Sunday, November 13, 2011

facebook တိုက်ခိုက်သိမ်းပိုက်ထားသော တောင်ကုန်း အမှတ် ၂၀၁၁

facebook တိုက်ခိုက်သိမ်းပိုက်ထားသော တောင်ကုန်း အမှတ် ၂၀၁၁


မနက်မိုးလင်းလာတော့ ဖုန်းကနေ FB message တက်လာသည်။ ဘဂျမ်း လန့်သွားသည်။ ညသန်းခေါင် Like Message များကို စိတ်ပျက်နေမိသည်မှာလည်း အတော်ပင်ကြာခဲ့ပြီ။ Sign out လုပ်ထားဖို့မေ့သည့်ညများတွင် ည နှစ်နာရီမတ်ဆေ့ခ်ျများကြောင့်နိုးပေါင်းများပြီ။ မနက်မိုးလင်းလာလျှင် မျက်နှာသစ်ရင်း၊ Like စရာရှိသည်များကို Like သည်။ ရေအိမ်ဝင်ရင်း Notes များကိုဖတ်သည်။ Birthday Notifications များတွေ့လျှင် မွေးနေ့ကို နှုတ်ဆက်သည်။

ရှေ့တစ်ပတ် မြန်မာပြည်ပြန်ပြီး ယောက္ခမများထံမှ လက်ထပ်ခွင့်တောင်းရန်၊ ယောက္ခမ၏ fb account သို့ Message ပို့လိုက်သည်။ သက်သေလိုက်မည့်သူများကိုလည်း group invitation message ပို့ပြီးပြီဖြစ်သည်။ FB သည် ဧရာဝတီကယ်ဆယ်ရေးမှစ၍ မြန်မာနိုင်ငံ၏ ကျေးဇူးရှင်ဖြစ်လာသည်။

မကြာမီ အနန္တောအနန္တ ထပ်တိုးစာရင်းတွင် Google နှင့်အတူ ပါဝင်ခွင့်ရတော့မည့် facebook ဟူ၍ပင်နိမိတ်၊ တဘောင်တွေပေါ်ထွန်းလာခဲ့သည်။ ပြည်တွင်းမှ ဂျာနယ်လစ်များကလည်း ဒီကိစ္စကို အထူးတလည် အရေးပေးဆွေးနွေးကြသည်။ အေမီ ၀ိုင်းဟောက်စ်သေတုန်းက ဓာတ်ပုံမှားထည့်မိသော ဂျာနယ်မှ facebook အကြောင်းကိုလည်း Google+ တံဆိပ်ဖြင့်တမင်အလွဲလုပ်ထားသည်ကိုတွေ့ရသည်။ အလွဲအမှားများသည် ဂျာနယ်များကို ရောင်းကောင်းစေသည်ဟုဆိုသည်။

