Monday, January 31, 2011

ကမ္ဘာပြန်ပြားသွားပြီတဲ့ ဂယ်လီလီယို ဂါလိလိ

ကမ္ဘာပြန်ပြားသွားပြီတဲ့ ဂယ်လီလီယို ဂါလိလိ

ကြားလား ရပ်ကွက်ထဲမှာသတင်းပြန့်တယ်။ ကမ္ဘာကြီးက အပြားကြီးမှ အပြားကြီးတဲ့။ ပြားလွန်းလို့လုံးနေတာဆိုပဲ။ ဘုန်းကလျာတစ်ပါး လို လုံးရာကပြားလာတာ၊ အခုဆိုအတော်လေးပြားနေပြီဆိုပဲ။
စောင့်ကြည့်လေ့လာသူတွေကတော့ မျက်လုံးရဲ့သူငယ်အိမ်ပြားလာတာကြောင့်ဖြစ်မယ်လို့ပဲတွင်တွင်ပြောတယ်။
အတိုက်အခံတွေကတော့ အစိုးရကြောင့်ပြားသွားတာလို့ပြောတယ်။
အတွေးအခေါ်ပညာရှင်တွေကတော့ ဒါဟာ ပြားတဲ့သဘာဝက မူလကို ကိုင်လှုပ်နေတာလို့ ချင့်ချင့်ချိန်ချိန်ပြောတယ်။
Thomas Friedman (The world is Flat ရေးတဲ့သူ)ကိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက စွဲချက်တင်တယ်။ သူ့ကြောင့်ပြားတာသေချာပါတယ်လို့ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ညီလာခံမှာ စာတမ်းဖတ်ပြီး သေဒဏ်တောင်းဆိုလိုက်တယ်။

ကမ္ဘာကြီးပြန်ပြားလာတာ ဘယ်သူစတွေ့သလဲဆိုတာကို ကိုလံဘတ်စ်ဝင်စားတွေက နာမည်စာရင်းတင်သွင်းတယ်။
ပါတီထောင် ၅သိန်း၊ တရားစွဲ ဆယ်သိန်း ဆိုတဲ့ ကြွေးကြော်သံနဲ့ ကမ္ဘာပြားလာတာကို ကန့်ကွက်ပွဲတွေ လှည်းနေလှေအောင်းမြင်းဇောင်းမကျန်၊ ပြည့်ပြည့်စုံစုံလေးပြောရရင် ဒွန်းစဏ္ဍားအမှုးထား၍ သုဘရာဇာမကျန်ကန့်ကွက်တဲ့အထဲပါကြတယ်။(တစ်အိမ်တစ်ယောက်ဆိုလို့လိုက်လာတာ။) ရုတ်တရက် ကမ္ဘာပတ်မယ့်သူတွေလဲ ရေတွေအပြားလိုက်ကပ်နေတဲ့ပင်လယ်ထဲကို စွက်ခနဲ ဆင်းကြည့်လိုက်ရုံနဲ့ ကမ္ဘာ့ဟိုဘက်ခြမ်းကိုရောက်ကုန်တယ်။

သတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်း သုံးမျိုးပေါင်းတွေက စာနယ်ဇင်းတွေမှာကမ္ဘာပြားပြီ သတင်းဦးများကို တစ်နေ့တစ်မျိုးမရိုးအောင်တင်ဆက်တယ်။
ရွှေပြည်သာမြို့နေ ဒေါ်သိန်းကြွယ်ထိပ်တင် အပေါ့သွားရာမှ ကမ္ဘာပြားသွားခြင်း ဆိုတဲ့သတင်းပါတဲ့ ဂျာနယ် စောင်ရေအတော်တက်သွားတယ်။ (အဲဒီအတွက် ဟိုတလောက ပိတ်ခံလိုက်ရတဲ့တစ်ပတ်စာ ပြန်ရလိုက်တယ်။) အင်တာနက်တွေဟာ အပြားကမ္ဘာမှာ ရှင်သန်ဖို့ IPV6 မလုံလောက်တော့ဘူးလို့ မနေ့က Google ကပြောတယ်။ ဘာလုပ်ကြမလဲဆိုတော့ ... Google CEOက Cloud computing ဟာ ၉၆ ပါးရောဂါအားလုံးရဲ့အဖြေလို့ခပ်တည်တည်ပြောတယ်။ အဲဒီတော့ ပန်းသီးသည် ဂျော့ခ်ျက ကမ္ဘာပြားလာတာကို သူ့ research တစ်ခုက ကြိုသိထားတဲ့အတွက် လူတွေပြားလာရင် ဆက်လက်ပြီးသုံးနိုင်အောင် ပန်းသီး ပရောဒတ်တွေကို အပြားဖရန်းဒ်ဒလီး ဖြစ်အောင် ဈေးကွက်ကိုဦးဆောင်ထားကြောင်း ဂရိတ် ၉၇ ခါ၊ အန်ဗလီးအေးဘဲလ် ၇၇ ခါ၊ အမေ့ဇင်း ၁၂၃၄ ခါ ထည့်ပြီး စာလေး သုံးပိုဒ်ကို ထပ်ကြော့ကြော်ငြာသွားပြီး နိဂုံးသတ်စကားလုံးကို အပြားဖရန်းဒလီး ပန်းသီး ဆိုပြီး တိခနဲရပ်ချလိုက်တော့ ဒစ်ဂျယ်တယ်ဝေါမှာ ဝေါခနဲ သောင်းသောင်းဖြဖြ လက်ခုပ်သံတွေ တနံတလျားထွက်လာတယ်။

