နာရီတွေရပ်တန့်သွားပြီ။
အချိန်နည်းနည်းလောက်ကြာတော ဘဝမှာ နေသားပြန်ကျသွားတယ်။
တစ်နာရီကြာလမ်းလျှောက်တယ်။
၃ နာရီခွဲ ကြာအောင် လမ်းလျှောက်တယ်။
၂ နာရီ ကြာအောင် လမ်းလျှောက်တယ်။
လမ်းလျှောက်ခြင်းဟာ မှတ်ဉာဏ်တွေကို ဖုန်ခါပေးသလိုမျိုးပဲ။ ရည်ရွယ်ချက်မဲ့နေထိုင်ခြင်းဟာ လွတ်လပ်ခြင်းဘက်ကိုသွားတယ်။ လူဟာ အောင်မြင်တဲ့သူပြောမှ အဟုတ်ထင်ကြတာမျိုး။ လိုအပ်မှုတွေ နည်းသွားရင် ကြွယ်ဝတဲ့စိတ်လေးဖြစ်လာတာပဲ။ ချမ်းသာမှုဆိုတာ ပိုင်ဆိုင်မှုပမာဏမဟုတ်ဘဲ မလိုချင်မှု ပမာဏလည်း ဖြစ်နိုင်တယ်။ စိတ်ချမ်းသာမှုရှိနေတဲ့သူဟာ ဘယ်ချမ်းသာမှမလိုချင်တော့ဘူး။
ရဌပါလဟာ ကာမဂုဏ် အာရုံခံစားခြင်းဟာ ဝဲစိုနာကို မီးကင်နေတာလို့ သိလိုက်ရတဲ့အချိန်မှာ လက်ထပ်ပြီးကာစ မိန်းမလေးယောက်နဲ့အတူ ကြွယ်ဝမှုကို စွန့်ပြီး ရဟန်းပြုသွားတာပဲ။ သူ့အပြောကတော့ လောကကြီးဟာ မတည်မြဲဘူး။ လောကကြီးဟာ လျော့နေတယ်။ များများရတာကို များများထပ်ရှာနေလည်း လျော့မြဲတရားဟာ လျော့မြဲလျော့နေတယ်။ ခန္ဓာကြီးဟာ ကိုယ့်လောကပဲ။ သူလည်း လျော့နေတယ်။ လျော့နေတာမှ နေ့တိုင်းပဲ။ အသက်ကြီးလာတယ်။ ရောဂါထူပြောလာတယ်။ လျော့နေတာပဲ။ အရင်လိုမကောင်းတော့တာ လျော့သွားတာပဲ။
စေတနာသည် ကံ။ ဒါန၊သီလ၊ဘာဝနာပြုဖို့ စေတနာက လှုံ့ဆော်လိုက်တာပဲ။ စေတနာဟာ ပြုသူပဲ။ စေတနာလုပ်တာကို ငါလုပ်တယ်မမှတ်သင့်ဘူး။ ဝေဒနာက ခံစားမှာပဲ။ ဝေဒနာခံစားတာ ငါခံစားတာမဟုတ်ဘူး။ စေတနာနဲ့လုပ်လိုက်ပြီဆိုရင် ဝိပါက ဖြစ်တာပဲ။ အားလုံးဟာ သူ့အစဉ်လေးနဲ့သူပဲ။ သူ့ဟာသူပြည့်စုံတဲ့ အလှတရား။ အဲဒီအလှတရားထဲ ငါတွေ၊ သူတွေ မရောထွေးရင် ငြိမ်းချမ်းတာပါပဲ။
လမ်းလျှောက်ရင်း အဟိံသက အကြောင်းတွေးမိတယ်။ ဗုဒ္ဓရဲ့ ငါဟာ ရပ်နေတဲ့သူ။ သင်သာ ပြေးနေတဲ့သူ။ တစ်သံသရာလုံးလည်းပြေးပြီးပြီ။ အခုလည်း ပြေးနေတုန်းပဲ။ နောက်လည်း ပြေးနေရဦးမယ်ဆိုတဲ့ စကားသံကို ကြားလာတယ်။ လက်ညှိုးပန်းကုံးဆွဲသူ အင်္ဂုလိမာလ ဖြစ်သွားတဲ့ အဟိံသကတွေသွားတယ်။ လိုက်မမီတဲ့ ရဟန်းကြီးက သူရပ်နေပြီ၊ ငါသာ အပြေးသမားတဲ့။ အဲဒီအတွေးလေးတစ်ချက်ဟာ ပါရမီကြီးရင့်တဲ့ အင်္ဂုလိမာလကို တွေသွားစေတယ်။ တစ်ခြား အပြေးသမားတွေကိုလည်း တွေသွားစေတယ်။ ငါတို့လည်း တွေသွားတယ်။
