Thursday, December 15, 2011

2ဆတိုးလျှပ်စစ်မီတာခ၊ ခေတ်မီနိုင်ငံတော်သို ကုလားမခြေထောက်ဖြင့် အပြေးတပိုင်း၊

2ဆတိုးလျှပ်စစ်မီတာခ၊ ခေတ်မီနိုင်ငံတော်သို့ ကုလားမခြေထောက်ဖြင့် အပြေးတပိုင်း၊


ဆပ်ပြာလည်လင်ပျောက်ဆိုသော မြန်မာစကားသည် ဆပ်ပြာသည်အလေ့အထကို မသိသော ကျွန်တော်တို့နှောင်းလူတို့အဖို့ ခန့်မှန်းရခက်စေသည့်အတွက် မည်မျှ ပြာပြာသလဲနိုင်မှန်းခန့်မှန်းမရပါ။
သို့သော် ဆပ်ပြာသည်များ အတော်ပေါလာပြီဖြစ်ကြောင်း သတင်းများမှတစ်ဆင့်သိရပြီး၊ သူတို့၏အကြံပြုချက်များအရ လင်ပျောက်သွားမှန်း အတော်သေချာနေပြီဖြစ်သည်။

သမိုင်းတွင် နာမည်တွင် ပေါ ပါသော သီပေါမင်းဆိုသည့် ဘုရင်ကြီးတစ်ပါးရှိခဲ့သည်။ နာမည်အရ သီသီလေးပေါသည်ဟုထင်စရာရှိသော်လည်း အတော်လေးပေါခဲ့သည်။ မြန်မာပြည်တွင် ထီရုံများဖွင့်ရာမှ အမြတ်အစွန်းများစွာရသဖြင့် ထီရုံများကို ဆက်တိုက်တိုးချဲ့ဖွင့်ရန် အမိန့်တော်ကို ပေါပေါလောလော ချမှတ်ခဲ့သည်။ ပြည်သူများ ထီအထိုးလွန်ပြီး မွဲပြာကျလွန်း၍ complaint တက်သောအခါမှ ထီရုံများကို ပိတ်ပစ်လိုက်သည်ဟု သမိုင်းစာအုပ်များကဆိုသည်။ မင်းဘဏ္ဍာဖြစ်စေ၊ အခွန်ဖြစ်စေ သတ်မှတ်သည့်အခါ ဦးနှောက်ဖြင့် ထုတ်ပြန်ရသော အမိန့်များဖြင့် လုပ်ကိုင်သင့်သည်။

အစိုးရသည် တစ်ခါတစ်ရံမိဘဖြစ်ပြီး တစ်ခါတစ်ရံ သူစိမ်းများဖြစ်နေသည်။ အခွန်ကိစ္စများတွင် သူစိမ်းပြင်ပြင်ပြုမူနိုင်သည်ကိုတွေ့ရသည်။ လျှပ်စစ်မီတာကို ၂ ဆမဟုတ်ဘဲ အဆ ၂၀၀ တိုး၍ ကောက်ခံလိုက်လျှင် နိုင်ငံတော်ဘဏ္ဍာ မြောက်များစွာတိုးမှန်း လေးတန်းကျောင်းသားလေးကို မြှောက်ခိုင်းလျှင် လည်းသိနိုင်ပါလိမ့်မည်။ သို့သော် တိုင်းပြည်တစ်ပြည်လုံး၏ အရေးကိစ္စသည် mascara သုံးထားသော မျက်တောင်ကော့ကော့ကြီးများထက် ပိုမိုဝေးလံအောင် မျှော်ကြည့်ရသေးကြောင်း နီးစပ်သော အမောင်တို့ လက်တို့ပြောပြလိုက်ကြပါ။

သီအိုရီသည် လွန်ခဲ့သော ဆယ်စုနှစ်ဝန်းကျင်က ပိုက်ဆံမရှိဘူး ဆိုသော သီချင်းကို သီဆိုခဲ့သည်ကို အမှတ်ရသူများ ရပါလိမ့်ဦးမည်။ လက်ရှိ အစိုးရ၏ သီချင်းသစ်မှာ အစိုးရဘဏ္ဍာငွေမရှိဘူး ဖြစ်နေသည်ကိုတွေ့ရသည်။ အစိုးရဘဏ္ဍာများကို အစောပိုင်း အလစ်သုတ်သမားတစ်စု မသွားသည်ဟုကြားရသည်။ ထိုသူများထံမှ ပြန်တောင်းကြည့်သင့်သည်ဟု တစ်ခါတစ်ရံ ၂ ဆင့်တန် အကြံများရရနေသည်။