12 မီဒီယာ ဂရုမှလည်း ဂရု သံသည် မပြေ၍ လဟု သံပြောင်းပြီး 12 မီဒီယာ လဟု အဖြစ်ပြောင်းလဲရန် facebook မှ နေ၍ နိုင်ငံရေးသမားဟောင်းများကို ဖိတ်သည်။ (ဂရုသံ၊ လဟုသံကို ပီသစွာထွက်ပါ။) 12 ဘောလုံးဂျာနယ်ဖြင့် စတင်အောင်မြင်ခဲ့ပြီး၊ Weekly 12, Premier 12 , အစရှိသဖြင့် အမျိုးမျိုးသော 12 များထုတ်လုပ်ခဲ့ရမှာမှ အနှစ်အသားအပြည့်ပါသော 12 ဗလာစာအုပ်များအထိ အောင်မြင်ခဲ့ကြောင်း၊ လက်ထောက်အယ်ဒီတာပေါင်း သောင်းခြောက်ထောင်၊ ( ရေတွင်းရေကန်သောင်းခြောက်ထောင်ကိုမှီးပါသည်။)ကို ဆှာမြတ်ဟောင်းအားကိုးဖြင့် ပရင့်ထုတ်သလို ရိုက်ထုတ်ခဲ့ကြောင်း၊ အားကစားသတင်းများကို သတင်းထောက်လွှတ်၍ သတင်းယူခဲ့သော သတင်းဌာနကြီးဖြစ်ကြောင်း၊ ကျိုက္ကစံလမ်းမှ ရုံးတွင် for the people, by the people ဟု quotes ကို ဘယ်သူပြောမှန်းမသိရေးထားကြောင်း (12 မှ ချယ်မန်တစ်ယောက်ပြောတာနေမှာဟု သတင်းထောက်တစ်ယောက်ကဆို)။ ကျိုက်ထီးရိုးရေမြုပ်သော သတင်းအောင်မြင်မှု၏ နောက်ဆက်တွဲအရ၊ တစ်ခြားစေတီများကိုလည်း ခေတ်နှင့်အညီ ရေမြှပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာဂျီးမှ facebook wall တွင်မားမားမတ်မတ်ဆို။ မြန်မာပြည်တွင် ပြောရေးဆိုခွင့်အတွက် ဂျာနယ်ထုတ်ရန်လိုအပ်သလို၊ facebook account တစ်ခုရှိရန်လည်းလိုအပ်ပါသေးသည်။

အရင်လို ဂျာနယ်ပိတ်ခံရခြင်းမရှိတော့သည့်ဒီအသံ ဂျာနယ် မှလည်း ဘယ်လိုရေးရင် အပိတ်ခံရမလဲဆိုသည့်အချက်ကို သတင်းနှင့်စာနယ်ဇင်း ဌာနသို့ ဆက်သွယ်မေးကြောင်း facebook ဆိုင်ရာ သတင်းပဒေသာ အစီအစဉ်မှတင်ဆက်သွား။ နှစ်ပတ်စာကို တစ်ပတ်ထဲနဲ့ရရင် တစ်ပတ်အပိတ်ခံရဲသည်ဆိုသည့် သတ္တိမှာ မဟာဗန္ဓုလသတ္တိထက်သာလွန်ကြောင်းသိရ။

မြန်မာနိုင်ငံ၊ ဆက်သွယ်ရေးဌာနမှလည်း တစ်လတစ်လ အမေရိကန်ဒေါ်လာ ငါးသန်းဆုံးရှုံးနေသောကြောင့် ခေါလဘက် (callback) ခါ့ထ်(စ်) ( cards) များဖြင့်ချိတ်ဆက်ထားသော တယ်လီဖုန်းများကို အရေးယူဖမ်းဆီးနေကြောင်း ဌာနဆိုင်ရာ facebook မှာ ထုတ်ပြန်။ တစ်မိနစ် 2 SGD နဲ့ဆက်ကြမယ်ဆိုရင် တိုင်းပြည်အနာဂတ်မှာ ဒီထက် တိုးတက်လာနိုင်ကြောင်း ထုတ်မပြောသေး၍ ၀ံဂျီးမှာ စိတ်ကျန်းမာရေးအတွက် အနားပေးရန်မလိုသေးဟုသိရသည်။ တစ်မိနစ် 2SGD ဖြင့် ခေါ်ဝံ့သော သတ္တိကို လခ ၄၅၀၀ ထက် နည်းသော လူလတ်တန်းစားများအဖို့ ခက်ခဲလှသည်ဟု ၀ံဂျီးအား ဖေ့စ်ဘွတ်ခ် ရပ်ကွက်မှတစ်ဆင့် ရပ်ကွက်အော်သံထည့်လိုပါသည်ဟု ဘဂျမ်းတွေးတောနေသည်။ ယခုကဲ့သို့ တိုးတက်နေသော ခေတ်ကြီးတွင် စင်ကာပူဒေါ်လာရှစ်ကျပ်ဖြင့် ထိုင်းနိုင်ငံသို့ မိနစ် ၁၅၀ မှ ၂၀၀ ၊ တရုတ်ပြည်သို့ မိနစ် ၄၀၀ မှ မိနစ် ၆၀၀ ခန့်၊ အိန္ဒိယပြည်သို့ မိနစ် ၄၀၀ မှ မိနစ် ၆၀၀ ခန့် ခေါ်ဆိုနိုင်သော အချိန်တွင် ၂၃ မိနစ်သာပြောခွင့်ရသည့်အတွက် ဘယ်သူ့ကိုကျေးဇူးတင်ရမှန်းမသိဖြစ်ကြရသည်။ ဒိုဟာ တို့ကာတာတို့လည်း ဈေးကြီးတာပါပဲ။ Look on the bright sight မှပေါ့ဟုအတိုက်အခံရပ်ကွက် ဝေါလ(Wall) တွင် မြန်မာပြည် သို့ ဖုန်းခေါ်လေ့မရှိသူတစ်ချို့ ရေးပြီး နောက်ပါတစ်စု လိုက်ခ်လုပ်ထားကြကြောင်းသိရသည်။