ရှာမီးခြင်းဟာ လောဘနဲ့စတင်တယ်။ လောဘနဲ့ရှာမီးလို့ရလာရင် မပေးချင်တဲ့စိတ်နဲ့တွန့်တိုတယ်။ တွန့်တိုနေရက်နဲ့ ကုန်သွားရင် ဒေါသဖြစ်တယ်။ ဒေါသဖြစ်နေရက်နဲ့ ပြန်မရတော့ရင် ဝမ်းနည်းတယ်။ ဒါနဟာ ရှာမီးခြင်းရဲ့အစမှာ လောဘကပ်ငြိမှုကို ပယ်သတ်တယ်။ ကုသိုလ်ဟာ ကပ်ငြိမှုတွေကို ပယ်ရှင်းပေးတယ်။ ဘဏ်ထဲမှာသိမ်းထားလည်း ဘဏ်ဒေဝါလီခံရင် မွဲတာပဲ။ အာရှဓန၊မေဖလားဝါး သွားနှင့်ပြီးပြီ။ လတ်တလော အမြတ်များများရတဲ့ အလုပ်ထဲထည့်ထားဦးမလား။ ကုန်သွားတတ်တာပဲ။ မဟာဓနံ၊ သစ္စာပန်းခင်း၊ ဧရာမြေ ကြုံခဲ့ဖူးပြီ။ ဒါပေမယ့် ငယ်တုန်းက လှူခဲ့တဲ့ တစ်ဆယ်တန်လေးတစ်ရွက်ရဲ့ ဒါနကုသိုလ်၊ အခုအထိနှလုံးသားထဲမှာရှိနေသေးတယ်။ နေပူထဲမှာ ရေငတ်နေတဲ့သူတွေ သောက်သွားဖို့ ရေအိုးစင်လေးရဲ့ ကုသိုလ် အခုအထိ အေးမြနေတုန်း။ ကုသိုလ်တရားရဲ့ ရနံ့ကို ခိုးယူသွားလို့မရဘူး။ ကုသိုလ်ဘဏ်တိုက်ကြီးက ဘယ်တော့မှ ဒေဝါလီမခံပါဘူး။ စိတ်ထဲမှာ တစ်ချက်တွေးလိုက်၊ တစ်ချက်လင်းလိုက်ရှိနေတာ။ သေချာတဲ့စုဆောင်းမှုတွေ။
လောကကြီးထဲမှာ ကိုယ့်တစ်ယောက်တည်းအတွက် နေသွားရင် သိပ်ကျဉ်းမြောင်းတဲ့နေထိုင်မှုပဲ။ ဒါကို သေချာဆင်ခြင်ကြပါ။ ကိုယ်နေတဲ့လောကမှာ သစ်ပင်တွေဟာ အရိပ်ကိုပေးတယ်။ သီးသမျှဟာ တခြားသူတွေအဖို့ပဲ။ နွားမဟာ နွားနို့ကိုပေးတယ်။ တခြားသူတွေအဖို့ပဲ။ နွားတွေ၊ကျွဲတွေဟာ ပခုံးပွန်းအောင်တစ်သက်လုံးရုန်းပြီး၊ သေတော့ အသားကိုပေးခဲ့သေးတယ်။ သူတို့လောက်ပေးတတ်ပြီလား။ ပေးနိုင်ပြီလား။ လောကကြီးမှာ လူဟာ တာဝန်အရှိဆုံး သတ္တဝါပဲ။ မိမိရဲ့ အသိဉာဏ်ကို အလွဲသုံးစားမလုပ်သင့်ဘူး။ အဆင့်မြင့်တဲ့အသိကို ရထားသူဟာ နှိမ့်ချရမယ်။ မနှိမ့်ချနိုင်သေးရင် ပိုအဖိုးတန်တဲ့အသိကို မရနိုင်တော့ဘူး။
တန်ဖိုးရှိတာနဲ့ တန်ဖိုးမရှိတာနှစ်ခုယှဉ်ရင် ဘယ်ဟာကို အရင်စုဆောင်းမလဲ။ တန်ဖိုးရှိတာချင်းအတူတူ ပိုတန်ဖိုးကြီးတာကို အရင်ရအောင် ကြိုးစားရမှာပဲ။ လောကမှာ နေတတ်ထိုင်တတ်ဖို့ ယောနိသောမနသီကာရလိုတယ်။ မေတ္တာတရားနဲ့ ခန္တီလိုတယ်။ ဒါတွေမရှိရင် ဘဝဟာ ခြောက်သွေ့သွားမယ်။ မှားသွားရင်လည်း