Monday, December 19, 2011

အို အသင်စင်ကာပူရ တနင်္လာမောနင်းမှာ ကျွန်တော် ကျကွဲသွားပြီ။

အို အသင်စင်ကာပူရ တနင်္လာမောနင်းမှာ ကျွန်တော် ကျကွဲသွားပြီ။


မိုးရွာဖို့ကလည်းလွဲရင် အလုပ်မရှိသလိုမျိုးအထာနဲ့ ကောင်းကင်။
အလုပ်သွားစရာရှိတိုင်း မိုးအေးအေးနဲ့ အိပ်ကောင်းနေတဲ့ မနက်ခင်းတစ်ခုဟာ လွတ်သွားတဲ့ငါး၀၀ကြီးပမာ။

လေအေးတွေနဲ့ မိုးရနံ့ဟာ ဆောင်းရာသီထဲ ချော်လဲကျနေတာ သနားစရာတစ်ဝက်ကောင်းခဲ့တယ်။

အိမ်မက်အသေတွေနဲ့ နောက်ဆံငင်နေတဲ့ နတ်ဆိုးတစ်ကောင်ရဲ့ အစွယ်ချွန်မြ ... ရေစိုလို့ ကြွက်စုတ်ဖြစ်နေတဲ့ ငှက်ကလေးတွေရဲ့ တုန်ရီမှု၊ ဒါတွေဟာ မိုးရေစီးကြောင်းထဲ နားခိုဖို့ မဖြစ်နိုင်သေးတဲ့ မျှော်လင့်ချက်ဆိုတာပဲဖြစ်မယ်။

ဘယ်ဘက်ကပတ်စီးစီး၊ ညာဘက်ကပတ်စီးစီး၊ သံသရာဝိုင်းနေရင် တစ်နေရာမှာတွေ့မယ်။ ခင်ဗျားရဲ့ကားမပျက်စေနဲ့။ ဦးနှောက်ထဲမှာ ၀င်နေတဲ့ အကောင်သုံးကောင်ရှိပြီး သူတို့ဟာ ခင်ပွန်းဖွဲ့မနေကြတာခက်တယ်။

ဓားတုံးကြီးနဲ့ တဒုန်းဒုန်း ခုတ်ချလိုက်သည့်တိုင်အောင် ပြတ်ကျမသွားတဲ့ သံယောဇဉ်ဆိုတာ မနေ့တစ်နေ့က လွတ်ကျခဲ့တဲ့ ငါးကျပ်တန် အသစ်တစ်ရွက်ပမာ။ ကြေကွဲခြင်းတွေဟာ ကြက်ဥခွံထဲဝပ်နေတဲ့ ကွဲရှလွယ်တဲ့ ဖန်ခွက်ပါးပါးလေးပါကွာ။

ဆုံးမစကားတွေရဲ့နောက်ဆုံးမှာ သက်ပြင်းချသံပါတယ်။ ဒွိဟိတ်တွေကို တရားမဟောနဲ့ ကိုယ်တော်။ ရှေ့တွင်ရှိသော ဖြောင့်သောလမ်းမှ ကြွချီရစ်ပါ။ နောက်မှ အေးအေး လိုက်ဖြစ်ရင် လိုက်ခဲ့ပါဦးမယ်။

ရွေးချယ်မှုဆိုတာ အထပ်မြင့်တိုက်ကြီးရဲ့ ဘယ်အထပ်က ခုန်ချရင်ကောင်းမလဲဆိုတဲ့ တွေဝေမှုပါ။ သိပ်တိတိကျကျတွေးချင်ရင် လူ့ဘ၀ကို မယူခဲ့တာကောင်းတယ်။ ကျောက်စရစ်ပုံကြီးထဲက လုံးဝိုင်းချောမွတ်တဲ့ကျောက်စရစ်တစ်လုံးရှာနေတဲ့ကလေးတွေလို မျှော်လင့်ချက်လေးကိုယ်စီနဲ့ လူတွေ။ အရစ်ကျသတ်မလား၊ တခါတည်းသတ်မလား။ အသက်အောင့်လိုက်တဲ့ ခဏတိုင်းအတွက် သေကြောင်းကြံစည်မှု အသေးစားလေးတွေ ဖြစ်ဖြစ်သွားတယ်။ စူဠ suicide ပေါ့။ ဘာပဲဖြစ်ဖြစ် သေခြင်းတရားဟာ တွန်းဖွင့်ရမယ့်တံခါးတစ်ချပ်ပါ။ ကန်ဖွင့်မလား၊ လှည့်ဖွင့်မလား၊ ပခုံးစောင်းနဲ့တိုက်မလား၊ တံခါးရှေ့မှာ လှည့်ပြန်လို့မရတော့တာတော့ သိပ်ကိုသေချာနေပြီ ကိုယ့်လူ။