ရွှေဆိုင်မှ သူ့ဆိုင်၏ Page ကို Like လုပ်လျှင် အလျော့တွက် လက်ခလျှော့ပေးမည်ဟုဆိုသည်။ မောင်းကွင်းများကို ပါးနိုင်သမျှ ပါးပါးလေးလုပ်ထားပေးကြောင်း နမူနာပုံကို FB Photo တွင်တင်ထားပေးကြောင်း အကြောင်းကြားလာသည်။

သရုပ်ဆောင်၊ မြန်မာဇာတ်မင်းသား၊ အကမင်းသား၊ ဘရိတ်ဒန့်၊ မြန်မာဒန့်၊ ကုလားဒန့်စ် အကုန်ဒန့်စ်နိုင်သော မင်းသားမှ မဂ္ဂဇင်းအတွက် တောင်းသော ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်မှ ဒေါင်းလိုက်ပါဟုပြောကြားခဲ့သည်။ ထိုပုံများ၏ quality မှာမကောင်းကြောင်း ထိုမင်းသား စင်ကာပူလာစဉ်က သွန်သင်လိုက်ရန်မေ့သွားသည့် ကိုယ့်ကိုယ်ကိုယ်ပဲ ဘဂျမ်းအပြစ်တင်နေမိသည်။ ဖေ့စ်ဘွတ်ခ်သည် အာလာဒင်ညပ်နေသော လိုတရမီးခွက်များမှတ်နေသလားကွယ်ရို့ဟုသာ ညည်းမိသည်။

