Saturday, October 31, 2009

ကျွန်တော်နှင့် မော်ဒန်

Modern ဆိုတာ လက်တင်ဘာသာစကား (ပြောခါနီးမှာ လက်တင်ပြီးပြောရတဲ့ဘာသာစကား) modo ဆိုတဲ့ စကားလုံးက ဆင်းသက်လာတာပါ။ အဓိပ္ပာယ်ကတော့ just now ပါ။ အခုလေးတင်ဖြစ်တယ်တယ်ပေါ့။ ဆိုလိုတာကတော့မော်ဒန်ပါဆိုပြီး အဟောင်းကြီးတွေကို ကော်ပတ်စားပြီး အင်လုပ်လို့မရဘူးလို့ ဆိုလိုတာပါ။ မော်ဒန်ဆိုပြီး စပြောလိုက်တယ်လို့ထင်ရတာက Abbot Suger ဖြစ်ပါတယ်။ သူက ဗိသုကာလက်ရာတစ်ခုကို အရင်ကပုံစံတွေနဲ့မတူဘဲ ဖန်တီးပြီးတဲ့အခါမှာ ဘာပုံစံမှန်းမပြောတတ်တာနဲ့ opus modernum လို့လျှောက်ပြောလိုက်ပါတယ်။ ဗျစ်တသျှလိုတော့ A modern Work လို့ ဆိုလိုတယ်တဲ့။
ဆိုလိုတာကတော့ မော်ဒန်ဆိုတာ ဘာမှမဟုတ်ဘူး ... မသိလို့ပြောလိုက်ရာက ဖြစ်လာတယ်လို့ပြောချင်တာပါ။ ကျွန်တော်ဟာမသိလို့ဖြစ်လာခဲ့တဲ့ လူသတ္တ၀ါပါ .. ဆိုလိုတာကတော့ ကျွန်တော်ဟာ ၃၁ ဘုံရဲ့ opus modernum ပါ။

Picasso's Big Bang

ပီကာဆိုတာ ဘယ်သူလဲဟင်လို့ မေးရင်တော့ ပီကာဆိုဆိုတာ ဆိုင်းဘုတ်မရေးတဲ့ပန်းချီဆရာလို့ပြောရလိမ့်မယ်။ အဲဒီလူကြီးက ဘာပုံမှန်းမသဲကွဲတဲ့ မိန်းမတွေပုံကို ဆွဲလိုက်တယ်။ ကားနာမည်က Les Demoiselles d' Avirgnon ပါ။ ၁၉၀၇ မှာဆွဲတာပါ။ အာဖရိက မျက်နှာဖုံးတွေအပေါ်မှာ အင်စပီရေးရှင်း (inspiration) ယူပြီးဆွဲထားတဲ့ကားဖြစ်ပါတယ်။ ဒီကားဟာ မော်ဒန်အနုပညာမှာအရေးပါတဲ့လက်ရာဖြစ်ပါတယ်။ ဆိုလိုတာက မော်ဒန်က မျက်နှာဖုံးတွေနဲ့ပတ်သက်ခဲ့တယ် ....။ ကျွန်တော့်ဘ၀မှာ မျက်နှာဖုံးတစ်ခုရှိတယ်။ အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ ဆိုတဲ့မျက်နှာဖုံးပါ။ ဒီမျက်နှာဖုံးကို ကျွန်တော်ချွတ်လို့မရဘဲ မော်ဒန်ဆန်ဖြစ်ခဲ့တယ်။





Ce'zanne: The View Contains The Viewer

(1839-1906) အထိ သက်ရှိထင်ရှားသွားတဲ့ စေးဇန်းဆိုတဲ့ ပန်းချီဆရာဟာ မသေချာမှု(uncertainty) ကို ပန်းချီထဲကိုပေါင်းစပ်အသက်သွင်းခဲ့ပါတယ်။ တကယ်တော့ မသေချာမှု နိယာမဟာ ရူပဗေဒ ပညာရှင် (Hiesenberg) ဟိုင်းဇင်းဘဂ်ရှာဖွေတွေ့ရှိတာဖြစ်ပါတယ်။ ဒါပေမယ့် မော်ဒန်လောကထဲကို ဟင်းချိုမှုန့်လို ခတ်လိုက်တာကတော့ ဆေးဇန်းပါပဲ။ ၁၉၁၀ မှာ ပီကာဆိုဆွဲခဲ့တဲ့ ကျူးဗစ်ဇင် ပန်းချီကားမှာ ဆေးဇန်းရဲ့ အပြောင်းအလဲ နဲ့ တည်ငြိမ်မှုတွေကို ယုတ္တိကျတဲ့အဆုံးသတ်တစ်ခုကိုပို့ပေးနိုင်ခဲ့ပါတယ်။ အဲဒီ ကျူးဗစ်ဆင်ပန်းချီကားကတော့ "Girl With A Mandolin" ဖြစ်ပါတယ်။ မသေချာတဲ့လောကမှာကျွန်တော်ဟာလည်းမသေချာတဲ့သက်ရှိ(ရေးနေတဲ့အချိန်အတောအတွင်း သက်ရှိဟု ယူဆရ) တစ်ဦး၊တစ်ကောင်၊တစ်ယောက်ဖြစ်ပါတယ်။ ဟိုင်းဇင်းဘဂ်မသေချာသလို၊ ဆေးဇန်းမသေချာသလို၊ မသေချာတဲ့ လူတွေနဲ့အတူ မသေမချာနေနေရတဲ့ သူလိုကိုယ်လို သက်ရှိဖြစ်တယ်။




