Friday, October 31, 2014

အပိုင်း ၅- Creativity - OSHO

မူလာ နရူဒင်ရဲ့ ဇနီးကနောက်တစ်နေ့မှာရောက်လာတယ်။ သူ ကျုပ်ဆီလာခဲတယ်။ သူလာပြီဆိုရင် ကျုပ်သိလိုက်ပြီ။ မိုးမီးလောင်နေလို့ပဲဖြစ်ရမယ်။ ဘာဖြစ်လာတာလဲလို့ ကျုပ်မေးလိုက်တယ်။  သူက မိနစ်သုံးဆယ်လောက်ကြာအောင် စကားလုံးထောင်နဲ့ချီပြောတယ်။ မူလာနရူဒင်က အိပ်နေတုန်း ယောင်ယမ်းပြီး စကားတွေပြောနေတယ်တဲ့။ အဲဒါကျုပ်ကို ကယ်ခိုင်းနေတယ်။ သူစကားတွေအများကြီးပြောနေတော့ ကျမ သူနဲ့တစ်ခန်းထဲ အိပ်လို့မရတော့ဘူး။ သူက အော်ဟစ်ပြီး မဖွယ်မရာတွေပြောနေတယ်။

ကျုပ်ကပြောပြတယ်။ ဘာမှလုပ်နေစရာမလိုဘူး။ နင်တို့လင်မယားနှစ်ယောက် နိုးနေချိန်မှာ စကားစမြည်လေးပြောကြ။

လူတွေဟာ စကားတွေ ဆက်တိုက် ပြောနေတယ်။ တခြားသူတွေကိုတောင် အလှည့်မပေးတော့ဘူး။ စကားပြောတာဟာ ဆေးလိပ်သောက်နေသလိုမျိုးပဲ။ တစ်နေကုန် မရပ်မနား ပြောနေတော့တာပဲ။ နိုးနေတုန်းေ ပြောတယ်။ ခန္ဓာက ပင်ပန်းသွားတယ်။ ခင်ဗျားအိပ်ပျော်တယ်။ ပြောနေတဲ့စိတ်ကလေးကတော့ မရပ်ဘူး။ ဆက်တိုက် ဆက်ပြောနေတော့တာ။ ပြောတယ်၊ ပြောတယ်၊ ပြောပြီးရင်းေ ပြောနေတော့တာ။ အဲဒါ ဆေးလိပ်သောက်ခြင်းနဲ့မခြားလှဘူး။ ပါးစပ်က လှုပ်နေဖို့လိုတယ်။ အဲဒါကလည်း အခြေခံ လုပ်ငန်းဆောင်တာတစ်ခုပဲ။ ပါးစပ်လှုပ်တဲ့ကိစ္စဟာ ခင်ဗျားဘဝ စကတည်းက ပထမဆုံးစတင်ခဲ့တဲ့ လုပ်ငန်းဆောင်တာပဲလေ။

ကလေးလေးတွေ မွေးလာတော့ မိခင်နို့သောက်စို့ကြတယ်။ အဲဒါ ပထမဆုံးနဲ့ အခြေခံအကျဆုံး လုပ်ငန်းဆောင်တာ တစ်ရပ်ပဲ။ ဆေးလိပ်သောက်တယ်ဆိုတာလည်း သားမြတ်ကနေ နို့စို့တဲ့အခါ နို့ရည် စီးဝင်လာသလိုမျိုးပဲ။ ဆေးလိပ်သောက်ခြင်းမှာတော့ နွေးထွေးတဲ့ မီးခိုးက စီးဝင်လာတာပေါ့။ နှုတ်ခမ်းမှာခဲထားတဲ့ စီးကရက်ဟာ မိခင်ရဲ့သားမြတ်ပဲပေါ့။ ခင်ဗျားဟာ ဆေးလိပ်သောက်ခွင့်မရရင် ပီကေဝါးမယ်။ ဟိုလုပ်ဒီလုပ် လုပ်မယ်။ နောက်ဆုံးတော့ စကားပြောတော့တာပဲ။ အဲဒါသိပ်အန္တရာယ်ကြီးတယ်။ ခင်ဗျားက ကိုယ့်အမှိုက်တွေကို တစ်ခြားသူတွေရဲ့ စိတ်တွေထဲ သွန်ချနေတာကိုး။

