Friday, June 13, 2014

အရင်အတိုင်း/အရင်းအတိုင်း

အရင်အတိုင်း/အရင်းအတိုင်း

တစ်ချိန်က သီချင်းသံများကို ကြားနေသည်။ အာရုံနှင့် ဒွာရ၏ ထိခိုက်မှု တိုးတိတ် ဖြူဖျော့သော သိစိတ်ဖြင့် ကြားနေသည်။ သတိရခြင်း၏ အဖြူရောင်သည် မိးခိုးရောင်တိမ်တိုက်များမှ အမည်းရောင်များကို ဆေးကြောပစ်လိုက်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

မီးခိုးရောင် - အမည်းရောင် = အဖြူရောင်

ထိုသို့ဖြစ်ချင်ဖြစ်မည်။ ညီမျှခြင်း၏ တစ်ဖက်တစ်ချက်မှ အခြားတစ်ဖက်သို့ လျှင်မြန်စွာ ပြောင်းလဲရန် ဓာတ်ကူပစ္စည်းများလိုအပ်ခဲ့သေးလား သေချာမမှတ်မိပါ။ အပူတိုက်လျှင် ပြောင်းလဲသွားသော မျှခြေအခြေအနေကို ကံဆိုးခြင်း ကိန်းသေဖြင့်သာ မြှောက်ပါ။ တစ်ချိန်တွင် ဆတိုးပွားများလာသော နောင်တသည် ဥပါဒါန်၏ အမျှင်အတန်း ဖြစ်မည်။ အိပ်ကပ်အလွတ်ထဲ အပြည့်အသိပ်ထည့်လာသော ယုံကြည်ခြင်းသည် ငွေကြေးတန်ဖိုးအားဖြင့် သုညသာဖြစ်သည်။

လက်ယာဘက် လက်မောင်းမှ ဖရီးမေဆင်တို့၏ သင်္ကေတ တက်တူး အောက်ခြေတွင် သူမ၏ နာမည်အတိုကောက် ထိုးထားခြင်းမှာ အပျော်သဘော သက်သက်မဟေုတ်ကြောင်း သူလည်း သိပါလိမ့်မည်။ ကောင်းကင်နှင့်မြေကြီးသည် ချစ်ခြင်းတရား၏ ဗျာဒိတ်တော်ကို စောင့်ရှောက်ခြင်း အလို့ငှာ တုန်ရီနွေးထွေးနေခဲ့ဖူးသည်။ ပုံပြင်များသည် လှပသော အရိပ်နိမိတ်နှင့်အတူ လွယ်ကူစွာ ပြေလျော့ပျောက်ကွယ်သွားတတ်သော သစ်ရွက်ကြွေများထက်တော့ ခိုင်မာခဲ့သည်။

စနစ်တကျ တပ်ဆင်မထားသော ယုတ္တိဗေဒ၏ အပြင်ဘက်တွင် ထွက်ထိုင်နေသော နှစ်အနည်းငယ်သည် စိတ်ချမ်းမြေ့ဖွယ်သာယာသော ကီတာရိုး၏ ဂီတသံနှင့်တူကောင်းတူခဲ့လိမ့်မည်။ ဝန်ပိုတင်ဆောင်ခြင်းမရှိသော ငှက်ကျေးများ၏ အိပ်တန်းတက်ရာ သစ်ပင်အို၏ အုံ့ဆိုင်းညို့မှိုင်းမှုကို နာရီပေါင်းများစွာ ထိုင်ကြည့်ခဲ့ကြဖူးသည်။ အမောက်အနီနှင့် oranda ငါးလေးများ အတူသွားဝယ်ရင်း ဘဝအဓိပ္ဗာယ်သည် အမောက်အနီနှင့် ငါးကလေး၏ စူပွပွ အစာတောင်းသော၊ မျှော်လင့်တတ်သော နှလုံးသားမျှသာဖြစ်ကြောင်း ယုံကြည်လိုက်ရန် အခက်အခဲမရှိခဲ့ကြပါ။