Genealogy of a Modernist tree

Piet Modrian(1872-1944) ဆိုတဲ့ ပန်းချီဆရာက မော်ဒန်သစ်ပင်ကို အဆင့်ဆင့် Evolution ဖြစ်လာတဲ့ ပုံတွေကို ဆွဲပြခဲ့ပါတယ်။ Abstract Art အမျိုးအစားဖြစ်ပါတယ်။ သေချာတာကတော့ သစ်ပင်တစ်ပင်ရဲ့သင်္ကေတဟာ သစ်ပင်တစ်ပင်ဖြစ်နေတုန်းပါပဲ ...။ ကျွန်တော်ရဲ့ abstract art ဆန်တဲ့နေ့ရက်တွေဘယ်လောက်ပြောင်းသွားပြောင်းသွား ... လောကဓံတရား အနုအရင့်လိုင်းတွေ နွားခြေရာနောက်ကို လှည်းဘီးလိုက်သလို ပါနေဦးမယ်။ လူနောက်ကို အရိပ်လိုက်သလို ပါနေဦးမယ် ....။



Jackson Pollock & Action Painting

Jackson Pollock (1912-1956) ပန်းချီဆွဲတာ မြင်ဖူးပါသလား။ အောက်ကပုံစံအတိုင်းပေါ့။



သူဆွဲတဲ့နည်းကို အမျိုးမျိုးအမည်တပ်ပါတယ်။ အစက်ချပန်းချီဆွဲနည်းလို့လည်း အလွယ်ပြောကြပါတယ်။ ဆေးကို အဲဒီလို ရေပန်းနဲ့လောင်းသလိုလောင်းနေတာကို ပန်းချီဆွဲတယ်တဲ့တော်လို့ပြောတဲ့ အဒေါ်ကြီးတွေကိုသာ ပန်းချီဆရာတွေက မမှတ်မိတော့တာ။ ပေါ့လော့ခ်ကိုတော့ အားလုံးမှတ်မိကြတယ်။ သိပ္ပံပညာထွန်းကားလာတဲ့အခါ ပေါ့လော့ခ်ပန်းချီတွေကို စူးစမ်းလေ့လာကြည့်တဲ့အခါ Fractal မြင့်တာတွေ့ရတယ်။ ရမ်းဆွဲထားတာမဟုတ်ဘူးဆိုတ့အဓိပ္ပာယ်ပေါ့။ သူ့အမြင်အာရုံဟာ တစ်ခြားသူတွေထက် အများကြီးပိုထက်မြက်တယ်ဆိုတာ သိနိုင်ပါတယ်။ ဆေးစက်ချရုံနဲ့ ဆွဲထားတဲ့ ပန်းချီတစ်ချပ်ရဲ့ ရှင်သန်မှုဟာ ဘယ်လိုများနေမလဲ ...။ မတော်တဆလိုလိုနဲ့ ခမ်းနားကြီးကျယ်မြင့်မြတ်နေမယ်ထင်တယ်။ ဘယ်သူမှမသိခဲ့ကြပေမယ့် ပေါ့လော့ခ်ဟာ ပန်းချီမဟုတ်ဘူးဆိုတာတွေကိုပဲ ပန်းချီဆွဲခဲ့တယ်။ သူ့လိုလူတွေကို အနုပညာခေါင်းစဉ်တစ်ခုအောက်ကို ပို့လိုက်တဲ့အခါ Abstract Expressionism ထဲရောက်လာခဲ့တယ်။ ကျွန်တော့်ကို ဘယ်သူအစက်ချလိုက်လဲ ... ကျွန်တော့်ဘ၀ဟာ ဘာပုံရှိမလဲ ... အစက်ချလို့မပြီးသေးဘူးလား .. ကျွန်တော်မသိဘူး .. ကြွေအံမကစားတဲ့ ဘုရားသခင် ပန်းချီဆွဲမယ်ဆိုရင်တော့ Abstract Expressionist ဖြစ်လာနိုင်တယ် ...။ ကျေးဇူးပြုပြီး နောက်ထပ် အနှစ်နှစ်ဆယ်မှ ဒီဘ၀ကြီးကို ဈေးကြီးကြီးပေးဝယ်လိုက်ပါ။ .................ကျွန်တော်ကတော့ ရှိချင်မှရှိတော့မယ်လေ။