ခင်ဗျားအချိန်ကြာကြာကြီး တိတ်ဆိတ်နေနိုင်သလား။ စိတ်ပညာဆရာတွေကတော့ပြောတယ်။ ခင်ဗျား သုံးပတ်လောက် စကားမပြောဘဲနေလိုက်ရင် ခင်ဗျားကိုယ်ခင်ဗျား စကားစပြောတော့တာပဲ။ နောက်တော့ နှစ်ကိုယ်ခွဲဖြစ်သွားမယ်။ ခင်ဗျားပြောပြီး ခင်ဗျားနားထောင်လိမ့်မယ်။ အဲဒီလိုနဲ့ သုံးလလောက် နေလိုက်ရင် ခင်ဗျားအရူးထောင်သွားဖို့ အသင့်ဖြစ်သွားပြီ။ ခင်ဗျားဘေးမှာ လူရှိရှိ၊မရှိရှိ ကိစ္စမရှိတော့ဘူး။ ခင်ဗျားဟာ ခင်ဗျား ပြောမယ်။ ပြောရုံမကဘူး။ ကိုယ်ပြောတာ ကိုယ့်ဟာကိုယ် ပြန်ဖြေဦးမယ်။ ခင်ဗျားဟာ လုံးဝကို ပြည့်စုံသွားတော့တာ။ ခင်ဗျား ဘယ်သူ့ကိုမှ မမှီခိုတော့ဘူး။ စိတ္တဇဝေဒနာသည်ဟာ အဲဒီလိုမျိုးပဲ။

စိတ္တဇဝေဒနာသည်တစ်ယောက်ရဲ့ ကမ္ဘာဟာ သူ့စိတ်ထဲမှာ ကန့်သတ်ဖြစ်တည်နေတယ်။ သူဟာ အပြောသမား၊ သူကပဲ နားထောင်သူ။ သူဟာ ပြူမူသူ၊ သူကပဲ စောင့်ကြည့်သူ။ သူ့ဟာသူ အားလုံးဖြစ်နေတာ။ သူ့လောကကြီးကို သူ့ကိုယ်ထဲမှာ ကန့်သတ်ထားလိုက်သလိုပဲ။ သူ့ကိုယ်သူ အစိတ်အပိုင်းတွေ အများကြီးခွဲထုတ်နိုင်သေးတယ်။ အရာရာ အစိတ်စိတ်အမွှာမွှာဖြစ်ကုန်တယ်။ အဲဒါကြောင့်လည်း လူတွေက ဆိတ်ငြိမ်မှုကို ကြောက်ကြတာ။ သူတို့သိတယ်လေ။ တိတ်တိတ်လေးနေလိုက်ရင် လွတ်သွားနိုင်တာကိုး။ ခင်ဗျားဟာ ဆိတ်ငြိမ်ရမှာကို ကြောက်နေသေးသ၍ စိတ်ထဲမှာ အစွဲတွေရှိနေတယ်။ အဖျားရှိတယ်။ ရောဂါရှိတယ်။ အဲဒါတွေက ခင်ဗျားကို လှုပ်ရှားတက်ကြွနေဖို့ ပြောမှာပဲ။

လုပ်ငန်းဆောင်တာဟာ ခင်ဗျားကို တစ်ယောက်တည်းဖြစ်နေခြင်းကနေ ကယ်ထုတ်ပေးနေတာ။ တစ်ခုခုလုပ်နေခြင်းအားဖြင့် ခင်ဗျားဟာ ရှိနေတယ်။ တစ်ခုခု လုပ်နေခြင်းအားဖြင့် တစ်ယောက်တည်းဖြစ်သွားမယ့် ကိစ္စကနေ လွတ်မြောက်နေတယ်။ ဒါဟာ မူးယစ်ဆေးတစ်ခု သုံးနေတာနဲ့အတူတူပဲ။ လုပ်ငန်းဆောင်တာတွေနဲ့ ခင်ဗျားကိုယ်ခင်ဗျား မေ့ထားလိုက်လို့ရတယ်။ မေ့ထားလိုက်ရင် ပူပန်စရာ၊ စိတ်ထဲမှာ နာကျင်ထိခိုက်စရာ၊ စိုးရိမ်စရာ(သောက၊ပရိဒေဝ၊ဗျာပါဒ) ရှိမနေတော့ဘူး။ အဲဒါတွေကြောင့်ပဲ ခင်ဗျားဟာ အဆက်မပြတ် လှုပ်ရှားတက်ကြွနေဖို့လိုလာတယ်။ တစ်ခုမဟုတ်တစ်ခု လုပ်နေမှ ဖြစ်နေတယ်။ ဒါပေမယ့် ဘာမှမလုပ်ဘဲနေခြင်းရဲ့ သီးပွင့်ဝေဆာမှု အခြေအနေဆီကိုတော့ ခင်ဗျား ဘယ်တော့မှ မရောက်နိုင်တော့ဘူး။

