဲ့သတ္တ၀ါတွေကသာ သူတို့နေတဲ့ကမ္ဘာကြီးကို အကြီးကြီးထင်နေကြတာ။ သိပ်ကို မာကျောပြီး သိပ်ကို ခိုင်မာတယ်ထင်နေကြတာ။ နယ်နိမိတ်မျဉ်းတွဲဆွဲပြီး စစ်ပွဲတွေ ဖန်တီးကြတဲ့အထိ မိုက်မဲကြတာ။ ကမ္ဘာဆိုတဲ့ စကြ၀ဠာဖုန်မှုန့်ကြီးထဲမှာတောင် စိတ်ကူးယဉ်မျဉ်းတွေကို ဖြတ်ကျော်ဖို့ Visa လိုနေသေးတာ။ မနက်ဖြန်၊ သန်ဘက်ခါ ဘာဖြစ်မယ်မသိဘဲ၊ ဖုန်မှုန့်လေးပေါ်က သတ္တ၀ါတွေက ရှေ့နှစ်တွေကို စီမံကိန်းအကြီးကြီးတွေချနေကြတာ၊ အဲဒီ ဖြစ်မလာသေးတဲ့ စီမံကိန်းရဲ့ ဖြစ်မလာသေးတဲ့ရလဒ်အတွက် ကြိုပြီး ပူပန်နေကြတာ အင်မတန်မှ Zနာစရာကောင်းတယ်။

နာဂစ်(စ်)တုန်းကတစ်ခါ၊
ဂျပန်မှာ ငလျင်လှုပ်ပြီးကမ္ဘာကြီး တစ်ဒီဂရီလွဲသွားတော့တစ်ခါ၊
အခုထိုင်းမှာ ရေကြီးတော့တစ်ခါ ကြီးကြီးကျယ်ကျယ် စိတ်ထိခိုက်ရတယ်။ ဒါတွေကိုရှောင်လို့မရနိုင်ဘူးဆိုတဲ့အသိဟာ သေချာသထက်သေချာသွားတယ်။ ကမ္ဘာကြီးတောင်မှဘယ်လိုဖြစ်မယ် မသေချာတဲ့အချိန်မှာ အနာဂတ်မှာသေချာနေတာတစ်ခုခုဖြစ်ချင်တယ်ဆိုရင် ဒါဟာ ရယ်စရာမကောင်းတဲ့ပြက်လုံးတစ်ခုပါပဲ။ မသေချာမှုတွေနဲ့နေနေရတယ်။ မသေချာတဲ့ကမ္ဘာမှာ မသေချာတဲ့စီးပွားရေးစနစ်နဲ့၊ မသေချာတဲ့သက်တမ်းနဲ့၊ မသေချာတဲ့မနက်ဖြန်တွေနဲ့၊ မသေချာတဲ့ အိမ်မက်တွေနဲ့။