Marcel Duchamp & Installation art

Marcel Duchamp (1887-1968) ဟာ ready-made ပစ္စည်းတွေနဲ့ installation လုပ်ပြီး အနုပညာပစ္စည်းဆိုတာ ဘာလဲ ဆိုတာကိုဖောက်ထွက်တွေးပစ်ခဲ့ပါတယ်။ သူ့ရဲ့ အထင်ရှားဆုံး လက်ရာနှစ်ခုက 1914 မှာ ပြသတဲ့ Bottlerack နဲ့ 1917 မှာ ပြသတဲ့ R.Mutt လို့ဆိုင်းထိုးထားတဲ့ porcelain Urinal ပါ။ သူကတော့ သေချာကိုနာမည်ပေးလိုက်ပါသေးတယ် Fountain (ရေပန်း ဆိုပဲ)။ သူ့ကိုလည်းအပြစ်မတင်သာပါဘူး သူပြောထားတဲ့ စကားအရတော့ ဟုတ်နေတာပါပဲ။

The creative act is not performed by the artist alone; the spectator brings the work in contact with the external world by deciphering and interpreting its inner qualifications and thus adds his contribution to the creative act.






ကျွန်တော်ဟာ ဘုရားသခင်ဖြုတ်လဲထားတဲ့ မီးသီးတွေနဲ့အတူ တစ်စားပွဲထဲထိုင်နေတဲ့ သက်ရှိ installation material တစ်ခုပါ။ မတော်တဆ သေသေချာချာကြည့်မိတဲ့အခါ ဘုရားသခင် လက်မှတ် ကျွန်တော့်ရင်ဘတ်မှာ ရှိတာကိုတွေ့လိမ့်မယ်။


ခင်မင်စွာဖြင့်
Zephyr


Notes:

အမှန်က အင်ဒီဝါးဟိုး အထိ ရေးမလို့ပါ။ ပုံတင်တာမရတော့တာနဲ့ ဒူးရွှန့်မှာတင်ရပ်လိုက်ပါတယ်။ အပျော်ဖတ်လေးပါ။ အပျင်းပြေအောင်ရေးလိုက်ပါတယ်။ မူရင်းစာအုပ်မှာပါတဲ့ ပုံတွေကိုလည်း ရှာပြီးထပ်ပေးလိုက်ပါတယ်။ ရေးထားတဲ့စာတွေမပျင်းမရိလာဖတ်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် စာရေးဖို့ မပျင်းမရိ တိုက်တွန်းတဲ့ အမေ့ကိုကျေးဇူးတင်ပါတယ်။



Peace B with U.

Friday, October 30, 2009

လူနှင့် ကြီးမြတ်ခြင်း ၀ိသေသ

အခုအချိန်မှာ အကြိုက်ဆုံး Quotation တစ်ခုက
The only difference between you and God is that you have forgotten you are divine.
ဘုရားသခင် နဲ့ သင်နဲ့ ကြားမှာ တစ်ခုတည်းသော ကွာခြားချက်က သင်က သင်ရဲ့ ကြီးမြတ်မှုကို မေ့ပစ်လိုက်တာ။
ဒီ အဆိုအမိန့်ကို The Lost Symbol စာအုပ်ကနေ တွေ့တာပါ။ Peter Solomon က Langdon ကို ပြောခဲ့တဲ့စကားပါ။

“A wise man once told me,” Peter said, his voice faint now, “the only difference between you and God is that you have forgotten you are divine.”