ကမ္ဘာပေါ်မှာ အလုံးတန်ဖိုး လျော့နည်းလာခြင်းဆိုတဲ့ကျမ်းကို နာမည်မှာ Gay ပါတဲ့ Philosopher John Gayကြီးရေးသွားတယ်လို့ ဂေး community က ပြောရေးဆိုခွင့်ရှိသူ အပြားတစ်ပိုင်းက မိန်းမရွှင်လေဖြတ်သွားသံနဲ့ ကြေငြာလိုက်တယ်။ ကမ္ဘာပြားလာတာဟာ သဘာဝတရားဖြစ်တယ်ဆိုပြီး ဂေးလောကမှာ အုတ်အော်သောင်းတင်းဖြစ်ကုန်တယ်။ အရင်က ဖြတ်မယ်၊မဖြတ်ဘူး ဒွိဟဖြစ်နေသူတွေတောင် ရှုပ်တယ်၊ဖြတ်ပြီဖြစ်ကုန်ကြတယ်။

ကဗျာဆရာတွေက အပြားကဗျာတွေကို ပိုပြီးတန်ဖိုးထားလာတယ်။ ကဗျာဟာ ပါးရမယ်၊ပြားရမယ် ဆိုပြီး ကဗျာတိုင်းကို ထောင့်မနေအောင် မီးပူတိုက်ပြီးရေးဖို့၊ ဒါမှမပြားသေးရင် လမ်းကြိတ်စက်နဲ့ကြိတ်ဖို့ သဘောတူညီလိုက်ကြတယ်။

ဝေဖန်ရေးသမားတွေက အဆဲအပြားကို ဘယ်လို ထိအောင်ပစ်ရမလဲဆိုတာကို လေ့လာတယ်။ ဂျိန်းစဘွန်းကားထဲကှQ ကို အဆဲကို အပြားလိုက်သေးသေးကလေးတီထွင်ပေးဖို့ နားပူနားဆာတိုက်တယ်။ နောက်ဆုံးတော့ သူတို့ အဆဲအပြားသေးသေးလေးကို လက်ဝယ်ပိုင်ပိုင်ရလိုက်ကြတယ်။ Q မှာထားတဲ့အတိုင်း ပါးစပ်ထဲမှာ ငုံထားရာက မျိုချမိကုန်လို့ အကုန်လုံး ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံမှာ ဗိုက်ခွဲထုတ်တော့ ဆေးရုံတစ်ခုလုံး ဆဲဆိုသံပွက်လောရိုက်ကုန်တယ်။

ဆရာဝန်တွေက ကလေးအပြားလေးမွေးရင် ဗိုက်ကို ဒေါင်လိုက်ခွဲမလား အလျားလိုက်ခွဲမလား စဉ်းစားရာက နောက်ဆုံး ခေါင်းအရင်ဖြတ်လိုက်တာ သေချာတယ်လို့အဖြေထွက်တယ်။

အပြားကမ္ဘာမှာလိုအပ်တာတွေအတွက် စားသောက်ကုန်လုပ်ငန်းက အသင့်သုံးအပြားတွေကို ထုတ်လုပ်ပေးတယ်။ စက်မှုအင်အားခေတ်ကျော်လွှားဆိုတဲ့နိုင်ငံကြီးမှာတော့ စက်ရုံက နဂိုကတည်းက ပြားနေတယ်ဆိုတော့ ပြင်ဆင်စရာမလိုတော့ဘူး။ လျှပ်စစ်မီးသီးအပြားကိုထွင်ဖို့ အက်ဒီဆင်နဲ့ ပရိုမီးသီးယပ်စ် တို့အပြိုင်ဖြစ်လာတယ်။