ဘဂျမ်းရန်ကုန်ပြန်စဉ်က ဖေ့စ်ဘွတ်ခ်ကာများ၏ တိုက်တွန်းချက်ဖြင့်စင်ကာပူတွင်ရိုက်သွားသော မြန်မာကားစစ်စစ်ကို ကြည့်ခဲ့ရသေးသည်။ ကိုးရီးယားကားများသည် သွေးကင်ဆာနှင့် ကင်မ်ချီခေါက်ဆွဲ၊ အညာကဇီးယိုနှင့် ရုပ်ချောသော ဗီလိန်စနစ်၊ ညပိုင်း အိမ်ရှင်မများကိုးရီးယား ၀တ်တက်ချိန်စသည်များကိုတင်သွင်းခဲ့သည်။ ယခုကားတွင်လည်း စင်ရော်ကြီးသည် ကြော်ငြာများလည်းရိုက်ရင်း၊ ဗီဒီယိုလည်းရိုက်ခဲ့ခြင်းဖြစ်သည်။ မြန်မာများသည် ဆန်ဆေးရင်း ရှူးပေါက်ခြင်းအားဖြင့် ဘက်စုံ လုပ်ကိုင်ခြင်း (multitasking) ကို တတ်ကျွမ်းခဲ့ကြပြီးဖြစ်သည်ဆိုသည်ကို လက်မွန်မဆွ၊ရှေး၊ကနဦး၊ ရှေးအထက်ကျော်ကာရီမှပင် သိရှိခဲ့ကြရပြီးဖြစ်သည်။ (ကျွန်ုပ်၏ အသုံးအနှုန်းများကို မရှင်းလျှင် မောင်ခင်မင်ပြုစုသော မြန်မာစကားပြေ အရေးအသားကို ပြန်ဖတ်လိုက်ကြပါ။) ထိုကားတွင်လည်း နေတိုးသည် စင်ကာပူတွင် စတန့်ထွင်၍ လာသေခြင်းဖြစ်ကြောင်း အတော်လေးကြာမှသိရသည်။ ပိုက်ဆံပေါသော ထုတ်လုပ်သူများရှိနေသေးပါက ပိုလှသော ဆွစ်ဇာလန်တွင် သေဖို့ကောင်းသည်ဟု အကြံပြုလိုကြောင်း xanthos ကလည်း သူ့ fb ဝေါလ တွင် အဆိုပြုခဲ့သည်။ မင်းသားရော မင်းသမီးပါ ကင်ဆာဖြစ်တယ်ဆိုတာဟာ အင်မတန်မှ နေနဲ့လ၊ရွှေနဲ့မြ၊ ကားဒီးလက်စ်နဲ့ ဘုန်းတော်ကြီး ဈာပနလိုပါပဲ။ တင့်တယ်တယ်။ ကျက်သရေရှိပါတယ်။ မြန်မာတွေဟာ အဆင့်မြင့်မြင့် စင်ကာပူမှာ လာပြီး ဈာပနပြုလုပ်ကြတယ်ဆိုတာကို အခုဆို ကျွန်တော် တခြားနိုင်ငံမှာ သွားသေဖို့စိတ်ကူးမရကြသေးတဲ့ စလုံးတွေကို ကြွားနိုင်ပြီ။

နာရေးကူညီမှုအသင်းမှ ဘုန်းတော်ကြီးများအတွက် နာရေး ကားများကို အသက်အရွယ်ကြီးသည့် လူကြီးများကွယ်လွန်မှုတွင် အသုံးပြုပေးသဖြင့်၊ တချို့ စတန့်ထွင်သူများသည် ကွယ်လွန်သူ၏ အသက်ကို ပိုကြီးသယောင်ပြောခြင်းဖြင့် အဆင့်မြင့်ကားကြီးဖြင့် ကွယ်လွန်ကြခြင်းမှာ ခေတ်စားနေကြောင်း မြန်မာပြည် ၂၅ ရပ်ကွက် အခြေစိုက် သတင်းသမား၏ Facebook Profile Message အရသိရသည်။ ထူးခြားသော မြန်မာ့ဓလေ့များကို ဖေ့စ်ဘွတ်ခ်သည် ဖော်ထုတ်ပေးလျက်ရှိနေသည်မဟုတ်ပါလား။

အံသြကုန်နိုင်ဖွယ် မင်္ဂလာပွဲများအကြောင်းကိုလည်း မြန်မာ့အလင်း၏ facebook ကြော်ငြာ page တွင်တွေ့လိုက်ရသေးသည်။ Hotel များမှ အဝေးရောက်နေသော ရွှေမြန်မာများအတွက် web cam တွင် တောင်ရှည်ပုဆိုး၊ ချိတ်ထမီများဖြင့် ရပ်နေပြီး ထိုရုပ်သံများကို Hotel ၏ မင်္ဂလာပွဲခန်းမတွင် ပရိုဂျတ်တာများဖြင့်ပြသပေးကြောင့်။ နှစ်ပွဲတိတိ အောင်မြင်စွာစီမံပြီးကြောင်းကြော်ငြာထားသည်။ Connection ပျက်တောက်သွားလျှင် မည်သို့ဖြစ်မည်နည်းဆိုသော comment ကိုမူ ယခုအချိန်အထိ ပြန်လည်ဖြေကြားထားခြင်းမရှိသေးပါ။