... လူတစ်ယောက်စီမှာ ရှိတဲ့ ပင်ကိုယ် စွမ်းအင်တွေအကြောင်းကို တွေးမိပါတယ်။ အဓိက တရားခံကတော့ Dan Brown စာအုပ်ဖြစ်ပါလိမ့်မယ်။ Dan Brown က နောက်ဆုံး ၁၅ မျက်နှာလောက်မှာ (သူ့ဗီလိန်ကို သတ်ပြီးတဲ့နောက်မှာ) သူပြောချင်တာတွေကို လူသုံးယောက်နေရာကနေမရပ်မနား မောစရာကောင်းလောက်အောင် ပြောသွားပါတယ်။ အဓိကပြောသွားတဲ့ အချက်က သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ လူတွေရဲ့ စိတ်စွမ်းအင်ကို အပြည့်အ၀ အသုံးချပြီး လူတွေဟာ ကိုယ့်ပင်ကိုယ် ကြီးမြတ်မှုကို ပြန်ရှာဖွေကြဖို့ဖြစ်ပါတယ်။ ကျမ်းစာကို OPV(Other Point of View) ကနေ သုံးသပ်ထားတာမျိုးကို တွေ့ရပါတယ်။ သမထအကြောင်းကို နည်းနည်း တို့ထားပါတယ်။.... တို့ထားတာမှန်းလည်း သိသာပါတယ်။ သေချာတာကတော့ နောက်ဆုံး ရှစ်မျက်နှာလောက်က ခရစ်ဝင်ကျမ်းတွေကို တီးမိခေါက်မိရင် တော်တော်လေးကို အသေးစိတ်ရေးထားတာကိုတွေ့ရပါလိမ့်မယ်။ ဇာတ်သိမ်းခန်းက ဒါဗင်ချီကုတ်ထ်ရဲ့ ဇာတ်သိမ်းခန်းနဲ့ တော်တော်လေးတူပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံး သူပြောချင်တာမပြောလိုက်ရတဲ့ ဒန်ဘရောင်းဟာ ဇာတ်သိမ်းမှာတော့ မြန်မာကားတွေ အကယ်ဒမီမှန်းထားတဲ့ ဒိုင်ယာလော့ခ်ဆန်ဆန်ပြောသွားပါတယ်။(နမူနာပြရရင်တော့ ငါ၊သူတပါး၊ယောကျာ်း၊ မိန်းမ ဆိုတဲ့ ကားမှာ ခင်ဇာခြည်ကျော်ကဆေးရုံမှာ သေလုမျောပါး မယ်သီလရှင်(ဆရာလေး) အဖြစ်သရုပ်ဆောင်ရင်း မရပ်မနား စကား မိနစ် ၂၀ လောက်ပြောသွားသလိုမျိုးလို့ အကြမ်းဖျင်းနားလည်စေချင်ပါတယ်။)

ကျမ်းစာမှာပါဝင်တဲ့ Temple ဆိုတဲ့ စကားလုံးဟာ ခန္ဓာအိမ်လို့ အဓိပ္ပါယ်ဖွင့်လိုက်တာကတော့ သေချာပါတယ်။ အရှေ့တိုင်း အယူအဆပါ။ ပြောမယ့်သာပြောရတယ်။ အနောက်တိုင်းကသူတွေက သိပ်သနားစရာကောင်းပါတယ်။ ရှိသမျှ ဘာသာကြီးတွေက ဘုရားတွေ(ဘုရားကြီးတွေ) ဟာ အရှေ့တိုင်းသားတွေပါပဲ။ ဒီကိစ္စက လူဖြူကလေးတွေကို အရှေ့တိုင်းသားတွေအနေနဲ့ ဘုရားမဖြစ်နိုင်တဲ့ လူတွေလို့ နှိမ်ချင်စရာကောင်းတဲ့ အချက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အရှေ့တိုင်းဒဿနတွေကို လှလှပပ ဆက်စပ်ပြလိုက်တာကတော့ ယုတ္တိဗေဒကို ကျကျနနတတ်မြောက်ထားတဲ့ သိပ္ပံသမားစစ်စစ်ဖြစ်တယ်ဆိုတာကို သက်သေထူလိုက်ရာရောက်ပါတယ်။ Dan Brown ရဲ့ စာအုပ်တစ်အုပ်စာ ဗဟုသုတအတွက် သူ အနည်းဆုံး အချိန် တစ်နှစ်ကျော်လောက် စုဆောင်းရလိမ့်မယ်လို့ တွေးကြည့်မိတယ်။ သူ့အဆိုအရ GOD ဆိုတဲ့ စကားရဲ့ရင်းမြစ်က ဘုရားသခင်လို့ တစ်ဆူတည်းကို မရည်ညွှန်းဘူး။ ဘုရားများလို့အဓိပ္ပာယ်ရတယ်လို့ဆိုပါတယ်။ သူက ဘယ်လို တွေးသလဲဆိုတော့ ဘုရားက လူကိုဖန်ဆင်းတယ်ဆိုရင်တောင် လူကောင်ကြီးကို ဖန်ဆင်းလိုက်တာမျိုးမဟုတ်ဘဲ စိတ်ကိုဖန်ဆင်းခဲ့တာလို့ဆိုတယ်။ လူတွေရဲ့စိတ်ဟာ ရုပ်ဝတ္ထုတွေကို ဆက်လက်ဖန်ဆင်းသွားတာလို့ ဆိုတယ်။ လူတွေရဲ့စိတ်တွေဟာ ဘုရားရဲ့ စိတ်နဲ့ထပ်တူပဲ ဆိုတဲ့ အယူအဆမျိုးကိုထောက်ပြပါတယ်။ သဘောထားကွဲလွဲနိုင်စရာတွေရှိကောင်းရှိနိုင်ပေမယ့် ဒီအမြင်မျိုးကိုလည်း သေချာတွေးကြည့်ဖို့ကောင်းပါတယ်။ ဒီအယူအဆက ပြင်ပမှာရှိတာတွေအပေါ် စိတ်က လွှမ်းမိုးတယ်ဆိုတဲ့ အယူအဆကို ဖြစ်စေပါတယ်။ ပြီးတော့ ဘုရားနဲ့လူတွေဟာ အဆင့်တူတွေဖြစ်လာစေပါတယ်။ ဆိုလိုတာက လူ့စိတ်ဟာ ဘုရားအဖြစ် အထိ မြင့်မားနိုင်တဲ့ အစွမ်းတွေရှိရက်နဲ့ လူဆန်ဆန်ပဲ ကိုယ့်တက်လမ်းကိုယ်ပိတ်လိုက်တယ်လို့ သူကဆိုလိုချင်ပါတယ်။ ခရစ်ဝင်ကျမ်းတွေမှာလည်း ဘုရားက လူဟာ သူနဲ့ထပ်တူဖန်ဆင်းတယ်ဆိုတာမျိုးပါတယ်လို့ဆိုပါတယ်။ လူက အဖန်ဆင်းခံနေရာမှာသွားနေလိုက်ရာကနေ သူ့မှာ ဖန်ဆင်းနိုင်တဲ့ တန်ခိုးတွေ ပျောက်ဆုံးလာတယ်လို့ စာရေးဆရာကဆိုလိုချင်ပုံရပါတယ်။ အထူးသဖြင့် လူရဲ့ အခန်းကဏ္ဍကို ပိုပြီးမြှင့်တင်လိုက်တာကိုသဘောကျပါတယ်။