တစ်ဦးချင်းဝင်ငွေမတူသော နိုင်ငံများနှင့် တန်းသွားသွားညှိချင်လျှင် နိုင်ငံသားများ၏ တစ်ဦးချင်းဝင်ငွေအကွက်လေးကို ကျော်၍ကြည့်လိုက်ရုံမျှဆိုသည့် အဆိုပြုချက်ကို မသိစိတ်မှ လက်ခံထားကြသည့် လူကြီးမင်းများအနေဖြင့်လည်း လိုအပ်လျှင်လူကြီးမင်းဖတ်ပြရန်ရေးပေးလိုက်သော စာတမ်းပိုင်ရှင်များကို လက်ဖက်ရည်တိုက်၍ အနည်းငယ်ရှင်းပြခိုင်းလိုက်စေချင်ပါသည်။ တစ်ဦးချင်းဝင်ငွေဆိုသည်မှာ လူကြီးမင်းတို့မိသားစုနှင့် လွန်ခဲ့သော နှစ်အနည်းငယ်က မင်းမူခဲ့သော အလစ်သမားများ၏ ၀င်ငွေမဟုတ်ကြောင်းကို သိရန်အတွက် Cambridge တွင် စီးပွားရေးပညာသင်ဖူးရန်မလိုအပ်ပါ။ ရပ်ကွက်ထဲမှ အဒေါ်ကြီးများပြောပြောနေသော ကိုမောင်စိန်(common sense) မျှသာလိုသည်ဟုထင်ပါသည်။

လမ်းမများကို တစ်ခြမ်းစီခင်းတတ်ပြီဖြစ်ကြောင်း ကျွန်ုပ် ၂၀၁၁ အတွင်း နှစ်ကြိမ်တိတိ လာရောက် လေ့လာပြီးဖြစ်၍ လမ်းမတစ်ခြမ်း စီမံကိန်းကိုထောက်ခံပါသည်။ ၂၀၁၂ ပြန်လာသည့်အခါတွင်လည်း လမ်းမများကို သီတင်းကျွတ်အမီ ကြင်ရာကြင်ဖက် အလားတူ လမ်းမတစ်ခြမ်းနှင့် လက်ဆက်ပေးစေလိုပါသည်။ ထိုအရာသည်လည်း ဘဏ္ဍာတော်ငွေ ခမ်းနေသောကြောင့်ဟူသော ဘောလည် သီချင်းတစ်ပုဒ်၏ ထပ်ကျော့အပိုဒ်လေလား ကျွန်တော်မျိုးမသိပါ။