မပြင်နိုင်တော့ဘူး။ ပြင်ဖို့ဆိုတာ မာနကို လျော့ရမယ်။ မာနကို လျော့ဖို့ဆိုတာ သိပ်ခက်တယ်။ လူဟာ မွေးလာကတည်းက မာနမှာ တည်ဆောက်ထားတာပဲ။ လူ့ဂုဏ်သိက္ခာဟာ မာနမှာ မြစ်ဖျားခံတာ။ မာနကို လျော့ရရင် လူက စိတ်ကျသွားတတ်တယ်။ မာနကို အလျော့မှာ တစ်ခုခုဖြည့်ရမယ်။ အသင့်အတင့်နှလုံးသွင်းမှုကိုဖြည့်ရမယ်။ ချစ်တဲ့ခင်တဲ့သူတွေနဲ့ အဆင်ပြေအောင်နေ။ ဒီနေ့ရှိနေသေးပေမယ့် နောက်နေ့ ရှိချင်မှရှိတော့မယ်။ မသေခင် အဆင်ပြေပြေနေတာ သေမှ ငိုတာထက်တော့ ပိုကောင်းတယ်။
လူသားဟာ အင်မတန် အသိဉာဏ်ကြီးတယ်။ အဲဒီအသိဉာဏ်နဲ့ မှားလိုက်ရင် တော်တော်ကြီးကျယ်တဲ့ အမှားတွေ ဖြစ်သွားတတ်တယ်။ အဲဒီလိုမဖြစ်ဖို့ တော်တော်သတိထားရတယ်။ အသိဉာဏ်ဟာ ဆင်ခြေတွေကို တည်ဆောက်တယ်။ ယုတ္တိဗေဒကိုတည်ဆောက်တယ်။ အဲဒီလိုတည်ဆောက်လေလေ ကိုယ့်ရဲ့ အစစ်အမှန်တရားနဲ့ဝေးလေလေ ဖြစ်လာတာပဲ။ မာနကို အောက်ချရမှာ တော်တော်ဆိုးပါတယ်။ ဒီထက်ဆိုးတာက မာနကြောင့် မှားနေတဲ့ အမှားမပြင်နိုင်တော့တာပဲ။
ကောင်းတဲ့အလုပ်ကိုတောင်မှ လွတ်လပ်တဲ့စိတ်နဲ့လုပ်နိုင်မှ ကောင်းတယ်လို့ထင်ပါတယ်။ ဘာသာရေးထက် ပိုအရေးကြီးတာက အတွင်းစိတ်ရဲ့ ယဉ်ကျေးမှုပါပဲ။ သီလဟာ လောကရဲ့ လူသားစည်းကမ်းတွေပါပဲ။ သီလရှိတဲ့သူဟာ ဘယ်ဘာသာကိုးကွယ်၊ကိုးကွယ် လူ့ဂုဏ်သိက္ခာမြင့်မားတဲ့သူပါပဲ။ အချိန်တွေက ကုန်သွားမှာပါ။ ကုန်သွားတဲ့အချိန်တွေမှာ အသိတရားတစ်ခုခု ကျန်ရစ်တယ်ဆိုရင် လှပတဲ့ အချိန်ကုန်ခြင်းဖြစ်မှာပါ။ ကိုယ့်စိတ်ကိုယ်ပြင်ဖို့ကြိုးစားတာ လူ့ဘဝမှ အလှပဆုံးအလုပ်တစ်ခုလို့ထင်ပါတယ်။ ကျန်တာတွေက ဒီလောက် အရေးမကြီးဘူး။ စိတ်ထားလှဖို့ အရေးကြီးတယ်။ လှပတဲ့စိတ်ထားနဲ့ လုပ်လိုက်တဲ့ လုပ်ရပ်တိုင်းဟာ လှပတာပါပဲ။ ဒါကို ဘယ်သူသိသိမသိသိ၊ ကိုယ့်စိတ်ကိုယ်သိပါတယ်။
ငြိမ်းချမ်းမှုဆိုတာ မငြိမ်းချမ်းမှုတွေ ကင်းနေတဲ့စိတ်ရဲ့ အလင်းရောင်ပါပဲ။
လရောင်အောက်မှာ ပွင့်နေတဲ့ကြာပန်းဟာ ... လရောင်ကို နှလုံးသားနဲ့ နားလည်ခဲ့သူ အစစ်ပါပဲ။
လှပမှုမှာ စကားလုံးမလိုအပ်ဘူး။
ငြိမ်းချမ်းမှုရဲ့ အလှတရားကို ငြိမ်းချမ်းတဲ့စိတ်က သိပြီး ဝေဒနာက ခံစားလိမ့်မယ်။
Regards,
Z
Peace B with U.