ဘုရားဖြစ်တာမဖြစ်တာ အပထား၊ လူဆိုတာ မြင့်မြတ်တဲ့စိတ်နဲ့မွေးကတည်းက for granted ဘုရားဖြစ်ခွင့်ရနေတာဆိုတာကိုက တော်တော်ကျေနပ် စရာကောင်းပါတယ်။ လုတစ်ယောက်စီဟာ တွေးနိုင်သလောက်၊ စိတ်ကူးနိုင်သလောက် ဖြစ်လာနိုင်တယ်ဆိုတာကို သဘောကျပါတယ်။ လူတွေရဲ့ ဖြစ်နိုင်စွမ်းကို စာရေးဆရာက အများကြီးပြောချင်ပုံရပါတယ်။ သူ့ ဇာတ်လမ်းအရ သူ့ဗီလိန်ကို မသတ်ချင်သတ်ချင်သတ်လိုက်ရတဲ့နောက်ပိုင်းမှာ စာရေးဆရာဟာ သူ့ အဓိက ဒဿနကို ဆက်ပြီး ပြောသွားပုံက ရုတ်တရတ် ချိုးကွေ့သွားသလိုမျိုး ... Order တွေထဲမှာ ရုတ်တရတ် Chaos ၀င်လာသလိုဖြစ်နေနိုင်ပါတယ်။ ဒါကလည်း သူတကယ်ပြောချင်တဲ့အချက်ပါ။ ခရစ်ယာန်တွေအတွက်တော့ နားလည်ရတာမခက်လောက်ဘူး ထင်ပါတယ်။ ခရစ်ယာန်မဟုတ်တဲ့ သူတွေအတွက်တော့ နောက်ဆုံး ၁၇ မျက်နှာက အကောက်အယူလွဲစရာ တရားဟောချက်လိုလိုဖြစ်နေနိုင်ပါတယ်။ Dan Brown ဟာ သေချာတာကတော့ ဘာသာတရားကို အမြင်သစ်တစ်ခုကနေ လေ့လာနေတဲ့သူတစ်ယောက်လို့ သူ့စာတွေအရသိနိုင်မှာပါ ။ သူက သေချာတဲ့ သိပံ္ပနယ်မြေမှာ ခြေတစ်လှမ်းအခိုင်ထားပြီး နောက်တစ်လှမ်းကို ဘာသာရေးဘက်ကို လှမ်းကြည့်နေတဲ့သူပါ။ ဒီစာအုပ်မှာဆိုရင်လည်း သမထကြောင့် ဦးနှောက်မှာ ဓာတ် တစ်မျိုးဖြစ်ပေါ်လာပြီး အဲဒီဓာတ်ဟာ ရောဂါတွေကို ပျောက်ကင်းစေတယ်ဆိုတာကို ထည့်ရေးထားပါတယ်။ ဒါကိုကြည့်ရင် သူက သူသိသလောက် အထောက်အထားအရပဲ ယုံနိုင်တယ်လို့ ယူဆစရာရှိပါတယ်။

ဒီတစ်အုပ်အရ Dan Brown ကို ခရစ်ယာန်တော်တော်များများ အမြင်ပြန်ကြည်လာစရာရှိပြီး Free Masons တွေကတော့ နည်းနည်းစိတ်ခုစရာရှိပါလိမ့်မယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဘုရားအဖြစ်ကိုမေ့လျော့ပြီး အသနားခံနေတဲ့ သိမ်ငယ်တဲ့သူ၊ တစ်ခုခုလိုချင်လို ဆုတောင်းနေတတ်ရုံလောက်လူ သာမန်မဟုတ်ဘူး ဆိုတဲ့အချက်ကိုတော့ သေချာတွေးချင်ပါသေးတယ်။