မြန်မာတစ်နိုင်ငံလုံးပထမပဲရတာကို ၀မ်းမနည်းပါနဲ့တော့သမီးလေးရယ်ဟူသော စကားမှာ Facebook ဆိုင်ရာ လူကြိုက်အများဆုံး protocol တစ်ခုဖြစ်ခဲ့သေးသည်ဟု ဘဂျမ်းတွေးမိသည်။

အနားယူသွားသော ၀န်ကြီးများအတွက် စိတ်မကောင်းကြောင်းသ၀ဏ်လွှာပို့သပွဲတွင် ၀မ်းသာကြောင်းသ၀ဏ်လွှာပို့သ မိသော ဘဂျမ်းတစ်ယောက် မိမိ၏ မှားယွင်းမှုကို ပြုံးဖြီးဖြီး နောင်တရမိသည်။

အမျိုးသားရင်ကြားစေ့ရေးအတွက် ကြယ်သီးတစ်လုံးပို့သခဲ့ဖူးသော ဘဂျမ်းသည် အမတ်နေရာပြိုင်ပွဲတွင် စင်ကာပူရောက်နေသောကြောင့် သင်္ဃန်းကျွန်း အပိုင်စားရသော အမတ်တစ်ယောက် လျော့နည်းသွားသည်။ လမ်းများသည် လိုသည်ထက် စုတ်ပဲ့လျှက်ရှိပြီး၊ တစ်ချို့နေရာများသည် ရေများပင်ထွက်လျက်ရှိကြောင်း သွားရောက်လေ့လာစဉ်တွေ့ရှိခဲ့ရသည်။ တာဝန်ကျသော အမတ်မှာ ရေနံများထွက်လာချိန်အထိစောင့်နေကြောင်း၊ မိလ္လာပိုက်များ အပေါ်မှ ဖောက်လုပ်ထားသော လမ်းမများတွင် ရေနံထွက်မည်ဟု အထူးတလည်မျှော်လင့်နေကြောင်းသိရသည်။ ထိုအရာများကို Notes ရေးမည်ဆိုသော် အချင်းချင်းမျက်နှာပျက်မည် မရေးပါနှင့်ဟုဆို၍ Facebook တွင်မရေးခဲ့ရချေ။

တောင်ကျရေကာကွယ်ရေးအတွက် ပခုက္ကူတွင် မီးချိတ်၊မီးကဒ်များနှင့်အတူ၊ တစ်အိမ်လျှင် မိုးပျံပူဖောင်းအကြီး ဆယ့်ငါးလုံး ချိတ်ဆွဲထားရန် ဆုံးဖြတ်လိုက်ကြောင်းသိရသည်။ အရေးပေါ်အခြေအနေတွင် အလျှင်အမြန်ပြောင်းရွှေ့နိုင်ရင် အိမ်များကို ရွှေ့လျားနိုင်သော ကုလားမခြေထောက်များဖြင့်တည်ဆောက်ထားသင့်ကြောင်း၊ ရေသောက်ကြမ်းသော ငါးများကို ပိုမိုမွေးမြူ၍ အရေးပေါ်အခြေအနေများတွင် ထိထိရောက်ရောက် အသုံးချသင့်ကြောင်း တာဝန်ရှိသူများမှပြောကြားသွားသည်။ ယခုတောင်ကျရေများသည် ကျေးရွာနေပြည်သူများအတွက် အဖိုးတန်သော သင်ခန်းစာပင်ဖြစ်ကြောင်း၊ အသက်နှင့်ရင်းလိုက်ရသည်ဖြစ်သော်လည်း ယူတတ်လျှင် သင်ခန်းစာသည် နောက်ဘ၀အထိ ယူသွားနိုင်ကြောင်း၊ ချောင်းများသည်တိမ်လာလျှင် တိမ်လာသည် မှတ်မနေဘဲ ထူးတန်တူး၊ ဆွတန်ဆွ၊ ကလိတန် ကလိသင့်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နာဂစ်ရံပုံငွေများကို သေးဖွဲသော ကိစ္စများတွင် ထုတ်သုံးရန်ခက်ခဲကြောင်း၊ အစိုးရတွင် အခွန်ဝင်ငွေမရှိကြောင်း၊ ထောက်ပံ့ပစ္စည်းများရောင်းရငွေဖြင့် အခွန်ပေးစေလိုကြောင်း။ အခွန်ကို အရစ်ကျစနစ်ဖြင့်ပြုလုပ်လိုကြောင်း၊ အခွန်သာရရှိမည်ဆိုလျှင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဒီထက် မြန်ဆန်ဖွယ်ရှိကြောင်း စသည့် စိတ်ဝင်စားဖွယ်သတင်းများကိုလည်း ဖေ့စ်ဘွတ်ခ် Notes များမှသာဖတ်ရသည်။