ရန်ကုန်မြို့သည် မြို့ကွက်အနေအထားအရ နောက်ပိုင်းတွင် ဖြစ်ချင်ရာဖြစ်နေသောမြို့ဖြစ်ပါသည်။ ပထမဆုံး အညောင်းဒဏ်မခံနိုင်၍ ဖင်ထိုင်ချလိုက်သော တိုက်ကို ရေကျော် မောင်အေး ကဖီးဘေးတွင် လူကြီးမင်းတို့သွားရောက်ကြည့်ရှုလျှင်တွေ့ပါလိမ့်မည်။ ထိုအချိန်က ကျွန်ုပ်သည် ရှစ်တန်းကျောင်းသားအရွယ်သို့ရောက်ခဲ့ပြီဖြစ်သည်။ ဘေးမှ တိုက်အသစ်ဆောက်ရန် မြေ ၆ပေခန့်တူးနေစဉ် ယခုကဲ့သို့ဖင်ထိုင်ကျသွားခြင်းဖြစ်သည်ကို ပြန်လည်လေ့လာလျှင် သိနိုင်ပါလိမ့်မည်။ ဆိုလိုသည်မှာ မြန်မာပြည်၏တိုက်များသည် အဘိုးအရွယ်သို့ရောက်နေပြီဖြစ်သည်။ တရုတ်ဘာသာအားဖြင့် ယဲ့ယဲ့ ယဲ့ယဲ့ဟု ပြောင်းလဲသုံးစွဲနိုင်သည့်တိုက်များဟုလည်း ဆိုနိုင်ပါသည်။ အဆိုပါတိုက်များထက် အခြေအနေဆိုးသော ဘိလပ်မြေနှင့်ထုံး အချိုးအဆမှားပြီးဆောက်ထားသည့်တိုက်များ၊ လှေကားထစ်ကို နှစ်ကောင်ပြိုင်ဆင်းရင်း ညပ်သေသွားသော ကြွက်နှစ်ကောင်ဇာတ်လမ်းများစတင်စေခဲ့သော ခေတ်မီမီးခြစ်ဆံတိုက်များ၊ ဘယ်အရာမဆိုဖြစ်ပျက်ပဲ၊ ဆောက်ပြီးရင်ပြိုမှာပဲဆိုတဲ့တရားသဘောနဲ့လုပ်နေတဲ့ constructions များ၏ တက်သုတ်ရိုက်လက်ရာတိုက်များ အပြည့်ရှိနေသေးသည်ကို မမေ့လျှင် MRT စီမံကိန်းရေးဆွဲသည့်အခါ ရန်ကုန်မြို့လည်ကို ခမ်းလှမ်းလှမ်းမှသာ ပတ်ရန်၊ ဘရားဇီးမြို့ကလေး ကာရစ်တစ်ဘာကဲ့သို့ မြို့ထဲတွင်ကားမမောင်းဘဲ လမ်းလျှောက်ဝင်ရောက်နိုင်ရန် စီစဉ်ထားသင့်ကြောင်း လူကြီးမင်းတို့အနေဖြင့် သိနှင့်ပြီးသားဖြစ်ပေလိမ့်မည်။