လူတွေဟာ မွေးလာတုန်းက ဘာမှမဟုတ်တာချင်းတူပေမယ့် သေဆုံးသွားတဲ့အခါ လူတစ်ချို့က သိပ်ကြီးမြတ် ခမ်းနားတာတွေ အများအပြား လုပ်ဆောင်ခဲ့ပြီး တစ်ချို့ကတော့ ဘာမှမလုပ်သွားဘဲသေသွားတယ်။ လူတွေက သူတို့အရည်အချင်းကို တကယ်သိပြီဆိုပါတော့ … စိတ်တွေဟာ ရုပ်ဝတ္ထုတွေကို လွှမ်းမိုးနိုင်တာကို နားလည်လာပြီဆိုပါတော့ … အဲဒီအချိန်ကြရင်တော့ လူတွေဟာ စိတ်ကို ပိုတန်ဖိုးထားလာမှာပါ။

ရုပ်ဝတ္ထုတွေကို သိပ်အသားပေးလာတဲ့ ခေတ်ထဲမှာ စိတ်ဟာ အရေးကြီးတယ်လို့ ဘယ်သူရေးရေး သဘောကျနေဦးမှာပါ။ ဘုရားလို တန်ခိုးကြီးလာမှာ မကြီးလာမှာ ခဏထားလိုက်ကြအောင်၊ အနည်းဆုံး ကိုယ့်စိတ်ကို ဂရုပြုတဲ့သူဟာ စိတ်ချမ်းသာလိမ့်မယ်။ ဂရုတစိုက်လမ်းလျှောက်တဲ့သူဟာ ချော်မလဲသလို၊ စိတ်ကို ဂရုပြုတဲ့သူဟာ လွန်ကဲတဲ့ ဒေါသ၊မောဟ၊လောဘ မဖြစ်နိုင်ဘူး။ လွန်ကဲတဲ့ ဒေါသ၊မောဟ၊လောဘ မရှိတဲ့သူဟာ ပိုမြင့်မြတ်တဲ့ အသိဥာဏ်နဲ့ထိုက်တန်လာမှာပါ။ စိတ်ကို စောင့်ရှောက်တာဟာ လူတစ်ယောက်ရဲ့ ယဉ်ကျေးမှုတွေထဲမှာ အမြင့်မားဆုံးယဉ်ကျေးမှုလည်းဖြစ်ပါတယ်။ ကိုယ့်စိတ်ကို စောင့်ရှောက်တဲ့သူတွေဟာ တခြားသူရဲ့စိတ်ကိုလည်း ဒုက္ခမပေးပါဘူး။ အားလုံး စိတ်ချမ်းသာအောင်နေတတ်သွားတဲ့အခါမှာ ကမ္ဘာကြီးဟာ နိဗ္ဗာန်ပိုဆန်လာမှာပါ။ ဘယ်သူက မှ တစ်ခြားတစ်ယောက်ကို ဒုက္ခမပေးဘူး ဆိုတဲ့ခေတ်တစ်ခေတ်မှာနေထိုင်တဲ့ လူတစ်ယောက်ရဲ့ ကြီးမြင့်မှုမျိုးဟာ ဘုရားဆန်တဲ့ မြင့်မြတ်မှုမျိုးဖြစ်ပါလိမ့်မယ်။

ခေတ်အဆက်ဆက်မေ့လာတာတွေထဲမှာ ကိုယ့်ရဲ့ ကြီးမြတ်မှုပါသွားတာကို စိတ်မကောင်းပါဘူး။ တစ်ချိန်တုန်းကတော့ ကျွန်တော်တို့တွေဟာ သိပ်ကို ကြီးမြတ်တဲ့ လူသားမျိုးနွယ်တွေ ဖြစ်ခဲ့မလား။ .. ကျွန်တော်တို့ မသေချာပါဘူး …။ ဆက်ပြီးတွေးမိတော့ သေချာနေသေးတာတစ်ခုကိုတွေ့တယ် …။
လူတိုင်းမှာ အခြေခံအကျဆုံး လွတ်လပ်ခွင့်တစ်ခုအခုအထိရှိပါတယ်။

ကိုယ့်ဘာသာကိုယ် စိတ်ချမ်းသာအောင် လူတိုင်းနေနိုင်တယ်။

ဒီတစ်ခုလောက်ကို ပြန်သတိရတာကိုပဲ ဒီဘ၀အတွက် ကျေနပ်စရာ တစ်ခုတည်းသော အချက်လို့ပဲ သတ်မှတ်လိုက်ကြရအောင်ဗျာ …။ ။

ခင်မင်စွာဖြင့်
Zephyr



Peace B with U.