ခြေထောက်များ၏အခက်အခဲမှာ ညီညာသော မြေမျက်နှာပြင်နှင့်သာ သင့်မြတ်ခြင်းဖြစ်သည်။ မျှော်လင့်မထားသော အပြုံးရောင် နံနက်ခင်း၏ ချိုသာသော တေးသည် စံပယ်ရနံ့စိုစွတ်သော ကိုယ်သင်းနံ့ဖျော့ဖျော့လေးတစ်ခုဖြစ်မည်။ အိမ်မက်များ၏အခက်အခဲမှာ အလွယ်တကူမေ့ဖျောက်ရန်မတတ်သာခြင်းဖြစ်၍ ၊ ချစ်ခင်သူ၏ အခက်အခဲမှာ ဝေးကွာနေသော စက္ကန့်များ၏ ကြာညောင်းမှုကို စိတ်ရှည်လက်ရှည် သည်းခံနိုင်ရန် မစွမ်းသာခြင်းဖြစ်လိမ့်မည်။ တိမ်တိုက်များသည် အနက်ရောင်ကောင်းကင်တွင် မမြင်ရသည့်တိုင် ထာဝရ လှပနေကြသည်။

ကြယ်များသည် မိမိ၏ စိတ်နှင့် ဆက်သွယ်နေသော အချက်ပြမီးများဖြစ်သည်။ ကောင်းကင်သည် သုံးဘက်တိုင်း ပိရမစ်တစ်ခုဖြစ်လျှင် သိုဝှက်ထားသော စကြဝဠာတစ်ခုစီ၏ သင်္ကေတကို ကြယ်များက ပြောပြနိုင်လိမ့်မည်ထင်သည်။ လောကတွင် လေးနက်သော အရာ သုံးခုရှိလျှင် ကတ္တရာပုံး၊ ကျွဲ နှင့် ကျွန်တော်၏ အချစ်တို့သာဖြစ်လိမ့်မည်ဟု သူက နောက်ပြောင်ခဲ့ဖူးသည်ဟု မှတ်မိနေသေးသည်။

မျက်စိမှိတ်ထားသော်လည်း လက်မတည့်လှသည့် ပေါက်ဓား ဆရာမှာ ကံကြမ္မာသာလျှင်ဖြစ်သည်။ ထိုစာကြောင်းအတွက် ကျွန်တော် အချိန်သုံးနှစ်ကြာသင်ယူခဲ့ရသည်ဆိုလျှင် ရယ်ပွဲဖွဲ့စရာဖြစ်လိမ့်မည်ထင်သည်။ မိမိလက်ဖဝါးမှ တစ်သက်တာ ကြက်ခြေခတ်များထက် ပို၍ထင်းသော ရှေ့ဖြစ်ဟောဆရာမှာ ကျွန်တော်၏ မတော်လိုက်ရသော ယောက္ခမလောင်းကြီးသာလျှင် ဖြစ်လိမ့်မည်။ လူတစ်ယောက်၏ အနာဂတ်ကို အလွယ်တကူဆုံးဖြတ်စီမံတတ်ပုံမှာ မှတ်တိုင်ကျော်သွား၍တစ်ချက် လှမ်းတော့ခိုင်းနေသော စပယ်ယာထက်ပင် လွယ်ကူနေပေသေးသည်။

ရယ်စရာများသည် တစ်ချိန်က ရယ်စရာမကောင်းခဲ့ပါ။ ဆုတောင်းကောင်းခဲ့သော မနက်ခင်း၏ စံပယ်ပန်းများသည် ထာဝရ မွှေးမြနေပါလိမ့်မည်။ ကျွန်တော်ငေးကြည့်နေသော သူ(မ)၏ကြယ်ကလေးသည် လှပသော အနာဂတ်ရှိပါလိမ့်မည်။ somewhere over the rainbow သီချင်းအရ ..... သက်တံများနောက်သို့ လိုက်ရင်း သူ့အမည်နှင့် အတိုကောက် စာလုံးဆင်သော ချစ်စရာ ကောင်မလေးကို လက်ထပ်၍ ပျော်ရွှင်သော ပစ္စုပ္ဗန်ကိုဖြတ်သန်းနေခြင်းမှာ တက်တူးဖျက်ရန် ပျင်းရိမှုကြောင့်သာဖြစ်ကြောင်း ကျွန်တော်မသေချာလှပါ။