စင်ကာပူနိုင်ငံနှင့်တူချင်လျှင် ပထမဆုံးလုပ်ရမည့်အလုပ်မှာ import လုပ်ငန်းများကို အစိုးရက မောင်ပိုင်စီးလိုက်ရန်ဖြစ်သည်။ သြစတြေးလျမှ ၁၀ တန် ၀ိုင်များကို ၄၀ SGD ဖြင့်ရောင်းနေသည့် စင်ကာပူအစိုးရ၏ လုပ်ကွက်များကို အတုယူစေလိုပါသည်။ ထို့အပြင် CPF ဟူသော Central Provident Fund
ကို ကောက်ခံပြီး အသက်၂၀၀ နှင့်အထက်များကို ထုတ်ပေးမည်ဟု ကြေငြာလိုက်ရန်ဖြစ်သည်။ CPF ကို TPF ဟု အမည်ပြောင်းရန် ပိုမိုသင့်လျော်နေပြီးလားမသိပါ။ Temasek အဖွဲ့ကြီးလည်း သက်တော်ရာကျော်ရှည်နေပါလိမ့်မည်။ မြန်မာနိုင်ငံသားအစစ်များအား အိမ်တစ်လုံး အစိုးရက စီစဉ်ပေးလျှင်လည်း အလွန်ကို စင်ကာပူရဆန်ပါသည်။ (ထိုသို့စီစဉ်ပေးလျှင် နောက်နှစ်ခါ မဲပေးပါမည်။) နောက်ထပ်စင်ကာပူကို ကျော်တက်နိုင်သည့်အကွက်မှာ မြန်မာ HDB များကို ခြေတံရှည်နိုင်သမျှ ရှည်ရှည်ဆောက်ရန်ဖြစ်သည်။ ဆူနာမီကာကွယ်ရေးအတွက်လည်း အသုံးဝင်သလို lift upgrade လုပ်ရင်း မဲဆွယ်ဖို့ အချိန်ပိုရနိုင်မည်ဖြစ်သည်။ စင်ကာပူအစိုးရသည် ပထမဆုံးသော HDB များတွင် နှစ်ထပ်လျှင်တစ်ခါရပ်သော lift များအမြော်အမြင်ရှိရှိတပ်ဆင်ခဲ့သောကြောင့် ယခုချိန်အထိ မဲဆန္ဒရှင်များ၏ ဆန္ဒကို အောင်မြင်စွာ ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့် အစိုးရမင်းများအနေဖြင့် lift ပါသော မြန်မာ HDB များဆောက်သည့်အခါ လေးထပ်လျှင်တစ်ကြိမ် ရပ်သော lift များတပ်ဆင်ပါက ပို၍ သက်တမ်းရှည်ရှည် စိုးစံတော်မူနိုင်မည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံကြီးမှ ခေါင်းဆောင်များသည် ဖုန်းရွှေဆရာများကို အားကိုးသည်ဟုသိရပါသည်။ လူကြီးမင်းတို့အနေဖြင့်လည်း ဆရာ့ဆရာများကို အားကိုးစေချင်ပါသည်။ လေရဟတ်အကြီးကြီးဆောက်၍ ၀င်လဲမစဲတသဲသဲဆိုသောစာလုံးကို ရွှေပြားတွင် ကြီးနိုင်သမျှကြီးကြီးထိုးထားပြီး ပတ်ဝန်းကျင်နိုင်ငံများနှင့်ဘက်မှ မြန်မာနိုင်ငံဘက်သို့ လည်ပတ်စီးဝင်နေအောင်စီမံထားသင့်ပါသည်။ စီးပွားရေးကောင်းနေသော တရုတ်၊စင်ကာပူ၊အိန္ဒိယ နိုင်ငံများဘက်သို့ လေရဟတ် နှစ်ခုစီတပ်ဆင်လိုက်ပါက သူတို့ထံမှ အကောင်းအညွန့်များ လေထဲမှာနေတစ်ဆင့် မြန်မာပြည်ကြီးဆီသို့ရောက်လာနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် လူကြီးမင်းတို့ကဲ့သို့ အရှေ့တောင်အာရှ၏ ၀၀ဖီးဖီးပူစီကတ်ကြီးအနေဖြင့် ကိုယ်ပိုင်ဂြိုဟ်တုတစ်စင်းလောက်တင်ဖြစ်အောင်တင်သင့်ပါသည်။ ထိုအခါတွင် လူကြီးမင်းတို့ ပြောပြောနေသော တယ်လီဖုန်းပြဿနာများ၊ အင်ထနက် အင်ထဖြူ ပြဿနာများကို အတော်အသင့်ဖြေရှင်းနိုင်ပါလိမ့်မည်။ လူကြိးမင်းတို့ရှေ့နားက တိုင်းပြည်ချောက်ထဲကျနေသည်ကို ပခုံးထမ်းကယ်တင်သွားခဲ့သော မြို့မေတ္တာခံယူသူကြီးများ၏ အသိအကျွမ်းဖြစ်သူ မောင်တက်ဆင်သည် ထိုအပိုင်းများ၌ ကျွမ်းကျင်သူဖြစ်သောကြောင့် အကြံဉာဏ်များတောင်းကြည့်နိုင်ပါသည်။ သူ့ညီမ၏ ဖေ့စဘွတ်ခမှ မတ်ဆေ့ခ်ျပို့လိုက်ပြီး မေးကြည့်လျှင်တောင်ရနိုင်မည်ထင်ပါသည်။

အယ်ဒီဆင် ဆိုသော ပညာရှင်ကြီးကို လူကြီးမင်းတို့ အလွန်ကြည်ညိုမှန်းကျွှန်တော်ရိပ်စားမိပါသည်။ ထိုသူသည် အကြိမ်တစ်ထောင်မှားသည်မဟုတ် အလုပ်မဖြစ်တဲ့နည်း အခုတစ်ထောင်သိခဲ့သည်ဟု ဆိုခဲ့သူဖြစ်ပါသည်။ သို့သော် အယ်ဒီဆင်၏ အနောက်တွင် သူ့မိသားစုနှင့်တပည့်များသာရှိပါသည်။ တိုင်းပြည်တစ်ပြည်မရှိပါ။ လူကြီးမင်းတို့၏ အလုပ်မဖြစ်သောနည်းစမ်းသပ်ချက်များအတွက် တိုင်းသူပြည်သားများ၏ အစာအိမ်ထဲမှ ဗုံသံများသည် ကြာကြာသံပတ်တင်းမထားနိုင်တတ်ပါ။