Tuesday, October 27, 2009

Zephyr & Paradox

ကြက်ဥနဲ့ ကြက်မ အစရှာမရဘူး ဆိုတာကြားဖူးမှာပါ။
ဒီလို ကိစ္စမျိုးကို paradox လို့ခေါ်ပါတယ်။

paradox မှာ liar cycle ဆိုတာလေးတစ်ခုကို ပြောချင်ပါတယ်။
၁။ ဆိုကရေးတီးက ပြောတယ် "ပလေတိုပြောသမျှ အမှားတွေချည်းပဲ"။
၂။ ပလေတိုကပြောတယ်"ဆိုကရေးတီးပြောသမျှဟာ အမှန်တွေချည်းပဲ"။

ဒီနှစ်ခုကိုကြည့်ရင်၊ ဆိုကရေးတီးပြောတာ အမှန်တွေချည်းပဲလို့ပြောနေတဲ့ ပလေတို စကားဟာ အမှန်ဆိုပါတော့။ ဆိုကရေးတီးပြောတော့ ပလေတို ပြောတာ အမှားချည်းပဲဖြစ်နေတယ်။ ပလေတိုပြောတာအမှားတွေလို့ ဆိုကရေးတီးပြောတာမှန်တယ်။ အဲဒီတော့ ဆိုကရေးတီးပြောသမျှ အမှန်ဆိုတဲ့ ပလေတို့စကားဟာမှားတယ်။ ဒီတော့ ဆိုကရေးတီးပြောတာတွေ မမှန်ဘူးလို့ ဆိုကရေးတီးကပြန်ပြောလိုက်သလိုဖြစ်သွားမယ်။ ဖြည်းဖြည်းနားလည်အောင်ဖတ်ပါ။ နားလည်သွားမှ ကျန်တာတွေဆက်ဖတ်ပါ။ ရှုပ်အောင်လုပ်တာမဟုတ်ပါဘူး။ paradox ရဲ့ သဘောကိုနားလည်စေချင်တာပါ။

ကျွန်တော် တို့ အပြင်လောကမှာလည်း ၊ဂွတီးဂွကျတွေ ဖြစ်နေတုန်းပါပဲ။ သက်သေမခိုင်လုံဘဲ သက်သေပြနေတာဟာ liar cycle ထက်ရယ်စရာကောင်းနေနိုင်ပါတယ်။ တစ်ခြားတစ်ယောက်ကို လက်ညှိုးထိုးထားတာဟာ အခန့်မသင့်ရင် ကိုယ့်ကိုယ်ကို ကြည့်မှန်ထဲကနေ လက်ညှိုးပြန်ထိုးမိသလိုဖြစ်သွားနိုင်ပါတယ်။ အကျိုးမရှိတဲ့စကားတစ်ခွန်းကို ပြောပြီး ကိုယ်ကျိုးရှိအောင်လုပ်သွားတတ်တဲ့လူမျိုးတွေကို တွေ့ရတဲ့အခါ liar cycle လေးကို သတိရပါတယ်။ တစ်ချို့ကိစွတွေမှာ တစ်ဖက်သတ်အမြင်တွေဟာ ရပ်တည်ထားတဲ့ အခြေခံအဆိုရဲ့ မခိုင်ခံခံ့မှုကြောင့် ချေပခံရတဲ့အခါမှာ အရှက်တကွဲအကျိုးနည်းဖြစ်နိုင်ပါတယ်။

တကယ်လို့ ကျွန်တော်တို့ပြောသမျှစကားတွေကို တာဝန်အပြည့်အ၀ယူရတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ထွန်းလာပြီး၊ အချေအမြစ်မရှိတဲ့ စကားပြောတဲ့သူ သေဒဏ်ပေးတယ်ဆိုပါစို့ ...။ ကျွန်တော်တို့ အားလုံး စကားပြောခါနီးတိုင်း ... သုံးစက္ကန့်လောက်တော့ တွေးဖြစ်လာမှာပါ။ ကျွန်တော်တို့စာတစ်လုံးရေးခါနီးတိုင်း၊ ခိုင်လုံရဲ့လားလို့ နည်းနည်း တွေးဖြစ်လာမှာပါ။ အပြင်ကပေးတဲ့သေဒဏ်ဆိုတဲ့အရာမရှိပေမယ့် ... ကိုယ်ရေးတာတစ်ခုကို ကိုယ်တာဝန်ယူရတာကတော့ ကိုယ့်စိတ်က ကိုယ့်ကို Self-Image မကောင်းအောင်လုပ်ပစ်လိုက်မှာစိုးရိမ်ရလို့ပါ။ Self-respect ရဖို့ဆိုတာ လူတစ်ယောက်ချင်းစီအတွက် အရေးကြီးပါတယ်။ အပြင်ကလူတွေ ကိုယ့်ကို မလေးစားတာ ပြဿနာမရှိပါဘူး။ ကိုယ့်အကြောင်းအသိဆုံး ကိုယ့်စိတ်က ငါဟာ လေးစားစရာမကောင်းတဲ့ လူညံ့ပဲလို့ သတ်မှတ်လိုက်မှာ လူတိုင်းစိုးရိမ်မိတာပါပဲ။ ပြင်ပက ပေးလို့ရတဲ့သေဒဏ်ဟာ တစ်ခါပဲနာပါတယ်။ ကိုယ့်စိတ်ကပေးတဲ့ သေဒဏ်ကတော့ ... အခါခါနာကျင်နေရတတ်ပါတယ်။