မသေချာခြင်းမှာ ကျွန်တော်တို့တစ်ခုခုတည်ဆောက်ထားလို့မဖြစ်ဘူး။ သေချာတဲ့နေရာကပဲစရမယ်။ အခုအသက်ရှင်နေသေးတာသေချာတယ်။ အခုကျန်းမာရေးကောင်းနေသေးတယ်။ အခုငွေရေးကြေးရေးအဆင်ပြေနေသေးတယ်။ အခုကိုယ်နေတဲ့ နေရာမှာ သဘာဝတရား နေကောင်းနေသေးတယ်။ ချစ်ခင်ရတဲ့သူတွေလည်း အသက်ထင်ရှားရှိနေသေးတယ်။ အဲဒါတွေကို ကျွန်တော်တို့ အရေးတကြီးကိစ္စတွေလို သဘောထားသင့်တယ်။ for granted ရနေတာကြီးလို့မတွေးနဲကတော့။ မိဘဆိုတာလည်း ရှိနေတုန်းပဲ ချစ်နိုင်ခင်နိုင်၊ မေတ္တာတရားပေးနိုင်၊ ကျေးဇူးပြုနိုင်တယ်။ သူတို့တွေကိုလည်း အဆက်အသွယ်မပြတ်အောင်၊ တစ်ပတ်တစ်ခါ၊ ဖြစ်နိုင်ရင် နှစ်ရက်တစ်ခါ။ ထပ်ပြီးဖြစ်နိုင်သေးရင် တစ်ရက်တစ်ခါလောက် ဆက်သွယ်။ စကားလေးဘာလေးပြော၊ ကောင်းနိုင်သမျှ ကောင်းကောင်းမွန်မွန်ဆက်ဆံပြုမူ။ တစ်ချိန်မှာ အဆက်အသွယ်လုပ်လို့မရတော့တဲ့အခါ နောင်တရမနေနဲ့တော့။ အခုအချိန်မှာ လုပ်နိုင်သေးတာတွေ များများလုပ်၊ မကြာခင် မသေချာခြင်းဟာ ပိုပြီးကျယ်ပြန့်လာပြီး ကျွန်တော်တို့ကို ၀ါးမျိုသွားနိုင်တယ်။ ကျွန်တော်တို့ရဲ့ ချစ်ခင်သူတွေကို ၀ါးမျိုသွားနိုင်တယ်။ Nargis တုန်းက ဖုန်းဆက်လို့မရလို့ ကျွန်တော်တို့ ဖုန်းကဒ်တွေအများကြီးအကုန်ခံပြီး အဆင်ပြေရဲ့လားဆိုတဲ့စကားလေးတစ်ခွန်းမေးခဲ့ကြဖူးမယ်။ အခုလို ဖုန်းလိုင်းအဆင်ပြေနေတဲ့အခါတွေမှာတော့ အိမ်ကိုအမြဲဆက်နေတဲ့သူက ခပ်ရှားရှား။ ကိုယ့်စိတ်ကို ကိုယ်ပြန်မေးကြည့်၊ ဘာကြောင့် အဆင်ပြေနေရင် အမြဲအဆင်ပြေနေတော့မှာပဲထင်တာလဲဆိုတာကို။ သတင်းကြည့်ရင် သတင်းလို့မကြည့်ဘဲ ဒါဟာ ကိုယ့်အတွက် ရှေ့ဖြစ်ဟောစတမ်းတစ်ခုလို၊ ကိုယ့်မိသားစုအကြောင်းရိုက်ထားတဲ့ ဇာတ်ဝင်ခန်းတစ်ခုလိုကြည့်မိရင်တော့ သေချာပေါက်ကို ခံစားနာကျင်ရမှာပဲ။ မသေချာ၊ မခိုင်မြဲတဲ့မြေပေါ်ရပ်တည်နေရတဲ့ လူတစ်ယောက်အနေနဲ့ ခေတ္တအဆင်ပြေမှုတွေကို အရသာကြာကြာရှိအောင် ဆွဲဆန့်နေလို့မဖြစ်နိုင်ဘူး။

နေရတာဟာ မသေချာတော့ဘူး။
မသေချာပေမယ့် လုပ်သင့်တာတွေ လုပ်နေနိုင်သေးတယ်။

မသေချာမှုတွေဟာ ကျွန်တော်တို့ရဲ့ လက်ရှိအချိန်တွေကို အကောင်းဆုံးတန်ဖိုးထားမိစေတယ်။
ကျွန်တော်တို့မှာ ဟန်ဆောင်ချစ်ခင်နေဖို့ အချိန်မရှိတော့တဲ့အတွက် တကယ်ချစ်တဲ့လူတွေကိုပဲ တကယ်ချစ်ကြရတော့တယ်။
ကျွန်တော်တို့မှာ အချိန်မရှိတော့တာဟာ အပိုအလုပ်တွေကိုမလုပ်ဘဲထားလိုက်ဖို့ လွယ်ကူစေတယ်။ မသေချာမှုဟာ သေချာမှုတွေကို တန်ဖိုးထားတတ်ဖို့ အကောင်းဆုံးသင်ပေးတယ်။
ကမ္ဘာကြီးရဲ့ မပြည့်စုံမှုတွေကိုလည်း ချစ်ခင်တတ်စေတယ်။
မသေချာတဲ့ကမ္ဘာပေါ်မှာ အခုမလုပ်ရင် နောက်မလုပ်ဖြစ်တော့မယ့်အရာတွေကို အချိန်ပေးပြီး လုပ်ဖြစ်စေတယ်။
မသေချာတော့တဲ့ မနက်ဖြန်တွေမှာ မပြောဖြစ်ရင် မဖြစ်မယ့် စကားတွေကို ပြောဖို့ဖြစ်လာစေတယ်။