သဘာဝသယံဇာတ အလွန်ပေါများလို့များ resource trap ထဲ အခုလို ယက်ကန်ယက်ကန်ဖြစ်နေရသည်လား ကျွန်တော်တစ်နေ့တစ်နေ့ ထိုင်ထိုင်တွေးနေမိပါသည်။ ပြည့်ရှင်မင်းမကောင်းလို့ ဆန်ရေစပါးရှားပါးသည်ဆိုသော ခေတ်တွင်ဆိုလျှင် လူကြီးမင်းတို့ အခြေအနေမဟန်ဟုပင် ပြောင်ချော်ချော်တွေးမိပါသေးသည်။ bottom billion စာအုပ်ကို လူကြီးမင်းတို့၏ အကြံပေးများဖတ်ဖူးသည်ဟု မြန်မာပြည်ပြန်စဉ်က သိခဲ့ရပါသည်။ ပြည်တွင်းစစ်သည်လည်း မွဲရာမွဲကြောင်း အကျင့်ကောင်းဖြစ်သည်ကိုလည်း သိပြီးဖြစ်ပါလိမ့်မည်။ အကျဉ်းသားများကို နိုင်ငံတော်စရိတ်ဖြင့် ထမင်းကျွေးမနေဘဲ သူ့ဘာသူရှာစားနိုင်ရန် လွှတ်ပေးလိုက်ခြင်းသည် မင်္ဂလာနှစ်ပြားဖြစ်ပါသည်။ ကျန် အပြားပြားသော မင်္ဂလာများကိုလည်း သင့်လျှင် သင့်သလိုကျင့်ကြံစေချင်ပါသည်။

လစာသုံးဆတိုးလျှင် မီတာခ နှစ်ဆတိုးသည်မှာ ၀န်ထမ်းများအဖို့ အဆင်ပြေနိုင်ပါသည်။ လစာမတိုးသော ကန်စွန်းရွက်သည်အနေဖြင့် သူ့ကန်စွန်းရွက်ကို ဈေးကွက်စီးပွားရေးအရ ဈေးသုံးဆတိုးလိုက်လျှင်လည်း လူကြီးမင်းတို့ vicious cycle ထဲ တစ်ဘီးစက်ဘီးစီးနေရပါဦးမည်။ virtuous circle ဖြစ်အောင်စဉ်းစားစေချင်ပါသည်။ (ဗျစ်တသျှလိုထည့်ထည့်ရေးရခြင်းမှာ ကျွန်ုပ်၏ မြန်မာစာအားနည်းချက်ကြောင့်ဖြစ်သည်။)

မကြာမီ မြန်မာနိုင်ငံတွင် ပြန်လည်အခြေချတော့မည်ဖြစ်ရာ ကျွန်ုပ်တို့သည် မိမိတို့၏ ဇာတိချက်ကြိုး ကတ်ကြေးတိုးရာ ပြည်မြန်မာ၏ ကောင်းသတင်းများကို အစဉ်သဖြင့်နားစွင့်နေရကြောင်း၊ သမ္မတကြီးကိုလည်း ကျန်းမာ၊ထီပေါက်၊နိဗ္ဗာန်ရောက်ဟု မြန်မာနိုင်ငံသားတစ်ဦးဆန်စွာ ဆုမွန်ကောင်းပို့သအပ်ပါကြောင်း၊ မီတာခ မတိုးခင် တစ်ဦးချင်းဝင်ငွေကို တိုးအောင် အမိန့်ကြီးကြီး ချစေလိုကြောင်း၊ တိုင်းပြည်ကြီး၏ စီးပွားရေးအကျိုးအမြတ်များကို လည်ပင်သွေးစုပ်နေသော ရုပ်ဆိုးဆိုး ဒရတ်ကူလာများကို ရှင်းလင်းပေးစေချင်ကြောင်း၊ စကားမစပ် သမ္မတကြီး၏ ပုဆိုးပြာဖက်ရှင်မှာ ယခုအခါ ကမ္ဘာတစ်လွှားသို့ ပြန့်နှံ့ပြီး သမ္မတရာထူးမှ အနားယူသည့်အခါ ပုဆိုးကြော်ငြာရိုက်မရိုက် ကမ္ဘာတ၀ှမ်းမှ ကြော်ငြာဒါရိုက်တာများမှ သိချင်နေကြကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါရစေတော့။

သင့်ရဲ့ အစစ်အမှန်

Zephyr
(၀မ်းသာစရာကောင်းတာကတော့ လေဆိပ်မှာ ဆတ်ကြေးအဖွဲ့မရှိတော့ပါဘူး။ အလှူခံအဖွဲ့ပဲကျန်ခဲ့တဲ့အတွက် သမ္မတကြီးကို ကျေးစ်ဇူးစ်)





Peace B with U.