ယောက္ခမကို မုန်းသည်။ ၄၀%
ယောက္ခထီးကို မုန်းသည်။ ၆၀%
နှစ်ယောက်စလုံးကိုမုန်းသည်။ ၁၂၀%
ဆိုသော မေးခွန်းများဖြင့် ညစ်ညမ်းနေသော ဖေ့စဘွတ်ခ တွင် ကမ္ဘာ့ပြဿနာ၊ မြန်မာ့ပြဿနာအပြင်၊ တကိုယ်ရေပြဿနာများဖြန့်ခင်းပြသရာ အရောင်းမြှင့်တင်ရေးစင်မြင့်လည်းဖြစ်သည်ဟုဘဂျမ်းထင်မိသည်။

တကိုယ်တော် လူပျိုကဗျာဆရာ အန်ကယ်လင်း သည်ပင်
ကျွန်ုပ်ဒီနှစ် လက်ထပ်မည်။ ၀%
ကျွန်ုပ် နောက်နှစ်လက်ထပ်မည်။ ၀.၀၀၀၀၀၀၀၁%
ကျွန်ုပ် လက်ထပ်ချင်မှလက်ထပ်မည်။ ၉၉.၉၉၉၉၉၉၉% ဆိုသော မေးခွန်းကို ပရိတ်သတ်များအတွက် ပဟေဠိလုပ်ထားသေးသည်။ ရရှိသော အဖြေများအတွက် ၀မ်းနည်းဝမ်းသာဖြစ်နေရကြောင်းသိရသည်။