ပြုမူလုပ်ကိုင်ခြင်း(Action) ကကောင်းပါတယ်။ လုပ်ငန်းဆောင်တာ (Activity) တွေကတော့ ဆိုးတယ်။ ဒီနှစ်ခုခြားနားချက်ကို ခင်ဗျားစိတ်ထဲမှာ ကိုယ်တိုင် ခွဲခြားနိုင်အောင် ရှာကြည့်ရမယ်။ ဘယ်ဟာ Action လဲ။ ဘယ်ဟာက Activity လဲ။ ဒါ ပထမအဆင့်ပဲ။ ဒုတိယအဆင့်က ပြုမူလုပ်ကိုင်ခြင်းဘက်ကို ပိုပြီးပါဝင်လာဖို့ပဲ။ အဲဒါမှ စွမ်းအင်ဟာ ပြုမူလုပ်ကိုင်ခြင်းဘက်ကို ရွေ့လျားသွားမယ်။ လုပ်ငန်းဆောင်တာတွေရှိလာရင်လည်း ခင်ဗျား သေချာ သတိထားမိလာမယ်။ ပိုပြီး သတိကောင်းနေမယ်။ သေချာသိနေရင် လုပ်ငန်းဆောင်တာတွေ ရပ်သွာမယ်။ စွမ်းအင်တွေက အပိုမကုန်တော့ဘူး။ အပိုမကုန်တော့  ပြုမူလုပ်ကိုင်ခြင်းအတွက် အပိုရှိလာတယ်။

ပြုမူလုပ်ကိုင်တယ်ဆိုတာ ချက်ချင်းပဲ။ ကြိုပြီး အသင့်လုပ်ထားလိုက်မယ်ဆိုတာမျိုး မဟုတ်ဘူး။ ကြိုရက်လုပ်ထားတာ မဟုတ်ဘူး။ ခင်ဗျားကို ဘယ်တော့မှ ကြိုတင်ပြင်ဆင်ခွင့်လည်း ပေးမှာမဟုတ်ဘူး။ ဇာတ်ကြိုတိုက်ထားလိုက်မယ်ဆိုတာမျိုး ရှိကိုမရှိဘူး။ ပြုမူလုပ်ကိုင်မှုဟာ မနက်ခင်းမှာ ကျဆင်းနေတဲ့ ရေမှုန်ရေစက်လေးတွေလို သစ်လွင်ပြီး လတ်ဆတ်နေတာ။ လူတစ်ယောက်ဟာ ပြုမူလုပ်ကိုင်ခြင်းနဲ့ တကယ်နေပြီဆိုရင် အမြဲ ဖျတ်လတ်ပြီး ငယ်ရွယ်နေတော့တာပဲ။ ခန္ဓာကြီးကတော့ အိုမှာပေါ့ဗျာ။ သူ့ရဲ့ လတ်ဆတ်မှုကတော့ ဆက်လက်ဖြစ်ထွန်းနေတယ်။ ခန္ဓာကြီးက သေကောင်းသေသွားမယ်။ သူ့ရဲ့ငယ်ရွယ်မှုကတော့ ဆက်လက်ဖြစ်ထွန်းနေတယ်။ သူ့ခန္ဓာကိုယ်ကြီး မရှိတော့ရင်တောင် သူရှိနေဦးမယ်။ ဘာလို့လဲဆိုတော့ ဘုရားသခင်ဟာ လတ်ဆတ်မှုကို ချစ်ခင်တာကိုး။ ဘုရားဟာ သစ်လွင်ပြီး လတ်ဆတ်တဲ့ သူတွေအတွက်ပဲ။