မနေ့က ကြိမ်ဒဏ် ၁၈ ချက်ခံခဲ့ရတဲ့ကောင်လေးကပြောတယ်။ သေမတတ်နာတယ်။ ဒါပေမယ့် ဖြစ်ပါတယ်တဲ့။ သူ့ကြည့်လိုက်တော့ အရပ်ငါးပေလောက်၊ ပိန်ပိန်သေးသေး မကြာမကြာထောင်ထဲဝင်တယ်။ မူးယစ်ဆေးဂိုဏ်းမှာပါတယ်။ သူ့ရဲ့တစ်ဦးတည်းသော ခိုလှုံရာအဘွားဖြစ်တဲ့သူ ဆုံးတော့မှ နောင်တရတယ်။ လူကောင်းဖြစ်တယ်။ လူကောင်းလို့သတ်မှတ်ထားတဲ့သူတွေရဲ့ အညွှန်းဘောင်ထဲပြန်ရောက်တယ်။ အရောင်းစာရေးလုပ်နေတယ်။ လူကောင်းဆိုတဲ့လူတွေ သိပ်များနေတာလည်း မကောင်းလှဘူး။

ဘယာနကဆန်ဆန် အိမ်မက်တွေ ဘာသာစကား ကိုးမျိုးနဲ့မက်တယ်။ မနက်နိုးလာရင် မအိပ်ရသေးဘူးလို့ထင်တယ်။ ရာသီဥတုဟာ အလုပ်ချိန်နဲ့တိုက်ဆိုင်မှုမရှိဘူး။ သောက်လိုက်တဲ့ဆေးမှာ Phensedyl ပါလို့ အိပ်ချင်နေတာလား။ ခေါင်းကိုယမ်းခါလိုက်တော့ ဆောင်းရာသီဥခွံထဲက မိုးတွင်းကို လတ်လတ်ဆတ်ဆတ်တွေ့တယ်။ ဒီဆက်တင်ကို ဘယ်သူ အိမ်ရှေ့ပြတင်းပေါက်မြင်ကွင်းထဲလာချသွားတာလဲ။ အောက်ဆီဂျင်အပြည့်ပါတဲ့လေကို အဆုတ်တစ်ဝက်စာ ရှူတာဟာ ငါ့ရဲ့ရောင့်ရဲမှုပေါ့ကွာ။

ဟိုတစ်နေ့က ဘယ်လ်ဂျီယမ်မှာ open fire ပစ်ခတ်သွားတဲ့လူကိုတွေ့ရင်ပြောလိုက်ပါ။ ကိုယ့်ဘာသာကိုယ် အရင်ပစ်ပြီးမှ တစ်ခြားသူကို ပစ်ဖို့ ဖြစ်လေရာဘ၀မှာ ဆုပန်စမ်းပါလို့။ အဘွားအိုတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်သေသွားတယ်။ ကမ္ဘာပေါ်မှာ အမျိုးသမီးဦးရေ တယ်များပါလားလို့ open fire(Belgium) Theory အရသိရတယ်။ ခရစ်စမတ် shopping ထွက်နေတုန်း ခေါ်တော်မူသွားတယ်လို့ဆိုကြမယ်ထင်တယ်။ သေခြင်းတရားဟာ shopping centre အနီးမှာရှိတယ်ဆိုရင် ခင်ဗျားကတော့ နှုတ်ခမ်းတွန့်ဦးမယ်။ ဟင့်အင်း၊ သေခြင်းတရားဟာ ညတိုင်း လက်သည်းချွန်တွေနဲ့ စိတ်ကို လာလာ ကုတ်ခြစ်နေတဲ့ ခွေးအ၀၀ကြီးတစ်ကောင်ပါ။