ဖေ့စ်ဘွတ်ခ်၏ ကျူးကျော်ဝင်ရောက်မှုများသည် နိစ္စဓူဝ ကြုံတွေ့နေရပြီဖြစ်သည်။ မကြာသေးမီက မြန်မာအဆိုကျော်တစ်ယောက်၏ ပြင်းထန်သော မှတ်ချက်ကို ဖေ့စ်ဘွတ်ခ်တွင်တင်ခဲ့သေးသည်ကိုတွေ့ရသည်။
အကြိုက်ကိစ္စမှာ ကြီးကျယ်သောကိစ္စမဟုတ်ပါ။ သတင်းအရေးအသားသည် ဖွရန်သက်သက်သာဖြစ်ကြောင်း ငယ်သူငယ်ချင်း သတင်းထောက်မှ ဘဂျမ်း၏ အိမ်အပြန်လမ်းတွင် လက်ချာရိုက်ခဲ့သေးသည်။ မြန်မာပြည်သည် မကြာသေးမီကမှ မီးပုံမှန်ရရှိသော နိုင်ငံသာဖြစ်သည်ဟူသော အချက်ကို နှလုံးသွင်းပြီး အချက်အလက်နှင့် ရာခိုင်နှုန်းဆိုင်ရာများအတွက် အသင့်မဖြစ်သေးကြောင်း လက်ခံနိုင်လျှင်ကောင်းပါသည်။ လေးဖြူနာမည်ကြီးနေစဉ်က "အခုလို အော်ဟစ်သီဆိုနိုင်ဖို့ ဘယ်လိုလေ့ကျင့်ရသလဲ"ဟု အူကြောင်ကြောင်မေးသည့် သတင်းထောက်ကို "ကျွန်တော် မအော်ဟစ်ပါဘူး။ သီချင်းဆိုတာပါ"ဟုဖြေသည်ကို သတင်းထောက်မှ မကျေနပ်သောကြောင့် အကျယ်အကျယ်မငြိမ်းဖွယ်မေးခွန်းကြောင်တွေ ထွက်လာခဲ့ပါသေးသည်။ အဖြေများသည် မေးခွန်းမေးသူအပေါ်တွင် မူတည်ပါလိမ့်မည်။ မြန်မာစကားသည် ကျယ်ပြန့်ပါသည်။ အမှား၊အမှန်များကို ဆုံးဖြတ်ရန်အလုပ်သည် ဘဂျမ်း၏ အလုပ်မဟုတ်ပါ။ Facebook သည် အဖြေမလိုသော မေးခွန်းများ မီးတောင်ပေါက်သလို ပေါက်ကွဲထွက်နေသော နေရာလည်းဖြစ်ပါသည်။

တစ်ချိန်ချိန် မြန်မာပြည်ပြန်ရောက်လျှင် ဘဂျမ်းသည် facebook ရက်တို အမြန်သင်တန်းဖွင့်ပါမည်။
How to write comment ကို အချိန်ပေး၍ သင်ကြားပေးမည်ဖြစ်ပါသည်။
How to block /How to Unfriend/ စတာတွေကိုလည်း Syllabus ဆွဲသားပြီး အတိအကျသင်ကြားပေးသွားမည်ဖြစ်သည်။ လူမည်းသမ္မတသည် Mark Elliot Zuckerberg အကူအညီဖြင့် လူငယ်များထံမှ ထောက်ခံမဲများစွာ ရခဲ့သည်ဖြစ်၍ အမတ်များအတွက် မဲဆွယ်နည်း course ကိုလည်း အထူးနှုန်းဖြင့် ဆောက်ရွက်သွားမည်ဖြစ်သည်။ Fan page များလုပ်ထားပြီး ရောင်းချသွားဖို့လည်း စီစဉ်ထားပါသည်။

facebook သည် ပုံမှန်သုံးစွဲနေသူများ မည်သည့်အခါမျှ စွဲလေ့မရှိပါ။
၂၀၁၁ မှစ၍ မွေးဖွားလာသော ကလေးတစ်ယောက်သည် ဆေးရုံနှင့် သင်္ချိုင်းတွင် အစအဆုံးမဟုတ်တော့ပါ။ ဖေ့စ်ဘွခ်တွင် စ၍ ဖေ့စ်ဘွတ်ခ်တွင်သာဆုံးပါသည်။

ပြောရင်းဆိုရင်း ကိုတင်မင်းထက်က သူတို့တွေ အပစ်အခတ်ရပ်စဲထားတာ ၁၂ နှစ်ရှိပြီဆိုတဲ့ စာသားကိုဘိုလိုတင်လိုက်တာကိုတွေ့ရသည်။

Today is our 12th anniversary :)

အော် ဖေ့စ်ဘွတ်ခ်ပစ္စယာ သင်္ခါရလား၊ ဖေ့စ်ဘွတ်ခ်ပစ္စယာ ဘဝေါလား။
အဲဒါ ကျွန်တော့်ရဲ့ ဒီနေ့ profile message ပေါ့။


With Regards,
ဘဂျမ်း... အဲလေ Zephyr



Peace B with U.