ခင်ဗျားဟာ လုပ်ငန်းဆောင်တာတွေကို ပိုပိုလွှတ်ချလိုက်ရမယ်။ ဘယ်လိုလွှတ်ချမှာလဲ။ အဲဒီလိုလွှတ်ချလိုက်တာကိုပဲ ခင်ဗျားငြိတွယ်သွားနိုင်သေးတယ်။ အဲဒါမျိုး ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေမှာ ဖြစ်တယ်။ လုပ်ငန်းဆောင်တာတွေကို လွှတ်ချလိုက်တာကိုပဲ တွယ်ငြိနေမိပြန်ရော။ သူတို့ဟာ အဲဒီလို လွှတ်ချနိုင်ဖို့(ဥပါဒါန်ကင်းဖို့) ဘုရားစာဆို၊ တရားထိုင်၊ ယောဂကျင့် အဲဒီလိုကိစ္စတွေ လုပ်ရင်း အဲဒီအလုပ်တွေက လုပ်ငန်းဆောင်တာ ပြန်ဖြစ်လာတယ်။ အဲဒီလို လွှင့်ပစ်လိုက်လို့ မရဘူး။ အဲဒီလို လွှင့်ပစ်လိုက်ရင် လုပ်ငန်းဆောင်တာတွေက နောက်ဖေးပေါက်ကနေ ပြန်ဝင်လာလိမ့်မယ်။

အမြဲ သတိထားပါ။ ပြုမူလုပ်ကိုင်ခြင်းနဲ့ လုပ်ငန်းဆောင်တာရဲ့မတူညီမှုကို ခံစားကြည့်ပါ။ လုပ်ငန်းဆောင်တာက ခင်ဗျားကို ချုပ်ကိုင်ထားရင် အဲဒါ ဝင်ပူးနေတာ၊ စီးနေတာမျိုးပဲ။ လုပ်ငန်းဆောင်တာက ခင်ဗျားကို ဝင်ပူးနေရင် သူကဝိဉာဉ်ပူးသလို ပူးနေတာ။ သရဲစီးသလို စီးနေတာပဲ။ တကယ်လည်း လုပ်ငန်းဆောင်တာဆိုတာ သရဲပဲ။ အဲဒီကောင်က အတိတ်ကကောင်။ သေပြီးသားကောင်။ လုပ်ငန်းဆောင်တာက ခင်ဗျားကို ဝင်ပူးလိုက်ပြီဆိုရင် ခင်ဗျား အဖျားတက်ပြီ။ အဲဒါဆို ပိုပြီးသာ သတိထားပြီးနေပါတော့။ အဲဒါပဲ ခင်ဗျားတတ်နိုင်တယ်။ သေချာကြည့်။ လုပ်ငန်းဆောင်တာက အတင်းလုပ်ခိုင်းလို့လုပ်နေရတယ်ဆိုရင်လည်း လုံးဝ သတိလေးကပ်ပြီး လုပ်ပါ။ ဆေးလိပ် သောက်ခိုင်းနေတယ်ဆို ဆေးလိပ်ကို ဖြည်းဖြည်း သောက်ပါ။ သတိထားပြီး ဆေးလိပ်သောက်ကြည့်ရင် ခင်ဗျားဘာလုပ်နေသလဲဆိုတာ ခင်ဗျားသေချာသိသွားနိုင်တယ်။

အဲဒီလို ဆေးလိပ်သောက်ခြင်းကို အတားအဆီး မလုပ်ဘဲ စိတ်ထဲမှာ သတိကပ်ပြီး စောင့်ကြည့်နေရင်း၊စောင့်ကြည့်နေရင်း တစ်နေ့မှာ စီးကရက်က လက်ချောင်းတွေကြားက လွတ်ကျသွားမယ်။ ဆေးလိပ်သောက်တာရဲ့ အသုံးမကျမှုဟာ သူ့ဟာသူ ခင်ဗျားကို ဖော်ပြသွားမယ်။ အဲဒါ မိုက်မဲမှု။ မိုက်မဲမှုသက်သက်ပဲ။ အသိဉာဏ်မပါတဲ့ ကိစ္စပဲ။ အဲဒါကို ခင်ဗျား သဘောပေါက်ရင် ဆေးလိပ်ပြတ်တာပဲ။ ဒီအတိုင်းကြီး ဆေးလိပ်လွှင့်ပစ်ပြီး ဖြတ်လို့မရဘူး။ လွှင့်ပစ်တယ်ဆိုတာ လုပ်ငန်းဆောင်တာပဲ။ သတိမပါ၊ဉာဏ်မပါတဲ့ကိစ္စပဲ။ ဆေးလိပ်က လွတ်ကျသွားရမယ်။ သစ်ရွက်ခြောက်ကလေးတစ်ရွက် သစ်ပင်က ကြွေကျသွားသလိုမျိုး၊ ဆေးလိပ်က လက်ထဲက ကြွေကျသွားရမယ်။ အဲဒီလိုမျိုး သတိနဲ့ယှဉ်ပြီး စွန့်တာပဲ ဖြစ်ရမယ်။ ခင်ဗျား လွှင့်ပစ်လိုက်ရင် နောက်ပုံစံတစ်မျိုးနဲ့ ပြန်ရောက်လာမယ်။ ဒါဆို ခင်ဗျား နောက်တစ်ခါ ပြန်ကောက်ယူမိဦးမယ်။