မနက်ခင်းရဲ့ အလင်းတရားမှာ ကျွန်တော်မှောင်မိုက်ခဲ့ပါတယ်။ ချိုသာသောလမ်းတစ်လျှောက် စိတ်အခါးကြီးနဲ့လျှောက်ပါတယ်။ ကောင်းကင်ကိုမော့ကြည့်လို့ တိမ်မရှိရင် ဒီနေ့ဟာ ပြဿဒါးလို့ထင်ထင်နေမိတယ်။ အလာရော အခါပါ မကောင်းပေမယ့် နှောင်းနေခဲ့တဲ့ ကံကောင်းခြင်းတရားဟာ ရောက်လုဆဲဆဲမှာ အမောဖောက်ပြီး သေသွားတယ်ကြားပါတယ်။ ကိုယ်စောင့်နတ်တွေဟာ ရာထူးအပြောင်းအလဲရှိတယ်တဲ့။ ကျွန်တော့်ကိုယ်စောင့်နတ်ကရော ကျွန်တော့်လိုပဲ အပျင်းထူထူတစ်ယောက်လား။ သေချာတာကတော့ မိုးအေးအေးမှာ သူလည်း အိပ်ရာက ထချင်ရှာမှာမဟုတ်ဘူး။ ကိုယ်စောင့်နတ်တွေဟာ နတ်သာဖြစ်နေပြီး နတ်မဆန်ရှာဘူး။ မီးပျက်နေတဲ့ ဓာတ်တိုင်တွေလို ပျင်းစရာကြီးနေမှာ။

ကားမှတ်တိုင်ရောက်တော့ ဘုရားဟောထဲကလို ဒီကားမှတ်တိုင်တစ်ခုတည်းမှာ အခုနာမည်မျိုး နာမည်နဲ့ချည်း သေခဲ့တာ အကြိမ်တစ်ရာလို့ နှလုံးသွင်းကြည့်သေးတယ်။ မရပါဘူး။ ကျွန်တော့်နာမည်ဟာ တစ်ကမ္ဘာအတွင်း နောက်တစ်ကြိမ်ပြန်လည်တိုက်ဆိုင်ဖို့ အနည်းဆုံး သံသရာ ခုနှစ်ဆယ့်ခြောက်ပတ်လောက်လိုမယ်ထင်တယ်။ ကမ္ဘာကြီးသက်တမ်းတောင် ဒီလောက်မကြာသေးဘူး။

ရေသောက်တော့လည်း ငါ့မျက်ရည်တွေပါလားလို့တွေးကြည့်တယ်။ မရပါဘူး။ မျက်ရည်တွေက ငန်တယ်။ ပင်လယ်တစ်ခုစာငိုဖို့ဆိုတာ ငိုတတ်တဲ့ဘ၀တွေ အနန္တလောက်လိုမယ်။ ဒီလောက်ကို မကြာသေးဘူးထင်တယ်။ နောက်ဆုံးထွက်လာတော့ ငရဲမှာ မီးမွှေးနေတုန်း။ ဒီလောက်ကြာခဲ့ပြီဆိုလည်း သံသရာမှာ ကိုယ်က senior ။ ဘယ်သူမှ ဂရုစိုက်မနေချင်တော့ဘူး။

မကြာမကြာ သမ်းဝေခြင်းတရားမှာ ဒဿနတွေ ဖိတ်ဖိတ်ကျတယ်။ လူတွေဟာ ကိုယ့်အမှန်တရားနဲ့ မှန်အိမ်လေးတွေ ကိုယ်စီဆောက်ပြီး ကိုယ့်ယုံကြည်ချက်နဲ့ အပြင်ကို ခဲနဲ့ပေါက်ကြတယ်။ အဲဒါပါပဲ မိတ်ဆွေကြီးရေ။ ခဲတစ်ပေါက်စာ ပြတင်းပေါက်လေး စိတ်ထဲမှာ ကျယ်ကျယ်ဖွင့်ထားဖို့ကြိုးစားကြပါစို့။