နေရာတွေ ဘယ်လောက်ပဲကွဲပြားကွဲပြား၊ ကျွန်တော်တို့အားလုံး နေထိုင်နေတာ ဒီကမ္ဘာကြီးတစ်ခုပဲ။
ဒီကမ္ဘာမှာမနေရင် ဘယ်မှာနေကြမလဲ။ လောလောဆယ် အဖြေမရှိသေးဘူး။
ဒါပေမယ့် ဒီကမ္ဘာမှာ ဘယ်လိုနေထိုင်သွားမလဲဆိုတာကိုတော့ ကိုယ့်စိတ်တိုင်းကျ ရွေးချယ်နိုင်သေးတယ်။
အဲဒီလို စိတ်တိုင်းကျ ရွေးချယ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ဘ၀ကိုပဲ ဒုလ္လဘလို့ခေါ်တယ်လို့ ထင်မိတယ်။ မသေချာမှုတွေနဲ့တည်ဆောက်ထားတဲ့ ဒုလ္လဘတရားမှာ ကိုယ်ရွေးချယ်ပိုင်းဖြတ်ထားတာတွေ တန်ဖိုးရှိရှိလုပ်ကိုင်ဖို့အခွင့်အရေးရှိသေးတာဟာ ကံကောင်းတာပါပဲ။ နောင်တတဖန်ပူပန်ခြင်းကင်းတဲ့ နေထိုင်မှုမျိုးနဲ့ ဘ၀ကို နေထိုင်သွားဖို့အတွက် ကျွန်တော်တို့မှာ အချိန်ရှိသေးတာ ၀မ်းသာစရာကောင်းတယ်။

မသေချာခြင်းတွေဟာ သေချာခြင်းကို တန်ဖိုးထားတတ်ဖို့ ကျွန်တော်တို့ သင်ယူရတဲ့ ဘာသာရပ်တစ်ခုပါပဲ ။ ။

With Peace,
The Gardener

Notes:
The First Cut is the deepest ဆိုတဲ့သီချင်း ငယ်တုန်းက သိပ်ကြိုက်ခဲ့တယ်။ သီချင်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ အသည်းကတော့ ပထမတစ်ယောက်ကြောင့်ကွဲသွားပြီ။ ဒါပေမယ့် အသည်းအကွဲကြီးနဲ့ပဲ ဆက်ချစ်နေမယ်ဆိုတာမျိုးပေါ့။ အခုပို့စ်မှာတော့ သီချင်းရဲ့ တိုက်ရိုက်အနက်ကိုမယူဘဲ၊ ဂယက် အနက်နဲ့၊ကမ္ဘာကြီးရဲ့ သဘာဝတရားတွေကြောင့် ကျွန်တော်တို့လူသားတွေလည်း အသည်းကွဲတာထက် ဆိုးဆိုးရွားရွား ခံစားခဲ့ကြရပြီးပြီ။ အဲဒီဒဏ်ရာတွေရှိနေပေမယ့် ကမ္ဘာကြီးကိုလည်း ဆက်ချစ်နေမှာပဲ။ ဒဏ်ရာတွေကို ကျော်လွန်ပြီး လုပ်စရာရှိတာဆက်လုပ်ဖို့ကိုပြောချင်တာပါ။ ရပ်နေလို့မဖြစ်ဘူး။ တန်ဖိုးရှိတာတွေ လုပ်ရင်း သေရမယ့်အချိန်သေလိုက်ကြရုံပဲ။ ကုက္ကုစ္စမဖြစ်ရအောင်ပဲ လုပ်စရာရှိတာတွေ လုပ်နိုင်သလောက် လုပ်သွားကြဖို့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်အားပေးရင်း၊ ကျန်တဲ့သူတွေအားလုံးကိုလည်း အားပေးတဲ့သဘောပါ။ Peace B with U all.



Peace B with U.