ဒီအရာတွေကို သူ့အလိုလို ပြုတ်ကျသွားပါစေ။ မကျကျအောင် အတင်းမလုပ်နဲ့။ ပြုမူဆောင်ရွက်မှုတွေကို တဖြည်းဖြည်း ပျောက်ကွယ်သွားပါစေ။ ပျောက်ကွယ်အောင် အားစိုက်ပြီးမလုပ်ပါနဲ့။ အားစိုက်ပြီး ပျောက်အောင် လုပ်နေတာက ပြုမူဆောင်ရွက်မှုရဲ့ ပုံစံသစ်တစ်မျိုး ပြန်ဖြစ်သွားမှာကိုး။ သတိနဲ့၊ ဝီရိယကောင်းကောင်းနဲ့ စောင့်ကြည့်။ခင်ဗျားဟာ အလွန်အံ့သြစရာကောင်းတဲ့ ပြောင်းလဲမှုဖြစ်စဉ်ဆီကို ဆိုက်ရောက်တော့တာပဲ။ အရာဝတ္ထု တစ်စုံတစ်ခုဟာ ခင်ဗျားဆီက သူ့အလိုလိုထွက်ခွာသွားရင် ဘာခြေရာလက်ရာမှ မကျန်ဘူး။ ခင်ဗျားကအတင်းဖယ်ထုတ်ရင် ခြေရာလက်ရာကျန်တယ်။ အမာရွတ်ကျန်တယ်။ အဲဒီလို ခြေရာလက်ရာကျန်ရင် ခင်ဗျား ကြွားဝါပြောတော့မယ်။ ဂုဏ်ဖော်တော့မယ်။" ဆေးလိပ်ကို အနှစ်သုံးဆယ်လောက် သောက်လာတာ၊ အခုတော့ဖြတ်လိုက်ပြီ။" အဲဒီလို ကြွားဝါပြောတာမျိုးဟာ ဘာမှမထူးဘူး။ ဆေးလိပ်တော့မသောက်တော့ဘူး။ ဆေးလိပ်မသောက်တဲ့ အကြောင်းကို အမြဲပြောနေတော့တယ်။ ဒီလိုပြောနေတော့လည်း နှုတ်ခမ်းနဲ့ပါးစပ်က လုပ်ငန်းဆောင်တာ ရသွားတာပဲ။ ခင်ဗျားရဲ့ အကြမ်းဖက်မှုဟာရှိနေသေးတယ်။

သူ့အလိုလို ပြတ်သွားတာကို သိတဲ့လူဆိုရင် ငါဖြတ်လိုက်ပြီဆိုတာမျိုး ဂုဏ်ယူနေစရာ အကြောင်းမရှိတော့ဘူး။ သူဖြတ်လိုက်တာမှ မဟုတ်တာ။ သူ့အလိုလို ပြတ်သွားတာ။ ပြတ်အောင်လုပ်လိုက်တာ ငါမဟုတ်ဘူး။ အတ္တရဲ့အခန်းကဏ္ဍ မှေးမှိန်သွားတယ်။ အဲဒီတော့မှ ပြုမူဆောင်ရွက်မှုတွေ ပိုပြီးလုပ်ကိုင်နိုင်လာမယ်။

ခင်ဗျားအနေနဲ့ ပြည့်ပြည့်ဝဝ  ပြုမူလုပ်ကိုင်ဖို့ အခွင့်ကြုံလာရင် မလွဲချော်စေနဲ့၊ ရှောင်မသွားနဲ့။ သေသေချာချာ ကျကျနန လုပ်ကိုင်ပါ။ အဲဒီလို လုပ်လေလေ လုပ်ငန်းဆောင်တာတွေ (သတိမပါ၊ဉာဏ်မပါနဲ့လုပ်နေတဲ့ ဗာဟီရတွေ) သူ့အလိုလို ပြတ်သွားစေတာပဲ။ ပြောင်းလဲမှုဟာ ခင်ဗျားဆီကို တဖြည်းဖြည်းချင်း လာမယ်။ ဒါ အချိန်လိုတယ်။ ရာသီဥတုတွေလိုတယ်။ လောနေစရာလည်းမရှိပါဘူး။ တဖြည်းဖြည်းပြောင်းလဲသွားမှာပဲ။



Peace B with U.