လူတွေက တဖြည်းဖြည်းပိုပို ပြားလာမယ်ဆိုတော့ လှယဉ်ကျေးမယ်တွေ အားလုံး ယောကျာ်းအမြန်ယူကုန်ကြတယ်။ ကျောင်းတွေမှာ ကမ္ဘာသည် ပြားသည်လို့ ပညာရေးဌာနတွေက တစ်ပြိုင်နက်သင်ရိုးတွေပြောင်းလဲပစ်လိုက်လို့ ကလေးတွေအတော်ဒုက္ခရောက်ကုန်တယ်။ အလုံးကမ္ဘာမှာနေထိုင်ခဲ့တဲ့ဆရာတွေဟာ အပြားကမ္ဘာမှာ ပညာသင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ပညာရေးပြုပြင်ပြောင်းလဲရေးသမားတစ်ဦးက လက်ညှိုးကို အပြားလိုက်ထိုးပြီး စွတ်စွဲတယ်။

လူတွေဟာ အပြုံးကစပြီး ပါးလျားလာတယ်။
အောက်ဆီဂျင်သိပ်ရှူစရာမလိုတော့တဲ့အတွက် ကမ္ဘာကြီးဟာ အောက်ဆီဂျင်လည်းအတော်လေးပိုလျှံလာတယ်။ ကမ္ဘာ့လေထုကြီလည်းပြားသွားတဲ့အတွက် အိုဇုန်းအပေါက်တွေပြန်ပိတ်ကုန်တယ်။ ညီလာခံဆောင်ပုဒ်တွေတောင်ပြောင်းလဲကုန်တယ်။ ခေတ်မီဖွံ့ပြားသော နိုင်ငံတော်သစ်ဆီသို့ ဖြစ်လာတယ်။ မူဝါဒအပြားတွေကို ပါးစပ်အပြားကြီးနဲ့ ပြားပြားကြီးပြောသွားပုံက စိတ်ထဲစွဲမှတ်ဖွယ်ဖြစ်ကုန်တယ်။ ရှေးခေတ်သတင်းစာတွေကို ပြန်ပြန်ကိုးကားတဲ့သမိုင်းဆရာက အရင်က ဇာတ်ကားတွေမှာ ဗီလိန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့သူဟာ ဦးကျောက်ပြားဖြစ်တယ်လို့ အတိအလင်း အထောက်အထားနဲ့ရေးတယ်။

မြန်မာပြည်ရဲ့ အော်တားနတိ(တချို့ကလည်း အော်တာနေးတစ် ဆိုလား အသံထွက်တယ်) လောကမှာ ဒိုးပြား ဆိုတာ အတော်လေးပေါက်ရောက်ခဲ့တယ်လို့ ဂီတ ဂျာနယ်ကလည်းဖော်ပြတယ်။ ကချင်အမျိုးသား အဆိုတော်ကို အိမ်မှာ ပြားပြား ချစ်စနိုးခေါ်ကြတဲ့အကြောင်းလည်း သတင်းဖြစ်ကုန်တယ်။ အရင်က လုံးဝ လို့သုံးစွဲခဲ့တာတွေကို ပြားဝ လို့ သုံးစွဲဖို့ တစ်ညီတစ်ညွတ်တည်း အတည်ပြုကြတယ်။ အလုံးစုံညီညွတ်ရေးကိုလည်း အပြားစုံညီညွတ်ရေးလို့ တစ်ခါတည်း ညီလာခံမှာတင်ပြောင်းပစ်လိုက်တယ်။

တကယ်တော့ အပြား ပါရာဒိုင်း ရွေ့သွားတာလို့ ကိုတာကြီးက စတိုင်သစ်မှာ ပြားပြားကြီးပြုံးပြီး ပြောတယ်။ ဂျာမဏီက ကိုလုံးမြို့ကိုလည်း ကိုပြားမြို့လို့ချက်ချင်းပြောင်းပစ်လိုက်တယ်။ အော်ဒီကလုံး ရေမွှေးဆိုရင် အော်ဒီကပြားရေမွှေးဖြစ်သွားတယ်။ လုံးနေရင်ကို ပြဿနာရှိတယ်။ အပြားကမ္ဘာမှာ အလုံးဟာ ဖောက်ပြန်ရေးသမားဖြစ်လာတယ်။ အစိုးရသတင်းစာတွေမှာ အလုံးစုံပျက်သုန်းရေးကို ရည်ရွယ်တဲ့လုပ်ရပ်များလို့ရေးမိလို့ အချပ်ပိုမှာ အပြားစုံပျက်သုန်းရေးလို့ပြန်ပြင်ကြရင်းထပ်ပြီး မှားလို့ အချပ်ပိုချည်းပဲ ၇၅ မျက်နှာထပ်ထပ်ပြင်ရတယ်ဖြစ်ကုန်တယ်။ အပြားနဲ့အသားမကျသေးလို့ဖြစ်ရတာလို့ ဒယ်ဒီတာက ပြောတယ်။ စတော်လုံးမ်ကိုလည်း စတော်ပြားမ် လို့ကလေးတွေက ပြောင်းလိုက်ကြတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဟုမ်းအလုံး (home alone) ဇာတ်ကားဟာ ဟုမ်းအပြား ဆိုပြီး ပြန်ထွက်လာတယ်။ အထီးကျန်တာကို lonely လုံးလီးဖြစ်တယ်လို့ပြောရာကနေ pyarly ပြားလီးဖြစ်တယ်ဖြစ်လာတယ်။