ကိုယ့်ကိုယ်ကိုယ်တောင်မယုံရတဲ့အထဲ တိုင်းပြည်နဲ့လူမျိုး၊ အစိုးရနဲ့ သူခိုးတွေကို ယုံဖို့ဆိုတာ ပိုခက်တာပေါ့။ (နဘေညှိလိုက်တာ သူခိုးဖြစ်သွားတယ်။) ပိုခက်သည်ဖြစ်စေ၊ လွယ်သည်ဖြစ်စေ မနက်ဖြန်တစ်ခု ရရင် ခင်ဗျားနဲ့ကျွန်တော် ဒါကို အသုံးချမှာပဲ။ အချိန်ကို တတ်သမျှ၊ မှတ်သမျှနည်းတွေနဲ့ အဆိပ်ခတ်သတ်ရမှာပဲ။ ဒီအချိန်မှ မကုန်ရင် ဘယ်အချိန်က ကုန်ရမှာလဲ။ ဒီသက်တမ်းကုန်ရင် နောက်သက်တမ်းတစ်ခုရရမှာပဲ။ ၀က်သားထဲကပိုးတွေဟာ အပြုတ်ခံရမှာသိလို့ အပူချိန်မြင့်မြင့်မှာ ရှင်သန်နိုင်အောင်ကြိုးစားထားကြတယ်ထင်တယ်။ သတ္တ၀ါတိုင်းဟာ သူ့စိတ်နဲ့သူ ဘုံအသစ်ကို ဖန်ဆင်းတယ်ထင်တယ်။ ကျွန်တော်ထင်တာ သုံးဆယ့်တစ်ဘုံဆိုတာ အကြမ်းဖျင်းလောက်ပြောတာဖြစ်မယ်။ ကမ္ဘာကြီးကိုပဲကြည့် ခင်ဗျားကြိုက်တဲ့ ဘုံအသေးလေးတွေထပ်ခွဲထားပြီးပြီ။ အဆင်မပြေသေးရင် heater ကိုနည်းနည်းမြှင့်လိုက်၊ လူဖြစ်ရတဲ့ဒုက္ခတွေထဲမှာ ကော်ဖီကောင်းကောင်း သောက်ဖို့ ကြိုးစားရတာလည်းပါတယ်။ နှပ်ထားတဲ့ကော်ဖီနွေးနွေးငွေ့ငွေ့လေးကို စိတ်ရှည်လက်ရှည်ဖျော်ပြီးသောက်နေရင်း ကျွန်တော် ဘယ်မှာ နေနေလဲဆိုတာ မေ့သွားတယ်။ ကော်ဖီတစ်ခွက်ကြောင့်ဖြစ်ရတဲ့ မောဟတွေထဲမှာ ကျွန်တော်သာယာနေပါတယ်။ ပထမဆုံး ကော်ဖီရနံ့သင်းဖျဖျ စိုရီရီလေးရကတည်းက ဂန္ဓာရုံမှာ မောဟဖြစ်တယ်ဆိုပေမယ့် ဒါကို ကျွန်တော် တာဝန်ယူပါတယ်။ မောဟ ဟာ ငါစွဲမထားရင် ငါ့မောဟ မဖြစ်ဘူးလို့ ထင်ပါတယ်။ အခွံမှားဝင်မိတဲ့ ၀င်ကစွပ်ကောင်ဟာ သူ့အခွံအတွက် သူတာဝန်မယူပါဘူး။ အဲဒါပါပဲ၊ နောက်ထပ် အခွံလွတ်လိုလာရင် ပြောင်းရွှေ့ကြတာပေါ့။

မနက်ခင်းမှာ သည်းသည်းလှုပ်လှုပ်ရွာနေတဲ့မိုးစက်တွေမှာ အဓိပ္ပာယ်တစ်ခုခုရှိမယ်လို့ မထင်မိဘူး။ သဘာဝတရားကပဲ ဆေးကြောပစ်ပါလိမ့်မယ်။ လူတွေညစ်ညမ်းနေတဲ့ မြေလုံးကြီးပေါ်မှာ ဒိုင်နိုဆောတွေပြီးတော့ ကျုပ်တို့ အလှည့်ပေါ့။

ဟမ် ... ဒါဟာ အော်တိုမစ်တစ်အရေးအသားတဲ့။ ခင်ဗျားမှားပြန်ပြီ။ အဲဒီဖြစ်စဉ်ကြီးကို ကွက်မကြည့်နဲ့။ ဒါဟာ ဦးနှောက်ထဲက အကောင်လေးသုံးကောင်ရဲ့ အချီအချစကားဆိုခန်းပါ။ ပြီးပါပြီဆိုတဲ့စာတမ်းကိုတွေ့တော့ ရုံထဲကထပြန်သွားသလို သံဝေဂရလောက်စရာ သင်္ခါတရားတို့၏ အပျက်ကို မတွေ့ကုန်သော တတိယတန်း သတ္တ၀ါ(ဝေနေယျမဟုတ်) တို့သည် ရှည်လျားသော ဆောင်းရာသီ အဆစ်အပိုင်း အိမ်မက် များကို ဖျစ်ဖျစ်မြည်အောင်မက်ကုန်လျက် အဆင်ပြေသလိုလေး ဘ၀ကို နေထိုင်ကြကုန်သည် ရှိသည်ဖြစ်စေသော်။

Regards,
The Gardener

Notes:
စောစောစီးစီး ပြင်းပြင်းထန်ထန်၊ တသွင်သွင် ပျက်ပျက်ထင်ထင် မျှော်ကြည့်သည်ရှိသော်။



Peace B with U.