လွန်ခဲ့သော ဆယ်စုနှစ်မှ စံပယ်ပန်းခြောက်များကို အလွန်လှသော လေလုံဖန်ပုလင်းဖြင့်ပိတ်လှောင်ကာ အင်ဒိုနီးရှားပင်လယ်ကမ်းခြေတွင် မျောခဲ့ပြီဖြစ်ပါသည်။ ထိုနေ့ညတွင် မော့မကြည့်သည့်တိုင် ကြယ်ကြွေလွန်းသောည ဖြစ်မည်ဟု သေချာနေလိုက်သည်။ ထိုနေ့မှစ၍ ကောင်းကင်ကို မော့ကြည့်ရန် အလွန်ပျင်းရိသွားခဲ့ပြီဖြစ်သည်။     ။

Regards,
Zephyr



Peace B with U.

Sunday, June 8, 2014

စမ်းသပ်မှုများဖြင့်

စမ်းသပ်မှုများဖြင့်

စက်များ၏ရွေ့လျားမှုသည် တစ်ချိန်တန့်ရပ်သွားရလိမ့်မည်။ တိုးလျသောတေးသံများ၏ အစွန်အဖျားတွင် သူနေထိုင်သည်။ ပန်းနုရောင် တိမ်တိုက်များဖြင့်တည်ဆောက်ထားသော တဲအိမ်ငယ်၏ အထီးကျန်ဆန်လွန်းသော နေ့ရက်များ ပိုင်သသော ပြည့်ရှင်မင်းသည် ဖျော့မှိန်သွားသော နေဝင်ချိန်ကို ငေးကြည့်နေသူသာဖြစ်သည်။ အသစ်မွေးဖွားလာသော ကလေးများအတွက် နေရာဖယ်ပေးရန် ထွက်ခွာသွားသော လူကြီးသူမများ၊ လက်ဆင့်ကမ်းခြင်းသည် လက်ဝှေ့ယမ်း နှုတ်ဆက်ခြင်းနှင့်တူနေသည်။ အိမ်မက်များနှင့် လက်တွေ့ဘဝ၏ အရောင်များ ကွာခြားချက်ဖြင့်သာ သူရွေ့လျားနေသည်။ အရောင်အသွေးစုံလင်သော ကြက်တူရွေးတစ်ကောင်ကို သူကြည့်နေမိသည်။

UP ဇာတ်ကားထဲမှာ ကယ်လ်ဗင် ပေါ်လာသည်။ ပြေးလွှားခြင်းများ၏နောက်ကွယ်တွင် ရှင်သန်လိုစိတ်ပါဝင်ကြောင်း၊ မိသားစုဘဝကို ကာကွယ်ပေးလိုစိတ်များဖြင့်နီစွေးသော သွေးများလည်ပတ်လျှက်ရှိကြောင်း သူပြောပြသွားသည်။ ဒဏ်ရာများသည် သက်သာသွားသည့်တိုင် စိတ်ထဲတစ်ဆစ်ဆစ် ကိုက်ခဲနေမှုတို့သည် ရပ်တန့်မသွား။ အလွမ်းသည် ပုံသေကားချတွက်ချက်ထားသော အတိုင်းအတာတစ်ခုမဟုတ်သောကြောင့် နှလုံးသားနှင့် ဆန့်ချင်မှဆန့်လိမ့်မည်ထင်သည်။ တိတ်ဆိတ်ခြင်း၏အသံသည် တိတ်ဆိတ်သူအတွက်သာဖြစ်သည်။ လည်ပတ်နေသေးသော သွေးများ တုန့်ခနဲရပ်တန့်သွားခြင်းသည် မတော်တဆမှုတစ်ခုသာဖြစ်ပါသည်။

ဆန့်ကျင်မှုများသည် ချစ်ခင်မှုများ၏ ဘေးထွက်ဆိုးကျိုးများသာဖြစ်ကြောင်း မကြာသေးမီက ကျွန်တော်သိရှိခဲ့သည်။