အရင်လို မက်လုံးပေးတာတွေကို မျက်လုံးနဲ့မြင်ခဲ့ကြောင်း လုံးစေ့ပတ်စေ့ပြောတယ်လို့ ရေးမိတဲ့ 11 Media က သတင်းထောက်ကို စာပေစိစစ်ရေးက မှားယွင်းသုံးစွဲမိတဲ့ အလုံး သုံးခုအတွက် ၇၅၀၀ ဒဏ်ငွေဆောင်ခိုင်းလိုက်တော့ proof reader ပေါက်စတွေလည်း မျက်ပြားတွေ အပြားလိုက် ပြူးထွက်ကုန်တယ်။

ကလေးတွေကတော့ ကျောင်းလွယ်အိပ်အပြားထဲမှာ အရင်က ကီလို ၈၀ လောက်လေးတဲ့စာအုပ်တွေသယ်ခဲ့ရာက စာအုပ်ပြားလေးတွေသယ်ရတော့မယ်ဆိုပြီး ၀မ်းသာလို့ ခုန်ပေါက်နေကြတယ်။

ခက်နေတာကတော့ ဂေါပကတွေ အရင်က လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူဆိုတာကို ပြင်ရင်လည်းငရဲအိုးဇောက်ထိုး၊ မပြင်ရင်လည်း တစ်ဒုက္ခဆိုတော့အတော်အကြပ်ရိုက်ရှာတယ်။ နောက်ဆုံးတော့ လုံးတော်ပြည့်ကိုပဲဖြုတ်လိုက်တယ်။ နားလည်မှုပေါ့။

အရင်က လုံးချင်းရေးခဲ့တဲ့စာရေးဆရာတွေကြတော့ ပြားချင်းဆိုပြီး ဆက်ရေးဖို့ လက်မှတ်ထိုးကြတယ်။ စာရေးသူရဲ့ ဆုံးပါးသွားတဲ့အမေရဲ့အုတ်ဂူကကမ္ပည်းကို ထရေဇာ မရမ်းလုံး(Teresa Maran Lome) ကနေ ထရေဇာ မရမ်းပြား(Teresa Maran Pyar)ဆိုပြီး သုဿန်ကလူတွေ ကမ္ပည်းကိုပြောင်းလိုက်လို့ စာရေးသူ အတော်ဒေါသထွက်သွားမိသေးတယ်။ ဒါပေမယ့် ဘာမှမတတ်နိုင်ဘူး။ ကမ္ဘာပြားပြီမဟုတ်လား။

ငိုချင်ရက်လက်တို့ကနေ ပြားချင်ရက်လက်တို့ ဆိုပြီး စကားအသစ်တွေထွက်လာတယ်။ ရိုးသားပါကနေ ရိုးပြားပါ ဖြစ်ကုန်တယ်။ အနန္တော အနန္တငါးပါးကိုလည်း အရင် ရှေးသုံးတွေမှာလို ငါးပြားလို့ပြောင်းပြီးရှိခိုးကြပြန်တယ်။(အပြားပြား=အမျိုးမျိုး ရှု)။ အပြားဆန့်ထွက်မှုဟာ ကမ္ဘာပေါ်မှာ ဆူနာမီဖြစ်တာတွေ ပုပ်ရဟန်းမင်းကြီးနဲ့ JFK လုပ်ကြံခံရတာတွေထက် ပိုပြီးပြန့်နှံ့ဆန့်ထွက်ကုန်တယ်။

ပြားစုံများစွာသတ္တ၀ါတွေကိုမေတ္တာပို့ရင်း တွေးနေမိတယ် …… ကမ္ဘာကြီးပြားနေပြီ။ …ဒီနေ့တော့ ဂယ်လီလီယိုဆီက စာရတယ်။

ကျွန်တော်နောက်ခဲ့တာခွင့်လွှတ်ပါ။

ရိုသေစွာဖြင့်
ဂယ်လီလီယို .......................


...................................................................
The Gardener, z-thegardener.com



Peace B with U.