နောက်ထပ် Paradox တစ်ခုပြောပြချင်ပါတယ်။
၁။ဆော့ခရေတ္တိကပြောတယ် ... "အချင်း ပလေတို ဒီတံတားကို ဖြတ်သန်းခွင့်ပြုပါ။"
၂။ ပလေတိုကပြောတယ် ... "အသင်ဆော့ခရေတ္တိနောက်ထပ်ပြောတဲ့စကားမှန်ရင် အသင့်ကို ဖြတ်သန်းခွင့်ပြုမယ်။ မှားရင်တော့ အသင့်ကို ရေထဲပစ်ချမယ်။"
၃။ "ပလေတို သင်ငါ့ကို ရေထဲပစ်ချလိမ့်မယ်" လို့ ဆော့ခရေတ္တိကပြောတယ်။

အဲဒီ အဖြေကြောင့် ဆော့ခရေတ္တိက တံတားကိုဖြတ်ကူးခွင့်ရသွားတယ်။ ပလေတို သင်ငါ့ကို ရေထဲပစ်ချလိမ့်မယ် ဆိုတဲ့စကားဟာ အမှန်ဆိုရင်လည်း ပလေတိုက တံတားကို ဖြတ်ခွင့်ပြုရမယ်။ အမှားပြောတာပဲ ဆိုပြီး ရေထဲပစ်ချလိုက်ရင်လည်း ပလေတိုပြောလိုက်တာက မှန်နေလိမ့်မယ်။ ဒီတော့ ဖြတ်သန်းခွင့်ပြုရလိမ့်မယ်။

ဒီ paradox လေးကိုဖတ်မိတဲ့အခါ ကျွန်တော်ပြုံးမိတယ်။ ဘ၀မှာ တွေ့ကြုံရတဲ့ လောကဓံတိုင်းဟာ ဟာကွက်တစ်ခုတော့ရှိနေတာပဲလို့တွေးကြည့်ချင်ပါတယ်။ မေးခွန်းတစ်ခုကို ဘ၀ကမေးတဲ့အခါ ကျွန်တော်တို့ ဖြေတတ်ဖို့လိုလာပါတယ်။ ဘယ်လိုအဖြေမျိုးဖြေသလဲဆိုတာပေါ်မူတည်ပြီး ကျွန်တော်တို့ တံတားကို ဖြတ်သန်းခွင့်ရမရဆိုတာ ဖြစ်လာမှာပါ။ ကျွန်တော်တို့ရသင့်တဲ့ အခွင့်အရေးကို ပြန်ပြီးကန့်သတ်နေတဲ့ အဖြေမျိုးတွေပေးမိတဲ့အခါ ကျွန်တော်တို့ဟာ ရေထဲကို တွန်းချခံနေရဦးမှာပါ။ ကိုယ့်အဖြေက ကိုယ့်ကို တံတားကို ဖြတ်ခွင့်ရစေတယ်ဆိုတာလေးက အရေးကြီးပါတယ်။ ဒီတံတားဆိုတဲ့ သင်္ကေတဟာ ... တရားသမားတစ်ယောက်အတွက် တရားရစေတဲ့တံတားဖြစ်နိုင်သလို၊ အောင်မြင်မှုအတွက် ကြိုးပမ်းနေသူတွေအတွက် ရည်မှန်းချက်ပန်းတိုင်လည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ပေးလိုက်တဲ့ အဖြေတွေက လုံလောက်ရဲ့လားလို့ ရပ်တန့်စဉ်းစားဖို့ကောင်းပါတယ်။

ကိုယ်ရလိုက်တဲ့ စိတ်ချမ်းသာမှုဖြစ်စေ၊ သောကဖြစ်စေ ... အဲဒါဟာ ကျွန်တော်လို့ဖြေလိုက်တဲ့ အဖြေတွေရဲ့ တန်ရာတန်ကြေးဖြစ်တယ်ဆိုတာကို သတိထားမိလာကြတဲ့အခါ ကျွန်တော်တို့ဟာ ကိုယ်ရနေတဲ့ လွတ်လပ်စွာ အဖြေပေးခွင့်ကို တန်ဖိုးထားမိနေကြဦးမှာပါ။

ခင်မင်စွာဖြင့်
Zephyr

Notes:
ရုံးမသွားဘဲ အိမ်မှာနားနေရင်း Paradoxes from A to Z, Second Edition, Micheal Clark စာအုပ်ဖတ်ဖြစ်ပါတယ်။



Peace B with U.