ချစ်ပ် အန် ဒေးလ် တို့ပျော်နေပုံမျိုး ဘယ်တော့မှပြန်မရနိုင်မှန်းသိလာသည့်အချိန်တွင် ကျောင်းသားဘဝသည် ဟိုးအဝေးကြီးမှာ ကျန်ခဲ့လေပြီ။ သစ်ပင်လေးတစ်ပင်၊ သစ်ကြားစေ့လေးအနည်းငယ်၊ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အတိုဆုံးကျောင်းဖွင့်ချိန်တွေ၊ အပြာရောင်ကောင်းကင်ကြီး အလှဆုံးပွင့်လန်းနေခဲ့ဖူးသည်။ ကျောင်းသွား၊ကျောင်းပြန်မြင်ကွင်းများပျောက်ကွယ်သွားမည်ကို စိုးရိမ်မိခဲ့ဖူးသောနေ့စွဲများ၊ သံယောဇဉ်တို့ဖြင့် အိမ်ဖွဲ့နေထိုင်ကြသော ပင့်ကူများ။ တစ်ယောက်ရဲ့ စိတ်သောကကို တစ်ယောက်က ကုစားခဲ့ကြ။ အချစ်ဆုံးသူငယ်ချင်းတွေ လက်ရေးလှလှနဲ့ကူးရေးပေးတဲ့မှတ်စုတွေနဲ့ စာမေးပွဲတွေကို ရင်ဆိုင်။ ဘဝမှာ အပျော်ဆုံး ငါးနှစ်၊ တစ်စက္ကန့်မှ ချန်မထားရစ်နိုင်ခဲ့ပါ။ ဆောင်းရာသီ၏ အေးမြမှုနှင့်ကွယ်၍ စောင့်ကြိုနေသော နွေဦးရာသီ၊ အဆိပ်သင့် ဥသြနှင့် ကံဆိုးခြင်း ၁၃ ဖဲများ။

ပုတ်သင်ညိုလေး ရန်ဂိုကတော့ သူရဲကောင်းယောင်ဆောင်နေလိမ့်ဦးမည်။ အောင်မြင်မှုများသည် ရှုံးနိမ့်မှုများအတွက် အကောင်းဆုံး လက်တုံ့ပြန်ခဲ့ခြင်းများလည်းဖြစ်နိုင်သည်။

အမှိုက်ကောက်စက်ရုပ်လေး ဝေါလ် အီး နှင့် အဆင်မြင့် စက်ရုပ်လေး အီဗာတို့၏ချစ်ခြင်းသာယာခဲ့ခြင်းမှာ ယောက္ခမများ၏ အခန်းကဏ္ဍကို ထည့်သွင်းမထား၍လည်းဖြစ်မည်ဟု ကျွန်တော်ထင်မိခဲ့ဖူးပါသည်။ အနာဂတ်သည် နေ့စဉ်ထုတ်သတင်းစာ မဟုတ်သောကြောင့်ကြိုတင်ပြင်ဆင်မှုများဖြင့် သွေးပူလေ့ကျင့်ထားရန်မလိုအပ်ပါ။ ရဲရဲရင့်ရင့် ရိုးရိုးသားသား လျှောက်မြဲလျှောက်သွားရုံမျှဖြင့်လည်း ရောက်သင့်သလောက်တော့ ရောက်သွားနိုင်ပါလိမ့်မည်။

ဒီတစ်နေ့မှာ အကောင်းဆုံး အလုပ်တွေလုပ်သွားဖို့အတွက် ကျမ်းအစောင်စောင်ဖတ်နေရန်မလိုပါ။ ခရုကလေးထာဘို ဆီမှလည်း သင်ယူနိုင်လိမ့်မည်ထင်ပါသည်။ လူ့လောကသည် သမားရိုးကျစီးဆင်းနေခြင်းမဟုတ်၍ ပြောင်းပြန်လုပ်ကိုင်လိုက်မှ အတည့်ဖြစ်သွားခြင်းလည်းရှိပါလိမ့်မည်။ ရိုက်ညီနောင်၏ စိတ်ကူးအတွက် တောင်ပံတပ်၍ တောင်ထိပ်မှ အရင်ခုန်ချသွားသော စွန့်ဦးတီထွင်သူများကိုလည်း မေ့ထားရန်မကောင်းပါ။ လေယာဉ်မမြင်ဖူးပဲလေယာဉ်ပုံဆွဲထားသော ဒါဗင်ချီ၏ ကွန့်မြူးချက်သည် သာသာယာယာရှိ၍ အသင့်အတင့် ဂြိုဟ်သားဆန်ခဲ့ပါသည်။

အောင်မြင်လိုစိတ်သည် တစ်ပါးသူကို အနိုင်လိုချင်စိတ်မဖြစ်သင့်ပါ။ နေရာတစ်ခုကို မရမကမလိုချင်သူအတွက် နေရာပျောက်သည်ဟူ၍ မရှိနိုင်ကြောင်း ဆရာတော် ဦးဇောတိကပြောသည်ဟု ကျွန်တော့်သူငယ်ချင်းကဆိုပါသည်။ ပျင်းရိမှုမှလွဲရင် အခြားမည်သည့်နေရာမှ ဇွဲမကောင်းသော ကျွန်တော်တို့ကြောင့်ဖြင့် ကမ္ဘာမပျက်နိုင်သည်မှာ သေချာသလောက်ရှိပါသည်။ အာဏာရူး၊ ဥစ္စာရူးဖြစ်ရန်အတွက်လည်း မည်သည့်အခါမှ အားထုတ်ဖြစ်မည်မဟုတ်ပါ။ အေးချမ်းသောတောင်ထိပ်တစ်ခုခု၏ ကျယ်ပြောသော လွင်ပြင်တစ်ခုခုတွင် ကျောခင်းရင်း လင်းလက်လှပနေသော ကြယ်များကို မော့ကြည့်နေချင်သည်ထက်ပိုသော စိတ်ကူးစိတ်သန်းလည်း တစ်ရံတစ်ခါမှမရှိခဲ့ပါ။

ရှင်သန်ခွင့်ရနေသေးသော လောကတွင် သဘာဝတရား၏ ပြည့်ဝသော အလှတရားများကို တန်ဖိုးထားလိုက်နာသွားလိုသော ဘာသာတရားဖြင့်သာ ကျွန်တော်နေထိုင်လိုသည်။ တစ်ပါးသူ၏ ရှင်သန်မှုနှင့် လွတ်လပ်ခွင့်ကို တန်ဖိုးထားတတ်သောစိတ်နှလုံးဖြင့်သာ ညနေခင်းလမ်းလျှောက်ထွက်လာသလို လောကကိုဖြတ်သန်းသွားလိုပါသည်။ နောက်တစ်ကြိမ်ဖြတ်သန်းရန် စိတ်ကူးမရှိတော့သော သံသရာချဲ့တရားများနှင့်ကင်းရာ၊ ဝိဝေကတရားများ ရှင်သန်ပွင့်လန်းရာ ဥယျာဉ်မှတစ်ဆင့် ဝိမုတ္တိတေးသံကို နာယူလိုပါသည်။ သင်္ခါရဓမ္မ၏ ကင်းရာ၊ကုန်ရာသို့ တရွေ့ရွေ့ချဉ်းနင်းဝင်ရောက်နိုင်ရန် ဥပါဒါန်၏ အမြစ်များကို ဖယ်ရှားသုတ်သင်ရင်း တုန်လှုပ်ခြင်းကင်းသော၊ ဒွိဟမဲ့သော၊ အတိတ်၊အနာဂတ်သို့ ပျံ့လွင့်ခြင်းကင်းသော၊ တည်ကြည်မြဲမြံသော၊ သန္တိတသို့သာ ထာဝစဉ်မျက်မှောက်ပြုသော စိတ် အခြေအနေကို ပြုစုပျိုးထောင်ရန်အတွက်သာဤလောကသို့ အလည်လာခဲ့ခြင်းဖြစ်ကြောင်း မေ့မနေကြစေရန် .... ကျွန်တော်တို့၏ အမောဟ နှလုံးသားများကို ကျွန်တော်တို့ သတိပေးကြဖို့လိုအပ်မည်ထင်ပါသည်။

ငြိမ်သက်သောစိတ်ဖြင့်
Zephyr



Peace B with U.